အပိုင်း ၇၆၆
Viewers 53k

အပိုင်း ၇၆၆

ခွေးငပျင်းကိုပဲ တိုက်ခိုက်တာ သတ်ဖြတ်တာတွေလုပ်ခိုင်းလိုက်စမ်းပါ


လူတိုင်းထိတ်လန့်သွားကြသည်။


သူတို့ရှေ့ကမြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့်ကြည့်နေကြသည်။


လူ့ဘီလူးကြီးသည် နဂါးတစ်ကောင်ကဲ့သို့ ထူထဲသောကြွက်သားများနှင့် ထူထဲသောဆံပင်များရှိသောခေါင်းတစ်လုံးရှိကာ သုံးမီတာထပ်ပို၍ပင်အရပ်ရှည်လေသည်။ သူ၏ခန္ဓာကိုယ်သည် ပေါက်ကွဲလုနီးပါးဖြစ်နေသောစွမ်းအင်များဖြင့်ပြည့်နှက်နေသည်။


ထိုလူ့ဘီလူးကြီး၏ အင်္ကျီသည်စုတ်ပြဲသွားကာ သူ၏ရင်ဘတ်တွင် ကြီးမားသောအပေါက်တစ်ပေါက်ထွက်ပေါ်လာသည်။ ထိုအပေါက်ကြီးက သူ့ခန္ဓာကိုယ်ကို ထုတ်ချင်းပေါက်နေကာ သက်တန့်ရောင်သွေးကြောများ၎င်းအပေါက်ထဲမှကြီးထွားလာကာ သံကြိုးများကဲ့သို့ဖြစ်လာသည်။


ခုနကထောင်တျဲ၏နှလုံးသားထဲမှထွက်ပေါ်လာသော ကြိုးများသည် အမှန်တကယ်တော့ထိုသွေးကြောများပင်။ ယခုမူ ၎င်းတို့ဟာကျိုးပဲ့နေလျက် တစ်ခုစီသည်များပြားလှစွာသောစွမ်းအင်ပမာဏကိုထုတ်လွှတ်နေပေသည်။


ဘုန်း


ဘီလူးကြီးကဟိန်းဟောက်လိုက်ကာ ချက်ပြုတ်ခြင်းအနုပညာ လှေကားကိုးထစ်ရှိ အက်ကွဲကြောင်းထဲမှ ရုန်းကန်နေကာ မြေကြီးထဲမှသူ၏ခန္ဓာကိုယ်တစ်ဝက်ကိုလွတ်မြောက်သွားနိုင်ခဲ့သည်။


သူ၏မျက်နှာသည် ပိန်လှီနေကာ အရိုးပေါ်အရေတင်ထားသကဲ့သို့ ဖြစ်နေပေသည်။ သူ၏အရေပြားသည် ကြွက်သားများအပေါ်တင်းတင်းကြပ်ကြပ်ကပ်နေကာ ကြွက်သားများပေါ်ရှိ သွေးကြောတစ်ခုစီကိုပင် ထင်ထင်ရှားရှားမြင်နေရသည်။ ယေဘုယျအားဖြင့် သူ၏တစ်ကိုယ်လုံးသည် အတိတ်နမိတ်မကောင်းသောလေထုကိုထုတ်လွှတ်နေပေသည်။


ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းကာရန်မူလိုသော အော်ရာကိုထုတ်ဖော်နေသော လူ့ဘီလူးကြီးပင်ဖြစ်သည်။


ကောင်းကင်ယံ၌လေလှိုင်းများထလာကာ ကျောက်ခဲများနှင့်အပျက်အဆီးများကို လေနှင့်အတူသယ်ဆောင်သွားလေသည်။


လူ့ဘီလူးကြီး၏မျက်လုံးထဲတွင် ရန်လိုစိတ်များပြည့်နှက်နေကာ ပြင်းထန်စွာဟိန်းဟောက်လိုက်ပြီး ပုဖန်ကိုစိုက်ကြည့်လိုက်သည်။


ပုဖန်သည် သူရင်ဘတ်ကိုလက်တစ်ဖက်ဖြင့်ကိုင်ထားပြီး နောက်တစ်ဖက်တွင်မဟူရာလိပ်ခုံးဒယ်အိုးကို ကိုင်ဆောင်ထားလေသည်။ထောင်တျဲ၏ခုန်နေသောနှလုံးသားကို ထိုထဲတွင်ထည့်ထားပြီး အခြေအနေကိုကြည့်ခြင်းအားဖြင့် ထောင်တျဲ၏နှလုံးသားသည် မူလကထိုလူ့ဘီလူးကြီး၏ပိုင်ဆိုင်သောအရာတစ်ခုဖြစ်နေလောက်သည်။ 


သို့သော် ထောင်တျဲနှလုံးသား၏ပိုင်ရှင်အစစ်အမှန်သည် ထောင်တျဲကိုယ်တိုင်သာဖြစ်သင့်ပေသည်။ ဘာလို့အဲ့တာက လူ့ဘီလူးကြီးရဲ့ရင်ဘတ်ထဲမှာပေါ်လာရတာလဲ.... 


ပုဖန် လူ့ဘီလူး၏ ပုံသဏ္ဍာန်ကိုသေချာစွာအကဲခတ်ပြီးသည့်နောက်တွင် ထိုလူကိုချက်ချင်းပင်မှတ်မိသွားတော့သည်။ ဘီလူးကြီးသည် ခုဏကပေါ်လာခဲ့သော အလင်းပုံရိပ်နှင့်ဆင်တူနေပေသည်။


အထင်အရှားပင် ထိုလူ့ဘီလူးကြီးသည် ပုဖန်ကိုထောင်တျဲ၏နှလုံးသားနှင့် ပေါင်းစပ်ရန်ကြိုးစားခဲ့သော အလင်းပုံရိပ်ပင်ဖြစ်လေသည်။ ထိုပုံရိပ်သည် ပုဖန်ကို ဝင်ပူးကပ်ရန်အစီအစဉ်ဆွဲထားသောသူတစ်ယောက်ပင်။


ပုဖန်သာ လျို့ဝှက်ဆန်းကျယ်မှုများနှင့်ပြည့်နှက်နေသည့်အချက်ကြောင့်မဟုတ်ပါက သူသည် ခြောက်သွေ့သွားသည်အထိပင် စုပ်ယူခံလိုက်ရမည်ဖြစ်သည်။


ထိုအချက်ကိုတွေးမိသည်နှင့် ပုဖန်တွင် ထိုဘီလူးကြီးအတွက် သနားကြင်နာမှုတစ်စိုးတစ်စိပင်မရှိတော့ချေ။ အကယ်၍ ထိုလူ့ဘီလူးကြီးသာ ပုဖန်ကိုပူးကပ်ရန် ကြိုးပမ်းမှုမရှိခဲ့ပါက သူသည် ထိုလူထံမှထောင်တျဲ၏နှလုံးသားကို ဆွဲထုတ်ပစ်မည်မဟုတ်ပါချေ။   


လူ့ဘီလူးကြီး၏သွင်ပြင်လက္ခဏာသည် ထူးခြားသောကြောင့် လူများစွာက ထိုလူမည်သူဖြစ်သည်ကိုခန့်မှန်းနိုင်ကြပြီးဖြစ်လေသည်။ ဘယ်သူလဲဆိုတာကိုသိသွားသည်နှင့်တစ်ပြိုက်နက် သူတို့၏မျက်လုံးများကတောက်ပလာကာ လေအေးတစ်ချက်ကိုရှူရှိုက်မိကြသည်။


ချူချန်းရှန် မြေပြင်ပေါ်တွင်မတ်မတ်ရပ်နေပြီး လူထွားကြီးကိုကြည့်လိုက်ကာ သူ့အကြည့်များပင်မထင်မှတ်ပဲတုန်ရီမိသွားလေသည်။


ထိုလူ့ဘီလူးကြီးသည်... အစားကြူးတောင်ကြား၏ ပထမတောင်ကြားသခင်၏ သက်တော်စောင့်ပင်။


လူများစွာက ထိုလူ့ဘီလူးကြီးကိုမှတ်မိသွားကြသည်။ ပထမတောင်ကြားသခင် အနက်ရောင်ထောင်တျဲကိုနှိမ်နှင်းခြင်း၊ အဖြူရောင်ထောင်တျဲကိုစည်းခတ်ခြင်း၊ အစားကြူးတောင်ကြားကိုတည်ထောင်ခြင်းနှင့် ပုန်းကွယ်နေသောနဂါးတိုက်ကြီး၏ သန့်စင်နယ်မြေများကို ဖိနှိပ်ခြင်းတို့တွင် ထိုလူ့ဘီလူးကြီးသည် တောင်ကြားသခင်၏ညာလက်ရုံးအဖြစ်ဆောင်ရွက်ခဲ့ပေသည်။


သူက ထိုမျိုးဆက်၏ ပကတိကျွမ်းကျင်သူပင်။


ဒီနှစ်တွေမှာ သူကဘယ်လိုလုပ် ဒီလောက်တောင်မှဆုတ်ယုတ်သွားရတာလဲ...


ပြီးတော့... ထောင်တျဲ၏နှလုံသားကို အမှန်တကယ်ကြီးကို တက်မက်နေတာပဲ...


သူ့ရဲ့နှလုံးသားကို ထောင်တျဲရဲ့နှလုံးသားနဲ့အစားထိုးချင်နေတာပဲ


ထောင်တျဲ၏နှလုံးသားသည် အစားကြူးတောင်ကြား၏အမွေအနှစ်ဖြစ်လေပြီး ၎င်းကိုမျိုးဆက်တိုင်း၏ တောင်ကြားသခင်တစ်ယောက်ဆီကထိန်းချုပ်ရပေသည်။ ၎င်းသည်ကိုင်တွယ်အသုံးပြုသူ၏ ကျင့်ကြံခြင်းအဆင့်ကိုတိုးမြင့်စေကာ ဒဏ်ရာများကိုကုသပေးပြီး အချက်အပြုတ်စွမ်ရည်များကိုပါတိုးမြင့်စေသည်။ 


ထောင်တျဲ၏နှလုံးသားသည် အမွေအနှစ်များထဲတွင်အကောင်းဆုံးဖြစ်သည်ဟုပြောနိုင်ပေသည်။


သို့သော် ဤနှစ်များတွင် အစားကြူးတောင်ကြား၏အမွေသည် ပျက်ဆီးသွားကာ ပျောက်ကွယ်သွားတော့သည်။ 


ယခုတွင်တော့ အစားကြူးတောင်ကြားသည် ဆုတ်ယုတ်နေသောအချိန်ကာလသို့ကျရောက်နေခဲ့ပြီး ထိုသို့ဖြစ်နေရသည်မှာ အစားကြူးတောင်ကြား၏ ရှေ့ဆောင်လမ်းပြများထဲမှတစ်ဦးကြောင့်ဖြစ်နေရသည်ဟု မည်သူမှမထင်ထားခဲ့ပေ။


ထောင်တျဲ၏စွမ်းအင်များသာမရှိပါက လူထွားကြီး ဖုန်မှုန့်အဖြစ်သို့အသွင်ပြောင်းတာကြာပြီဟု ချူချန်းရှန် မှန်းဆမိသည်။


သို့သော် ထိုအရာကပင် ထိုလူထွားကြီး ထောင်တျဲ၏နှလုံးသားကိုမက်မောသောအပြစ်ကို လွတ်ငြိမ်းခွင့်ပေး၍မရချေ။ ထိုသူက အစားကြူးတောင်ကြားကို အရေးနိမ့်သွားစေခဲ့သေးသည်။


ထိုအချိန်တွင် လူ့ဘီလူးကြီး၏မျက်လုံးသည်အေးစက်နေကာ လေပေါ်တွင်ပျံဝဲနေသော ပုဖန်ကိုအကြည့်မလွှဲပဲစိုက်ကြည့်နေပေသည်။ သူ ထောင်တျဲနှလုံးသား၏ အော်ရာဖျော့ဖျော့လေးကိုခံစားနိုင်နေသည်။


"ငါ့ကို.. ထောင်တျဲ...နှလုံးသား.. ပေးစမ်း"

လူထွားကြီးသည် ပါးစပ်ဖွင့်ဟ၍ အော်ဟစ်လိုက်သည်။


မိုးခြိမ်းသံကဲ့သောအသံသည် လေဟာနယ်ကိုပင် တုန်ခာသွားစေသည်။


ပုဖန် လူထွားကြီးကို အေးစက်စက်စိုက်ကြည့်လိုက်သည်။ ထိုလူထွားကြီးသာသူ့ကို ပူးကပ်ဖို့မလုပ်ပါက ထောင်တျဲ၏နှလုံးလုယူရန် ဟန်ဆောင်မည်မဟုတ်ပါ။


ပုဖန်၏နှုတ်ခမ်းထောင့်စွန်းများသည် အေးစက်သောမဲ့ပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားလေသည်။ သူ့လက်ကိုမြှောက်လိုက်ကာ လူထွားကြီးကိုလက်ညှိုးညွှန်လိုက်သည်။ သူ့လက်ထဲတွင်တော့ ထောင်တျဲ၏နှလုံးသားကို ဆက်၍ကိုင်ထားပေသည်။


ထောင်တျဲနှလုံးသား၏ အော်ရာသည် ရုတ်ချည်းပင်ပျောက်ကွယ်သွားတော့သည်။


လူထွားကြီး စတင်၍ဒေါသထွက်လာကာ လည်ပင်းကိုဆန့်ထုတ်လိုက်ပြီး နာကြည်းမုန်းတီးမှုအပြည့်ဖြင့် အော်ဟစ်မြည်တမ်းလိုက်လေသည်။


ချက်ချင်းပင် လူထွားကြီးသည် ကြောက်မက်ဖွယ်အော်ရာများကိုထုတ်လွှတ်လိုက်လေတော့သည်။


ဘုန်း


လူထွားကြီးသည် ရိုက်ချက်တစ်ချက်တည်းဖြင့် အသားပြားဖြစ်သွားစေရန် ရည်ရွယ်၍ ပုဖန်၏အပေါ်သို့သူ့လက်ကိုရွယ်ထားလေသည်။


ထောင်တျဲ၏နှလုံးသားမရှိပါက လူထွားကြီး၏ခန္ဓာကိုယ်သည် လျှင်မြန်စွာဆွေးမြေ့သွားမည်ဖြစ်ကာ ထောင်တျဲ၏နှလုံးသားထံမှ အသက်စွမ်းအင်ကိုမရရှိပါက အသက်စွမ်းအင်များလျော့နည်းသွားကာ မကြာမီတွင်လဲကျသွားပေလိမ့်မည်။


သူမသေချင်ဘူး...


သူသည် အသက်ရှင်လိုသောရည်ရွယ်ချက်တစ်ခုဖြင့်သာ ထောင်တျဲ၏နှလုံးသားကို အချိန်အကြာပိုင်ဆိုင်ခဲ့သော်လည်း ယခုတွင်တော့ သူ့ကို ငိုက်မျဉ်းနေရာမှ နိုးကြားလာစေရန်တွန်းအားပေးနေလေပြီ။


"သေလိုက်စမ်း"


လူထွားကြီး အော်ဟစ်လိုက်သည်။ ထိုအော်ဟစ်သံထဲတွင် ရှင်းမပြနိုင်သော ဝမ်းနည်းမှုတစ်ခုကို ခံစားသိရှိနိုင်ပေသည်။


ထိုဝမ်းနည်းမှုက ပျံ့နှံ့သွားကာ အော်ဟစ်သံကိုကြားလိုက်ရသည့်သူများက စတင်၍ ဝမ်းမနည်းပဲမနေနိုင်တော့ချေ။


ထိုလူထွားကြီးသည် လူများ၏စိတ်အခြေအနေကိုပင် သက်ရောက်စေနိုင်သော အော်ရာတစ်ခုကိုထုတ်လွှတ်နိုင်သည်။ ကြောက်မက်ဖွယ်ကောင်းလှပေသည်။


ပုဖန်၏မျက်နှာသည်ဖြူဖျော့နေကာ အမူအယာကမတည်မငြိမ်ဖြစ်လာသည်။ ဧရာမလက်ဖဝါးကြီးနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူ၏ခန္ဓာကိုယ်သည် မရွေ့လျားနိုင်တော့ပဲ အထိန်းအချုပ်မဲ့သွားပေသည်။


ဒါတောင်မှ သူကြောက်မနေပေ။ သူ့တွင် ရိုက်ချက်တစ်ခုကိုကာကွယ်ပိတ်ဆို့နိုင်သော စွမ်းရည်ရှိသည့်အနီရောင်စားဖိုမှူးဝတ်ရုံရှိပေသည်။ 


သို့သော် ထိုကာကွယ်ပေးမှုအပြီးတွင် ဒုတိယရိုက်ချက်ကို သူမည်ကဲ့သို့ရင်ဆိုင်ရတော့မည်နည်း...


ထိုအကြောင်းကိုတွေးမိပြီးသည့်နောက်တွင် ပုဖန်စိုးရိမ်သောကရောက်လာရသည်။


ဘုန်း


ရုတ်တရက် လက်ဖဝါးသည် မချိုးဖောက်နိုင်သော အရှိန်ဖြင့်ကျဆင်းလာတော့သည်။ လေဟာနယ်တစ်ခုလုံး ဖိနှိပ်ခြင်းခံရပြီး ခဲသွာပေသည်။


ကျောက်တုံးများကိုပင် အမှုန့်ဖြစ်သွားစေနိုင်သော ကြီးမားပြင်းထန်သည့် ဖိအားတစ်ခုကျဆင်းလာလေသည်။


 ပုဖန်သည်စိုးရိမ်စိတ်ဖြင့် မျက်မှောင်ကြုံ့လိုက်မိသည့်အချိန်တွင် ပုံရိပ်တစ်ခုကသူ့ဘေးတွင်ပေါ်လာသည်။ သေးငယ်သောလက်ကလေးတစ်ဖက်က သူ့ပခုံးကိုဆုပ်ကိုင်လိုက်ပြီး ရုတ်ချည်းပင်ပျောက်ကွယ်သွားတော့သည်။


ခဏအကြာတွင် သူသည် ရှောင်ယ၏နံဘေးတွင်ပေါ်လာသည်။


ရှောင်ယက မျက်လုံးမှိတ်ထားပြီး ပုဖန်၏ပေါင်ကိုဖက်ထားလေကာ သူမ၏ခေါင်းလေးသည် သူ၏ပေါင်ပေါ်သို့မှီထားပေသည်။သူမက ထိုအခိုက်အတန့်လေးကို ပျော်ရွှင်နေပုံပေါ်လေသည်။


ပုဖန် သူမ၏ခေါင်းလေးကိုပွတ်ပေးလိုက်သည်။ သူ့ကိုဘယ်သူကယ်ပေးသွားလဲသူသိနေပြီး ထိုသူက ရှောင်ယ၏အနားတွင်အမြဲရှိနေသော ပန်းပွင့်လေးပင်။


ထင်သည့်အတိုင်းပင် ပန်းပွင့်လေးသည် ပုဖန်၏ဘေးရှိလေထုထဲတွင် လွင့်မျောနေပေသည်။ သူမ၏ သုံးပန်လှမြွေမျက်လုံးများထဲတွင် အမျက်ဒေါသထွက်နေသည်ကိုမြင်ရပေသည်။


ပန်းပွင့်လေးသည် ချစ်စရာကောင်းလေသည်။ သူမတွင် ကျစ်ဆံမြီးသေးသေးလေးရှိပြီး သူမ၏ပြည့်ဖောင်းဖောင်းပေါင်တံလေးများကိုဖော်ပြနေသော ရွှေရောင်စကတ်တစ်ထည်လည်းဝတ်ဆင်ထားပေသည်။ သူမတွင် ကလေးအဆီပြင်လေးများမပျောက်သေးသော မျက်နှာဝိုင်းဝိုင်းလေးရှိနေကာ ခေါင်းအထက်တွင် ရွှေရောင်ဂျိုအသေးလေးနှစ်ခုထွက်နေသည်။


ပုဖန်သည်ပင် ထိုချစ်စရာကလေးမလေးက ခုနစ်ရောင်ခြယ်ကောင်းကင်ဝါးမျိုစပါးအုံးမြွေဖြစ်ကြောင်း လုံးဝပုံဖော်မကြည့်နိုင်ပေ။


သို့သော် ၎င်းက ယခုအချိန်အတွင် စိုးရိမ်နေသင့်သောအရာမဟုတ်သည်ဟု ခံစားလိုက်ရသည်။


သူစိုးရိမ်သင့်သည့်အရာမှာ.... သူ့အရှေ့တွင်ရှိသော ထောင်တျဲ၏နှလုံးသားကိုဆုံးရှုံးသွားပြီး ဒေါသထွက်နေသည့် လူထွားကြီးကိုပင်။ လူထွားကြီး၏ စွမ်းအားသည်အလွန်ကြောက်မက်ဖွယ်ကောင်းလေပြီး ပတ်ဝန်းကျင်တစ်ခုလုံးကိုအပျက်အဆီးများဖြစ်သွားအောင် လက်ဖဝါးရိုက်ချက်တစ်ချက်ဖြင့် ဖျက်ဆီးပစ်နိုင်ပေသည်။


ယခုအချိန်တွင် ထိုလူကဆွဲဆွဲငင်ငင်ပင်ငိုကြွေးနေကာ ထိုငိုကြွေးသံမှ ဝမ်းနည်းမှုက လူများစွာကို မျက်ရည်ကျလာစေသည်။


စိတ်ပိုင်းဆိုင်ရာသန်မာအားကောင်းသော အစစ်အမှန် တန်ခိုးရှင်များကမူ ထိုလူထွားကြီး၏အော်ရာ သက်ရောက်ခြင်းမခံရပေ။


ထိုလူကြီး၏ငိုကြွေးသံနှင့်အတူ လူများစွာသည်လည်း လိုက်လဲငိုကြွေးနေကာ လူထွားထံသို့လမ်းလျှောက်သွားနေကြသည်။ လူများစွာသည် ထိုလူကြီး၏လွှမ်းမိုးမှုဒဏ်ကိုနက်နက်ရှိုင်းရှိုင်းပင်ခံစားလိုက်ရပြီး မညှာတာစွာပင် ဆွဲငင်ခြင်းခံရပေသည်။


ထိုလူများကရင်သတ်ရှုမောဖွယ်မြင်ကွင်းတစ်ခုကိုမြင်နေရသကဲ့သို့ပင် ဖြစ်နေသည်။


ထိုလူတွေက လူထွားကြီး၏အနီးအနားသို့ရောက်လာသည့်အချိန်တွင် အစိမ်းရောင်ဆံပင်များဖြင့်ပြည့်နှက်နေသော သူ့ခေါင်းကြီးကို ရုတ်ချည်းပင်မော့လိုက်ကာ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များတောက်လောင်နေသည်ကို ထုတ်ဖော်ပြသလိုက်သည်။


လက်ကိုမြှောက်လိုက်ကာ အောက်သို့ရိုက်ချလိုက်ပြီး လူများစွာကိုဖမ်းဆီးလိုက်သည်။ ထိုလူများကိုဖမ်းကိုင်ထားပြီးနောက်တွင် သူတို့ကိုသူ့ရင်ဘတ်ထဲတွင်ရှိသော အပေါက်ကြီးထဲဖိသိပ်ထည့်နေပေသည်။


ထို တန်ခိုးရှင်များသည် လူ့ဘီလူးကြီး၏ ရင်ဘတ်ထဲသို့ ဖိသိပ့်ထည့်ခံရပြီးနောက်တွင်တုန်လှုပ်ခြောက်ခြားကာပြန်လည်နိုးထလာတော့သည်။ သူ့ရဲ့ရင်ဘတ်ထဲမှ သက်တန့်ရောင် သွေးကြောများ ထွက်ပေါ်လာကာ ထိုလူများကိုရစ်ပတ်လိုက်လေသည်။ ထို့နောက်တွင် ကြောက်မက်ဖွယ်ကောင်းသော စုတ်ယူမှုအားတစ်ခုထွက်ပေါ်လာကာ ထိုတန်ခိုးရှင်များကိုအခွံသာကျန်တော့အောင်စုပ်ယူပစ်ချေသည်။


လွှမ်းမိုးမှုအောက်တွင်ရောက်နေသော လူတိုင်း သူတို့၏အာရုံပြန်ရလာပြီး အံ့အားတကြီးအော်ဟစ်လိုက်ကြပြီး ထိုမြင်ကွင်းကိုမြင်လိုက်မိချိန်တွင် ဘောင်းဘီထဲတွင် သေးထွက်ကျလုမတတ်ကြောက်ရွံ့သွားကြသည်။


ခြောက်သွေ့သွားအောင်ပင် ယူခံလိုက်ရသောသူများတွင် သွေး၊ ရှင်သန်နေမှုနှင့် အသက်စွမ်းအင်များ တစိုးတစိပင်မရှိတော့ချေ။ ၎င်းတို့သည် ရုပ်ဆိုးဆိုးလူသားခြောက်များအဖြစ် တမုဟုတ်ချင်းပင်ပြောင်းလဲသွားကြသည်။


ဘုန်း


လူ့ဘီလူးကြီးသည် ပြန်လည်သက်သာသွားပြီး လွတ်မြောက်သွားသော အခြားသူများကို စတင်၍ပစ်မှတ်ထားတော့သည်။


ခဏအကြာတွင် လက်ဖဝါးချက်တစ်ချက်ပြီးတစ်ချက် ထိုတန်ခိုးရှင်များပေါ်ကျရောက်လာတော့သည်။ လူများစွာကိုဖမ်းယူပြီးသည့်နောက်တွင် ၎င်းတို့ကို အပေါက်ကြီးတစ်ပေါက်ကိုပြန်ဖြည့်နေသကဲ့သို့သူ့ရင်ဘတ်ထဲရှိအပေါက်ထဲသို့ ဖိသိပ်ထည့်လိုက်တော့သည်။


ချူချန်းရှန်တစ်ယောက် ချွေးစေးများပင်ထွက်လာတော့သည်။


ဘယ်လိုဖြစ်လို့ စားကြူးတောင်ကြားရဲ့ စောင့်ရှောက်သူနတ်ဘုရားက ဒီလောက်ကြောက်ဖို့ကောင်းတဲ့တည်ရှိမှုတစ်ခုဖြစ်သွားရတာလဲ...၎င်းက အစားကြူးတောင်ကြားကိုနိမ့်ကျသွားစေရုံသာမက ယခုတော့ သားရဲတစ်ကောင်ကဲ့သို့ပင်ခက်ထန်ကြမ်းကြုတ်နေပေပြီ။


ပညာရှင်အများအပြားသေဆုံးသွားခဲ့သည်။ ထိုလူ့ဘီလူးကြီးနှင့် ၎င်းထုတ်လွှတ်နေသောကြောင်မက်ဖွယ်ဖိအားများနှင့်ရင်ဆိုင်ရသည့်အခါတွင် မလွတ်မြောက်နိုင်တော့ပဲ အဖမ်းခံရပြီး လူသားခြောက်ဖြစ်အောင်ပင်စုပ်ယူခြင်းခံရလေသည်။


ခြောက်ကပ်သွားအောင်စုပ်ယူခံရပြီးနောက်တွင် သူ့ရဲ့ရင်ဘတ် အတွင်းမှ သက်တန့်ရောင်ချိန်းကြိုးများက ပြန်လွှတ်ပေးလိုက်ပြီး ၎င်းတို့ကိုမြေပြင်ပေါ်သို့ပြုတ်ကျစေကာ အပိုင်းပိုင်းကြိုးကျေသွားစေသည်။


ထိုမြင်ကွင်းနှင့်ဝေးရာတွင် မိုလျှိုကျီနှင့် ကျန်သူများက လေအေးတစ်ချက်ကိုရှူရှိုက်လိုက်မိချေသည်။


သူ့စွမ်းအားများအထွတ်အထိပ်သို့ရောက်ချိန်တွင် ထိုလူ့ဘီလူးကြီးသည် ၎င်း၏နတ်ဘုရားမီးတောက်ကိုလောင်ကျွမ်းစေထားသော မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော တည်ရှိမှုတစ်ခုပင်။ ယခုတော့ အခြားသူများ၏ အနှစ်သာရကိုစုပ်ယူနေသော ခြောက်သွေ့နေသည့်အလောင်းကောင်အဖြစ်သို့ နိမ့်ပါးသွားပေပြီ။


သူက အစားကြူးတောင်ကြားကို နိမ့်ကျသွားစေခဲ့သောတရားခံလည်းဖြစ်ပေသည်။


မိုလျှိုကျိ၏မျက်လုံးများသည်တောက်ပလာသည်။ ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယမျိုးနွယ်စုခေါင်းဆောင်များက ကောင်းကင်ဘုံကြယ်ဇယားကိုအသုံးပြုပြီးတွက်ချက်မှသာသိနိုင်ခြင်းဖြစ်လေသည်။


မိုလျှိုကျိကဲ့သို့သော သာမန်တပည့်များသည် ထိုသို့သောလျှို့ဝှက်ချက်များကိုမသိနိုင်ပေ။ ၎င်းတို့၏ကြယ်တာရာဇယားများသည် ထိုအရာများကို ဟောကိန်းထုတ်ရန်မဖြစ်နိုင်ပေ။ သူတို့ဟောကိန်းထုတ်နိုင်ခဲ့ပါလျှင်လည်း သုံးလိုက်ရမည့် စွမ်းအင်များက မထိုက်တန်ပေ။


သို့သော် မိုလျှိုကျိသည် ဤမြင်ကွင်းနောက်ကွယ်ရှိ တကယ့်ဇာတ်လမ်းကို အလွန်အမင်းသိချင်နေပေသည်။


ကျောက်ခရမ်းအကြီးအကဲသည် လူ့ဘီလူးကြီးကို လုံးဝလျစ်လျူရှုထားလေသည်။ သူ၏မျက်လုံးများသည် သူ့ခေါင်းကိုယခုအခြေအနေအထိဖူးယောင်နေအောင် တုတ်ချောင်းကဲ့သို့သောအရာဝတ္ထုဖြင့်ရိုက်သွားခဲ့သည့် ငရဲဘုရင်အာဟကိုသာစူးစိုက်ကြည့်နေလေသည်။

 

အစိုင်အခဲအဖြစ်ပင်အသွင်ပြောင်းလုနီးပါးဖြစ်နေသော သူ့၏ သတ်ဖြတ်ချင်စိတ်များသည် ငရဲဘုရင်အာကိုဦးတည်နေပေသည်။


အခြားတစ်ဖက်တွင် မဟာအဖြူနှင့် ပီလျန်ထျန်းတို့၏မျက်လုံးများတောက်ပလာကြသည်။ 


မဟာဖြူသည် ဝှိုက်တီ၏စီးတော်ယာဉ်အဖြစ်အသွင်ပြောင်းထားသော ပုစွန်ဘိုးဘေးကိုသာစိတ်ဝင်စားပေသည်။


ပုစွန်ဘိုးဘေး၏အထွတ်အထိပ်ရောက်ချိန်က မဟူရာနဂါးဘုရင်ကိုပင်ယှဉ်ပြိုင်နိုင်ခဲ့ပေသည်။ ၎င်းသည် အကန့်အသတ်မဲ့သော ပင်လယ်ပြင်ကျယ်ကြီးကိုအုပ်စိုးခဲ့ပါသောအာဏာရှင်တစ်ဦးဖြစ်ခဲ့သော်လည်း ယခုတွင်တော့ ၎င်းသည်ယခုလို သနားစဖွယ်ကောင်းသောအခြေအနေသို့ဆုတ်ယုတ်သွားလေပြီ။


သူတစ်ခုခုလုပ်သင့်သည်ဟု ခံစားလိုက်ရသည်။


ပုစွန်ဘိုးဘေးသာ သူ့ရဲ့အကူအညီကိုလက်ခံယူပြီး မှတ်ထားပေးခဲ့လျှင် သူမယုံကြည်နိုင်လောက်အောင်ပင်ကံကောင်းပေလိမ့်မည်။


ထို့ကြောင့် မဟာဖြူသည် ထောင်တျဲ၏နှလုံးသားကိုလုယူရန်အလျှင်မလိုတော့ချေ။


သူသည် ပီလျန်ထျန်းနှင့်ဆင်တူလေသည်။ သူတို့နှစ်ယောက်လုံး သူတို့၏ နတ်ဘုရား ယဇ်ပလ္လင်ကိုဖွဲ့တည်ထားနိုင်သော်လည်း နတ်ဘုရားမီးတောက်ကိုတောက်လောင်အောင်မလုပ်နိုင်သောကြောင့် သူတို့ကို ဝိဉာဉ်နတ်ဘုရားအာရုံအဆင့်က်ုခြေတစ်ဝက်လှမ်းပြီးရုံမျှဟုသတ်မှတ်နိုင်ပေသည်။


ဤနေရာကိုရောက်လာရသည့်ရည်ရွယ်ချက်သည် သူတို့ကို အမှန်တကယ် စိတ်ဝိဉာဉ်နတ်ဘုရားအာရုံအဆင့်သို့တက်ရောက်စေနိုင်ရန် သူတိူ့၏နတ်ဘုရားမီးတောက်ကိုထွန်းညှိရာတွင်အကူအညီပေးနိုင်သော ထောင်တျဲ၏နှလုံသားကိုရနိုင်ရန်ဖြစ်သည်။


သို့သော် မထင်မှတ်ထားသောပြဿနာများက သူတို့ကို အချိန်ကြန့်ကြာနေစေခဲ့သည်။


မဟာအဖြူသည် ပုစွန်ဘိုးဘေးကိုရှာတွေ့ခဲ့လေသည်။ ပုစွန်ဘိုးဘေးနဲ့ဆို သူဘာလို့ထောင်တျဲ၏နှလုံးသားကိုလိုနေဦးမှာလဲ...


ထိုအရာကြောင့် မဟာဖြူက၎င်း၏ သားခုတ်ဓားကိုပင့်မလိုက်ကာ တောက်လောင်နေသော မျက်လုံးများဖြင့်ဝှိုက်တီ၏ဘေးသို့ရွှေ့သွားလေသည်။


ဝှိုက်တီ၏မျက်လုံးများသည် တောက်ပလာကာ ခဏအကြာတွင်တော့ သူ့ရဲ့တုတ်ဖြင့်လွှဲရိုက်လိုက်သည်။


ဒီလိုရုပ်ဆိုးဆိုးအပြုံးနှင့်သူက မကောင်းတဲ့ရည်ရွယ်ချက်ရှိတဲ့သူဖြစ်ရမယ်..


ပီလျန်ထျန်း ခြေထောက်များကိုလှုပ်ရမ်းလိုက်ကာ သူမ၏မျက်လုံးများသည် သိချင်စိတ်ကြောင့်တောက်ပနေသည်။ လူ့ဘီလူးကြီးပေါ်ထွက်လာသည်က လုံးဝမထင်မှတ်ထားသောအရာပင်


အရင်အချိန်က သူမသည် အစားကြူးတောင်ကြား၏တောင်ကြားသခင်ကြောင့် ဒဏ်ရာရခဲ့ဖူးသည်။ သို့သော် တောင်ကြားသခင်ပျောက်ကွယ်သွားသည်မှာကြာလေပြီ။ မူလကသူမသည် ကိစ္စရပ်အချို့ကိုဖြေရှင်းရန်ရောက်လာသော်လည်း ယင်းအစား ထောင်တျဲ၏နှလံသား မွေးဖွားလာခြင်းကို ကြုံလိုက်ရသည်။


ထောင်တျဲ၏နှလုံးသားကိုရလိုက်မည်ဆိုပါက သူမ၏ နတ်ဘုရားမီးတောက်ကိုထွန်းညှိနိုင်ပေမည်။ သဘာဝကျစွာဖြင့် သူမထိုသို့သောဆွဲဆောင်မှုကို မလွန်ဆန်နိုင်ခဲ့ပေ။


ထို့ကြောင့် သူမသည် ထောင်တျဲ၏နှလုံးသားကိုရယူရန် အရှုံးပေးမည်မဟုတ်ချေ။


သူမ၏မျက်လုံးကိုမှေးကျဉ်းလိုက်ပြီး များစွာသောကြာပန်းများကို သူမ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ထွက်ပေါ်လာစေသည်။ ပန်းပွင့်ချပ်များကလေနှင့်အတူဝေ့ဝဲနေကာ သူမ၏ဆံပင်များကို လေထဲတွင် ပျံဝဲနေစေသည်။


အလှလေး၏စိတ်ထဲတွင် ဖုံးကွယ်ထားသော သတ်ဖြတ်လိုစိတ်များရှိလေသည်။


သူမ၏အကြည့်များသည် ထောင်တျဲ၏နှလုံးသားကိုကိုင်ဆောင်ထားသော ပုဖန်ထံ၌ ဇောက်ချနေပေသည်။


ရုတ်တရက် သူမ၏မျက်လုံးများ ကျဉ်းမြောင်းသွားတော့သည်။


လူ့ဘီလူကြီးက လုံလောက်သည့်စွမ်းအင်များကိုဖြည့်တင်းပြီးချိန်တွင် နောက်သို့ပြင်းထန်စွာလှည့်လိုက်သည်။ သူ၏ကြီးမားလှသောလက်ဖဝါးကြီးသည် ပုဖန်၏တည်နေရာကိုချိန်ရွယ်၍ လွှဲရိုက်လိုက်သည်။


သူက သူခြောက်ကပ်သွားအောင်စုပ်ယူလိုက်သော ထိုထိုသောလူများကိုဖမ်းဆီးသကဲ့သို့ ပုဖန်ကိုဖမ်းရန်ကြံရွယ်လိုက်သည်။


အားကောင်းလှစွာဖိနှိပ်လိုသောလေသည် ပုဖန်ဆီသို့တိုက်ခတ်လာပြီး ပုဖန်၏ဆံပင်များကို ပြင်းပြင်းထန်ထန်လွင့်မျောသွားစေသည်။


ပန်းပွင့်လေး၏လက်သေးသေးလေးက ပုဖန်၏ပခုံးကိုကိုင်လိုက်ပြီး သုံးပန်လှမြွေမျက်လုံးများသည် စတင်၍လှည့်လည်နေပေသည်။ ခဏအကြာတွင် အစစ်အမှန်စွမ်းအင်များကို သူမခန္ဓာကိုယ်မှထုတ်လွှတ်လိုက်တော့သည်။


သို့သော် သူမသည် ခုနစ်ရောင်ခြယ်ကောင်းကင်ဝါးမျိုစပါးအုံးမြွေအဖြစ်အသွင်မပြောင်းလိုက်ခင် ပုဖန်ကလက်ကိုမြှောက်လိုက်ကာ သူမ၏ခေါင်းလေးကိုပုတ်ပေးလိုက်သည်။


"ကလေးမလေး ဒီနားမှာလိမ်လိမ်မာမာနေပြီး အဲ့ဒီ့ခွေးငပျင်းကိုပဲ တိုက်ခိုက်တာတွေသတ်ဖြတ်တာတွေလုပ်ခိုင်းလိုက်...."


ပုဖန် ပန်းပွင့်လေး၏ခေါင်းကိုပွတ်သပ်ပေးလိုက်ကာ သူမကိုစိတ်ငြိမ်သွားစေသည်။ ပန်းသုံပွင့်မြွေမျက်လုံးများကလည်းရပ်တန့်သွားပေသည်။


ပုဖန်စကားပြောပြီးသည်နှင့် သူ့ရှေ့ရှိလေဟာနယ်က ပြင်းပြင်းထန်ထန်လှုပ်ရမ်းတုန်ခါလာတော့သည်။ ခဏအကြာတွင်တော့လေဟာနယ် နှစ်ခြမ်းကွဲသွားကာ အက်ကွဲကြောင်းကြီးတစ်ခုပေါ်လာသည်။


နက်စွေးနေသော ငရဲကမ္ဘာသင်္ဘောသည် ထိုလေဟာနယ်အက်ကွဲကြောင်းထဲမှထွက်ပေါ်လာလေသည်။