အပိုင်း ၇၂၄
Viewers 53k

အခန်း ၇၂၄

ပထမဆုံးစားဖိုမှူးစိန်ခေါ်ပွဲ...


ပုဖန်၏ မျက်ဝန်းများက ပြောင်းလဲမှုမရှိပေ။အစစ်အမှန် စွမ်းအားများကို ထုတ်ဖော်ထားသောသူက ထက်မြေ့လှသော ဓားတစ်စင်းကဲ့သို့ဖြစ်နေလေသည်။သူအားလုံးကို ဝေ့ဝဲကြည့်လိုက်သည်။အေးစက်ပြီးကြမ်းတမ်းလှသော သူအသံက အဆုံးအစမဲ့သော ယုံကြည်မှုများဖြင့် ပြည့်နှက်နေလေသည်။


ပုဖန်၏ မော်ကြွားသော ပုံစံက ဘေး၌ရှိသူများ၏ မျက်ဝန်းများကို မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွားစေသည်။


"ဒီကောင်လေးက သူတစ်ယောက်တည်းနဲ့ စားဖိုမှူး ၁၀ယောက်ကို စိန်ခေါ်ရဲတယ်လား အရမ်းရူးသွပ်လွန်းတယ်...."


ပုဖန်က သူ့၏ အပြုအမူကို ရူးသွပ်သည်ဟု မထင်ပေ။ဆန်းကြယ်သော ကမ္ဘာထဲတွင် အစားအသောက်ကွင်းဆက်များ၏ ထိပ်ဆုံး၌ရပ်တည်၍ အချက်အပြုတ်နတ်ဘုရားတစ်ပါးဖြစ်လာချင်သည်ဆိုပါက ရဲရင့်ပြီး ယုံကြည်မှုရှိရပေမည်။ထိုသို့မဟုတ်လျှင် သူကျဆုံးသွားရပေမည်။


ပုဖန်၏ မောက်မာလှသော စကားကြောင့် အစားကြူတောင်ကြားရှိသူများအားလုံး ဒေါသထွက်သွားကြသည်။သို့သော်လည်း မည်သူမှ ရှေ့သို့ ခြေတစ်လှမ်းမလှမ်းကြပေ။


တစ်စုံတစ်ယောက်က ရှေ့သို့ တိုးလိုက်ပါက ပုဖန်၏ စိန်ခေါ်မှုကို လက်ခံလိုက်သည့်သဘော သက်ရောက်သွားပေလ်ိမ့်မည်။အစားကြူးတောင်ကြားမှ စားဖိုမှူးများအနေဖြင့် စားဖိုမှူးစိန်ခေါ်ပွဲနှင့် မရင်းနီးသူမရှိပေ။


၎င်းက စားဖိုမှူးများ၏ အနာဂတ်ကို လောင်ကြေးထပ်ရသည့် ပြိုင်ပွဲ ဖြစ်သည်။ထို့ကြောင့် သူတို့ မစဉ်းစားမဆင်ခြင်ပဲ အလွယ်တကူ မဆုံးဖြတ်ရဲပေ။


မှန်ပေသည်။တခြားသူများကို အထင်သေးနေသော စားဖိုမှူးတစ်ယောက်လည်းရှိနေပေသည်။သို့သော်လည်း သူကလည်း စတင်မလှုပ်ရှားချင်ပေပေ။ရန်ယု၏ မျက်ဝန်းများက ကျဉ်းမြောင်းနေပြီး သူ့၏ နှုတ်ခမ်းထက်တွင် လှောင်ပြုံးတစ်ခုကို ချိတ်ဆွဲထားလေသည်။


သူက အထူးအဆင့် စားဖိုမှူးတစ်ယောက်ဖြစ်သည်။သူ့၏ အချက်အပြုတ်စွမ်းရည်ကို အပြည့်အဝယုံကြည်မှုရှိပေသည်။ပထမ အဆင့်ဖြစ်သော သူ့၏ အချက်အပြုတ်စွမ်းရည်က ထိုစားဖိုမှူးယှဉ်နိုင်သည့်အရာမျိုးမဟုတ်ပေ။


ထို့ကြောင့် ပုဖန်နှင့် စားဖိုမှူးစိန်ခေါ်ပွဲပြုလုပ်ရမည်ကိုပင် အထင်အမြင်သေးနေမိသည်။မဟာအကြီးအကဲ၏ တောင်းဆိုမှုကြောင့်သာမဟုတ်လျှင် ဒီစားဖိုမှူးစိန်ခေါ်ပွဲ၌ သူပါဝင်လာလိမ့်မည်မဟုတ်ပေ။


ဒုတိယလျိုကျားလီကလည်း ထက်မြက်လှသော အရည်အချင်းရှိသူဖြစ်သည်။သူမက စားဖိုမှူး၁၀ယောက်ထဲတွင် တစ်ဦးတည်းသော အမျိုးသမီးဖြစ်၏။သူမက တခြားစားဖိုမှူးများစွာထက်လည်း ပိုသန်မာသည်။သူမသည် အလွန်လှပလှသောဟအမျိုးသမီးတစ်ယောက်မဟုတ်သော်လည်း ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသည့် အလှတရားရှိလေသည်။


သူမက မည်သည့်စကားတစ်ခွန်းမှ ဝင်မပြောသော်လည်း နှုတ်ခမ်းပါးများက်ို တင်းတင်းစေ့၍ ပုဖန်ကို အကဲခတ်နေလေသည်။ထိုကဲ့သို့ မာနကြီး ထောင်လွှားသော သူမျိုးနှင့် ပထမဦးဆုံးကြုံဖူးခြင်းဖြစ်သည်။ထို့ကြောင့် သူမ အလွန်ပင် စူးစမ်းချင်နေမ်ိသည်။ပုဖန် စကားဆိုလိုက်ပြီးနောက် အချိန်အကြာကြီး တိတ်ဆိတ်သွားခဲ့သည်။အားလုံးက မကျေမနပ်ဖြစ်နေကြသော်လည်း မည်သူမှ သူ့ကို အာရုံမစိုက်ချင်ကြပေ။


ချွီရန်ချန်းဖုန်က အနည်းငယ်စိတ်ပျက်လက်ပျက်ဖြစ်စွာဖြင့် ကြည့်လိုက်သည်။ပုဖန် မည်သည့်အတွက်ကြောင့် စားဖိုမှူးစိန်ခေါ်ပွဲ ပြုလုပ်ချင်ရသည်ကို သူမသိပေ။ထိုစားဖိုမှူးလေး၏ အချက်အပြုတ်စွမ်းရည်က မဆိုးလှသလို အစားအကြူးနတ်ဘုရားစားသောက်ပွဲတွင်လည်း ကျော်ကြားသော စားဖိုမှူးကိုပင် အန်ိုင်ယူလုနီးပါးဖြစ်ခဲ့သည်။


သို့သော်လည်း ထိုပြိုင်ပွဲ၌ ဝမ်ရမ်ရှန်က အကောင်းဆုံး လုပ်ဆောင်ခဲ့ခြင်းမဟုတ်သေးပေ။ပုဖန် မျက်မှောင်ကြုတ်၍ တွေးလိုက်မိသည်။


"ဒီလူတွေ ဘယ်သူမှ မပြိုင်ချင်ကြဘူးလာ..."


"ပြိုင်မယ် မင်းတို့ ဘယ်သူမှ မပြိုင်ချင်ကြဘူးဆိုရင် ငါ့ကို အရင်သွားခွင့်ပေး ဒီလူကို ငါ လက်စားချေမယ် ...ဒီရိုင်းစိုင်းတဲ့အရူးကောင်ကို အပြတ်ရှင်းပစ်မယ်..."


ထိပ်တန်း စားဖိုမှူး ၁၀ယောက် တွန့်ဆုတ်နေကြသည့် အချိန်၌ ရူးသွပ်လှသော အသံတစ်သံ ထွက်ပေါ်လာသည်။အားလုံး အံ့အားတသင့်ဖြင့် လှည့်ကြည့်လိုက်သောအခါတွင် အရူးလိုမျက်နာထားဖြင့် ဝမ်ရန်ချုံကို တွေ့လိုက်ရသည်။


ဖရိုဖရဲဖြစ်နေသော ဝမ်ရမ်ချုံက မြွေတစ်ကောင်ကဲ့သို့ အဆိပ်ပြင်းလှသော အပြုံးမျိုးဖြင့် လူအုပ်ထဲမှ တစ်လှမ်းချင်းတစ်လှမ်းလျှောက်ထွက်လာခဲ့သည်။ပုဖန်၏ ပထမဦးဆုံး စားဖိုမှူးစိန်ခေါ်ပွဲက ဝမ်ရမ်ချုံနှင့်ပင်ဖြစ်သည်။ဝမ်ရမ်ချုံကို အနိုင်ယူခဲ့ပြီးသူ့၏ မီးဖိုချောင်သုံးဓားနှင့် အချက်အပြုတ်အရည်အချင်းများကိုပါ ခွာချပစ်ခဲ့သည်။ချူချန်းရှန်က အစားသရဲလမ်းမသို့ ဝင်ရောက်ရန် အကူအညီပေးခဲ့ပြီး သူစော်ကားခံရမှုများကို အမှတ်ရနေစေခဲ့သည်။သူ့၏ အချက်အပြုတ်စွမ်းရည်များက တစ်နည်းတစ်ဖုံ တ်ိုးတက်လာခဲ့ရသည်။


ယနေ့၌ အခြားသောစားဖိုမှူး ၁၀ယောက်နှင့်အတူ အစားသရဲလမ်းမထက်မှာ ပြန်လည်ထွက်လာနိုင်ခဲ့သည်။ယခု သူ့၏ အချက်အပြုတ်စွမ်းရည်က မည်သည့် အဆင့်ရှိသည်ကို မည်သူမှ မသိသေးပေ။ချူချန်းရှန်ပင် မသိပေ။အစားသရဲလမ်းမမှ ထွက်လာပြီး မကြာခင်မှာပင် ပုဖန်ကို မြင်လိုက်ရခြင်းကြောင့် သူမည်မျှ စိတ်လှုပ်ရှားနေမည်ကို နားလည်နိုင်ပေသည်။


အရိုးစုပေါင်းများစွာ မြှုပ်နှံထားခဲ့သည့် နေရာတစ်ခု ဖြစ်နေသော အစားသရဲလမ်းမမှ လွတ်မြောက်လာပြီးသည့်နောက် ဝမ်ရမ်ချုံက ပြင်းထန်သော အမျက်ဒေါသဖြင့် လက်စားချေလိုနေခဲ့သည်။


တခြားသူများက ဝမ်ရမ်ချုံ ပထမဦးဆုံး ထွက်လာမည်ဟု မထင်ထားမိခဲ့ပေ။သို့သော်လည်း မောက်မာလှသော ကောင်လေး၏ အရည်အချင်းကို စမ်းသပ်ခိုင်းလိုက်သည်မှာ ကောင်းသည်ဟု တွေးထင်မိကြသည်။


ဝမ်ရမ်ချုံက အစားသရဲလမ်းမမှ ပြန်လည် ထွက်ခွာန်ိုင်သောကြောင့် သူ့၏ အရည်အချင်းက ပထမအဆင့်သို့ ရောက်နေပေလိမ့်မည်။ထိပ်ဆုံး၁၀ယောက်ထဲ ဝင်ဖို့ အရည်အချင်းမပြည့်မီလျှင်တောင်မှ ယှဉ်ပြိုင်ရန်အတွက်တော့ လုံလောက်နေပေလိမ့်မည်။ပုဖန်၏ တည်ငြိမ်လှသော အကြည့်များက ဝမ်ရမ်ချုံဆီသို့ ကျရောက်သွားသည်။ဝမ်ရမ်ချုံ၏ ဒေါသများ အမုန်းများပြည့်နေသော မျက်ဝန်းများကြောင့် သူမျက်မှောင်ကြုတ်လိုက်မိသည်။


"အစားကြုးဘုတ်ပြားပေါ်မှာ မင်းက နံပါတ် ဘယ်လောက်ခ်ျိတ်တာလဲ ..."


ပုဖန်က စူးစမ်းသော မျက်နာထားဖြင့် မေးလိုက်သည်။အားလုံး ကြောင်အသွားသည်။ဝမ်ရမ်ချုံလည်း အံ့အားသင့်သွား၏


"ပိုင်ရှင်ပု မင်းက ငါ့ကို မေ့သွားပေမယ့် ငါက မင်းကို မမေ့ဘူး...ငါက အစားကြူးဘုတ်ပြားပေါ်က မဟုတ်တာတောင်မှပဲ ဒီတစ်ကြိမ်မှာ ငါ့ရဲ့ အရည်အချင်းနဲ့ မင်းကို အနိုင်ယူခွင့်ပေးမှာမဟုတ်ဘူး..."


ဝမ်ရမ်ချုံ အလွန်စိတ်လှုပ်ရှားနေသည်။သူက ပုဖန်ကို ရူးသွပ်စွာ စူးစိုက်ကြည့်နေရင်းနှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်သည်။


"သူတို့က မင်းနဲ့ မယှဉ်ပြိုင်ချင်ဘူး ဒါပေမယ့် ငါပြိုင်မယ်..."


"အာ ...မင်းက ထိပ်သီး ၁၀ယောက်ထဲက တစ်ယောက်မဟုတ်ဘူးပေါ့ .."


ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများတွန့်ကွေးသွားပြီး ခေါင်းအသာ ခါယမ်းလိုက်သည်။


"မင်းက ၁၀ယောက်ထဲက တစ်ယောက်မဟုတ်မှတော့ ငါမင်းကို စိန်မခေါ်ချင်ဘူး မင်းက အရည်အချင်းမမှီဘူး..."


ဝမ်ရမ်ချုံ၏ မျက်နာက အံ့အားသင့်စွာ အေးခဲသွားလေသည်။ထို့နောက် သူ ရူးသွပ်စွာဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။


"မင်းမှာ ငါ့ကို အထင်သေးဖို့အတွက် ဘာအခွင့်အရေးရှိလို့လဲ မင်းကို အနိုင်ယူနိုင်ဖို့အတွက် ငါ ဘယ်လို အရာတွေကို သည်းခံခဲ့ရတယ် တောင့်ခံခဲ့ရတယ်ဆိုတာကို မင်းသိလား..."


"ဘာလို့လဲဆိုတော့ မင်းက ထ်ိပ်သီး၁၀ယောက်ထဲက တစ်ယောက်မဟုတ်လို့ပဲ ..."


ပုဖန်က တည်ငြိမ်စွာဖြင့် ထပ်ပြောလိုက်သည်။ဝမ်ရမ်ချုံ ပုဖန်စကားကြောင့် ရူးသွပ်လုမတက်ဖြစ်သွားသည်။သူက အစားကြူးနတ်ဘုရားစားသောက်ပွဲကို လွတ်သွားခဲ့သောကြောင့် ထိပ်သီး ၁၀ယောက်ထဲ ပါနိုင်ရန်အတွက် အချိန်အတော်ကြာ စောင့်နေရပေဦးမည်။


ရှင်းလင်းစွာပင် ဝမ်ရမ်ချုံက ထိုကဲ့သို့ မလုပ်ချင်ပေ။တခြားစားဖိုမှူးများအားလုံးလည်း မထိန်းနိုင်စွာဖြင့် မျက်မှောင်ကြုတ်လိုက်ကြသည်။ချွီရန်ချန်းဖုန်၏ မျက်ဝန်းများက နက်မှောင်သွားသည်။ကြည့်ရသည်မှာ ပုဖန်က စားဖ်ိုမှူးစိန်ခေါ်ပွဲ ဆင်နွှဲရန်အတွက် စိတ်ပိုင်းဖြတ်ပြီးပုံပေါ်လေသည်။ထိုသို့ဆိုလျှင်ချွီရန်ချန်းဖုန် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ပုဖန်ကိုကြည့်ကာ အလေးအနက်ပြောလိုက်သည်။


"စားဖိုမှူး စ်ိန်ခေါ်ပွဲ ပြုလုပ်ဖို့ မဖြစ်နိုင်တာတော့မဟုတ်ဘူး ဒါပေမယ့် မင်းမှာ ငါတို့ကို စ်ိန်ခေါ်ဖို့အတွက် ဘယ်လိုအရည်အချင်းတွေရှိလဲဆိုတာတော့ အရင်ပြရမယ်...ဒါကြောင့် ဝမ်ရမ်ချုံနဲ့ ယှဉ်ပြိုင်တာက မင်းရဲ့ တကယ့် စွမ်းရည်အစစ်အမှန်ကို ပြသဖို့ အခွင့်အရေးတစ်ရပ်ပဲ ..."


"မဆိုးဘူး ..."


ခပ်လှမ်းလှမ်းတွင်ရပ်နေသောချူချန်းရှန်က သူ့၏ မုတ်ဆိတ်မွှေးများကို သပ်ရင်းအကြံပြုချက်ကို သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ရန်ယုက လှောင်ပြောင်ရှုံ့ချသောမျက်နာထားဖြင့် ပုဖန်ကို ကြည့်နေသည်။


အညိုရောင်အသားအရည်နှင့် ဝတ်ရုံအနက်ကို ခြုံထားသော မုချန်ကလည်း ပုဖန်ကို တိတ်ဆိတ်စွာဖြင့် အကဲခတ်ကြည့်ရှုနေသည်။အစားကြူးဘုတ်ပြားပေါ်တွင် အဆင့် ၃ချိတ်သော သူ့၏ အချက်အပြုတ်အရည်အချည်းများကလည်းအံ့အားသင့်စရာကောင်းလှသည်။ထိပ်သီး စားဖိုမှူး ၁၀ယောက်အနေဖြင့် သူတို့ ကိုယ်စီ၌ မော်ကြွားသောမာနကြီးသည့် အပြုအမူမျိုး ရှိကြပေသည်။


ထိုအခိုက်အတန့်၌ စားဖ်ိုမှူး အားလုံးက ပုဖန်ကို တူညီသောအမူအရာဖြင့် ကြည့်နေကြသည် ။


"သူတို့နဲ့ ယှဉ်ပြိုင်ချင်တယ်ဆိုမှတော့ အရည်အချင်းမှီမမှီကို ပြရမယ်လေဒီလိုမှမဟုတ်ဘူးဆိုရင်တော့ ဒီစားဖိုမှူးလေးနဲ့ ဘာလို့ အချိန်ဖြုန်းရမှာလဲ..."


"လာခဲ့..."


ပုဖန်နဲ့ စားဖိုမှူးစိန်ခေါ်ပွဲယှဉ်ပြိုင်ရန်က ဝမ်ရမ်ချုံ၏ ရူးသွပ်မှု တစ်ရပ်ဖြစ်လာပေသည်။ဒီတစ်ကြိမ်၌ ပုဖန်ကို အနိုင်ယူပြီး သူအရှက်ရမှုများကို ပြန်လည်ရှင်းထုတ်ပစ်ရပေမည်။


ပုဖန်က ပုံမှန်အတိုင်း ခံစားချက်မဲ့လှသော မျက်နာသေဖြင့် ရှိနေဆဲဖြစ်သည်။သူ့ကို လှောင်ပြောင်နေကြသူများနှင့် စားဖ်ိုမှူးစိန်ခေါ်ပွဲပြုလုပ်ရန် သူစောင့်ဆိုင်းနေပေသည်။


ထိုစားဖ်ိုမှူးများနှင့် စိန်ခေါ်မှု ပြုလုပ်ချင်လျှင် အလွန်ရူးသွပ်နေသောဝမ်ရမ်ချုံကို အနိုင်ယူပြရမည်ကို သိရှိသွားပေသည်။


"ကောင်းပြီလေ ဒီလ်ိုဆိုမှတော့ လုပ်ကြတာပေါ့...ငါတို့ မြန်မြန်ဆန်ဆန်ပဲ ယှဉ်ပြိုင်ကြရအောင်...ငါ အလျင်လိုနေတယ်..."


ပုဖန် စကားဆုံးသည်နှင့် သူ့လက်ထဲမှ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားက လှည့်ပတ်သွားသည်။


"ပထမဦးဆုံးစားဖိုမှုးစိန်ခေါ်ပွဲ ပြုလုပ်ရမယ့်သူက မင်းပဲ ဖြစ်နေပြန်ပြီပေါ့..."


ပုဖန်၏ လက်ထဲမှ ဓားက ရွှေရောင်အလင်းတန်းများ ထုတ်လွင့်လာပြီးနောက် ရှေးဦးပုံစံ အနက်ရောင်တောက်ပနေသောရွှေနဂါးအရိုးမီးဖိုချောင်သုံး ဓားအဖြစ်သို့ ပြောင်းလဲသွားသည်။သူထိုဓားဖြင့် ဝမ်ရမ်ချုံကို ညွှန်လိုက်သည်။


ဝမ်ရမ်ချုံက သူ့၏ ရှုပ်ပွနေသော ဆံပင်များကို ဆုပ်ကိုင်လိုက်ပြီး ခေါင်းမော့၍ ကျယ်လောင်စွာ ရယ်မောလိုက်သည်။


"လာလေ ငါအရမ်းရေဆာနေပြီ နည်းနည်းလေးမှတောင် ထပ်မစောင့်နိုင်တော့ဘူး..."


ဝမ်ရမ်ချုံ၏ မျက်ဝန်းမှ အနီရောင်အလင်းများ ဖြာထွက်လာသည်။မျက်တောင်တစ်ခတ်အတွင်းမှာပင် ဓားအလင်းတစ်ခုက လေထုကို ဖြတ်ပိုင်းကျလာသည်။


ဝမ်ရမ်ချုံ၏ လက်ထဲတွင် ပါးလ်လျသော ငွေရောင်မီးဖ်ိုချောင်သုံးဓားတစ်လက်ပေါ်လာသည်။၎င်းက လေးထောင့်ပုံသဏ္ဍာန်ရှိသော ငွေရောင်တောက်ပနေသည့် ဓားတစ်လက်ဖြစ်သည် ၎င်းက စားဖိုမှူး၏ အသွင်အပြင်ကိုပင် ထင်ဟပ်နေစေလောက်အောင်ပြောင်လက်တောက်ပနေခဲ့၏။ဓားထိပ်၌ တဖျတ်ဖျတ်တောက်ပနေသောကြယ်တစ်ပွင့်တင်ထားသကဲ့သို့ ထက်မြေ့နေ၏။


"နာမည်ကြီး ဓားတစ်လက်ဖြစ်တဲ့ ငွေရောင်မြွေဓားကို ရဖို့အတွက် အစားသရဲလမ်းမမှာ ငါအရမ်းဒုက္ခရောက်ခဲ့ရတယ် ...ဒီတစ်ကြိမ်မှာတော့ ဒီဓားကို အသုံးပြုပြီး အရှက်ကွုမှုတွေကို ရှင်းထုတ်ပစ်ရမယ် ..."


ဝမ်ရမ်ချုံက ရူးသွပ်စွာ ရယ်မောလိုက်ပြီး ဓားကို ဝှေ့ယမ်းလိုက်သည်နှင့် အလင်းရောင်များက ဖြာကျလာလေသည်။သူ့စကားကြောင့် တခြားသူများ လေအေးတစ်ချက်ရှိုက်လိုက်မိကြသည်။ဒီလူက ကံဆိုးမှုများထဲမှ ကံကောင်းမှုကို ရှာဖွေရရှိသွားလေသည်။


တကယ်တမ်းဆိုရလျှင် အစားသရဲလမ်းမ၌ ကျော်ကြားသော ထ်ိုဓားကို ရခဲ့သည်မှာ အလွန်ကံကောင်းလှသည်။အစားကြူးတောင်ကြားထဲတွင် နာမည်ကြီး ကျော်ကြားလှသော ဓား၁၀လက်ခန့် ရှိပေသည်။ထိပ်သီး၁၀ယောက်ထဲတွင် ငါးလက်မျှ ရှိပြီးချူချန်းရှန်တွင် တစ်လက် တောင်ကြားအရှင်တွင် တစ်လက် ရှိပေသည်။


သုံးခုက အစားသရဲလမ်းမထက်တွင် ပျောက်ဆုံးနေပြီး ကံကောင်းထောက်မသူများသာလျှင် တွေ့ကြုံ၍ ရရှိနိုင်ပေသည်။ဝမ်ရမ်ချုံက ထိုမျှကံကောင်းသည့် သူဖြစ်လိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။ထိုဓားနှင့် သူ့၏ အချက်အပြုတ်အရည်အချင်းများပေါင်းလိုက်လျှင် အစားကြူးဘုတ်ပြား၏ထိပ်သီး ၁၀ယောက်ထဲသို့ ဝင်နိုင်လောက်ပေမည်။


"ကောင်းပြီလေ ပေါက်တက်ကရတွေ လျှောက်ပြောမနေနဲ့တော့ ငါတို့ မြန်မြန်လေး စလိုက်ကြရအောင် ..."


ပုဖန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။သူက နာမည်ကြီးသည်ဖြစ်စေ ထူးကဲသည်ဖြစ်စေ မည်သည့်ဓားကိုမှ မကြောက်ရွံ့ပေ။နတ်ဘုရားအဆင့် ချက်အပြုတ် ပစ္စည်းများထဲမှ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ပိုင်ဆိုင်ထားသည်ဖြစ်လေရာ ကျော်ကြားနာမည်ကြီးသည်ဆိုသည့် အရာများကို ဖျက်စီးချေမှုန်းဖို့ လုံလောက်နေပေပြီ။


"ကောင်းပြီ မင်းတို့ သဘောတူပြီဆ်ိုမှတော့ စားဖ်ိုမှူးစိန်ခေါ်ပွဲကို တစ်နာရီအတွင်း စမယ် ပြိုင်ရမယ့်ခေါင်းစဉ်ကတော့ ငါး..."


ချူချန်းရှန် သူတို့နှစ်ယောက်ကို အကဲခတ်လိုက်သည်။ထို့နောက် သူ့၏ အဓိပ္ပါယ်ပြည့်ဝလှသော မျက်လုံးများက ဝမ်ရမ်ချုံပေါ်သို့ ကျရောက်သွားပြီး နောက်ဆုံးစကားလုံးကို ပြောလိုက်၏။ဝမ်ရမ်ချုံ တုန်ယင်သွားသည်။


"ငါး ဟုတ်လား..."


အရင်က ပုဖန်နှင့် စိန်ခေါ်ပွဲ၏ ခေါင်းစဉ်ကလည်း ငါးပင်ဖြစ်သည်။ထိုပွဲတွင် သူရှုံးခဲ့သည်။ချူချန်းရှန်က ဝမ်ရမ်ချုံ၏ ဒေါသများကို ကူညီဖြေရှင်းပေးလိုခြင်းဖြစ်သည်။အနိုင်ရမှသာလျှင် သူ့၏ အရှက်ကွဲမှုများကို ဖယ်ရှားနိုင်ပေမည်။


ပုဖန် ချူချန်းရှန်ကို တစ်ချက်ကြည့်၍ နှုတ်ခမ်းတွန့်ရုံပြုံးလိုက်သည်။သူကထိုလူအိုကြီး၏ အတွေးများကို ခန့်မှန်းနိုင်ပေသည်။သို့သော်လည်း သူမငြင်းပယ်လိုက်ပေ။အစောပိုင်းက သူပြောခဲ့ဘူးသလိုပင် သူကြောက်ရွံ့မှုမရှိပေ။မည်သည့်အရာမှ သူ့ကို ဟန့်တားနိုင်လိုက်မည်မဟုတ်ပေ။


"မင်းတို့ ချက်ပြုတ်မယ့် ဟင်းပွဲကို စဉ်းစားဖို့နဲ့ ပါဝင်ပစ္စည်းတွေကို ရွေးချယ်ဖို့အတွက် လက်ဖတ်ရည် တစ်ခွက်စာ အချိန်ရမယ်...တစ်နာရီကြာပြီးတဲ့နောက်မှာ စားဖိုမှူး စိန်ခေါ်ပွဲ စတင်မယ်..."


ချူချန်းရှန ပြောပြီးသည်နှင့်အတွေးတစ်ချက်တွေးလိုက်သည်။ထိုခဏမှာပင် အစားကြူးနတ်ဘုရားရင်ပြင်ကျယ်တစ်ခုလုံး ပြင်းထန်စွာတုန်ယင်သွားသည်။ပြိုင်ကွင်းဧရိယာက ကွဲထွက်သွားကာ မီးဖ်ိုခုံနှစ်ခုပေါ်လာသည်။


အစားကြူးနတ်ဘုရားအဆောက်အဦး၏ ပိတ်ထားသော ပြတင်းတံခါးများကလည်းကြမ်းတမ်းစွာ ပွင့်သွားသည်။မြို့ထဲတွင် နေထိုင်ကြသူများအားလုံး အံ့အားသင့်သွားကြလေ၏။


"အစားကြူးနတ်ဘုရားအဆောက်အဦးထဲမှာ ပြိုင်ပွဲလုပ်နေတဲ့သူတွေရှိတာလား..."


သူတို့စိတ်လှုပ်ရှားစွာဖြင့် မတ်တပ်ထရပ်လိုက်ကြပြီး အဆောက်အဦးရှိရာဆီသို့ အပြေးအလွှားလာရောက်ကြပေသည်။နာရီပိုင်းအတွင်းမှာပင် အဆောက်အဦးထဲ၌ အစားကြူးနတ်ဘုရား စားသောက်ပွဲတုန်းကကဲ့သို့ လူများ ပြည့်ကျပ်သွားလေသည်။ပုဖန်က စားဖိုမှူး၁၀ယောက်ကို စိန်ခေါ်သည့်အကြောင်းကလည်း တစ်ယောက်မှ တစ်ဆယ်ယောက် တစ်ဆယ်ယောက်မှ အယောက်တစ်ရာဆီသို့ ချက်ချင်းပြန့်နှံ့သွားလေသည်။


အဆောက်အဦး၏ ပတ်ဝန်းကျင်တွင်လည်း ကြည့်ရှုကြသူများ ပို၍ ထူထပ်လာသည်။တစ်နာရီ ကြာပြီးနောက် ပုဖန်နှင့် ဝမ်ရမ်ချုံတို့ သူတို့၏ မီးဖ်ိုနေရာဆီသို့ လျှောက်လာလိုက်သည်။ချူချန်းရှန်ကို သူတို့ပြောခဲ့သော ပါဝင်ပစ္စည်းများက ထိုနေရာသို့ ရောက်နေပေပြီ။


ဒင်...


ခေါင်းလောင်းသံမြည်ဟီးလာလေသည်။ချူချန်းရှန်၏ မျက်ဝန်းများက အလင်းတစ်ချက်လက်သွားပြီးစားဖိုမှူးစိန်ခေါ်ပွဲ စတင်ပြီဖြစ်ကြောင်း ကြေငြာလိုက်သည်။


ရွှစ် ရွှစ်...


မျက်နာသေပုဖန်နှင့် အရူးဝမ်ရမ်ချုံတို့က ပါဝင်ပစ္စည်းများကို အုပ်ထားသည့် အဝတ်စများကို ဖယ်ရှားလိုက်သည်။သူတို့ ချက်ပြုတ်ရန် ရွေးချယ်ထားသည့် အရာက ...