အပိုင်း ၇၆၈
Viewers 53k

အပိုင်း ၇၆၈ 

 သူတို့အကုန်အုတ်ခဲနဲ့သမခံလိုက်ရတယ်


  ခွေးဝကြီးတစ်ကောင်ကို ပန်းပွင့်လေးပထမဆုံးအကြိမ်တွေ့ကြုံဖူးခြင်းဖြစ်သည်။၄င်း ကအဝလွန်နေပြီး အဆီပြင်များတောင်မှတုန်ခါနေသည်။ ထိုမျှမကသေး အသားစိုင်များတစ်ခုနှင့်တစ်ခုထိတွေ့ရိုက်ခတ်သံများကိုပင် ကြားရလုမတတ်ဖြစ်နေချေသည်။


ခွေးတစ်ကောင်က ကြောင်တစ်ကောင်လိုဘယ်လိုလုပ်ပြီးလျှောက်နိုင်သလဲဆိုတာကို သူမနားမလည်နိုင်...


ပန်းပွင့်လေးက သူမရဲ့ သုံးပန်လှမြွေမျက်လုံးလေးများကိုလှိမ့်လိုက်ပြီးနောက်ခဏမှာပဲ မျက်ဝန်းများကဝင်းလက်တောက်ပလာပြန်လေသည်။ မည်သို့ပင်ဆိုစေ သူမဒီခွေးဆီကနေအရှိန်အဝါနှင့်စွမ်းအားတို့ကို ခံစားလို့ရနေသေးသည်။ ဤခွေးကသူမကိုကြောက်မက်ဖွယ်ကောင်းသော ခံစားချက်တစ်ခုပေးစွမ်းနိုင်သည်က နားမလည်နိုင်စရာပင်။


တစ်ခုမှတ်ထားသင့်သည်က ပန်းပွင့်လေးသည်ရှေးဟောင်းနတ်ဘုရားသားရဲမျိုးနွယ်ဝင်ဖြစ်သည့် ခုနစ်ရောင်ခြယ် ကောင်းကင်ဝါးမျို စပါးအုံးမြွေဖြစ်သည် သူမကအခုအချိန်မှာငယ်ရွယ်နေသေးတယ်ဆိုပေမဲ့လည်း သူမမှာအမွေအနှစ်တွေအပြင် အတွေ့အကြုံများနှင့်ကြီးမားသည့်ခွန်အားများလည်းကျန်ရှိနေသေးသည်။


ထိပ်တန်းအဆင့်သားရဲတစ်ကောင်အနေနဲ့ သူမကဘယ်လိုလုပ်ပြီးခွေးတစ်ကောင်ဆီကနေခြိမ်းခြောက်ခံရမှာတဲ့လဲ...


သူမခြိမ်းခြောက်မှုကိုခံစားလိုက်ရသည်ဆိုခြင်းက ဒီခွေးကသာ သာမာန်မဟုတ်ဘူးလို့ဆိုလိုနေတာပင်ဖြစ်သည်။


ပုဖန်က ပန်းပွင့်လေးရဲ့ခေါင်းကိုကြင်နာယုယစွာပွတ်သပ်လိုက်သည်။


အခြားတစ်ဖက်တွင် ကြည့်ရှုနေသူများအံ့သြနေကြရလေသည်။


ဒါ... ပုဖန်ပြောတဲ့ ခွေးငပျင်းဆိုတာလား...


ရှောင်ယကဝမ်းသာပီတိဖြစ်စွာနဲ့အော်ဟစ်လိုက်သည် ဘလက်ကီကကြောက်စရာကောင်းတဲ့ပုံစံရှိတယ်ဆိုပေမဲ့လည်း သူမကတော့ဤခွေးဘက်တွင်ရှိနေရသည်ကိုနှစ်သက်ပေသည် တိမ်ခိုးစားသောက်ဆိုင်တွင်လည်းသူမနဲ့ဘလက်ကီတို့ရဲ့ဆက်ဆံရေးကချစ်ချစ်ကြည်ကြည်ရှိခဲ့ကြသည်။


ရံဖန်ရံခါတွေမှာ ရှောင်ယကဘလက်ကီဆီသွားကာ ထိုခွေးကြီးရဲ့အမွှေးတွေကိုအပျော်သဘောနှင့်ပွတ်သပ်ဆော့ကစားလိမ့်မည်ဖြစ်သည် ရှောင်ယက ဘလက်ကီကိုတွေ့ရှိသွားတာကြောင့်အလွန်အမင်းစိတ်လှုပ်ရှားသွားပြီး အော်ဟစ်လိုက်သည်။


"ဘလက်ကီအကောင်းဆုံးလုပ်ကွ.... အစ်ကိုကြီးကိုအနိုင်ကျင့်ခဲ့တဲ့ ဒီလူ့ဘီးလူးကြီးကို လက်ဖဝါးစာကျွေးပစ်လိုက်..."


 သူမ လက်သီးဆုပ်လေးမြှောက်၍ အော်ဟစ်အားပေးလိုက်သည်။


ပုဖန်က စိတ်ကြီးဝင်တဲ့အပြုံးတစ်ခုပြုံးလိုက်ပြီး ရှောင်ယ၏ခေါင်းလေးကိုပုတ်လိုက်သည်။


ငရဲကမ္ဘာအမျိုးသမီးကတော့ အေးစက်တဲ့အမူအယာကိုဆင်မြန်းထားရင်း ပုဖန်ရဲ့နံဘေးမှာငြင်သာစွာသက်ဆင်းလိုက်လေသည် သူမရဲ့ဖြူဖွေးတဲ့ခြေတံများက သက်ဆင်းလိုက်ချိန်မှာတောင်ပြီးပြည့်စုံလှပနေချေသည်။


သူမကပန်းပွင့်လေးကိုလည်းတွေ့မြင်သွားပြီး ပန်းပွင့်လေးရဲ့တည်ရှိမှုကြောင့်ခြိမ်းခြောက်ခံရသလိုခံစားလိုက်ရပေသည်


တစ်ချိန်တည်းမှာပဲ ပန်းပွင့်လေးကလည်း ငရဲကမ္ဘာအမျိုးသမီးကိုကြည့်ဖို့သူမရဲ့ခေါင်းကိုစောင်းငဲ့လိုက်သည် ။ထိုအခိုက်အတန့်တွင်သူတို့နှစ်ဦးအကြား မီးပွားများလွင့်စင်ပျံသန်းနေတာကိုတောင်မြင်နိုင်လုနီးပါးပင်


သုံးပန်လှမြွေမျက်ဝန်းလေးများကစိတ်ပျက်မှုနဲ့လိမ့်သွားပြီး ထိုမျက်ဝန်းများထဲတွင်မီးဝင်းဝင်းတောက်နေချေတော့သည်


"နင် အဆင်ပြေရဲ့လား..."


ငရဲကမ္ဘာအမျိုးသမီးကပန်းပွင့်လေးကိုအေးစက်စွာစိုက်ကြည့်လိုက်ပြီးနောက် ပုဖန်ဘက်သို့လှည့်သွားသည်


"ငါ အဆင်ပြေပါတယ်...."


ပုဖန်ကအေးအေးသာသာဖြေကြားလိုက်သည်။.


ထို့နောက်တိတ်ဆိတ်မှုကကြီးစိုးသွားလေသည်


သူတို့နှစ်ဦးစလုံးကတိတ်ဆိတ်နေပြီး တစ်ချိန်တည်းမှာပဲ သူ့ရဲ့လက်ဖဝါးတွေကိုဆန့်ကာသန်းဝေနေတဲ့ဘလက်ကီကိုကြည့်ဖို့ခေါင်းမော့လိုက်ကြသည်


လူ့ဘီလူးကြီးကအော်ဟစ်လိုက်ပြီး သူ့ရဲ့ကြွက်သားစိုင်များက ပြန့်ကားထွက်လာသည် သူ့ရဲ့သွေးကြောများကလဲ ဖောင်းကားလာသည်။ ထိုသွေးကြောများအတွင်းကြောက်မက်ဖွယ်ရာစွမ်းအင်များစီးဆင်းနေပုံရပေသည်


ချူချန်ရှန်းက သူ့ရဲ့မျက်လုံးများကိုကျဉ်းမြောင်းလိုက်ပြီးအနည်းငယ်တုန်လှုပ်သွားရလေသည်။


ခွေးနက်ကြီးက လူ့ဘီလူးကြီး၏သွင်ပြင်ကြောင့်ခြောက်လှန့်မခံရပေ။ ချူချန်ရှန်းထင်ခဲ့သည်က ဘလက်ကီတစ်ကောင် ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေရဲ့ကြီးမြတ်သောတန်ခိုးအဆင့် ကျင့်ကြံသူတွေရဲ့တိုက်ခိုက်မှုများထံကနေလွတ်မြောက်ခဲ့သည်မှာ ကံတရားကြောင့်သာဖြစ်မည်ဟုပင်။ ဒီခွေးရဲ့ရဲစွမ်းသတ္တိကသူနားလည်နိုင်တာထက်ကျော်လွန်နေပြီဖြစ်သည်။


သူကပုဖန်ရဲ့အလားအလာရှိမှုကိုလျှော့တွက်ထားမိပုံပေါ်သည်။


ဘလက်ကီမြှောက်တင်ထားတဲ့လက်ဖဝါးတစ်ဝိုက်မှာစွမ်းအင်တွေလည့်ပတ်လာတာနဲ့အမျှလေထုထဲတွင်တင်းမာမှုများပြည့်နှက်သွားသည် စွမ်းအားများကာလေနဲ့အတူဝေ့ဝဲကာဝဲဂယက်တစ်ခုကိုဖြစ်ပေါ်စေပြီး လူ့ဘီလူးကြီးထံဦးတည်သွားလေသည်။


 လူ့ဘီလူးကြီးရဲ့ပါးစပ်ကကျယ်လောင်စွာပွင့်ဟသွားပြီး သူ့မျက်လုံးများကလည်းကြောက်မက်ဖွယ်ကောင်းနေပေသည်။သူထောင်တျဲ့ရဲ့နှလုံးသားကိုရမှဖြစ်မည်။ထို့ကြောင့် သူ့ကိုမရရှိအောင်တားဆီးနေသည့်အရာမှန်သမျှကိုသတ်ပစ်မည်ဖြစ်သည်။သူ့ရဲ့နှလုံးသားမှာအမုန်းတရားများဖြင့်ပြည့်နှက်နေခဲ့သည်။


ထောင်တျဲ့ရဲ့နှလုံးသားနှင့် ပုဖန်ရဲ့နှလုံးသားတို့ပေါင်းစပ်မှုကမကြာမီပြီးဆုံးတော့မည်ဖြစ်သော်လည်း ကံမကောင်းစွာဖြင့်လူ့ဘီလူးနှောင့်ယှက်ခြင်းကိုခံခဲ့ရသည်


လူ့ဘီလူး၏မူလအစီအစဉ်မှာ ပုဖန်ရဲ့အသွေးအသားတွေကို စုပ်ယူပစ်ပြီး သူ့ကိုယ်ပိုင်ခံနိုင်ရည်စွမ်းအားများဖြင့် ထောင်တျဲ့၏ နှလုံးသားကိုနှိုးဆွရန်ဖြစ်သည်။ ဒီဖြစ်စဉ်ကသူ့ရဲ့နှလုံးနဲ့ထောင်တျဲ့ရဲ့နှလုံးကို ပေါင်းစပ်သွားစေပြီး သူ့ရဲ့ကျင့်ကြံမှုကိုပါအဆင့်တက်သွားစေမည်ပင်။


သို့သော် ထောင်တျဲ့ရဲ့နှလုံးကို ပုဖန်ခိုးယူတာခံလိုက်ရမည်လို့လုံးဝမျှော်လင့်မထားခဲ့ချေ ထို့ကြောင့်လူ့ဘီလူးသည်ပုဖန်အပေါ်နက်နဲသောအမုန်းတရားများရှိလာရသည်။


အစပိုင်း၌ ထောင်တျဲ့ရဲ့နှလုံးသားကိုကာကွယ်ရန် အစားကြူးတောင်ကြား ရဲ့ ပထမတောင်ကြားသခင်နှင့်သဘောတူညီမှုထားခဲ့ကြတာဖြစ်သည်။ သွေးဆောင်မှုကိုမလွန်ဆန်နိုင်ခဲ့တာကြောင့်သာ သူ့ရဲ့ကိုယ်ပိုင်နှလုံးကိုထုတ်ယူပြီးထောက်တျဲ့ရဲ့နှလုံးနှင့်ပေါင်းစပ်ဖို့ကြိုးစားမိခဲ့သည်။


သူ့ရဲ့လောဘကြောင့် အစားကြူးတောင်ကြားချိုင့်ဝှမ်းကိုတဖြည်းဖြည်းယိုယွင်းလာစေပြီး အစားကြူးတောင်ကြားချိုင့်ဝှမ်း၏အမွေအနှစ်ကိုဆုံးရှုံးလုနီးပါးပင်ဖြစ်ခဲ့လေသည်။


နောက်ဆုံးမှာမသေမျိုးအဖြစ်ကိုရောက်ရှိဖို့ရာအတွက် သူများစွာအားစိုက်ထုတ်ခဲ့ရသည်။ သူအောင်မြင်ခဲ့မယ်ဆိုရင် နောက်တစ်ကြိမ်ပြန်လည်မွေးဖွားကာအသစ်စတင်နိုင်မည်ဖြစ်ပြီး အစားကြူးတောင်ကြားကို ပုန်းကွယ်နဂါးတိုက်ကြီးရဲ့ ထိပ်ဆုံးကိုပြန်လည်ရောက်ရှိအောင် ဦးဆောင်နိုင်မည်ဖြစ်သည်။


သို့သော် ပုဖန်ကထောင်တျဲ့ရဲ့နှလုံးသားကိုခိုးပြီး သူ့ရဲ့အစီအစဉ်ကိုဖျက်လိုဖျက်ဆီးလုပ်လိုက်သည်ယ ထို့အပြင်ပုဖန်က ထောင်တျဲ့နှလုံးသားရဲ့ ကြောက်မက်ဖွယ်စွမ်းအားတွေကြောင့်တုန်လှုပ်ခြင်းတောင်မရှိတဲ့အတွက်ထိတ်လန့်သွားရသည်။


ယခုလည်း သူ့လမ်းမှာခွေးတစ်ကောင်ရှိနေပြန်သည်။ ထောက်တျဲ့နှလုံးသားကိုပြန်ယူမယ့်အစီအစဉ်ကိုနှောင့်ယှက်နေတဲ့ဘယ်လိုအရာကိုမှသူခွင့်လွှတ်နေမည်မဟုတ်ချေ။


လူ့ဘီလူးကြီးကသံရှည်စွဲကာ အော်ဟစ်လိုက်ရာ သူ့အသံသည်ကောင်းကင်ထိတိုင်တဟုန်ထိုးတုန်ခါသွားပြီး နန်းတော်ကိုပင်လှုပ်ယမ်းသွားစေသည်။ လူ့ဘီလူးကြီးရဲ့လက်မောင်းပေါ်ကကြွက်သားများကတုန်ခါသွားပြီးနောက်မှာ သူ့လက်မောင်းတစ်ဝိုက်ကိုကာရံပေးထားသည့် အခွံမာ အကာအရံတစ်ခု ပေါ်ပေါက်လာသည်။ ထိုလက်မောင်းသည် အလွန်ကြီးမားသောအရွယ်အစားထိရောက်ရှိလာပြီး အလွန်တရာရက်စက်ကြမ်းကြုတ်မည့်ပုံပေါ်နေပေသည်။


လူ့ဘီလူးကြီးက သူ့ခန္ဓာကိုယ်ထဲကအဓိကအားအင်များကို စွမ်းအားပြင်းလက်သီးတစ်ခုအဖြစ်ရရှိရန်စုစည်းလိုက်သည်။ ဤလက်သီးချက်သည် သူအမြင့်မှာ ရပ်တည်ခဲ့စဉ်က လက်သီးချက်များနှင့်ယှဉ်လျင်တော့ များစွာအားနည်းပေသည်။ သို့သော်သူ့ရဲ့လက်ရှိအခြေအနေနဲ့လုပ်နိုင်သမျှတွင် အကောင်းဆုံးပင်။


သူ့ရှေ့က မောက်မာသည့်ခွေးကိုဖယ်ရှားပစ်ချင်သည်။ ပျော့ညံ့ပြီး ဘာစွမ်းအားမှမရှိတဲ့အဲဒီခွေး...ထိုခွေးကိုအသားငပိဖြစ်အောင်ကြိတ်ချေပစ်ပြီး သူ့အစာအဖြစ်ပြောင်းလဲပစ်ဖို့ရာတွေးရင်း ဟိန်းဟောက်လိုက်သည်။


လက်သီးချက်ကိုထိုးနှက်လိုက်တဲ့အခိုက်အတန့်မှာ လေဟာနယ်ထဲမှာရှိနေတဲ့စွမ်းအားများကဖိနှိပ်ခံလိုက်ရသည်။ ကောင်းကင်သည်လည်း ထိုပြင်းထန်တဲ့သက်ရောက်မှုကြောင့်အက်ကွဲသွားတော့မယောင်ပင်

ကြည့်ရှုနေသူအမြားအပြားသည်လည်းပဲတုန်လှုပ်ခြောက်ခြားနေကြသည်။ ရပ်ကြည့်နေချိန် သူတို့ရဲ့ခန္ဓာကိုယ်တွေတောင်တုန်ရီနေကြသည်။


လူ့ဘီလူးကြီး၏ထိုးချက်သည် အထွတ်အထိပ်စံသတ်မှတ်ချက်တစ်ခုကိုရောက်ရှိခဲ့ပြီး နတ်ဘုရားစိတ်ဝိဥာဉ်နယ်ပယ်ကိုအဆင့်တက်ရန် ပင်လုံလောက်ပေသည်။


ပတ်ဝန်းကျင်တွင်ရှိနေသော မည်သူမှဤထိုးနှက်ချက်ကိုခုခံနိုင်မည်မဟုတ်ချေ။ ကျောက်ခရမ်းအကြီးအကဲဖြစ်စေ၊ ပီလျန်ထျန်းဖြစ်စေ မဟာဖြူပင်ဖြစ်ပါစေခုခံနိုင်မည်မဟုတ်ပါချေ ။ 


သို့သော် အနက်ရောင်အစပ်ချောင်းကိုင်ထားသည့် ငရဲဘုရင်သာဆိုရင် ဖြတ်ကျော်နိုင်မည်လား.... သူ မသေချာပေ...


....


ပီလျန်ထျန်း၏လှပသောမျက်နှာလေးက ချက်ချင်းအေးစက်သွားသည်။ သူမရဲ့မျက်ဝန်းများကမှေးကျဉ်းသွားပြီး သူမရဲ့ပတ်လည်မှအဖြူရောင်ကြာပန်းစွမ်းအင်များက ဝေ့ဝဲသွားကာ ငရဲဘုရင်ဆီသို့ဦးတည်ပြေးဝင်သွားသည်။


ငရဲဘုရင်က ကျောက်ခရမ်းအကြီးတစ်ယောက် သူ့ဘဝရဲ့အဓိပ္ပာယ်တွေတောင်ပျောက်ဆုံးသွားပုံပေါ်တဲ့အထိ အနက်ရောင်အစပ်ချောင်းနှင့်မျက်နှာကိုထပ်ခါထပ်ခါရိုက်နှက်နေတာဖြစ်သည်။ ကျောက်ခရမ်းအကြီးအကဲမည်မျှပင်ကြိုးစားနေပါစေ ခုခံဖို့ရာမစွမ်းသာခဲ့ချေ


ငရဲဘုရင်က သူ့ရဲ့အုတ်ခဲလိုအနက်ရောင်အစပ်ချောင်းနဲ့ ကျောက်ခရမ်းအကြီးအကဲကိုအမှောက်သိပ်ဖို့ရွယ်နေစဉ်မှာပဲ လေထုထဲမှာပဲ့တင်ထပ်လာတဲ့အသံတစ်သံကိုကြားလိုက်ရသည် ဤအသံကပတ်ဝန်းကျင်လေထုတစ်ဝိုက်ကိုတုန်ခါနေစေသည်  


ပန်းရောင်အပွင့်အခက်များကောင်းကင်တွင်ပေါ်ထွက်လာပြီး ကြာပန်းပွင့်ရဲ့ရိုးတံများက ငရဲဘုရင်ကိုဝန်းရံလိုက်လေသည် ငရဲဘုရင်အာဟကအခိုက်အတန့်မျှထိတ်လန့်သွားပေမဲ့ လက်ကိုမြှောက်ယူလိုက်တာနဲ့ ပန်းရောင်အပွင့်တစ်ခုက သူ့ရဲ့လက်ပေါ်ငြင်သာစွာကျဆင်းလာပြီး သူ့အလိုလိုပြန့်ကျဲသွား၏


"အရူးလိုလုပ်နေတာရပ်လိုက်ပါတော့ ကျောက်ခရမ်းအကြီးအကဲ ဟိုလူ့ဘီလူးက လက်သီးချက်အတွက်သူ့ရဲ့အားအင်တွေအကုန်ဖြုန်းတီးပစ်လိုက်ပြီ... အဲဒါကြောင့် ထောင်တျဲ့ရဲ့နှလုံးကိုခိုးဖို့ ကျွန်မတို့ ဒီအခြေအနေကိုအခွင့်ကောင်းယူသင့်တယ် ..."


ပီလျန်ထျန်းက ကြာပန်းပွင့်ပေါ်ကိုနင်းလိုက်ကာပြောသည်


ထိုအချိန် ကျောက်ခရမ်းအကြီးအကဲမှာဆွံ့အသွားရပြီး သူ့မျက်နှာပေါ်မျက်ရည်တွေစီးကျလာမတတ်ဖြစ်သွားပြီး သူကအော်ဟစ်ပစ်လိုက်ချင်ပေသည်။


 မင်းရဲ့ဘယ်မျက်လုံးကများ ငါကပျော်ပျော်ကြီးအရူးလိုလုပ်နေတယ်လို့မြင်နေရတာလဲ...


အဲဒီအစိုင်အခဲတုံးကြီးက တကယ်ကိုအဆိပ်ပြင်းသည် သူဘယ်လိုမှခုခံဖို့မတတ်နိုင်ချေ။


"ရှင် ထောငိတျဲ့ရဲ့နှလုံးသားကို အရမ်းကိုမှပဲလိုချင်နေတာမဟုတ်ဘူးလား.. ထောင်တျဲ့ရဲ့နှလုံးကိုရဖို့ကျွန်မတို့လက်တွဲလုပ်လို့ရတယ် ကျွန်မရှင့်ကိုဒီလူလက်ထဲကလွတ်အောင်ကူညီပေးနိုင်တယ်...ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်မကို ကတိတစ်ခုတော့ပေးဖို့လိုမယ်..."


ပီလျန်ထျန်းရဲ့ဆံနွယ်နှင့်ပိုးသားဝတ်ရုံတို့ကလွင့်မြောနေပြီး သူမရဲ့ရုပ်သွင်ကိုပြီးပြည့်စုံနေစေတော့သည်


ကျောက်ခရမ်းအကြီးအကဲ၏မျက်လုံးများကအတွေးတစ်ခုဖြင့်ဝင်းလက်သွားသည်။


"ရတာပေါ့..."


"ဟမ့်... မင်းကငါ့ကိုခုထိအံ့တုရဲသေးတယ်ပေါ့..."

ငရဲဘုရင်အာဟ ဟောက်လိုက်သည်။


ကျောက်ခရမ်းအကြီးအကဲက ပီလျန်ထျန်းရဲ့မဟာမိတ်ဖွဲ့ဖို့အကြံကိုလက်ခံလိုက်တာကြောင့် တမူထူးတဲ့အနံ့အသက်နဲ့ကျောက်ခဲချောင်းဖြင့် သူ့မျက်နှာကိုထပ်ရိုက်ခံလိုက်ရပြီး သူ့လောကတစ်ခုလုံးအမှောင်ကျသွားရသည်။သူ့ခန္ဓာကိုယ် ယိမ်းထိုးကာ ဖင်ထိုင်လျက်လဲကျသွားစေသည်။


  ကျောက်ခရမ်းအကြီးအကဲ ခေါင်းကိုလှုပ်ခါလိုက်ပြီး မျက်နှာပေါ်တွင်ရှုပ်ထွေးနေသည့်အမူအရာပေါ်လာသည်။ယခုအချိန်တွင် သူငိုသာငိုချင်နေတော့သည်


"အတင့်ရဲလိုက်တာ..."


ပီလျန်ထျန်း မျက်လုံးများ ကိုကျဉ်းမြောင်းလိုက်ပြီး စိတ်စွမ်းအင်များတိုးမြင့်အောင်လုပ်လိုက်သည်။ ထိုနောက် လွင့်မြောနေသည့်ကြာပန်းပွင့်များက ထက်ရှသည့်ဓားမြှောင်များအဖြစ်သို့အသွင်ပြောင်းသွားသည်။ ထိုဓားများကအရှိန်ပြင်းပြင်းပစ်လွှတ်ခံလိုက်ရပြီး လေကိုခွင်းကာ ငရဲဘုရင်အာဟထံသို့ဦးတည်သွားသည်


မကြာမီ အာဟတစ်ယောက် ကြာပန်းပွင့်ဓားသွားများနဲ့ဝန်းရံခံလိုက်ရတော့သည်။

ကြာပန်းပွင့်ဆီကလာတဲ့စွမ်းအင်များကဝေ့ဝဲလာကာပိုမိုများပြားသည့်ပန်းပွင့်ချပ်များကိုထုတ်လုပ်နေသည်။ ပီလျန်ထျန်းကသူမရဲ့နီစွေးတဲ့နှုတ်ခမ်းအစုံကို တွန့်ကွေး ကာ ဆွဲဆောင်မှုရှိရှိပြုံးလိုက်သည်။


" ကျောက်ခရမ်းအကြီးအကဲ ရှင့်ကြည့်ရတာလက်ရည်တွေကျသွားပုံပဲနော်... ဒီလူကအရမ်းပျော့ညံ့တာပဲ ဒါတောင်ရှင်ကအကြာကြီးကြိုးစားနေရပြီး သူ့ကိုနိုင်အောင်မချနိုင်ပါလား..."


ကျောက်ခရမ်းအကြီးအကဲက သူ့ရဲ့ယောင်ယမ်းနေတဲ့ခေါင်းကိုမော့၍ ပီလျန်ထျန်းကိုကြည့်လိုက်သည်။ ရုတ်တရက်သူ့မျက်ဝန်းတွေကျဉ်းမြောင်းသွားပြီး အမူအယာကထူးဆန်းလာသည်။ သူကတစ်စုံတစ်ခုပြောဖို့ရာ သူ့ပါးစပ်ကိုဖွင့်ဟလိုက်ပေမဲ့ အဆုံးမှာဘာစကားသံမှထွက်မလာခဲ့ချေ။


ပီလျန်ထျန်းက သူမဒီလောက်လွယ်လွယ်အနိုင်ရလိုက်မယ်လို့ထင်မထားတာကြောင့်အရမ်းစိတ်လှုပ်ရှားနေလေသည်။ ကျောက်ခရမ်းအကြီးအကဲကတော့ကြမ်းပြင်ပေါ်မှာငတုံးတစ်ယောက်လိုထိုင်နေ၏။


ကျောက်ခရမ်းအကြီးအကဲရဲ့အစွမ်းက သူ့ဂုဏ်သတင်းတွေလောက်လဲမဟုတ်ပါလား....ကြည့်ရတာ ကျောက်ခရမ်းအကြီးအကဲနဲ့ပူးပေါင်းဖို့သူမနှစ်ခါပြန်စဉ်းစားဖို့လိုနေပြီထင်တယ်...


ပီလျန်ထျန်းက တိတ်တဆိတ်ဝမ်းသာပီတိဖြစ်နေလေသည်။ သို့သော်လည်းလူတိုင်းနီးပါးကသူမကိုထူးဆန်းသောအကြည့်များဖြင့်ကြည့်နေကြသည်။ ဒါမှမဟုတ် သူမနောက်ကအရာကိုကြည့်တယ်ပဲဆိုရမလား....


ငရဲဘုရင်ကသက်ပြင်းချလိုက်သည်။ အခုခေတ်လူငယ်တွေများဘာကြောင့်ပြဿနာရှာရတာကိုဒီလောက်ကြိုက်နေရတာလဲ...


သူနဲ့ဒီအမျိုးသမီးကြားမှာဘာရန်ညိုးရန်စမှမရှိတာတောင် ဒီအမျိုးသမီးကသူ့ကိုသတ်ချင်နေသေးသည် ထိုအချင်းအရာကသူ့ကိုလွန်စွာစိတ်ပျက်စေသည်။


" ဒီခေတ်လူငယ်တွေ အတော်ဆိုးသွမ်းကြတာပဲ... "


ငရဲဘုရင်က အေးဆေးစွာပြောလိုက်သည်။


ပီလျန်ထျန်းအေးခဲသွားသည်။ သူမ တုန်လှုပ်စွာနဲ့ကြာပန်းပေါ်တက်လိုက်ပြီး စိတ်ဓာတ်ကျနေပုံပေါ်တဲ့ငရဲဘုရင်ကိုလှည့်ကြည့်လိုက်သည်။ ငရဲဘုရင်ရဲ့စိတ်ဓာတ်ကျနေတဲ့မျက်လုံးများနှင့် ပီလျန်ထျန်းတို့အကြည့်ချင်းဆုံသွား၏ 


နောက်ခဏမှာပဲ ပီလျန်ထျန်းကျယ်လောင်စွာအော်ဟစ်လိုက်ရပြီး အနက်ရောင်အချောင်းတစ်ခုနှင့်ရိုက်နှက်ခြင်းခံလိုက်ရတော့သည်။


လူတိုင်းရဲ့နှလုံးခုန်နှုန်းတွေမြန်ဆန်သွားရသည်။


ကျောက်ခရမ်းအကြီးအကဲကတော့ဤမြင်ကွင်းမှာတုန်လှုပ်သွားသည်။ သူက အလင်းယိမ်းသန့်စင်နယ်မြေရဲ့ အင်ပါယာမင်းသမီးဖြစ်သူပီလျန်ထျန်းအတွက်အမှန်တကယ်စိတ်မကောင်းဖြစ်မိသွားသည်။


ထိုအချိန်တွင် အခွံမာတစ်ခုဖြင့်သိပ်သည်းစွာဖုံးအုပ်ထားသည့် လူ့ဘီလူးကြီး၏စွမ်းအားကြီးသောလက်ဖဝါးနှင့် ဘလက်ကီ၏ ချစ်စဖွယ်လက်ဖဝါးတို့ရိုက်ခတ်သွားကြသည်။


ထိုရိုက်ခတ်မှုတွင် အရွယ်အစားကွာဟမှုကလွန်စွာကြီးမားနေသည်။


နေရာမှာရှိနေကြသူတိုင်းသည် ဘလက်ကီသွေးသံတရဲရဲဖြစ်မည့်မြင်ကွင်းကိုမကြည့်ရက်နိုင်ကြပေ။ အထူးသဖြင့် လူ့ဘီလူးကြီးကနတ်ဝိဥာဉ်နယ်ပယ်အဆင့်ကိုရောက်လုနီးဖြစ်သည့်အတွက် သူ့ထိုးချက်မှာစွမ်းအားကြီးတာကြောင့်ဖြစ်သည်။ လေဟာနယ်မှာပြိုကျလုနီးပါးပင်ဖြစ်သွားရသည်။ ခွေးတစ်ကောင်ကိုမဆိုနှင့်ဦး ဘယ်လိုလူတစ်ဦးတစ်ယောက်မှ ဒီထိုးချက်ကိုခံနိုင်ရည်ရှိလောက်မည်မဟုတ်ချေ။


လူတိုင်းကကြောက်ရွံ့မှုနဲ့အတူအသက့်အောင့်လိုက်မိကြသည်။  


သူတော်စင်သမီးတော်ဇီယွမ်က ဘလက်ကီ သနားစဖွယ်သေဆုံးမှာကိုမခံစားနိုင်စွာသူမရဲ့ပါးစပ်ကိုလက်ဖြင့်ဖုံးကာလိုက်သည်။ ဤချစ်ဖို့ကောင်းသည့်ဝတုတ်တုတ်ခွေးနက်လေး ဒီအတိုင်းသေဆုံးသွားမည်ဆိုပါက အတော်နှမြောဖို့ကောင်းမည်ဟုသူမတွေးလိုက်မိသည်။


လူလက်ဖဝါးနဲ့ခွေးလက်ဖဝါးလေးတို့မရိုက်မိခင်အချိန်တွင် ဘလက်ကီကသမ်းဝေလိုက်သည်။အိပ်ချင်စိတ်ကြီးစိုးနေသောကြောင့်မျက်ရည်စများပင်ဝေ့ဝဲနေသေးသည်     


ထို့နောက်.. ပေါက်ကွဲမှုကြီးဖြစ်ပွားသွားလေသည်။