အပိုင်း ၇၆၁
အမွေအနှစ်ဆုလာဘ်
ပုဖန်ရောက်မလာခင်တွင်ပင် စိတ်ဝိဉာဉ်သားရဲ၏ အလွန်ကြီးမားသော ခြေထောက်တစ်ချောင်းပေါ်ထွက်လာသည်။ ၎င်းခြေထောက်ကြီးကို အမွေအနှစ်မြေပြင်တွင်ပြင်ဆင်ထားရှိပြီး အခြားတစ်ခုကလည်း မျက်နှာချင်းဆိုင်ရှိမီးဖိုပေါ်တွင်ပေါ်ထွက်လာသည်။
ပုဖန် ထိုစိတ်ဝိဉာဉ်သားရဲ၏ခြေထောက်ကို ဆွဲဆိတ်ကြည့်သောအခါ နူးညံ့အိစက်နေသောအသားသည် သားရေကွင်းတစ်ကွင်းကဲ့သို့ ဆွဲဆန့်နိုင်ကာ ပြန်လည်တွန်းကန်နေပေသည်။
စိတ်ဝိဉာဉ်သားရဲခြေထောက်တစ်ချောင်းတည်းနဲ့ ဘာများလုပ်လို့ရမှာလဲ
ပုဖန်၏လက်ထဲတွင် နဂါးအရိုးမီးဖိုချောင်သုံးဓားပေါ်ထွက်လာသည်။ ၎င်းဓားက ထင်ရှားသည့်ဓားများ၏များစွာသော ရတနာစိတ်ဝိဉာဉ်များကိုဝါးမျိုထားသောကြောင့် ပုဖန်က သူနှင့်ထိုနဂါးအရိုးမီးဖိုချောင်သုံးဓားတွင် နက်ရှိုင်းသောဆက်သွယ်မှုတစ်ခုရှိနေသည်ကို ထင်ထင်ရှားရှားပင်ခံစားလို့ရနေပေသည်။ သူဓားကို လွှဲယမ်းလိုက်တိုင်း ထိုဆက်နွယ်မှုကို ခံစားရနေသည်။
မီးဖိုချောင်သုံးဓားက စိတ်ဝိဉာဉ်သားရဲ၏ အသားကိုခုတ်ပိုင်းလိုက်သောအခါ ၎င်းကိုပြီးပြည့်စုံစွာပိုင်းပြတ်သွားစေသည်။ ဓားက အသားထဲသို့ ထိုးဖောက်ဝင်ရောက်သွားချိန်တွင် အလွန်အမင်းကျေနပ်ဖွယ်ကောင်းသောခံစားချက်ကို ပုဖန်ခံစားလိုက်ရပြီး အနည်းငယ်ဆွဲဆောင်ခံရပေသည်။
ပါဝင်ပစ္စည်းများကိုပြင်ဆင်ခြင်းနှင့် ပြုပြင်ခြင်းသည် ချက်ပြုတ်ခြင်းအတွက် အရေးပါသောအဆင့်များဖြစ်ပြီး အမှန်တကယ်ပင်အရည်အသွေးမြင့်သောဓားတစ်ချောင်းက စားဖိုမှူးကို တုနှိုင်းမဲ့ပြီး မမေ့နိုင်သော အတွေ့အကြုံကိုပေးစွမ်းပေသည်။
ပုဖန် အသားကိုပြင်ဆင်နေချိန်တွင် သူ့လှုပ်ရှားမှုများက စီးဆင်းနေသောမြစ်တစ်စင်းကဲ့သို့ သဘာဝကျစွာချောမွေ့နေလေ၏။ သို့သော် အရှိန်နှင့်ပတ်သတ်လျှင် ၎င်းကဒုတိယဟုပြောလျှင် ပထမဟူ၍မရှိနိုင်တော့ပေ။ သူစိတ်ဝိဉာဉ်သားရဲ၏ခြေထောက်ကို ဓားဖြင့်ထပ်ခါထပ်ခါခုတ်ပြီးချိန်တွင် စတင်၍ ခွဲခြမ်းလိုက်လေသည်။
အခြားတစ်ဖက်တွင် ပြိုင်ဘက်၏မီးဖိုသည် ပုဖန်၏ခြေလမ်းများနောက်သို့ နီးနီးကပ်ကပ်လိုက်နေပေသည်။
နှစ်ယောက်စလုံးက လိုအပ်သည့် တိကျမှုများနှင့် လှုပ်ရှားမှုပြောင်းလဲသည့်နေရာများတွင် ထပ်တူကျလုနီးပါးဖြစ်နေသည်။
အပြင်ဘက်ရှိစားဖိုမှူးတစ်ယောက်ယောက်သာ ဤမြင်ကွင်းကိုတွေ့မြင်မိပါက မလွဲမသွေပင်အံ့ဩမင်သက်သွားပေမည်။ ထိုစားဖိုမှူးနှစ်ယောက်ကို အမှီလိုက်ရန် မည်သူ့တွင်မှ ယုံကြည်ချက်မရှိလောက်ချေ။
…
ချက်ပြုတ်ခြင်းအနုပညာ လှေကားကိုးထစ်၏ ထိပ်ဆုံးအထပ်တွင် ရှောင်ယနှင့် ပန်းပွင့်လေးတို့ထိုင်နေကာ သူတို့၏ ဖြူဖွေးနူးညံ့သောခြေထောက်ဖောင်းဖောင်းလေးများကို ပျင်းရိစွာ လွှဲယမ်းနေကြသည်။
ရှောင်ယ၏နှဖူးထက်ရှိ ကျောက်မျက်သည် အလွန်အမင်းတောက်ပလင်းလဲ့နေကာ သူမ၏အတွေးပင်လယ်ထဲသို့ မှတ်ဉာဏ်များကို လျှင်မြန်စွာကူးပြောင်းပေးနေသောကြောင့် အားကောင်းသောစွမ်းအင်များက သူမ၏ခန္ဓာကိုယ်လေးထဲတွင် ဖောင်းကားလာသည်ကိုခံစားနေရသည်။
ဒီစွမ်းအင်တွေက..... အမှန်တကယ်တွင်တော့ သူမကိုအနည်းငယ်ခေါင်းကိုက်စေသည်။
ပန်းပွင့်လေးက ရှောင်ယ၏ လက်မောင်းလေးကိုကိုင်ထားပြီး ချစ်ခင်ရင်းနှီးစွာဖြင့်သူမ၏မျက်နှာဖြင့်ပွတ်သပ်နေသည်။ ရှောင်ယထံမှ ထုတ်လွှတ်နေသော နှစ်လိုဖွယ်ကောင်းသောရနံ့လေးကို သူမကကြိုက်နှစ်သက်ပေသည်။
ထိုရနံ့လေးကသူမကို အလွန်ပင်ပျော်ရွှင်ကြည်နူးစေသည်။
"အစ်ကိုကြီးက အရမ်းနှေးတာပဲ..."
ရှောင်ယ ညည်းညူနေရင်း လက်ကိုမြှောက်လိုက်ကာ မျက်ခုံးကိုနှိပ်နှယ်လိုက်သည်။
ပန်းပွင့်လေး၏ မျက်လုံးများကလင်းလက်လာကာ နှာခေါင်းကိုမော့လိုက်ပြီး ရှောင်ယ၏လက်မောင်းများကြားထဲ သူမမျက်နှာကို နှစ်ထားလိုက်သည်။
ဘုန်း
ရုတ်တရက် သူမ၏အောက်ဘက်ရှိ ချက်ပြုတ်ခြင်းအနုပညာလှေကားကိုးထစ်ကို ငုံ့ကြည့်လိုက်ကာ ပုံရိပ်ယောင်ကွဲကြေသွားသည်ကိုသတိပြုမိလိုက်သောကြောင့် ရှောင်ယ၏မျက်လုံးများက မသိစိတ်အရတောက်ပလာတော့သည်။
လက်ထဲတွင် နဂါးအရိုးမီးဖိုချောင်သုံးဓားကိုကိုင်ဆောင်ထားပြီး အနီရောင်စားဖိုမှူးဝတ်ရုံက အနောက်တွင်တဖျပ်ဖျပ်လွင့်နေသော ပုဖန်ကခပ်တည်တည်ဖြင့်ထွက်လာသည်။
မျက်နှာသေနှင့်ပင် ရှေ့တစ်လှမ်းထပ်တိုးကာ ကိုးဆင့်မြောက်သို့ ရောက်သွားတော့သည်။ အလင်းတန်းတစ်ခုက သူ့အပေါ်ကျရောက်လာပြီး ကြီးမားပြင်းထန်သောစွမ်းအင်များက ခန္ဓာကိုယ်အတွင်းသို့ဝင်ရောက်လာသောကြောင့် သူ့ခန္ဓာကိုယ် အလွန်အမင်းသန်မာသွားသည်ဟုခံစားလိုက်ရသည်။
ချက်ပြုတ်ခြင်းအနုပညာ လှေကားကိုးထစ်သည် ပုဖန်ကိုရပ်တန့်နိုင်စွမ်းမရှိပေ။ သူ့ရည်မှန်းချက်သည် မယိမ်းမယိုင်ပဲရှိနေဆဲပင်- သူသည် ဤဆန်းကျယ်သည့်ကမ္ဘာထဲတွင် အစာကွင်းဆက်၏ထိပ်ဆုံးတွင်ရှိသော စားဖိုမှူးတစ်ယောက်ဖြစ်ချင်သည်။ ထို့ကြောင့် ထိုအတားအဆီးလေးသည် သူ၏လမ်းကြောင်းကို လုံးဝဟန့်တားနိုင်မည်မဟုတ်ချေ။
သို့သော်လည်း ဤချက်ပြုတ်ခြင်းအနုပညာ လှေကားကိုးထစ်သည်ဟုခေါ်သော အရာသည် သူ့ကိုစိန်ခေါ်မှုအနည်းငယ်ဖြစ်စေသည်ကိုတော့ ဝန်ခံရပေမည်။ ရိုးရိုးရှင်းရှင်းပင်အစပြုထားသော်လည်း စမ်းသပ်သူက ရှေ့သို့ဆက်တိုးလေ အဆပေါင်းများစွာပို၍ခက်ခဲလာလေပင်ဖြစ်သည်။
ချက်ပြုတ်ခြင်းအနုပညာ စမ်းသပ်ချက်တွင် ပို၍ခက်ခဲတင်းကြပ်လာလေလေ မည်သည်အမှားများနှင့် စိတ်ပါဝင်စားစွာဂရုတစိုက်မပြင်ဆင်ထားသော မည်သည့်ဟင်းပွဲမျိုးမဆို သူ့ကိုကျဆုံးသွားစေရန်ပြုလုပ်နိုင်လေလေဖြစ်သည်။
ကံကောင်းစွာဖြင့် ပုဖန်တွင် အတွေ့အကြုံများစွာရှိနေပေသည်။ အေးချမ်းငြိမ်သက်သောစိတ်နှလုံးသားနှင့် သူ၏ချက်ပြုတ်ခြင်းနည်းပညာတွင် လုံးဝယုံကြည်ချက်ရှိသောကြောင့် ဘယ်အရာကမှသူ့ကို လှုပ်ခတ်နိုင်စွမ်းမရှိပေ။
ပုဖန် သက်ပြင်းဖွဖွချ၍ ရှောင်ယ၏ရှေ့တွင်သွားရပ်လိုက်သည်။
ရှောင်ယ၏မျက်ခုံးနှစ်ခုကြားတွင် တစ်လက်လက်တောက်ပနေလျက်ရှိသော ကျောက်မျက်တစ်ခုရှိနေသည်။ ထိုအရာက ရှောင်ယပိုင်ဆိုင်သော ရတနာတစ်ခုဖြစ်သည်မှန်း ပုဖန်သိလေသည်။ ထို့အပြင် ထိုကျောက်မျက်က အမွေအနှစ်မှတ်ဉာဏ်များစွာကို မှတ်တမ်းတင်ထားသောအရာဖြစ်သည်။
ဆိုရိုးစကားအရပြောရမည်ဆိုလျှင် သာမန်လူတစ်ယောက်ကအပြစ်ကင်းသော်လည်း ရတနာတစ်ခုကိုပိုင်ဆိုင်ထားသောသူသည် အပြစ်ရှိသည်ဟုမှတ်ယူ၍ရပေသည်။ အကယ်၍ ထိုလေးမလေးသာ ဤနေရာမှထွက်သွားပြီး သူမထံတွင် အစားကြူးတောင်ကြား၏အမွေအနှစ်ရှိသည်ဟု အခြားသူများကိုထုတ်ဖော်ပြောကြားလိုက်ပါက သူမသည် မလွဲမသွေပင်တစ်ကမ္ဘာလုံး၏ပစ်မှတ်ဖြစ်သွားပေလိမ့်မည်။ အဆုံးတွင်တော့ အမွေအနှစ်ကိုရသွားသူသည် ခွန်အားမားသော အသက်ကြီးကြီးလူတစ်ယောက်ဖြစ်မနေပဲ အကူအညီမဲ့နေသော မိန်းမငယ်လေးတစ်ယောက်သာဖြစ်နေပေသည်။
'အကူအညီမဲ့'နေသည်ဆိုသည်မှာ ပုဖန်၏အတွေးတစ်ခုသာဖြစ်လေသည်။
အမှန်အတိုင်းပြောရမည်ဆိုလျှင် ရှောင်ယ၏တိုက်ခိုက်နိုင်စွမ်းသည် အမွေအနှစ်ကိုလက်ခံရယူပြီးနောက်တွင် အလွန်အမင်းပင်ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သည်။
ပုဖန် ရှောင်ယ၏ခေါင်းကို ပုတ်ပေးလိုက်တာကြောင့် ပန်းပွင့်လေးနိုးသွားပုံပေါ်လေသည်။ ပန်းပွင့်လေးက အနှောင့်အယှက်ဖြစ်သည်ဟူသောပုံစံဖြင့် နှုတ်ခမ်းကိုစူထော်ကာ သေစေနိုင်သောအကြည့်ဖြင့်ပုဖန်ကို စိုက်ကြည့်လိုက်လေသည်။
ပန်းပွင့်လေးသည် ပုဖန်က သူ၏မီးဖိုချောင်သုံးဓားဖြင့်သူမကိုခုတ်ခဲ့သည်ကို ဒေါသဖြစ်ကာတေးမှတ်ထားနေဆဲပင်။
ဝုန်း
ရုတ်တရက် ချက်ပြုတ်ခြင်းအနုပညာ လှေကားကိုးထစ်သည် ပြင်းပြင်းထန်ထန်လှုပ်ရမ်းလာတော့သည်။ ခဏအကြာတွင် အဝေးမှအရိပ်တစ်ခုပေါ်ထွက်လာပြီး တဖြေးဖြေးကြည်လင်ပြတ်သားသောပုံရိပ်တစ်ခုအဖြစ် ပုံပေါ်လာတော့သည်။
ထိုပုံရိပ်သည် စားဖိုမှူးဝတ်ရုံနှင့် စားဖိုမှူးဦးထုပ်ကိုဆောင်းထားပေသည်။ ၎င်း၏မျက်နှာသည် မှုန်ဝါးနေသော်လည်း မည်သည့်အန္တရယ်ရှိသည့် ခံစားချက်ကိုမှထုတ်လွှတ်မနေပေ။
ပုဖန်နှင့်ရှောင်ယတို့ ခေါင်းမော့လိုက်ကာ ထိုပုံရိပ်ကိုကြည့်လိုက်သည်။
ထိုပုံရိပ်က ငြင်သာစွာပြုံးပြကာ ရှေ့သို့လျှောက်လာသည်။ ခဏအကြာတွင်တော့ ၎င်းကပုဖန်နှင့်ရှောင်ယ၏ရှေ့တွင် လွင့်မျောနေလေသည်။
"ဒီဝိဉာဉ်ရဲ့စာမေးပွဲကို ပြီးမြောက်အောင်မြင်အောင် ဖြေဆိုနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်"
ထို ပုံရိပ်ကပြောလိုက်သည်။
ပုဖန် သူ၏အမူအယာမဲ့သောပုံစံကို ဆက်ထိန်းထားပြီး ခေါင်းငြိမ့်ပြလိုက်သည်။
ရှောင်ယက သူ့ကိုစိုက်ကြည့်ပြီး သူမ၏မျက်လုံးလေးများကို ပေကလတ် ပေကလတ်လုပ်နေသည်။
ပန်းပွင့်လေးကတော့ ထိုပုံရိပ်ကို လုံးဝပင်အာရုံရှိမနေပဲ မျက်လုံးမှိတ်ထားပြီး ရှောင်ယ၏လက်မောင်းကိုဖက်တွယ်ထားကာ သူမ၏ခေါင်းနှင့်ပွတ်သပ်တိုးဝှေ့နေလေသည်။
သူ့ကိုမည်သူကမှစကားပြန်ပြောရန် အစီအစဉ်မရှိသည်ကို ထိုပုံရိပ်ကခံစားမိလေပြီး အနည်းငယ် ကသိကအောက်ဖြစ်သွားတော့သည်။ သို့သော် သူသည် ဤအမွေအနှစ်မြေတွင် ကျန်နေခဲ့သည့် စိတ်ဝိညာဉ်တပိုင်းတစသာဖြစ်သောကြောင့် ထိုကသိကအောင့်ဖြစ်မှုကကြာရှည်မခံလိုက်ပေ။
"ဒီက ကလေးမလေးက ဒီဝိဉာဉ်ရဲ့ မျိုးဆက်ပဲဖြစ်ရမယ်... သူမရဲ့ခန္ဓာကိုယ်ထဲကနေ ရင်းနှီးနေတဲ့သွေးမျိုးဆက်ကိုအာရုံခံမိနေတယ်... ဒီအမွေအနှစ်မှတ်ဉာဏ်ကျောက်မျက်ကိုလက်ခံပြီးတဲ့နောက်မှာ ဒီဝိဉာဉ်ရဲ့မျှော်လင့်ချက်တွေကို သူမကဆက်လက်ထမ်းရွက်ပေးပြီး ငါ့ရဲ့သွေးမျိုးဆက်ကို ထင်ပေါ်ကျော်ကြားလာအောင်ပြုလုပ်ပေးရမယ်...."
"ခင်ဗျားက အစားကြူးတောင်ကြားရဲ့ တောင်ကြားသခင်လား... ဒီအမွေအနှစ်ကိုချန်ထားခဲ့တဲ့လူလား.."
ပုဖန်မေးလိုက်သည်။
ပုံရိပ်က ခေါင်းငြိမ့်ပြလိုက်ကာ ပုဖန်ကိုလှည့်ကြည့်လာသည်။
"မင်းကငါ့ရဲ့မျိုးဆက်မဟုတ်ဘူးပဲ... ဒါပေမဲ့ မင်းဆီကနေ ရင်းနှီးနေတဲ့ အရောင်အဝါတစ်ခုကိုခံစားမိနေတယ်... မင်းမှာဘာလျှို့ဝှက်ချက်တွေပဲရှိနေနေ ငါ့ရဲ့စမ်းသပ်ချက်ကိုကျော်ဖြတ်နိုင်မှတော့ ဒီဝိဉာဉ်က ဆုပေးရမှာပေါ့"
ခဏနားလိုက်ပြီး ထိုပုံရိပ်ကဆက်ပြောသည်
" ဒီ အမွေအနှစ်မှတ်ဉာဏ်ကျောက်မျက်ကတော့ မင်းကိုလုံးဝပေးလို့မရဘူး... ဒါပေမဲ့ ငါ့မှာမင်းကိုပေးဖို့အတွက် ချက်ပြုတ်နည်းစာအုပ်တွေနဲ့ အထွတ်အထိပ်အဆင့်မီးဖိုချောင်သုံးဓားတစ်ချောင်းကျန်ပါသေးတယ်... အဲ့တာအပြင် ငါမင်းကို အဆင့်ချိုးဖြတ်ဖို့တစ်ခါကူညီပေးမယ်... ခုဏကမင်းခံစားလိုက်ရတဲ့ တိုးလာတဲ့စွမ်းအင်တွေက စာမေးပွဲအတွင်းက ဆုလာဘ်တွေမဟုတ်ပေမယ့်လည်း အဲ့ဒီ့စွမ်းအင်တွေက အဆင့်ကျော်ဖြတ်တဲ့နေရာမှာ တကယ်အသုံးလိုတယ်... အဲ့ဒါက စာမေးပွဲဖြေဆိုတဲ့သူတွေအတွက် ငါချန်ထားခဲ့တဲ့ အရာတစ်ခုပါပဲ..."
ပုံရိပ်က ပုဖန်ကိုငြင်သာစွာပြောလိုက်လေသည်။
သူ့ရဲ့အသံကညှို့ငင်နိုင်စွမ်းနှင့်အကဲဖြတ်မှုများဖြင့်ပြည့်နေည်။
"အဲ့တာတွေအပြင်... အခုမင်းမှာ ထောင်တျဲရဲ့နှလုံးသားကိုရယူဖို့အခွင့်အရေးရှိသွားပြီ"
ထောင်တျဲရဲ့နှလုံးသားတဲ့လား..
ပုဖန် မင်သက်မိသွားသည်။
ထိုပုံရိပ် အစကပြောခဲ့သည့်အရာများက သူ့အတွက်တော့ ဆွဲဆောင်မှုသိပ်မရှိပေ။ ချက်ပြုတ်နည်းစာအုပ်လို့ခေါ်တဲ့အရာက ပုဖန်အတွက်အရေးမကြီးပေ။ ထို့အပြင် သူ့တွင် ကိုယ်ပိုင် ချက်ပြုတ်ခြင်းနတ်ဘုရား အတွဲရှိပေသည်။ အထွတ်အထိပ်အဆင့်မီးဖိုချောင်သုံးဓားဆိုသည်မှာလည်း သူ့အတွက်လုံးဝပင်အသုံးမဝင်ချေ။ စွမ်းအင်တိုးတက်လာသည့်အရာသည်ကား....
၎င်းကသူ့ကို တစ်ခါတည်းအဆင့်ချိုးဖြတ်သွားစေကာ အနည်းငယ်စွမ်းအားတိုးလာစေခဲ့သည်။
ပုဖန်၏ အဆင့်ချိုးဖြတ်ခြင်းများသည် မလွယ်ကူပေ။ ယခုသူ့တွင်အဆင့်ကျော်ဖြတ်ရန် နည်းလမ်းတစ်ခုရှိနေပါသော်လည်း သူ့အတွက်တော့ ရိုးရှင်းသော စွမ်းအင်စုဆောင်းမှုတစ်ခုဖြစ်မနေခဲ့ပေ။
သို့သော် ထိုပုံရိပ်ပြောလိုက်သော ထောင်တျဲ၏နှလုံးသားဟူသည် ပုဖန်၏စိတ်ဝင်စားမှုကိုမြင့်တက်သွားစေသည်။ ထောင်တျဲ၏နှလုံးသားဟူ၍ ပြောလိုက်ပြီးသည့်နောက်တွင် ပုဖန်၏လက်မောင်းတွင်ရှိသောအဖြူနှင့်အနက်လက်ပတ်သည် သူ့အားတစ်စုံတစ်ခုကို သိစေချင်နေသကဲ့သို့ ပူပြင်းလာလေသည်။
ဆိုတော့ ထောင်တျဲရဲ့နှလုံးသားနဲ့ ဒီအဖြူအမဲလက်ပတ်မှာ ဆက်သွယ်ချက်တစ်ခုရှိနေတာလား...
ပုဖန် မျက်လုံးများကိုမှေးကျဉ်းလိုက်သည်။
ထိုအလင်းရောင်ပုံရိပ်က ပုဖန်ကိုလက်ညှိုးနှင့်ညွှန်ထားကာ စကားဆက်မပြောတော့ချေ။
တောက်ပနေသောအလင်းစက်အချို့က ပုံရိပ်၏အရှေ့တွင်စုစည်းသွားသည်။ နောက်ဆုံးတွင်တော့ ကြီးမားသောအလင်းလုံးသုံးလုံးသူတို့ရှေ့တွင်ပေါ်လာတော့သည်။
ပထမအလင်းလုံးထဲတွင် ချက်ပြုတ်နည်းစာအုပ်ရှိပေသည်။ ၎င်းကို သိုးသားရေဖြင့်ရေးသားထားပြီး မရေမတွက်နိုင်သောအချက်အလက်များနှင့် ရှေးဟောင်းအက္ခရာများဖြင့်ပြည့်နှက်နေသည်။
ပုဖန် ၎င်းကိုဖမ်းဆုပ်လိုက်ပြီး ခပ်သာသာခေါင်းငြိမ့်လိုက်သည်။
အခြားအလင်းလဲုးထဲတွင်တော့ အထွတ်အထိပ်အဆင့်ဓားတစ်လက်ပင်။ ထိုဓားသည် ပါးစပ်ကိုဟထားသော ကြမ်းကြုတ်သောသားရဲကြီးတစ်ကောင်နှင့်တူလေသည်။
နောက်ဆုံးအလင်းလုံးသည် တောက်ပနေသောစွမ်းအင်လှိုင်းလုံးများကိုထုတ်လွှတ်နေပေသည်။
ထိုစွမ်းအင်သည် ပုဖန်၏အထက်တွင်ပျံဝဲနေပြီးမှ ပေါက်ထွက်သွားခဲ့သည်။
မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာကာ အကန့်အသတ်မဲ့သောစွမ်းအင်ဝဲကတော့ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားတော့သည်။ ထိုဝဲကတော့ကြီးသည် ပုဖန်၏ခေါင်းအထက်တွင် ပြင်းပြင်းထန်ထန်လည်ပတ်နေကာ ခဏအကြာတွင်တော့ ဝေလငါးတစ်ကောင်ကဲ့သို့ သူ့ခန္ဓာကိုယ်ထဲသို့ ထိုးကျသွားသည်။
နောက်ဆုံးတော့...
ဘာမှဖြစ်မလာခဲ့သလို လေထုသည်လည်းပဲ လွန်စွာတိတ်ဆိတ်သွားတော့သည်။
အလင်းပုံရိပ်က ပုဖန်ကို သရဲမြင်လိုက်ရသလိုပင် အလွန်အံ့အားသင့်ကာကြည့်နေသည်။
ဘာဖြစ်သွားတာလဲ...
ထိုမျှများသောစွမ်းအင်ပမာဏသူ့ခန္ဓာကိုယ်ထဲဝင်ရောက်သွားသည်။ထိုပမာဏသည် စိတ်ဝိဉာဉ်လှေကားထစ်ခုနစ်ဆင့်ရှိသူကိုပင် အဆင့်ချိုးဖောက်သွားစေနိုင်ပေသည်။ သို့သော် အဘယ့်ကြောင့်ဤလူငယ်လေးက စိတ်ဝိဉာဉ်နတ်ဘုရားအာရုံနယ်ပယ်အဆင့်သို့ပင် ချိုးဖောက်မသွားခဲ့လေသနည်း။
အလင်းပုံရိပ်သည် ပုဖန်ကိုထူးဆန်းစွာပင်စိုက်ကြည့်နေပြီး အံ့ဩမင်သက်နေပေသည်။ ထိုနောက်တွင်တော့ သူလက်အမူအယာတစ်ချို့ကိုပြုလုပ်လိုက်တော့သည်။
ချက်ပြုတ်ခြင်းအနုပညာ လှေကားကိုးထစ်သည် အလယ်မှနေ၍နှစ်ခြမ်းကွဲထွက်သွားသည်။
ထို့နောက်တွင် ပုံရိပ်က ၎င်းကိုလှည့်ကြည့်လိုက်သည်။
ဒုတ် ဒုတ်
၎င်းအသံက မိုးခြိမ်းသံနှင့်တူနေပြီး တန်ခိုးရှင်များကိုပင် နားကန်းသွားစေနိုင်သည်။ ထိုနှလုံးခုန်သံသည် လူအများ၏နှလုံးသားအတွင်းသို့ ထိတ်လန့်ကြောက်ရွံ့မှုများ ယိုစိမ့်သွားစေသည်။
.
ချက်ပြုတ်ခြင်းအနုပညာ လှေကားကိုးထစ်၏ အက်ကွဲကြောင်းမှ အလွန်အမင်းတောက်ပနေသောအရာတစ်ခုပေါ်ထွက်လာသည်။
၎င်းမှ စားပွဲတစ်ခုလွင့်ပျံလာလေသည်။
ထိုကျောက်စားပွဲ၏အပေါ်တွင် လူများစွာ၏မျက်လုံးကိုကန်းစေနိုင်သော အလွန်အမင်းတောက်ပနေသည့် နှလုံးတစ်ခုရှိနေသည်။
"ဒါ ထောင်တျဲနှလုံးသားပဲ... အဲ့တာက အစားကြူးတောင်ကြားတစ်ခုလုံးမှာ တန်ဖိုးအရှိဆုံးအရာတစ်ခုဆိုလဲမမှားဘူး... စိတ်ဝိဉာဉ်နတ်ဘုရားအာရုံနယ်ပယ်အဆင့်ကျင့်ကြံသူတွေတောင် အိပ်မက်မက်ရုံပဲတတ်နိုင်တဲ့ရတနာပဲ"
......
ဝုန်း
ထောင်တျဲ၏နှလုံးသားပေါ်လာချိန်တွင် ရွှေနန်းတော်ကြီးတစ်ခုလုံးပင် အကန့်အသတ်မရှိသောအလင်းရောင်များအလင်းတန်းများဖြင့် ပြည့်နှက်နေသော ခန်းမကျယ်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားလေသည်။
လူတိုင်း၏နှလုံးများပြင်းပြင်းထန်ထန်ခုန်ပေါက်လာတော့သည်။ ခုန်ပေါက်နေခြင်းကအလွန်ပြင်းထန်သည်မှာ နားထဲကပင်ယောင်ဝါးဝါးကြားနေရပေသည်။
ဝှီး
အလင်းတန်းတစ်ခုက ကောင်းကင်ယံမှဆင်းသက်လာသည်။
ထို့နောက် အဖြူရောင်ပုံရိပ်တစ်ခုထွက်ပေါ်လာကာ အလင်းတန်းနှင့်အတူဆင်းသက်လာသည်။
မရေမတွက်နိုင်သော ကြာပန်းပွင့်ဖတ်များကကောင်းကင်ယံမှကြွေကျလာကာ ပေါက်ကွဲသံတစ်သံကိုပင်ကြားလိုက်ရချေသည်။ ကြာပွင့်တစ်ခု ကိုမြင်လိုက်ရသည်။
၎င်းက လက်ရာမြောက်သော ပြဇာတ်တစ်ခုနှယ်ပင်။
လူတိုင်း သူတို့၏ခေါင်းများကိုရုတ်ချည်းပင်မော့ကြည့်လိုက်ကာ စိတ်ရှုပ်ထွေးသွားတော့သည်။
ကြာပွင့်က ကောင်းကင်မှဆင်းသက်လာခြင်းဖြစ်ပြီး ၎င်း၏အပေါ်တွင် တုနှိုင်းမဲ့သောအလှလေးတစ်တစ်ပါးက လဲလျောင်းနေပေသည်။
ဝုန်း
နောက်ထပ်ပေါက်ကွဲမှုများကိုကြားရပြီး ကြမ်းတမ်းခက်ထန်ကာ သန်မာထွားကြိုင်းသည့်ပုံပေါ်သော ပုံရိပ်တစ်ခုက ထိုကြာပန်း၏လမ်းကိုပိတ်ဆို့လိုက်ပြီး ရူးသွပ်စွာရယ်မောနေလေသည်။
ခရမ်းရောင်ဆံပင်များသည် ဖိနှိပ်လိုသောပုံစံဖြင့်လွင့်ပျံသွားကာ ပတ်ပတ်လည်နေရာကိုပိတ်ဆို့လိုက်သည်။
"ထောင်တျဲနှလုံးသားက ငါ့ဟာပဲဖြစ်ရမယ်... ငါ့ကိုတားဖို့ကြိုးစားတဲ့သူမှန်သမျှသေရမယ်"
ပိလျန်ထျန်း သူမ၏ခန္ဓာကိုယ်ကို ကြာပန်းပေါ်တွင်ကနေသကဲ့သို့ လှုပ်ရှားလိုက်သည်။ အလင်းတန်းနှင့်အတူကျဆင်းလာသောထိုပုံရိပ်ကိုကြည့်နေရင်း သူမ၏ဖျားယောင်သွေးဆောင်နေသော မြေခွေးသဖွယ်မျက်လုံးများက မှေးမှိန်သွားတော့သည်။
ချူချန်းရှန်နှင့်အခြားသူများလည်း ရုတ်ချည်းပင် မိန်းမောသွားကြတော့သည်။
အချိန်တိုလေးအတွင်းပင် ဤမျှလောက်စွမ်းအားကြီးမားကာ အရှိန်အဝါကြီးမားသောပုဂ္ဂိုလ်ကြီးများထွက်ပေါ်လာမည်ဟု မည်သူမျှမထင်ထားခဲ့ပေ။
ထိုပုဂ္ဂိုလ်ကြီးများထုတ်လွှတ်နေသော ဖိအားသည် အင်အားနည်းသူများကို လွှမ်းခြုံထားကာ လူတိုင်းကိုလေအေးများရှူရှိုက်မိစေသည်။
မိုလျှိုကျိ အသက်ပြင်းပြင်းရှူသွင်းပြီး အသံတိုးတိုးဖြင့်ပြောလိုက်သည်
"ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေက ကျောက်ခရမ်းအကြီးအကဲ၊ အလင်းယိမ်းသန့်စင်နယ်မြေက ပိလျန်ထျန်း နဲ့ နောက်ဆုံးတစ်ယောက်ကိုတော့ တကယ်ကိုမသိတော့ဘူး"
ထိုဖိအားများက လူများ၏ကျောရိုးတစ်လျောက် အဆက်မပြတ်ကြက်သီးထစေတော့သည်။