အပိုင်း ၇၅၅
Viewers 62k

အပိုင်း ၇၅၅

ခုနစ်ရောင်ခြယ်ကောင်းကင်ဝါးမျိုစပါးအုံးမြွေ..... ပန်းပွင့်လေး


ရွှေနန်းတော်ကြီး၏ဂိတ်တံခါးပွင့်လစ်သွားသည်နှင့်တစ်ပြိုင်နက် ဆိတ်ငြိမ်နေသည့်တွင်းနက်ကြီးနှင့်တူသော နက်မှောင်တောက်ပနေသည့် နေရာလွတ်တစ်ခု ထွက်ပေါ်လာလေသည်။ ရုတ်ခြည်းပင် လေပြင်းတစ်ချက်တိုက်လာပြီး ဧရာမပုံရိပ်ကြီးတစ်ခုကလေနှင့်အတူလွင့်ထွက်လာသည်။


၎င်း၏ပါးစပ်ကိုကျယ်ကျယ်ဖွင့်၍ ချွန်ထက်နေသည့်အစွယ်များက ရှောင်ယ၏ တိမ်းစောင်းနေသောချစ်စဖွယ်ခေါင်းလေးထံသို့ ချိန်ရွယ်ထားလေသည်။


ချူချန်းရှန်နှင့် ပုဖန်က ထိုဖြစ်ရပ်ကိုမြင်လိုက်သော်လည်း အချိန်မီမတုံ့ပြန်နိုင်လိုက်ချေ။


ချူချန်းရှန် သူ့ရဲ့မျက်ခွံများပင် ပြဲသွားလုမတတ် မျက်လုံးကိုပြူးကျယ်စွာဖွင့်လိုက်သည်။ သူအော်ဟစ်လိုက်ပြီး သူ၏အော်ရာများတဟုန်ထိုးမြင့်တက်လာတော့သည်။


ပုဖန်မျက်ခုံးပင့်လိုက်ကာ မျက်နှာအနည်းငယ်ပြောင်းလဲသွားတော့သည်။


ဘုန်း


သူတို့ဘာမှမလုပ်နိုင်လိုက်ပေ။ စက္ကန့်ပိုင်းအတွင်းတွင် ထိုဧရာမသတ္တဝါကြီးက ရှောင်းယကို၏ပတ်ပတ်လည်ကို ရစ်ခွေလိုက်သည်။ ရွှေရောင်ကြေးခွံများက တလက်လက်တောက်ပလာပြီး ထူးထူးခြားခြားဝင်းလက်တောက်ပြောင်နေသော အလင်းရောင်တစ်ခုကို ရောင်ပြန်ဟပ်နေသည်။


ထိုသတ္တဝါက မြွေမျိုးနွယ်စိတ်ဝိဉာဉ်သားရဲတစ်ကောင်ပင်။ စပါးအုံးမြွေ၌ စူးရဲသောမျက်လုံးများရှိပြီး ဦးခေါင်းပေါ်တွင် အဖုနှစ်ခုရှိလေသည်။ ထိုအချိန်တွင် ၎င်း၏ရစ်ခွေနေသောခန္ဓာကိုယ်ထဲသို့ ခေါင်းကိုမြှုပ်နှံလိုက်ပြီး ရှောင်းယကိုထိုအခွေထဲထည့်ထားလေသည်။


"ညစ်ပတ်တဲ့တိရိစ္ဆာန်ကာင်"


မျက်တောင်တစ်ခတ်ခါအတွင်းတွင် ချူချန်းရှန်၏မျက်လုံးများ သွေးရောင်ရဲလာတော့သည်။သူယခုလိုဖြစ်ရပ်မျိုးဖြစ်လာမည်ဟု တစ်ခါမျှပင်မတွေးခဲ့ဖူးပေ။ စိတ်ဝိဉာဉ်သားရဲတစ်ကောင်က အစားကြူးနတ်ဘုရားနန်းတော်မှထွက်ပေါ်လာခဲ့ပေသည်။


ဒါ အစားကြူးနတ်ဘုရားနန်းတော်ရဲ့ အစောင့်အရှောင့်သားရဲလား..


သေစမ်း


သူအရာအားလုံးကိုထည့်တွက်ထားသော်လည်း ထိုတစ်ခုကို‌ထည့်တွက်ရန်လွတ်သွားခဲ့လေသည်။


ချူချန်းရှန်၏ ဆံပင်များက ဖရိုဖရဲဖြစ်နေလေသည်။ သူဒေါသတကြီးအော်ဟစ်လိုက်ပြီး သူ့ရဲ့အော်ရာကဆက်လက်၍မြင့်တက်နေသည်။ လက်ကိုင်နှစ်ဖက်ရှိသော မီးဖိုချောင်သုံးဓားတစ်ချောင်းက သူ့ဘေးတွင်လည်ပတ်နေလေသည်။   


မီးဖိုချောင်သုံးဓားက အော်ဟစ်ဟိန်းဟောက်နေကာ လေထုကိုဆုတ်ဖြဲနေလျက်ရှိသည်။


ချူချန်းရှန် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး လျှပ်စီးကြောင်းကဲ့သို့လျှင်မြန်စွာဆူညံစွာဖြင့်ပြေးထွက်သွားတော့သည်။ စိတ်ဝိဉာဉ်လှေကားထစ်များက သူ့ခေါင်းပေါ်တွင်ပေါ်ထွက်လာပြီး သူ့ရဲ့အော်ရာကပို၍ပင် ကြောက်ရွံ့ဖွယ်ကောင်းလာတော့သည်။


နောက်ဆုံးတွင် သူ၏စွမ်းအင်များသည် တန်ခိုးရှင်အဆင့်သို့ရောက်ရှိသွားတော့သည်။  


"ညစ်ပတ်တဲ့တိရိစ္ဆာန်ကောင်။ မင်းအသက်နဲ့ပြန်ပေးဆပ်ပေတော့"


ချူချန်းရှန်၏ဒေါသတကြီးဟိန်းဟောက်သံက တောင်တန်းများနှင့်မြစ်များကိုပင် လှုပ်ခတ်သွားစေတော့သည်။ သူ၏အစစ်အမှန်စွမ်းအင်များကမြင့်တက်လာပြီး စိတ်ဝိဉာဉ်သားရဲကိုချိန်ရွယ်ထားပေသည်။


ကြီးမားသည့်စိတ်ဝိဉာဉ်သားရဲစပါးအုံးမြွေ၏ ခန္ဓာကိုယ်ကြီးလွင့်ထွက်သွားပြီး ၎င်း၏ကြေးခွံများက မှိတ်တုတ်မှိတ်တုတ်ဖြစ်နေလေသည်။ ခဏအကြာတွင် ၎င်း၏ဦးခေါင်းကိုမော့လာကာ ပါးစပ်ကိုကျယ်ကျယ်ဖွင့်၍ ချူချန်းရှန်ကိုဟိန်းဟောက်လိုက်သည်။ 


လျှာကိုလှုပ်ရမ်းလိုက်ပြီး အဆက်မပြတ်ဟိန်းဟောက်နေတော့သည်။ ရွှေရောင်အမြှီးကြီးက လွင့်ပျံလာသောကြောင့် ချူချန်းရှန်ရုတ်ချည်းပင်ထိတ်လန့်သွားကာ သူ့ရဲ့နှလုံးသားတစ်ခုလုံးပင်ခါယမ်းသွားတော့သည်။


ဘုန်း


သူ့ရဲ့ထိုးချက်က စပါးအုံး၏အမြှီးကိုထိသွားသော်လည်း သူခန္ဓာကိုယ်သည်တုန်ခါနေသောကောင်းကင်ယံသို့ လွင့်ပျံထွက်သွားတော့သည်။အမြှီးဖြင့် လွှဲရိုက်ခံရပြီးနောက် သူ့ရဲ့ခန္ဓာကိုယ်က မီးကျွမ်းသွားသောပဲတောင့်များကဲ့သို့ တဖျစ်ဖျစ်မြည်နေပေတော့သည်။


ဘုန်း


ချူချန်းရှန်မြေပြင်ပေါ်ကျသွားပြီး ချောင်းဆိုးလိုက်ကာ သွေးအန်ထုတ်လိုက်သည်။ သူအလွန်အမင်းခြေကုန်လက်ပမ်းကျသွားသည်ဟု ခံစားနေရသည်။


ဒယိမ်းဒယိုင်နှင့်မတ်တတ်ထရပ်လိုက်ပြီး သူ့မျက်နှာတွင် မယုံကြည်နိုင်မှုများနှင့် တုန်လှုပ်ခြောက်ခြားနေမှုများကိုရေးသားထားလေသည်။


သူ... တစ်ချက်တည်းနဲ့အမှောက်သိပ်ခံလိုက်ရတယ်တဲ့လေ....


တန်ခိုးရှင်အဆင့်ကိုရောက်နေပြီဖြစ်သော်လည်း ထိုစိတ်ဝိဉာဉ်သားရဲနှင့်ရင်ဆိုင်ရာတွင် အမြှီးတစ်ချောင်းဖြင့်ပင် သူလွင့်ထွက်သွားခဲ့သည်။


ဒီစိတ်ဝိဉာဉ်သားရဲရဲ့ ကျင့်ကြံရေးအဆင့်ကဘာလဲ...


အစားကြူးတောင်ကြားက ဒီလိုပဲပျက်ဆီးသွားတော့မှာလား... သူမမျော်လင့်ထားမိဘူး... အမွေအနှစ်ကိုရှာဖို့အရမ်းကိုခက်ခဲခဲ့ပေမယ့်... အဆုံးမှာတော့ သူပြင်းပြင်းထန်ထန်ကိုရှုံးနိမ့်သွားခဲ့တာတဲ့


လက်မခံနိုင်စရာပဲ


ဝေါင်း


ကြောက်မက်ဖွယ်လေပြင်းတစ်ခုတိုက်ခတ်လာပေသည်။ ကြီးမားတဲ့ရွှေရောင်စပါးအုံးမြွေက ဒေါသတကြီးဟိန်းဟောက်အော်ဟစ်လိုက်သည်။ ၎င်းက ချူချန်းရှန်၏စိတ်ဆွမှုကြောင့် ဒေါသထွက်လာပုံပေါ်လေသည်။


လေပြင်းများတိုက်ခတ်လာကာ မြေပြင်ပေါ်ရှိကျောက်တုံးများနှင့်ဖုန်မှုန့်များ လိမ့်လာတော့သည်။


၎င်းက အနက်ရောင်နှင့်အဖြူရောင်ထောင်တျဲများထက်ပင်အတော်လေးပို၍ သန်မာသည်ဟု ပုဖန်ကောက်ချက်ချမိလိုက်သည်။


ချူချန်းရှန် တစ်ချက်တည်းနှင့်ရှုံးနိမ့်သွားခြင်းသည် ထိုဖြစ်ရပ်ကိုသက်သေပြနေခြင်းပင်။


ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။ သူ့လက်ထဲတွင်နဂါးအရိုးမီးဖိုချောင်သုံးဓားပေါ်ထွက်လာပြီး အစစ်အမှန်စွမ်းအင်များကို ၎င်းထံသို့ပို့လွှတ်လိုက်သည်။ ချက်ချင်းပဲ ဓားက ရွှေရောင်အဆင်းသို့ပြောင်းလဲသွားပြီး ကောင်းကင်ပေါ်သို့ပျံတက်သွားလေကာ ရွှေရောင်အလင်းတန်းများကို နေရာအနှံ့သို့ပစ်လွှတ်နေတော့သည်။


ဝေါင်း


ပုဖန်၏ ပြင်းထန်သောအော်ရာများ ပျံ့နှံ့သွားသည်နှင့် နဂါးတစ်ကောင်၏ဟိန်းဟောက်သံပဲ့တင်ထွက်လာတော့သည်။ သူ၏မီးဖိုချောင်သုံးဓားက စပါးအုံးမြွေ၏ကြီးမားလှသောခေါင်းကြီးသို့ ဦးတည်နေပေသည်။


ချူချန်းရှန်ရဲ့မျက်လုံးများကဗလာဖြစ်သွားပြီး သူ့ရဲ့စိတ်နှလုံးသားပင်သေဆုံးသွားသကဲ့သို့ဖြစ်နေကာ အလွန်အမင်းစိတ်ဓာတ်ကျနေလျက်ရှိသည်။


စပါးအုံးမြွေကြီးက ၎င်း၏လျှာကိုသပ်လိုက်ပြီး ပုဖန်ကို မာန်ဖီလိုက်သည်။ ၎င်းက ပုဖန်လက်ထဲရှိ မီးဖိုချောင်သုံးဓားကိုကြောက်ရွံ့နေဟန်ပေါ်သည်။


ထိုမီးဖိုချောင်သုံးဓားမှ ၎င်း၏နှလုံးခုန်နှုန်းကိုပရမ်းပတာဖြစ်သွားစေသော ဖိအားတစ်ခုကို စပါးအုံးမြွေကြီးကခံစားရသည်။


ပုဖန်က ခံစားချက်မဲ့နေသောမျက်နှာဖြင့်ရှိနေသည်။ သူ့၏အော်ရာများကစုစည်းလာကာ ခန္ဓာကိုယ်ပေါ်ရှိ ဟင်္သာပြဒါးရောင် ဝတ်စုံကတဖျပ်ဖျပ်လွင့်လာတော့သည်။


ပထမဓားအလင်း၊ ဒုတိယဓားအလင်း၊ တတိယဓားအလင်း......


ဓားအလင်းကိုးခု တစ်ခုနှင့်တစ်ခုပေါင်းစုံသွားကာ ကောင်းကင်ကိုပင်စုတ်ဖြဲပစ်နိုင်သော ကြောက်မက်ဖွယ်ဓားအလင်းတစ်ခုဖြစ်လာသည်။


"ဓားကိုးချက်အရှင်သခင်... ခုတ်ပိုင်းချက်"


ပုဖန်၏မျက်နှာသည် အေးစက်နေကာ သူ့အသံက ထိုစကားလုံးများကိုပြောနေစဉ်တွင်ပင် မထူးမခြားနားဖြစ်နေပြီး တိုးတိမ်နေလျက်ရှိသည်။  


ပုဖန်၏အနောက်ဘက်တွင် ကြီးမားသည့်ပုံရိပ်ကြီးတစ်ခုထွက်ပေါ်လာသည်။ ထိုပုံရိပ်က ထုထည်ကြီးမားသောဓားကြီးတစ်ချောင်းကိုကိုင်ဆောင်ထားပြီး ပုဖန်လှုပ်ရှားသည့်အတိုင်း ၎င်းပုံရိပ်က ဓားဖြင့်ခုတ်ပိုင်းလိုက်လေသည်။


ဘုန်း ဘုန်း ဘုန်း


လေဟာနယ်တစ်ခုလုံး လှုပ်ခါသွားလေသည်။ အချိန်ခဏအကြာတွင် ဓားအလင်းများပေါက်ကွဲသွားပြီး အဆက်မပြတ်ပဲ့တင်ထပ်နေတော့သည်။


စပါးအုံးမြွေကြီးက ဟိန်းဟောက်အော်ဟစ်လိုက်ပြီး ၎င်း၏ကြေးခွံများတွင် အလင်းရောင်များတောက်ပလာသည်။


ဘုန်း


ဓားကိုးစင်းအရှင်သခင်က ခုတ်ပိုင်းချက်တစ်ခုအဖြစ်ပေါင်းစည်းသွားပြီး ပြင်းပြင်းထန်ထန်ခုတ်ပိုင်းလိုက်သည်။ တစ်ခုပေါ်တစ်ခုထပ်နေသောဓားကိုးစင်း၏စွမ်းအင်သည် အလွန်အမင်းကြောက်ရွံ့ဖွယ်ကောင်းလေသည်။


သို့သော်လည်း စပါးအုံးမြွေ၏ ကြီးမားလှသောဦးခေါင်းကို ခုတ်ပိုင်းမိချိန်တွင် ၎င်းကအနည်းငယ်သာ တုန်ရီသွားချေသည်။ မီးပွားများကနေရာအနှံ့သို့ပျံ့နှံ့သွားသော်လည်း သားရဲကြီး၏အရေပြားကိုပင်မဖြတ်တောက်လိုက်နိုင်ပေ။


ပုဖန်မျက်ခုံးပင့်မိသွားကာ သူ့စိတ်နှလုံးရမ်းခါသွားသည်။


ဒီရွှေရောင်စပါးအုံးမြွေကြီးက မိုက်လှခိည်လား...


ချူချန်းရှန်ကိုသူ့ရဲ့အမြှီးလေးနဲ့တင် သတ်နိုင်လုနီးပါးဖြစ်သွားတာ အံ့ဩစရာမရှိဘူး...


ဝေါင်း


ရွှေရောင်စပါးအုံးမြွေကြီးက နာကျင်သွားသောကြောင့် စူးရှစွာအော်ဟစ်လိုက်ပြီး ၎င်း၏ခန္ဓာကိုယ်က ရှေ့သို့တဟုတ်ထိုးပြေးထွက်လာတော့သည်။


၎င်း၏ပတ်ပတ်လည်လေထုကဖိနှိပ်ခြင်းခံလိုက်ရပြီး ပေါက်ကွဲသွားလေသည်။ ပါးစပ်ကိုဟကာ ပုဖန်ကိုအစွယ်များဖြင့်ချိန်ရွယ်လိုက်သည်။


ပုဖန်၏ဆံပင်များက ဝုန်းဒိုင်းကျဲနေသောလေထဲတွင် လွင့်ပျံနေသည်။ 


ပုဖန်မျက်လုံးထောင့်ကပ်၍ သူ့ကိုကိုက်ရန်ပြင်နေသည့် စပါးအုံးမြွေကြီးကိုစူးစိုက်ကြည့်လိုက်လေသည်။


သူ့ခန္ဓာကိုယ်ပေါ်ရှိ အနီရောင်ဝတ်ရုံက အလင်းရောင်များတောက်ပလာသည်။ မမြင်နိုင်သောကာကွယ်မှုတစ်ခု ထိုအချိန်တွင်အသက်ဝင်သွားသည်။


သို့သော်လည်း ရိုင်းစိုင်းကြမ်းတမ်းသော စပါးအုံးမြွေကြီးက ရုတ်တရက်ရပ်တန့်သွားလေသည်။ ၎င်း၏ကြီးမားသည်ပါးစပ်ကြီးက ပုဖန်၏ခေါင်းအထက်တွင်ရပ်တန့်သွားပြီး ၎င်း၏အံ့ချီးဖွယ်စွမ်းအင်များက ဘေးပတ်ပတ်လည်ရှိကျောက်တုံးများကိုကွဲကြေသွားစေသည်။


စပါးအုံးမြွေကြီးကသူ့ကိုမကိုက်ပေ။ ၎င်းက သူ့ခေါင်းအထပ်တွင်ရပ်တန့်နေကာအေးခဲနေပေသည်။ 


ပုဖန်စိတ်ရှုပ်ထွေးသွားပြီး ပွင့်ဟနေသည့်ပါးစပ်ကြီးကိုကြည့်လိုက်လေသည်။


"ပန်းပွင့်လေး လိမ္မာစမ်းပါဟာ... နင် အစ်ကိုကြီးကိုနာကျင်အောင်မလုပ်ရဘူးလေ"


ရွှီး...ရွှီး...


ရွှေရောင်စပါးအုံးမြွေကြီး၏ခေါင်းအထက်တွင် ပုံစံကွက်တစ်ခုပေါ်လာပြီး ရှောင်ယ၏ခန္ဓာကိုယ်လေးကထိုထဲမှထွက်လာလေသည်။ သူမက မြွေကြီး၏ခေါင်းပေါ်သို့ ယိုင်လိုက်ပြီး သူမရဲ့လက်ဖောင်းဖောင်းလေးတွေက မြွေကြီး၏ဦးခေါင်းကိုကြင်ကြင်နာနာပွတ်သပ်လိုက်သည်။


စပါးအုံးမြွေကြီးက သက်တောင့်သက်သာရှိနေပုံပေါ်ပြီး ပါးစပ်ကိုဖြေးဖြေးချင်းပိတ်လိုက်ကာ အဆိပ်များကိုပြန်သိမ်းလိုက်သည်။


ဘယ်လို... ရှောင်ယကမျိုချမခံရဘူး


ပုဖန် လုံခြုံအဆင်ပြေနေသောရှောင်ယကိုကြည့်လိုက်ပြီး မျက်ခုံးပင့်လိုက်သည်။ နောက်ဆုံးတော့‌ သူ့စိတ်ပြေလျော့သွားသည်။


အဝေးတစ်နေရာတွင်တော့ ချူချန်းရှန် အံ့အားသင့်လွန်း၍ မေးရိုးပင်အောက်သို့ပြုတ်ကျနေပေပြီ။


ဒီမြွေကြီးကရန်သူမဟုတ်ဘူး... ရှောင်ယကိုလဲမစားဘူးပေါ့လေ


ချူချန်းရှန် ရုတ်တရက်ကြီး စိတ်မကောင်းဖြစ်သွားသည်။ ဒါဆို ဘာလို့များ သူကမြွေကြီးရဲ့အမြှီးနဲ့အရိုက်ခံလိုက်ရတာလဲ... 


သူ့ရဲ့အတွင်းအင်္ဂါတွေအကုန်လုံးပျက်ဆီးသွားသော်လည်း ရှောင်ယကတော့ ခြစ်ရာလေးတစ်ခုပင်မထင်ချေ။


လူအချင်းချင်းပဲကိုဘာကိစ္စဒီလောက်တောင်ကွာဟနေရတာလဲ... ကလေးမလေးက ပုဖန်ကိုမြွေကြီးကတိုက်ခိုက်တော့တားပြီး သူ့ကို ရိုက်ထုတ်တော့ဘာလို့မတားရတာလဲ...


ရွှေရောင်စပါးအုံးမြွေကြီးက ပုံစံပြောင်းလိုက်ပြီး ၎င်း၏ခေါင်းကိုငုံ့ကိုင်းပေးလိုက်ကာ ရှောင်ယကိုခုန်ချစေသည်။


မြွေကြီးက ၎င်း၏လျှာကိုထုတ်လိုက်ပြီး ရှောင်ယကို လျက်လိုက်သည်။ ရှောင်ယက ယားယံသွားကာ အဆက်မပြတ်ရယ်မောနေလေတော့သည်။


ပုဖန်ကထိုချစ်စဖွယ်မြင်ကွင်းကိုကြည့်ပြီး သူ့နှုတ်ခမ်းထောင့်များကိုမတွန့်ချိုးပဲ မနေနိုင်တော့ချေ။ သူမြေပြင်ပေါ်တွင် ဆန့်ဆန့်ကြီးလဲနေသောချူချန်းရှန်ကိုကြည့်လိုက်ကာ နှစ်သိမ့်ပေးလိုက်သင့်သလားဟူ၍ တွေးမိလိုက်သည်။


သို့သော် သူမနှစ်သိမ့်ပေးလိုက်ချေ။ ယခုချူချန်းရှန်လိုနေသည်မှာ ခတ္တငြိမ်သက်ပေးနေရန်သာဖြစ်သည်။


ကံကောင်းစွာဖြင့် ချူချန်းရှန်တစ်ယောက်မနာကျင်ခဲ့ပေ။ သူက ပြန်လည်ကုသခြင်းစွမ်းအင်၌ထိပ်တန်းဖြစ်သော တန်ခိုးရှင်တစ်ဦးဖြစ်ပေသည်။ သေစေနိုင်သောဒဏ်ရာများကိုမထိမိပါက သူသည်ထိုနေရတွင်လှဲနေပြီး ခဏအကြာတွင်တော့ ပျောက်ကင်းသွားပေမည်။


ဝီး


အချိန်ခဏလောက်တုန်ရီနေပြီးနောက်တွင် စပါးအုံးမြွေကြီး၏ခန္ဓာကိုယ်သည်ကျုံ့ဝင်သွားတော့သည်။ ခဏအကြာတွင် ၎င်းက ရှောင်ယအရွယ်ကလေးမလေးအဖြစ်ပြောင်းလဲသွားသည်။


သို့သော်လည်း ထိုကလေးမလေး၏နှဖူးတွင် ရွှေရောင်ဂျိုနှစ်ခုရှိနေပြီး ရွှေရောင်ဝတ်စုံကိုဝတ်ဆင်ထားလေသည်။


ပုဖန် မျက်တောင်ခတ်လိုက်သည်။ ထိုကြမ်းကြုတ်သောစပါးအုံးမြွေကြီးက ကလေးမလေးဖြစ်သွားလေပြီ။ ထိုပုံစံကတစ်နည်းနည်းဖြင့်မှားယွင်းနေသလိုပင်။


ပန်းပွင့်လေးက ကလေးမလေးအဖြစ်ပြောင်းလဲသွားပြီးနောက်တွင် သူမကရှောင်ယကိုဖက်လိုက်ပြီး ရှောင်ယ၏ အနံ့ကိုရှူရှိုက်နေလေသည်။ သူမ၏မျက်နှာသည် ပျော်ရွှင်နေမှုကြောင့် ဝင်းပနေပေတော့သည်။


"အစ်ကိုကြီး ဒါပန်းပွင့်လေးလေ ညီမလေးရဲ့သူငယ်ချင်းအသစ်လေးပေါ့... ပန်းပွင့်လေးကပြောတယ် သူမွေးကတည်းဒီနန်းတော်ထဲမှာနေတာတဲ့... ပြီးတော့ သူကညီမလေးကိုစောင့်နေတာတဲ့..."


ရှောင်ယ ပုဖန်ဘက်ကိုလှည့်၍ ရှင်းပြလေသည်။


ပန်းပွင့်လေးက သူမရဲ့ခေါင်းကိုမော့လိုက်ကာ နှာခေါင်းရှုတ်လိုက်ပြီး ပုဖန်ဘက်ကိုမျက်လုံးလှည့်၍ကြည့်လိုက်သည်။


သူမရဲ့ခေါင်းကို ပုဖန်ရဲ့မီးဖိုချောင်သုံးဓားနှင့်ခုတ်ပိုင်းခဲ့သည်ကို မကျေနပ်သေးပုံပေါ်လေသည်။


အဝေးမှချူချန်းရှန်က မတ်တတ်ရပ်ရန်ပင်ယိုင်တိယိုင်တိုင်ဖြစ်နေပြီး စိတ်ပျက်လက်ပျက်ဖြစ်နေသည်။


ထိုမြွေ၏အမြှီးက သူ့ကိုဆိုးဆိုးဝါးဝါးပင်ထိခိုက်သွားစေခဲ့သည်။ ဒီပန်းပွင့်လေးက စိတ်ဝိဉာဉ်နတ်ဘုရားအာရုံအဆင့်သို့မရောက်ရှိသေးသော်လည်း ထိုအဆင့်နှင့်မဝေးတော့ပေ။ ဒါတင်မကပဲ သူ့ကို လွှဲရိုက်ပြီးဒဏ်ရာရစေခဲ့တဲ့ စပါးအုံးမြွေကြီးက တကယ်တော့ ကလေးတစ်ယောက်ဖြစ်နေပေသည်။


သူမကငယ်ရွယ်သေးသည်ဆိုသော်လည်း အလွန်အင်အားကြီးနေပြီဖြစ်သည်။ ဘုရားရေ... ဒါဘယ်လိုစိတ်ဝိဉာဉ်သားရဲပါလိမ့်...


ပုဖန်လည်းပဲသိချင်နေသည်။ ထို့ကြောင့် စနစ်ကိုတိုက်ရိုက်ပင်မေးလိုက်တော့သည်။


ချူချန်းရှန်မသိနိုင်သော်လည်း စနစ်ကသိနိုင်ပေသည်။


"ခုနစ်ရောင်ခြယ်ကောင်းကင်ဝါးမျိုစပါးအုံးမြွေ ရှေးဟောင်းအစစ်အမှန်သွေးမျိုးဆက်နတ်ဘုရားသားရဲ... အရေခွံတစ်ခါလဲတိုင်း ၎င်း၏ခန္ဓာကိုယ်တွင်အရောင်တစ်ရောင်ထပ်တိုးလာသည်... အရောင်ခုနစ်ရောင်လုံးပိုင်ဆိုင်သွားမည်ဆိုပါက အတိဒုက္ခကျော်ဖြတ်ပြီးချိန်တွင်အစစ်အမှန်နဂါးအဖြစ်ပြောင်းလဲနိုင်သော ခုနစ်ရောင်ခြယ်ကောင်းကင်ဝါးမျိုနဂါးဖြစ်လာလိမ့်မည်"


စနစ်ကပြန်လည်ဖြေကြားလာသည်။


စနစ်ထံမှ ပန်းပွင့်လေး၏အချက်အလက်များကိုသိလိုက်ရသောအခါ ပုဖန်အံ့အားသင့်သွားတော့သည်။ နားထောင်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက်မရှူလိုက်ပဲမနေနိုင်တော့ချေ။


ရှေးဟောင်းအစစ်အမှန်သွေးမျိုးဆက်နတ်ဘုရားသားရဲ...


အစစ်အမှန်သွေးမျိုးဆက်... ၎င်းက နတ်ဘုရားသားရဲသွေးမျိုးဆက် တစ်စွန်းတစ်စသာပါသော အနက်နှင့်အဖြူထောင်တျဲများနှင့်လုံးဝပင်ကွာခြားသော နတ်ဘုရားသားရဲစစ်စစ်ဖြစ်လေသည်။ 


ပုဖန်၏မျက်လုံးများကတောက်ပလာတော့သည်။ သူက လှပသောပန်းပွင့်လေးကိုကြည့်ရှုရင်းမျက်တောင်ခတ်လိုက်သည်။


"ခုနှစ်ရောင်ခြယ်ကောင်းကင်ဝါးမျိုစပါးအုံး...အတော်လေးမိုက်သားပဲ"

ပုဖန်ပြောလိုက်သည်။


ရှောင်ယနှင့်ချူချန်းရှန်တို့ အံ့ဩသွားကြသည်။


ပန်းပွင့်လေး သူမ၏ပါးနှစ်ဖက်ကိုဖောင်းလိုက်ကာ ပုဖန်ကိုကြည့်လိုက်သည်။


ပုဖန် သူမ၏ဇစ်မြစ်ကို သိနိုင်သည်ကိုအံ့ဩမိပါသည်။ သို့သော်လည်း သူမဘာမှမပြောလိုက်ပဲ ထိုသို့သာတွေးနေလိုက်သည်။


ဘာပဲဖြစ်ဖြစ်.. ဒီလူသားက ငါ့ခေါင်းကိုမီးဖိုချောင်သုံးဓားနဲ့ခေါက်ခဲ့တယ်လေ...အဲ့တာသူ့အမှားပဲ....


ဘုန်း ဘုန်း


ရွှေနန်းတော်ကြီးအတွင်းမှ ကျယ်လောင်သောအသံများထွက်ပေါ်လာသည်။


ပန်းပွင့်လေး၏မျက်လုံးများတောက်ပလာကာ ရှောင်ယ၏လက်ကိုဆွဲ၍ ထိုနေရာသို့ပျံနေသကဲ့သို့ ပြေးသွားလေသည်။


ပုဖန်နှင့်ချူချန်းရှန်တို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ပုဖန်က ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကိုကိုင်ဆောင်၍ မျက်နှာသေနှင့်ပင် နန်းတော်ဆီသို့လျှောက်သွားလိုက်သည်။


ချူချန်းရှန် အံ့အားသင့်နေသည်။ သူ့ရဲ့နှုတ်ခမ်းမွှေးကိုပွတ်သတ်နေရင်း သူ့လက်တွေတုန်ရီလာတော့သည်။ သို့သော်လည်း သူနန်းတော်ထဲသို့လိုက်ဝင်မသွားခဲ့ပေ။ ထို့အစား ရွှေနန်းတော်ကြီး၏ရှေ့တွင်ခြေချိတ်ထိုင်နေလိုက်သည်။


ရှောင်ယအမွေအနှစ်ကိုလက်ခံနေချိန်တွင် သူစောင့်ရှောက်ပေးချင်ပေသည်။ ဒီနေရာကိုရောက်လာသမျှလူတိုင်းကိုသူတားရပေမည်။


အမှောင်ထုထဲမှ ခြေသံများပဲ့တင်ထပ်ထွက်ပေါ်လာသည်။


ချူချန်းရှန် မျက်စိကျဉ်းမြောင်းလိုက်သည်။ အသက်ရှူအောင့်လိုက်ပြီး သူ့ရှေ့ရှိ အမှောင်ထုထဲသို့စိုက်ကြည့်လိုက်သည်။


ထိုနေရာမှ ပုံရိပ်တစ်ခုကဖြေးဖြေးချင်းထွက်ပေါ်လာတော့သည်။