အခန်း ၇၁၂
အဖြူရောင်ထောင်တျဲ၏ ချိပ်စည်းကျိုးပဲ့သွားခြင်း
အစားကြူးတောင်ကြား...
ဆဠမမြောက်အကြီးအကဲက ပြန်လည် ပြင်ဆင်ပြီးသွားပြီဖြစ်သော မြေပြင်ကျယ်တွင် တင်ပျဉ်ခွေ၍ ထိုင်နေခဲ့သည်။သူ့ကို ကြည့်ရသည်မှာ ပြိုင်ပွဲနှင့်ပတ်သတ်၍ အနည်းငယ် စိုးရိမ်သောကရောက်နေပုံရသည်။
အစားကြူးနတ်ဘုရားအဆောက်အဦးထဲတွင်လည်း လူများ ပြည့်ကျပ်နေသည်။သူတို့က ပြိုင်ပွဲကွင်းပြင်ရှိရာကိုကြည့်၍ စိတ်အားထက်သန်စွာဖြင့် ဆွေးနွေးပြောဆိုနေကြသည်။သူတို့ထဲက တစ်ချို့က ဒီနေရာတွင် မဟာအကြီးအကဲမရှိပဲ ဆဠမမြောက်အကြီးအကဲသာ ဦးဆောင်ဦးရွက်ပြုနေသည်ကို သတိပြုမိကြသည်။မည်သို့ပင်ဆိုစေ ထိုအချက်က ပြိုင်ပွဲကို ပျော်ပျော်ကြီးဆင်နွှဲနေကြသော သူတို့အပေါ်သို့ သက်ရောက်မှုမရှိပေ။
ဒီပွဲက အစားကြူးနတ်ဘုရားစားသောက်ပွဲဖြစ်သောကြောင့် ပြိုင်ပွဲ၏ ဒိုင်လူကြီးထက် ပြိုင်ပွဲကိုသာ ပို၍ စိတ်ဝင်စားကြပေသည်။ထို့အပြင် အစားကြူးဘုတ်ပြားအပေါ်တွင် ဒီနေ့ရဲ့ ဖျက်မြင်း တစ်ချို့လည်း ထွက်ပေါ်လာခဲ့သည်။
ပုဖန်ထွက်သွားပြီးနောက် သူ့နေရာကလည်း ပယ်ချခြင်းခံလိုက်ရသည်။သို့သော်လည်း ကျွင်းချင်ရှောင်းက ဒီနှစ်ရဲ့ ဖျက်မြင်းတစ်ကောင်ဖြစ်လာလေသည်။သူက ပထမဦးစွာ ထိပ်ဆုံးတစ်ရာထဲမှ စားဖိုမှူးတစ်ယောက်ကို စိန်ခေါ်ခဲ့သည်။ထို့နောက် ထိပ်ဆုံး ၅၀ထဲမှ စားဖ်ိုမှုးတစ်ယောက်ကို ထပ်မံ စ်ိန်ခေါ်ခဲ့ပြန်သည်။
ပထမဆုံးပြိုင်ပွဲကသူကကံကောင်းသွားသည်ဟုဆိုနိုင်သော်လည်း ဒုတိယပြိုင်ပွဲကို ထပ်မံ အနိုင်ရသွားခြင်းအား လူအားလုံးက သူ့၏ အစစ်အမှန် စွမ်းအင်ကို ပြသလိုက်ပေသည်။
ယခုသူ့၏ တတိယမြောက်ပြိုင်ပွဲဖြစ်သည်။သူက အစားကြူးဘုတ်ပြားပေါ်ရှိ ထိပ်ဆုံး ၁၀ယောက်ထဲမှ စားဖိုမှူးကို စိန်ခေါ်ချင်နေပေသည်။သူက အစားကြူးဘုတ်ပြားပေါ်တွင် အဆင့် ၈ ထိပ်သီး စိတ်ကူးလွင့်မျောဓား လုထောင်ပင် ဖြစ်သည်။
ထိုပြိုင်ဘက်၏ မီးဖိုချောင်သုံးဓားစွမ်းရည်က ထိပ်တန်းပင်ဖြစ်သည်။သူ့၏ ထွင်းထုခြင်းပညာက အလွန်ပင်ကောင်းမွန်လှသည်။သူပြုလုပ်လိုက်သော ဟင်းပွဲများက စားသုံးသူများကို စိတ်ကူးအိမ်မက်ထဲ လွင့်မျောသွားသလို ခံစားရစေလိမ့်မည်။
အမြင် အာရုံတင်မဟုတ်ပဲ စားလိုက်သည့်အချိန်တွင်လည်း ပို၍ အံအအားသင့်စရာကြုံရပေလိမ့်မည်။အစားကြူးဘုတ်ပြားပေါ်မှ ထိပ်တန်း ၁၀ယောက်ဝင် တစ်ယောက်အဖြစ် သူက တကယ်ကို အစွမ်းအစရှိပေသည်။လုထောင်ကလည်း ကျွင်းချင်ရှောင်းကို စိတ်ဝင်စားနေမိသည်။ထို့ကြောင့်ပင် သူက ပြိုင်ပွဲကို ပျော်ပျော်ကြီး ပါဝင်ဆင်နွှဲလိုက်ပြီး သူ့၏ စွမ်းအင်အချို့ကို ထုတ်ဖော်ပြလိုက်သည်။မှန်ပေသည် အဆုံးတွင်တော့ သူပဲ အနိုင်ရခဲ့လေသည်။
လူသစ်လေးတစ်ယောက်အနေဖြင့် ကျွင်းချင်ရှောင်းက အလွန်ပင်ပါရမီရှိသည်ဟု ဆို၍ ရသော်လည်းအစားကြူးဘုတ်ပြားပေါ်ရှိ ထိပ်သီး ၁၀ယောက်အတွင်း ပါဝင်ဖို့ကတော့ သူ အိပ်မက်မက်ရုံသာ တက်နိုင်ပေဦးမည်။ကျွင်းချင်ရှောင်းကလည်း ထိုအချက်ကို နားလည်သဘောပေါက်ပေသည်။သူ အနည်းငယ်နောင်တရသည်ဆိုသော်လည်း တကယ်တမ်း သတ္တိနည်းသွားခြင်းမဟုတ်ပေ။
သို့သော်လည်း သူ ပြိုင်ကွင်းထဲ ဆင်းသက်လိုက်သည့်အချိန်၌ စိတ်လွတ်နေပုံရလေသည်။သူက အောင်မြင်မှုများရခဲ့သော အလွန်ပင် အံ့အားသင့်စရာကောင်းလှသော စားဖိုမှူးလူငယ်လေး ပုဖန်ကို သတိရသွားမိသည်။
ထိုစားဖိုမှူးလေးက တကယ်ကို သန်မာလှသည်။ကျွင်းချင်ရှောင်း ထိုအချက်ကို တွေးလိုက်မိသည်နှင့် အသာအယာသာ သက်ပြင်းတစ်ချက်ချလိုက်မိသည်။ဆည်းဆာရေကန် ကန်၏ အဆုံးတွင် အကြီးအကဲများ ထိုင်နေကြသည်။သူတို့က တည်ငြိမ်လေးနက်သော မျက်ဖြင့် ငြိမ်သက်နေသော ကန်ရေပြင်ကို စိုက်ကြည့်နေကြသည်။
အဖြူရောင်ထောင်တျဲကို ထိုရေကန်ထဲတွင် စည်းခတ်ပိတ်ထားခဲ့သည်။ထိုအဓိပ္ပါယ်က ကန်ထဲတွင် အမွေခံရှိနေသည်ဆိုသည့် အဓိပ္ပါယ်ပင်။
ထိုအကြီးအကဲများက မတူညီသော သန့်စင်နယ်မြေများမှ သူများဖြစ်ကြသည်။သူတို့ အစားကြူးတောင်ကြားထဲတွင် မကြောက်မရွံ့နေထိုင်နေကြခြင်းမှာ ထိုအမွေအနှစ်ကြောင့်ပင်ဖြစ်သည်။
ထောင်တျဲ ဝိညာဉ် ပျောက်ကွယ်သွားသည့် ပြဿနာသာရှိမနေလျှင် သူတို့ ထိုအမွေအနှစ်ကို ရရှိနိုင်ပေသည်။ထို့အပြင် သူတို့၏ အခြေအနေက အထွဋ်အထိပ်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်းသူတို့သိကြပေသည်။အစားကြူးတောင်ကြားက သန့်စင်နယ်မြေများနှင့်တန်းတူ သန်မာသည်မဟုတ် အနည်းငယ်ပို၍ သန်မာသည်ဟု ပြောနိုင်ပေသည်။
ထိုကဲ့သို့သော အင်အားစု၏ အမွေအနှစ်က မည်သို့မှ အားနည်းလိမ့်မည်မဟုတ်ပေ။သူတို့ တန်ခိုးကြီးသော အချိန်တုန်းက ဒီတောင်ကြားနေရာကိုစောင့်ရှောက်ရန်အတွက် မသေမျိုးဝိညာဉ်အဆင့် ပညာရှင်မြောက်များစွာရှိနေသည်။
တောင်ကြားမှ ပညာရှင်များက နဂါးမြို့ဟောင်းတိုက်ကြီးတွင်ပင် အသိအမှတ်ပြုရသော ပညာရှင်များ ဖြစ်ကြသည်။ယခုလက်ရ်ှအချိန်တွင်မူ တောင်ကြား၏ အရှင်သခင် ပျောက်ဆုံးသွားသောကြောင့် တောင်ကြားက သီးသန့်တိတ်ဆိတ်ဝေးကွာနေသော နေရာတစ်ခုကဲ့သို့ ဖြစ်သွားသည်။
ထို့ကြောင့်ပင် အစားကြူးတောင်ကြား၏ အမွေအနှစ်ကလည်းသန့်စင်နယ်မြေများ၏မျက်လုံးထဲတွင် အဆီထူထူ အသားပေါသည့် အရသာရှိသော ဝက်သားတုံးတစ်တုံးကဲ့သို့ ဖြစ်လာလေသည်။အကြီးအကဲများအားလုံး ထိုင်နေကြချိန်စဉ်မှာပင် ရုတ်တရက် ကောင်းကင်ပြင်က လေပြင်းတစ်ချက်နှင့်အတူ လှုပ်ခတ်လာလေသည်။
ကောင်းကင်ယံက ဆက်လက်လှုပ်ခါနေပြီး အစီအရင်တစ်ခု ပေါ်လာသည်။ထို့နောက်အစီအရင်မှ ထွက်ပေါ်လာသော အလင်းများအလယ်မှ ပုံရိပ်တစ်ခု ထွက်လာ၏။
"ဘယ်သူလဲ ..."
စိတ်ဝိညာဉ်လှေကား ၇ဆင့်ရှိသော အကြီးအကဲတစ်ယောက်က မတ်တပ်ထရပ်လိုက်ပြီး ကောင်းကင်ပေါ်မှ အရိပ်ကို ကြည့်ကာမေးလိုက်သည်။သို့သော်လည်း ထိုပုံရိပ်က တိတ်ဆိတ်စွာရပ်နေပြီး အထင်အမြင်သေးသော အကြည့်ဖြင့် အေးစက်စွာ ကြည့်နေလေသည်။
ထိုအလင်းပုံရိပ်မှ အကြည့်က အကြီးအကဲ၏ ကျောရိုးတစ်လျှောက်စိမ့်တက်သွားစေသည်။မကြာခင်မှာပင် ထိုအလင်းပုံရိပ်ဆီမှနေ၍ အေးစက်ကြောက်မက်ဖွယ်ကောင်းလှသော အော်ရာများကို စတင်ထုတ်လွင့်လာသည်။
ထိုအော်ရာများက မသေမျိုးဝိညာဉ်လှေကား ၅ဆင့်ထက်အားနည်းလိမ့်မည်မဟုတ်ပေ။အကြီးအကဲများ လေအေးတစ်ချက်ရှိုက်လိုက်ကြသည်။၎င်းက အလင်း ကိုယ်ပွားမျှသာဖြစ်သော်လည်း သူ့၏ ကျင့်ကြံမှူ အခြေခံက အားကောင်းသန်မာလှသည်။
အကယ်၍ ခန္ဓာကိုယ်အစစ်အမှန်သာဆိုလျှင် မည်မျှခြိမ်းခြောက်နိုင်စွမ်းရှိလိမ့်မည်နည်း။အစစ်အမှန်ခန္ဓာကိုယ်က ဘယ်သူများ ဖြစ်လိမ့်မလဲ...သူက မသေမျိုးဝိညာဉ် အထွဋ်အထိပ်ပညာအဆင့်လား ဒါမှမဟုတ် စိတ်ဝိညာဉ်သခငအဆင့်ရှိတဲ့ ဂိုဏ်းတည်ထောင်သူများလား...
အကြီးအကဲများက အသက်ပြင်းပြင်းပင်မရှုရဲကြပေ။သူတို့က ထိုအလင်းကိုယ်ပွားကို ရိုက်ချနိုင်သည်ဆိုသော်လည်းအလင်းကိုယ်ပွား၏ အစစ်အမှန်ခန္ဓာကိုယ်ကို ကြောက်ရွံ့နေကြခြင်းဖြစ်သည်။
သူတို့သာ သွား၍ နှောက်ယှက်မိလျှင် ပြန်လည် လက်တုံ့ပြန်ခံလိုက်ရပေမည်။မသေမျိုး ဝိညာဉ် အထွဋ်အထိပ်အဆင့် ပညာရှင်ဖြစ်ဖြစ် စိတ်ဝိညာဉ်သခင်ဖြစ်ဖြစ် ထိုအဆင့်များက သူတို့ သွားထိသင့်သော လူများမဟုတ်ပေ။အလင်းပုံရိပ်၏ အော်ရာများက တဖြေးဖြေး ပြန့်ကားလာပြီးနောက် ဆည်းဆာရေကန်၏ မျက်နာပြင်က လှုပ်ခတ်လာသည်။
ဝုန်း ဝုန်း...
ရေများဆူပွက်လာပြီးနောက် ခဏအတွင်းမှာပင် ပေါက်ကွဲသံအကျယ်ကြီး ထွက်ပေါ်လာသည်။စိတ်ဝိညာဉ် သံကြိုးများ ရိုက်ခတ်ရာမှ ထွက်ပေါ်လာသော အသံများနှင့်အတူ ရေများက ကောင်းကင်ယံထိတိုင်အောင် ဖွားခနဲ လွင့်စင်လာသည်။
ဂါး...
ကြမ်းကြုတ်ရက်စက်မှုများနှင့် ပြည့်နှက်နေသော အဖြူရောင်ထောင်တျဲထွက်ပေါ်လာ၏။ကြီးမားလှသော ပါးစပ်ကြီးထဲမှ အဖြူရောင်ရေဝဲက အလင်းပုံရိပ်ကို ဝါးမျို စားသောက်တော့မည့်ပုံပေါ်သည်။
သို့သော်လည်း စည်းခတ်ထားသော စိတ်ဝိညာဉ်သံကြိုးများက သူ့၏ ခန္ဓာကိုယ်ကို တင်းတင်းတင်းတင်းကျပ်ကျပ် ရစ်ပတ်နှောင်တွယ်ထား၏။သူ့၏ အရှိန်က လျော့ကျသွားပြီး အနည်းငယ်မျှပင် ဆက်မလှုပ်ရှားနိုင်တော့ပဲ အလင်းပုံရိပ်၏ ရှေ့တွင် ရပ်တန့်သွားလေသည်။အလင်းပုံရိပ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ထို့နောက်သူ့၏ လက်ကို ညင်သာစွာ ခေါင်းကို ပုတ်လိုက်သည်။
"ကျွတ် ကျွတ် ...မင်းက တုံးအတဲ့ သားရဲတစ်ကောင်ပဲ အခုထိတိုင်အောင် ရက်စက်ကြမ်းကြုတ်နေတုန်းပဲလား..."
အဖြူရောင်ထောင်တျဲ၏ မျက်ဝန်းထဲ၌ သတ်ဖြတ်ရိပ်များ စွန်းထင်းသွားသည်။သူက ရုတ်တရက် ကျယ်လောင်စူးရှစွာ ဟိန်းဟောက်ပြန်သည်။သို့သော် အလင်းပုံရိပ်က ညင်သာစွာ ပြောလိုက်သည်။
"အရမ်းဒေါသကြီးမနေပါနဲ့ ငါက မင်းကိုလွှတ်ပေးဖို့ ရောက်လာတာပါ...မင်းက အနက်ရောင်ထောင်တျဲရဲ့ စိတ်ဝိညာဉ်ကို အလိုရှိနေတယ် ဟုတ်တယ်မဟုတ်လား ...ငါ မင်းကို မတားပါဘူး မင်းသွားနိုင်တယ်..."
အလင်းပုံရိပ်က ပြုံးလိုက်ပြီး အဖြူရောင်ထောင်တျဲ၏ အမွှေးဖွားဖွားများကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။အဖြူရောင်ထောင်တျဲက ထိတ်လန့်အံ့အားသင့်သွားပြီးနောက် သူ့၏ ဒေါသများက ပြန်လည် ငြိမ်သက်သွားသည်။
ထို့နောက်အလင်းပုံရိပ်က သူ့၏ လက်ကို မြောက်လိုက်ပြီး ရွေ့လျားနေသော အစီအရင်ငယ်တစ်ခု ထွက်ပေါ်လာသည်။ထို့နောက် သူက ထိုအစီအရင်ဖြင့် အဖြူရောင်ထောင်တျဲ၏ ခေါင်းကို ရိုက်လိုက်သည်။အလင်းစက်များ ပြန်နှံ့လာပြီးနောက် ဆည်းဆာရေကန်တစ်ခုလုံး ပြင်းထန်စွာလှုပ်ခတ်လာလေသည်။ရေလှိုင်းများက ကောင်းကင်ထိတိုင်အောင်ပင် ကြမ်းတမ်းစွာ ရိုက်ခတ်လာ၏။
အဖြူရောင်ထောင်တျဲက ရူးသွပ်ကြမ်းတမ်းစွာဖြင့် ဟိန်းဟောက်လိုက်သည်။သူ့ခန္ဓာကိုယ်ရှိ စည်းကြိုးများက ကျိုးပဲ့သွားပြီးနောက် ရေထဲသို့ ပြန့်ကျဲစွာပြုတ်ကျသွားသည်။
ဘန်း...ဘန်း...ဘန်း...
အဓိက ချုပ်နှောင်ကြိုးများကျိုးပဲ့သွားသည်နှင့် အဖြူရောင်ထောင်တျဲ၏ အော်ရာများက ပို၍ ခြိမ်းခြောက်နိုင်စွမ်းမြန်လာသည်။ဖိနှိပ်ထားခံရသော စွမ်းအင်များက ပြန်လည် ပြည့်တင်းလာသည်။
ကောင်းကင်ယံထက်၌ လွင့်မျောနေဆဲရှိသော အလင်းပုံရိပ်၏ အစီအရင်က အလင်းများကို စတင်၍ ပြန်လည် ဆုပ်ယူလာသည်။
"အနက်ရောင်ထောင်တျဲရဲ့ ဝိညာဉ်ကို သွားရှာချေ...ငါ မင်းရဲ့ အောင်မြင်မှုကို စောင့်မျှော်နေမယ် ငါကို စိတ်မပျက်စေဖို့ မျှော်လင့်တယ် ..."
အလင်းပုံရိပ်က ညင်သာစွာ ပြောလိုက်သည်။အဖြူရောင် ထောင်တျဲ၏ အချုပ်အနှောင်များမရှိတော့သည်နှင့် သူ့၏ မျက်ဝန်းများက ပို၍ တောက်ပလာလေသည်။၎င်းက အလင်းပုံရိပ်ကိုကြည့်၍ ကြမ်းတမ်းစွာ ဟ်ိန်းဟောက်လိုက်သည်။
ထိုဟိန်းဟောက်သံက အလင်းပုံရိပ်ကို တစ်စစီ ပြိုကွဲသွားစေသည်။သို့သော်လည်း အလင်းပုံရိပ်၏ အသံက လေထဲတွင် လွင့်ကျန်ခဲ့တုန်းဖြစ်သည်။ခဏမျှ အကြာ၌ အစီအရင်က ပြန်လည် ပိတ်သွားပြီး အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ မိုးကုတ်စက်ဝ်ိုင်းအစွန်းသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။
အဖြူရောင် ထောင်တျဲက ကောင်းကင်ယံထက်တွင် လွင့်မျောနေသည်။သူ့၏ အမွှေးမှ ရေများကလည်း နေရာအနှံ့သို့ လွင့်စင်ကျနေသည်။ဆည်းဆာရေကန်ဘေးတွင်ရှိနေကြသော အကြီးအကဲများအားလုံး ကြောက်ရွံ့မှုဖြင့် တုန်လှုပ်နေကြသည်။သူတို့ အဖြူရောင်ထောင်တျဲကိုကြည့်၍ ပို၍ပင် တုန်ရီလာလေသည်။
"အဖြူရောင်ထောင်တျဲရဲ့ စည်းတွေက ကျိုးပဲ့သွားပြီ .."
ထိုချိပ်ခတ်ထားသော စည်းများမရှိလျှင် အဖြူရောင်ထောင်တျဲက မသေမျိုးဝိညာဉ် အထွဋ်အထိပ်အဆင့်ဖြစ်လေသည်။အချိန်လုံလုံလောက်လောက်သာ ရမည်ဆိုလျှင် ၎င်းက စိတ်ဝ်ိညာဉ် သခင်အဆင့်သို့ ဝင်ရောက်နိုင်တော့မည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ထိုတိရစ္ဆာန်ကောင်က သာမန်ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းပေသည်။အကြီးအကဲများက စက္ကန့်ပိုင်းမျှပင် တွေဝေမနေတော့ပဲ ထွက်ပြေးသွားကြလေသည်။ရူးသွပ်နေသူမှသာ ဒီနေရာတွင် ထပ်မံ နေရဲပေလိမ့်မည်။အဖြူရောင်ထောင်တျဲကလည်း ထိုးအားနည်းသော ကြက်ပေါက်ကလေးများကို ဂရုမစိုက်ပေ။သူ့၏ ထက်မြေ့လှသော အစွယ်များကို လှစ်ဟလိုက်သည်။သူ့၏ ပါးစပ်ထဲမှလည်း အဖြူရောင်ထောင်တျဲက အဆက်မပြတ် ဝဲလှည့်နေလေသည်။
ဝီ ...
နောက်ဆုံး၌ အဖြူရောင်ထောင်တျဲက သူ့၏ လမ်းကြောင်းကို ရှာတွေ့သွားပုံရလေသည်။၎င်းက လေဟာနယ်ကို ဖွင့်လလိုက်ပြီးအက်ကြောင်းထဲသို့ တိုးဝင်သွားလေသည်။
မြူကောင်းကင်မြို့တော် ဆေးနန်းတော် ...
ပုဖန် ချူချန်းရှန်ကို တွေ့လိုက်ရသောကြောင့် မျက်ခုံးပင့်လိုက်မိသည်။
"ဒီလူအိုကြီးက ဘာလို့ ဒီမှာ ရောက်နေတာလဲ သူက အစားကြူးတောင်ကြားထဲမှာ နေတာမဟုတ်ဘူးလား ဒီမှာ ဘာလာလုပ်တာလဲ..."
ချူချန်းရှန် ပုဖန်ကို တစ်ချက်ကြည့်လိုက်သည်။ထို့နောက် သူ့၏ အကြည့်များက ထမင်းကြော်စားနေသော ရှောင်ယဆီသို့ ရောက်သွားသည်။သူ့၏ အရေးကြောင်းများဖြင့် ပြည့်နေသော မျက်နာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"နောက်ဆုံးတော့ ငါမင်းကို တွေ့ပြီ..."
ချူချန်းရှန်စိတ်ခံစားချက်ပြင်းစွာဖြင့် ပြောလိုက်မိသည်။ပုဖန် မျက်မှောင်ကြုတ်လိုက်၏။
"ဒီ မြေးခွေအိုကြီးလို အပြုံးက ဘာလဲ သူ့ရဲ့ မျက်ဝန်းတွေက ကလေးမလေးကို စိုက်ကြည့်နေတယ် မကောင်းတဲ့ အကြံတွေရှိနေတာလား ဒါမှမဟုတ် စိတ်အခြေအနေပုံမှန်မဟုတ်ဘူးလား .."
ကြောက်မက်ဖွယ်ရာ တိုက်ပွဲအပြီး၌ တိမ်ခိုးစားသောက်ဆိုင်၏ ပတ်ဝန်းကျင်တွင် အပျက်အစီးများဖြင့် ပြည့်နေပေသည်။ထိုအရာများကို ပြန်ပြင်ဖို့ဆိုလျှင် အချိန်တစ်ချို့ကြာအောင် စောင့်ဆိုင်းရပေမည်။သို့သော်လည်း ထိုအချက်က စားသုံးသူများအနေဖြင့် သူတို့၏ စားသောက်ဆိုင်ကို လာဖို့ တားဆီးနိုင်ခြင်းမရှိပေ။
သူ့၏ စီးပွားရေး လုပ်ငန်းက ဆက်လက်လည်ပတ်နေပေသည်။ဆေးနန်းတော်၏ ပြန်လည်ပြင်ဆင်ခြင်းအစီအရင်များနှင့် ဆိုလျှင် ပြင်ဆင်ခြင်းလုပ်ငန်းအတွက် အချိန်တစ်ချို့ သက်သာသွားပေလိမ့်မည်။
ခွေးဘုရင် အလွန် စိတ်အနှောက်အယှက် ဖြစ်နေလေသည်။သူ့တွင် အခွင့်အရေးကြီးကြီးတစ်ခုရပြီဟု ထင်ထားခဲ့မိသည်။သို့သော်လည်း ငတုံးကောင် ဝတုတ်ဝှိုက်တီက ရန်သူကို တစ်ချက်တည်းဖြင့် ပိပြားအောင် ရိုက်သတ်လိုက်ပေသည်။
ရန်သူကို တစ်ချက်တည်းဖြင့် သတ်သည်ဆိုသည်မှာ အဆင်ပြေနေသေးသည်။သို့သော် အနည်းဆုံး ကျန်သည့် ခန္ဓာကိုယ်ကို အကောင်းအတိုင်း ချန်ထားသင့်သည် မဟုတ်ပါလား.သို့သော်လည်း ထိုငတုံးဝတုတ်ကောင်ကဖြင့် ရွှေရောင်ဝံပုလွေကို ပျော့ပြဲသည့် အသားပြားဖြစ်သွားအောင် လုပ်ပစ်လိုက်လေသည်။
သွေးနံ့များက လေထဲတွင် ဝေ့ဝဲနေသည်။လူများစွာက စားသောက်ဆိုင်နားသို့ ကပ်မလာရဲပဲ ဝေးဝေးမှနေသာ ကြည့်နေကြသည်။ခွေးဘုရင်ကလည်း ထိုကဲ့သို့ အဆုံးသတ်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"အိုး မဟုတ်သေးဘူး..."
သူ့၏ မျက်ဝန်းများ ပြူးကျယ်လာသည်။
"နောက်ဆုံးတော့ ဒီလို အဆုံးသတ်သွားတာလား..."
သန့်စင်နယ်မြေရဲ့ ကာကွယ်စောင့်ရှောက်သူက ဒီလိုပုံစံဖြင့် သေသွားခဲ့လေပြီ ။သန့်စင်နယ်မြေတွင် ထိုလူ၏ အဆင့်အတန်းက မနိမ့်ကျပေ။ထိုကဲ့သို့ တည်ရှိမှုမျိုး သေဆုံးသွားသော အခါတွင် သန့်စင်နယ်မြေက ချက်ချင်းပင် သတိပြုမိသွားပေလိမ့်မည်။
ထိုအချိန်၌ သန့်စင်နယ်မြေက ပြဿနာများကို ရှင်းလင်းရန်အတွက် ထိပ်တန်းအင်အားစုကို စေလွှတ်ပေလိမ့်မည်။ထိုသို့ဖြစ်လာလျှင် ဝှိုက်တီနှင့် ခွေးဘုရင်တို့က ရပ်တန့်နိုင်ပါဦးမည်လား..."
တော်ဝင်ခုံရုံး၏ သန့်စင်နယ်မြေဆိုသည်မှာ လော့တန်ချင်းတွေးကြည့်ဖို့တောင် မဖြစ်နိုင်သည့် ခြိမ်းခြောက်နိုင်စွမ်းရှိသော တည်ရှိမှုမျိုးဖြစ်သည်။တိုက်ပွဲက အဆုံးသတ်သွားပြီဆိုသော်လည်း လော့တန်ချင်း စတင်၍ ပူပန်စိုးရိမ်လာမိသည်။
နန်ကုန်းဝူချယ် ကျယ်လောင်စွာရယ်မောလိုက်သည်။ထိုမြေးခွေးစုတ်က သူ့ကို ဖိအားအများအပြားပေးခဲ့သည်။သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် သူ့တွင် ခွေးဘုရင်နှင့် ဝှိုက်တီတို့ ရှိနေခဲ့သည်။
ချူချန်းရှန် အရှေ့သို့ လျှောက်လှမ်းလိုက်ပြီး ရှောင်ယကို ချစ်ခင်ကြင်နာစွာ ကြည့်လိုက်သည်။ရှောင်ယကလည်း ချူချန်းရှန်ကို မှတ်မိသောကြောင့် ကြောက်ရွံ့မှု မရှိပေ။သို့သော်လည်း သူမ၏ မျက်ဝန်းများထဲတွင် စူးစမ်းမှုများပြည့်နှက်နေသည်။
"ဆံပင်ဖြူဖွေးနေတဲ့ အဖိုးကြီးက ဘာလို့ သူ့ကို အရူးလို ပြုံးပြနေတာလဲ..."
ပုဖန် ကလေးမလေး၏ ခေါင်းကို အသာအယာပွတ်သပ်လိုက်သည်။ထိုအဖိုးကြီးက ကလေးမလေးကို လာရှာခြင်းဖြစ်ကြောင်း သူသိပေသည်။ထို့ကြောင့် သူ့ကို စကားပြောဖို့ အခွင့်အရေးပေးရပေမည်။
ရုတ်တရက် ပုဖန် မျက်ခုံးပင့်လိုက်မိသည်။သူ့၏ လက်မောင်းတွင်ရှိနေသော အနက်ရောင်လက်ပတ်က တဖြေးဖြေးပူသထက် ပူလာသည်ကို ခံစားမိလိုက်သည်။
ဒီပြင်းထန်လှသော အပူရှိန် ကြည့်ရသည်မှာ အနက်ရောင်ထောင်တျဲ ဝိညာဉ်က ဂနာမငြိမ်ပုံရလေသည်။
"နေဦး ဂနာမငြိမ်ဘူ ဘာလို့ အဲ့ဒီလို ဖြစ်ရတာလဲ..."
ဝီ...
အနက်ရောင်လက်ပတ်မှ သိပ်သည်းမှောင်မဲလှသော အခိုးအငွေ့များ ပေါ်ထွက်လာပြီး အနက်ရောင်ထောင်တျဲ ပုံရိပ်ပေါ်လာသည်။၎င်းက ပုဖန်အား တစ်စုံတစ်ရာ ပြောချင်သည့် ပုံစံမျိုးဖြင့် ပါးစပ်ဖွင့်ဟလိုက်သည်။
စိုးရိမ်တကြီးလှုပ်ရှားနေသော ပုံစံကိုကြည့်၍ ပုဖန်မျက်မှောင်ကြုတ်သွားသည်။၎င်းက တစ်စုံတစ်ရာ ဖြစ်လာတော့မည့်ပုံပေါ်သည်။