အပိုင်း ၇၅၃
Viewers 63k

အခန်း ၇၅၃

ငရဲဘုရင်အာဟထပ်ပြီးမိုးကြိုးပစ်ခံရပြန်ပြီ


ဘုန်း ဘုန်း


နီရဲပူပြင်းနေတဲ့ စစ်နတ်ဘုရားသတ်တုတ်က ချော်ရည်ပူထဲမှထုတ်ထားပြီးကာစနှင့်တူနေသည်။ယင်းကိုကိုင်စွဲအသုံးပြုပါက မီးပွားများကိုနေရာအနှံ့ရောက်သွားစေသည်။အပူလှိုင်းလုံးတွေနှင့် လျှို့ဝှက်ဆန်းကျယ်သောပန်းချီများက ဆက်တိုက်ပင်လှုပ်ရှားနေကာလှိုင်းဂယက်ထနေစေတော့သည်။


ဝှိုက်တီ၏သတ္တုအတောင်ပံက တဖျပ်ဖျပ်လှုပ်ခါနေလျက်ရှိနေလေသည်။ အတောင်ပံတစ်ခါခပ်လိုက်တိုင်း ဓားထက်ထက်တစ်ချောင်းက လူအိုကြီးလင်းကို ဟက်တက်ခွဲနေသကဲ့သို့ဖြစ်နေသည်။ ထက်မြိနေသည့်လေဓားများက ဦးတည်ဘက်နေရာတိုင်းကို ဆုတ်ဖြဲနေလျက်ရှိသည်။


ငွေဖြူရောင်မျက်လုံးများတွင် အနက်ရောင်အစက်အပျောက်များစွာရှိနေပြီး ထက်မြက်မှုနှင့်စွမ်းအင်များက လှိုင်းထနေလျက်ရှိသည်။ ဝှိုက်တီ၏ တိုက်ခိုက်နိုင်စွမ်းသည်ရုတ်ချည်းပင်တိုးမြင့်လာပြီး ကြီးမြတ်သောတန်ခိုးရှင်များထက်နိမ့်ကျနေခြင်းမရှိတော့ချေ။


နတ်ဘုရားသတ်တုတ်ကပို၍လျှို့ဝှက်ဆန်းကျယ်လာတော့သည်။ ၎င်းကိုတစ်ခါဝှေ့ယမ်းအသုံးပြုလိုက်သည့်အခါတိုင်း လေဟာနယ်ကိုပင်တုန်လှုပ်သွားစေတော့သည်။


လှံရှည်ကိုဆုပ်ကိုင်ထားသည့် လူအိုကြီးလင်း၏လက်သည် နာကျင်နေလျက်ရှိပေသည်။ သူ့လက်ကတုန်ရီနေလျက်ပြီး နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရသည်။


"ဒီရုပ်သေးက အချိန်ကြာကြာတိုက်ခိုက်လေပိုပြီးသန်မာလာလေပဲ...နည်းနည်းလေးတောင်ပင်ပန်းနေတဲ့ပုံမပေါ်ဘူးဟ..."


လူအိုကြီးလင်းရဲ့နှလုံးသားတဆတ်ဆတ်တုန်ရီသွားတော့သည်။အစက ဒီရုပ်သေးရုပ်ကသူ့ပြိုင်ဘက်မဟုတ်ခဲ့သော်လည်း ယခုတော့ယင်းကသူ့ကိုဖိနှိပ်နေပြီဖြစ်သည်။ ဘယ်လိုအင်အားနဲ့များ ဒီလိုကြောက်စရာကောင်းတဲ့မကောင်းဆိုးဝါး ရုပ်သေးရုပ်ကိုဖန်တီးခဲ့ပါလိမ့်။


ဘုန်း


ဝှိုက်တီ၏လက်တစ်ဖက်ထဲတွင် နတ်ဘုရားသတ်တုတ်ကို ကိုင်ဆောင်ထားပြီး လူအိုကြီးလင်းကိုတွန်းထိုးရိုက်ပုတ်ရင်းအနောက်ဘက်သို့ ရေပြင်ညီအတိုင်းဆုတ်ခွာသွားစေရန်ပြုလုပ်လိုက်သည်။


လူအိုကြီးလင်း၏ခေါင်းအထက်တွင်ရှိသော ဝိဉာဉ်လှေကားကားသည်ဝင်းလက်သွားခဲ့သည်။ကြယ်ရောင်စဉ်တန်းများကလဲ တောက်ပလာခဲ့သည်။


လူသားတစ်ဦးကရုပ်သေးရုပ်တစ်ရုပ်နှင့်တိုက်ခိုက်နေခဲ့ပြီး ကမ္ဘာမြေကြီးကို နက်မှောင်သွားစေခဲ့သည်။


ရုတ်တရက်ပဲ ရွှေရောင်အလင်းတန်းသုံးခု ရောက်ရှိလာတော့သည်။

 

တဒင်ဒင်တတောင်တောင်မြည်သံများပဲ့တင်ထပ်နေခဲ့သည်။ထုထည်ကြီးမားပြီး ထိတ်လန့်ကြောက်ရွံ့ဖွယ် ဓားမကြီးများပါဝင်နေသည့် ရွှေရောင်အလင်းတန်းများကကျယ်ပြန့်လာတော့သည်။ထိုဓားမကြီးများတွင် သွယ်လျသော လက်ကိုင်များရှိလေသည်။ ၎င်းတို့ကိုလက်ထဲတွင်ကိုင်ထားမည်ဆိုပါက ကိုင်ဆိုင်သူက ၎င်းတို့ထံမှာလှုပ်ရှားနေသောစွမ်းအင်များကိုခံစားနိုင်ပေလိမ့်မည်။


ထိုဓားမကြီးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရွှေချပ်ဝတ်သုံးဖော်အစောင့်အရှောက်များထံမှ ခံ့ညားလောက်သောအော်ရာများကိုခံစားလိုက်ရသည်။


"လူအိုကြီးလင်း ခင်ဗျားကိုကျုပ်တို့လာကူညီပြီ..."


ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် အစောင့်အရှောက်များထဲမှတစ်ယောက်ကအော်ပြောလိုက်သည်။ ခဏအကြာတွင်တော့ သူတို့ရဲ့ ဓားရှည်တွေကိုဝှေ့ယမ်းလိုက်ပြီး အစီအရင်တစ်ခုကိုတည်ဆောက်လိုက်သည်။ ရုတ်ချည်းပင် အလင်းဓားသွားများထွက်ပေါ်ဘာပြီး တောက်ပနေတဲ့ ရောင်ခြည်စက်ဝန်းတစ်ခုပေါ်ထွက်လာတော့သည်။


သူတို့ရဲ့အော်ရာများကမြင့်တက်လာပြီး ကြီးမားတဲ့ရွှေရောင်ချပ်ဝတ်ပုံရိပ်ကြီးတစ်ခုပေါ်ထွက်လာတော့သည်။

ထိုပုံရိပ်၏အော်ရာက ကြီးမြတ်သောတန်ခိုးရှင်များထက် အားနည်းမှုမရှိချေ။


ပုံရိပ်ကြီးက ကောင်းကင်ကိုပင် ဖြတ်တောက်နိုင်ပြီး လေဟာနယ်ကိုပင်တုန်ခါသွားစေသည့် ရှည်လျားသည့်ဓားကြီးကိုကိုင်ဆောင်ထားသည်။


လုအိုကြီးလင်း၏မျက်လုံးထဲတွင် အံ့အားသင့်ဖွယ်အလင်းများတောက်ပနေလျက်ရှိသည်။ ရွှေချပ်ဝတ်ကာကွယ်စောင့်ရှောက်သူများက သူ့ကိုကူညီဖို့အချိန်မှန်တွင်ရောက်လာခြင်းဖြစ်လေသည်။


ဤရွှေချပ်ဝတ်ကာကွယ်စောင့်ရှောင့်သူသုံးယောက်က...ကာကွယ်စောင့်ရှောက်သူ ဆယ့်သုံးယောက်ထဲတွင် ထိပ်ဆုံးသုံးယောက်ဖြစ်လေသည်။သူတို့ရဲ့ကျင့်ကြံရေးအဆင့်တွေက မြင့်မြတ်သောတန်ခိုးရှင်အဆင့်နှင့် အနည်းငယ်သာကွာဟလေသည်။ မြင့်မြတ်သောတန်ခိုးရှင်ကိုပင် ခုတ်ပိုင်းပစ်နိုင်သော ပုံရိပ်ကိုသူတို့သုံးယောက်ကအစီအရင်ဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။


လှံရှည်ကိုကောင်းကင်ပေါ်သို့ပစ်လွှတ်လိုက်သောအခါ ၎င်း၏အလင်းရောင်က နေရာတိုင်းကိုတောက်ပစေတော့သည်။ လူအိုကြီးလင်းကဟစ်အော်လိုက်ပြီး သူ၏ဆံပင်များသည်လေထဲတွင်မျောလွင့်နေတော့သည်။


သူ့ရဲ့ခြေတစ်လှမ်းက မြေပြင်ကိုပင်ကွဲကြေသွားစေလေသည်။ လေဟာနယ်ထဲတွင်တော့ သူ၏လှံရှည်၏ပုံရိပ်သည်ကြီးမားလာပြီး မောက်မာစွာဖြင့်မတ်တတ်ရပ်နေသော ဝှိုက်တီကို တဒုန်းဒုန်းထုရိုက်နေလျက်ရှိသည်။


ဓားမရှည်ကြီးများနှင့် လှံရှည်က တစ်ချိန်တည်းတွင်တိုက်ခိုက်နေကြခြင်းဖြစ်သည်။ထိုအချိန်တွင် လေဟာနယ်သည်တော့ဖိအားကိုပင်မထုတ်လွှင့်နိုင်တော့သည့်ပုံပေါ်နေသည်။


ဝှိုက်တီ၏ငွေဖြူရောင်မျက်ဆံများက တလက်လက်တောက်ပလာတော့သည်။ အချိန်ခဏအကြာတွင်တော့ ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ ရုပ်ပုံများကတောက်ပလာသည့်အပြင် အော်ရာကလည်း မြင့်တက်လာတော့သည်။


"နတ်ဘုရားသတ်သူဝှိုက်တီ...သေပေတော့..."


ဝှိုက်တီ၏ စက်ရုပ်ဆန်သောအသံကမြင့်တက်လာတော့သည်။


ခဏအကြာတွင်တော့ ရွှေရောင်ပုစွန်ပိစိက ကောင်းကင်ပေါ်သို့တက်သွားပြီး တဝီဝီမြည်နေတော့သည်။ ဝှိုက်တီကခုန်လိုက်ပြီး ရွှေရောင်ပုစွန်၏ကျော်ပေါ်သို့ဆင်းသက်လိုက်သည်။


နတ်ဘုရားသတ်တုတ်ကိုကိုင်ထားသောဝှိုက်တီက တိုက်ခိုက်လိုစိတ်ပြည့်နှက်နေတော့သည်။ တုတ်ကိုကောင်းကင်ပေါ်သို့ညွှန်ပြလိုက်ပြီး တိုက်ခိုက်မှုနှစ်ခုကိုထုတ်လွှတ်လိုက်တော့သည်။ နောင်တစ်စက္ကန့်တွင်တုတ်၏အရိပ်က ကောင်းကင်ပေါ်သို့လွှမ်းခြုံသွားတော့သည်။


ဒုန်း ဒုန်း


သူ့လက်ထဲတွင်ရှိသော နတ်ဘုရားသတ်တုတ်က ချော်ရည်လှိုင်းလုံးကြီးနှင့်တူနေပြီး အပူလှိုင်းများနှင့် ပုံရိပ်များကတိုးပွားလာပြီး ကောင်းကင်သို့ထိလုမတတ်ဖြစ်နေသော မျှော်စင်ကဲ့သို့ဖြစ်နေသည်။


ပုစွန်ပိစိပေါ်တွင် ဝှိုက်တီကမောက်မာစွာမတ်တပ်ရပ်နေပြီး နတ်ဘုရားသတ်တုတ်ကိုလာရောက်ထိခတ်နေသော ကြီးမားသည့်ပုံရိပ်ကြီးကို တန်ပြန်တိုက်စစ်ဆင်လိုက်တော့သည်။


ဘုန်း


အလွန်ကြောက်စရာကောင်းသောအကျိုးသက်ရောက်မှုများပေါက်ကွဲထွက်လာပြီး စွမ်းအင်လှိုင်းများက လှိုင်းဂယက်ထလာတော့သည်။ အောက်ဘက်တွင်ရှိသော အိမ်များက ကြောက်မက်ဖွယ်လှိုင်းလုံးများ၏တစ်စစီပုတ်ထုတ်ခြင်းကိုခံရသည်။


မြေပြင်ကချိုင့်ဝင်သွားပြီး ပြိုကျသွားလုမတတ်လှုပ်ခါနေတော့သည်။


လူအိုကြီးလင်းက အသက်ကိုပင့်သက်ရှိုက်လိုက်ပြီး ချွေးပြန်လာတော့သည်။သူ့လက်ထဲတွင် လှံရှည်ကိုတုန်တုန်ရီရီဖြင့်ကိုင်ထားလိုက်ပြီး မြေပြင်ပေါ်တွင်ရှိသော နက်ရှိုင်းလှသည့်အပေါက်ကြီးကိုငေးကြည့်နေခဲ့သည်။ သူ့ရဲ့ခေါင်းပေါ်တွင်ရှိသော စိတ်ဝိဉာဉ်လှေကားသည် မှိန်ဖျော့ပျောက်ကွယ်သွားတော့သည်။ သူတော်တော်လေး ခြေကုန်လက်ပမ်းကျသွားတော့သည်။


သူအတော်လေးနစ်နာသွားသလိုခံစားလိုက်ရသည်။ သံရုပ်သေးရုပ်တစ်ရုပ်နဲ့ရင်ဆိုင်ဖို့ သူ့ကိုယ်သူခြေကုန်လက်ပမ်းကျသွားစေခဲ့ခြင်းဖြစ်သည်။


ရွှေချပ်ဝတ်ကာကွယ်စောင့်ရှောင့်သူသုံးယောက်က လူအိုကြီးလင်းကိုကာကွယ်ပေးလိုက်ရင်း သူတို့၏အစီအရင်ခင်းကျင်းမှုကိုပျက်ပြယ်သွားစေမိသည်။ သူတို့၏အနီရောင်မျက်လုံးများက အပျက်အစီးများကို ပြင်းပြင်းထန်ထန်စိုက်ကြည့်နေလေသည်။


"လူအိုကြီးလင်း ကျုပ်တို့....." 


ရွှေချပ်ဝတ်ကာကွယ်စောင့်ရှောက်သူက တစ်စုံတစ်ခုပြောချင်နေခဲ့သည်။


"သတိထား..."


လူအိုကြီးလင်း အော်ပြောလိုက်ရင်းသူ၏မျက်လုံးများကလဲ ပြူးကျယ်လာတော့သည်။


ဖုန်မှုန့်များကလဲ လေပြင်းများနှင့်အတူမြင့်တက်လာတော့သည်။ နီရဲပူပြင်းနေသောနတ်ဘုရားသတ်တုတ်ကိုဝှေ့ယမ်းလိုက်ပြီး ကာကွယ်စောင့်ရှောင့်သူ၏ခေါင်းကိုလူမဆန်စွာရိုက်ချလိုက်သည်။ ထိုရိုက်ချက်ကိုခံယူလိုက်ရသော စောင့်ရှောက်သူသည် မြေပြင်ပေါ်သို့ ကျသွားအောင်အပို့ခံလိုက်ရသည်။


လူအိုကြီးလင်း၏စိတ်နှလုံးသည်တုန်လှုပ်သွားတော့သည်။


ငွေဖြူရောင်မျက်လုံးများကတောက်ပလာပြီး သစ်ရွက်ပုံလက်များကသူ့မျက်လုံးထဲတွင် တဖြေးဖြေးနီးကပ်လာပြီး သူ့ရဲ့ခေါင်းကိုဆုပ်ကိုင်လိုက်တော့သည်။


လူအိုကြီးလင်းက ထိုလက်သည်သူ့ခေါင်းကိုဖျစ်ညှစ်ပြီးခွဲခြေလိုက်နိုင်သည်ဟု တွေးမိလိုက်သည်။


ဘုန်း


သူနက်ရှိုင်းလှသောတွင်းကြီးထဲသို့ ထုချလိုက်ခြင်းခံလိုက်ရသည်။


လူအိုကြီးလင်း၏နောက်ကျောသည် မြေပြင်နှင့်ရိုက်မိသွားသည်။ သူ့ခေါင်းသည်လည်း ဆောင့်ချခြင်းခံလိုက်ရပြီး အလွန်နက်သောအချိူင့်တစ်ခုကိုဖြစ်ပေါ်သွားစေသည်။ သူညည်းညူလိုက်သည်။


သို့သော်လည်း ထိုသစ်ရွက်ပုံ လက်ကသူ့ကိုအလွတ်မပေးချေ။ ၎င်းကသူ့ကိုတွန်းထုတ်လိုက်ပြီး မြေပြင်ပေါ်တရွတ်တိုက်ဆွဲသွားလေသည်။


မြေပြင်ပေါ်ရှိ ကျောက်တုံးကျောက်ခံများက အဆက်မပြတ်ကွဲကျေနေတော့သည်။ လူအိုကြီးလင်းက အကြာကြီးတရွတ်တိုက်ဆွဲခေါ်ခံရပြီးနောက်တွင်တော့ အဝေးသို့ပစ်ပေါက်ခြင်းခံလိုက်ရသည်။


ကောင်းကင်ပေါ်ပျံတက်သွားပြီး သွေးများအန်ထွက်လာတော့သည်။


ဖလပ် ဖလပ်


လေထုက အသံတွေရဲ့ပဲ့တင်ထပ်မှုကိဆုတ်ဖြဲပစ်လိုက်သည်။ ခဏအကြာတွင်တော့ နီရဲပူပြင်းနေသည့်တုတ်က ကောင်းကင်ကိုဖြတ်သန်းပြီး သူ့ရဲ့ဝမ်းဗိုက်ကိုအဆက်အပြတ်ထုရိုက်တော့သည်။ သူကနံရံဆီသို့လူမဆန်စွာပစ်ထုတ်ခြင်းခံရသည်။


နံရံတစ်ခုလုံး ပြင်းပြင်းထန်ထန်လှုပ်ရမ်းသွားပြီး ပြိုကျသွားခဲ့သည်။


လူအိုကြီးလင်းတစ်ယောက် သူ့ရဲ့လှံရှည်ဘယ်နားကျသွားလဲပင်မသိတော့ချေ။ဖုန်လုံးကြီးက ပျက်ဆီးနေသည့်နေရာတစ်ခုလုံးကို ဖုံးအုပ်လွှမ်းမိုးသွားပြီး နတ်ဘုရားသတ်တုတ်မှအပူဓာတ်ကသူ့ရဲ့တစ်ကိုယ်လုံးကိုဖြန့်ကျက်ထားလျက်ရှိသည်။ 


ဖူး...


လူအိုကြီးလင်း သူ့ရဲ့လည်ချောင်းထဲတွင်ချိုမြသည့်အရသာကိုရလိုက်သည်။ မတတ်နိုင်ပဲသွေးတစ်လုပ်အန်ထုတ်လိုက်ရသည်။


ရုတ်ခြည်းပင်သူမောပန်းနွမ်းနယ်လာသည်။ သေစေနိုင်သည့်အော်ရာများကသူ့ကိုဝန်းရံလာတော့သည်။


ဘုန်း


အပျက်အစီးများကပေါက်ကွဲထွက်သွားသည်။ နတ်ဘုရားသတ်တုတ်ကကြုံ့သွားပြီး ကြောက်စရာကောင်းသောရုပ်သေးရုပ်ကသူ့မြင်ကွင်းထဲသို့ပေါ်ထွက်လာတော့သည်။


ဖိနှိပ်နိုင်သည့်အော်ရာများက သူ့မျက်နှာကိုရိုက်လိုက်ပြီး လူအိုကြီးလင်း၏ခန္ဓာကိုယ်တောင့်တင်းသွားတော့သည်။


သူကဝှိုက်တီကို စိုက်ကြည့်နေခဲ့ပြီး ဝှိုက်တီ၏စက်ပစ္စည်းဆန်သည့် မျက်လုံးများကလည်း သူ့ကိုခပ်ယဲ့ယဲ့လေးကြည့်နေခဲ့သည်။


ခဏအကြာတွင်တော့ နတ်ဘုရားသတ်တုတ်ကရှေ့သို့တွန်းထုတ်လိုက်ခြင်းခံရသည်။ ၎င်းက လူအိုကြီးလင်း၏ခန္ဓာကိုယ်ကိုဖောက်ထွင်းသွားပြီး သူ့ကိုနံရံပေါ်တွင်ချိတ်စွဲနေစေသည်။ ဝှိုက်တီကနတ်ဘုရားသတ်တုတ်ကိုလက်တစ်ဖက်တွင်ကိုင်ထားပြီး နောက်တစ်ဖက်တွင်တော့ လူအိုကြီးလင်း၏လှံရှည်ကိုဆုပ်ကိုင်ထားသည်။


လူအိုကြီးလင်း၏သူငယ်အိမ်ကပြူးကျယ်လာပြီး သွေးများကလဲ သူ့နှုတ်ခမ်းထောင့်စွန်းများမှစီးကျလာတော့သည်


ရုတ်တရက်ပဲ သူ့ကိုသိမ့်သိမ့်တုန်သွားစေသောတစ်စုံတစ်ခုကြောင့် သူ့ရဲ့မျက်လုံးများကိုကျုံ့ဝင်သွားစေတော့သည်။


ရုပ်သေးရုပ်၏ဝမ်းဗိုက်က လည်ပတ်သွားပြီး အနက်ရောင်တွင်းပေါက်တစ်ခုထွက်ပေါ်လာလေသည်။ ရုပ်သေးရုပ်ကသူ့ရဲ့လှံရှည်ကိုအစားအစာတစ်ခုစားလိုက်သကဲ့သို့ ထိုတွင်းပေါက်ထဲသို့ပစ်ထည့်လိုက်သည်။


အဖိုးတန်သည့်သတ္တုများစွာဖြင့်သွန်းလုပ်ထားခဲ့သောသူ့ရဲ့လှံရှည်သည် ထိုတွင်းပေါက်ထဲတွင်ဝါးစားခြင်းခံလိုက်ရသကဲ့သို့ တစ်စစီကျိုးကြေသွားတော့သည်။ 


သူ့ရဲ့လှံရှည်လေးက.... ‌ေ-ာက်ကျိုးနည်းအောင်မျိုချခံလိုက်ရတာလား...


ထိုအရာကနတ်ဘုရားသတ်လက်နက်ဖြစ်ပြီး စားလိုက်ပါကဝှိုက်တီ၏အစွမ်းကိုမမြှင့်တင်ပေးနိုင်ပေ။ သို့သော်လည်း ဝှိုက်တီက ၎င်းကိုစားရန်ဆုံးဖြတ်ပြီးသားဖြစ်သည်။ ထိုအရာကလုပ်ရိုးလုပ်စဉ်ပင်ဖြစ်လာပြီဖြစ်သည်။


ထိုအရာကဝှိုက်တီအတွက်ဘာမျှမဟုတ်သော်လည်း လူအိုကြီးလင်းအတွက်မူ.....

ယင်းကအိပ်မက်ဆိုးပင်။


ဘုန်း


ဝှိုက်တီ၏သစ်ရွက်ပုံ လက်ကအသာအယာပုတ်လိုက်ပြီး လူအိုကြီးလင်း၏ခေါင်းကို အစိတ်စိတ်ကွဲကြေသွားသောဖရဲသီးကဲ့သို့ပေါက်ကွဲထွက်သွားစေသည်။ 


သည်လိုနှင့်ပင် ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေမှ မြင့်မြတ်သောတန်ခိုးရှင်တစ်ဦးသေဆုံးသွားခဲ့သည်။ သူတို့ပြင်းပြင်းထန်ထန်ကိုကြောက်ရွံ့သွားကြတော့သည်။ လူအိုကြီးလင်း၏ကွဲကြေသွားသောခေါင်းကိုကြည့်ရင်း သူတို့အထိန်တလန့်ဖြစ်နေကြတော့သည်။ နည်းနည်းမျှပင်တုံ့ဆိုင်းခြင်းမရှိပဲ သူတို့အကုန်လုံးလှည့်ပြေးသွားကြတော့သည်။


လူအိုကြီးလင်းကသေသွားခဲ့ပြီ။ သူတို့တိုက်ပွဲအစီအရင်ကိုခင်းကျဉ်းနိုင်ရင်တောင် ထိုရုပ်သေးရုပ်ကို ဆန့်ကျင်တိုက်ခိုက်ပြီးအနိုင်ရန်မဖြစ်နိုင်ချေ။


ပြေး


သူတို့ထိုသတင်းကိုပြန်သယ်သွားရပေမည်။ မြင့်မြတ်သောတန်ခိုးရှင်တစ်ဦးသေသွားတာက ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေတွင် မြေငလျှင်များဖန်တီးစေရန်လုံလောက်ချေသည်။


သို့သော်လည်းပဲ နီရဲပူပြင်းနေသောတုတ်က ဟိန်းဟောက်ရင်းတရှဲရှဲမြည်ကာ လေထုကိုဖြတ်သန်းပြီးသူတို့ဆီရောက်လာကာ မြေပြင်ပေါ်သို့ ဆောင့်ကျသွားတော့သည်။ သူတို့အတော်ကိုကြောက်ရွံ့သွားလေပြီ။


ဘုန်း


မြေပြင်ကချိုင့်ဝင်သွားပြီး တုတ်ရှည်ကြီးကသူတို့ရဲ့လမ်းကိုပိတ်ဆို့သွားလေသည်။


ဖုန်မှုန့်များအမြင့်သို့တက်လာတော့သည်။


ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသောပုံရိပ်က တုတ်၏အထက်တွက်မတ်တတ်ရပ်နေလေသည်။ သတ္တုအတောင်ပံများက ပြန့်ကားလာတော့သည်။


ရွှေချပ်ဝတ်ကာကွယ်စောင့်ရှောင့်သူသုံးယောက် တသိမ့်သိမ့်တုန်နေလေသည်။



ဂျီး


လေဟာနယ်ကွဲကြေသွားသည်။


ချန်လုံက ဝမ်းနည်းမှုများနှင့် လေဟာနယ်ကိုဖြတ်ကာသွားရန်အစီအစဉ်ဆွဲထားလေသည်။ သို့သော်လည်း သူလှည့်ကြည့်လိုက်သည့်အခါတွင်တော့ ကြက်သီးများထလာလေသည်။ လေဟာနယ်အက်ကွဲကြောင်းမှ ခွေးတစ်ကောင်ရဲ့နူးညံ့သိမ်မွေ့သောလက်ဖဝါးက သူ့ကိုတဖြေးဖြေးချင်းထုရိုက်လာတော့သည်။ 


ထိုခွေးလက်ဖဝါးလေးက သူတစ်ခါမျှမခံစားဖူးသော ခံစားချက်ကိုပေးစွမ်းလေသည်။ သတိပေးချက်များက သူ့ရဲ့နှလုံးသားထဲမှလိမ့်တက်လာတော့သည်။


သူအော်ဟစ်လိုက်ပြီး သူ့ရဲ့ကြီးမားပြီးရှည်လျားလှတဲ့ လေးကိုဆုပ်ကိုင်လိုက်ပြီး လေးကြိုးကိုရုတ်ချည်းပင်ဆွဲတင်လိုက်လေတော့သည်။


အလွန်ကြောက်မက်ဖွယ်ကောင်းသောစွမ်းအင်များက စုဝေးလာပြီး အလွန်ပူပြင်းတောက်လောင်နေသော အလင်းမြှားတစ်ချောင်းဖြစ်လတော့သည်။ ၎င်းက လေဟာနယ်အက်ကွဲကြောင်းကိုမတည်မငြိမ်ဖြစ်သွားစေသည်။


ကောင်းကင်ယံရှိမြင်ကွင်းကိုမြင်လိုက်သောအခါ လူများကတုန်လှုပ်သွားတော့သည်။ မတတ်နိုင်ပဲလေအေးတစ်ချက်ကိုရှိုက်သွင်းလိုက်ကြလေသည်။


ထိုအချိန်တွင် ငရဲဘုရင်၏ခေါင်းတစ်ခုလုံးမှ အပြာရောင်မီးခိုးငွေ့များတလူလူထွက်နေလျက်ရှိသည်။ သူ့မျက်နှာတစ်ခုလုံး မဲနက်နေပြီး မိုးကြိုးပစ်ခံရပြီးနောက် သူက ဝရုန်းသုံးကားဖြစ်နေဟန်ပေါ်လေသည်။


သို့သော်လည်း ၎င်းကသူ့ကိုအနည်း ကိုးရိုးကားယားနိုင်နေစေသည်။


မဟာနိယာမလမ်းကြောင်းအုပ်စိုးသူ၏ အပြစ်ပေးမိုးကြိုးက ငရဲဘုရင်ကိုအရှက်ရသွားရုံသာဖြစ်စေခဲ့သည်။ အကယ်၏သူသာ သာမန်ငရဲကမ္ဘာသက်ရှိဆို ပါကထိုမိုးကြိုးများ၏အောက်တွင် ပြာအဖြစ်သို့လောင်ကျွမ်းသွားပြီဖြစ်လေသည်။


မဟာနိယာမလမ်းကြောင်းအုပ်စိုးသူက အမိန့်ပေးတာဖြစ်ပြီး အပြစ်ပေးမိုးကြိုးသည်ကတော့ ပစ်ဒဏ်ပင်ဖြစ်လေသည်။


အုပ်စိုးသူကို ဆန့်ကျင်နေသည့် မည်သည့်ပုံမှန်တည်ရှိမှုမဆို အပြစ်ပေးမှုကိုမဆန့်ကျင်နိုင်ချေ။


"အမ်..."


ငရဲဘုရင် သူ့ဆံပင်ကိုပြန်ပြင်လိုက်သည်။ သူအသာအယာပင့်သက်ရှိုက်လိုက်ပြီး လေဟာနယ်ကိုချိုးဖျက်ပြီး ထွက်ပြေးရန်ပြင်နေသော ချန်လုံကိုလှည့်ကြည့်လိုက်သည်။


"အဲ့ခွေးစုတ်ကသူ့ရဲ့လက်ဖဝါးကိုသုံးလိုက်တာလား..."


မယုံသင်္ကာဖြစ်နေသည့်အသံဖြင့် သူ ရေရွတ်လိုက်သည်။


နူးညံ့သိမ်မွေ့သောခွေးလက်ဖဝါးက မနှေးမမြန်ဖြင့်တဖြေးဖြေးကျဆင်းလာတော့သည်။


အချိန်ခဏလောက်စွမ်းအင်များကိုစုစည်းလိုက်သောအခါ အလင်းမြှားက ချန်လုံလိုချင်သည့်အတိုင်း အဆုံးအစွန်သောအခြေနေသို့ရောက်သွားတော့သည်။ထို့နောက်တွင်တော့ အလင်းမြှားကို ခွေးလက်ဖဝါးသို့ချိန်ရွယ်လျက်ပစ်လွှတ်လိုက်တော့သည်။


ချန်လုံရူးသွပ်သွားပုံပေါ်လေသည်။ သူ့ကို အဆုံးမဲ့သောအန္တရယ်ရှိသည့်ခံစားချက်ကိုယူဆောင်ပေးသော ထိုခွေးလက်ဖဝါးကို ပစ်လိုက်ပြီး ပေါက်ကွဲသွားစေချင်သည်။


သို့သော်လည်း ခဏအကြာတွင်တော့ သူ့ရဲ့ရူးနှမ်းနေတဲ့မျက်နှာအမူအယာက တောင့်ခဲသွားတော့သည်။


အလင်းမြှားက ထိုခွေး၏လက်ဖဝါးအောက်တွင် အစိတ်စိတ်အမြွှာမြွှာကွဲကြေသွားပြီး ထိုလက်ဖဝါးကသူ့ဆီသို့ရောက်ရှိလာလေတော့သည်။


ချန်လုံ၎င်းကိုမရပ်တန့်နိုင်တော့ပေ။ ထိုခွေးလက်ဖဝါးလေး၏အောက်တွင်သူ အရည်ပျော်ကျသွားသကဲ့သို့ အော်ဟစ်နေလေသည်။


သူ သွေးနဲ့အသားစများအဖြစ်ပြောင်းသွားပြီး လေဟာနယ်ကသူ့ကိုစုပ်ယူသွားလေသည်။


ဘုန်း ဘုန်း


ကောင်းကင်ပေါ်တွင်တိမ်မဲများက ထူသထပ်ထူလာတော့သည်။ အရာအားလုံးပို၍မဲမှောင်သွားတော့သည်။


တောက်ပနေသောအပြာရောင်လျှပ်စီးနဂါးများက တိမ်ထုထဲတွင် ဟိုဟိုသည်သည်လူးလွန့်နေကြသည်။ ထို့နောက်တွင်တော့ ၎င်း၏ပါးစပ်ကိုဖွင့်ဟလိုက်ပြီး အသံအကျယ်ကြီးတစ်ချက်ကိုထုတ်လွှတ်လိုက်သည်။


ဆွစ်


မဟာနိယာမလမ်းကြောင်းအုပ်စိုးသူက အပြစ်ပေးမိုးကြိုးကိုထပ်မံစေလွှတ်လိုက်ပြန်သည်။ သည်တစ်ခါတွင်တော့ ၎င်းက လေဟာနယ်အက်ကွဲကြောင်းဆီသို့ဦးတည်၍တိုက်ခိုက်လိုက်သည်။


ငရဲဘုရင် ပြုံးလိုက်ပြီး ခွေးလက်ဖဝါးကိုမိုးကြိုးပစ်ခတ်နေသည့် ဟာသပြဇာတ်ကြီးကိုရယ်မောနေလိုက်သည်။


သူ့က သူ့ရဲ့အစွမ်းတွေကိုအများကြီးအသုံးမပြုနိုင်သလို ထိုခွေးစုတ်ကလဲ အသုံးမပြုနိုင်ပေ။


သူမိုးကြိုးပစ်ခံရတယ်ဆိုရင် အဲ့ခွေးကလဲဘာလို့အပစ်မခံရမှာလဲ။ ဒါမှပဲ သူ့အတွက်မျှတသွားမှာမဟုတ်လား။


ကောင်းပြီလေ တကယ်တော့မိုးကြိုးကသူတို့တွေအကုန်လုံးကိုပစ်ပါတယ်။ ဒါမှမျှတမှာကိုး။


ဂျီး


နူးညံ့တဲ့ခွေးလက်ဖဝါးက ထိုမိုးကြိုးကိုအာရုံခံမိသွားလေသည်။ ၎င်းကပြန်ဆုတ်ခွာသွားပြီး လေဟာနယ်အက်ကွဲကြောင်းကိုဖြေးဖြေးချင်းပြန်ပိတ်လိုက်သည်။


ဘုန်း


လျှပ်စီးနဂါးများက လေဟာနယ်ကိုပစ်ခွင်းမိသွားတော့သည်။ သို့သော်လည်း အက်ကွဲကြောင်းကပိတ်သွားပြီဖြစ်တာကြောင့် လမ်းလွှဲသွားပြီး ပေါက်ကွဲကာငရဲဘုရင်ဆီသို့ကျလာတော့သည်။


ငရဲဘုရင် သူ့ခေါင်းပေါ်သို့ လျှပ်စီးနဂါးများပစ်ခတ်သွားသည်ကို စိတ်ပျက်လက်ပျက် ကြည့်နေခဲ့သည်။


ငါကဘာကိစ္စဒီနေရာမှာ မိုးကြိုးပစ်ခံထိတဲ့တစ်ယောက်တည်းသောသူဖြစ်နေရတာလဲ... ဒီစက်ဆုပ်ဖို့ကောင်းတဲ့ခွေးစုတ်ကတော့...


ဘုန်း...


ငရဲဘုရင်လျှပ်စီးနဂါးများ၏ မျိုချခြင်းကိုခံလိုက်ရသည်။ လျှပ်စီးစက်ဝန်းများက နေရာအနှံ့တွက်တဖြတ်ဖြတ်လက်နေခဲ့ပြီး မြေပြင်တစ်ခုလုံးက ကွဲကြေသည်အထိပစ်ခတ်ခြင်းခံလိုက်ရသည်။


ခဏအကြာတွင်တော့ မိုးကြိုးပစ်ခတ်မှုများပျောက်ကွယ်သွားတော့သည်။


ငရဲဘုရင်အာဟ၏ခန္ဓာကိုယ်ထွက်ပေါ်လာသည်။ သူ့မျက်လုံးထဲတွင်မျက်ရည်များရှိနေပြီး သူ့ရဲ့နှုတ်ခမ်းများကိုဟလိုက်တော့ အပြာရောင်မီးခိုးငွေ့များထွက်ပေါ်လာတော့သည်။


ဒါလုံးဝမတရားဘူး။သူအရမ်း စိတ်မကောင်းဖြစ်ပြီး ဒေါထွက်လာရသည်။ 


"ဒီဘုရင်က ဒီလိုနစ်နာမှုမျိုးကိုလက်မခံနိုင်ဘူး..... ငါအစပ်ချောင်းနည်းနည်းလောက်စားချင်တယ်ကွ..."



တိမ်ခိုးစားသောက်ဆိုင်တွင်


ခွေးဘုရင်က ငါးလမ်းကြောင်းသိမြင်မှုသစ်သီးပင်အောက်တွင် လှဲနေသည်။ သူ့ပါးစပ်ကိုဖွင့်လိုက်ပြီး အပြာရောင်မီးခိုးငွေ့တန်းကသူ့ခေါင်းထက်မှထွက်ပေါ်လာတော့သည်။


တစ်ချက်ဝေ့ကြည့်လိုက်ပြီး ခွေးဘုရင်ကသန်းလိုက်သည်။


"ဒီမိုက်မဲတဲ့ကောင်ကတော့ ဆက်ပြီးတုံးနေဆဲပဲ...ကျူပင်ခုတ်ရင်ကျူငုတ်ပါမကျန်ရဘူးဆိုတဲ့ သူမသိဘူးလား...သူကရန်သူကိုတောင် ထွက်ပြေးခွင့်ပြုလိုက်သေးတယ်...ငရဲကမ္ဘာသက်ရှိကမိုးကြိုးပစ်ခံရတာတောင်မှမသေဘူးဆိုတာကိုလူတွေသာသိသွားကြရင်တော့ ပုန်းကွယ်နေသောနဂါးတိုက်မကြီးတစ်ခုလုံး လှုပ်ခတ်သွားစေမဲ့အပြင် ငရဲကမ္ဘာက မျိုးမစစ်လူအိုကြီးတွေက အရှုပ်တွေလုပ်လာမယ်ဆိုရင်..... ငါဘယ်လိုလုပ်ဆက်အိပ်လို့ရတော့မှာလဲ..." 


ခွေးဘုရင်ကသူ့ရဲ့အနေအထားကိုပြောင်းလိုက်ပြီး ပြန်အိပ်ဖို့ပြင်လိုက်သည်။ သူ့ရဲ့နှုတ်ခမ်းကိုကွေးညွတ်လိုက်ပြီး ရေရွတ်လိုက်သည်။


"အဲ့လိုသာဖြစ်သွားမယ်ဆိုရင် ငါဘယ်လိုလုပ်ပြီးတော့ ကောင်လေးပုဖန်ရဲ့ နံရိုးချိချဉ်ကြော်ကိုစားလို့ရတော့မှာလဲ..."