အပိုင်း ၇၄၈
Viewers 62k

အပိုင်း ၇၄၈


ဒီနေ့ခေတ်လူငယ်တွေအကုန်လုံးက သေချင်နေကြတာပဲ


စားဖိုးမှူးပြိုင်ပွဲတွင် ဒီလိုအဖြစ်အပျက်မျိုးကိုမြင်တွေ့ရမည်ဟု မည်သူမှမထင်ထားခဲ့ချေ။


ပုဖန်အနည်းငယ်အံ့အားသင့်မိသည်။ သူ့လက်ထဲတွင် နေရာအနှံ့သို့မွှေးရနံ့များကိုထုတ်လွှတ်နေသောအသင်္ချေသက်ရှိများဟင်းပွဲကိုကိုင်ထားပြီး... လူတစ်ချို့က အစားကြူးနတ်ဘုရားအဆောက်အဦးကိုဖျက်ဆီးနေသည်ကိုနှင့် ရွှေရောင်ပုစွန်ပိစိပေါ်ဝှိုက်တီစီးနေသည်ကိုကြည့်နေလိုက်သည်။


သူမျက်မှောင်ကြုတ်လိုက်မိသည်။ ဒီလူတွေကပြိုင်ပွဲကွင်းပြင်ထဲလာပြီးအရှုပ်တွေလုပ်နေကြခြင်းဖြစ်သည်။ ဟင်းချက်ပြိုင်ပွဲက ဆက်မကျင်းပနိုင်လောက်တော့ချေ။ 


ပုဖန်စိတ်အနှောင့်အယှက်ဖြစ်သွားမိသည်။ ထို့အပြင် သူ့ကိုထပ်ပြီးအံ့ဩစေတာက ငရဲဘုရင်အာဟ... အဲဒီ့ရယ်ရတဲ့အရူးကလည်းဒီကို ရောက်လာခြင်းပင်... အရင်တစ်ခေါက်က သူအစောင့်တွေခေါ်သွားတာခံရတာမဟုတ်ဘူးလား...


သူဘယ်လိုလုပ်ပြန်ထွက်လာနိုင်တာလဲ...


သူအာဟကိုကြည့်လိုက်တော့ လွန်ခဲ့သည့်တစ်မိနစ်ခန့်ကခန့်ညားထည်ဝါသောပုံစံနှင့် ငရဲဘုရင်က ယခုတွင်တော့ဒိုင်လူကြီးခုံပေါ်တွင်ထိုင်နေပြီး သူ့ရဲ့အသင်္ချေသက်ရှိများဟင်းပွဲကိုစိုက်ကြည့်ပြီး သွားရည်တများများကျနေသည်ကိုတွေ့လိုက်ရသည်။


သူ ဝှိုက်တီထံမှမြေပြင်ပေါ်သို့အမှောက်သိပ်ခံလိုက်ရသော တန်ခိုးရှင်နှစ်ဦးကိုလှည့်ကြည့်လိုက်ပြီး သက်ပြင်းခပ်ဖွဖွချလိုက်သည်။


အသင်္ချေသက်ရှိများကို စားပွဲပေါ်တင်လိုက်ပြီး တည်တည်ငြိမ်ငြိမ်နှင့်ပြောလိုက်သည်။

"မြည်းကြည့်ပြီး ရလာဒ်ကိုကြေငြာပေးပါ။ စားဖိုမှူးပြိုင်ပွဲကအခုထိမပြီးသေးပါဘူး"


ပုဖန်၏မျက်နှာက ထုံးစံအတိုင်း မပြောင်းမလဲရှိနေဆဲပင်ဖြစ်သည်။


ဆဌမအကြီးအကဲက မုတ်ဆိတ်မွေးများကိုဆွဲမိပြီး သူ့ဘာသာသူဆွဲနှုတ်မိလုနီးပါးဖြစ်သွားသည်။


ဒီကောင်လေးဘယ်လိုတောင် တည်ငြိမ်နေနိုင်ရတာလဲ။


"အစားကြူးတောင်ကြားဘာတွေနဲ့ရင်ဆိုင်နေရတာလဲမင်းမမြင်ဘူးလား...မဟာအကြီးအကဲကိုကြည့်လိုက်စမ်းပါဦး... သူကသေလုမျောပါးတောင်ဖြစ်နေပြီ...ငါတို့မှာမင်းရဲ့ဟင်းပွဲကိုအကဲဖြတ်ပေးနိုင်တဲ့စိတ်အခြေအနေဘယ်ရှိမှာလဲ..."


ဆဌမအကြီးအကဲ ဝမ်းနည်းကြေကွဲနေသည့်မျက်နှာဖြင့်ပြောလိုက်သည်။


မူချန်နှင့်အခြားသူများကလည်း စိုးရိမ်ပူပန်နေလေသည်။


ဘာတွေပဲဖြစ်နေပါစေ ဒါကသူတို့ရဲ့အစားကြူးတောင်ကြားလေ။ ရန်သူ့လက်ထဲကျရောက်သွားရင် သူတို့ပါအတူဒုက္ခရောက်မှာပေါ့။


ပုဖန်သူတို့ကို မျက်နှာသေဖြင့်ကြည့်လိုက်ပြီး ပြောလိုက်သည်။


"ငါဟင်းချက်ပြိုင်ပွဲရဲ့ရလဒ်ကိုလိုအပ်တယ်"


ဝမ့်ထုန်၏ တစ်ခြမ်းဖြူတစ်ခြမ်းနက်နေသော ဆံပင်များက ညင်သာစွာယိမ်းနွဲ့နေကြသည်။သူ့ရှေ့ကမြင်ကွင်းကိုကြည့်လိုက်ပြီး ပုံမှန်အတိုင်းတည်ငြိမ်နေကာ သူ့မျက်နှာတွင်ပြောင်းလဲမှုမရှိချေ။


သူ ပုဖန်၏အသင်္ချေသက်ရှိများအကြောင်းသိချင်နေပေသည်။ ထိုဟင်းပွဲကသူ့ရဲ့နှလုံးသားကိုလှုပ်ရှားစေတာကြောင့် ထိုဟင်းပွဲကိုထပ်ခါထပ်ခါကြည့်နေမိခြင်းဖြစ်သည်။


ထူထဲလှသောအသက်စွမ်းအင်များနှင့် လှိုင်းလုံးများကဲ့သို့တဟုန်ထိုး ထိုးတက်လာသောစွမ်းအင်များကြောင့် ဒီဟင်းပွဲကတစ်ခုခုရဲ့ ဂိတ်တံခါးတစ်ခုကိုဖွင့်လှစ်နေသည်နှင့်တူနေလေသည်။


ဟင်းပွဲထဲမှတက်ကြွသည့်အသက်စွမ်းအင်များကိုခံစားရပြီး သူကြက်သီးများထလာတော့သည်။


နွေဦးမျှစ်စို့များက စွမ်းအင်များပြည့်နေသည်။ ထိုမျှစ်စို့များက ဟင်းတစ်ခွက်ချက်ဖို့အတွက် ထူးခြားတဲ့ပါဝင်ပစ္စည်းမျိုးတော့မဟုတ်ပေ။ သို့သော်လည်း ဒီဟင်းပွဲထဲမှအသက်စွမ်းအင်များကအလွန်ထူထဲလွန်းလေသည်။ 


ဒိုင်လူကြီးများက ခက်ထန်ကာပြတ်သားကြသော်လည်း သန်မာသည့်ရန်သူများကအစားကြူးတောင်ကြားကိုကျူးကျော်လာခြင်းက သူတို့တောင့်ခံနိုင်သောအရာမဟုတ်ပေ။


သူတို့အများကြီးမကူညီပေးနိုင်သော်လည်း မတ်မတ်ရပ်ကာခုခံရပေမည်။


ခပ်ဝေးဝေးတွင်ရပ်နေသော ချူချန်းရှန်တစ်ယောက် မကြာခင်မေ့လဲတော့မည့်ပုံစံဖြင့် ယိုင်တိယိုင်တိုင်ဖြစ်နေသည်။ သူ့ခန္ဓာကိုယ်တွင်ရှိသော သွေးထွက်နေသည့်အပေါက်များက လူတွေကိုစိုးရိမ်ထိတ်လန့်စေပြီး သူတို့ရဲနှလုံးသားများကိုတုန်လှုပ်စေသည်။


သူချောင်းဆိုးကာသွေးအန်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးသွေးအလိမ်းလိမ်းဖြစ်နေသည်။


သို့သော်လည်း သူ့မျက်လုံးများက ခိုင်မာပြတ်သားနေလေသည်။ သူမျှော်လင့်ချက်တစ်ခုကိုမြင်နေပုံပေါ်လေသည်။


နောက်သို့ခြေလှမ်းများစွာပြန်ဆုတ်ပြီး သူ့မျက်လုံးများက ငယ်ရွယ်လှပသောရှောင်ယထံအကြည့်‌ရောက်သွားသည်။


ရှောင်ယက ဘေးဘက်တွင်ရပ်နေပြီး တိုင်ကြီးတစ်တိုင်ကိုဖက်ထားလေသည်။သူမ၏မျက်လုံးများတွင် စိတ်ဝိဉာဉ်စွမ်းအင်များဖြင့်ပြည့်နှက်နေလေသည်။


အားအင်ကုန်ခန်းနေသော ချူချန်းရှန်သည် ပုဖန်ကိုလှည့်ကြည့်ပြီး အသနားခံသောပုံစံဖြင့်ပြောလိုက်သည်။


"ပိုင်ရှင်ပု စားဖိုမှူးပြိုင်ပွဲမှာဘယ်လိုရလဒ်ထွက်ထွက် ရှောင်ယကိုငါနဲ့ထည့်ပေးလိုက်မယ်မဟုတ်လား... အစားကြူးတောင်ကြားမှာအချိန်အများကြီးမကျန်တော့ဘူး... ရှောင်ယက အစားကြူးတောင်ကြားတစ်ခုလုံးအတွက်အရေးပါတယ်...သူမက ငါ့အတွက်အရမ်းအရေးကြီးတယ်..."


သူ့မျက်နှာရှိ မုတ်ဆိတ်ဖြူများနှင့်ဆံပင်များပေါ်တွင် သွေးများပေကျံလျက်ရှိသည်။ သူကမာနတကြီးပြောနေသော်လည်း ဖြူဖျော့နေသောမျက်နှာက အကူအညီတောင်းနေဟန်ပေါက်လေသည်။


တည်ကြည်၍ဂုဏ်သိက္ခာရှိကာ မာနကြီးပြီးဝင့်ကြွားသော အစားကြူးတောင်ကြားရဲ့အကြီးအကဲက တစ်ယောက်ယောက်ဆီမှ အကူအညီတောင်းခံနေသည်။


ပုဖန်အံ့ဩသွားသည်။ သူ့ရဲ့ဟင်းပွဲကိုစားပွဲပေါ်တင်လိုက်ပြီး အသက်ဖွဖွရှူထုတ်လိုက်သည်။


သူ့ဆံပင်ကိုစည်းနှောင်ထားသည့် ကတ္တီပါကြိုးကိုဆွဲဖြည်လိုက်သောအခါ သူ့ဆံပင်များကရေတံခွန်ငယ်လေးတစ်ခုကဲ့သို့ဝဲဖြာကျလာသည်။ထို့နောက် သူဆက်ပြောလိုက်သည်။


"ခင်ဗျား ရှောင်ယကိုခေါ်သွားနိုင်တယ်... ဒါပေမဲ့ သူမကိုမထိခိုက်စေဖို့ မျှော်လင့်ပါတယ်... ဘာဖြစ်ဖြစ် အချက်အပြုတ်ပြိုင်ပွဲကိုတော့ဆက်ကျင်းပရမယ်...သူတို့ကိုနောက်ဆုံး ရလဒ်ကိုကြေငြာခိုင်းလိုက်တော့..."


ချူချန်းရှန်၏စိတ်ပျက်အားငယ်နေသောမျက်လုံးများက မျှော်လင့်ချက်ဖြင့်တောက်ပလာသည်။ ပုဖန်သဘောတူလိုက်တာလား....


အဟွတ် အဟွတ် အဟွတ်


ချူချန်းရှန်ချောင်းဆိုးလိုက်ကာ သွေးများအန်ထုတ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့်သူ့ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်မိသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင်ရှိသောသွေးများယိုစီးနေသည့်အပေါက်များက ထိုဖိအားကိုမခံနိုင်သဖြင့် သွေးများလျှံထွက်လာတော့သည်။


"ကောင်းတယ်.... ကောင်းတယ် ....ကောင်းတယ်...ကျေးဇူးတင်ပါတယ်ဆိုင်ရှင်ပု...အစားကြူးတောင်ကြားက မင်းရဲ့ကျေးဇူးကိုမှတ်ထားပါ့မယ်..."


ချူချန်းရှန်အော်ပြောလိုက်သည်။


ထို့နောက် ဒိုင်လူကြီးများဆီလှည့်ပြီး အမိန့်ပေးလိုက်သည်

"မင်းတို့ ဒိုင်လူကြီးတွေ စားဖိုမှူးပြိုင်ပွဲကမပြီးသေးဘူးကွ... ဒီတိုင်းထားလိုက်လို့မရဘူး... ဟင်းပွဲကိုမြည်းပြီး နောက်ဆုံးရလဒ်ကိုကြေငြာလိုက်တော့..."


ဆဌမအကြီးအကဲနှင့်တခြားသူများတုန်လှုပ်သွားပြီး သူတို့မျက်နှာများတင်းမာသွားကြသည်။ သူတို့အကုန်လုံး သူ့ကိုခေါင်းအသာငြိမ့်ပြလိုက်ကြသည်။


ပုဖန်ကိုကြည့်တဲ့သူတို့အကြည့်တွေက ရှုပ်ထွေးသွားတော့သည်။


ဒီစားဖိုမှူးလေးက... မာနကြီးတဲ့ အကြီးအကဲကိုတောင် ဦးညွတ်ပြီးအကူအညီတောင်းခိုင်းစေနိုင်တယ်... သူကထူးခြားနေတာတော့အမှန်ပဲ...။


"မြန်မြန်လုပ်လေ...မင်းတို့ဘာတွေစောင့်နေကြတာလဲ...စကြတော့လေ..."


ငရဲဘုရင် ဆက်မစောင့်နိုင်တော့ပေ။ 


မူချန်နှင့်အခြားသူများ အာစေးမိနေကြသည်။


ဇီယွင်သူ့နှဖူးသူရိုက်လိုက်မိသည်။ ခုနက ဒီလူက တန်ခိုးရှင်တစ်ဦးထံကအလင်းမြှားကိုပင်ချိုးလိုက်နိုင်အောင်ပင် သန်မာလေသည်။ သို့သော်လည်း ယခုတွင်တော့ သူ့ရဲ့သွင်ပြင်နဲ့အမူအယာတွေက ပြောင်းပြန်ဖြစ်နေလေသည်။ ကွဲပြားမှုက မိုးနဲ့မြေလိုပင်။



ဒုန်း... ဒုန်း...


အပျက်အဆီးများအပေါ်တွင် ပုံရိပ်နှစ်ခုရပ်လိုက်သည်။


ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေမှ တန်ခိုးရှင် လူအိုကြီးလင်းက သူ့ရဲ့လှံရှည်ကိုဆွဲကိုင်ထားလေသည်။ သူမျက်နှာကမဲမှောင်ပြီး ရက်စက်ယုတ်မာသည့်ပုံပေါက်နေသည်။


နေမင်းသုတ်သင်လေး ချမ့်ချန် အမောတကောဖြစ်နေကာ သူ့မျက်လုံးများက ရေခဲသဖွယ်အေးစက်နေလေသည်။


သူတို့ခန္ဓာကိုယ်ထဲတွင်စွမ်းအင်များလှည့်ပတ်လိုက်ပြီး ဖုန်မှုန့်နှင့်ကျောက်ခဲများကိုဖယ်ထုတ်ပစ်လိုက်သည်။


သူတို့နှစ်ယောက်လုံး ခေါင်းမော့လိုက်ကာ မျက်လုံးများကဝှိုက်တီထံကျရောက်သွားသည်။ 


ထိုသံတုံးကြီးကသူတို့နှစ်ယောက်ကိုမျက်စိထဲပင်မထည့်ချေ။ သတိမထားမိသည့်အချိန်တွင် သူတို့ကိုရိုက်နှက်ရန်အခွင့်အရေးကိုချောင်းနေလေသည်။


၎င်းကသူတို့ကို ကောင်းကင်ပေါ်ကနေမြေပြင်ထိရိုက်ချသွားခဲ့ပြီးပြီဖြစ်သည်။


သူတို့ရဲ့မျက်နှာ... သူတို့မျက်နှာပျက်ခဲ့ရပြီ...


ခွင့်မလွှတ်နိုင်စရာပဲ။


ဝှိုက်တီ၏စက်ရုပ် ငွေမှင်ရောင်မျက်လုံးများက တလက်လက်တောက်ပနေပြီး ချွန်ထက်နေတဲ့ဆူးချွန်တွေက ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးမှငေါထွက်လာသည်။


ရုပ်သေးရုပ်က ၎င်းချေမှုန်းခဲ့သောရန်သူများထံမှ များစွာသော နတ်ဘုရားသတ်လက်နက်များကိုကိုင်ဆောင်ထားလေသည်။



ထိုအချိန်တွင်


 အစားကြူးနတ်ဘုရားအဆောက်အဦး၏အပြင်ဘက်တွင် အရာအားလုံးပျက်ဆီးနေပြီဖြစ်သည်။


အမှုန်အမွှားတွေနဲ့မီးခိုးတွေက အုတ်အကျိုးအပဲ့များမှထွက်ပေါ်လာပြီး စုတ်ပြဲနေသောအဝတ်အစားများကကောင်းကင်ပေါ်မှကျလာတော့သည်။


လူတွေ အော်ဟစ်ညီးတွားနေကြသည်။ တစ်ချို့ကတွားသွားနေကြပြီး တစ်ချို့ကမတ်တတ်ရပ်ရန်ကြိုးစားနေကြသည်။သူတို့အကုန်လုံး အဝတ်ဗလာနှင့်ဖြစ်ပြီး မျက်နှာတွေကဖြူဖျော့နေကြသည်။ အများစုကသွေးအန်နေကြလေသည်။


သူတို့ရဲ့အဝတ်အစားတွေအကုန်လုံးစုတ်ဖြဲခံလိုက်ရပြီး တုတ်တစ်ချောင်းကြောင့်အသက်ခံရမလိုပင်ဖြစ်ခဲ့သည်။


သူတို့ရဲ့နတ်ဘုရားသတ်လက်နက်တွေက သူတို့ဆီကအလုခံလိုက်ရပြီး ခွေးတစ်ကောင်လိုအဆက်ဆံခံလိုက်ရသည်။


သူတို့‌ေ-ာက်ကျင့်မကောင်းတဲ့ ရုပ်သေးရုပ်တစ်ရုပ်နှင့်ပက်ပင်းကြုံခဲ့ရလေသည်။


သူတို့ရဲ့လက်နက်တွေကိုလုယက်သွားတာကိုတော့နားလည်ပေမဲ့ အဝတ်အစားတွေကိုပါ ဘာကိစ္စကြောင့်ဆုတ်ဖြဲပစ်လိုက်ရတာလဲ။ သူတို့မှာသာ အရေးပေါ်အသက်ကယ်နိုင်တဲ့နည်းလမ်းတွေသာမရှိရင် ထိုနီရဲပူပြင်းနေသောနတ်ဘုရားသတ်တုတ်နဲ့အသတ်ခံရတာကြာလှပေပြီ...


သူတို့အကုန်လုံး သိုလှောင်လက်စွပ်ထဲမှအဝတ်အစားအပိုတွေကထုတ်ယူလိုက်ကာ ဝတ်ဆင်နေရင်းနှင့် ခါးသီးကာဝမ်းနည်းနေကြလေသည်။ ထို့နောက် သူတို့အကုန်လုံး အစားကြူးနတ်ဘုရားအဆောက်အဦးဆီဦးတည်ကာသွားကြလေတော့သည်။ ထိုနေရာကတိုက်ပွဲက ယခုလေးတင်စခြင်းဖြစ်သည်။


သူတို့အကုန်လုံး ထိုသံရုပ်သေးအရိုက်ခံရမှာကိုမြင်ချင်ကြပေသည်။



နတ်ဘုရားသတ်တုတ်ကို လက်တစ်ဖက်တွင်ကိုင်ဆောင်ထားပြီး တုတ်၏အဆုံးတစ်ဖက်သည်တော့ ဆယ်ဆခန့်ပိုမိုကြီးမားလာလေသည်။


နတ်ဘုရားသတ်တုတ်ကသူတို့နှစ်ယောက်ကိုရိုက်ချပြီးသောနောက်တွင် ၎င်း၏ပုံမှန်အရွယ်အစားကဲ့သို့ကြုံ့ဝင်သွားတော့သည်။


ဆွစ်...


ဝှိုက်တီနတ်ဘုရားသတ်တုတ်ကိုတစ်ပတ်လှည့်လိုက်ပြီး ၎င်း၏နောက်ကျောတွင်ပြန်သိမ်းလိုက်သည်။ 


ထို့နောက် မျက်လုံးတောက်တောက်များဖြင့် လုလာသော လက်နက်များကိုကြည့်လိုက်သည်။


နတ်ဘုရားသတ်လက်နက်သုံးခုရှိပြီး ဝါတစ်ခုကိုဝါးမျိုးလိုက်ပါက ဝှိုက်တီကိုတစ်ကြိမ်အဆင့်တက်စေသည်။ ထိုနတ်ဘုရားလက်နက်များက ခုနတင် သူ ဝါးမျိုလိုက်သော နတ်ဘုရားသတ်ပုဆိန်ထက် အအရေအသွေးနိမ့်သော်လည်း အများအပြားရှိနေလေသည်။


အရေအတွက်က အရည်အသွေး ကိုပြောင်းလဲနိုင်ပေသည်။


"ဒါရုပ်သေးရုပ်တစ်ရုပ်ပဲလေ..အမှိုက်ကောင် သေလိုက်တော့" 


လူအိုကြီးလင်းအော်လိုက်သည်။ သူ့မျက်လုံးတွေကအေးစက်နေပြီး လှံရှည်ကိုဝေ့ယမ်းလိုက်သည်။ သူ့ပတ်ပတ်လည်ကမီတာများစွာအတွင်း လေများတိုးလာပြီး သူ့၏အစစ်အမှန်စွမ်းအင်များက ကျယ်ပြန့်လာတော့သည်။


ခြေဆောင့်နင်းလိုက်ပြီး သူ့ခြေထောက်အောက်ကမြေပြင်ကိုချိုင့်ဝင်သွားစေသည်။ သူ့ခန္ဓာကိုယ်က လှံရှည်နှင့်အတူ အလျားလိုက်ရွေ့လျားသွားပြီး ကြောက်မက်ဖွယ်ကောင်းအောင်သန်မာသောလေပြင်းများက တုန်လှုပ်မြည်ဟီးကာ မြင့်တက်တက်လာတော့သည်။


လူအိုကြီးလင်း ဝှိုက်တီကိုတိုက်ရိုက်သွားသတ်လေသည်။


နေမင်းသုတ်သင်လေး ချမ်ချန့်၏မျက်နှာသည်လည်းအေးစက်နေလေသော်လည်း သူ့မျက်လုံးများကတော့ဝှိုက်တီပေါ်တွင်မရှိပေ။ ဝှိုက်တီ၏တုတ်နှင့်အလစ်တိုက်ခံလိုက်ရသော်လည်း သူ့ရဲ့ရည်ရွယ်ချက်က ချူချန်းချန် အမွေအနှစ်ကိုအတင်းအကျပ်လက်လွှဲယူရန်ဖြစ်သည်။


ကောင်းကင်ယံတွင် ဝှိုက်တီ၏ငွေဖြူရောင်မျက်လုံးများတလက်လက်တောက်ပနေလေသည်။ အနက်ရောင်တွင်းပေါက်တစ်ခုက ၎င်း၏ဗိုက်ပေါ်တွင်ပေါ်ပေါက်လာပြီး ၎င်း၏လက်များက နတ်ဘုရားသတ်လက်နက်များကို ထိုတွင်းပေါက်ထဲသို့ ထည့်နေလေသည်။


လက်နက်များက အစိတ်စိတ်ကွဲကြေသွားပြီး နတ်ဘုရားတပိုင်းစွမ်းအင်များက နေရာတိုင်းသို့ပျံ့နှံ့သွားပြီး ဝှိုက်တီကထိုစွမ်းအင်များကို လျှင်မြန်စွာစုပ်ယူလိုက်သည်။


ထိုအချိန်တွင် လူအိုကြီးလင်းကတိုက်ခိုက်ရန်ရောက်လာပေသည်။


ဝှိုက်တီ၏ချွန်ထက်နေသော ဆူးချွန်များက ပိုပြီးကြမ်းကြုတ်လာသည်။ သစ်ရွက်နှင့်တူသောလက်ဖဝါးကလည်း နတ်ဘုရားသတ်တုတ်ကို ဆုပ်ကိုင်ကာ ပုစွန်ပိစိပေါ်သို့ခုန်တက်လိုက်လေသည်။


ပုစွန်ပိစိ၏မျက်လုံးဝိုင်းဝိုင်းများကတောက်ပလာတော့သည်။ နောက်တစ်စက္ကန့်အတွင်းတွင်ပဲ ၎င်းက အလင်းရဲ့အရှိန်နှုန်းဖြင်ပျံသန်းသွားကာ ရွှေရောင်အလင်းတန်းအဖြစ်ပြောင်းလဲသွားလေသည်။ ၎င်းကအလွန်လျှင်မြန်ပြီး လေဟာနယ်ကိုချိုးဖျက်လုမတတ်ပင်ဖြစ်နေပေသည်။


နေမင်းသုတ်သင်လေး ချမ်ချန့်က ချူချန်းရှန်ကိုအေးစက်စွာစိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်


"သူတို့ကခင်ဗျားကိုကယ်နိုင်မယ်လို့ထင်နေတာလား... ချူချန်းရှန်... ဒါအသုံးမဝင်မှာမပါဘူး... အစားကြူးတောင်ကြားရဲ့အမွေအနှစ်ကိုလက်လွှဲပေးလိုက်စမ်းပါ..."


ချမ်ချန့် သူ့ရဲ့လေးကိုမြှောက်လိုက်ပြီး နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်သည်။ လေးကြိုးကိုဆွဲလိုက်ပြီး ချူချန်းရှန်ကိုချိန်ရွယ်လိုက်သည်။


အလင်းမြှား ပုံပေါ်လာသည်။ ထို့နောက် အလင်းမြှားသုံးစင်းကို ချူချန်းရှန်ထံအမြန်ဆုံးနှုန်းနှင့်ပစ်ခွင်းလိုက်သည်။ အသံလှိုင်းများနှင့်လေထုပေါက်ကွဲသံများက တဟုန်ထိုးမြည်လာတော့သည်။


ချူချန်းရှန်၏မျက်လုံးများကမှေးမှိန်သွားတော့သည်။ သူပုန်းကွယ်ချင်သော်လည်း မတတ်နိုင်ပဲဖြစ်နေလေသည်။


ဖြီး ဖြီး


သွေးများအန်ထုတ်လိုက်သည်။ ချူချန်းရှန်၏ယိုင်လဲနေသောခန္ဓာကိုယ်ကနောက်တစ်ကြိမ်အပစ်ခံလိုက်ရသည်။ အလင်းမြှားတစ်ချောင်းကသူ့ခန္ဓာကိုယ်ကိုဖောက်ထွင်းသွားပြီး မြေပြင်ပေါ်သို့ထိုးစိုက်သွားစေသည်။


ချူချန်းချန်အလင်းမြှားကို ဆုပ်ကိုင်ကာ အမောတကောအော်ဟစ်လိုက်သည်။


ထိုမြှားကသူ့ခန္ဓာကိုယ်ကို ဆုတ်ဖြဲလိုက်ပြီးသားဖြစ်လေသည်။


ဝှီး


အခြားအလင်းမြှားနှစ်ချောင်းက ဒိုင်လူကြီးများ၏စားပွဲသို့ဦးတည်၍ဆက်တိုက်ပျံထွက်လာသည်။ ထိုမြှားများတွင်လျှပ်စီးများနှင့်စွမ်းအင်များဖောင်းပွနေလျက်ရှိသည်။


နေမင်းသုတ်သင်လေး ချမ်ချန့်က ငရဲဘုရင်အာဟကိုအေးစက်စွာကြည့်နေသည်။ ထိုမြှားနှစ်စင်းက စမ်းသပ် ရန်စရန်ဖြစ်လေသည်။


ခုနက ငရဲဘုရင်အာဟသူ့ရဲ့ဖိအားကိုထုတ်လွှတ်ခဲ့သည်။ အချိန်ခဏလေးသာဖြစ်သော်လည်း သူ့ကိုတုန်လှုပ်ခြောက်ခြားကာနှလုံးခုန်ပင်မြန်သွားစေခဲ့သည်။


ယုတ္တိရှိရှိပြောရမည်ဆိုလျှင် ထိုကဲ့သို့သောစွမ်းအင်များကိုဒီကမ္ဘာပေါ်တွင်ပိုင်ဆိုင်ခြင်းမရှိသင့်ပေ။


ထိုကြောင့် သူ ထိုလူရွယ်၏အစစ်အမှန်အင်အားကို စူးစမ်းရန် မြှားနှစ်ချောင်းကိုပစ်လွှတ်လိုက်ခြင်းဖြစ်သည်။


သူကလူတွေကိုလျှို့ဝှက်ဆန်းကျယ်တဲ့ပုံနဲ့လှည့်ဖျားဖို့ကြိုးစားခဲ့တာလား သူ့ရဲ့တိုက်ပွဲစွမ်းရည်အစစ်ကိုပြခဲ့တာလား။


ထိုအလင်းမြှားနှစ်ချောင်းကိုပစ်ပြီးရင် သူသိလာမှာပေါ့။


ဆွစ်


မြှားများက လေထုကိုပင်တုန်ခါသွားစေသော ကြောက်မက်ဖွယ်စွမ်းအင်များဖြင့် ဟိန်းဟောက်မြည်တမ်း၍ရောက်လာလေသည်။


အလင်းမြှားနှစ်စင်းက ပုဖန်ရဲ့ဆံပင်တွေကို လေပေါ်ပျံ့လွင့်ပြီး ရှုပ်ပွသွားစေသည်။ မျက်မှောင်ကြုတ်လိုက်ကာ သူ့ခေါင်းကိုလှည့်ပြီးကြည့်လိုက်မိသည်။


 ချမ်ချန့်အာရုံစူးစိုက်လိုက်သည်။သူ့လက်ကိုမြှောက်လိုက်ကာ လက်သီးဆုပ်ပြီးခပ်ဖွဖွဖိညှစ်လိုက်သည်။


ရုတ်တရက်ပဲ အလင်းမြှားနှစ်ချောင်းကပေါင်းဆုံသွားပြီး တစ်ချောင်းတည်းအဖြစ်သို့ပြောင်းသွားကာ ငရဲဘုရင်အာဟထံသို့ဦးတည်သွားလေသည်။


ထိုအချိန်တွင် ငရဲဘုရင်အာဟ၏တူများကတုန်ရီနေပြီး စိတ်လှုပ်တရှားနှင့် တတွတ်တွတ်ပြောနေလေသည်။


"ဘယ်လောက်တောင်ကြာသွားပြီလဲ... နောက်ဆုံးတော့ အရသာရှိတဲ့အစပ်ချောင်းတွေကိုနောက်တစ်ခေါက် အရသာခံနိုင်ပြီ..."


အစပ်ချောင်းကိုတိုက်ရိုက်မစားနိုင်သော်လည်း ဟင်းပွဲကအစပ်ချောင်းအရသာဟင်းပွဲဖြစ်နေဆဲပင်ဖြစ်သည်။ ထုံးစံအတိုင်း သူ့ကိုယ်သူမထိန်းနိုင်တော့ပေ။


သူ့ရဲ့တူများက နီးသည်ထက်နီးလာလေသည်။


သူ့ရဲ့တူဖြင့် ကျောက်စိမ်းတုံးတစ်တုံးနှင့်တူသော မျှစ်တစ်တုံးကိုညှပ်လိုက်သည်။ မျှစ်အသားကိုဖောက်ထွင်း၍ ပူစပ်ပြီးအဆီပြန်ကာ အရည်ရွှမ်းနေသောအစပ်ချောင်းကိုမြင်နိုင်လေသည်။ 


ဘုရားရေ


ငရဲဘုရင်အာဟ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့မျက်လုံးတွေကတော့ စူးရဲနေသည်။

 

ရုတ်တရက် သူကြောက်မက်ဖွယ်ကောင်းသော လေတိုက်လာသည်ကိုခံစားလိုက်ရပြီး သူ့ခေါင်းကိုမော့ကြည့်လိုက်သည်။


ထိုအရာက စိတ်ရှုပ်စရာကောင်းပြီး တောက်ပနေတဲ့အလင်းမြှားတစ်ချောင်းပင်။


ငရဲဘုရင်အာဟ ထိုသည်ကိုမြင်တော့ အံ့ဩပြီးဒေါသထွက်သွားလေတော့သည်။


"ဒီဘုရင်ကိုစားခွင့်ပေးတာလား.မပေးတာလား...ငါ့အတွက်ကိစ္စတွေကိုခက်ခဲလာအောင်များလုပ်နေတာလား...ယနေ့ခေတ်လူငယ်တွေကတော့ သူတို့ရဲ့အသက်ကိုဒီအတိုင်းလေးလွှင့်ပစ်နေကြတာပဲလား..."


သူ့လက်မောင်းကိုဖြန့်ကားလိုက်ပြီး ကြောက်မက်ဖွယ်စွမ်းအင်တွေထုတ်လွှတ်နေတဲ့အလင်းမြှားကို သူ့ရဲ့လက်ချောင်းငါးချောင်းကိုသုံးပြီးတိုက်ရိုက်ဖမ်းဆုပ်လိုက်လေသည်။ အသံလှိုင်းများပဲ့တင်ထပ်သွားကာ အလင်းမြှားကတော့တစ်လက်မပင်ရှေ့ဆက်မတိုးနိုင်တော့ပေ။


ချမ့်ချန့် ၏နှလုံးသားနစ်မြှုပ်သွားသလိုခံစားလိုက်ရသည်။


အဘယ့်ကြောင့်ဆိုသော် အလင်းမြှားကိုဖြတ်၍ အလွန်အမင်းအေးစက်နေသောမျက်ဝန်းတစ်စုံကိုသူမြင်လိုက်ရသောကြောင့်ဖြစ်လေသည်။ ထိုမျက်ဝန်းများက ထောင်ချီသောအလောင်းများပေါ်တွင်မတ်တတ်ရပ်နေသော စစ်သည်တော်တစ်ဦး၏မျက်လုံးများနှင့်တူညီလေသည်။


ထိုမျက်လုံးများ...


ချမ်ချန့် အချိန်မဖြုန်းတော့ပေ။ စကားတစ်ခွန်းပင်မဆိုတော့ ပဲ ချက်ချင်းလှည့်ပြေးလေတော့သည်။