အပိုင်း ၇၇၆
Viewers 53k

အပိုင်း ၇၇၆

ပျော်ရွှင်ခြင်းလေးမျိုးလခြမ်းကွေးဖက်ထုပ် vs ကြည်လင်သလင်းနှင်းကြာပွင့်ဖက်ထုပ်


ပုဖန်နှင့် ရန်ယုအတွက် ဖက်ထုပ်ထုပ်ခြင်းသည် လုံးဝပင်မခက်ခဲချေ။


သူတို့နှစ်ယောက်လုံး ထပ်တူညီလုနီးပါးဖြစ်သော လှုပ်ရှားမှုများဖြင့်လှုပ်ရှားနေကြသည်။ သို့သော် ရန်ယု၏လှုပ်ရှားမှုများသည် ပုဖန်ထက်ပို၍အစီစဉ်တကျဖြစ်လေသည်။ 


ပုဖန်၏လှုပ်ရှားမှုများသည်မလျှင်မြန်သော်လည်း ပုဖန်၏လှုပ်ရှားမှုများကိုကြည့်လိုက်လျှင် လူတိုင်း၏ရင်ထဲတွင်နွေးထွေးကြည်နူးကာ ပျော်ရွှင်လာပေသည်။ ထိုသည်က တစ်စုံတစ်ယောက်က အနုပညာရပ်တစ်ခုကိုဖန်တီးနေဟန်နှင့်တူပေသည်။ ငြိမ်းအေးသည့်ခံစားချက်က နှလုံးသားထဲတွင်ပြည့်နှက်လာကာ သောကများကင်းဝေးလာစေသည်။


အခြားတစ်ဖက်တွင်တော့ ရန်ယု၏လှုပ်ရှားမှုများသည် ကွဲပြားခြားနားလေသည်။ သူ၏လှုပ်ရှားပုံသည် ဖျော်ဖြေမှုတစ်ခုနှင့်တူနေပြီး သူ၏မျက်စိကျိန်းစေပြီး ခမ်းနားထည်ဝါလှသော လှုပ်ရှားမှုများသည် လူများစွာကိုအံ့အားသင့်စေသည်။


အချိန်တွေကုန်ဆုံးသွားသည်နှင့်သူတို့နှစ်ယောက်လုံး ဖက်ထုပ်များစွာကိုထုပ်၍ပြီးစီးသွားလေသည်။


ရန်ယုသည်ပုဖန်ကို ခဏခဏလှည့်ကြည့်လေသည်။ သူသည်ကျီစယ်လိုသောအကြည့်၊ အေးစက်နေသောအပြုံးဖြင့် ပုဖန်ကိုကြည့်တတ်သော်လည်း သူ၏လှုပ်ရှားမှုများက အရှိန်လျော့သွားခြင်းမရှိပေ။


လက်ကောက်ဝတ်ကိုလှုပ်ရမ်းလိုက်တိုင်း ခေါက်ရာဆယ့်နှစ်ခုပါသောဖက်ထုပ်တစ်ခုက သူ့လက်ထဲတွင်ဖြစ်ပေါ်လာသည်။


ပုဖန်က ရိုးရာလခြမ်းကွေးဖက်ထုပ်များကို ထုပ်နေခြင်းဖြစ်သည်။ဖက်ထုပ်များသည် ကျက်သရေရှိကာ ရသမြောက်ပြီး လခြမ်းကွေးသဏ္ဍာန် ရှိလေသည်။ လူများကထိုဖက်ထုပ်များကိုကြည့်လိုက်လျှင်အံ့အားသင့်သွားခြင်းမရှိသော်လည်း ပုဖန်ကတော့အလွန်ပင်စိတ်တိုင်းကျနေပေသည်။


ပုဖန်တစ်ယောက်နောက်ဆုံးသောဖက်ထုပ်ကို ထုပ်ပြီးလိုက်ချိန်တွင် သူအစကတည်းကြိုတင်ပြင်ဆင်ထားခဲ့သောကြွေပန်းကန်ပြားပေါ်သို့ ထိုဖက်ထုပ်များကိုထည့်လိုက်သည်။ ရန်ယုက လက်ပိုက်ထားကာ ပုဖန်ကိုအေးဆေးကြည့်နေသည်။


ရန်ယု၏ရှေ့တွင်ပင် ဖက်ထုပ်များသည် ပွင့်အာနေသောပန်းပွင့်လေးတစ်ပွင့်ကဲ့သို့ စီထားခြင်းခံလိုက်ရသည်။ ၎င်းက အံ့ဩဖွယ်ကောင်းပြီး ဆွဲဆောင်မှုရှိပေသည်။


အခြားတစ်ဖက်တွင် သူ၏ဒယ်အိုးကိုအဆင်သင့်ပြင်ထားပြီးပြီဖြစ်၏။ ဒယ်အိုးအောက်ခြေသို့ မီးတောက်ကိုမှုတ်ထုတ်လိုက်ပြီးပါက ချက်ရန်အဆင်သင့်ဖြစ်လေပြီ။


အစားကြူးတောင်ကြား၏ အထူးတန်းစာဖိုမှူးတစ်ယောက်ဖြစ်သော ရန်ယု၏မီးဖိုချောင်သုံးပစ္စည်းများသည် သာမန်ပစ္စည်းများမဟုတ်သည်မှာသဘာဝကျပေသည်။ ဒယ်အိုးက တန်ဖိုးကြီးသတ္တုများဖြင့်ပြုလုပ်ထားပြီး ၎င်းက ချက်ပြုတ်သည့်လုပ်ငန်းစဉ်တစ်လျောက်တွင် အပူကိုညီညီမျှမျှခွဲဝေပေးနိုင်သည်။ ၎င်းကရန်ယုချက်ပြုတ်သည့်ပါဝင်ပစ္စည်းတိုင်းကိုလည်း အတိုင်းအတာမလွဲသွားစေရန်ကူညီပေးလေသည်။


ဒယ်အိုးထဲရှိရေများဆူပွက်လာသောအခါ ထူထဲသိပ်သည်းသောရေနွေးငွေ့များက ကောင်းကင်ထိတိုင်အောင်ပင်မြင့်တက်လာတော့သည်။ ၎င်းက လူတွေ၏အမြင်အာရုံကိုဖုန်းကွယ်ပြီး ပတ်ဝန်းကျင်ကိုမှုန်ဝါးသွားစေသည်။


ရေနွေးငွေ့များက သူတို့မျက်နှာကိုလာရောက်ထိခတ်သောအခါ သူတို့၏ပါးစပ်ထဲတွင် ချိုမြသည့်အရသာကိုခံစားလိုက်ရသည်။


ရန်ယု မှန်ကန်သည့်အပူချိန်ရောက်လာအောင်စောင့်နေရင်း ပေါင်းခံခြင်းများကို ထုတ်ယူလိုက်သည်။


ပေါင်းခံခြင်းများသည် မကြီးမားသော်လည်း အရည်အသွေးကောင်းမွန်သော ပစ္စည်းများဖြင့်ပြုလုက်ထားလေသည်။ ပေါင်းခံခြင်းများသည် စိမ်းစိုလန်းဆန်းသော အလင်းရောင်ကိုထုတ်လွှတ်နေပြီး ကောင်းကင်ယံတွင် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသော ကြယ်တစ်ပွင့်နှင့်တူညီနေသည်။


လူတတိုင်း ထိုပေါင်းခံခြင်းများကိုမယုံနိုင်သည့်အကြည့်များဖြင့်ကြည့်ရင်း သက်ပြင်းတစ်ချက်ရှိုက်လိုက်ကြသည်။


ကြယ်ရောင်အလင်းတန်းတွေထုတ်လွှတ်နေတဲ့ ပေါင်းခံခြင်းတောင်း....

ထိုပေါင်းခံခြင်းကိုပြုလုပ်ထားသောအရာမှာ ကြယ်အလင်းဝါးများဖြစ်သည်ကို မေးခွန်းပင်ထုတ်ရန်မလိုတော့ချေ။ ကြယ်အလင်းဝါးများ သည် အလွန်အဖိုးတန်သောအရာများဖြစ်ပြီး ရန်ယုက ၎င်းကို ပေါင်းခံခြင်းတစ်ခုအဖြစ် အမှန်တကယ်ပြုလုပ်ခဲ့လေသည်။


မျှော်လင့်ထားသလိုပင် သူကအမှန်တကယ်ချမ်းသာပြီး ချောမေခန့်ညားပေသည်။


ရန်ယုက ဖက်ထုပ်များကိုယူပြီး တစ်ခုပြီးတစ်ခု ပေါင်းခံခြင်းထဲသို့ထည့်လိုက်သည်။ ပေါင်းခံခြင်း၏အောက်ခြေတွင် အနံ့မွှေးကြိုင်ဆေးဘက်ဝင်အပင်များကိုဖြန့်ခင်းထားပြီး စိမ်းစိုနေသောသစ်ရွက်စိမ်းများသည် တောက်ပသောအလင်းတန်းများကိုထုတ်လွှတ်ပေးနေလေသည်။


ဖက်ထုပ်အကုန်လုံးကိုစီစီရီရီထည့်ပြီးသွားချိန်တွင် ကိုးဆင့်ရှိသော ကြယ်အလင်းဝါးပေါင်းခံခြင်းများကို ထပ်၍စီလိုက်သည်။ သူ ပေါင်းခံခြင်းများကို ဒယ်အိုးထဲသို့ထည့်လိုက်ကာ စတင်၍ပေါင်းခံလေတော့သည်။


အကုန်လုံးပြင်ဆင်ပြီးချိန်တွင် ရန်ယုသည် နောက်သို့ခြေတစ်လှမ်းဆုတ်၍ သက်ပြင်းအရှည်ကြီးတစ်ခိုကိုချလိုက်သည်။


အမြဲတမ်းသူ့ကိုယ်သူ ယုံကြည်မှုရှိသောပုံစံနေတတ်သော်လည်း ပုဖန်ကိုတွေ့လိုက်ရချိန်တွင်အနည်းငယ်မျှပင် ပေါပေါ့ပေါ့ဆဆမလုပ်ရဲချေ။ 


ဤ စားဖိုမှူးစိန်ခေါ်ပွဲသည် သူ့အနာဂတ်နှင့် ဆက်စပ်နေသည်။ သူသာကျရှုံးသွားပါက ချူချန်းရှန်က အချိန်မဆွဲပဲသူ့ကိုသတ်ပေလိမ့်မည်။ သို့သော် သူနိုင်ခဲ့မည်ဆိုလျှင် ချူချန်းအပေါ်သူ၏နားလည်မှုအရ သူ့ကိုခြစ်ရာတစ်ခုပင်မထင်စေပဲ လွှတ်ပေးလိမ့်မည်ဖြစ်သည်။


ဒါကြောင့် ဘာတွေဖြစ်နေ ဖြစ်နေ ဤစားဖိုမှူးပြိုင်ပွဲကိုသူနိုင်ကိုနိုင်ရပေမည်။


ထို့အပြင် ပုဖန်ကဲ့သို့သော စားဖိုမှူးငယ်လေးကို ရှုံးနိမ့်ပါက သူ၏ဂုဏ်သိက္ခာပျက်ဆီးသွားပေလိမ့်မည်။


သူကအိုးရန်ချန်ဖုန်းနှင့်အခြားသူများလိုမဟုတ်ချေ။ သူက အစားကြူးဘုတ်ပြား၏ထိပ်ဆုံးစာရင်းဝင် အထူးတန်းစားဖိုမှူး ရန်ယုဖြစ်သည်။


အိုးရန်ချန်ဖုန်းနှင့်အခြားသူများက သူနှင့်အဆင့်တူတွင်မရှိသောကြောင့် သူ၏မာနကိုနားလည်နိုင်ကြမည်မဟုတ်ပါ။


ဖက်ထုပ်များကို ဤကဲ့သို့ပေါင်းခံခြင်းဖြင့် ဖက်ထုပ်အဆာများနှင့်အတူ ၎င်းတို့၏ မူလအရသာကို ထိန်းထားနိုင်မည်ဖြစ်သည်။ ဤသည်က ပွင့်ချပ်ရှစ်လွှာနှင်းကြာပန်းပန်းပွင့်၏ အရသာကို ၎င်း၏ အမြင့်ဆုံးအလားအလာအထိ ထွက်ပေါ်လာစေမည်ဖြစ်သည်။


ရန်ယုသည် ဖက်ထုပ်ပေါင်းရသည်ကိုနှစ်သက်ပေသည်။ ဖက်ထုပ်ချက်သည့်အခြားသောနည်းလမ်းများရှိသော်လည်း ၎င်းနည်းလမ်းများကို တွင်မေးခွန်းထုတ်စရာအချို့ရှိနေလေသည်။


ရန်ယု ကြွေပန်းကန်ပြားတစ်ချပ်ကိုထုတ်လိုက်သည်။ ဖက်ထုပ်ပေါင်းနေသည့်အချိန်ကို ကောင်းကောင်းအသုံးချပြီး သူ၏ဟင်းခတ်ဆော့စ်ကိုစတင်ပြင်ဆင်လိုက်တော့သည်။


ဖက်ထုပ်များကို တို့နှစ်၍စားရန် ဆော့စ်လိုအပ်ပေသည်။ ဖက်ထုပ်ကို ဆော့စ်ကောင်းကောင်းတစ်ခုဖြင့်တွဲဖက်၍စားပါက အရသာသည်နှစ်ဆပို၍ကောင်းသွားတတ်သည်။


ရန်ယုအတွက် ဆော့စ်သည်ချန်လှစ်ထားလို့မရသည့်အရာပင်။


ဆော့စ်ပြင်ဆင်ခြင်းသည် အမြဲတမ်းစားဖိုမှူးများအတွက်ပြဿနာဖြစ်သော်လည်း ရန်ယုအတွက်တော့ ၎င်းကပြဿနာမရှိပေ။


ကြီးမားသော ကြွေခရားအိုးကြီးကိုထုတ်ယူလိုက်ပြီး အဖုံးဖွင့်လိုက်ပြီး စူးရှရှအနံ့တစ်ခုကလှိမ့်ထွက်လာတော့သည်။ ၎င်းက အလွန်အမင်းချဉ်သော ရှာလကာရည်၏အနံ့ပင်။


လူတိုင်း၏မျက်လုံးများတောက်ပလာလေပြီး မရည်ရွယ်ပဲ သက်ပြင်းရှိုက်လိုက်မိသည်။  


ရှာလကာရည်နံ့သည် မပြင်းထန်ပဲ နှစ်လိုဖွယ်ကောင်းလေသည်။ ၎င်းသည် ထိုရှာလကာရည်က ပုံမှန်မဟုတ်ကြောင်းကိုပြသနေပေသည်။


ရန်ယုသည် ဝါးခွက်တစ်ခွက်ကိုကိုင်ကာ ကြွေအိုးထဲမှ ရှာလကာရည်ယောက်ချိုဇွန်းတစ်ဝက်ကိုခပ်ထည့်လိုက်သည်။


ရှာလကာရည်၏အရောင်သည် အညိုရင့်ရောင်ဖြစ်လေသည်။ ၎င်းသည်မယှဉ်နိုင်လောက်အောင်ကြည်လင်ပြီး မသန့်စင်မှုအနည်းငယ်ပင်မပါချေ။ တစ်ချက်ရှူရှိုက်လိုက်သည်နှင့် ချဉ်စူးစူးရနံ့ကလွင့်ပြယ်သွားလေသည်။ လူများကရှာလကာရည်၏အံ့အားသင့်ဖွယ်ရနံ့များဖြင့်ဝန်းရံခံနေသည်ဟူ ခံစားရပေသည်။


ချဉ်စူးလွန်းနေကာ သူတို့၏သွားခြေများပင်ပျော့ပြောင်းသွားသလိုပင်


ရှာလကာရည်များကို ကျောက်စိမ်းဖြူပန်းကန်လုံးထဲသို့လောင်းထည့်ပြီးချိန်တွင် ကြွေခရားအိုးကိုသေချာပြန်သိမ်းလိုက်ကာ ထိုပန်းကန်လုံးထဲသို့အခြားသောပါဝင်ပစ္စည်းများကိုထည့်လိုက်သည်။


ထိုရှာလကာရည်ကအရေးအကြီးဆုံးသော ဟင်းခတ်အမွှေးအကြိုင်ပင်။


အစပ်အရာသာအနည်းငယ်ထည့်ပြီး ဆော့စ်၏အရသာကို ပို၍ကောင်းမွန်လာစေသည်။


ဆော့စ်ကိုပြင်ဆင်ပြီးသည့်နောက်တွင် ဘေးတွင်ထားလိုက်သည်။ ရန်ယု၏အကြည့်များသည် ရေနွေးငွေ့များတလူလူထွက်နေသော ပေါင်းခံခြင်းထံရောက်သွားသည်။


နောက်ဆုံးတော့ဖက်ထုပ်များ၏ရနံ့ သင်းပျံ့လာတော့သည်။


ခေါက်ဆွဲဘုရင်ဆိုင်တစ်ဆိုင်လုံး ရနံ့ထဲတွင်နစ်မြုပ်သွားတော့၏။ ရနံ့များကိုလောဘတက်စွာရှုနေသကဲ့သို့ပင် လူတိုင်းကမတတ်နိုင်ပဲ အလုအယက်ရှူရှိုက်နေကြသည်။


ထိုရနံ့၏အတွင်းတွင် အအေးလှိုင်းတစ်ခုပါဝင်နေပြီး ရှုရှိုက်မိသူတိုင်းကိုမရပ်နိုင်စေရန်ဖြစ်သွားစေသည်။ ထိုရနံ့က နတ်ဘုရားအဆင့်‌ရောက်လုနီးဖြစ်သည့်ပါဝင်ပစ္စည်းဖြစ်သော ပွင့်ချပ်ရှစ်လွှာနှင်းကြာပွင့်၏ရနံ့ပင်။


ပလုံ ပလုံ ပလုံ


ပရိတ်သတ်များက ပေါင်းခံခြင်းထဲမှထွက်ပေါ်လာသောရနံ့များထဲတွင်ယစ်မူးနေကြချိန်တွင် ဆီပူနှင့်အစားအသောက်များထိတွေ့သောအသံများကိုထွက်ပေါ်လာကာ လူတိုင်း၏ယစ်မူးပျော်ဝင်နေသောခံစားချက်များကိုနှောင့်ယှက်လေသည်။


ပရိတ်သတ်များက သူတို့မြင်လိုက်ရသည့်အရာကိုအံ့ဩသွားကြသည်။


ပုဖန်က သူ၏ဖက်ထုပ်များကို ဆီအပြည့်ရှိနေသော ဒယ်အိုးထဲသို့ထည့်လိုက်သည်ကို သတိပြုမိလိုက်ကြသည်။


ပုစွန်ပိစိ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အငွေ့များထွက်နေကာ ပုဖန်၏ပုခုံးပေါ်လဲလျောင်းနေလေပြီး ၎င်း၏ပါးစပ်မှ ပူဖောင်းများကိုမှုတ်ထုတ်နေသည်။


မဟူရာလိပ်ခုံးဒယ်အိုးထဲတွင် ဆီအပြည့်ဖြစ်နေပြီး ဖက်ထုပ်အချို့က၎င်းထဲတွင်ကူးခပ်နေလေသည်။ အဖြူရောင်ပူဖောင်းလေးများ တက်လာကာ ဆီထဲ၌စတင်၍ကြော်လှော်ခံရပေတော့သည်။


စက္ကန့်ပိုင်းအတွင်းပင် ဖက်ထုပ်အသားများသည် ဝါညစ်ညစ်အရောင်များအဖြစ်ပြောင်းသွားသည်။


ပုဖန်၏လက်ထဲတွင် ရှည်လျားသောတူတစ်စုံကိုကိုင်ထားလေ၏။ ခေါက်ဆွဲဘုရင်ဆိုင်ထဲတွင် ထိုသို့သောတူပေါင်းများစွာရှိပေသည်။


တူများက ဒယ်အိုးထဲအရောက်တွင် ပုဖန် ဖက်ထုပ်များကို တစ်ဖက်သို့လျှင်လျှင်မြန်မြန်လှန်လိုက်သည်။သူ၏အကြည့်များက ဒယ်အိုးထဲသို့သာ တစ်စိုက်မတ်မတ်ကြည့်နေပြီး အကြိမ်ရေများစွာ လက်ကောက်ဝတ်ကိုလျှင်လျှင်မြန်မြန်ပင် လှုပ်ရှားနေပေသည်။


ထိုဖက်ထုပ်များ၏ထိပ်ပိုင်းတွင် ထူထပ်သိပ်သည်းသောအငွေ့များထွက်ပေါ်နေပြီး ၎င်းသည် ကြွေပန်းကန်ပြားပေါ်တင်လိုက်ခြင်းခံရသည်။ ဖက်ထုပ်များပေါ်တွင် ဆီပူဖောင်းများကိုပင်မြင်နိုင်ပေသည်။


ပရိတ်သတ်များ၏မျက်လုံးထဲတွင် သိသိသာသာကိုပင်အံ့အားသင့်သွားကြသောအရိပ်အယောင်များပေါ်ထွက်လာကာ ပုဖန်ကိုမျက်လုံးပြူး၍ကြည့်မိကြသည်။


အမှန်တကယ်တွင် ပုဖန်သည် ဖက်ထုပ်ကြော်များကိုပြုလုပ်ရန် ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်။


ဖက်ထုပ်အကြွပ်ကြော်... ၎င်းကကောင်းမွန်ပါသော်လည်း နူးညံ့အိစက်သော ဖက်ထုပ်အသားများနှင့်ယှဉ်လျှင်ရှုံးနိမ့်နိုင်ပေသည်။ သူ အစကတည်းကပါဝင်ပစ္စည်းများနှင့်ပတ်သတ်၍ အရေးနိမ့်နေပြီဖြစ်သော်လည်း ယခုတွင်တော့ ဖက်ထပ်များကို ကြော်ပင်ကြော်လိုက်သေးသည်။ ရန်ယုကိုယှဉ်တိုက်နိုင်မည့်သူ၏တစ်ခုတည်းသောအခွင့်အရေးသည် ပြီးဆုံးသွားလေပြီ။


သူလုံးဝကိုရှုံးတော့မှာပဲ....


ပုဖန်က သူ၏ဖက်ထုပ်များကိုကြော်ရန်ရွေးချယ်လိုက်သည်ကိုမြင်သည်နှင့် လူတိုင်း၏နှလုံးသားကနစ်မြုပ်သွားလေသည်။ လူတိုင်းတိတ်ဆိတ်သွားကာ သူတို့၏မျက်လုံးထဲတွင် ထူးဆန်းသောအကြည့်များရှိနေပေသည်။


ပြတင်းပေါက်အပြင်ဘက်တွင် မူချန်နဲ့ကျန်သူများအားလုံး မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့ဘာကိုကြည့်နေမိသည်မှန်းပင်မသိတော့ချေ။


အဘယ့်ကြောင့် ပုဖန်တစ်ယောက် ဖက်ထုပ်အကြွပ်ကြော်ကိုရွေးချယ်လိုက်သည်မှန်းသူတို့နားကိုမလည်တော့ပေ။ ၎င်းက ရိုးရှင်းစွာပင် သေခြင်းတရားကိုရန်ရှာနေခြင်းပင်.....


ပုဖန် ဖက်ထုပ်အကြွပ်ကြော်လုပ်ရန်ရွေးချယ်လိုက်သည်ကို ရန်ယုမြင်သည် သူ့မျက်လုံးများတောက်ပလာသည်။ သူ့နှုတ်ခမ်းထောင့် များကကွေးညွတ်သွားကာ စိတ်လှုပ်ရှားနေသည့်အပြုံးတစ်ခုကိုထုတ်ဖော်လိုက်သည်။


"ဘယ်လောက်တောင်ရူးနှမ်းလိုက်သလဲ..... ငါ့ကိုဖက်ထုပ်ကြော်လေးနဲ့ နိုင်ဖို့ကြိုးစားနေတာပေါ့လေ.."


ခဏအကြာတွင် လက်ဖဝါးဖြင့် ပေါင်းခံခြင်းများကို ပြင်းပြင်းထန်ထန်ရိုက်ချလိုက်သည်။


အစစ်အမှန်စွမ်းအင်များထွက်ပေါ်လာကာ ပေါင်းခံခြင်းများထဲသို့ချက်ချင်းပင်ဝင်ရောက်သွားတော့သည်။ အထဲမှ တဝီဝီမြည်သံများထွက်ပေါ်လာပြီး ရေနွေးငွေ့များလှိမ့်ထွက်လာကာ ပေါင်းခံခြင်းများ၏သေးငယ်သောအပေါက်များမှတစ်ဆင့် နေရာအနှံ့သို့ပျံ့နှံ့သွားလေသည်။


ခဏအကြာတွင် ဆူပွက်နေသောအသံကျယ်ကျယ်ကိုထပ်မံကြားလိုက်ရပြန်သည်။


ရန်ယုတောင့်ခဲသွားမိကာ ခေါင်းမော့ကြည့်လိုက်သည်။ သူကြည့်လိုက်သည်နှင့် ပုဖန်သူ့ ချက်ပြုတ်နည်းကိုပြောင်းလိုက်သည်မှန်းမြင့်လိုက်ရ၍ သူ၏မျက်လုံးများက ချက်ချင်းပင် မှေးမှိန်သွားတော့သည်။


ဤတစ်ခါတွင်တော့ ဖက်ထုပ်များကိုပြုတ်နေခြင်းပင်။


ဒါဘယ်လိုအခြေအနေကြီးလဲ... ဒီကလေးဘာတွေအစီအစဉ်ဆွဲနေပြန်လဲ... ဖက်ထုပ်အမျိုးအစားတွေအကုန်လုံးကိုလုပ်ဖို့များကြံရွယ်နေတာလား...


သူ့ခန့်မှန်းချက်ကို အတည်ပြုပေးသည့်အနေဖြင့် ပုဖန်၏နောက်ထပ်လှုပ်ရှားမှုများကလူတိုင်းကို အုတ်အုတ်ကျက်ကျက်ဖြစ်သွားစေသည်။ 


အမှန်တကယ်ပင် ပုဖန်က ဖက်ထုပ်များကိုချက်ပြုတ်ရန် မတူညီသည့်နည်းလမ်းကိုအသုံးပြုနေသည်။


ဒယ်အိုးထဲမှ ဖက်ထုပ်ပြုတ်များကို ထုတ်ယူလိုက်သည်နှင့် မွှေးရနံ့များထွက်ပေါ်သည်။ နောက်ထပ် ပေါင်းခံခြင်းတစ်ခုကို ဒယ်အိုး၏အပေါ်တွင်တင်၍ စတင်ပြီးပေါင်းလေသည်။


မီးဖိုပေါ်ကိုတစ်ခုပြီးတစ်ခုတင်၍ ဖက်ထုပ်အမျိုးအစားများစွာကို ပုဖန်ကချက်ပြုတ်လေသည်။


ဒါဘယ်လိုဗျူဟာမျိုးလဲ....


ဤအချိန်တွင် လူတိုင်း ဝေခွဲမရဖြစ်ကာ ပဟေဠိဖြစ်သွားကြ၏။ ပုဖန်၏ချက်ပြုတ်နည်းကြောင့် သူတို့စိတ်ပင်ရှုပ်သွားကြလေပြီ။


ပုဖန်ကိုဖောက်ထွင်းမြင်နိုင်သည်ဟုတွေးနေကြသောသူများပင် အံ့အားသင့်သွားကြလေသည်။ သူကတကယ်ပင် မတူညီသောဖက်ထုပ်အမျိုးအစားများကိုချက်ပြုတ်ပေသည်။ သူအဲ့တာတွေအကုန်လုံးကိုရောလိုက်မှာများလား....


ပုဖန်၏လက်များက လည်သွားလေသည်။ ရုတ်ချည်းပင် သူ၏လက်ထဲတွင် ကြီးမားသောကြွေပန်းကန်လုံးကြီးတစ်ခုထွက်ပေါ်လာသည်။


ပန်းကန်ပြားပေါ်တွင်ရှိသော ဖက်ထုပ်များကို ထိုထဲသို့ထည့်လိုက်သည်။ ကြွေပန်းကန်ပြားပေါ်တွင် အပြာနှင့်အဖြူရောင်တို့ ရောယှက်နေသည်မှာ အလွန်လက်ရာမြောက်လှပေသည်။


သူက ဖက်ထုပ်များကို ပုံစံအလိုက်စီလိုက်လေသည်။ ဖက်ထုပ်အိုးကပ်ကြော်ကိုတစ်နေရာ၌ထား၍ ဖက်ထုပ်အကြွပ်ကြော်ကို ဆန့်ကျင်ဖက်၌ထားကာ ဖက်ထုပ်ပြုတ်များကို အခြားတစ်နေရာ၌ထားပြီး ဖက်ထုပ်ပေါင်းများကို ကျန်နေသေးသည့်နောက်ဆုံးနေရာတွင်သပ်ရပ်စွာစီထားလိုက်သည်။


ဤသည်ကိုကြည့်ရင်း ရန်ယု၏မျက်နှာသည်ဘေးလေးနက်နက်ဖြစ်လာတော့သည်။ သို့သော် ထိုအချိန်တွင် ပုဖန်ကိုစိတ်ထဲထားပင်ထားရန်အခြေအနေရှိမနေပေ။


သူ၏လက်ဖဝါးကို ပေါင်းခံခြင်းပေါ်ထိလိုက်ပြီး အစစ်အမှန်စွမ်းအင်များကိုထုတ်လွှတ်နေလိုက်သည်။ ပေါင်းခံခြင်းထဲမှထွက်လာသည့် ရေနွေးငွေ့များပျောက်ကွယ်သွားတော့သည်။


ရန်ယုက ပေါင်းခံခြင်းကိုးဆင့်ကို အပူပေးထားသည့်ဒယ်အိုးထဲမှထုတ်လိုက်သည်။


ထိုအချိန်တွင် ပေါင်းခံခြင်းကိုးဆင့်ကိုကြည့်ရင်း လူတိုင်းအသက်အောင့်လိုက်မိသည်။


ပုဖန်သည်လည်း ဖက်ထုပ်များဖြင့်ပြည့်နေသောပန်းကန်ပြားကိုကိုင်၍ စားပွဲပေါ်သို့တင်လိုက်သည်။ ၎င်းက အပြည့်အဝပွင့်လန်းနေသောပန်းတစ်ပွင့်နှင့်တူညီနေပေသည်။


အလယ်ခေါင်တွင် ဗလာဖြစ်နေသောစက်ဝိုင်းလေးရှိချေသည်။ ထိုနေရာက ဆော့စ်ထားရန်နေရာဖြစ်ပေသည်။


ဖက်ထုပ်စားသည့်အခါတွင် တို့စားရန်ဆော့စ်ရှိရန်လိုအပ်သည်။ ၎င်းက ပုဖန်ကော ရန်ယုပါ သဘောတူသောအချက်ဖြစ်သည်။


ဖက်ထုပ်ကိုဆော့စ်နှင့်တွဲဖက်စားခြင်းသည် လုံးဝကိုမတူညီလေသောခံစားချက်ပင်။

 

ဆော့စ်အတွက်က....


ပုဖန်၏နှုတ်ခမ်းထောင့်ကကွေးညွတ်သွားပြီး အသူရာငရုတ်အနှစ်ဆော့စ်ကိုထုတ်လိုက်သည်။ တစ်ဇွန်းအပြည့်ခပ်လိုက်ကာ ကြွေပန်းကန်ထဲသို့ထည့်လိုက်သည်။


ဆော့စ်အတွက်က အသူရာငရုတ်အနှစ်ဆော့စ်ထပ် ဘာကများပိုပြီးသင့်တော်မှာလဲ....


၎င်းက လူတိုင်း၏ပါးစပ်ထဲတွင်ပေါက်ကွဲနေသည့်ခံစားချက်ရအောင်ပင် စပ်လေသည်။ ၎င်းကအလွန်ပင်စပ်ပြီး ပူစပ်လွန်း၍လောင်ကျွမ်းသွားစေနိုင်သည်။ ၎င်း၏ပူစပ်မှုက သူတို့ဘာကြောင့်မွေးဖွားလာရတာလဲ ဟူသောမေးခွန်းတစ်ခုကိုပင်မေးမြန်းမိသွားစေမည်ဖြစ်သည်။ အဆုံးတွင်တော့ ထိုသို့ဖြစ်သည်ကစိတ်ဝင်စားစရာပင်။


ပုစွန်ပိစိ၏ချိုးရေနှင့်တွဲဖက်လိုက်လျှင်... နေပါဦးမဟုတ်သေးဘူးလေ.. သူပြောချင်တာက ပုစွန်ပိစိရဲ့ခန္ဓာကိုယ်ကထွက်လာတဲ့စွမ်းအင်နဲ့ချက်လုပ်ထားတဲ့စွပ်ပြုပ်နဲ့ဆိုရင်... ဆော့စ်ကလုံးဝ ပြီးပြည့်စုံသွားပေမည်။


ကြွေပန်းကန်လုံးကို အသာအယာဝေ့ယမ်းလိုက်သည်နှင့် ပန်းကန်လုံးထဲရှိအနီရင့်ရောင်ဆော့စ်သည် ဆွဲမက်ဖွယ်ရနံ့များကိုထုတ်လွှတ်လိုက်လေသည်။ ထိုရနံ့ကိုတစ်ခါမျှရှူရှိုက်မိသည်နှင့် ပို၍ပင်ရှူရှိုက်မိကြပေမည်။


ဆော့စ်ကို ပန်းကန်ပြား၏အလယ်တွင်လောင်းချလိုက်သည်နှင့် တဖျစ်ဖျစ်မြည်သံများထွက်ပေါ်လာသည်။ ပုဖန်က သူ၏ဟင်းပွဲကိုပြင်ဆင်၍ပြီးဆုံးသွားချေပြီ။


ဝှစ်


ဖက်ထုပ်အမျိုးအစားအားလုံးက ကြွေပန်းကန်ပြား၏ထိပ်တွင်စုဝေးသွားစေသော အငွေ့များကိုထုတ်လွှတ်နေပေသည်။


မကြာခင်တွင်ပင် ကြွေပန်းကန်ပြား၏အပေါ်ရှိ အငွေ့များကပြောင်းလဲသွားကာ အမျိုးမျိုးသောစိတ်ဝိဉာဉ်သားရဲများ၏ပုံရိပ်များပေါ်လာလေသည်။


တစ်ချို့ကလေပေါ်ပျံနေကြကာ တစ်ချို့ကမြေပြင်ပေါ်လမ်းလျှောက်ပြီး တစ်ချို့ကပင်လယ်ထဲတွင်ကူးခတ်နေပေသည်။ ထိုနေရာတွင်ရှိနေသင့်သောအရာတိုင်းရှိနေသည်။


အငွေ့များကလေထုထဲတွက်စုဆုံမိသွားသောအခါ ဟင်းပွဲတစ်ခုလုံးက အရောင်များတောက်ပလာတော့သည်။ ၎င်းက ရေပြင်ညီအတိုင်းပျံ့နှံ့သွားပြီး ထိုထပ်ပို၍လှသောအရာရှိသည်ကိုပင်စိတ်ကူးမယဉ်နိုင်တော့ပေ။


ပုဖန်က သူ့ဆံပင်တွင်စည်းထားသော ခေါင်းစည်းကြိုးကိုဆွဲဖြည်လိုက်ကာ သူ့ဆံပင်များကိုအရိုင်းဆန်သွာပျံ့ကြဲသွားစေသည်။ ၎င်းက သူ့နောက်တွင်ဖြန့်ကြဲထားသောအဝတ်စများနှင့်တူညီလေသည်။


သူ့မျက်လုံးထဲတွင်ရှိသောအလင်းရောက်သည် ယခုပင်ဟင်းပွဲကိုပြင်ဆင်ပြီးသောရန်ယုကိုကြည့်ပြီး ပို၍တောက်ပလာပေသည်။ သူတည်တည်ငြိမ်ငြိမ်ဖြင့်ပြောလိုက်သည်


"ပျော်ရွှင်ခြင်းလေးမျိုးလခြမ်းကွေးဖက်ထုပ် ပြီးပါပြီ"


ရန်ယုသူ့လက်ကို သုတ်လိုက်ပြီး ထူထပ်သိပ်သည်းလှသောရနံ့က အငွေ့များပျံ့ထွက်နေသလိုရှေ့သို့ရောက်လာသည်။


သူ့ပါးစပ်ကိုဖွင့်လိုက်ပြီး အသံကျယ်ကျယ်နှင့်ပြောလိုက်သည်

"ကြည်လင်သလင်းနှင်းကြာပွင့်ဖက်ထုပ် ပြီးပါပြီ"