အပိုင်း ၇၇၀
Viewers 53k

အခန်း ၇၇၀

အစားကြူးတောင်ကြား၏ အရှင်သခင်အသစ်...


ခွေးဘုရင်၏ ချစ်စဖွယ်ကောင်းလှသော လက်ဖဝါးလေးက လူ့ဘီလူးကြီး၏ ခေါင်းပေါ်သို့ ညှင်သာစွာ ကျသွားသည်။သုံးမီတာမျှရှိသော ခန္ဓာကိုယ်ကြီးနှင့် ကြီးမားသော ခေါင်းကြီးက ချက်ချင်းဆိုသလို ပေါက်ကွဲသွားလေသည်။သေခြင်းတရားနှင့် ရင်ဆိုင်ရသောအခါတွင် လူ့ဘီလူးကြီး၏ မျက်ဝန်းထဲ၌ မတရားခံရမှုများ ပေါ်လာသည်။


သူ ကြေကွဲ ဝမ်းနည်းဖွယ်အဆုံးသတ်သွားသော သူ့ကံကြမ္မာကို လက်မခံနိုင်ပေ။သူ့လက်နှင့် ရသလောက်ဖျက်စီးပစ်ချင်နေပေသည်။ခုခံနိုင်ခြင်းမရှိပဲ သူ့ဘဝကို ဒီလို အဆုံးမသတ်လိုက်ချင်ပေ။


သို့သော်လည်း ခွေးလက်ဖဝါးလေးက ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖိနှိပ်ထားသော စွမ်းအားမျိုး သယ်ဆောင်လာသောကြောင့် သူ့အနေဖြင့် ခုခံနိုင်ခြင်းပင်မဖြစ်နိုင်တော့ပေ။


အကယ်၍ သူ့ဘဝ၏ အထွဋ်အထိပ်အခြေအနေ၌သာရှိနေပါက ခွေးတစ်ကောင်၏ အရှက်ခွဲမှုမျိုးကို ခံရလိမ့်မည်မဟုတ်ပေ။လူ့ဘီလူးကြီး၏ ခန္ဓာကိုယ်က မြေပြင်ပေါ်တွင် ကွဲကြေသွားသည်။သူ့၏ကံကြမ္မာဆိုးမှ လွတ်မြောက်ရန်ကြိုးစားနေသော ခန္ဓာကိုယ်မှ အလင်းတန်းများဖြာထွက်လာသည်။


ထိုအလင်းတန်းများကြားထဲမှ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။နတ်ဘုရားစိတ်ဝိညာဉ်အာရုံသို့ လှမ်းထားပြီး သူတစ်ယောက်အနေဖြင့် နတ်ဘုရားမီးတောက်ကို ထွန်းညှိပြီးဖြစ်သည်။သူတို့၏ စိတ်ဝိညာဉ်လည်း ထွက်ပေါ်လာပေလိမ့်မည်။သို့မှသာ သူတို့၏ စိတ်ဝိညာဉ် မသေပဲ ရပ်တည်ကျန်နိုင်ခဲ့မည်ဖြစ်သည်။သို့သော်လည်း ခန္ဓာကိုယ်ပျက်စီးသွားပြီးနောက် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအားများက လျင်မြန်စွာပင် လွင့်စင်ပပျောက်သွားသောကြောင့် ထိုလူ့ဘီလူးကြီး၏ စိတ်ဝိညာဉ်က ကာလကြာရှည်စွာ ဆက်လက်တည်ရှိနိုင်မည်မဟုတ်ပေ။


ထိုနေရာတွင်ရှိနေသော လူအများက မသေမျိုးစိတ်ဝိညာဉ်အာရုံအဆင့် ကျင့်ကြံသူတစ်ယောက်သေဆုံးမှုကို မျက်ဝါးထင်ထင်မြင်လိုက်ကြရပေပြီ။လူ့ဘီလူးကြီး၏ အခန်းအနားဆုံးသော နေ့ရက်များတွင် သြဇာကြီးမားသော လူတစ်ယောက်ဖြစ်ခဲ့သော်လည်း ယခုမူ ခွေးတစ်ကောင်၏ လက်ဝါးချက်ဖြင့် သေဆုံးသွားရပေပြီ။


လူ့ဘီလူးကြီး၏ ဝိညာဉ် ကသူ့၏ ကံကြမ္မာကို ဝမ်းနည်းမနေနိူင်သေးပေ။ခွေးဘုရင်က အေးစက်သောအကြည့်များဖြင့် တုန်လှုပ်စွာရုန်းကန်နေသော အဖြူရောင်ဝိညာဉ်ကိုကြည့်လိုက်သည်။


ထိုလူ့ဘီလူးကြီး၏ စိတ်ဝိညာဉ်က ကြောက်မက်ဖွယ်ရာ ဟစ်ကြွေး၍ ထိတ်လန့်တုန်လှုပ်စရာ အမြန်နှုန်းမျိုးဖြင့် ထွက်ပေါက်ဆီသို့ ဦးတည်နေသည်။


ငရဲဘုရင်က ဆက်လက်ဖြစ်ပေါ်လာသော အဖြစ်အပျက်များကို ဂရုမစိုက်တော့ပေ။ထိုလူ့ဘီလူးကြီးက သူ့၏ ကံကြမ္မာကို လက်မခံနိုင်စွာဖြင့် ထွက်သွားခါနီးတွင် ခွေးဘုရင်ဘက်သို့လှည့်၍ ခြိမ်းခြောက်အော်ဟစ်လိုက်သည်။


"ငါ့ခန္ဓာကိုယ်ကို ဖျက်စီးခဲ့တဲ့ လုပ်ရပ်အတွက် မင်းနောင်တရလိမ့်မယ် အစားကြူးတောင်ကြားရဲ့ ပထမဆုံး တောင်ကြားသခင်က ငါ့အတွက် လက်စားချေပေးလိမ့်မယ်..."


သူ့၏ မျက်နာကလည်း ဖြူဖျော့သွားသည်။တကယ်တမ်းတွင် သူက အထွဋ်အထိပ်အဆင့်သို့ ရောက်ခဲ့ပြီးပြီဖြစ်သော်လည်း နောင်တတရားရခြင်းမရှိပဲ ထောင်တျဲနှလုံးသားကို ပိုင်ဆိုင်သွားသော ကောင်လေးအား လှည့်စားရန် ကြိုးစားခဲ့သည်။


ပုဖန်သာ မငြင်းဆန်ခဲ့လျှင် သူနိုးထလာလိမ့်မည်မဟုတ်ပေ။ထောင်တျဲနှလုံးသားနှင့် အသက်စွမ်းအင်များကို ထုတ်ယူပြီးနောက် သူပြန်လာနိုင်သည့် တစ်ချိန်ရှိလာပေလိမ့်မည်။သူက လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးကိုလည်း နှိမ်နင်းနိုင်မည်ဖြစ်ပြီး အစားကြူးတောင်ကြား၏ အရှင်သခင်တစ်ယောက်ကဲ့သို့ ဘုန်းတန်ခိုးကြီးမားလာမည်လည်းဖြစ်သည်။


သို့သော်လည်း အဖြစ်အပျက်များအားလုံးက ပျက်စီးသွားမည်ဖြစ်သောကြောင့် နောင်တရငြီးတွားနေရုံကလွဲ၍ ဘာမှမတတ်နိုင်တော့ပေ။သူ့၏ အဖြစ်အပျက်က ရေကန်ထဲက လကဲ့သို့ပင် ပြင်ဆင်ထားသမျှ ပျက်သုန်းသွားခဲ့ရသည်။


ခွေးဘုရင် ခေါင်းအနည်းငယ်မော့လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်နေသော လူ့ဘီလူးကြီး၏ စိတ်ဝိညာဉ်ကို ကြည့်လိုက်သည်။


"ငါက မင်းရဲ့ စိတ်ဝိညာဉ်ကို သတ်ဖို့ မရည်ရွယ်ပေမယ့်လည်း မင်းကသေချင်နေတာဆ်ိုတော့ ဆန္ဒကိုဖြည့်ဆည်းပေးပါမယ်..."


ထိုစကားကြောင့် လူများအားလုံး ကြောက်ရွံ့မှုဖြင့် ချွေးအေးများပင် စိမ့်ထွက်လာသည်။


ဝုတ်...


ခွေးဘုရင် ပါးစပ်ကိုဖွင့်ဟ၍ တောက်ပြောင်နေသော အစွယ်များကို လှစ်ဟလိုက်သည်။ထို့နောက် ဆူညံသော ခွေးဟောင်သံ ထွက်ပေါ်လာလေသည်။


လူ့ဘီလူးကြီး၏ စိတ်ဝိညာဉ် မျက်နာပေါ်တွင် တုန်လှုပ်ခြောက်ခြားသော အကြည့်တစ်ခု ပေါ်လာသည်။သူ ချက်ချင်းလှည့်ပြေးရန် လုပ်လိုက်သော်လည်းနောက်ကျသွားပေပြီ။


သူ့၏ စိတ်ဝိညာဉ်က တောင့်တင်းသွားပြီးနောက် တဖြေးဖြေးပျောက်ကွယ်သွားသည်။ထိုလူ့ဘီလူး၏ စိတ်ဝိညာဉ်ကို ခွေးဘုရင်က ဝါးမြိုလိုက်ပုံရလေသည်။ထို့နောက် အရာရာအားလုံးက ပုံမှန်အတိုင်း တ်ိတ်ဆိတ်ငြိမ်သက်သွားလေသည်။


ခွေးဘုရင်က အထင်အမြင်သေးဟန်ဖြင့် နှုတ်ခမ်းများတွန့်လိုက်ပြီး ရေရွတ်လိုက်သည်။


"ဒီစိတ်ဝိညာဉ်တွေကို မစားရတာတော်တော်ကြာပြီဆိုတော့ ငါ့အကြိုက်မဟုတ်တော့ဘူး...အခုအကြိုက်ဆုံးက နံရိုးချိုချဉ်ကြော်ပဲ ..."


ကြည့်ရှုနေသူများအားလုံး ထပ်မံထိတ်လန့်တုန်လှုပ်သွားကြသည်။သူတို့၏ ခြေထောက်များ ဂျယ်လီလို ပျော့ခွေသွားသည်ကို ခံစားလိုက်မိပြီး မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည် ။


"ဒီခွေး...အဲ့ဒီခွေးက နတ်ဆိုးတစ်ကောင်ပဲဖြစ်မယ်...တခြားဘယ်သူကများ စိတ်ဝိညာဉ်သခင်အဆင့် စိတ်ဝိညာဉ်တွေကို စားသုံးနိုင်လို့လဲ..."


စိတ်ဝိညာဉ် တစ်ခုဆိုသည်က နတ်ဘုရားစိတ်အာရုံနယ်ပယ်အဆင့် တစ်စုံတစ်ယောက်ကို ကိုယ်စားပြုလေသည်။ဝိညာဉ် လှေကားကိုးဆင့်ကို ဖြတ်သန်းပြီးနောက် သူတို့၏ နတ်ဘုရားမီးတောက်ကို ဖွဲ့တည်ရသည်။


သူတ်ို့ကြိုးစားအားထုတ်၍ တက်လှမ်းရသောနေရာတစ်ခုဖြစ်သည်။ထိုအရာအားလုံးက ခွေးနက်တစ်ကောင်၏ လက်ထဲတွင် ပျက်ပြယ်သွားခဲ့ရလေပြီ။


"အဲ့ဒီခွေးက အိပ်မက်ဆိုးပဲ..."


မိုလျိုကျီ၏ မျက်ဝန်းများကျဉ်းမြောင်းသွားသည်။သူ့၏ ခန္ဓာကိုယ်တစ်ခုလုံး ချွေးများရွှဲနစ်နေပြီး တုန်တုန်ရီရီဖြစ်နေသည်။ချူချန်းရှန်နှင့် တခြားသူများကလည်း ပုံရိပ်ယောင်လေဟာနယ်ထဲတွင်ရပ်နေသော ခွေးဘုရင်ကို တုန်လှုပ်အံ့အားသင့်စွာသာ စိုက်ကြည့်နေမိကြသည်။


ငရဲဘုရင်ကမူ အံ့သြခြင်းမရှိပေ။ခွေးဘုရင်သာတကယ်တိုက်ခိုက်မည်ဆိုလျှင် လူ့ဘီလူးကြီး ၁၀ကောင်လောက်က်ိုပင် ကြက်ကလေး ခွေးကလေးများလို သတ်ပစ်နိုင်လေသည်။သူတွေးနေစဉ်မှာပင် သူ့လက်ထဲမှ အုတ်ခဲနှင့်တူသောအစပ်ချောင်းများကို ကြာပန်းထဲမှထွက်ရန် ရုန်းကန်နေသော ပီလျန်ထျန်းဆီသို့ လွှဲပစ်လိုက်သည်။


ပီလျန်ထျန်း အလွန်အမင်း ဒေါသထွက်သွားပြီး သူမ၏ ကျော့ရှင်းလှပသော ပုံရိပ်ကိုပင် ဂရုမစိုက်တော့ပဲ ကြွက်စုတ်ကဲ့သို့ စူးစူးဝါးဝါးအော်ဟစ်လိုက်လေသည်။


အမျိုးသမီးတိုင်းက သူတို့၏ ရုပ်ရည်ကို အလွန်အမင်း ဂရုစိုက်ကြသည်။ထိုသူက သူမ၏ မျက်နာကို မဲသဲနေသော အရာဖြင့် ပစ်ပေါက်ရဲသည်။ထို့အပြင် ပို၍ ဆိုးသည်က သူမ ရှောင်တိမ်းနိုင်စွမ်းမရှိခြင်းပင်ဖြစ်သည်။


မဟာဖြူက အဝေးမှ တုန်တုန်ရီရီဖြင့် ရပ်ကြည့်နေခဲ့သည်။သူပီလျန်ထျန်း၏ အသွင်အပြင်ကြောင့် သွားစွယ်များကိုပင် ဖွင့်ဟ၍ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် ကြည့်ကောင်းချောမောသောသူက အုတ်ခဲဖြင့် လှမ်းမပစ်လိုက်ပေ။အုတ်ခဲနှစ်ချောင်းကို ကိုင်ထားသောသူက တစ်ချက်ကြည့်ရုံဖြင့်ပင် သာမန်လူမဟုတ်မှန်းသိနိုင်ပေသည်။


သူအဆုံးမဲ့ပင်လယ်၌ ဆက်လက်ရှင်သန်နေထိုင်နိုင်ရန်အတွက် ပုစွန်ဘိုးဘေးကိုသာ လေးလေးစားစားဖမ်းဆုပ်ထားခြင်းက အမျှော်အမြင်ရှိဆုံးဖြစ်ပေလိမ့်မည်။


သူသာ နဂါးနက်ဘုရင်ကို မစော်ကားမိခဲ့ပါက အဆုံးမဲ့ပင်လယ်မှထွက်ပြီး လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးနယ်မြေထဲသို့ ခြေချလိုက်မည်မဟုတ်ပေ။ထို့အပြင် အမွေအနှစ်ကြောင့်သာ မဟုတ်ပါကလည်း သန့်စင်နယ်မြေများရှိရာအရပ်ဆီ ဝင်ရောက်ခဲ့လိမ့်မည်မဟုတ်ပေ။


အမွေအနှစ်များကို လုယက်ရန် အခွင့်အရေးရလာသောအခါ၌ သူ့ကိုယ်တိုင် ပါဝင်ပစ္စည်းအဖြစ် ပြောင်းလဲသွားနိုင်သည့် အခြေအနေကိုပင် လျစ်လျူရှုခဲ့သည်။ယခုမူ ပုစွန်ဘိုးဘေးကို တွေ့ကြုံလိုက်ရပြီး ပို၍ သာလွန်ကောင်းမွန်သော အခွင့်အရေးတစ်ခု ရွေးချယ်ရန် ရရှိခဲ့ပေပြီ။


ထောင်တျဲ၏ နှလုံးသားက နတ်ဘုရားသားရဲဖြစ်သော်လည်း ရေသတ္တဝါမဟုတ်သောကြောင့် သူ့အတွက် အကျိုးသက်ရောက်မှုက အကန့်အသတ်ရှိပေသည်။သူသာ ထောင်တျဲ နှလုံးသားနှင့် ပုစွန်ဘိုးဘေးတို့ကြား ရွေးချယ်ရမည်ဆ်ိုပါက ကျိန်းသေပေါက် ပုစွန်ဘိုးဘေးကိုသာ ရွေးချယ်ပေလိမ့်မည်။


ပြောရမည်ဆိုလျှင် တိုင်းတစ်ပါးတွင် ဇာတိမြေတူသည့် တစ်စုံတစ်ယောက်ကို တွေ့ရခြင်းက အလွန်ပင် ကြည်နူးဝမ်းမြောက်စရာကောင်းလှသည်။


ထို့ကြောင့် သူက ပညာရှိဆန်စွာဖြင့် ပုစွန်ဘိုးဘေးကိုသာ ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ပုစွန်ပိစိက မျက်လုံးပြူးပြူးများဖြင့် မဟာအဖြူကို ကြည့်လိုက်သည်။ထိုသူက သွားဖြူဖြူများပေါ်အောင်ပင် ပြုံးပြနေလေသည်။


ရုတ်တရက် ပိစိက ဝှိုက်တီလက်ထဲမှ နတ်ဘုရားသတ်တုတ်ကို လွှဲယမ်းလိုက်သည်။မဟာအဖြူ၏ အပြုံးကို ကြည့်၍ ၎င်းက လူဆိုးဖြစ်သည်ဟု ဆုံးဖြတ်လိုက်လေသည်။


..


ပီလျန်ထျန်းက ရှက်ရွံ့မှုကို မခံနိုင်စွာဖြင့် ထွက်ပြေးသွားခဲ့သည်။သူမ၏ ကြာပွင့်ဖတ်လေးက ယိမ်းထိုးခါယမ်း၍ ထွက်ခွာသွားလေသည်။


ကျောက်ခရမ်းအကြီးအကဲ၏ နှာခေါင်းမှ ဒေါသအခိုးအငွေ့များ ထွက်နေပြီး သူ့၏ မျက်ဝန်းများကလည်း တောက်လောင်နေသည်။


အနက်ရောင် အုတ်ခဲနှစ်ချောင်းကို ကိုင်ထားသော ငရဲဘုရင်ကို ကြည့်လိုက်ပြီးနောက် ကြောင်တစ်ကောင်ကဲ့သို့လျှောက်နေသော ခွေးဘုရင်ကို လှမ်းကြည့်လိုက်သည်။


နှုတ်ခမ်းများတွန့်ကွေးသွားပြီး ငရဲကမ္ဘာသက်ရှိနှစ်ကောင်ကို အနိုင်ရနိုင်မည့်လှည့်ကွက်များ စဉ်းစားလိုက်သည်။သူ့၏ အခွင့်အရေးနှင့်ပတ်သတ်၍ အလွန် ရှင်းလင်းလှပေသည်။အနိုင်ရရန် အခွင့်အလမ်းမရှ်ိပေ။


သူက အားနည်းနေသော လူ့ဘီလူးကြီးကိုပင် ရင်မဆိုင်နိုင်ခဲ့ပေ။ထိုသို့ဖြစ်လေရာ လူ့ဘီလူးကြီးကို အနိုင်ရလိုက်သော ခွေးလက်ဖဝါးကိုဆိုလျှင်ပင် ပြောဖို့သာမရှိတော့ပေ။


ထို့ကြောင့် လွတ်မြောက်ရန်ပင် ရွေးချယ်လိုက်သည်။အစွမ်းထက်သော ကိုယ်ပွားတစ်ခု ဖန်တီးထုတ်လုပ်နိုင်ဖို့ဆိုသည်မှာ လွယ်ကူသည့် ကိစ္စတစ်ရပ်မဟုတ်ပေ။၎င်းကို အကြောင်းမဲ့ မဖြုန်းတီးချင်ပေ။သူ့၏ ခရမ်းရောင် ဆံပင်များလွင့်ဝဲသွားပြီး လေဟာနယ်ထဲသို့ မဝင်ရောက်ခင်မှာပင် ဇီယွင်ထံသို့ လှမ်းကြည့်လိုက်သည်။


"နင်...ကောင်မလေး မြန်မြန် ငါ့နောက်ကိုလိုက်ခဲ့ ..."


သူအေးစက်စွာလှမ်းပြောလိုက်သည်။ဇီယွင် ခဏမျှတုံ့ဆိုင်းသွားပြီးနောက် နှာခေါင်းရှုံ့၍ မျက်နာလွှဲလိုက်သည်။


အကြီးအကဲ၏ မျက်နာက မဲသဲသွားလေသည်။ထို မနာခံတက်သောသမီးဖြစ်သူကို စိတ်တိုသွားမိသည်။ထိုခဏမှာပင် အုတ်ခဲချောင်းကို ကိုင်ဆောင်ထားသော လူငယ်က သူ့သမီး၏ ပခုံးကို ပုတ်လိုက်သည်ကို မြင်လိုက်ရပြီး မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။ထို့နောက် သူတို့နှစ်ယောက်သားရယ်မောပျော်ရွှင်စွာ စကားပြောနေကြလေသည်။


"ဘုရားရေ... ဒီခွေးသားက သူ့မျက်နာကို အုတ်ခဲနဲ့ ရိုက်ပြီးတော့ သူ့သမီးကို လိုက်ရဲတဲ့ သတ္တိရှိသေးတယ်လား...ဒီအယုတ်တမာကောင်ကတော့ ..."


ကျောက်ခရမ်းအကြီးအကဲဒေါသတကြီးဖြင့် ပုံရိပ်ယောင်လေဟာနယ်ထဲ ခြေချလိုက်သည်။သူ နောက်တစ်ခါသာ ငရဲဘုရင်နှင့်တွေ့ရလျှင် အကြိမ်တရာမက ထုရိုက်နိုင်ရန် ဆန္ဒရှိလေသည်။


သို့သော်လည်း သူက ကိုယ်ပွားတစ်ခုသာဖြစ်နေပြီး အစစ်အမှန်ခန္ဓာကိုယ်မဟုတ်သောကြောင့် ထိုကောင်လေးကိုအနိုင်ယူရန် နည်းလမ်းမရှိပေ။သူ ထိုလူယုတ်မာကောင်ကို မျက်ဝန်းအကြည့်ဖြင့်သာသတိပေးနိုင်လေသည်။


ထို့နောက် လေဟာနယ်အက်ကွဲကြောင်း ပိတ်သွားပြီး ကျောက်ခရမ်းအကြီးအကဲ ပျောက်ကွယ်သွားလေသည်။


"ဂျူနီယာလေး မကြောက်နဲ့ အဲ့ဒီအဖိုးကြီးကို ငါရိုက်လိုက်တာ သူ့ရဲ့ မျက်နာက ရောင်ကိုင်းနေတယ်...အဲ့ဒီတော့ သူမင်းကို ဘယ်လိုမှ ဆူပူ ကြိမ်းမောင်းနိုင်မှာမဟုတ်ဘူး...အခု အရသာရှိတဲ့ အစပ်ချောင်းတွေ မြည်းစမ်းနိုင်အောင်လို့ ပိုင်ရှင်ပုဆီ ခေါ်သွားမယ်လို့ ငါကတိပေးတယ်...နင်တကယ်ပဲ စားကြည့်သင့်တယ်..."


ငရဲဘုရင် အလေးအနက်ပြောလိုက်သည်။ဇီယွင်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားပြီးနောက် လက်ဖဝါးဖြင့် အုပ်ကာတခစ်ခစ်ရယ်မောလိုက်သည်။


"အကိုဟက အရမ်းတော်တာပဲ..."


အမွေအနှစ်ဆက်ခံရေးတိုက်ပွဲ ပြီးဆုံးသွားပုံရလေသည်။ကျောက်ခရမ်းအကြီးအကဲက ထွက်ပြေးသွားပြီ အလင်းသန့်စင်နယ်မြေ၏ ပီလျန်ထျန်းလည်း လိုက်ပါသွားလေပြီ။


ခွေးဘုရင်၏ လက်ဝါးရိုက်ချက်အောက်၌ လူ့ဘီလူးကြီး သေဆုံးသွားခဲ့ရပြီးနောက် မဟာအဖြူက ပုစွန်ပိစိ၏ လက်အောက်သို့ ခိုလှုံရန် ရွေးချယ်လိုက်သည်။


အမွေအနှစ်များကလည်း ဆက်ခံသူရှာတွေ့သွားပြီး ထောင်တျဲနှလုံးသားကလည်း သခင်ကို ရှာတွေ့သွားပုံပေါ်သည်။


သို့သော်လည်း ရလဒ်ကို လက်မခံနိုင်ခဲ့သော ကျင့်ကြံသူတစ်ချို့လည်းရှိနေသေးသည်။သူတို့က ပုဖန်ကို စူးစူးရဲရဲစိုက်ကြည့်နေကြသည်။


သူတို့က ထောင်တျဲနှလုံးသားကို လုယူရန် တွေးတောနေကြသေးသည်။သို့သော်လည်း ခွေးဖက်တီးတစ်ကောင်က ငရဲကမ္ဘာသင်္ဘောဆီသို့ ပြန်လည်လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသောအခါ၌ အသိစိတ်ဝင်ပြီး တုန်ယင်ကြောက်လန့်သွားပြန်သည်။


"ဒါက ရက်စက်ကြမ်းတမ်းလွန်းတဲ့ ခွေးတစ်ကောင်ပဲ ..."


ကျင့်ကြံသူအများစုက ပျက်စီးနေပြီဖြစ်သော အမွေအနှစ်နယ်မြေမှ အလင်းနှုန်းဖြင့် လျင်မြန်စွာ ထွက်သွားသည်။


"ဒီအပျက်အစီးတွေကြားထဲမှာ ထုတ်ဖော်ဖို့ ထိုက်တန်တဲ့ အရာတစ်ခုမှမရှိဘူး..."


အစားကြူးတောင်ကြား၏အမွေအနှစ်ကို ပြန်လည် ရရှိပြီးသောအခါ၌ ချူချန်းရှန်၏ နှလုံးသားထဲ စိတ်ခံစားမှုများ မြင့်တက်လာလေသည်။နှစ်ပေါင်းများစွာကြာခဲ့ပြီးနောက် အစားကြူးတောင်ကြားသည် လင်းလက်တောက်ပသော နေ့ရက်များဆီသို့ ပြန်လည်ရောက်ရှိနိုင်တော့မည်ဟု တွေးမိသောအခါ သူ့မျက်ဝန်းထဲတွင် မျက်ရည်များတလက်လက်တောက်ပလာသည်။


အစားကြူးတောင်ကြားတွင် ထောက်လှမ်းစုံစမ်းနေထ်ိုင်ကြသော အကြီးအကဲတစ်ချို့ကလည်း သူတို့အတွက် လုပ်ဆောင်စရာကိစ္စများမရှိတော့သောကြောင့် ပြန်လည်ထွက်ခွာသွားကြသည်။


ထောင်တျဲ၏ နှလုံးသားကို အမွေဆက်ခံပြီးသည့်သူဖြစ်စေ ခွေးနက်ကြီးကိုဖြစ်စေ သူတ်ို့ ရင်ဆိုင်နိုင်မည်မဟုတ်ပေ။ထို့ကြောင့် တောင်ကြားအတွင်း၌ ဖြစ်ပျက်ခဲ့သများကိုသူတို့ နားမလည်ပေ။သူတို့၏ သန့်စင်နယ်မြေများဆီသို့ ပျံသန်းသွားကြသည်။


အစားကြူးတောင်ကြားတွင် ထွက်ပေါ်လာသော ငရဲကမ္ဘာသက်ရှိတစ်ဦး၏ အသွင်အပြင်က သူတို့အားလုံးကို ကြောက်ရွံ့တုန်လှုပ်သွားစေခဲ့လေပြီ။


ပုဖန်၏ နီရောင်စားဖိုမှူးဝတ်စုံက တောက်ပလင်းလက်နေတုန်းပင်ဖြစ်သည်။သူ သူ့၏ အဖွဲ့သားများနှင့်အတူအေးအေးလူလူပင် လျှောက်လာခဲ့သည်။


စွန့်စားမှုတစ်ခုလုံးတွင် အန္တရာယ်များနှင့်သာ ပြည့်နှက်နေခဲ့သော်လည်း သူ့၏ အခြေအနေက လုံးဝကို ကောင်းမွန်နေလေသည်။ထောင်တျဲ၏နှလုံးသားက သူနှင့် ပေါင်းစပ်လုနီးပါးဖြစ်ခဲ့သော်လည်း နောက်ဆုံး၌ သူရှောင်ရှားနိုင်ခဲ့၏။


သူပြောခဲ့ဖူးသလိုပင် သူ့အတွက်ထောင်တျဲ၏ နှလုံးသားကို ဘယ်သောအခါကမှ မလ်ိုအပ်ခဲ့ပေ။သူ့၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ဆန်းကြယ်သော ကမ္ဘာထဲတွင် အစားအစာကွင်းဆက်၏ ထိပ်ဆုံးသို့ တက်ရောက်ရန်သာဖြစ်သည်။သူ့၏ ကိုယ်ပိုင်အရည်အချင်းများဖြင့်ပင် ကောင်းကင်ဘုံ၏ ဆန္ဒကို ဆန့်ကျင်ပြီး အချက်အပြုတ်နတ်ဘုရားတစ်ပါး အဖြစ် ရပ်တည်မည်ဖြစ်သည်။


ချုချန်းရှန်က ရှောင်ယ၏ မျက်ခုံးနှစ်ခုကြားထဲမှ အမွေအနှစ်သိမ်း သလင်းကျောက်ကို ဖြေးညှင်းစွာ ငုံ့ကြည့်လိုက်ပြီးနောက် သူ့၏ ခန္ဓာကိုယ်က တုန်ယင်သွားလေသည်။အလွန်အမင်း စိတ်လှုပ်ရှားလာလေသည်။ရှောင်ယသည် လျှို့ဝှက်နဂါးတော်ဝင်ခုံရုံး၏ သန့်စင်နယ်မြေများမှ တားဆီးကန့်ကွက်၍ မရသော သတ်မှတ်ထားပြီးသည့် အစားကြူးတောင်ကြား၏ အနာဂတ်ဖြစ်သည်။


ယနေ့မှစ၍ အစားကြူးတောင်ကြား၏ အရှင်သခင်တစ်ယောက်ဖြစ်လာပေလိမ့်မည်။


"အရှင်သခင် ချူချန်းရှန်က တောင်ကြားသခင်ကို အရိုအသေပေးပါတယ်..."


ချူချန်းရှန်က ရှောင်ယကို တုံ့လှုပ်အံ့သြစွာဖြင့် ဦးညွှတ်လိုက်ပြီးနောက် သူ့၏ မျက်ဝန်းမှ မျက်ရည်များ ဝဲတက်လာသည်။


ချူချန်းရှန် ခန္ဓာကိုယ်ကို ကွေးညွှတ်လိုက်စဉ်မှာပင် ပုဖန်၏ စိတ်ထဲ၌ စနစ်၏ စူးရှသော အသံများတုန်ခါလာသည်။