အပိုင်း ၇၇၉
Viewers 53k

အပိုင်း ၇၇၉

ငါ့ကိုသတ်ပြီးရလာမယ့်နောက်ဆက်တွဲ အကျိုးဆက်တွေကိုမင်းတို့မခံနိုင်ဘူး


ချူချန်းရှန် လေထုအလယ်တွင် သူ၏ကြိမ်တုတ်နှင့်အတူလျှောက်လှမ်းနေပြီး သူ၏ ဝတ်ရုံရှည်ကြီးနှင့် မုတ်ဆိတ်ဖြူဖြူတို့ကလေထဲတွင် တဖျပ်ဖျပ်လွင့်ပျံနေသည် 


သူ့အကြည့်များသည် အေးစက်ကာထက်ရှနေပေသည်။ ၎င်းက သူ့မျက်လုံးထဲတွင်လျှပ်စီးလက်နေသကဲ့သို့ဖြစ်နေသည်။


သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် အကြည့်တစ်ချက်သူ့အပေါ်ကျရောက်လာသောအခါ ရန်ယု၏နှလုံးအိမ်ယမ်းခါသွားသည်။ သူထိတ်လန့်ကာ ဒေါသထွက်သွားပြီး အော်ဟစ်ဟိန်းဟောက်လိုက်သည်။ ထို့နောက် သူခေါက်ဆွဲဘုရင်စားသောက်ဆိုင်မှထွက်ပြေးလေတော့သည်။ 


သူ စားဖိုမှူးစိန်ခေါ်ပွဲကို ရှုံးနိမ့်သွားခဲ့ပြီ...


ဤသည်က ရန်ယုတစ်ခါမျှပင် မတွေးခဲ့ဖူးသော အဆုံးသတ်တစ်ခုဖြစ်သည်။ ဤမျှအဖိုးတန်လှသော ပါဝင်ပစ္စည်းကိုအသုံးပြုခဲ့ရပြီးနောက်တွင်တောင် ပုဖန်ကိုရှုံးရလိမ့်မည်ဟု သူမတွေးခဲ့ဖူးပေ။ 


ပွင့်ချပ်ရှစ်လွှာနှင်းကြာပွင့်သည် နတ်ဘုရားအဆင့်ဆေးဖက်ဝင်အပင်ဖြစ်လုနီးပါးဖြစ်သောကြောင့် ၎င်းကိုစားဖိုမှူးပြိုင်ပွဲအတွက်ထုတ်သုံးလိုက်ရခြင်းသည် သူ့ကိုအော့နှလုံးနာစေသည်။ သို့သော် ထိုသို့သုံးလိုက်ရခြင်းသည် အဆင်ပြေသည်ဟု သတိပြုမိခဲ့သည်။ ထိုပါဝင်ပစ္စည်းကသာ အနိုင်ပွဲကိုခူးဆွတ်နိုင်မည်ဟုသေချာပါက သူ့အတွက်ဆုံးရှုံးမှုတစ်ခုဟု သတ်မှတ်ရန်မလိုတော့ပေ။ ၎င်းက နတ်ဘုရားအဆင့်ဖြစ်လုနီးသော ဆေးဖက်ဝင်အပင်ဖြစ်သော်လည်း သူ့အသက်ကိုကယ်နိုင်ပါက အရာရာထိုက်တန်ပေသည်။


အဆုံးတွင် ၎င်းကိုအသုံးပြုပြီးလျှင်လည်း နောက်တစ်ခုကိုအချိန်မရွေးရှာနိုင်လေသည်။ သို့သော် သူ့အသက်ကိုဆုံးရှုံးလိုက်ရမည်နှင့်ယှဉ်ပါက မည်သည့်နတ်ဆေးပင်ကမှ အရေးမကြီးတော့ပေ။


ချူချန်းရှန်သူ့ကိုသတ်ချင်နေသည်ကို ရန်ယုရှင်းရှင်းလင်းလင်းကိုသိနေသည်။


ချူချန်းရှန် ဘာလို့စားဖိုမှူးပြိုင်ပွဲတစ်လျှောက်လုံးပေါ်မလာရတာလဲ... ပြိုင်ပွဲမှာ သူ့ကိုအရှုံးသမားအဖြစ် သရဖူဆောင်းပေးပြီးမှပဲ ဘာလို့ပေါ်လာရတာလဲ...


ဒါတွေအကုန်လုံးက သူ့ကိုသတ်ဖို့ပဲလေ...


ချူချန်းရှန်တစ်ယောက် ပြိုင်ပွဲအတောအတွင်းမှာ သူ့ကိုယ်သူမထိန်းချုပ်နိုင်တော့ပဲ သူကို့သတ်မိမှာစိုးသည့်အတွက် အစောကတည်းကလာမကြည့်ခဲ့ခြင်းဖြစ်သည်။ 


အဆိုပါမြင်ကွင်းသည် ပရိတ်သတ်များအားလုံးကို အံ့အားသင့်သွားစေခဲ့သည်။ သူတို့အကုန်လုံး လေအေးတစ်ချက်ရှူသွင်းလိုက်မိသည်။


အကြီးအကဲက ရန်ယုကိုသတ်ချင်နေတာလား...


ရန်ယုသည် အစားကြူးတောင်ကြား၏ အထူးအဆင့်စားဖိုမှူးတစ်ယောက်ဖြစ်သည်။ သူသာသေဆုံးသွားခဲ့မည်ဆိုပါက အစားကြူးတောင်ကြားအတွက် ဆုံးရှုံးမှုကြီးတစ်ခုမဖြစ်ပေဘူးလား။ဤနေရာတွင် အထူးအဆင့်စားဖိုမှူးများကရှားပါးနေသောကြောင့် တစ်ယောက်ယောက်သာဒီအတိုင်းသေသွားပါက ဖြုန်းတီးမှုကြီးတစ်ခုဖြစ်နေသည်။


အမွေအနှစ်နယ်မြေထဲတွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စများကိုအများစုကမသိကြပေ။ ရန်ယုသည် အစားကြူးတောင်ကြားကိုသစ္စာဖောက်ခဲ့သည်မှာ ကြာညောင်းလှပြီဖြစ်ကြောင်းသူတို့မသိကြချေ။ သူသည်ယခုတွင် ရန်သူတစ်ယောက်ဖြစ်နေပေပြီ။


ပုဖန်သည် ရန်ယုထွက်ပြေးနေသည်ကို တည်တည်ငြိမ်ငြိမ်နှင့်ကြည့်နေပြီး သူ့ဆံပင်များကိုအသာအယာသပ်လိုက်သည်။


ရန်ယု အမြှီးလှည့်၍ထွက်မပြေးခင် ပုဖန်ကိုကြည့်လိုက်သောအကြည့်များထဲတွင် မုန်းတီးစက်ဆုပ်မှုများပြည့်နေသဖြင့် ပုဖန်ကိုမျက်မှောင်ကြုတ်သွားစေသည်။ 


မုန်းတီးစက်ဆုပ်နေတယ်... ဒီလူက သူ့ကိုအမုန်းတရားတွေပြည့်နေတဲ့မျက်လုံးတွေနဲ့ကြည့်ရဲသေးတယ်လား....


ပုဖန် ခပ်ဖွဖွသက်ပြင်းချလိုက်သည်။ လက်ကောက်ဝတ်ကိုတစ်ချက်လှုပ်လိုက်ပြီး မဟူရာလိပ်ခုံးဒယ်အိုးကိုဆုပ်ကိုင်လိုက်သည်။


အဝါရောင်စွမ်းအင်များ ဒယ်အိုးပေါ်တွင်တောက်ပလာကြသည်။


ပုဖန်၏အကြည့်များ အေးစက်လာပြီး သူ့၏ဆံပင်ရှည်ရှည်များသည် လေထဲတွင်လွင့်မျောနေသည်။ ရုတ်တရက် သူ ဒယ်အိုးကို အားဖြင့်လွှဲ၍ပစ်လိုက်သည်။


ဒယ်အိုးကလေထဲတွင်လည်ပတ်နေပြီး မိုးခြိမ်းသံကဲ့သို့ကျယ်လောင်သောအသံများကိုထုတ်လွှတ်နေသည်။ ၎င်းကိုပစ်လွှတ်လိုက်သောအင်အားကို တောင့်မခံနိုင်သည့်ပုံနှင့်တူလေသည်။


ရန်ယုသည် မြန်နိုင်သမျှမြန်အောင်ပြေးနေသောကြောင့် သူ့နောက်တွင်ဖြစ်ပျက်နေသောမည်သည့်အရာကိုမှသတိမထားမိချေ။


ချူချန်းရှန်၏သတ်ဖြတ်လိုစိတ်သည် သူ့အပေါ်တွင်အမြစ်တွယ်နေသောကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင်ရှိသောချွေးပေါက်များကိုပွင့်ထွက်သွားစေသည်။ သူသာမပြေးလျှင် မုချသေပေလိမ့်မည်။


ရုတ်တရက် သူ့နောက်မှ မိုးခြိမ်းသံကဲ့သို့သော ပဲ့တင်ထပ်နေသည့်အသံကိုကြားလိုက်ရသည်။


ရန်ယု၏မျက်နှာတင်းမာသွားတော့သည်။ သူလှည့်ကြည့်လို၎င်း၏ကိုယ်မှခက်ထန်နေသောစွမ်းအင်များလွင့်ပျံနေသဖြင့် ၎င်းထံမှမှိုင်းညို့နေသောစွမ်းအင်များကိုထုတ်လွှတ်နေပေသည်။ 


ထိုအရာသည် ပုဖန်၏မဟူလိပ်ခုံးဒယ်အိုးဖြစ်သည်ကို ရန်ယုသတိပြုမိလိုက်သည်။


ထိုကောင်လေး လှုပ်ရှားမှုတစ်ခုခုပြုလုပ်လိမ့်မည်ဟု သူတစ်ခါမှမတွေးမိခဲ့ချေ။


"မင်း သေချင်နေတာလား"

ရန်ယု အလွန်အမင်းဒေါသထွက်ပြီး အော်ဟစ်လိုက်သည်။ ထိုငနဲက စားဖိုမှူးပြိုင်ပွဲတွင်သူ့ကိုအနိုင်ယူကာ သူ၏အသက်ရှင်ခွင့်ကိုအဆုံးသတ်လိုက်ပြီးယခုတွင် သူ့ထွက်ပြေးနေသည်ကိုတားဆီးနေပြန်သည်။


၎င်းက ရှင်းရှင်းလေးပင်ခွင့်မလွှတ်နိုင်စရာဖြစ်ချေသည်။


အတွေးတစ်ချက်နှင့် ဝါညစ်ညစ်အရောင် ကျောက်စိမ်းအဆောင်များ သူ့လက်ထဲတွင်ပေါ်လာသည်။ ထိုအဆောင်လက်ဖွဲ့များပေါ်တွင် ထူးခြားဆန်းပြားသော ရှေးဟောင်းအက္ခရာများကိုထွင်းထုထားပေသည်။ သူ့၏အစစ်အမှန်စွမ်းအင်များဝင်ရောက်သွားသည်နှင့် ထိုစကားလုံးများသည် လက်တွေ့ဘဝထဲရောက်လာသကဲ့သို့တောက်ပလာပေသည်။


Ring!

ကလင်


ရန်ယု ကျောက်စိမ်းအဆောင်များကို အားကုန်ပစ်လိုက်ချိန်တွင် မြည်သံများထွက်ပေါ်သည်။


ဝီး ဝီး


ကျောက်စိမ်းအဆောင်များက လေထဲတွင်ပေါက်ကွဲသွားပြီး ရုတ်ချည်းပင် ကြီးမားသောမိုးကြိုးသွားများထွက်ပေါ်လာသည်။


ထိုကျောက်စိမ်းအဆောင်များသည် ရှေးဟောင်းကျောက်စိမ်း သန့်စင်နယ်မြေမှဖြစ်လေသည်။


ရှေးဟောင်းကျောက်စိမ်းသန့်စင်နယ်မြေသည် အခြားသောသန့်စင်နယ်မြေများနှင့်မတူချေ။ သူတို့သည် စိတ်ဝိဉာဉ်အဆောင်လက်ဖွဲ့များပြုလုပ်ခြင်းကို အထူးပြုခြင်းဖြစ်သည်။ ရှေးဟောင်းကျောက်စိမ်းသန့်စင်နယ်မြေမှလူတစ်ယောက်အနေဖြင့် ရန်ယုတွင်ကိုယ်ပိုင် အဆာင်လက်ဖွဲ့များရှိနေသည်မှာ သဘာဝကျပေသည်။


မိုးကြိုးသွားများစွာစုစည်းသွားပြီး မိုးကြိုးတိုင်တန်ကြီးတစ်ကောင်ဖြစ်ပေါ်လာသည်။ ၎င်းသည် ရှေးဟောင်းကျောက်စိမ်းသန့်စင်နယ်မြေမှလူများအသုံးပြုသော နည်းပညာတစ်ခုပင်။ မိုးကြိုးတိုင်တန်၏စွမ်းအင်များသည် ရှောင်းဟောင်းကျောက်စွမ်းသော့ထက်နိမ့်ကျခြင်စမရှိချေ။ 


မိုးကြိုးတိုင်တန်သည် ချပ်ဝတ်တစ်ခုကိုဝတ်ဆင်ထားပြီး ၎င်း၏ခြေလှမ်းများသည် မိုးခြိမ်းသံများသကဲ့သို့ကျယ်လောင်လှပေသည်။ ၎င်း၏ပါးစပ်ကိုဖွင့်လိုက်ပြီး အထဲတွင်ရှိသော အနက်ရောင်အပေါက်ကြီးကိုထုတ်ဖော်ပြလိုက်သောအခါ ကောင်းကင်ယံတွင် လျှပ်စီးလက်စေကာ မိုးကြိုးပစ်သံအများအပြားကိုထွက်ပေါ်လာစေသည်။


လည်ပတ်နေသော မဟူရာလိပ်ခုံးဒယ်အိုးသည် ထိုမိုးကြိုးတိုင်တန်ကြီးထံသို့ဦးတည်၍သွားနေသည်။


မိုးကြိုးတိုင်တန်ကြီးသည် ၎င်း၏လက်များကိုမြှောက်လိုက်ပြီး လည်ပတ်နေသော မဟူရာလိပ်ခုံးဒယ်အိုးထံသို့ဦးတည်ကာ ၎င်းကိုဖျက်ဆီးပစ်ရန်ရည်ရွယ်လိုက်သည်။


ရန်ယု၏နှလုံးအိမ်သည် နာကျင်နေပြီး သူ့နှုတ်ခမ်းများသည်လည်း လိမ်ရွဲ့နေသည်။


ထိုစိတ်ဝိဉာဉ်အဆောင်များသည် အလွန်အဖိုးတန်လှပြီး သူ့လက်ထဲတွင်ပင် ထိုမျှပမာဏလောက်သာရှိပေသည်။ ထိုအရာများသည် သူ၏အသက်ကယ်ဝှက်ဖဲများဖြစ်သော်လည်း ယနေ့တွင်တော့ တစ်ချက်ပင်ဂရုမစိုက်ပဲ အကုန်သုံးလိုက်ရပေသည်။


လက်ရှိအခြေအနေဆိုးမှလွတ်မြောက်စေရန် ၎င်းတို့အားလုံးကိုသုံးလိုက်ရသော်လည်း ရန်ယု၏နှလုံးသားထဲတွင်နာကျင်မှုကိုခံစားရဆဲဖြစ်သည်။ သို့သော် သူ့တွင်အခြားသောရွေးချယ်စရာများရှိမနေပေ။


လေထုအလယ်တွင်လမ်းလျှောက်နေသောချူချန်းရှန်နှင့် ရန်ယုတို့ကြားတွင်အကွာအဝေးသည်တစ်မိုင်သာကျန်တော့သည်။ ချူချန်းရှန်၏ခြေလှမ်းတစ်လှမ်းတိုင်းသည် အတော်ဝေးဝေးကိုရောက်စေပြီး သူ့ခြေထောက်အောက်တွင်ရှိသော လေထုကိုတုန်ခါသွားစေသည်။


လျှပ်စီးကြောင်းနှင့်တူသော သူ့မျက်လုံးသည် ထွက်ပြေးရန်ကြိုးစားနေသောရန်ယုကို လူသေကောင်တစ်ကောင်လိုကြည့်နေသည်။


ရန်ယု၏ခွန်အားသည် သိပ်မဆိုးလှသော်လည်း ချူချန်းရှန်၏ရှေ့မှောက်တွင်တော့ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အားနည်းချိနဲ့နေပေသည်။


သို့သော် စိတ်ဝိဉာဉ်အဆောင်ဖြင့်ပြုလုပ်ထားသော မိုးကြိုးတိုင်တန်သည် ချူချန်းရှန်၏အာရုံစိုက်မှုကိုရရှိသွားလေသည်။


ဘန်း


ပုဖန်သည် မိုးကြိုးတိုင်တန် နှင့်မဟူရာလိပ်ခုံးဒယ်အိုးတို့၏ထိပ်တိုက်တွေ့ဆုံမှုကိုငြိမ်သက်စွာကြည့်နေခဲ့သည်။


ပုဖန်တွင် ဒယ်အိုးအတွက်စိုးရိမ်စိတ်လုံးဝမရှိချေ။ အဆုံးတွင် မဟူရာလိပ်ခုံးဒယ်အိုးသည်နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံထဲမှတစ်ခုဖြစ်သည်။ သာမန်မိုးကြိုးတိုင်တန်ကိုမဆိုထားနှင့် အစစ်အမှန်မိုးကြိုးများသည်ပင် ထိုဒယ်အိုးပေါ်တွင် ခြစ်ရာတစ်ခုပင်ထင်ကျန်အောင်မလုပ်နိုင်ပေ။


ကြီးမားသောမိုးကြိုးတိုင်တန်ကြီးနှင့် မဟူရာလိပ်ခုံးဒယ်အိုးတို့ ထိပ်တိုက်တွေ့ဆုံမှုသည် မီးပွားများစွာကိုထွက်ပေါ်လာစေပြီး နားကန်းလုမတတ်ဆူညံသံများထွက်ပေါ်လာစေသည်။


ပရိတ်သတ်များစွာသည် အံ့အားတကြီးအော်ဟစ်ကြပြီး ဘေးလွတ်ရာကိုထွက်ပြေးကြသည်။


မဟူရာလိပ်ခုံးဒယ်အိုးသည် နောက်ကိုပြန်ထွက်လာသော်လည်း မိုးကြိုးတိုင်တန်သည် အစိတ်စိတ်ကွဲကြေသွားပေသည်။


ရန်ယု၏ အသက်ရှူသံသည်အေးစက်သွားလေသည်။ အခွင့်အရေးသာရှိလျှင် ပုဖန်ဟုခေါ်သောထိုငနဲကို အမှန်ပင်သတ်ပစ်ရပေမည်။


သူက(ပုဖန်) သူ့ကိုတစ်ခါမျှဝင်ရောက်နှောင့်ယှက်ဖူးခြင်းမရှိသော်လည်း ယခုနှောင့်ယှက်နေသည့်အကြိမ်ရေအနည်းကပင် လွန်လွန်းနေပြီဖြစ်သည်။ 


ပုဖန် မဟူရာလိပ်ခုံးဒယ်အိုးကိုပြန်ဖမ်းယူလိုက်ပြီး သူ့လက်များက ၎င်း၏မျက်နှာပြင်ကိုအသာဖွဖွပွတ်သပ်လိုက်သည်။ သူ့လက်ကိုအနည်းငယ်ထုံကျင်သွားစေသော လျှပ်စီးဓာတ်အနည်းငယ်ကိုခံစားရနေသေးသည်။ ၎င်းသည် ပုဖန်ကိုမျက်ခုံးပင့်သွားစေသည်။


"လူငယ်လေး မင်းဒီဘုရင်ဆီကအကူအညီလိုသေးလား... မင်းသာအစပ်ချောင်းသုံးချောင်းပေးဖို့ကတိပေးမယ်ဆိုရင် ဒီဘုရင်ကမင်းအတွက်လှုပ်ရှားပေးမယ်လေ... အကယ်၍ မင်းသာခြေတစ်လှမ်းရွှေ့လိုက်ရမယ်ဆိုရင်ကို ဒီဘုရင်ဆီက အစပ်ချောင်းတစ်ချောင်းပြန်ယူလို့ရတယ်လေ .. ဘယ်လိုလဲ"

ငရဲဘုရင်အာဟ ပုဖန်ဘေးသို့လမ်းလျှောက်သွားပြီးပြောလိုက်သည်။


ပုဖန်က ငရဲဘုရင်အာဟကို မျက်စောင်းထိုးကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်များကွေးညွတ်သွားသည်။


သူက ဘာကိစ္စကြောင့် ငရဲဘုရင်ကိုလှုပ်ရှားခိုင်းရမှာလဲ...


ရန်ယုပြန်မတွန်းလှန်နိုင်သည့် ချူချန်းရှန်ကဤနေရာတွင်ရှိနေပြီဖြစ်ပြီး ပုဖန်လုပ်ရန်လိုအပ်သည့်အရာမှာ ရန်ယု၏တိုက်ကွက်များကိုဝင်နှောင့်ရန်သာဖြစ်သည်။


အတွေးတစ်ချက်ဖြင့် ပုဖန်၏ခြေထောက်အောက်တွင် အဖြူရောင်မှော်အခင်းအကျင်းတစ်ခုပေါ်ထွက်လာသည်။ ၎င်းအခင်းအကျင်းးည်ပေါ်ထွက်လာသည်နှင့် စတင်၍လည်ပတ်လာသည်။ ၎င်းကတဖြေးဖြေးမြင့်တက်လာပြီး ကျယ်လောင်သည့်အသံတစ်သံနှင့်အတူ ဖန်သားဖြင့်ပြုလုပ်ထားသောဓားဗီရိုတစ်ခုသည် တဖြေးဖြေးချင်းပေါ်ထွက်လာတော့သည်။


ထို ဓားဗီရိုသည် တောက်ပနေကာ ၎င်း၏အလှသည်အံ့ချီးဖွယ်ရာဖြစ်ပြီး အထဲတွင်များစွာသောမီးဖိုချောင်သုံဓားများကိုချိတ်ဆွဲထားသည်။


ပရိတ်သတ်များကထိုအရာကိုမြင်သောအခါ လေအေးတစ်ချက်မရှူမိပဲမနေနိုင်တော့ချေ။


ထိုအရာသည် ပုဖန်၏ ဓားဗီရိုဖြစ်ပြီး အစားကြူးတောင်ကြား၏ထိပ်တန်းစားဖိုမှူးဆယ်ယောက်ပိုင်ဆိုင်သောဓားများသည် ထိုထဲတွင်ရှိပေသည်။


ခေါက်ဆွဲဘုရင် အိုးရန်ချန်ဖုန်း၏ဓားသည်ပင် ထိုထဲတွင်ရှိနေလေသည်။


အိုးရန်ချန်ဖုန်း ထိုဗီရိုကိုကြည့်လိုက်သောအခါ သူ့မျက်နှာတွင်ခါးသီးမှုများဖြင့်ပြည့်နှက်သွားပြီး သူ့နှလုံးအိမ်သည်လည်းတုန်လှုပ်သွားတော့သည်။ ပုစဉ်းရင်ကွဲတောင်ပံဓားကိုတစ်ချက်ကြည့်လိုက်မိချိန်တွင် သူ့အကြည့်များရှုပ်ထွေးသွားပေသည်။


သို့သော် သူယုံကြည်မှုမယိမ်းယိုင်ခဲ့ပါ။ ပုစဉ်းရင်ကွဲတောင်ပံဓားကိုပြန်ရရန် တစ်ခုတည်းသောနည်းလမ်းသည် ကြိုးကြိုးစားစားအလုပ်လုပ်ပြီး သူ၏ကျင့်ကြံရေးနှင့်ချက်ပြုတ်ခြင်းနည်းလမ်းများမြှင့်တင်ရန်သာဖြစ်သည်။ ထို့နောက်သူသည်ပုဖန်ကို သင့်တင့်မျှတစွာအနိုင်ယူရပေမည်။ ထို့မှသာ သူ့ရဲ့ဓားကိုပြန်လည်ရရှိနိုင်မည်ဖြစ်သည်။


ထိုပန်းတိုင်သည် သူ့ကိုယ်သူတွန်းအားပေးရန်အတွက်လိုအပ်သော စိတ်ဓာတ်ခွန်အားတစ်ခုပင်။


ရန်ယုပြေးနေရာလမ်းကြောင်းတွင် ရုတ်တရက်အေးခဲသွားပြီး သူ့မျက်နှာဖြူရော်သွားသည်။


သူ့ခန္ဓာကိုယ် ပြင်းပြင်းထန်ထန်လည်ပတ်သွားပြီး သူ့၏အရိပ်ဖြတ်ဓားသည် သူ့လက်ထဲမှပျံထွက်သွားတော့သည်။


"ငါ့ဓား....."


ရန်ယု၏ မျက်စိသူငယ်အိမ်ကြုံ့ဝင်သွားပြီး သူ့နှလုံးသားထဲတွင် ဒေါသများဆူပွက်လာသည်။


သူ၏အသက်ကယ်ဓားဖြစ်သော အရိပ်ဖြတ်ဓားသည် သူ့ရဲ့အချက်ပြုတ်ကျွမ်းကျင်မှုများအလွန်ကောင်းနေရသည့်အကြောင်းပြချက်ဖြစ်ပေသည်။ ၎င်းကိုဖယ်လိုက်လျှင် သူ့အချက်အပြုတ်ကျွမ်းကျင်မှုများလွန်စွာ ကျဆင်းသွားပေလိမ့်မည်။


ထို့ကြောင့် ပုဖန် သူ၏မီးဖိုချောင်သုံးဓားကိုယူဆောင်သွားခွင့်မပြုနိုင်ချေ။


မီးဖိုချောင်သုံးဓားကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသောကြောင့် နှဖူးတွင်အပြာရောင်သွေးကြောများထောင်ထနေသည်မှာ သူ၏သနားစရာအသက်ကလေးကိုဖက်တွယ်ထားနေဟန်နှင့်တူနေသည်။


ဘန်း


သို့သော် ထိုသို့ပြုလုပ်လိုက်ခြင်းသည် သူနှင့်ချူချန်းရှန်၏အကွာအဝေးကိုလျော့ချလိုက်သည်နှင့်တူညီလေသည်။


ရန်ယုအေးခဲသွားပြီး သူ့ထံချဉ်းကပ်လာသောချူချန်းရှန်ကို ကြောက်လန့်တကြားကြည့်လိုက်သည်။


ချူချန်းရှန်၏လက်ထဲတွင် အနက်ရောင်လှံတံတစ်ချောင်းထွက်ပေါ်လာသည်။ ၎င်းလှံရှည်သည် ရန်ယုကိုထိခိုက်စေရန် သူ၏အစစ်အမှန်စွမ်းအင်များဖြင့်ဖန်တီးထားသော လက်နက်တစ်ခုဖြစ်လေသည်။ 


"မိုးကြိုးတိုင်တန် သူ့ကိုတားလိုက်စမ်း.."


ရန်ယု ထိတ်လန့်သွားမိပြီး ကျန်ရှိနေသောမိုးကြိုးတိုင်တန်ကြီးများကို သူ့ရှေ့တွင်ထွက်ပေါ်လာစေရန်ထိန်းချုပ်လိုက်သည်။


ချူချန်းရှန်သာ သူ့ကိုဖမ်းမိသွားလျှင် သူ့အတွက်စောင့်ဆိုင်းနေသည့်အရာမှာသေခြင်းတရားသာဖြစ်သည်ကိုသိနေသောကြောင့် သူ၏လိမ်ကောက်နေသော မီးဖိုချောင်သုံးဓားကိုလက်လွှတ်လိုက်ပြီးထွက်ပြေးလိုက်သည်။


သူ့တွင်ထိုလူကိုခုခံရန်နည်းလမ်းမရှိပေ။


"ပြေးတာလား... ဒီစီနီယာလူအိုကြီးကို ကျောက်စိမ်းသော့နဲ့နှိပ်စက်ညှင်းပန်းတုန်းက မင်းဘာလို့ထွက်မပြေးရတာလဲ..."

ချူချန်းရှန် အေးစက်စွာပြောလိုက်သည်။


မိုးကြိုးတိုင်တန်ကြီးကို ရေခဲကဲ့သို့အေးစက်သောအကြည့်ဖြင့်ကြည့်လိုက်ကာ ဖိနှိပ်လွှမ်းမိုးလိုသည့်ပုံစံဖြင့် ဖမ်းဆုပ်လိုက်သည်။ တိုးတိမ်သောအသံတစ်ခုဖြင့် သူ့လက်မောင်းပေါ်ရှိကြွက်သားများ ကျုံ့သွားပြီး မိုးကြိုးတိုင်တန်ကြီးက ချက်ချင်းပင်ကွဲအက်၍ပြုတ်ကျသွားသည်။


ကောင်းကင်ယံတွင် လျှပ်စီးမီးပွားများစွာထွက်ပေါ်နေသည်။ ထိုအချိန်တွင် ချူချန်းရှန်၏အကြည့်သည် အလွန်အမင်းကြောက်မက်ဖွယ်ကောင်းလာတော့သည်။ သူ၏လှံကို ပစ်လွှတ်လိုက်ပြီး ကျယ်လောင်သောပေါက်ကွဲစုတ်ပြဲသံများထွက်ပေါ်လာစေသည်။


ထိုနေရာတွင်ရှိသော လေထုတစ်ခုလုံး အက်ကွဲသွားတော့သည်။


ရန်ယုဆက်ပြေးချင်သော်လည်း နောက်သို့လှည့်ကြည့်လိုက်သောအခါ သူသေအံ့ဆဲဆဲဖြစ်နေသည်ကို သတိပြုမိသွားသည်။


သူ့ခန္ဓာကိုယ်တွင်းရှိ အစစ်အမှန်စွမ်းအင်များမြင့်တက်လာကာ စိတ်ဝိဉာဉ်လှေကားများက အရာအားလုံးအပေါ်ထွန်းလင်း တောက်ပပေးနေသောကြယ်တစ်ပွင့်အလား သူ့ခေါင်းအထက်တွင်ပေါ်ထွက်လာသည်။


သို့သော် ချူချန်းရှန်၏ကြောက်မက်ဖွယ်စွမ်းအားများနှင့်မျက်နှာချင်းဆိုင်ရသောအခါ ရန်ယုတစ်ယောက် အားမငယ်ပဲမနေနိုင်တော့ချေ။


လှံရှည်သည် တဝီဝီမြည်နေပြီး သူ့လမ်းကြောင်းပေါ်ရှိအရာအားလုံးကိုဆုတ်ဖြဲပစ်ခဲ့သည်။


ရန်ယု၏မြင်ကွင်းထဲတွင် သူ့ကိုထိုးဖောက်ကာမြေပြင်ပေါ်သို့ထိုးစိုက်သွားတော့မည့် ရှည်လျားသောလှံ၏ထိပ်ဖျားဖြင့်ပြည့်နှက်နေသည်။


သူ့ရင်ဘတ်ကိုထိုးဖောက်ခံလိုက်ရပြီး လတ်ဆတ်သောသွေးများပျံ့ကြဲသွားကာ သူ့အဝတ်အစားများကိုစွန်းထင်သွားစေသည်။ ရန်ယု ပူဆွေးဝမ်းနည်းစွာဟစ်အော်လိုက်ပြီး ကြောက်ရွံ့မှုနှင့်မိမိကိုယ်ကိုသနားနေသည့်အမူအယာများသည် သူ့မျက်နှာတွင်ဖြတ်ပြေးသွားတော့သည်။ 


အရိပ်ဖြတ်ဓားသည် ပုဖန်၏လက်ထဲသို့ဆင်းသက်လာသည်။ သူသည်ထိုအရာကို ဓားဗီရိုထဲသို့မထည့်ခင် ခတ္တမျှဝေ့ယမ်းကစားလိုက်သည်။


ဤဓားသည် နာမည်ကျော်ဓားတစ်လက်ဖြစ်သော်လည်း သူ၏ နဂါးအရိုးမီးဖိုချောင်သုံးဓားနှင့်ယှဉ်လျှင် နိမ့်ကျနေဆဲပင်။


ချူချန်းရှန် သူ့လက်နှစ်ဖက်ကိုယှဉ်ဖြာလိုက်ပြီး ရန်ယုထံလမ်းလျှောက်သွားလိုက်သည်။


တိတ်ဆိတ်သွားမှုက အံ့ဩလောက်စရာပင်။ အကြီးအကဲက ရန်ယုကိုအမှန်တကယ်ထိခိုက်အောင်ပြုလုပ်ခဲ့သည်။ အလွန်အမင်းကြောက်စရာကောင်းသည့်အရာတစ်ခုဖြစ်ပျက်ခဲ့သည်မှာ သေချာသွားပေပြီ။


ရန်ယု ကြိုးစားရုန်းကန်နေသော်လည်း မည်မျှပင်အားသုံးနေပါစေ ထိုလှံရှည်ကိုလှုပ်သွားအောင်ပင်မပြုလုပ်နိုင်ချေ။


"ချူချန်းရှန်... ခင်ဗျားကျုပ်ကိုသတ်ရင် အစားကြူးတောင်ကြားကျဆုံးစေရမယ်... ရှေးဟောင်းကျောက်စိမ်းသန့်စင်နယ်မြေက ဘာကိုမှဂရုမစိုက်ပဲလှုပ်ရှားလာတော့မှာ... အစားကြူးတောင်ကြား လုံးဝပျက်သုဉ်းသွားတဲ့အထိသူတို့ရပ်မှာမပါဘူး...." 

ရန်ယုအော်ဟစ်လိုက်သည်။


သို့သော် ချူချန်းရှန်သည် ခပ်ဖြေးဖြေးသာလျှောက်လှမ်းနေစမြဲပင်။


၎င်းကို ရန်ယုမြင်လိုက်သောအခါ အလွန်အမင်းမျက်နှာပျက်သွားလေသည်။


ရုတ်တရက် သူ့ခန္ဓာကိုယ်ပေါ်ရှိ အဆောင်တစ်ခုကအလင်းတန်းတစ်ခုထွက်ပေါ်လာသည်။ အလင်းတန်းသည် လေထုထဲသို့ ထွက်ပေါ်သည်။


လေထုသည် တွန့်လိမ်ကာပုံပျက်သွားပြီး မှုန်ဝါးဝါးပုံရိပ်တစ်ခုထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းလုံးကြီးတစ်ခုအပြင်သို့ ထွက်ပေါ်လာပြီး လူတိုင်းကိုအသက်ရှူအောင့်သွားမိစေသည်။


ချူချန်းရှန်သည် ထိုစွမ်းအင်များမှ ဖိအားကိုခံစားလိုက်ရပြီး သူ့မျက်နှာအမူအယာကို ပြောင်းလဲသွားစေသည်။


မှုန်ဝါးဝါးပုံရိပ်သည် လေပေါ်တွင် လွင့်မျောနေပြီး အလွန်တောက်ပနေပေသည်။


"ကိုယ့်လက်ကိုယ်ရုတ်လိုက်ပါ... ရန်ယုကသေလို့မဖြစ်ဘူး... သူသာသေသွားခဲ့ရင် ဒီစီနီယာရဲ့ဒေါသတောက်လောင်လာမိလိမ့်မယ် အဲ့ဒါက အစားကြူးတောင်ကြားကိုင်တွယ်နိုင်တဲအရာမျိုးမဟုတ်ဘူးနော်"

ထိုအလင်းပုံရိပ်ကဆိုလာသည်။


ချူချန်းရှန်၏မျက်လုံးများ ကျုံ့ဝင်သွားပြီး သူ့မျက်နှာက ရေခဲကဲ့သို့အေးစက်သွားသည်။


ယခုအချိန်အထိ သွေးများအန်နေသော ရန်ယုသည် ထိုအလင်းပုံရိပ်ကိုကြည့်ကာစိတ်လှုပ်တရှား ရယ်သွမ်းသွေးလိုက်သည်။


" ခင်ဗျားတို့တွေကျုပ်ကိုမသတ်နိုင်ဘူးဆိုတာကို ကျုပ်ပြောခဲ့သားပဲ... အဲ့ဒီ့အပြင်ကို ကျုပ်ရဲ့သေဆုံးခြင်းက ခင်ဗျားနဲ့ အစားကြူးတောင်ကြား ကိုင်တွယ်နိုင်တဲ့အရာမျိုးမဟုတ်ဘူး.."

ရန်ယု စိတ်လှုပ်ရှားစွာအော်ဟစ်နေပြီး ချောင်းဆိုးလိုက်သည်။


ရိုသေချေငံသောအသံဖြင့် ရန်ယုစကားပြောလိုက်သည်

"သူတော်စင်ကြီး.. ကျေးဇူးပြုပြီးကူညီပါ.. ဒီလူရဲ့ အရိပ်ဖြတ်ဓားကိုပြန်ယူပေးပါဦး..."


ရန်ယုသည် သူ၏သွေးစွန်းနေသောလက်ဖြင့် လှံရှည်ကိုကိုင်ကာ သူ့ကိုနှိပ်စက်ကလူပြုခဲ့သူများကို ရူးသွပ်မှုတို့ပြည့်နေသည့်မျက်လုံးများဖြင့်ကြည့်လိုက်သည်။


ရန်ယု၏စကားများကိုကြားသောအခါ ချူချန်းရှန်၏မျက်နှာပြောင်းလဲသွားသည်။


ပုဖန်၏မျက်ခုံးများသည်လည်းတွန့်ချိုးသွားသည်။


အဖြူရောင်အလင်းပုံရိပ်ကြီး၏ ကြောက်မက်ဖွယ်ဖိနှိပ်မှုသည် ပစ်မှတ်ပြောင်းသွားပြီး ၎င်းသည် ယခုတွင် ပုဖန်ကို ရည်ရွယ်နေပေသည်။