Chapter 166
(ယောင်ယောင်၏ အိမ်ပြန်ခရီး)
လင်းရွှမ် ပြန်လာခြင်းကြောင့် လင်းယောင်ယောင် သည် စစ်ရေးကိစ္စကို စိတ်ပူစရာမလိုတော့ပေ။ နေ့တိုင်း ဖြည့်စွက်အစာလုပ်ရန်သာ လိုအပ်ပြီး 168 နှင့် လည်း ဆော့ကစားသည်။
168 သည် အခြား ဇာ့ခ်များကို ခြောက်လှန့်ရန် မကြာခဏ ထွက်သွားတိုင်း သူမ စစ်မြေပြင်သို့ ရံဖန်ရံခါ လိုက်သွားသည်။ သို့သော်လည်း လုပ်ငန်းစဉ်တစ်လျှောက်လုံး လင်းရွှမ် ကလည်း စောင့်ရှောက်လျက်ရှိ၏။
တာဇာကြယ်ပွင့်မဟာမိတ်၏ ကျန်ရှိသော တပ်ဖွဲ့များကို မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ နှင့် ဆူးတပ်ဖွဲ့ တို့မှ ပူးပေါင်း ကိုင်တွယ်ဆောင်ရွက်သည်။အရွယ်ရောက်ပြီးသော မက်မွန်သီးရောင်ဇာ့ခ် သုံးကောင်အတွက် လင်းရွှမ်က ၎င်းတို့ကို ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ခဲ့သည်။သို့သော်၊ အရွယ်ရောက်ပြီးသား မက်မွန်သီးရောင်ဇာ့ခ် များ၏ ခန္ဓာကိုယ်က အလွန်ကြီးမားပြီး အရေပြားက ထူထဲနေကာ ခုခံအားကောင်းသည်။ ရှောင်လွှဲ၍မရနိုင်သလို၊ ကိုင်တွယ်ဖြေရှင်းဖို့လည်း မလွယ်ပေ။ သူတို့ဆီက အသားများကို ဖြတ်ဖို့ လုပ်ငန်းစဉ် တော်တော်များများ လိုအပ်သည်။
ထို့အပြင်၊ လင်းရွှမ် သည် တာဇာကြယ်ပွင့်နယ်မြေတွင် ကိစ္စများစွာ ရင်ဆိုင်ခဲ့သည်။ သူသည် တာဇာကြယ်ပွင့်နယ်မြေတွင် အချိန်အတိုင်းအတာတစ်ခုအထိ ဆက်လက်နေထိုင်ပြီး တာဇာကြယ်ပွင့်နယ်မြေ ကို ဇာ့ခ်မွေးမြူအခြေစိုက်စခန်းအဖြစ် အသွင်ပြောင်းခြင်းအား အပြီးသတ်လုပ်ဆောင်ခဲ့သည်။သန်းပေါင်းများစွာသော တပ်ဖွဲ့ဝင်များအပြင် အစားအသောက် ကုထုံးပညာရှင် အများအပြားကို သာမာန် ဇာ့ခ်များအား ဖြည့်စွက်စာအဖြစ် စီမံဆောင်ရွက်ပေးရန် သူက ခေါ်ခဲ့သည်။ ထို့နောက် တာဇာကြယ်ပွင့်နယ်မြေ ရှိ တပ်ဖွဲ့များအားလုံးထံ ရောင်းချမည်ဖြစ်သည်။
စစ်ပွဲသည် တည်ငြိမ်သောကာလတစ်ခုသို့ ဝင်ရောက်လာသောကြောင့် လင်းယောင်ယောင်သည် အရှင်သခင် အင်ပါယာ၏ စစ်ပညာရေးအကယ်ဒမီ ကျောင်းသားတစ်ဦးအနေဖြင့် တာဇာကြယ်ပွင့်နယ်မြေတွင် အကြာကြီးဆက်မနေနိုင်တော့ပေ။
ဆူးတပ်ဖွဲကို ဝေ့လင်း၏ အစ်ကိုကြီး ဝေဟန့်က ဦးဆောင်ခဲ့သည်။ အချိန်အတော်ကြာ ကွဲကွာသွားပြီးနောက်တွင် ညီအစ်ကိုနှစ်ဦးသည် ပြန်လည်ဆုံစည်းချိန်တွင် ပျော်ရွှင်မှုနှင့် အဆုံးမရှိသော ခံစားချက်များဖြစ်တည်ခဲ့ကြသည်။
ဝေ့လင်းသည် အိမ်မပြန်လာသည်မှာ အလွန်ကြာပြီဖြစ်သည်။ တာဇာကြယ်ပွင့်နယ်မြေ သည် သူ့၏ အခြေချနေထိုင်စရာနေရာတစ်ခုဟု ဆိုနိုင်သော်လည်း သူသည် ဤနေရာတွင် ထာဝရမနေချင်ပေ။ သူ့ဇနီးနှင့် သားသမီးများကို အရှင်သခင်အင်ပါယာသို့ ပြန်ခေါ်သင့်သည်ဟု သူထင်မိသည်။ ထို့ကြောင့် လင်းယောင်ယောင် သည် သူမ၏ မိဘများနှင့် မောင်လေးနှစ်ယောက်နှင့်အတူ အရှင်သခင်အင်ပါယာသို့ ပြန်သွားမည်ဖြစ်သည်။လင်းရွှမ်နှင့် သူမတို့သည် အာကာသယာဉ်တစ်စင်းတည်းတွင်သာ အတူနေထိုင်ခဲ့ကြသော်လည်း တွေ့ရသည့်အချိန်မှာ ပိုပို၍ နည်းပါးသွားခဲ့ပြီး ယခုတစ်ကြိမ် ထပ်မံခွဲခွာသွားရမည်ဖြစ်သည်။
လင်းရွှမ် တွန့်ဆုတ်နေသော်လည်း သူမကို ညသိမ်းငှက်တပ်ဖွဲ့တွင်သာ ထာဝရထားဖို့ မဖြစ်နိုင်ကြောင်း သူသိသည်။ သူမသည် အသက်18ပြည့်ပြီး 19နှစ်နီးပါးမျှသာ ရှိသေးသည်။ သူမသည် ကျောင်းတက်ရင်း လူငယ်ဘဝကို ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နှင့်ဖြတ်သန်း၍ သူငယ်ချင်းများနှင့်လည်း ပိုမိုတွေ့ဆုံသင့်သည်။
မခွဲရခင်တစ်ရက်၊ ညဘက်…
အိပ်ရာမဝင်မီတွင် လင်းရွှမ် သည် လင်းယောင်ယောင် ၏ နားနှင့် လည်ပင်းနားကို ကပ်ကာ ထပ်ခါတလဲလဲ ရေရွတ်နေသည်။
"နေ့တိုင်း ကိုယ့်ကို လွမ်းနေပါ"
"ကိုယ် အမြန်ဆုံးပြန်လာခဲ့မယ်"
"မင်းအပေါ် မကောင်းတဲ့ ကောင်စုတ်တွေကို လုံးဝ ဂရုမစိုက်နဲ့"
နောက်တစ်နေ့တွင် လင်းယောင်ယောင် သည် သူမ၏ ခန္ဓာကိုယ်၊ လည်ပင်းနှင့် အခြားနေရာများပေါ်ရှိ "စတော်ဘယ်ရီ" အမှတ်အသားများကို အမြန်သက်သာပျောက်ကင်းစေသော ဆေးဖြန်းလိုက်ရသည်။ သို့မဟုတ်ပါက၊သူမ အပြင်ကိုထွက်ပြီးမျက်နှာပြရမှာတောင် မဟုတ်တော့ေပ။သူမလည်း လင်းရွှမ် မကြာခင်ပြန်လာလိမ့်မည်ဟု မျှော်လင့်မိသည်။ သို့သော် လင်းရွှမ် ၏စကားထဲမှ သဲလွန်စကို တွေးမိရာ၊ သူပြန်လာသောအခါ သူမထံသို့ တရားဝင်လက်ထပ်ခွင့်တောင်းမည်ကို သူမကြောက်ရွံ့မိသည်။ ထိုအခါကျလျှင် သူမ ငြင်းခွင့်မရှိဘဲ မကြာခင် သူနှင့် စေ့စပ်ရမည်ဖြစ်၏။သူမ စိတ်ထဲမှာ မသေချာစိတ်တို့ ဖြစ်ရသည်။
သူမ တစ်ကယ်ပဲ လက်ထပ်ပွဲကို စောစောစီးစီး လုပ်စေချင်သလား။
သို့သော် ယခုရက်များအတွင်း လင်းရွှမ် သည် သူမနှင့်ပို၍ နီးကပ်လာကာ သူမလည်း သဘောကျမိသည်။သူမနှင့်သူ ထပ်ဝေးကွာဖို့ဆိုသည်က မဖြစ်နိုင်တော့ပေ။
လင်းရွှမ် က သူမကို သူ့ကိုယ်ပိုင်ဖြစ်ဖို့ အတော် စိတ်အားထက်သန်နေခဲ့သည်။သူမ၏ ခင်ပွန်းလောင်း အဖြစ်တောင် ကြကြာမနေချင်ပုံရသည်။
လင်းရွှမ် ၏ လက်ရှိ ခွန်အားဖြင့် သူမ၏ မိဘအရင်းများနှင့်မောင်လေးတို့ကို အိမ်ပြန်လာရန် ကူညီပေးခဲ့သဖြင့် ဝေ့မိသားစုသည် ဤကိစ္စကို ကန့်ကွက်ရန် မဖြစ်နိုင်ပေ။ ထို့အပြင် သူမ၏ မွေးစားမိဘများဖြစ်သော လင်းရွှမ် ၏ မိဘများသည် သူမတို့ အတူရှိနေကြသည်ကို သဘောပေါက်ပြီးသားဖြစ်သည်။သူမ ကန့်ကွက်ချင်သော်လည်း မဖြစ်နိုင်သေးပေ။သို့သော်၊သူမ ဆန္ဒကို လင်းရွှမ် အား ချက်ချင်းဖော်ပြမှာ မဟုတ်ပေ။ သူ့ကို ခဏလောက် လွမ်းဆွတ်ခွင့် ပေးလိုက်ဦးမည်။
ယခုတစ်ခေါက်ခရီးကို လင်းရွှမ် သူကိုယ်တိုင်ပြန်ပို့ပေးမှာဖြစ်သည်။သို့သော်လည်း သူသည် မကြာမီတွင် တာဇာကြယ်ပွင့်နယ်မြေသို့ ပြန်သွားမည်ဖြစ်သည်။ လင်းယောင်ယောင် က သူ့ကို ခွဲဖို့ တွန့်ဆုတ်နေပြီး 168 ကိုလည်း မခွဲချင်သေးေပ။
မထွက်ခွာမီတွင် လင်းယောင်ယောင် နှင့် 012 တို့သည် 168 ၏ နူးညံ့အိစက်သော မျက်နှာကို ပွေ့ဖက်ထားသည်။
168 သည် ယခုအခါ လူသားများစွာထက် ပိုမိုအားကောင်းလာပြီး သူမ၏ ဉာဏ်ပညာသည် လူသားများထက် များစွာနိမ့်ကျခြင်းမရှိပေ။ထို့အပြင် သူသည် အစောပိုင်း ဇာ့ခ်ဘုရင်မဖြစ်ရန် ရည်မှန်းချက်ကိုပင် ချမှတ်ခဲ့သည်။ အတိုချုပ်ပြောရလျှင် 168 သည် အိမ်မွေးတိရစ္ဆာန်အဖြစ် အရှင်သခင်အင်ပါယာ သို့ လိုက်သွားရန် မဖြစ်နိုင်ပေ။ 168 သည် လင်းယောင်ယောင် နှင့် 012 တို့အား တွေ့ဆုံခဲ့ပြီးကတည်းက ဤသည်မှာ သူတို့အတွက် ပထမဆုံးသော အချိန်ကြာမြင့်စွာ ခွဲခွာခြင်းလည်း ဖြစ်သည်။
168 ၏ မျက်လုံးကြီး ကိုးလုံးတွင် မျက်ရည်များ ရစ်ဝဲနေသည်။
"ဟေ့ မင်းတို့ မထွက်သွားလို့မရဘူးလား"
လင်းယောင်ယောင် သည် ဤနေရာတွင်မရှိသော်လည်း ညသိမ်းငှက်တပ်ဖွဲ့ သည် 168 အား ဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးနေသေးသော်လည်း ထိုမျှအရသာမကောင်းနိုင်ပေ။ 168 လိုအစားကြီးသူတစ်ယောက်အတွက် လင်းယောင်ယောင် ဤနေရာမှာရှိနေလျှင်တောင် အရသာရှိသည့် အစားအစာများအား သူမ တစ်ယောက်တည်း ချက်ပြုတ်ဖို့မဖြစ်နိုင်ပေ။သို့သော် သူသည် သူမကို အစာမကျွေးလျှင်ပင် လင်းယောင်ယောင် ၊012 တို့နှင့်အတူ ရှိနေချင်မိသည်။ဤသည်က foodie သူငယ်ချင်းကနေ သူငယ်ချင်းအစစ်ဆီ ပြောင်းသွားတာ ဖြစ်နိုင်၏။
လင်းယောင်ယောင် သည် 168 ၏ ပျော့ပျောင်းသော မျက်နှာကြီးကို ဖျစ်ညှစ်ထားလိုက်သည်။
"ကမ္ဘာမှာ အမြဲတမ်း ပျော်ရတယ်ဆိုတာ မရှိပါဘူး...လမ်းခွဲခြင်းဆိုတာဟာလည်း ပိုကောင်းတဲ့ ပြန်လည်ဆုံစည်းနိုင်မယ့် နိမိတ်ပုံပါပဲ... နောက်ဆို မင်းကို ငါလာတွေ့မယ်…မင်းအားလပ်ချိန်ကျရင်လည်း ငါ့ကို တွေ့ဖို့ အရှင်သခင် အင်ပါယာကိုလည်း လာနိုင်ပါတယ်"
သူမသည် တာဇာကြယ်ပွင့်နယ်မြေ မှာ နှစ်လနီးပါးရှိခဲ့သည်။ သူမ၏ မိဘအရင်းများ နှင့် မောင်လေးများကို ပြန်လည်ကယ်ဆယ်နိုင်သည့်အပြင် ပင်လယ်သားရဲ အသားများကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြီး Green Star မျိုးရိုးတစ်ဝက်ရှိသည့် သူငယ်ချင်း လီလစ် နှင့်လည်း တွေ့ဆုံကာ အဖိုးတန်အမှတ်တရများစွာ ရရှိခဲ့သည်။နောက်ဆို အခွင့်ရေးရှိပါက သူမ ဤနေရာကို ထပ်ရောက်မည်မှာ သေချာသည်။
012 သည် သူ၏ အိမ်မွေးတိရစ္ဆာန် အလင်းပြဦးနှောက်နှင့် အထူးအာကာသခလုတ်ကို 168 အား ပေးခဲ့ပြီး လင်းယောင်ယောင် သည်လည်း ဖြည့်စွက်စာအများအပြားကို 168 အတွက် ချန်ထားခဲ့သည်။ 168 မှာ သူငယ်ချင်းတွေကို ပေးစရာ ဘာမှမရှိပေ။ မူလက သူမ၏ အသားအချို့ကို ဖြတ်မည်ပြုသော်လည်း လင်းယောင်ယောင် က ငြင်းဆိုခဲ့၏။ သူမတွင် အရွယ်ရောက်ပြီးသော မက်မွန်သီးပိုးကောင်သုံးကောင်ထံမှ လင်းရွှမ် ရယူခဲ့သော အသားများစွာရှိနေပြီဖြစ်သည်။
"အရင်ကတော့ အဲ့ဒါက နောက်ဆုံးနည်းလမ်းတစ်ခုမို့ လုပ်ခဲ့မိတာ..,ဒါပေမယ့် ငါ168 ကို ဘယ်တော့မှ မဖြတ်ခိုင်းတော့ဘူး…မင်းကိုယ်တိုင် စားချင်ရင်တောင် တခြား မက်မွန်သီးရောင်ဇာ့ခ်တွေဆီက အသားရနိုင်တယ်ဆိုတာ မင်းသိထားပါ"
သူမသည် အခြားသော မက်မွန်သီးရောင်ဇာ့ခ်များနှင့်ပတ်သတ်၍ ဘာထူးထူးခြားခြား ခံစားချက်မှ မရှိသလို ၎င်းတို့၏ ဉာဏ်ရည်ဉာဏ်သွေးသည်လည်း 168 ထက်ပင် နည်းပါးသည်။ ထို့ကြောင့် ၎င်းတို့ကို လှီးဖြတ်လိုက်လျှင်ပင် သူမ စိတ်ပူပန်ခြင်းမရှိသလို အားနည်းသူများကို စားသုံးခြင်းမှာ သဘာဝတရားတစ်ခုဖြစ်ကြောင်း သဘောထားသည်။သို့သော်၊ အခု 168 ကမူ သူမ၏ သူငယ်ချင်းဖြစ်၍ အတတ်နိုင်ဆုံး မနာကျင်စေချင်ပေ။
လင်းရွှမ် သည် လင်းယောင်ယောင်မှာ ပိုးကောင်တစ်ကောင်ကိုသာ နှုတ်ဆက်နေမှန်း သိသော်လည်း သူမနာလိုဖြစ်မိသည်။ သို့သော် 168 ကို သူ၏ နှလုံးသားထဲတွင် သူငယ်ချင်း၊လုပ်ဖော်ကိုင်ဖက် တစ်ဦးအဖြစ်လည်း မှတ်ယူထားသောကြောင့် သူမအား အတင်းမတိုက်တွန်းခဲ့ပေ။
လင်းယောင်ယောင် သည်လည်း အတိုင်းအတာတစ်ခုအထိသာ အချိန်ပေးသင့်မှန်း သိသည်။ ဝေ့လင်း နှင့် တခြားသူများက သိပ်ကြာကြာမစောင့်နိုင်ဘူးဆိုသည်ကို သူမ သိ၏။
168 သည် ဇာ့ခ်သန်းပေါင်းများစွာကို နှိမ်နင်းရန် နောက်ကွယ်မှသာ နေလိုသောကြောင့် တာဇာကြယ်ပွင့်နယ်မြေ မှ လူသားကြယ်ပွင့်နယ်မြေသို့ ခရီးစဉ်ကို အာကာသအသွင်ကူးပြောင်းရေးလမ်းကြောင်းကို ဖွင့်ပေးတတ်သော လင်းရွှမ် ဦးဆောင်ခဲ့သည်။ လင်းရွှမ် သည် အတားအဆီးမရှိဘဲ တာတို ခုန်ခြင်းများကို ပြုလုပ်နိုင်သော်လည်း တာဝေးခုန်ခြင်းများသည် သူ၏ စွမ်းအင်ကို ပိုမိုသုံးစွဲသွားမည်ဖြစ်သည်။ ထို့ကြောင့် သူ၏ စိတ်အခြေအနေကို အကောင်းဆုံး ချိန်ညှိရန် လိုအပ်ကာ စတင်ပြီးနောက် နာရီအတော်ကြာအောင် အားနည်းခြင်းနှင့် ပင်ပန်းနွမ်းနယ်မှုများ ဖြစ်လာမည်ဖြစ်သည်။သို့သော်၊ သူ၏ 4S အဆင့်ရှိ အားကောင်းသည့် စိတ်စွမ်းအားဖြင့်၊ 168၏ ပိုးပေါက်စုပ်ဝဲထက် နှစ်ဆမြန်သဖြင့် တာဇာကြယ်ပွင့်နယ်မြေ မှ အရှင်သခင် အင်ပါယာ၏ အဓိကကြယ်ပွင့်ကို ပြန်သွားရန် ဆယ့်နှစ်နာရီသာ ကြာမြင့်နိုင်သည်။
ညလူသားစည် ဧကရာဇ်မြို့တော်အနီးရှိ အာကာသပိုင်နက်အတွင်းသို့ ဘေးကင်းစွာ ရောက်ရှိလာသောအခါ လင်းယောင်ယောင် သည် ရှော့ခ်ဒဏ်ခံနိုင်သော အခန်းထဲမှ ထွက်လာလျှင် လင်းရွှမ် ၏ မျက်နှာမှာ ဖြူဖျော့လာသည်ကို တွေ့ရှိလိုက်ရသည်။ ထို့နောက် ချက်ချင်း သူမသည် လင်းရွှမ် ၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ် ပြန်လည်ကောင်းမွန်လာစေရန် ဆေးဖက်ဝင် ဟင်းချိုအနည်းငယ်ကို အမြန်ကျွေးပြီး
"အစ်ကိုကြီး ပြန်မထွက်ခင် မြို့တော်မှာ နှစ်ရက်လောက် အနားယူပါလား"
လင်းရွှမ် သည် မိန်းကလေး၏လက်ကို ဆုပ်ကိုင်ကာ သူ့နှုတ်ခမ်းဆီသို့ ဆွဲယူ၍ ချစ်ခင်စွာ နမ်းလိုက်သည်။သို့သော်လည်း သူက ခေါင်းယမ်းရင်း
“ပြီးခဲ့တဲ့အပတ်တုန်းက ကိုယ့်မိဘတွေ အဘိုးနဲ့တွေ့ပြီး ဘေးကင်းကြောင်း သတင်းပို့ထားတယ်…ဒီတစ်ခါ မင်းနဲ့ နောက်တစ်ခေါက် ပြန်သွားလိုက်ရင် မသွားချင်တော့မှာကို ကြောက်တယ်"
လင်းယောင်ယောင် သည် လင်းရွှမ် ၏ လည်ပင်းကို ပွေ့ဖက်လိုက်ပြီး နှစ်သိမ့်လိုက်လေ၏။
"အစ်ကိုကြီးကို စောင့်နေမယ်"
လင်းယောင်ယောင် သည် မူလက ကာလရှည်ကြာ ဝေးကွာခဲ့ရသော ဧကရာဇ်မြို့တော်နှင့် လိုက်လျောညီထွေစွာ နေရမည်ဟု တွေးထားခဲ့သည်။ သို့သော်၊ သူမပြန်လာပြီးသည့် နောက်မှာတော့ သူမ လုံးဝသက်တောင့်သက်သာရှိနေသည်ကို တွေ့ရှိခဲ့ရ၏။ သူမသည် ဤကမ္ဘာကြီးနှင့် လုံးဝလိုက်လျောညီထွေဖြစ်နေပြီဖြစ်ကာ ဘယ်သူ့ကိုမှ အားကိုးစရာမလိုတော့ေပ။သူမကို မရေမတွက်နိုင်သော လူများက အထင်ကြီးလေးစားလာအောင် ပြုလုပ်နိုင်စွမ်းရှိပြီး အများရှေ့မှာလည်း ယုံကြည်မှုရှိရှိ တောက်ပနိုင်နေသည်။
သူမ၏ ဆောင်းရာသီအားလပ်ရက်အတွင်း ယိလန်မှ တာဇာကြယ်ပွင့်နယ်မြေ အထိ၊ ကြုံကြိုက်ခဲ့ရသော အတွေ့အကြုံတို့မှာ တစ်ကယ်ကိုအံ့သြဖွယ်ကောင်းသည်။ စစ်ပညာရေးအကယ်ဒမီ မှ နှစ်ရှည်လများ ပျောက်ကွယ်သွားသော သူငယ်ချင်းများနှင့် မိသားစုမှ အကြီးအကဲများသည် သူမ၏ ကျန်းမာရေးကို ဂရုတစိုက် မေးမြန်းကြသည်။သူမ၏ ဆွေမျိုးများနှင့် သူငယ်ချင်းများထံမှ သူမ ဧကရာဇ်မြို့တော်မှ ထွက်ခွာပြီးနောက် ဘယ်လိုကိစ္စများ ဖြစ်ပျက်ခဲ့မှန်း သိရှိခဲ့ရသည်။
အရေးအကြီးဆုံးဖြစ်ရပ်မှာ မတ်လကတည်းက ဧကရာဇ်မြို့တော်ကို ဇာ့ခ်များက ကျူးကျော်ခဲ့သည်။ ကံကောင်းထောက်မစွာ၊ ယခင်က ဖြစ်ရပ်နှစ်ခုကြောင့်၊ မြို့တော်မှလူအများစုသည် တိုက်ပွဲများအား ကျင့်သားရနေ၍ ပြည်သူတစ်ရပ်လုံး တက်ကြွစွာ တိုက်ပွဲဝင်ခဲ့ကြသည်။ အဆောက်အအုံများ ဖျက်ဆီးခံရမှုကြောင့် စီးပွားရေး အရ ဆုံးရှုံးမှုမှလွဲ၍ အသေအပျောက် အများအပြား မရှိခဲ့ပေ။
ထို့အပြင် ယခင်ဇာ့ခ်ဒီရေ တိုက်ခိုက်မှု နှစ်ခုကြောင့်၊ အဓိက တပ်ဖွဲ့များအားလုံးသည် မြို့တော်နှင့် အနီးဆုံး စစ်ဘက်ဆိုင်ရာဂြိုလ်များတွင် သူတို့၏ အထက်တန်းစား တပ်ဖွဲ့ဝင်များကို ထားရှိသောကြောင့် ဧကရာဇ်မြို့တော် ကို အချိန်မရွေး ပံ့ပိုးနိုင်ခဲ့သည်။
လင်းယောင်ယောင် နှင့်လင်းရွှမ် တို့မရှိသောအခါ၊ ရှောင်မင်၏ ထူးကဲသော ခွန်အားနှင့် ခေါင်းဆောင်မှုစွမ်းရည်သည် ထင်ရှားပေါ်လွင်ပြီး လူအများ၏ ချီးမွမ်းခြင်းကို ရရှိခဲ့သည်။ သို့သော် သူ့အတွက် စစ်တပ်အသစ် ထူထောင်ရန် မဖြစ်နိုင်သေးပေ။
ဝေ့ယွမ်၊ ချောင်းမင်ယောင်၊ ယဲ့ရှီ၊ ကျောက်ချင်းယွင် နှင့် အခြားသူများအားလုံးသည် ဇာ့ခ် များကို တိုက်ထုတ်ရန် ထိပ်တန်း စစ်တက္ကသိုလ်များတွင် အောင်မြင်မှုများ ရရှိခဲ့သည်။ ရှောင်မင် သည် လိမ်လည်လှည့်ဖြားခြင်းဖြင့် နာမည်ကောင်း အနည်းငယ်ရထားသော်လည်း၊ သူတစ်ယောက်တည်း ကြီးကျယ်သော အောင်မြင်မှုများကို ရရှိခဲ့သူမဟုတ်ပေ။ စုချင်းဟယ် သည် ဘေးထွက်ဆိုးကျိုးနည်းပါးသည့် အရန်ဆေးဝါးအများအပြားကို ထိုအချိန်အတွင်း ထုတ်လုပ်ခဲ့သည်။ထိုဆေးဝါးတို့သည် အလွန်ရေပန်းစားခဲ့ပြီး သူမသည် မာစတာအဆင့် ဆေးဘက်ဆိုင်ရာ အရန်ကုထုံးပညာရှင် ဖြစ်လာခဲ့သည်။
ဇာ့ခ်အသားများ အဆက်မပြတ် ရရှိလာမှုကြောင့် အစားအသောက် ကုထုံးပညာရှင်များ၏ အဆင့်အတန်းသည် လျင်မြန်စွာ တိုးမြင့်လာခဲ့သည်။ ဆေးဝါးနှင့် ဂီတဌာနများရှိ ကျောင်းသားအများအပြားသည် အစားအသောက်ကုထုံးဌာနတွင် အတန်းစတက်ကြသည်။ အစားအသောက်ကုထုံးဌာနသည် လူကြိုက်အများဆုံးမဟုတ်သော မေဂျာအဖြစ်မှ ယနေ့ခေတ်ရေပန်းအစားဆုံး မေဂျာအဖြစ်သို့ ပြောင်းလဲခဲ့သည်။
ဇာ့ခ်ဒီရေသည် အဆုံးမရှိဖြစ်နေပြီး မြို့တော်မှလူများ၏ ခံစားချက်သည် ပိုမိုဝမ်းသာလာကြ၏။
'အဟင်း...အသားတွေ ငါ့အိမ်ကို ပို့ရမယ်"
သို့သော်၊ကြာလာသောအခါ
'အာ၊ အသားတွေ အများကြီးပဲ… ဒုက္ခအရမ်းများတယ်'
အတိုချုပ်ပြောရလျှင် ၎င်းသည် အင်ပါယာမြို့နေသူများ၏ ပုံမှန်လေ့လာမှုနှင့် အလုပ်ခွင် ညီမျှမှုကို ဆိုးရွားစွာထိခိုက်စေခဲ့သည်။သို့သော်လည်း၊ လွန်ခဲ့သည့် ဆယ်ရက်လောက်က ဇာ့ခ်လှိုင်းမှာ ရုတ်တရက် ရပ်သွားခဲ့၏။
လင်းယောင်ယောင် သည် အချိန်ကို တွက်ချက်ကြည့်ရာ လွန်ခဲ့သည့် ဆယ်ရက်မှာ တာဇာပင်မဂြိုလ်ကို တိုက်ခိုက်သည့်နေ့ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ အရွယ်ရောက်ပြီးသား မက်မွန်သီးရောင်ဇာ့ခ် ၃ ကောင်ကို ဇာ့ခ်ပုံဆောင်ခဲ တွေက ဆွဲဆောင်ခဲ့ပြီးဖြစ်၍ ၎င်းတို့သည် တာဇာ ပင်မဂြိုဟ်ဆီ ပြန်သွားခဲ့ခြင်းဖြစ်သည်။ ဤသို့ဖြင့်၊ သူတို့သည် အိမ်ကိုအတင်းပြန်ရင်း ဧကရာဇ်မြို့တော် ရှိ ဇာ့ခ်ဒီရေမှာ ပပျောက်ခဲ့သည်။
လင်းရွှမ် နှင့် 168 တို့သည် မက်ရှဲ ကို တိုက်ခိုက်ခဲ့ပြီးသောအခါ သူသည် မမျှော်လင့်ဘဲ အင်ပါယာသို့ ပြန်သွားခဲ့သည်။ သို့သော်လည်း ထိုကိစ္စကို လူသိရှင်ကြား မကြေငြာဘဲ မီးခိုးရောင်ဝံပုလွေ နှင့် ဆူးတပ်ဖွဲ့ တို့ကိုသာ လျှို့ဝှက်ဆက်သွယ်ခဲ့သည်။သို့သော် သူက စစ်တပ်နှစ်ရပ်အား ပူးပေါင်း၍ လွှတ်လိုက်သောအခါ အားလုံး သိသွားကြ၏။စစ်ဘက်ဆိုင်ရာဌာနမှ ထိပ်တန်းအရာရှိများနှင့် ဧကရာဇ်မြို့တော်၏ အထက်အရာရှိများသည် ဤကိစ္စမှာ တာဇာကြယ်ပွင့်နယ်မြေ နှင့် ပတ်သတ်မှန်း အခြေခံအားဖြင့် သိသော်လည်း အသေးစိတ်အချက်အလက်များကို မသိကြချေ။သို့သော် လင်းယောင်ယောင် သည် လင်းရွှမ် နှင့် တာဇာကြယ်ပွင့်နယ်မြေ သို့ လိုက်သွားသည်ကို သူတို့အားလုံး သိကြသည်။
ယခုလည်း သူမ ပြန်ရောက်လာပြန်သည်။ လင်းရွှမ် သည် စစ်တပ်မှ ကိစ္စရပ်များကို ဖြေရှင်းရန် လူအချို့ကို အင်ပါယာသို့ ပြန်လွှတ်ခဲ့သည်။သို့သော် ထိုလူငယ်များသည် ရာထူးငယ်ပြီး ဘာမှမသိသောကြောင့် လင်းယောင်ယောင်ကိုသာ မေးနိုင်ကြသည်။
တာဇာကြယ်ပွင့်နယ်မြေ ရှိ ကိစ္စကို အတိုချုံးကာ ပြောပြရမည်ဖြစ်၏။ ထို့ကြောင့်၊ လင်းယောင်ယောင် သည် ညသိမ်းငှက်တပ်ဖွဲ့ ၏လျှို့ဝှက်ချက်များနှင့်မပတ်သက်သော အစိတ်အပိုင်းအချို့ကိုရွေးချယ်ပြီး ရှင်းပြခဲ့သည်။
ချောင်းမင်ယောင် က နောင်တရစွာဖြင့်...
"ညီမရဲ့ အစားအသောက်တွေက မက်မွန်သီးရောင်ဇာ့ခ်တွေကိုတောင် ချေမှုန်းနိုင်တယ်ဆိုတာသာ ငါ အစက သိရင် ညီမနဲ့အတူ တာဇာကြယ်ကွင်းပြင်ဆီ အစ်ကို လိုက်ခဲ့သင့်တယ်"
သို့သော် ဝေ့ယွမ်သည် ပို၍ဉာဏ်ကောင်းခဲ့ခြင်းဖြစ်သည်။ ညသိမ်းငှက်တပ်ဖွဲ့သည် ထိုတာဇာကြယ်ကွင်းပြင်သို့ ပထမဆုံးရောက်သောအခါတွင် အခက်အခဲများစွာ တွေ့ကြုံနိုင်မည်ဟု သူစိတ်ကူးကြည့်နိုင်သည်။ သူတို့သာ လိုက်ခဲ့မည်ဆိုလျှင် ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်ပေလိမ့်မည်။ ကံကောင်းထောက်မစွာ၊ လင်းယောင်ယောင် သည် နောက်ဆုံးတွင် ဘေးကင်းစွာ ပြန်လာခဲ့ပြီး သူ၏ နှစ်ရှည်လများ ပျောက်ဆုံးနေသော ဦးလေးနှင့် အဒေါ်တို့ကို ပြန်လည်ခေါ်ဆောင်လာခဲ့သည်။ ထို့အပြင် ချစ်ဖို့ကောင်းသည့် ဝမ်းကွဲညီလေး နှစ်ယောက်လည်း အစစ်ပါလာသည်။
လင်းယောင်ယောင် ချန်ထားခဲ့သော ပြုပြင်ထားသည့် မက်မွန်သီးရောင်ဇာ့ခ်အသားနှင့် အဆင့်မြင့် ဇာ့ခ်အသားများကို အားကိုး၍ ယဲ့ရှီ ၏မိခင် ရှားရှု သည် မကြာသေးမီက စိတ်ပိုင်းဆိုင်ရာ အခြေအနေ ကောင်းမွန်လာခဲ့သည်။ သို့သော် ယခင်ကျန်ဟင်းလျာများကို စားပြီးပြီဖြစ်၍ လင်းယောင်ယောင် ပြန်လာမည့်အချိန်ကို စောင့်မျှော်နေခဲ့ရသည်။ ကံကောင်းထောက်မစွာ၊ သူမ ဘာမှ ပြောစရာပင်မလိုပေ။ လင်းယောင်ယောင် သည် ပြန်ရောက်သည်နှင့် သူမအား ပြင်ဆင်ထားသော ဖြည့်စွက်စာများ ပေးခဲ့လေသည်။
ကျောက်ချင်းယွင် နှင့် စုချင်းဟယ် တို့လည်း ရောက်လာကြသည်။ ဝေ့ယွမ် နှင့် ရှောင်ချီ တို့အားလုံးမှာလည်း စိတ်ပိုင်းဆိုင်ရာနယ်ပယ် ပြန်လည်နာလန်ထမှု အရှိန်က အတော်နှေးကွေးနေကြသည်။ ဖုယင်း၊ ဖုလော၊ ကျန်းရို့၊ ချိုက်မူပိုင် နှင့် ရန်နင် တို့၏အကူအညီဖြင့် သူမသည် ပင်လယ်သားရဲ အသားဟင်းလျားများကို တစ်စားပွဲစာ ပြုလုပ်ခဲ့သည်။
သူမ၊ ချိုက်ယူဟုန် ကလည်း အစားအသောက်ကိစ္စများ ပြောဆိုနေကြသလို 012 နှင့် အားပိုင် တို့သည်လည်း လွမ်းဆွတ်ဖွယ်ကိစ္စများ ပြောနေကြလေသည်။ ချိုက်ယူဟုန် ပထမတော့ အနည်းငယ် ဒေါသထွက်သွားသည်။
သူ့တပည့်လေးလို အစားအသောက် ကုထုံးပညာရှင်ကောင်း တစ်ယောက် က စစ်မြေပြင်မှာ ဘာလုပ်နေတာလဲ...
သူမသည် တိုက်ခိုက်ရေးသမားဖြစ်လျှင်ပင်၊ အရန်ကုထုံးပညာရှင်မျှသာဖြစ်သည့် သူမ၏ ကိုယ်လုံးကိုယ်ထည်ကို မပြောင်းလဲနိုင်ပေ။ မတော်တဆ တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ...
အံ့သြစရာကောင်းသည်က သူမ ထွက်သွားပြီး ပြန်လာခဲ့ပြီဖြစ်၏။ သူမ၏ စိတ်စွမ်းအားသည် အင်ပါယာတွင် ဒုတိယ အမြင့်ဆုံးလူဖြစ်လာပြီး အရန်ကုထုံးပညာရှင်များ ကြားတွင်လည်း ပထမအဆင့်ဖြစ်သော SSS အဆင့်ဖြစ်လာသည်။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်သည်ပင် ပျော့ညံ့သည်ဟု ခေါ်ဆို၍မရနိုင်တော့သော အဆင့်သို့ တိုးတက်လာခဲ့သည်။သူမ၏ ဖြည့်စွက် အစားအစာ ချက်ပြုတ်မှု အဆင့်မှာလည်း သူ့ထက် မနိမ့်ကျပေ။
အသက် 19နှစ်အရွယ်ရှိ အစားအသောက်ကုထုံးပညာရှင်ဖြစ်သော သူမ၏ ဤအောင်မြင်မှုသည် အဘိုးကြီး ကျန်း ၏ အသက်19နှစ်အရွယ် ဆေးဝါးပညာရှင် စုချင်းဟယ် ထက်ပင် ပိုကြောက်စရာကောင်းသည်။
ချိုက်ယူဟုန် အံ့အားသင့်ပြီး ဂုဏ်ယူနေပေသည်။
"မင်းကို ဘယ်လိုသင်ပေးရမလဲဆိုတာ ငါ စဉ်းစားစရာမလိုတော့ဘူး... မင်းရဲ့အဆင့်က မင်းရဲ့ဆရာထက် ပိုကောင်းသွားပြီ...ဒါပေမယ့် မင်းဒီလိုပုံစံနဲ့ အပြင်မှာနေလို့မရဘူး… ငါ့ရဲ့ အသိပညာ ဗဟုသုတတွေက အရမ်းများလွန်းတယ်…လေ့လာသင့်တဲ့ အရွယ်မှာ ပြင်းပြင်းထန်ထန် ဆက်လေ့လာဖို့ လိုသေးတယ်…မင်းအသက် 19နှစ်မှာ အစားအသောက်ကုထုံးပညာရှင် မဖြစ်စေချင်သေးပေမယ့် နောင်နှစ်ပေါင်း တစ်ရာ ဒါမှမဟုတ် နှစ်ရာလောက်ကြာတဲ့အထိ မင်းကို၊ ဒီအဆင့်မှာပဲ ရှိနေစေချင်မိတယ်"
ဆရာဖြစ်သူက သူမ ကောင်းဖို့အတွက် ပြောနေခြင်းဖြစ်ေသာကြောင့် လင်းယောင်ယောင် သိသည်။ သူမသည် ဆရာဖြစ်သူ၏ သွန်သင်ချက်ကို နှိမ့်ချစွာလက်ခံခဲ့ပြီး ချိုက်ယူဟုန် အား မက်မွန်သီးရောင်ဇာ့ခ် အသားအနည်းငယ်၊ အဆင့်မြင့် ဇာ့ခ်အသားများနှင့် ပင်လယ်သားရဲအသားများစွာကို ပေးခဲ့သည်။
xxxxxx