ဝမ်မင်ယီက သူ့ဖုန်းကို ထုတ်လိုက်ပြီး အသံဖိုင်ကိုရှာ၍စစ်ကျွင်းတောက်ကို နားထောင်စေ သည် ။
"ဒီနေ့မနက်..ရှုကျင်းကျဲကျွန်တော်ဆီလာပြီး ပြောသွားခဲ့တာ...သူကကော သူ့ကို ပြဿနာရှာမှာကြောက်ပြီး ဝမ်ပေါ်ကိုရောင်းစားလိုက်တာလေ... ဝမ်ပေါ်ခိုင်းလို့သာ သူ အဲဒါတွေကို လုပ်ခဲ့ရတာပါတဲ့..အဲ့ဒါနဲ့ပဲ သူအတိတ်တွေကို သင်ပုန်းချေလိုက်ပြီမို့..ကော သူ့ကိုခက်ခဲအောင်မလုပ်တော့နဲ့နော်...”
စစ်ကျွင်းတောက်က နှုတ်ဆိတ်နေခဲ့၏။ ဝမ်မင်ယီ နှင့် ရှုကျင်းကျဲတို့ပြောထားသည့် အသံဖိုင်ကိုကြားပြီးချိန်တွင် သူ့အကြည့်များက အေးစက်လာခဲ့သည်။
“ကောင်းပြီ၊” စစ်ကျွင်းတောက်က ပြန်ဖြေသည်။ “ဒါကိစ္စကို ငါပဲ ကိုင်တွယ်လိုက်မယ်..ဒါနဲ့ပတ်သတ်ပြီးစိတ်ပူမနေနဲ့တော့....”
ဝမ်မင်ယီက ဒါကို ကိုင်တွယ်ဖို့ မူလကတည်းကပင် မစီစဉ်ထားတာကြောင့် ခေါင်းညိတ်ပြီး ဖုန်းကို သိမ်းလိုက်သည် ။
"ပြီးတော့ ရှုကျင်းကျဲကို ကျွန်တော်ကတိပေးထားတာရှိလို့ သူလုပ်ခဲ့တာတွေပတ်သတ်ပြီး ဝမ်ပေါ်ကို မပြောမိစေနဲ့နော်... ကော...ကျွန်တော် စကားမတည်တဲ့လူမဖြစ်ချင်ဘူး.."
“ကောင်းပါပြီဗျာ၊”
စစ်ကျွင်းတောက်က သဘောတူလိုက်သည်။
ဝမ်မင်ယီ ဝမ်ပေါ် ရဲ့ကိစ္စကို ပြောပြီးသွားချိန်တွင် ရှစ်နာရီထိုးနေသည်ကို တွေ့လိုက်ရ၏။သူလည်း အဝတ်အစားလဲပြီး ရေချိုးလိုက်သည်။ စစ်ကျွင်းတောက်သည် ခုံပေါ်တွင် ခဏထိုင်ပြီးမှဝမ်ပေါ်နဲ့ကျန်းဇီမော့ ဆီသို့ WeChat မက်ဆေ့ခ်ျတစ်စောင်စီ ပို့လိုက်ပြီး မနက်ဖြန် နေ့လည်တွင် တွေ့လို့ရမလားဟု မေးလိုက်သည်။
ကျန်းဇီမော့က အလွန်ပင်အံ့သြသွားပြီး စာပြန်လိုက်သည်— ဘာကိစ္စရှိလို့လဲ
စစ်ကျွင်းတောက်က သူ့မေးခွန်းကို မဖြေဘဲ— မနက်ဖြန်နေ့လည်ကျရင် မင်းသိမှာပါ—ဟုပဲ ပြောလိုက်၏။
ဝမ်ပေါ်သည် ဘာအကြောင်းပြချက်မှရှိပါဘဲနှင့် ဝမ်မင်ယီ ကို အရှက်ခွဲခိုင်းထားသည့်လူကို ရုတ်တရက် ရှာမတွေ့တော့ပေ။ သူကျန်းဇီမော့ နှင့် ဆက်ဆံရေးအားလုံးကို ဖြတ်တောက်ပြီးသည့်နောက်တွင်မှ ဒီလူကပျောက်ကွယ်သွားဖို့ရွေးချယ်ခဲ့သည်။ ဤသည်က တိုက်ဆိုင်လွန်းနေသည်။
ဝမ်မင်ယီကို သူဂရုစိုက်သလိုမျိုးဝမ်ပေါ်ကကျန်းဇီမော့ကို ဂရုစိုက်သည်ပင်။ ကျန်းဇီမော့သည်မတရားခံရသလိုခံစားရကာ ဝမ်မင်ယီက သူ့ကိုမုန်းတီးနေသည်ဟု ခံစားမိကြောင်း ၊သူ နှင့်စစ်ကျွင်းတောက်တို့ ဆက်ဆံရေးပြတ်တောက်သွားရခြင်းမှာကြောင့်ဖြစ်ကြောင်း စသည်ဖြင့် အကုန်လုံးကိုဝမ်မင်ယီအပေါ် အပြစ်တင်ကာဝမ်ပေါ်ဆီသို့ သွားတိုင်လိုက်ခြင်း ဖြစ်မည်။ ထိုအတွက် လက်တုံ့ပြန်ရန် ဝမ်ပေါ် ကရှုကျင်းကျဲ ကို ချဉ်းကပ်ပြီးဝမ်မင်ယီကိုသင်ခန်းစာပေးခိုင်းခြင်းဖြစ်ရမည်။ဝမ်ပေါ်ယခုကဲ့သို့လုပ်ရခြင်းမှာ ထို့ကြောင့်ပင်ဖြစ်မည်ဟု စစ်ကျွင်းတောက်ယုံကြည်သည်။
ဟုတ်တယ်..... စစ်ကျွင်းတောက် သက်ပြင်းချမိလိုက်၏။ ဝမ်ပေါ်ရဲ့မျက်နှာကြောင့်ပင် စစ်ကျွင်းတောက်သည် ကျန်းဇီမော့နှင့် အဆက်အသွယ်ဖြတ်လိုက်သော်လည်း ကျန်းဇီမော့ကို သူရဲ့ ကုမ္ပဏီမှ မနှင်ထုတ်ခဲ့ပေ။ ဒါပေမယ့် ဝမ်ပေါ်ကတော့မှားတယ်လို့တောင်ထင်ပုံမရဘူး... ဒါဆို သူကရော ဘာလို့ သူတို့ကို ဂရုစိုက်နေရရဦးမှာလဲ...
စစ်ကျွင်းတောက်သည် သူ့ရဲ့ဖုန်းကိုကောက်ယူလိုက်ပြီး လင်းမူ နှင့် ချန်ပင်း တို့ကို ခေါ်လိုက်ကာ တစ်ယောက်ကိုတစ်မျိူးစီ ညွှန်ကြားလိုက်သည်။
လင်းမူ နှင့် ချန်ပင်း တို့သည် ဖုန်းထဲမှအကြောင်းအရာကို နားထောင်ပြီးနောက် အနည်းငယ် ရှုပ်ထွေးသွားကြ သော်လည်း အလျင်အမြန်ပင် သဘောတူလိုက်ကြသည်။သူတို့ ဖုန်းချပြီးနောက်မှာ သည်အခြေအနေက အနည်းငယ် ရုတ်ချည်းနိုင်လွန်းသည်ဟု ခံစားမိလိုက်ကြသည်။
စစ်ကျွင်းတောက်သည် သူ၏ညွှန်ကြားချက်များကိုပြောပြီးနောက်တွင် ယနေ့အတွက် သူရဲ့အလုပ်ကို စတင်လုပ်ခဲ့သည်။
ရေချိုးပြီးသည်နှင့် ဝမ်မင်ယီက လေမှုတ်စက်ကို လက်ထဲမှာ ကိုင်ထားကာ ခေါင်းကို တဘက်ဖြင့် သုတ်ရင်း ထွက်လာသည်။စစ်ကျွင်းတောက် ၏ရုံးခန်းထဲတွင် ပလပ်ပေါက်အလွတ် တစ်ခုကိုတွေ့လိုက်ရသောကြောင့် လေမှုတ်စက်ကို ပလပ်ထိုးလိုက်ပြီး “ရေချိုးခန်းရဲ့ ပလပ်ပေါက်ကမငြိမ်ဘူးဖြစ်နေတယ်.. တစ်ခါတလေ အားဝင်ပြီး တစ်ခါတလေ အားမဝင်ဘူး...”
"မနက်ဖြန် ကောင်တာ ကို ဆက်သွယ်ပြီး အကြောင်းကြားလိုက်မယ်.." စစ်ကျွင်းတောက်ကသူ့လက်ထဲမှ လေမှုတ်စက်ကို ယူပြီးပြောလိုက်သည်။
ဝမ်မင်ယီသည် မူလက သူ့ဆံပင်ကိုမှုတ်ရန် စီစဉ်ခဲ့သော်လည်း စစ်ကျွင်းတောက်က သူ့အတွက် လုပ်ပေးချင်သည်ဆိုရာတွင် ပျော်ပျော်ကြီးဇိမ်ယူ လိုက်ဦးမည်။
ဝမ်မင်ယီ ထိုင်ခုံပေါ်ထိုင်ပြီး စားပွဲပေါ်ရှိ စစ်ကျွင်းတောက် ရဲ့ ကွန်ပျူတာကို လှမ်းကြည့်လိုက်သည်။
စစ်ကျွင်းတောက်သည် သူ့ရဲ့အလုပ်ကိစ္စများနှင့်ပတ်သတ်ပြီးပြောလျှင် အမြဲလိုလိုရှောင်သွားလေ့ရှိသည် ။လေအပူချိန်ကို မချိန်ဆမီ ရိုးရိုးရှင်းရှင်းဖြင့်“အမ်း” ဟုပဲဖြေကာ သူ့ဆံပင်ကို စပြီးလေ မှုတ်ပေးသည်။
ဝမ်မင်ယီပြောသည့်အတိုင်း သူ့ဆံပင်များကိုလေ မှုတ်ပေးနေခဲ့ပါ၏။ ငုံ့ကျနေ သောခေါင်းငယ်လေးကြောင့် လည်ပင်းသား ဖြူဖြူလေးကို ပြနေကဲ့သိုဖြစ်ပြီး ပျော့ပျောင်း နက်မှောင်နေသော ဆံပင်များနှင့်အတူ သူသည် မယုံနိုင်စရာကောင်း လောက်အောင်ပင် နာခံမှုရှိပြီး အန္တရာယ်ကင်းသည့်ပုံပေါ်သည်။
စစ်ကျွင်းတောက် က သူ့ကို ကြည့်ပြီး မုကျီအန်း ပြောခဲ့သည်အရာကို တွေးမိလိုက်သည်။ သူဝမ်မင်ယီကို သူရဲ့ညီငယ်လေးလို တကယ်ဆက်ဆံခဲ့တာရောဟုတ်ရဲ့လား....။
သူ ဘယ်လို ယောက်ျားမျိုးကို ကြိုက်တာလဲ...။ စစ်ကျွင်းတောက်က သူ့ကိုယ်သူ မေးခဲ့သော်လည်း သူ မသေချာမရေရာ ဖြစ်နေ၏။
ငယ်စဉ်ကတည်းကပင် သူ့ကို ကြိုက်သည့်သူများစွာရှိလေသည်။ မရေမတွက်နိုင်သော လူများက သူ့ကို ဝန်ခံခဲ့သော်လည်း သူ့နှလုံးသားထဲကို ရောက်သည့်သူကား တစ်ယောက်မျှ မရှိခဲ့ချေ ။ ဒါဆို.. သူတကယ်ကြိုက်တာက... ဘယ်လိုလူများလဲ။
စစ်ကျွင်းတောက် သည် ဤမေးခွန်းကို ဖြေဆိုနိုင်ခြင်းမရှိခဲ့ပေ။ သူ ထိုမေးခွန်းကို စိတ်ထဲမှ အလျင်အမြန် ထုတ်ပစ်လိုက်သည်။ ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ်... ဝမ်မင်ယီ နဲ့ ဆိုင်မှမဆိုင်ပဲ ။
သူက မည်သူနှင့်မဆို ချစ်၍ရသော်လည်း ဝမ်မင်ယီနဲ့တော့မဖြစ်နိုင်ပေ။ ဝမ်မင်ယီကို သူရဲ့ချစ်သူတစ်ယောက်အနေဖြင့် တစ်ခါမျှမမြင်ဖူးချေ။
ဆံပင်လေမှုတ်စက်၏ လေအပူချိန်ကို ချိန်ညှိရင်း အမြန်နှုန်းကိုပါ ချိန်ညှိရန်ပြင်ကာ ဆက်မှုတ်ပေးနေစဉ် မျက်စိတစ်မှိတ်အချိန်အတွင်းမှာပင် ကုလားထိုင်ပေါ်ရှိ နာခံမှုရှိလှသော လူငယ်လေးမှာ အညိုရောင်တုံးအ,အ ဟက်စကီးတစ်ကောင် ဖြင့် အစားထိုးခံလိုက်ရသည်။
စစ်ကျွင်းတောက်က သူ့သားမွေးတွေကို ကိုင်ကြည့်လိုက်တော့ ခြောက်နေလေပြီ။ သူက ဆံပင်လေမှုတ်စက်ကို ချထားလိုက်ပြီ သူ့ရဲ့တာဝန်ကိုအဆုံးသတ်လိုက် သည်။
“လာ..မင်းရဲ့ခြေချောင်း တွေကို တိုင်းကြည့်ရအောင်။ အဲ့ဒီပုံစံကိုသုံးပြီး ငါတို့မင်းအတွက် ကီးဘုတ်တစ်ခု လုပ်လို့ရတယ်..."
စစ်ကျွင်းတောက်က ဘောပင်နဲ့ စာရွက်ကို ထုတ်လိုက်သည်။
ဝမ်မင်ယီ သည် အလွန်ပင်ပူးပေါင်းလုပ်ဆောင်ခဲ့ကာ သူ့ကိုဆွဲခွင့်ပေးလိုက်ပြီး လက်ဟန်ခြေဟန်ပြကာမေးသည်- ကြောင်ကီးဘုတ်က ဘယ်တော့ရောက်လာမှာလဲ..။
"မကြာခင်ပေါ့...ဒီနှစ်ရက်အတွင်း ရောက်လာလောက်တယ်..."
ဝမ်မင်ယီ ကျေနပ်သွား၏။ ကြောင်လေးဒါမှမဟုတ် ခွေးဖြစ်သွားရင်တောင် အင်တာနက်ပေါ် မှာသူက နဂါးဖြစ်နေတုန်းပဲ..! အခုအချိန် မင်းရှေ့က ဖန်သားပြင်ရဲ့ နောက်ကွယ်မှာ ခွေးတစ်ကောင် ရှိနေနိုင်တယ်နော် ဟား...ဟား..!
ဝမ်မင်ယီ သည် စစ်ကျွင်းတောက် ကီးဘုတ်ဒီဇိုင်းအတွက် သူ့ခြေရာယူခြင်းကို ပျော်ရွင်စွာ အပြီးသတ်ခွင့်ပြုလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်လုံး အိပ်ခန်းထဲသို့ ဝင်သွားခဲ့ကြသည်။
နောက်တစ်နေ့မနက် စစ်ကျွင်းတောက်အိပ်ရာထသောအခါ၌ သူသည်မြင်လိုက်ရသည်မှာ ဒီတစ်ကြိမ်တွင် ကုတင်ပေါ်တွင် လှဲလျောင်းနေသည်ကား ကြောင်နားရွက်ဖြင့် လူငယ်လေး မဟုတ်ပဲ ၎င်းအစားခွေးနားရွက်ဖြင့်လူငယ်လေး ဖြစ်နေ၏
ယခင်အတည်ပြုချက်က ဤတိရစ္ဆာန်တစ်ပိုင်းပုံစံသည် ၈ နာရီတွင် စတင်မည်ဖြစ်ကြောင်းဖော်ပြနေပုံရသည်။ ၈ နာရီအထိ ဝမ်မင်ယီသည် ကြောင် သို့မဟုတ် ခွေးတစ်ကောင်၏အသွင် တွင် ရှိနေသေးသည်။ 8 နာရီနောက်ပိုင်းတွင် လူပုံစံအသွင်ပြောင်းသွားသော်လည် တိရစ္ဆာန်နားရွက်လေးတွေနဲ့ အမြီးတွေကားရှိနေဦးမည်ဖြစ်၏။
စစ်ကျွင်းတောက်သည် မီးခိုးရောင်ခွေးနားရွက်လေးကို ထိလိုက်သည်။ ကြောင်နားရွက်လေး တွေကဲ့သို့ ပွတ်သပ်၍ အလွန်ကောင်းနေဆဲပင် ။
ဝမ်မင်ယီ အိပ်ပျော်နေစဉ် အနည်းငယ် ယားယံလာသဖြင့် ရှေ့ကလူရဲ့လက်မောင်းကြားထဲသို့ ပစ်ဝင်လိုက်သည်။ထို့စဉ် သူ့ရဲ့နှုတ်ခမ်းများက စစ်ကျွင်းတောက်၏ မေးစေ့ကို ထိမိသွား၏။ ထိုခဏအတွင်းတွင် စစ်ကျွင်းတောက် အေးခဲသွားသည်။ ဤစက္ကန့်ပိုင်းလေးတွင် သူရဲ့နှလုံးခုန်သံ များပင် ရပ်တန့်သွားပုံရ၏။
သူ မသိစိတ်ဖြင့် ခေါင်းကိုငုံ့ကာ သူ့ရင်ခွင်ထဲရှိ လူငယ်ကို ကြည့်မိလိုက်သည်။ သူ့ရဲ့မျက်လုံးများသည် ကောင်ငယ်လေး၏နူးညံ့သော နှုတ်ခမ်းများကို ဖြည်းညှင်းစွာ စူးစိုက်ကြည့်ကာ နောက်ဆုံးအချိန်တုန်းက သူတို့နှစ်ယောက်ကြားရှိ မထင်မှတ်ထားသော အနမ်းကို တွေးနေမိသည်။ ကောင်ငယ်လေး၏နှုတ်ခမ်းများသည် အလွန်နူးညံ့သည်၊ စစ်ကျွင်းတောက် တစ်ခါမျှ မခံစားဖူးသော အထိအတွေ့မျိုးပင် ဖြစ်ချေ၏။
နူးညံ့သိမ်မွေ့ပြီး ရင်သက်ရှုမောဖွယ်ကောင်းလွန်းသည်။
စစ်ကျွင်းတောက် ငေးကြည့်နေမိရင်း သူ့အတွေးများက ရှုပ်ထွေးနေခဲ့သည်။ သူရဲ့ခေါင်းက တဖြည်းဖြည်းနှင့် ငုံ့ကျလာခဲ့၏။ ဝမ်မင်ယီ၏ နဖူးကို ထိလိုက်မိသည်တွင် သူ့စိတ်တွေ ကြည်လင်လာပြီး ခေါင်းကို အမြန်ပြန်မော့လိုက်သည် ။
သူ့ရဲ့နှလုံးခုန်နှုန်းတွေ မြန်လာပြီး ဝမ်မင်ယီကိုဘေးသို့တွန်းကာ အိပ်ရာမှထလိုက်၏။
စစ်ကျွင်းတောက်၏ လှုပ်ရှားမှုကြောင့် ဝမ်မင်ယီ နိုးလာပြီး သူ့ရဲ့မျက်လုံးလေးများကို ပွတ်သပ်လိုက်သည်။
" ဟူး...ထချိန်တန်ပြီထင်ပါတယ်" ဝမ်မင်ယီက သက်ပြင်းချကာပြောသည်။
စစ်ကျွင်းတောက်က "အမ်း"ဟုဆိုကာဆက်ပြောလိုက်သည် "ငါ အရင် မျက်နှာသစ်လိုက်မယ်"
ဝမ်မင်ယီ က ခေါင်းညိတ်ပြပြီး ကုတင်ပေါ်တွင် အနည်းငယ်ကြာအောင် လှဲနေလိုက်သည်။
စစ်ကျွင်းတောက်က ရေချိုးခန်းထဲဝင်သွား၏။ရေခေါင်းမပိတ်ခင် ရေအေး လက်တစ်ခုပ်စာဖြင့် မျက်နှာကို ဖြန်းလိုက်သည်။ သူဤသို့မလုပ်သင့်ကြောင်းတွေးမိရင်း ထိုမြင်ကွင်းကိုပြန်အမှတ်ရလာသည်။ သူ ဝမ်မင်ယီအိပ်ပျော်နေတုန်းမှာ သွားနမ်းလုနီးပါးပဲ..! ဒါက စက်ဆုပ်စရာကောင်းလွန်းတယ်...!
ဒီလိုမျိူး ဆက်သွားလို့မရတော့ဘူး....ဟု စစ်ကျွင်းတောက် စဉ်းစားမိသည်။ သူ ဝမ်မင်ယီ နဲ့ခွဲအိပ်မှရမည်ပင် ။ ခွဲမအိပ်ခဲ့ရင်တောင် စောင်တစ်ထည်တည်းကို အတူတူမသုံးသင့်ပေ ။ မဟုတ်ရင်တော့... သိပ်မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ တစ်ခုခု ဖြစ်သွားလိမ့်မယ်...!
ထိုသို့သောအတွေးများ သူ့ခေါင်းထဲတွင် ပျံ့လွင့်လာသောအခါ သူ့မျက်နှာကို အမြန်ဆေးချပြီး ရေချိုးခန်းထဲမှ ထွက်လာခဲ့၏။
ဝမ်မင်ယီက သူ ပြီးသွားသည်ကို မြင်လိုက်သဖြင့် စောင်ထဲမှ ထကာ ကုတင်ပေါ်မှ ဆင်းလာခဲ့သည်။စစ်ကျွင်းတောက် ခွေးအမြီးလေးကို သတိထားမိလိုက်သည်။ ထိုဟာသည်
လိမ္မော်ရောင်ကြောင်မြီးလေး နှင့် ကွဲပြားနေ၏ ။ ဟက်စကီးတစ်ကောင်၏အမြီးသည် ပို၍ အမွှေးထူပြီး ထိ၍ကောင်းမည့်ပုံပေါ်သည်။
စစ်ကျွင်းတောက် သည် သူ့နဖူးကို ကိုင်ထား မိသည်။ သူဘာတွေတွေးနေတာလဲ...အားး..! အခုအချိန်မှာ..! သူက အမြီးကို သွားပွတ်ချင်နေသေးတယ်..!
စစ်ကျွင်းတောက်သည် သူက တကယ်... အန်ပစ်ချင်စရာ ကောင်းလွန်းတယ်..ဟုခံစားရသည်။
ဝမ်မင်ယီ သည် သန့်စင်ခန်းထဲသို့ဝင်သောအခါမှ ထိုခွေးနားရွက်ကို သူမြင်လိုက်ရသည်။ သူအံ့သြသွားပြီး ထိုဟာများကိုပွတ်သပ်လိုက်သည်။ အထိအတွေ့ ခံစားချက်သည်ကား မဆိုးလှ။
"အခုက တကယ်ကို Inuyasha နဲ့တူနေပြီ...” ဟုအော်လိုက်မိသည်။ "ဒါပေမယ့် Inuyasha က Shiba Inuလေ ... ငါက Shiba Inu မှမဟုတ်တာ... "
(T/N Inuyasha ကဂျပန်manga series ထဲက ဇာတ်ကောင်ပါ။Shiba Inuကတော့ဂျပန်က အမဲလိုက်ခွေးတစ်မျိူးပါတဲ့။Mangaထဲမှာ Inuyasha
ကShiba Inuအမျိူးအစားဖြစ်တဲ့အတွက်သူ့ခေါင်းမှာခွေးနားရွက်လေးတွေပါတယ်။မင်မင်လေးက ဟက်စကီးဆိုတော့အမျိူးအစားမတူဘူးပေါ့ haha)
Inuyasha က အမြီးလည်းမပါဘူး...။ Inuyasha က နတ်ဆိုးတစ်ပိုင်းဖြစ်နေပြီးတော့.. ဘာလို့အမြီးမပါတာလဲမသိဘူး...။
ဝမ်မင်ယီ သွားတိုက်ရင်း စဉ်းစားနေမိသည်။
မနက် ၉ နာရီ၊ မနက်စာစားပြီးချိန်တွင် ဝမ်မင်ယီကိုယ်ပေါ် ရှိ ခွေးနားရွက်နှင့် အမြီးများ ပျောက်ကွယ်သွားခဲ့သည်။ ထိုမှပင် သူတို့အခန်းထဲက ထွက်သွားကြရသည်။
ထုံးစံအတိုင်း စစ်ကျွင်းတောက်သည် သူ့ရုံးခန်းကို မောင်းမသွားခင် ဝမ်မင်ယီကို ရိုက်ကွင်းဆီသို့ ပို့ပေးခဲ့သည်။
လင်းမူနှင့် ချန်ပင်းတို့သည် သူ့ရောက်လာသည်ကို မြင်လိုက်ကြပြီး သူတို့၏အလုပ်များကို တင်ပြရန် အပြေးအလွှားသွားကြသည်။
လင်းမူ၏အလုပ်သည် ရိုးရှင်းသည်။ သို့ပေမဲ့ ချန်ပင်း၏အလုပ် က နည်းနည်းပိုရှုပ်ထွေးလေ၏ ။
"အခုအချိန်က Plan Bရဲ့အကောင်အထည်ဖော်မှုအရ ဝမ်ဖုန်း နှင့်ပူးပေါင်းဆောင်ရွက်မှုကိုဖျက်သိမ်းရမဲ့ အချိန်ဖြစ်ပါတယ် ...။ ကျွန်တော် တို့ဘက်ကနေ သွားပြီးတော့ လင်ဟယ့် အဖွဲ့ရဲ့ အကြီးအကဲနဲ့ ထပ်ပြီး ဆွေးနွေးရပါမယ်...။”
"ဒါဆို ငါတို့ ပြန်ဆွေးနွေးကြတာပေါ့.."
"လင်ဟယ့် နဲ့ ချိန်းဆိုမှုလုပ် ထားပြီးပါပြီ..။ မနက်ဖြန် နေ့လည်လို့ အချိန်သတ်မှတ်ထားပါတယ်...။ အဆင်ပြေရဲ့လားခင်ဗျ.."
“ နောက်ကျလွန်းတယ်... ဒီနေ့လယ်ဆို အဆင်ပြေတယ်..ဝမ်ဖုန်း က မပူးပေါင်းချင်ဘူးဆိုရင် လင်ဟယ့် က အသင့်တော်ဆုံး ပါတနာဖြစ်လာမှာ...။ ဒါကဝမ်ဖုန်းအတွက် နောက်ဆုံးအချိန်ဖြစ်လာ လိမ့်မယ်၊ တွန့်ဆုတ်နေစရာ မလိုဘူး...။ ဒီနေ့ နေ့လယ်ပိုင်းအတွက် အချိန်အားရင် လင်ဟယ့်ရဲ့သူဌေးနဲ့ ဒီနေ့နေ့လယ်မှာတွေ့ဆုံဖို့ စီစဉ်လိုက်ပါ..."
စစ်ကျွင်းတောက် ရုံးခန်းထဲဝင်ပြီး ကွန်ပျူတာကို ဖွင့်လိုက်၏။ မူလကတည်းက ဤပရောဂျက်သည် ဝမ်မိသားစုနှင့်သာ လုပ်ဆောင်နိုင်သည့် အရာမဟုတ်ပေ။ ဝမ်ပေါ်သည်သာလျှင် ဤပူးပေါင်းဆောင်ရွက်မှုအတွက် အလွန်တက်ကြွစွာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အရှုံးအမြတ် ချိန်ဆပြီးနောက် အကျိးအမြတ်အတွက်သူဝမ်ပေါ်ဆီသို့ ရောင်းဆုံးဖြတ်ခဲ့သည်။ယခုတွင်မူ ဝမ်ပေါ် က ဒါကို မလိုချင်တော့ပုံရ၏။
ဒါဆိုလည်း မေ့လိုက်တော့... စစ်ကျွင်းတောက် တွေးလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ဆုံးရှုံးမည့်သူကသူမဟုတ်ပေ။
နေ့လယ်ပိုင်းတွင် ကျန်းဇီမော့ နှင့် ဝမ်ပေါ်တို့သည် တို့သည် ချိန်းထားရာသို့ စောစောရောက်လာကြသည်။
ကျန်းဇီမော့ သည် သီးသန့်ခန်းထဲတွင် ထိုင်နေ သည်။ ဝမ်ပေါ်ဝင်လာသည်ကိုမြင်တော့ သူနည်းနည်းစိတ်ပျက်သွား၏။သူက စစ်ကျွင်းတောက်ဝင်လာသည် ဟုထင်ခဲ့သည်။ ယခုတွင် ထိုလူကား စစ်ကျွင်းတောက် မဟုတ်ပေ ၊ သူရောက်လာခြင်းက စစ်ကျွင်းတောက် နဲ့သူတို့၏ နှစ်ယောက်တည်းကမ္ဘာဖြစ်လာမည်မဟုတ်ပဲ သုံးပွင့်ဆိုင်ဆွေးနွေးမှုမှန်း ဖော်ပြနေခဲ့သည်။
သူအံ့အားသင့်သွားပြီး "ကျွင်းတောက်က မင်းကိုလည်း ခေါ် ခဲ့တာလား.."
“ဟုတ်တယ်” ဝမ်ပေါ်ကတော့ မအံ့သြချေ ။
သူက စစ်ကျွင်းတောက် ကို မနေ့ညက မေးခဲ့ပြီးသူတို့နှစ်ယောက်အပြင် ကျန်းဇီမော့ရောပါမည် ဆိုတာကို သိပြီးဖြစ်၏။
ကျန်းဇီမော့ က သံသယဖြစ်မိသည်။ သုံးယောက်သား မဆုံဖြစ်တာ တော်တော်ကြာနေပြီ...။ သူတို့ နှစ်ယောက်ကို ထမင်းစားဖို့ ခေါ်ပြီး စစ်ကျွင်းတောက် က ဘာလုပ်ဖိုစီစဉ်နေတာလဲ...။
သူမျက်ခုံးတွေ ကြုတ်လာတာကိုမြင်တော့ ဝမ်ပေါ် မေးလိုက်သည်။
“ဘာမှမဟုတ်ဘူး...ကျွင်းတောက် က ဘာလို့ ရုတ်တရက်ကြီး ငါတို့နဲ့ ဆုံဖို့ စီစဉ်တာလဲလို့ စဉ်းစားနေတာ...."
“ဒါက ရိုးရိုး စုဆုံကြရုံ မဟုတ်ဘူးလား.. ငါတို့အတူတူ မစားရတာလည်းကြာပြီလေ...အရမ်းကြီးမတွေးပါနဲ့.."
ကျန်းဇီမော့ က ခေါင်းညိတ်လိုက်ပြီး ဒီတွေ့ဆုံမှုဟာ အနည်းငယ် ထူးဆန်းတယ်လို့ ခံစားမိနေတုန်းပင်။
ချိန်းထားသောအချိန်ကျော်ပြီးမှ စစ်ကျွင်းတောက်က ရောက်လာသည်။ “လမ်းမှာ ယာဉ်ကြောပိတ်ဆို့မှုနေလို့ နောက်ကျသွားတယ်..” ဟု သူက ရှင်းပြသည်။
ကျန်းဇီမော့ က "ရပါတယ်...၊ ငါတို့လည်း ခုမှရောက်တာ"
ကျန်းဇီမော့က စစ်ကျွင်းတောက် ကို လက်ဖက်ရည်တစ်ခွက် ထည့်ပေးသည်။ ဒါကို ဝမ်ပေါ် မြင်လိုက်သောအခါ သူ့နှလုံးသားက အနည်းငယ် ချဉ်တူးသွားသည်။
စစ်ကျွင်းတောက်က ထိုင်လိုက်ပြီး လက်ဖက်ရည်ခွက်ကို မထိပေ ။ သူ သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။
"ဝမ်ပေါ် မတွေ့တာကြာပြီ..."
စစ်ကျွင်းတောက် က ရုတ်တရက်ပြောလိုက်၏။
ဝမ်ပေါ် က စစ်ကျွင်းတောက် ကို မတွေ့ရတာကြာသည်မှာ အမှန်ပင်။ သူတို့ရဲ့ ဆက်ဆံရေးက သာမန်ပဲဖြစ် ၏ ။ ထို့အပြင်၊ ပါးပါးစစ် နှင့် မားမားစစ်သည် နိုင်ငံရပ်ခြားတွင် စျေးကွက်ချဲ့ထွင်ရန် နိုင်ငံခြားသို့ထွက်သွားပြီးနောက်၊ စစ်,အုပ်စု
တစ်လုံးကို စစ်ကျွင်းတောက်လက်ထဲသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ စစ်ကျွင်းတောက်သည် အလုပ်နှင့်ဝမ်မင်ယီဖြင့်သာ နေ့တိုင်း နှစ်ပါးသွားနေရသည် ။ သူ့လိပ်စာစာအုပ်ထဲရှိ သူနဲ့မတွေ့တာကြာပြီဖြစ်သောလူများမှာ များစွာပင်ရှိပြီးလေပြီ ။
“ဟုတ်တယ်.. ” ဝမ်ပေါ်က ပြုံးလိုက်သည်။ "ဒါပေမယ့် မင်းကတော့ အရင်တိုင်းအလုပ်များနေတုန်းပဲနော် "
စာရေးသူတွင် ပြောစရာရှိသည်:
မင်မင်နဲ့ မျက်နှာချင်းမဆိုင်ရသောအခါ...
ကိုကို: ငါ မင်မင်နဲ့ ခွဲပြီး အိပ်ချင်တယ် ...သေချာပေါက်ကိုခွဲအိပ်ရမယ်..!
မင်မင် နဲ့မျက်နှာချင်းဆိုင်ရသော အခါ..
ကိုကို : ...ငါ...ပြောမထွက်နိုင်တော့ဘူး