အပိုင်း၇၅၄
အမွေအနှစ်၊ အစားကြူးနတ်ဘုရား၏နန်းတော်
ငရဲဘုရင် သူ့ရဲ့ပါးစပ်ကနေ အပြာရောင်မီးခိုးငွေ့တွေကိုမှုတ်ထုတ်လိုက်သည်။ သူ့မျက်နှာထါးက အံ့အားသင့်လွန်း၍စကားပင်မပြောနိုင်တော့ပါ ဟူသောပုံစံဖြစ်နေလေသည်။
မိုးကြိုးတွေအကုန်လုံးက ဘာလို့များသူ့ကိုပဲပစ်နေရတာလဲ...ဒါမတရားဘူးလေ....
သူတော်စင်သမီးတော် ဇီယွင်က အဝေးကလှမ်းကြည့်နေလေသည်။ သူမက ငရဲဘုရင်မိုးကြိုးပစ်ခံရတာကိုမြင်လိုက်သောအခါ မတတ်နိုင်တော့ပဲ ပါးစပ်အုပ်ပြီးတခစ်ခစ်ရယ်မောနေတော့သည်။ အဘယ့်ကြောင့်ဆိုသော် ငရဲဘုရင်၏ တသီးတခြားဖြစ်ပြီးအေးစက်သော သွင်ပြင်ကပျောက်ကွယ်သွားသောကြောင့်ဖြစ်လေသည်။
ငရဲဘုရင် ခေါင်းကိုခါလိုက်သည်။ သူ့ရဲ့ခန္ဓာကိုယ်ကိုသန့်ရှင်းအောင်လုပ်ဖို့ စွမ်းအင်တွေကိုထုတ်လွှတ်လိုက်ပြီး သပ်သပ်ရပ်ရပ်နဲ့ ကြည့်ရအဆင်ပြေအောင်ပြန်လုပ်လိုက်သည်။ ထို့နောက်တွင်တော့ သူ့ရဲ့ခေါင်းကိုမော့လိုက်ပြီး ကောင်းကင်ကိုကြည့်လိုက်သည်။
တိမ်မဲတွေက လိပ်တက်လာပြီးတဖြေးဖြေးနဲ့ အရပ်မျက်နှာအသီးသီးကိုပြန့်နှံ့သွားပြီး မိုးကြိုးတွေကလဲ ငြိမ်သက်သွားလေသည်။
တိမ်မဲတို့ ပြန့်ကျဲသွားပြီး နေရောင်ခြည်က ၎င်းတို့ကိုထိုးဖောက်လာသည်။ တိမ်မဲတွေကိုထိုးဖောက်ပြီး ထွက်ပေါ်လာတဲ့ တောက်ပတဲ့အလင်းတန်းများက ပြိုကွဲနေတဲ့ရွှေအပိုင်းအစတွေနဲ့တူနေပြီး တစ်မျိုးတစ်ဖုံလှပနေလေသည်။
နေရောင်ခြည်ထပ်မံတောက်ပလာတော့ လူတွေကသူတို့ရဲ့ပူပန်မှုတွေ အဝေးကိုထွက်သွားပြီဟုပင်ခံစားလိုက်ရသည်။
သို့သော်လည်း လူအများစုက ငရဲဘုရင်ကိုကြောက်ကြောက်ရွံ့ရွံ့ကြည့်နေဆဲပင်။
ဒီလူက အလွန်ကြောက်မက်ဖွယ်ကောင်းအောင်သန်မာလွန်းသည်။ သူက မိုးကြိုးပစ်ချက်တွေကိုတောင့်ခံနိုင်ပီး အကောင်းပကတိမတ်တတ်ရပ်နေဆဲပင်။
သံသယကင်းစွာနဲ့ပဲ ဒီလူက သူတို့လက်လှမ်းမမှီနိုင်သောတည်ရှိမှုတစ်ခုဖြစ်လေသည်။
တစ်ချို့ကသူတို့ခေါင်းကိုမော့ပြီး ငရဲဘုရင်ကိုကြည့်လိုက်လေပြီး အသက်ရှူဖို့ပင်ခက်ခဲလာသည်ဟုခံစားလိုက်ရသည်။ တစ်ချို့ကတော့ သူ့ရဲ့ပေါက်ကွဲထွက်နေတဲ့အော်ရာက ငရဲကမ္ဘာသက်ရှိများနှင့်တူနေသဖြင့် ဒီလူကငရဲကမ္ဘာသက်ရှိဖြစ်သည်ဟုခန့်မှန်းကြလေသည်။
မည်သို့ပင်ဆိုစေ သူကအခြားပုံမှန်ငရဲကမ္ဘာသက်ရှိများနှင့်ကွဲပြားလေသည်။
သူ့လိုငရဲကမ္ဘာသက်ရှိတစ်ကောင်က သူတို့ရဲ့အစားကြူးတောင်ကြားကိုဘာလို့ကာကွယ်ပေးချင်ရတာလဲ။
ဒီလူက အစားကြူးတောင်ကြားကို ကြောက်စရာကောင်းတဲ့တိုက်ခိုက်မှုတွေကနေကာကွယ်ပေးဖို့ ကြိုးပမ်းအားထုတ်မှုတွေအများကြီးကိုပြုလုပ်ခဲ့လေသည်။ အကယ်၍သူသာဘာမှမလုပ်ခဲ့ဖူးဆိုလျှင် ယခုဆိုအစားကြူးတောင်ကြားကဖျက်ဆီးခံရပြီးလေပြီဖြစ်သည်။
ဒီနေရာတွင်ရှိသမျှလူတိုင်း အစုလိုက်အပြုံလိုက်အသတ်ခံရမှာကိုတော့ ပြောစရာပင်မလိုတော့ချေ။
ထို့အပြင် ဘယ်လိုငရဲကမ္ဘာသက်ရှိမျိုးက ဒီလိုမိုးကြိုးများဒဏ်ကိုခံနိုင်မည်နည်း...
ဒါ့ကြောင့်ပင် ထိုလူတွေက သူတို့ရှေ့တွင်ရှိသောလူကို ငရဲကမ္ဘာသက်ရှိလုံးဝမဟုတ်ဘူးဟု တွေးလိုက်ကြလေသည်။ သူတို့ငရဲဘုရင်ကိုကြည့်လိုက်သောအခါ သူတို့ရဲ့မျက်လုံးများက စိတ်လှုပ်ရှားမှုနှင့် လေးစားမှုများဖြင့်တောက်ပလာတော့သည်။
ကျွမ်းကျင်သူတစ်ယောက်ကဘယ်နေရာရောက်နေပါစေ လူအုပ်ကြီး၏ အာရုံစိုက်မှုဗဟိုတွင်ရှိနေမည်ဖြစ်လေသည်။
လူတွေအများကြီး၏စိုက်ကြည့်နေမှုကိုနေသားမကျဟန်ဖြင့် ငရဲဘုရင်အာဟက သူ့ရဲ့ဂုတ်ပိုးကိုပွတ်နေခဲ့သည်။
ရုတ်တရက် သူတို့နှင့်ခပ်လှမ်းလှမ်းနေရာကအပျက်အစီးများကြားမှ လမ်းလျှောက်သံတစ်ခုထွက်ပေါ်လာသည်။ ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသောပုံရိပ်တစ်ခုတဖြေးဖြေးချင်းထွက်ပေါ်လာသည်ကိုသူတို့လှည့်ကြည့်လိုက်ကြသည်။
ဝှိုက်တီ၏ငွေမှင်ရောင်မျက်လုံးများက တလက်လက်တောက်ပနေသည်။၎င်းက ချော်ရည်များထဲမှထုတ်ထားကာစနှင့်တူနေသော နတ်ဘုရားသတ်တုတ်ကိုလက်တစ်ဖက်တွင်ကိုင်ထားပြီး တခြားတစ်ဖက်တွင်တော့ လူသေအလောင်းများကိုကိုင်ထားပြီး လူမြင်ကွင်းတွင်တဖြေးဖြေးထွက်ပေါ်လာလေသည်။
လူတိုင်း အသက်ပင်ကျယ်ကျယ်မရှူရဲတော့ချေ။
ဝှိုက်တီက ငရဲဘုရင်ရှေ့တွင်ရပ်လိုက်ပြီး ထိုအလောင်းများကိုမြေပြင်ပေါ်သို့ပစ်ချလိုက်သည်။
လူတစ်အုပ်စုလုံး ထိုလူသေအလောင်းများကိုကြည့်လိုက်ပြီး လေအေးတစ်ချက်ရှူရှိုက်လိုက်သည်။
ထိုအလောင်းများထဲ ခုနကကောင်းကင်ပေါ်တွင်မာနတကြီးဖြင့်ရပ်နေသော လှံရှည်ဖြင့်တန်ခိုးရှင်လည်းပါဝင်လေသည်။ သူက နေရာတိုင်းတွင် လူသိများသောဂုဏ်သတင်းရှိသည့် ကျော်ကြားသည့် မြင့်မြတ်သောတန်ခိုးရှင်တစ်ဦးဖြစ်လေသည်။
ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေမှ တန်ခိုးရှင်လူအိုကြီးလင်း..... သူ့ရဲ့ခေါင်းကိုညှစ်သတ်ခံခဲ့ရသည်။
ကျန်သုံးယောက်ကတော့ သူတို့ရဲ့ကွဲကြေပျက်ဆီးနေသည့်ရွှေရောင်ချပ်ဝတ်တွေဖြင့် ရွှေချပ်ဝတ်ကာကွယ်စောင့်ရှောင့်သူများပင်။ သူတို့ရဲ့ခေါင်းဆောင်းတွေက ပျက်ဆီးသွားပြီဖြစ်သောကြောင့် သူတို့ရဲ့ဝံပုလွေ ခေါင်းတွေကိုဖော်ပြနေလျက်ရှိသည်။ သူတို့က ရွှေဝံပုလွေမျိုးနွယ်စုမှ တန်ခိုးရှင်များပင်။
သူတော်စင်သမီးတော်ဇီယွင်က မြေပြင်ပေါ်တွင်ရှိသောအလောင်းများကိုမြင်လိုက်သောအခါ သူမရဲ့မျက်လုံးများပြူးကျယ်သွားတော့သည်။ လူအိုကြီးလင်း၏ဦးခေါင်းမဲ့နေသော ခန္ဓာကိုယ်ကိုကြည့်ပြီး သူမ၏လှပသောမျက်နှာလေးက ပူဆွေးဝမ်းနည်းသွားလေသည်။
လူအိုကြီးလင်းကသေသွားခဲ့ပြီ... သူတော်စင်သမီးတော်ဇီယွင် တော်တော်လေး သက်တောင့်သက်သာမဖြစ်သလိုခံစားလိုက်ရသည်။
မည်သို့ပင်ဖြစ်နေပါစေ သူမကကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေရဲ့ သူတော်စင်သမီးတော်ဖြစ်နေသည်လေ။ လူအိုကြီးလင်းကသူမနှင့်မရင်းနှီးပါသော်လည်း သူကသူမ၏စီနီယာဖြစ်လေသည်။ သူတို့ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေတွင်တွေ့ခဲ့ဖူးကြသော်လည်း ယခုတွင်တော့ ထိုသူကမြေပြင်ပေါ်တွင်လဲလျောင်းနေသော အလောင်းတစ်လောင်းသာဖြစ်နေလေတော့သည်။
မည်သို့ပြောပြရမလဲမသိသောပူဆွေးမှုတစ်ခုက ဇီယွင်၏နှလုံးသားထဲတွင်ပေါ်လာသည်။ သူမခါးသီးပြီး သက်တောင့်သက်သာမရှိမှုကိုခံစားနေရသည်။
ငရဲဘုရင်က ထိတ်လန့်ကြောက်ရွံ့ဖွယ်ဝှိုက်တီပြန်ရောက်လာသည်ကိုကြည့်ရင်း သူ့ရဲ့မျက်နှာက တဆတ်ဆတ်တုန်ရီနေခဲ့သည်။ ထို့နောက်သူကဟားတိုက်ရယ်လိုက်ပြီးပြောလိုက်သည်။
"သံတုံးကြီး မင်းကတော့လေအမြဲအကြင်နာမဲ့နေတော့တာပဲ...."
ဝှိုက်တီကငရဲဘုရင်ကိုစိတ်ထဲမထားပေ။ သူ့ရဲ့ငွေဖြူရောင်မျက်လုံးများက ပုဖန်ရဲ့ပုံရိပ်ကိုလိုက်ရှာနေသကဲ့သို့ အရပ်မျက်နှာတိုင်းကိုလိုက်ကြည့်နေတော့သည်။
ခတ္တမျှလိုက်လံကြည့်ရှုပြီးနောက်တွက်တော့ ဝှိုက်တီ၏မျက်လုံးထဲတွင်ရှိသော အနက်ရောင်အစက်များက ပျောက်ကွယ်သွားတော့သည်။ထူးဆန်းတဲ့စွမ်းအင်တစ်မျိုးက မတည်မငြိမ်နှင့်လှိုင်းဂယက်ထလာတော့သည်။
ဝေါ
ငရဲဘုရင် မျက်စောင်းထိုးလိုက်သည်။
ဘုန်း ဘုန်း
အဝေးတစ်နေရာတွင် အလင်းတန်းကြီးတစ်ခုကကောင်းကင်ပေါ်သို့ထိုးထွက်လာပြီး လူများစွာရဲ့မျက်လုံးကိုဖမ်းစားသွားသည်။ ၎င်းအလင်းတန်းက ထူးဆန်းတဲ့အသွင်သဏ္ဌာန်နဲ့ စွမ်းအင်များကိုသယ်ဆောင်ထားသည်။
ဆဌမအကြီးအကဲက မတ်တတ်ထရပ်လာပြီး သူ့ရဲမျက်နှာက မှင်တက်နေရာမှ စိတ်လှုပ်ရှားသောအမူအယာသို့ပြောင်းသွားးသည်။
"ဒါ အစားကြူးတောင်ကြားရဲ့အမွေအနှစ်ပဲ... ဖုန်တက်နေတဲ့အမွေအနှစ်ကနောက်ဆုံးတော့ပွင့်သွားခဲ့ပြီလား..."
အမြဲတစေမျက်နှာသေနှင့်ရှိသော လျှိုကျားလီရဲ့မျက်နှာပေါ်တွင်ပင် အလင်းတန်းများဖြတ်ပြေးသွားပေသည်။
မူချန်ရဲ့နူးညံ့တဲ့ခန္ဓာကိုယ်လေးက တဆတ်ဆတ်တုန်ရီနေပြီး သူမရဲ့နီရဲနေတဲ့နှုတ်ခမ်းနှစ်လွှာကပွင့်ဟလာပြီး ပြောလာသည်။
"ငါတို့အချိန်တွေအကြာကြီးစောင့်ခဲ့ရတာ...နောက်ဆုံးတော့ အမွေအနှစ်ကပွင့်သွားခဲ့ပြီ...ငါတို့အသက်နဲ့အလောင်းအစားသွားလုပ်လိုက်သင့်တယ်... ဘာပဲဖြစ်ဖြစ် ငါတို့ကံကောင်းပြီးရွေးချယ်ခံရမလားဆိုတာ ဘယ်သူသိမလဲ..."
အစားကြူးဘုတ်ပြားထိပ်ပိုင်းကိုရောက်သော စားဖိုမှူးများ၏မျက်နှာသည် ဝင်းပနေပြီး စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နှက်နေတော့သည်။ သူတို့အကုန်လုံး ထိုအလင်းတန်းကြီးဆီသို့ ရောက်ချင်နေကြသည်။
သူတို့အားလုံး အမွေအနှစ်ဟုခေါ်သောထိုအရာကိုသိကြပေသည်။ အစားကြူးတောင်ကြား၏ အဖိုးတန်သည့်ရတနာက အမွေအနှစ်ဖြစ်ပြီး ထိုအမွေအနှစ်က သန့်စင်နယ်မြေတွေအားလုံးကိုဆွဲဆောင်နိုင်လေသည်။
ခဏအကြာတွင်တော့ မူချန်နှင့် အစားကြူးဘုတ်ပြားပေါ်တွင်ရှိသောစားဖိုမှူးများက အလင်းတန်းကြီးရှိသောနေရာသို့ဦးတည်၍သွားကြလေတော့သည်။
ဝှိုက်တီ၏ငွေမှင်ရောင်မျက်လုံးများက တလက်လက်တောက်ပလာတော့သည်။ ပုစွန်ပိစိကတော့ ရုပ်သေးရုပ်၏ခေါင်းပေါ်တွင်ခွေနေပြီး ခပ်တိုးတိုးဟောက်နေလေသည်။ ဝှိုက်တီက နတ်ဘုရားသတ်တုတ်ကိုကိုင်စွဲပြီး ရှေ့သို့လျှောက်လှမ်းသွားလေသည်။ဒေါင်ဒေါင်ဒင်ဒင်မြည်သံဖြင့်၎င်း၏သတ္တုအတောင်ပံက ပြန့်ကားသွားပြီး လျှင်လျှင်မြန်မြန်ပျံသန်းသွားတော့သည်။
ကောင်းကင်ပေါ်သို့အလင်းတန်းကြီး ပစ်လွှတ်ခံလိုက်သည့်အချိန်တွင် အစားကြူးတောင်ကြားတစ်ခုလုံး ယိမ်းခါသွားခဲ့သည်။
သန့်စင်နယ်မြေများမှ ပုန်းကွယ်နေသည့် ကျွမ်းကျင်သူများက သူတို့ရဲ့လှုပ်ရှားမှုများကိုစတင်လိုက်ကြတော့သည်။
တောင်ကြား၏အပြင်တွင် လေထုကိုစုတ်ဖြဲလိုက်သံများဆူညံနေတော့သည်။ များစွာသောတန်ခိုးရှင်များက အမွေအနှစ်ဆီသို့ဦးတည်၍ အပြေးအလွှားသွားနေကြလေသည်။ ပုံရိပ်များစွာက လေဟာနယ်ကိုပျက်ဆီးစေပြီး အလင်းတန်းရှိရာသို့ဦးတည်၍သွားနေကြသည်။
ခဏအကြာတွင်တော့ ထိုတန်ခိုးရှင်များစွာက ဆည်းဆာရေကန်ကိုတိတ်တဆိတ်ဝန်းရံနေကြလေတော့သည်။ သူတို့က မယုံကြည်နိုင်မှုများပြည့်နေသော မျက်ဝန်းများဖြင့်ရေကန်ကိုစောင့်ကြည့်နေကြသည်။
အလင်းတန်းက ဆည်းဆာရေကန်မှမြင့်တက်လာခြင်းဖြစ်သည်။
ရေများ လည်ပတ်နေပြီး အလွန်ကြီးမားသောရေဝဲကြီးတစ်ခုဖြစ်ပေါ်လာသည်။ အလင်းတန်းက ရေဝဲ၏ဗဟိုမှထွက်လာပြီး ကောင်းကင်ပေါ်သို့ ရောက်ရှိနေခြင်းဖြစ်သည်။ အဖြူရောင်တိမ်အထပ်များက အလင်းတန်း၏ဘေးတွင် ပတ်လည်ဝိုင်းနေပြီး အချင်းချင်းလိုက်ဖက်နေကာ အလွန်မျက်စိပဒေသာရှိသောမြင်ကွင်းလေးတစ်ခု ဖြစ်ပေါ်စေသည်။
နေဝင်ဆည်းဆာရေကန်ရှိ စိတ်ဝိဉာဉ်သားရဲများက အုံကြွလာတော့သည်။ သူတို့က ရေကန်မှသည်ကောင်းကင်ပေါ်သို့ အဆက်မပြတ်ခုန်တက်လာကြသည်။
အချိန်တိုင်း ကြီးမားသောသားရဲများက ခုန်ထွက်လာပြီး တရှုးရှူးရှဲရှဲဟိန်းဟောက်နေလျက် နေရောင်အောက်မှာသူတို့ရဲ့တောက်ပနေတဲ့သွားတွေကိုပြသနေကြသည်။
ရေမျက်နှာပြင်ကမြင့်တက်နေပြီး သူတို့ရဲ့မျက်နှာတွေကိုရိုက်ပုတ်နေကြသည်။ ၎င်းက ဘိုးဘေးမိကျောင်းကြီးဖြစ်လေသည်။
အစားကြူးတောင်ကြားရဲ့အမွေအနှစ်က နေဝင်ဆည်းဆာရေကန်ထဲမှာလား...
လူများစွာက အလွန်အံ့အားသင့်နေကြသည်။ တစ်ချို့ကတုံ့ဆိုင်းနေကြပေမဲ့ လူတစ်ယောက်ကတော့ ရေကန်ထဲကိုတိုက်ရိုက်ပင်ခုန်ချလိုက်လေသည်။
သို့သော်လည်း ရေထဲတွင် ရိုင်းစိုင်းကြမ်းကြုတ်သောသားရဲပေါင်းများစွာရှိနေသည်။ ထိုလူရေထဲငုံ့ဆင်းသွားသည်နှင့်တပြိုင်နက်ရုတ်ချည်းပင် ထိုသားရဲအရိုင်းများကသူ့ကိုတိုက်ခိုက်ကြလေသည်။ ထိုအချိန်တွင် စိတ်ဝိဉာဉ်သားရဲများက လုံးလုံးလျားလျားပင် ကြမ်းကြုတ်နေကြလေသည်။
ထိုတန်ခိုးရှင်က ချက်ချင်းပင်ပြင်းပြင်းထန်ထန်ဒဏ်ရာထသွားခဲ့သည်။ သူသွေးတွေအန်ထုတ်လိုက်ပြီး ကမ်းပေါ်သို့ပြန်တက်ရန်ကြိုးစားလေသည်။
သို့သော်လည်း သူတို့အလင်းတန်းရဲ့အရင်းမြစ်ကိုရှာတွေ့သွားခဲ့ပြီး သူတို့ကြက်သေသေသွားတော့သည်။ သူတို့ဘယ်လိုလုပ်ပြီး အမွေအနှစ်နယ်မြေပေါ်ကိုရောက်တော့မှာလဲ။ ဒီအချိန်မှာ ဒါကသူတို့ရဲ့အတားအဆီးပဲဖြစ်သည်။
အချို့တန်ခိုးရှင်အချို့က ကိုင်တွယ်ဖြေရှင်းမပေးပါက ထိုရိုင်းစိုင်းခက်ထန်ပြီး ထိန်းချုပ်မရသော စိတ်ဝိဉာဉ်သားရဲများကိုမည်သူမျှ မကာကွယ်မခုခံနိုင်ကြမည်မဟုတ်ပေ။
ငရဲဘုရင်က ဝှိုက်တီနောက်သို့လိုက်သွားသည်။ သူကသာမန်လမ်းလျှောက်နေသည့်ပုံပေါ်သော်လည်း ထိုရုပ်သေး၏ အလျှင်ကိုအမြဲလိုက်မှီလေသည်။
သို့သော်လည်း သူတို့ရဲ့ဦးတည်ရာက တခြားသူများနှင့်မတူညီပေ။ ဝှိုက်တီက နေဝင်ဆည်းဆာရေကန်ကိုဦးတည်၍မသွားချေ။
ငရဲဘုရင်က ဝှိုက်တီနောက်ကိုလိုက်ပြီး သူတော်စင်သမီးတော်ဇီယွင်ကသူ့နောက်ကိုလိုက်လေသည်။
လူနှစ်ယောက်နဲ့ စက်ရုပ်တစ်ရုပ်က ဂူတစ်ဂူဆီသို့လျှင်လျှင်မြန်မြန်ပင်ရောက်ရှိသွားပြီး ထိုဂူရှေ့တွင်ရပ်လိုက်ကြသည်။
ဂူကပျက်ဆီးယိုယွင်းလျက်ရှိသည်။ ထိုဂူက လူတွေကိုဆွဲမျိုချဖို့အဆင်သင့်ဖြစ်နေတဲ့ ကြီးမားတဲ့သားရဲကြီးတစ်ကောင်ရဲ့ပါးစပ်နှင့်တူနေသည်။
"အစားကြူးလမ်းမတဲ့လား...."
ငရဲဘုရင် တိတ်ဆိတ်နေသောလမ်း၏ကျောက်တိုင်ကိုငေးစိုက်ကြည့်ပြီးပြောလိုက်သည်။
"ဒီနေရာက အလင်းတန်းနဲ့တော်တော်လေးဝေးပါတယ်... ဘာလို့သတ္တုတုံးကြီးက ငါတို့ကိုဒီကိုခေါ်လာရတာလဲ..."
ဝှိုက်တီကဘာမှမပြောချေ။ နတ်ဘုရားသတ်တုတ်ကိုင်ထားရင်းသာ အစားကြူးလမ်းမထဲသို့ဝင်သွားခဲ့သည်။
ငရဲဘုရင်က လေချွန်လိုက်ပြီး သူတော်စင်သမီးတော်ဇီယွင်ကို မျက်လုံးစွေ ကြည့်လိုက်ကာ သူလည်းပဲဂူထဲကိုဝင်သွားခဲ့သည်။
ထိုအချိန်တွင် သူတော်စင်သမီးတော်ဇီယွင်ဘာဆက်လုပ်နိုင်မည်နည်း။ အာဟဘယ်ကိုသွားသွား သူမကတော့သူ့နောက်ကိုလိုက်သာဖြစ်သည်။ ထို့နောက် သူမလည်းပဲ အစားကြူးလမ်းမထဲသို့ဝင်သွားလေတော့သည်။
…
ပုဖန် ချူချန်းရှန်၏နောက်တွင်တဖြေးဖြေးလမ်းလျှောက်၍လိုက်လာလေသည်။ သူတို့ဆယ်လမ်းမြောက်ထဲသို့သွားနေခြင်းဖြစ်သည်။
လမ်းထဲသို့ရောက်လာလေလေ စိတ်ဝိဉာဉ်စွမ်းအင်များကပို၍သိပ်သည်းလာလေပင်ဖြစ်သည်။ ပုဖန်ပင်သူ၏ဘေးပတ်လည်၌ရှိသော စိတ်ဝိဉာဉ်စွမ်းအင်များက ကိုင်တွယ်လုရလို့နီးပါးဖြစ်နေသည်ဟုခံစားနေရသည်။
စိတ်ဝိဉာဉ်စွမ်းအင်များကိုအရည်ပုံစံဖြင့်ပင် လေထဲ၍ရစ်ဝဲနေသည်များပင်ရှိလေသည်။ သူထိလိုက်လျှင် ထိုရေစက်များကပျက်ပြယ်သွားပေသည်။
၎င်းသည် ငွေ့ရည်ဖွဲ့ခြင်း၏နောက်ဆုံးအဆင့်တွင်ရှိနေသောကြောင့် ထူထပ်သိပ်သည်းသောစိတ်ဝိဉာဉ်စွမ်းအင်၏နောက်ဆုံးပုံစံပင်ဖြစ်လေသည်။
အနက်ရောင်နှင့်အဖြူရောင်ထောင်တျဲများ၏ဝိဉာဉ်များက ပုဖန်ကိုရစ်ဝဲနေပြီး ရိုင်းစိုင်းကြမ်းကြုတ်စွာဖြင့် အော်ဟစ်ကာဟိန်းဟောက်နေကြသည်။
"အမွေအနှစ်ကဘယ်မှာလဲ..."
ပုဖန်သံသယနှင့်မေးလိုက်သည်။
"ငါကဘယ်လိုလုပ်သိမှာလဲ...ငါက အမွေအနှစ်နယ်မြေကဘယ်နားမှာလဲဆိုတာပဲသိတာ အမွေအနှစ်ကဘယ်နားမှာလဲဆိုတာကိုအတိအကျမသိဘူး..."
ချူချန်းရှန်အားတင်းပြုံးရင်းပြောလိုက်သည်။
ဗလာဖြစ်နေတာကလွဲလို့ ဒီနေရာမှာဘာမှပင်မရှိချေ။ ဒါက ချူချန်းရှန်ရဲ့ အစီအစဉ်လား။ အမွေအနှစ်ကဘယ်မှာလဲ။
သူ့နှလုံးသားတစ်ခြမ်းအေးစက်သွားတော့သည်။ အမွေအနှစ်သာမရှိဘူးဆိုရင် အစားကြူးတောင်ကြားကပျက်ဆီးသွားမည်ဖြစ်သည်။
"ရှောင်ယကိုအောက်ချလိုက်..."
ပုဖန်ပြောလိုက်သည်။
ချူချန်းရှန်စိတ်ရှုပ်ထွေးသွားသည်။ သူရှောင်ယကိုအောက်သို့ချလိုက်သည်။ ရှောင်ယရဲ့ခန္ဓာကိုယ်တစ်ခုလုံးကတောက်ပနေပြီး သူမရဲ့မျက်လုံးများက ခပ်ကျယ်ကျယ်ပွင့်ဟလာတော့သည်။ သူမရဲ့အော်ရာက သန့်စင်မြင့်မြတ်ပြီးနတ်သမီးတစ်ပါးနှင့်ပင်တူနေတော့သည်။ သို့သော်လည်း ၎င်းကပြောင်းလဲနေပြီးမတည်မငြိမ်ဖြစ်နေသည်။
ပုဖန်ကရှောင်ယရဲ့ခေါင်းလေးကိုပွတ်သပ်လိုက်သည် သူ့ မျက်နှာက ခံစားချက်မဲ့နေလျက်ရှိသည်။
ချူချန်းရှန်ရဲ့အံ့အားသင့်နေသောမျက်ဝန်းများအောက်တွင် ရှောင်ယက ဗလာဖြစ်နေသောမြေဆီသို့ဦးတည်၍သွားနေလေတော့သည်။
ရှောင်ယက ဒယိမ်းဒယိုင်ဖြစ်နေပြီး ချက်ချင်းပင်လဲသွားလုမတတ်ဖြစ်နေလေသည်။အခု လူတွေသာသူမကိုမြင်မည်ဆိုလျှင် သူမအတွက်စိတ်မကောင်းဖြစ်နေပေလိမ့်မည်။
ပုဖန်ကသူ့လက်တွေကိုဖြေလျော့ကာရပ်နေသော်လည်း သူ့မျက်နှာကတော့လေးလေးနက်နက်ဖြစ်နေသည်။
ရုတ်တရက်ပဲ သူ့ခန္ဓာကိုယ်ပေါ်တွင်ရှိသော ဟင်္သာပြဒါးရောင်ဝတ်စုံကယိမ်းထိုးသွားတော့သည်။ သူအံ့အားသင့်သွားပြီး သူ့ရဲ့လက်ကိုမြှောက်ကြည့်လိုက်တော့ သူ့လက်ချောင်းတွေကြားကလေများဖြတ်သန်း၍တိုက်ခတ်သွားသည်ကိုခံစားလိုက်ရသည်။
"လေတိုက်လာတယ်"
ချူချန်းရှန်စိတ်ရှုပ်ထွေးသွားသည်။ ပုဖန်ဘာကိုဆိုလိုသလဲသူနားမလည်ပေ။
ခဏအကြာတွင် သူ့ရဲ့မျက်ဆံများကျုံ့ဝင်သွားတော့သည်။ မြေပြင်ကလှုပ်ခတ်လာပြီး အက်ကွဲကြောင်းတစ်ခုကသူတို့ရှေ့တွင်ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ဘုန်း ဘုန်း
မြေပြင်ကလှုပ်ရမ်းပြီးကွဲကြေသွားတော့သည်။ဖြေးဖြေးချင်းပဲ ကြီးမားလှသောမကောင်းဆိုးဝါးကြီးက လေထဲသို့ပျံတက်လာသည်။
ကြီးမားလှသောမကောင်းဆိုးဝါးကြီးက အပေါ်သို့ပျံတက်လာသောအခါ ချူချန်းရှန်၏မျက်နှာက အလင်းရောင်အောက်တွင်ရွှေရောင်ပြောင်းသွားသကဲ့သို့ထင်ရသည်။ သူတို့ရှေ့က ထိုကြီးမားတဲ့မကောင်းဆိုးဝါးကြီးကအမှန်တကယ်ပင်ရွှေဖြစ်နေလေသည်။
၎င်းကအလွန့်အလွန်ပင်တန်ဖိုးရှိသော ရွှေနန်းတော်ကြီးဖြစ်လေသည်။
လေက ထန်သည်ထက်ထန်လာလေပြီး သူတို့ရဲ့ဆံပင်တွေကို မရပ်မနားပဲတဖျပ်ဖျပ်လွင့်ပျံနေစေသည်။
အစကချူချန်းရှန် ကြောက်လန့်သွားသော်လည်း ခဏအကြာတွင်တော့ သူအရမ်းကိုစိတ်လှုပ်ရှားလာတော့သည်။ သူအရမ်းကိုပီတိဖြစ်ပြီး သူ့မျက်နှာပေါ်သို့မျက်ရည်များပင်စီးကျလာတော့သည်။
သူ့ရဲ့နှုတ်ခမ်းများက တဆတ်ဆတ်တုန်ရီနေပြီး အံ့အားသင့်နေတဲ့အသံနဲ့အော်ပြောလိုက်သည်
"ဒါ... ဒါက ပထမဆုံးတောင်ကြားသခင်ရဲ့ အစားကြူးနတ်ဘုရားနန်းတော်ပဲ"
ပျောက်ဆုံးနေတဲ့အစားကြူးနတ်ဘုရားနန်းတော်က အမွေအနှစ်နယ်မြေထဲတွင်ရှိမည်ဟုမည်သူမှမတွေးမိခဲ့ကြချေ။ ထိုအရာကပြီးပြည့်စုံစွာပင်ထိန်းသိမ်းခံထားရသည်ကိုပြောရန်ပင်မလိုလောက်တော့ချေ။
ချူချန်းရှန်က အစားကြူးနတ်ဘုရားနန်းတော်သည် သန့်စင်နယ်မြေများ မှ ညစ်ပတ်တဲ့တိရစ္ဆာန်ကောင်တွေ လုယက်သွားပြီးဝေမျှသုံးစွဲနေသည်ဟုထင်နေခဲ့ခြင်းဖြစ်သည်။
သို့သော် အစားကြူးနတ်ဘုရားနန်းတော်သည် သူတို့ရဲ့အစားကြူးတောင်ကြားထဲတွင်တစ်ချိန်လုံးရှိနေသည်ဟု သိလိုက်ရသည်။
အမွေအနှစ်ကရောဒီကနေခပ်လှမ်းလှမ်းမှာရှိနေတာလား။
ပထမဆုံးတောင်ကြားအရှင်၏ သင်ကြားခြင်း၊ အချက်အပြုတ်အရည်အချင်းများနှင့် နည်းလမ်းများ ထိုအရာတွေကအစားကြူးတောင်ကြားအရေးတကြီးလိုအပ်နေတဲ့အရာတွေဖြစ်သည်။ အခုတော့သူတို့မှာမျှော်လင့်ချက်ရှိနေပြီ။
ဘုန်း ဘုန်း
ကြီးမားတဲ့ရွှေနန်းတော်ကြီးက နောက်ဆုံးတော့ရပ်သွားခဲ့လေပြီ။ ကွဲကြေနေသောကျောက်တုံးကျောက်စများစွာက ဦးတည်ရာဘက်တိုင်းမှ လှိမ့်စင်လာတော့သည်။ ၎င်း၏ဟိန်ဟန်ရှိရှိနှင့် ဂုဏ်သရေရှိသော သွင်ပြင်က လူတိုင်းကိုပြင်းထန်တဲ့ဖိအားကိုပေးနေပြီး သူတို့ရဲ့အသက်ရှုသံတွေကိုတောင်မှချုပ်ထိန်းသွားစေသည်။
ရှောင်ယက သူမ၏ခေါင်းကိုမော့လိုက်ပြီး အစားကြူးနတ်ဘုရားနန်းတော်၏အပေါက်ဝရှေ့တွင် မတ်တတ်ရပ်နေသည်။ သူမကသေးငယ်ပြီးချစ်စရာပင်ကောင်းနေတော့သည်။
အစားကြူးနတ်ဘုရားနန်းတော်၏ဂိတ်တံခါးဝါးက ရွှေအစစ်ဖြင့်ပြုလုပ်ထားလေသည်။ တံခါးပေါ်ရှိဘုသီးများနှင့် ထောင်တျဲများ၏ပါးစပ်ထဲရှိကွင်းနှစ်ကွင်းကလည်း အလွန်လေးလံပုံပေါ်လေသည်။
တံခါး၏အပေါ်ဘက်ဗဟိုတွင် ရှောင်းယ၏နှဖူးပေါ်တွင်ရှိသောပုံနှင့်တစ်ပုံစံတည်းတူသော အဝိုင်းပုံစံများရှိလေသည်။
ရှောင်းယနှဖူးပေါ်မှ အလင်းတန်းများက ထိုပုံစံပေါ်သို့ကျရောက်သွားလေသည်။
ရုတ်တရက်ပဲ ရွေ့လျားသွားသောအသံကိုသူတို့ကြားလိုက်ရသည်။
အချို့သော တအီအီမြည်သံတစ်ချို့ကအဝေးမှလာဟန်တူသည်....
ကျွီ ကျွီ
လေးလံလှသော ရွှေရောင်ဂိတ်တံခါးကြီးက တကျွီကျွီမြည်ရင်းတဖြေးဖြးချင်းပွင့်သွားတော့သည်။
နှစ်ပေါင်းများစွာအလုံပိတ်ခံထားရပြီးဖုန်များထူထပ်နေသော ရွှေနန်းတော်ကြီးက တဖြေးဖြေးပွင့်လာတော့သည်။
ပွင့်သွားသောဂိတ်တံခါးက နန်းတော်ကြီး၏ အမှောင်ထုနှင့် ဆိတ်ညံနေမှုကိုလှစ်ဟာပြလျက်ရှိသည်။
ရုတ်တရက်ပဲ ပုဖန်နှင့်ချူချန်းရှန်တို့သူတို့ရဲ့ခန္ဓာကိုယ်များ တင်းကြပ်သွားသည်ကိုခံစားလိုက်ရသည်။
ခဏအကြာတွင်တော့ ကြီးမားသော်လည်း သွယ်လျနေသော ပုံရိပ်ကြီးက ၎င်း၏ကြမ်းကြုတ်လှသောအစွယ်ကိုလှစ်ဟာပြလျက် နန်းတော်အတွင်းမှထွက်လာတော့သည်။
ရှောင်ယကို ကိုက်ကာမျိုချတော့မည့်ဟန်ဖြင့် သူမ၏ခေါင်းထံသို့ဦးတည်၍ ပါးစပ်ကိုဖွင့်ဟလိုက်သည်။