အခန်း ၇၁၇
ထောင်တျဲခြေထောက်ကင်ခွဲတမ်း...
အသားများအတွက် အချိုရည်ကို သုတ်လိမ်းလိုက်ပြီးနောက် အသားအရောင်က ပို၍ တောက်ပသွားသည်။အကြည့်တစ်ချက်ဖြင့်ပင် လူများ၏ စားချင်စိတ်ကို ဆွဲဆောင်နိုင်ပေလိမ့်မည်။တကယ်တမ်းပြောရမည်ဆိုလျှင် ခြေထောက်များကို ယခုပင် စားလို့ရနေပေပြီဖြစ်သည်။အရသာကလည်း ဆိုးလိမ့်မည်မဟုတ်ပေ။သို့သော်လည်း ပုဖန်အတွက်မူ ၎င်းက ပြီးပြည့်စုံသည့် ဟင်းပွဲအဆင့်မရောက်သေးပေ။
ပုဖန်ဒယ်အိုးထဲမှ စွပ်ပြုတ်ရည်များကို လောင်းထည့်ထားလိုက်ပြီး ဒယ်အိုးကို အခြောက်ခံလိုက်သည်။သို့သော် ခြေတစ်လှမ်းနောက်ဆုတ်၍ အလွန်ပူပြင်းသော မီးတောက်ကို မှုတ်ထုတ်လိုက်သည်။
ကောင်းကင်ကမ္ဘာမြေမီးလျှံ၏ အပူချိန်ကြောင့် ဒယ်အိုးက ချက်ချင်းပင် ပူနွေးလာပြီး မီးဖိုခန်းတစ်ခုလုံး၏ အပူချိန်ကလည်း မြင့်တက်လာသည်။ပုဖန်က စနစ်၏ သိုလှောင်နယ်မြေထဲမှ ပဉ္စလက်ပြိုင်ပွဲတွင်အသုံးပြုခဲ့သော သံဆန်ကာကို ထုတ်ယူလိုက်သည်။၎င်းက ယခု ထောင်တျဲခြေထောက်ကင်ရန်အတွက် ကောင်းမွန်သည့် ရွေးချယ်မှုပင်ဖြစ်သည်။
ခြေထောက်များကို ဒယ်အိုးပေါ်တင်လိုက်ပြီးနောက် လက်ကိုဆန့်ထုတ်၍ အချိန်ကို စမ်းကြည့်လိုက်သည်။ထို့နောက် အချိုသုတ်လိမ်းထားပြီးသော ခြေထောက်အသားတုံးများကို ဆန်ကာပေါ်တင်လိုက်၏။
ထောင်တျဲခြေထောက်က သစ်သားတုံးကြီးကဲ့သို့ ကြီးမားလှသောကြောင့် ရှစ်ပိုင်းပိုင်းဖြတ်လိုက်ပြီးသည့်နောက်မှာပင် တစ်ပိုင်းစီက အလွန်ကြီးနေလေသည်။သို့သော်လည်း ပုဖန်က အတွေးတစ်ချက်ဖြင့်ပင် မဟူရာလိပ်ခုံးဒယ်အိုးကို ပြန့်ကားလာအောင်လုပ်ဆောင်နိုင်သောကြောင့် အသားရှစ်ပိုင်းလုံးကို ကင်ရန်အတွက် ပြဿနာမရှိပေ။
သို့သော်လည်း အကင်သံဆန်ကာက လုံလောက်အောင်မကြီးမားပေ။ထိုသံဆန်ကာက ပြိုင်ပွဲတွင် အသားကင်ကင်ရန်သာ အသုံးပြုခဲ့ခြင်းဖြစ်သောကြောင့် ယခုထောင်တျဲ ခြေထောက်များကင်ရန်အတွက် အနည်းငယ်သေးလွန်းနေပေသည်။
ထို့ကြောင့် ပုဖန်က အားလုံးစုမကင်တော့ပဲ တစ်ကြိမ်လျှင် လေးခုဆီသာခွဲ၍ ကင်လိုက်သည်။ပုဖန်အသားများကို ဆန်ကာပေါ်တင်ပြီးသည်နှင့် ကောင်းကင်ကမ္ဘာမြေမီးလျှံ၏ အပူချိန်ကို မြင့်လိုက်သည်။ခြေထောက်အသားအရောင်ကလည်း ချက်ချင်းပင် ပြောင်းလဲလာလေသည်။
အချိုရည်သုတ်လိမ်းထားသော အရေခွံက တဖြေးဖြေးကျွတ်ရွလာသည်။ယခုအခါတွင် အသား၏ ရနံ့ထဲ၌ အချိုရည်၏ မွှေးရနံ့မှ ပေါင်းစပ်ပါဝင်နေပေပြီ။
ပုဖန် နဂါးအရိုးမီးဖိုချောင်သုံးဓားကို ဝှေ့ယမ်းလိုက်ပြီး အသားကင်များကို တစ်ဖက်စီ လှန်လိုက်သည်။ထောင်တျဲခြေထောက်မှ ထွက်လာသောအဆီများက တစ်စက်စက်ကျနေသော်လည်း လွင့်စင်နေခြင်းမရှိပေ။
တစ်ခုစီက ပုလဲလုံးလေးများစီတန်းထားသလို တောက်ပလင်းလက်နေလေ၏။ထို့နောက် ပုဖန် သူ့၏ စ်ိတ်စွမ်းအင်များကို ထုတ်လွင့်လိုက်သည်။လက်တစ်ဖက်ဖြင့် မီးလျှံကို ထိန်းချုပ်လိုက်ပြီး အသားကင်များပေါ် ဖုံးအုပ်စေလိုက်သည်။
ကောင်းမွန်စွာ ထိန်းချုပ်ထားသောအပူချိန်က အသားများထဲသို့ အရသာများပို၍ စိမ့်ဝင်သွားစေပေလိမ့်မည်။မွှေးရနံ့များက တဖြေးဖြေးချင်းမြင့်တက်လာသည်။ရနံ့များကို ရှူရှိုက်နေရသော ပုဖန်ပင်လျှင် ခံတွင်းစို့လာမိ၏။
တကယ်ကို မွှေးတာပဲ...
ထိုမျှကောင်းမွန်သည့် ရနံ့မျိုးကို ပုဖန် ပထမဦးဆုံးအကြိမ် ရှူရှိုက်ဖူးခြင်းဖြစ်သည်။ပုဖန် သူကြိုတင်ပြင်ဆင်ထားသော စိတ်ဝိညာဉ်ဆေးမှုန့်များကို အသားများပေါ်မှ ဖြူးလိုက်သည်။ထိုသို့ ပြုလုပ်လိုက်သည်နှင့် ခြေထောက်သားကင်၏ အရောင်က ပို၍ ဆွဲဆောင်မှုရှိစွာ တောက်ပလာလေသည်။
ပတ်ပတ်လည်တွင် မွှေးရနံ့လှိုင်းများက လွှမ်းခြုံထားပြီး မီးရောင်အောက်တွင် လင်းလက်တောက်ပနေပုံက တကယ်ကို စွဲမက်ဖွယ်ကောင်းစွာ ခမ်းနားလှသည်။
သူ လှပသည့် ကြွေပန်းကန်ပြားကြီးတစ်ချပ်ကိုပြင်ဆင်လိုက်သည်။သူ့၏ ဓားကို ဝှေ့ယမ်းလိုက်သည်နှင့် ကင်ထားပြီးသော ခြေထောက်သားများက ပန်းကန်ထဲသို့ ရောက်သွားသည်။ပန်းကန်ပြားကြီးတစ်ချပ်ကို အသားတုံးနှစ်တုံးသာ ထည့်၍ ဆန့်လေသည်။
ထို့ကြောင့် ပုဖန်က ထိုပန်းကန်ပြားကို အစားအသောက်များတင်သည့် ပြတင်းပေါက်လေးနားသို့ သွားပို့လိုက်သည်။
"နယ်သာရီ စားစရာတွေ လာချလိုက် ..."
ပုဖန်၏ တည်ငြိမ်လှသော အသံထွက်ပေါ်လာသည်။နယ်သာရီက ထိုင်ခုံတွင်သေချာစွာထိုင်နေပြီး နှာခေါင်းကလေးကို မြောက်၍ အသားကင်များ၏ ရနံ့ကို တရှုံ့ရှုံ့အနံ့ခံနေလေသည်။
ပုဖန်၏ အသံကို ကြားလိုက်သည်နှင့်သူမ၏ မျက်ဝန်းလေးများက တောက်သွားသည်။သလင်းကျောက်ကဲ့သို့လှပလှသော ခြေထောက်များက ချက်ချင်းပင်ဆန့်ထွက်လာကာ ဆံပင်ပင်ဝဲခါသွားအောင်ခုန်လိုက်သည်။ထို့နောက် အနည်းငယ်မျှပင် တုံ့ဆိုင်းမှုမရှိပဲ ပြတင်းပေါက်နားသို့ ရွှတ်ခနဲ ရောက်လာလေသည်။
"ဒီထောင်တျဲ ခြေထောက်နှစ်ခုကို အပြင်ကို သယ်ထုတ်သွား .."
ပုဖန်က စိတ်လှုပ်တရှားဖြစ်နေသော နယ်သာရီကို တည်ငြိမ်စွာတစ်ချက်ကြည့်လိုက်ပြီးပြောလိုက်သည်။နယ်သာရီ ခေါင်းတစ်ချက်ညိတ်လိုက်ပြီး ပန်းကန်ပြားများကို လှမ်းယူလိုက်သည်။အနားသို့ ကပ်လိုက်သည်နှင့် ပြင်းထန်သော မွှေးရနံ့များက သူမ၏ မျက်နာကို လာရောက်ရိုက်ခတ်လာလေသည်။
"အိုး... အနံ့လေးက သိပ်သိပ်မွှေးတာပဲ..."
ထောင်တျဲအသား၏ မွှေးရနံ့ထဲတွင် အမျိုးမျိုးသော စိတ်ဝိညာဉ် စွမ်းအင်များနှင့် အနှစ်သာရများ သိပ်သည်းစွာပါဝင်နေသည်။နယ်သာရီ၏ မျက်ဝန်းများက အသားကင်ပေါ်တွင်သာ ကော်နှင့်ကပ်ထားသလို စွဲမြဲနေသည်။သူမလျှာထုတ်၍ နှုတ်ခမ်းပါးများကို သပ်လိုက်သည်။ ထိုခဏအတွင်းမှာပင် ခေါင်းအသာငုံ့၍ အသားပိုင်းတစ်ပိုင်းကို ဆတ်ခနဲ ကိုက်ယူလိုက်သည်။
ထိုအခိုက်အတန့်လေးမှာပင် သူမ၏ အာရုံများ ဝေဝါးသွားသလိုပင်ခံစားလိုက်ရသည်။သူမ အသားကင်ပန်းကန်းကို စားပွဲပေါ်သို့ ယူသွားလိုက်သည်။အားလုံး၏ အကြည့်များကလည်း ခြေထောက်ကင်ပေါ်တွင်သာ ကျရောက်နေပြီး အသက်တစ်ချက်ရှိုက်လိုက်ကြသည်။
ခြေထောက်ကင်များက အနုပညာလက်ရာတစ်ခုကဲ့သို့ပင် အလွန်လက်ရာ မြောက်လှပြီး ခမ်းနားလှသည်။မွှေးရနံ့များနှင့် စွမ်းအားများက အတူတကွ မြင့်တက်နေသည်။သူတို့ ထိုခြေထောက်ကင်ကို တွေ့လိုက်သောအခါ၌ နတ်ဘုရားတစ်ပါးကဲ့သို့ လှပလှသော ထောင်တျဲက နေဝင်ချိန်ဆီသို့ ကဆုန်ပေါက်ပြေးလာသလိုမျိုး မြင်ယောင်လိုက်မိသည်။သူတို့၏ နှလုံးခုန်သံများပင်မြန်ဆန်လာသည်။
နယ်သာရီက မျက်တောင်တစ်ချက်မခတ်ပဲ လက်နှစ်ဖက်ဖြင့် အသားပိုင်းတစ်ပိုင်းကို ကောက်ယူလိုက်သည်။
ဂျွတ်...
သူမ အလုတ်ကြီးကြီး ကိုက်လိုက်သည်နှင့် မွှေးပျံ့နူးညံ့လှသော အသားပိုင်းလေးကို စိတ်ကျေနပ်ဖွယ်ရာ ခံစားလိုက်မိသည်။ပန်းရောင်နှင့် အဖြူရောင်ရောစပ်နေသော အသားပိုင်းမှ အပူငွေ့များထုတ်လွင့်လာသည်။နယ်သာရီ ပါးစပ်အသာဟ၍ တဟူးဟူးမှုတ်လိုက်သည်။
"အရမ်းကောင်းတယ် ..."
နယ်သာရီ၏ မျက်ဝန်းများက ပို၍ တောက်ပလာသည်။သူ အဆက်မပြတ် ဝါးလိုက်ပြီး မျိုချလိုက်သည်။သူမခြေထောက်ကင်ပိုင်းကို မြှောက်လိုက်ပြီး နောက်ထပ်တစ်ကိုက်ကိုက်လိုက်သည်။
ရှလွတ် ရှလွတ်...
သူမ၏ နှုတ်ခမ်းပါးလေးများက စိုအိနေပြီး နှလုံးသားထဲ၌လည်း ပျော်ရွှင်မှုများပြည့်နှက်နေသည်။
"ဒီထောင်တျဲခြေထောက်ကင်က အရမ်းအရသာရှိတာပဲ နဂါးသွေးထမင်းကြော်နဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ တခြားစီပဲ ..."
နယ်သာရီ တွေးရင်းဖြင့် အဆက်မပြတ် စားနေသည်။သူသာ ခြေထောက်ကင်တစ်ခုလုံးကို အမြန်ကုန်ဆုံးချင်ပုံရနေလေသည်။နယ်သာရီ စားနေပုံကိုကြည့်၍ တခြားသူများ တောင့်မခံန်ိုင်တော့ပေ။
နန်ကုန်းဝူချယ် ၊ချူချန်းရှန် ၊ ယန်မိန်ကျီ ၊ အန်းရှန့် နှင့် ရှောင်ယတို့က နောက်ဆုံးတစ်ပိုင်းကျန်နေပြီးသောပန်းကန်ဘေးပတ်လည်တွင် ရပ်လိုက်သည်။သူတို့ တစ်ယောက်ကိုတစ်ယောက် အကြည့်စူးစူးများ ပစ်လွှတ်လိုက်၏။ရှောင်ယ၏ နှုတ်ခမ်းမှ သရေများ တများများကျနေသည်။သူမ၏ လက်ကလေးကိုဆန့်ထုတ်၍ အသားကင်ကိုယူရန် အသားကင်ဆီသို့လှမ်းလိုက်သည်။သို့သော်လည်း ချူချန်းရှန်က သူမကို တားလိုက်၏။
"နင့်ရဲ့ခန္ဓာကိုယ်ထဲက ထောင်တျဲဝိညာဉ်ကို ပြန်ဖယ်လိုက်တာမှ မကြာသေးဘူး အဲ့ဒီတော့ ဒီလောက်မြန်မြန်ကြီး ထောင်တျဲအသားကို စားလို့မရသေးဘူး...ဒီအကြီးအကဲက နင့်ကိုကူညီပြီးတော့ အရသာမြည်းပေးမယ် ..."
ချူချန်းရှန်က အလွန်ပင်တည်ငြိမ်လှသော မျက်နာထားဖြင့်ပြောလိုက်သည်။ကြောင်အမှင်သက်သွားသည်။
"စားလို့မရဘူးလား ဘာလို့လဲ..."
"ဟမ်း မြေခွေးအိုကြီး ဘာကို အရသာကူမြည်းပေးမှာလဲ...ကျုပ်တို့ရဲ့ ပတ်သတ်မှုအရဆိုရင် ဒီအရသာမြည်းပေးတဲ့သူက ကျုပ်ပဲဖြစ်သင့်တယ်...ခင်ဗျားက နောက်ထပ်ခြေထောက်ကင်ကို ထပ်စောင့်လိုက်..."
နန်ကုန်းဝူချယ်က ခပ်ပြုံးပြုံးဖြင့်ပြောလိုက်သည်။ထို့နောက် ခြေထောက်ကင်ကို သူ့၏ မျက်နာနားသို့ယူ၍ အနံ့ရှုရှိုက်လိုက်သည်။ယန်မိန်ကျီနှင့် အန်းရှန့်တို့နှစ်ယောက်သား မျက်လုံးလှန်လိုက်မိသည်။
ထောင်တျဲ ခြေထောက်ကင်က တကယ်ကို ဆွဲဆောင်နိုင်စွမ်းရှိလှသည်။သူ့၏ အရသာကလည်း အရသာခံအာရုံကို လွှမမိုးနိုင်ပေလိမ့်မည်။ချူချန်းရှန်ကလည်း ကျယ်လောင်သောအသံဖြင့် ထပ်မံတားဆီးလိုက်သည်။
"ကောင်လေး ငါက အစားကြူးတောင်ကြားရဲ့ အကြီးအကဲ ပြီးတော့ စိတ်ဝိညာဉ် လှေကား အဆင့် ၈ ပညာရှင်တစ်ယောက်...မင်းတို့ကို ငါက ဘာလို့လှည့်စားရမှာလဲ...အဖြူရောင်ထောင်တျဲက အသက်ရှိနေစဉ်က အလွန်ကြမ်းတမ်းရက်စက်တဲ့ သတ္တဝါပဲ ဒါကြောင့်မလို့ သူ့ရဲ့အသားကို ဒီလိုအဆင်အခြင်မဲ့ မစားလိုက်သင့်ဘူး ငါက မင်းတို့ကို အနိုင်ကျင့်တယ်လို့မပြောနဲ့ ဒီအသားကို ငါအရင်မြည်းကြည့်မယ်..."
သူ့အတွက် ထိုသို့ စားကောင်းသောက်ဖွယ်မျိုးကို မြည်းစမ်းရသည်မှာ ရှားပါးလှသည်။ချူချန်းရှန်က အလွယ်တကူ သူများလက်ထဲ ပေးလိမ့်မည်မဟုတ်ပေ။အစားကြူးတောင်ကြား၏ အကြီးအကဲတစ်ယောက်အနေဖြင့် သူ့၏ ရှေ့မှ စားကောင်းသောက်ဖွယ်ကို သူများလက်ထဲ အပါခံလိုက်မည်ဆိုပါက သူအကြီးအကျယ် မျက်နာပျက်ပေလိမ့်မည်။
ချူချန်းရှန် သူ့၏ အော်ရာများကို သုံးပြီး တခြားသူများကို ဖိနှိပ်ရန် ကြံလိုက်သည့်အချိန်၌ အရိပ်တစ်ခု တိုးဝင်လာခဲ့သည်။ခွေးဘုရင်၏ မျက်ဝန်းများက ပျော်ရွှင်မှုများ ထင်ဟပ်နေသည်။သူက ချူချန်းရှန်၏ အော်ရာများ သို့မဟုတ် တခြားသူများ၏ အံ့သြသင့်နေသော အကြည့်များကို ဂရုမစိုက်ပေ။
သတိစကားပေးခြင်းပင်မရှိပဲ ခြေထောက်ကင်ကို လှမ်းယူလိုက်ပြီး ချက်ချင်းပင် တစ်ကိုက်ကိုက်လိုက်သည်။အရသာပြည့်နှက်နေသာ အသားကို လျှာဖြင့်လိပ်၍ ပါးစပ်ထဲ ဆွဲသွင်းလိုက်သည်။သူ့၏ အမွှေးများပင် ထောင်ထလုနီးပါးဖြစ်သွားလေသည်။
"အရမ်းကောင်းတယ် ဘယ်လိုပဲဖြစ်ဖြစ် ဒါက ကြီးမြတ်တဲ့ တန်ခိုးအဆင့်ရှိတဲ့ သားရဲရဲ့ အသားပဲဆိုတော့ ငါတော့ထောင်တျဲနံရိုးချိုချဉ်ကြော်ကို စားရဖို့စောင့်နေပြီ..."
တစ်ကိုက်ကိုက်ပြီးသည်နှင့် ခွေးဘုရင်၏ မြင်ကွင်းများပင် မှုန်ဝါးသွားသလို ခံစားလိုက်မိသည်။သူ့၏ မျက်နာပြင်ပေါ်မှ အဆီပြင်များ တုန်ခါနေအောင်ပင် တကျွမ်းကျွမ်းဝါးလိုက်ပြီး မျိုချလိုက်သည်။ချူချန်းရှန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ မဲ့ကျသွားလေသည်။အခြားသူများက သူ့၏ မျက်နာထားကိုကြည့်ပြီး လောင်ရယ်ကျလေသည်။
"မဟာအကြီးအကဲ ခင်ဗျားက ခွေးဘုရင်ကိုတော့ မဖိနှ်ိပ်နိုင်တော့ဘူးလား..."
နန်ကုန်းဝူချယ်ထိုင်ခုံပေါ်ပြန်ထိုင်လိုက်သည်။သူအားပါးတရရယ်ချင်မှုကို ဖိနှိပ်ထားရသောကြောင့် နှာခေါင်းများပင်ပွနေလေသည်။ယန်မိန်ကျီနှင့် တခြားသူများကလည်း တခစ်ခစ်ဖြင့် ကြိတ်ရယ်နေကြသည်။ပထမတစ်ပန်းကန်ကုန်သွားသည့်အချိန်၌ပင် ပုဖန်က ဒုတိယမြောက်ပန်းကန်ကို ပြင်ဆင်ပြီးသွားလေပြီ။
"နယ်သာရီ စားစရာလာချ ..."
ပုဖန်အော်ခေါ်လိုက်သည်။သို့သော်လည်း ဒီတစ်ကြိမ်တွင်တော့ နယ်သာရီက သူ့အသံကို မကြားတော့ပေ။သူမ၏ အာရုံက စားသောက်ခြင်းတွေသာ နစ်မြှုပ်နေလေသည်။သူမ၏ ပါးစပ်တွင်လည်း အဆီပြင်လိုက် ကွက်နေပေပြီ။
ပူစပ်စပ်ငရုတ်ရည်က ထောင်တျဲ ခြေထောက်ကင်ကို အရသာရှိသွားအောင် ပြုလုပ်လိုက်သည်။၎င်း၏ အရသာကို မခုခံန်ိုင်ဖြစ်ရလေသည်။
"ကလေးမလေး နင်သွားယူလိုက်..."
နယ်သာရီက ပလုတ်ပလောင်းဖြင့် ရှောင်ယကို လှမ်းပြောလိုက်သည်။ရှောင်ယ၏ မျက်ဝန်းလေးများ တောက်ပသွားသည်။သူမ၏ ခုံမှ မြန်မြန်ထ၍ ပြတင်းပေါက်နားသို့ ပြေးသွားကာ ပုဖန်ဆီမှ ပန်းကန်ကို ယူလိုက်သည်။
သူမက နယ်သာရီကို အတုခိုး၍ အသားတုံးတစ်တုံးကိုကိုက်လိုက်သည်။သို့သော်လည်း ခြေထောက်ကင်တစ်ခုက သူမ၏ ခေါင်းထက်ပင်ကြီးနေသောကြောင့် လမ်းလျှောက်ရသည်မှာယိမ်းယိုင်နေပေသည်။
"ကလေးမလေးရေ ပြိုင်စံရှားချောမောလွန်းတဲ့ အကိုကြီးကမင်းကို ကူညီပါရစေ ..."
နန်ကုန်းဝူချယ်က ရှောင်ယလက်ထဲမှ ပန်းကန်လျှောကျလာသည်ကို မြင်လိုက်သည်နှင့်ခုံမှ ချက်ချင်းထ၍ ဖမ်းယူလိုက်သည်။သူထိုစကားတစ်ခွန်းက်ိုပြောပြီးသည်နှင့် သူ့၏ သွားများက ခြေထောက်သားကင်ပူပူထဲသို့ နစ်မြှုပ်သွားလေသည် ။
ချူချန်းရှန် သွေးအန်လုနီးပါးဖြစ်သွားသည်။ထိုမျှအရှက်မဲ့သော သူမျိုးကို ပထမဦးဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။နောက်ထပ်ခြေထောက်ကင်ထပ်ရောက်လာလျှင် သူအပိုင်သာဖြစ်ရပေမည်။
ခွေးဘုရင်က တစ်ခုယူပြီးပြီဖြစ်သောကြောင့် တခြားသူများကို သူ့၏ အော်ရာဖြင့် ခြိမ်းခြောက်နိုင်ပေသည်။ချူချန်းရှန်၏ ဒေါသများက မြင့်တက်လာနေပေပြီ။နောက်ထပ်တစ်ပန်းကန် အဆင်သင့်ဖြစ်သောအခါတွင် ယန်မိန်ကျီနှင့် အန်းရှန့်တို့ကလည်း ရှေ့မှသူများဆီမှ သင်ယူကာ အလျင်အမြန်ပင် ယူဆောင်လိုက်ကြသည်။
ချူချန်းရှန်ဒေါသထွက်လွန်းသောကြောင့် မုတ်ဆိတ်မွှေးများပင် လွင့်ပျံမတက်ဖြစ်နေ၏။နောက်ဆုံး၌ နောက်ဆုံးကျန်သည့် ပန်းကန်သာရရှိလေသည်။ချူချန်းရှန် သူ့၏ သင်ခန်းစာများမှ ကောင်းကောင်းသင်ယူလိုက်ပြီး ပုဖန်မခေါ်ခင်မှာပင် ပြတင်းပေါက်နားသို့ သွား၍ စောင့်နေပေမည်။
သို့သော်လည်း သူ့၏ ကြိုးစားမှုက အချည်းအနှီးဖြစ်သွားသည်။နောက်ဆုံးပန်းကန်ကိုသယ်၍ ထွက်လာသော ပုဖန်က ပြတင်းပေါက်တွင်စောင့်နေသော ချူချန်းရှန်ကြောင့် ပြောစရာစကားပင်မဲ့သွားလေသည်။
"လာ လာ...ဒါက နောက်ဆုံးပန်းကန်ပဲ ..."
ပုဖန်ပြောလိုက်သည်။ချူချန်းရှန်ပျော်ရွှင်စွာဖြင့် တွေးလိုက်၏။နောက်ဆုံးပန်းကန် ခြေထောက်ကင်က နှစ်ချောင်း လူကလည်း နှစ်ယောက် ဟား ဟား အဆင်သင့်ပဲ...
ချူချန်းရှန် ခြေထောက်ကင်ကို ပျော်ရွှင်စွာဖြင့် ကြည့်လိုက်သည်။သူ အရသာကို အလွန်အမင်း မျှော်လင့်နေပေပြီ သို့သော်လည်း နောက်ခဏအတွင်းမှာပင် ကြောင်မှင်သက်သွားလေ၏။
ပုဖန်က သူကိုင်ထားသော ပန်းကန်ထဲမှ ခြေထောက်ကင်ကိုယူ၍ အလုတ်ကြီးကြီး ကိုက်လိုက်သည်။
"အိုးစားဖိုမှူးကလည်း စားဖို့လိုသေးတယ်လား...ဒါဆိုရင်တစ်ခုပဲ ကျန်တော့တာပေါ့..."
ချူချန်းရှန် ဆိုးရွားစွာ သွေးချောင်းဆိုးနေသော လော့တန်ချင်းကိုကြည့်လိုက်သည်။သူ့၏ မျက်ဝန်းများထဲ၌ မျှော်လင့်ချက်များပြည့်နေလေသည်။
"ခြေထောက်ကင်လေးတစ်ခုစားဖို့အရေးကို ဘာလို့ အဲ့ဒီလောက်တောင်ခက်ခဲနေရတာလဲ..."
ပုဖန် ပန်းကန်ကို စားပွဲပေါ်တင်လိုက်ပြီးနောက် ချူချန်းရှန်နှင့် လော့တန်ချင်းကို ကြည့်လိုက်သည်။သူ့၏ ပါးစပ်တွင်လည်း ဆီကွက်နေကာ မျက်နာပေါ်တွင်လည်း ယစ်မူးစွဲလမ်းနေသည့် အမူအရာ အထင်းသားပေါ်လွင်နေသည်။
ထို့နောက် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ထုတ်ယူ၍ ကျန်ရှိနေသော ခြေထောက်ကင်က်ို နှစ်ပိုင်းပိုင်းလိုက်သည်။
"ဘာမှ စိတ်မကောင်းဖြစ်စရာမလိုတော့ဘူး ဒီမှာ လာယူ..."