အပိုင်း ၇၉၂
Viewers 53k

အပိုင်း ၇၉၂

မင်းသူ့ကိုကယ်နိုင်ရင် ငါ့အရှုံးကိုဝန်ခံမယ်


အစားကြူးတောင်ကြားရှိ တည်းခိုဆောင်တစ်ဆောင်၌..


လေဟာနယ်ကခေတ္တလှုပ်ခါသွားကာလှိုင်းဂယက်များဖြစ်ပေါ်လာသည်။ ခေတ္တအကြာတွင် ပုံရိပ်တစ်ခုကထိုလှိုင်းဂယက်များကြားမှဖြေးညှင်းစွာလျှောက်ထွက်လာလေသည်။


ပခုံးထက်တွင်လေးရှည်ကိုလွယ်ထားသည့်ရန်ချန်း မျက်မှောင်ကျုံ့ထားပြီး သူ၏မျက်နှာအမူအယာသည်အေးစက်နေ၏။ သူက သူ့အင်္ကျီလက်အပြဲကိုကြည့်လိုက်ပြီး နှုတ်ခမ်းစွန်းများကစိတ်ကြီးဝင်မောက်မာသောအပြုံးတစ်ခုအဖြစ်ကွေးညွတ်သွားချေသည်။


.." ပိုးမွှားတွေကတော့ ပိုးမွှားတွေဖြစ်နေမှာပါပဲ သန့်စင်နယ်မြေတွေက သတ္တဝါကြီးတွေနဲ့ရင်ဆိုင်ရတဲ့ခါ အစားကြူးတောင်ကြားမှာရှိတဲ့ဘယ်သူမဆိုသေခြင်းတရားကိုပဲလက်ခံရလိမ့်မယ် သူငါတို့ကိုအထင်သေးတဲ့ကြည့်နဲ့ကြည့်တော့ဘာဖြစ်သေးလဲ... သူလုပ်နိုင်တာငါ့အင်္ကျီလက်စကိုဖြဲရုံပဲမဟုတ်လား "..


ရန်ချန်းကကြမ်းပြင်ပေါ်ကိုခြေချရင်းတီးတိုးပြောလိုက်သည် ။ နောက်ခဏမှာပဲ ယန်ချန်းကိုယ်ပေါ်ရှိအဝတ်ကဖယ်ရှားခံလိုက်ရပြီး သူ၏အချိုးအစားကျနသောခန္ဓာကိုယ်အားလှစ်ဟပြသလာချေသည်။


အစောင့်တစ်ယောက်ကရှေ့တိုးလာပြီး ရန်ချန်းအားအဝတ်သစ်တစ်စုံပေးလိုက်သည်။ ရန်ချန်းကခုံပေါ်သို့မှီထိုင်လိုက်ကာ မေးထောက်ထားသည်။


.." ငါ့ညီ ကိုသတ်တဲ့သူကသေပြီ အခုမြင့်မြတ်သောသူတော်စင်တောင်းဆိုထားတာကို တာဝန်ကျေဖို့ပဲကျန်တော့တယ် ငါထင်တာတော့ မြင့်မြတ်သောသူတော်စင်ရဲ့ကိုယ်ပွားကိုဆုတ်ဖြဲလိုက်တဲ့ ငရဲကမ္ဘာသတ္တဝါက လျှို့ဝျက်ဆန်းကြယ်တဲ့ဟိုစားသောက်ဆိုင်မှာရှိနေတာဖြစ်ရမယ်"..  


ရန်ချန်းကအတွေးနက်နေသည်။


" ခေါင်းဆောင်ရန် ကျွန့်တော့်ကိုသွားပြီးစနည်းနာစေချင်ပါသလား ကျွန်တော်သေချာပေါက်သတိထားမှာပါ"..


အစောင့်တစ်ယောက်က ဂန်ချန်းကိုလှမ်းကြည့်ရင်း ပြောလိုက်ချိန်လက်သီးကိုတင်းကြပ်စွာဆုပ်ထားခဲ့သည်။


.." မလိုအပ်ဘူး အဲဒီငရဲကမ္ဘာသတ္တဝါက မြင့်မြတ်သောသူတော်စင်ရဲ့ကိုယ်ပွားကိုတောင်သုတ်သင်ခဲ့တာမို့ မင်းသွားရင်သေလမ်းရှာနေသလိုပဲဖြစ်လိမ့်မယ် မင်းတစ်ခုခုလုပ်ချင်ရင်တောင်လုပ်နိုင်တာဘာမှမရှိဘူး"..


အစောင့်က ထိတ်လန့်သွားပြီး နောက်ဆုံးမှာ ခုခံပြောဆိုနေခြင်းအားရပ်တန့်လိုက်ရသည်။ ခေါင်းဆောင်ရန်ကပင်သူလုပ်နိုင်မှာမဟုတ်ကြောင်းပြောနေသည်ဖြစ်ရာ အမှန်တကယ်ကိုသူလုပ်နိုင်တာမရှိ၍ဖြစ်မည်ပေ။


.." စာဖိုမှူးစိန်ခေါ်ပွဲကမနက်ဖြန်မဟုတ်လား.. စားသောက်ဆိုင်ပိုင်ရှင်က အစားကြူးဘုတ်ပြားရဲ့ ကျောက်းစိမ်းအကြေးခွံဓား လျိုကျားလီနဲ့ယှဉ်ပြီးချက်ပြုတ်မှာ ဟုတ်တယ်မဟုတ်လား"..


ရန်ချန်းကသူ့မေးစေ့သူပွတ်သပ်လိုက်သည်။


အစောင့်များကခေါင်းငြိတ်ပြကြသည်။ သဘာဝကျကျပင်တစ်မြို့လုံးရှိလူများကစာဖိုးမှူးစိန်ခေါ်ပွဲအကြောင်းကိုသိရှိကြပြီး သူတို့လည်းပဲသိလေသည်။


.." ကောင်းတယ်.. မနက်ဖြန်ငါတို့အဲဒီကိုသွားကြည့်ကြမယ်"..


 ရန်ချန်းကဆိုသည်။


သူ၏စကားများပြီးဆုံးသောအခါ အစောင့်များကတိတ်ဆိတ်စွာ ထွက်ခွာသွားကြပေသည်။


အခန်းတွင်းလည်း ငြိမ်သက်ခြင်းအဖြစ်သို့ရောက်ရှိသွားပြီး လူတစ်ဦး၏တိုးလျလျအသက်ရှုသံတစ်သံကိုသာကြားနိုင်သည်အထိတိတ်ဆိတ်လျက်ရှိတော့သည်။


..


နောက်တစ်နေ့မနက်အာရုဏ်တက်ချိန်..


အေးချမ်းသောညတာကိုကျော်လွန်ပြီးနောက် ယခုမူ တိတ်ဆိတ်ငြိမ်သက်နေသောအစားကြူးနတ်ဘုရားမြို့တော်သည် နွေးထွေးသောနေရောင်ခြည်ဖြင့်ဖုံးလွှမ်းခံထားရလေ၏။


မြို့တစ်ခုလုံးက ပြန်လည်ရှင်သန်လှုပ်ရှားလာသည်။ လူများကဥဒဟိုလှုပ်ရှားသွားလာနေကြပြီး ကုန်သည်များသည်လည်းသူတို့၏စီးပွားရေးလုပ်ငန်းများကိုစတင်ဖို့ပြင်ဆင်ရင်းအလုပ်များနေကြသည်။မြို့၏အဝင်ဂိတ်တွင်လည်း များပြားသောလူအုပ်ပမာဏကြီးကဝင်လာလိုက်ထွက်သွားကြလိုက်နှင့်ရှိနေလေသည်။


ကျွီခနဲမြည်သံနှင့်အတူ စားသောက်ဆိုင်၏ရှေ့တံခါးကဖွင့်လှစ်ခံလိုက်ရသည်။


ပုဖန်ကပျင်းရိစွာသန်းဝေရင်းတံခါးအပြင်သို့ခြေလှမ်းလှမ်းလိုက်သည်။နွေးထွေးသည့်နေရောင်ခြည်ကသူ့ပေါ်ဖြာကျလာပြီး သက်တောင့်သက်တာရှိသောခံစားချက်မျိုးပေးစွမ်းနေ၏  


ပုဖန်ကသူ့လည်ပင်းကိုအနည်းငယ်အကြောဆန့်လိုက်ပြီးစားသောက်ဆိုင်မှထွက်ခွာလာခဲ့သည်။


နယ်သာရီ၏သွယ်လျသောပုံရိပ်သည်လည်း ဆိုင်မှထွက်လာပြီး ပုဖန်နံဘေးတွင်မတ်တပ်ရပ်ဖို့ရပ်တန့်သွားသည်။ သူမ၏ဖြောင့်စင်းရှည်လျားသောဆံနွယ်ရှည်များက ရေတံခွန်ငယ်တစ်ခုသဖွယ်ကျောပေါ်အိစင်းကျနေပြီး သူမ၏လှပသောမျက်နှာလေးကတော့ထုံးစံအတိုင်း အမူအယာမဲ့လျက်ရှိပေသည်။


ခပ်လှမ်းလှမ်းတွင်တော့ ပုံရိပ်အချို့ကတဖြည်းဖြည်းချဉ်းကပ်လာနေကြသည်။ ရှောင်ယကပန်းပွင့်လေး၏လက်ကိုဆွဲကာ ရှေ့သို့ပြေးလာ၏။


ရှောင်ယ၏မျက်ဝန်းများသည် ငိုကြွေးထားခြင်းကြောင့်ဖောင်းအစ်နေပြီး သူမကနွမ်းလျနေပုံရသည်။ မနေ့ညကသူမအတွက်အိပ်ရေးပျက်သည့်ညတစ်ညဖြစ်ခဲ့သည်ပင်။


ပုဖန်ကိုတွေ့လိုက်ရတော့ သူမအနည်းငယ်အားတက်သွားသည်။


.." အစ်ကိုကြီး"..


ရှောင်ယကပန်းပွင့်လေး၏လက်ကို ပိုမိုတင်းကြပ်စွာဆွဲယူလိုက်ရင်းသူ့ထံသို့ပြေးလာသည်။ပန်းပွင့်လေးကမူ သူမ၏ပုံမှန်အတိုင်းအေးစက်သောမျက်နှာကိုသာဆင်မြန်းထားသည်။


ပန်းပွင့်လေးကပုဖန်၏စားသောက်ဆိုင်အတွင်းရောက်သည်နှင့် သူမ၏မျက်လုံးများကဝေ့ဝဲသွားကာ ချက်ချင်းပဲ သိမြင်လမ်းကြောင်းသစ်သီးပင်အောက်တွင်တင်ပလ္လင်ခွေထိုင်နေသည့် ခွေးဘုရင်ထံသို့သွားရန်ခြေလှမ်းပြင်လိုက်လေသည်။ သို့သော်ငြားသူမခြေတစ်လှမ်းပင်မလှမ်းရသေးခင်မှာပဲ ပုဖန်ကသူမခေါင်းကိုဆုပ်ကိုင်ကာနောက်သို့ဆွဲခေါ်လိုက်၏။


.."သွားစို့ စားဖိုမှူးစိန်ခေါ်ပွဲကစတော့မယ်"..


"စားဖိုမှူးစိန်ခေါ်ပွဲက ဘိုးဘိုးချူကိုကယ်နိုင်လိမ့်မယ်မဟုတ်လားဟင်"..    


ရှောင်ယကသူမခေါင်းလေးကိုမော့ပြီး သိလိုစိတ်ပြင်းပြစွာမေးမြန်းလာသည်။


.."သေချာပေါက်ပေါ့"..


 ပြောပြီးပုဖန်ကကလေးမလေး၏ခေါင်းကိုပွတ်သပ်လိုက်သည်။ ပုဖန်ကယုံကြည်ချက်ရှိနေပြီးသူ့လေသံကပုံမှန်အတိုင်းအတက်အကျမရှိပေ။


နယ်သာရီကသူတို့နောက်မှ မည်သည့်စကားမျှမဆိုဘဲလိုက်ပါလာချေသည်။


အဆုံးတွင်တော့ဤလူအုပ်သည် အဝေးတစ်နေရာသို့ဦးတည်ထွက်ခွာလာကြလေသည်။


ရုတ်တရက် လမ်းဘေးမှအနက်ရောင်ခြုံထည်ဖြင့်ပုံရိပ်တစ်ခုပေါ်ထွက်လာသည်။ ထိုသူကပုဖန်ထံချဉ်းကပ်လာပြီး ခေါင်းစွပ်ကိုချွတ်လိုက်ကာ ချောမောခံ့ညားသောမျက်နှာကိုဖော်ပြလာသည်။ သူ၏နဖူးထက်တွင်ဆံပင်များဝဲကျနေကာ မျက်လုံးရှေ့ထိဖုံးအုပ်ထား၏။


.."ပုဖန်ကောင်စုတ်လေး ငါတို့ပြောထားတဲ့အစပ်ချောင်းဘယ်မှာလဲ".. 


 ငရဲဘုရင်အာဟကစိတ်လှုပ်ရှားနေပုံရသည့်မျက်လုံးများဖြင့်မေးမြန်းလိုက်သည်။


သူကနောက်ဆုံး၌ အနှီတွယ်ကပ်လွန်းသောမှင်စာလေးကိုခွာချနိုင်ခဲ့ပြီဖြစ်ပေသည်။


.."အာ.. အစပ်ချောင်းအဲဒါက.. ငါအခုနောက်ပိုင်း အချက်အပြုတ်စွမ်းရည်တွေလေ့ကျင့်ရင်းအလုပ်များနေလို့ ဘာအစပ်ချောင်းမှမလုပ်နိုင်သေးဘူး နည်းနည်းလောက်ထပ်စောင့်ပေးလို့ရမလား"..

ပုဖန်ကမေးလိုက်သည်။


ငရဲဘုရင်၏နှာခေါင်းများကရှုံ့ချည်ပွချည်ဖြစ်သွားကာ သူကပုဖန်ကိုစိုက်ကြည့်လိုက်သည်။


မင်းကသရဲတစ်ကောင်ကိုအရူးလုပ်ဖို့ကြိုးစားနေတာပဲ၊ နေ့တိုင်းမင်းလုပ်တာကဆိုင်ရှေ့မှာထိုင်ပြီးနေပူဆာလှုံနေတာလေ .. အဲဒါတောင်မှမင်းကဒီအရှင်ကိုလာပြီး မင်းအလုပ်များနေပါတယ်လို့ပြောရဲသေးတယ်..


စိတ်အတွင်းတွင်မူ ငရဲဘုရင်တစ်ယောက်အလွန်စိတ်ဆိုးဒေါသထွက်နေပေမယ့် သူကအပြုံးမျက်နှာကိုသာဆက်လက်ထိန်းသိမ်းထားခဲ့သည်။


.."ကောင်းပြီ အချိန်ယူပါ ဒီဘုရင်မင်းကိုစောင့်ပါ့မယ်"..


ပုဖန်း၏နှုတ်ခမ်းထောင့်စွန်းကအထက်သို့ကွေးတက်သွားပြီး သူကငရဲဘုရင်အာဟသူ့အား ဆွဲထိုးပစ်ချင်လာစေသည့်မျက်နှာအမူအယာကိုပြုလုပ်နေလေသည်။


ထိုအဖွဲ့သည် ရှေ့သို့ခရီးဆက်လိုက်ကြပြီးရှည်လျားသောလမ်း၏ အခြားတစ်ဖက်ဆုံးဆီသို့ဦးတည်သွားခဲ့ကြသည်။


လျိုကျားလီ၏စားသောက်ဆိုင်က သိပ်မဝေးချေ။၄င်းကရှည်လျားသောလမ်း၏ထိပ်ဆုံးတွင်ရှိလေသည်။ သူတို့ရောက်ရှိသွားချိန်တွင် လျိုကျားလီသည်ဆိုင်ရှေ့၌မတ်တပ်ရပ်နေ၏။


သူ့စားသောက်ဆိုင်ကို 'ကျောက်စိမ်းအကြေးခွံ' စားသောက်ဆိုင်ဟုခေါ်ပြီး သူ၏နာမည်ကျော် မီးဖိုချောင်သုံးဓားဖြစ်သောကျောက်စိမ်းအကြေးခွံဓားမှဆင်းသက်လာခြင်းဖြစ်ပေသည်။


စားသောက်ဆိုင်၏အကျယ်အဝန်းက မုချန်၏ဇာမဏီပွဲကြည့်စင်နှင့်ပင်နိုင်းယှဉ်၍ရနိုင်အောင်ကြီးမားလေသည်။ မည်သို့ပင်ဖြစ်စေသူကပထမတန်းစားဖိုမှူးတစ်ဦးဖြစ်သည်ဆိုတာကိုသံသယဝင်စရာမရှိပေ။


သူ့ထံတွင်အံ့သြစဖွယ်ကျော်ကြားမှုနှင့်ဂုဏ်သတင်းရှိတာကြောင့် သဘာဝကျစွာပင် သူ့လုပ်ငန်းလည်ပတ်မှုကမဆိုးပါချေ။


လျိုကျားလီက သန့်ရှင်းသောစားဖိုမှူးဝတ်လုံကိုဝတ်ဆင်ထားကာ ကျောက်စိမ်းအကြေးခွံစားသောက်ဆိုင်တံခါးကိုမှီရင်းရပ်နေလေသည်။ သူ၏ဆံပင်ရှည်များကိုသတ္တုကွင်းတစ်ခုဖြည့်ချည်နှောင်ထားပြီး လက်ထဲ၌ဟောင်းနွမ်းဆွေးမြေ့နေသောစာအုပ်တစ်အုပ်ကိုကိုင်ဆောင်ထား၏။


သူကစာမျက်နှာတွေကို လှန်လှောကာ ခေါင်းတညိတ်ညိတ်နှင့်ဖတ်ရှုနေလေသည်။သူက အလွန်အာရုံဝင်စားနေခဲ့တာကြောင့် ပုဖန်တို့အုပ်စုသူ့ဆီလာနေသည်ကိုပင် ဂရုမပြုမိခဲ့ချေ။


နောက်စာမျက်နှာတစ်ရွက်လှန်တော့မည့်အချိန်တွင်သူ့ရှေ့၌ လူတစ်ချို့ရပ်နေတာခံစားမိလိုက်လေ၏။သူ့ရဲ့ခေါင်းကိုမော့လိုက်ပြီးအဆုံးမှာသူတို့ကိုမြင်သွားခဲ့ချေသည်။


.." မင်းတို့ရောက်လာပြီပဲ"..


လျိုကျားလီ၏မျက်နှာကတည်ကြည်သွားပြီး မတ်မတ်ရပ်ကာပုဖန်ကိုကြည့်လိုက်ပေသည်။


ပုဖန်ရောက်ရှိလာခြင်းမှာ စားဖိုမှူးစိန်ခေါ်ပွဲစတင်တော့မည်ဟု ဆိုလိုခြင်းဖြစ်သည်။


ပုဖန်၏အဖွဲ့အပြင် အခြားလူများစွာသည်လည်း စားဖိုမှူးများ၏ စိန်ခေါ်ပွဲကိုကြည့်ရှုရန်ရောက်လာကြသည်။ လျိုကျားလီကတစ်ဖက်လှည့်လိုက်ကာ ပုဖန်နှင့်အခြားသူများအား ကျောက်စိမ်းအကြေးခွံစားသောက်ဆိုင်အတွင်းသို့ဦးစီးခေါ်ဆောင်သွားချေသည်။


ထိုစဉ်တွင် အစောင့်များကစားသုံးသူများအား စားသောက်ဆိုင်ပထမထပ်တွင်စောင့်ဆိုင်းရန်လမ်းညွှန်ပေးနေကြသည်။ဇာမဏီပွဲကြည့်စင်ကဲ့သို့ပင် ကျောက်စိမ်းအကြေးခွံစားသောက်ဆိုင်သည်လည်း ပရိတ်သတ်များထံထုတ်လွှင့်ပြသနိုင်ဖို့ ပုံရိပ်လွှဲပြောင်းအစီအရင်များထားရှိလေသည်။


ယနေ့အတွက်ခေါင်းစဉ်က ဆေးဖက်ဝင်ဟင်းလျာဖြစ်သည်။


၄င်းကလူပေါင်းများစွာကိုစိတ်လှုပ်ရှားစေခဲ့သည်။ဆေးဖက်ဝင်ဟင်းလျာများသည် အလွန်အဖိုးတန်ပြီးဈေးကြီးပေသည်။ဤဟင်းပွဲများပြင်ဆင်ရာတွင်လိုအပ်သည့်ပါဝင်ပစ္စည်းများကိုထည့်သွင်းစဉ်းစားရသဖြင့် စားဖိုမှူးများကဆေးဖက်ဝင်ဟင်းလျာများကိုပုံမှန်အားဖြင့်ချက်ပြုတ်လေ့မရှိကြချေ။


ဒဏ္ဍာရီအဆိုများအရ စစ်မှန်သောအထွတ်အထိပ်ဆေးဖက်ဝင်ဟင်းလျာသည် အရိုးစုပေါ်၌ပင်အသားစိုင်များပြန်လည်ဖွံ့ဖြိုးအောင်လုပ်ဆောင်နိုင်သည်ဟူ၏။


မှန်ပေသည် လက်တွေ့ဆန်စွာဆိုရလျှင်တော့ ၄င်းကယုံတမ်းစကားများသာဖြစ်သည်။

အဆုံးတွင်ဤနှစ်ပေါင်းများစွာအတွင်းတောင်ကြားတစ်ခုလုံးတွင်ဆေးဖက်ဝင်ဟင်းလျာများကို လေ့လာသည့် စားဖိုမှူးအရေအတွက်မှာအလွန်ရှားပါးခဲ့သည်။ထို့အတူဆေးဖက်ဝင်ဟင်းလျာများအကြောင်းမှတ်တမ်းတင်ထားသည့်စာအုပ်များနှင့်မှတ်တမ်းမှတ်ရာများမှာလည်းအလွန်ရှားပါးသည်ဖြစ်၏။


လက်ရှိ၌ လျိုကျားလီသည်ဆေးဖက်ဝင်ဟင်းလျာကိုချက်ပြုတ်ရန်လေ့လာခဲ့သည့် အစားကြူးတောင်ကြားမှပထမဆုံးစားဖိုမှူးဖြစ်လေသည်။


ပုဖန်ကဆေးဖက်ဝင်ဟင်းလျာနှင့်ရင်းနှီးကျွမ်းဝင်မှုရှိပေသည်။ပိုပြီးမှန်မှန်ကန်ကန်ပြောရမည်ဆိုပါက သူကိုယ်တိုင်ကဆေးဖက်ဝင်ဟင်းလျာနှင့်စတင်ချက်ပြုတ်ခဲ့တာဖြစ်သည်ပေ။


သူ့ထံတွင်၄င်းနှင့်ပတ်သတ်၍ ပြိုင်ဘက်ကင်းနားလည်သဘောပေါက်နိုင်စွမ်းနှင့်ခွဲခြားစိတ်ဖြာနိုင်စွမ်းတို့ရှိသည်။ သူ၏စိတ်စွမ်းအင်နှင့်ဆိုလျှင်တော့ ဆေးဖက်ဝင်ဟင်းလျာကိုချက်ပြုတ်ရသည်မှာလည်းထူးထူးခြားခြားကွဲပြားခြားနားနေသလိုမခံစားရပါချေ။


သူတို့အလွန်ကျယ်ဝန်းသော ဒုတိယထပ်သို့ ရောက်ရှိလာကြသည်။လျိုကျားလီက ဤပြိုင်ပွဲအတွက်သိသိသာသာကောင်းမွန်စွာပြင်ဆင်ထားခဲ့သည်ပင်။


.. "နောက်ဆုံးပွဲစဉ်မှာ မင်းကငါ့ပြိုင်ဘက်ဖြစ်လာမယ်လို့မျှော်လင့်မထားခဲ့ဘူး ".. 


လျိုကျားလီကထိုစကားကိုပုဖန်းအားကြည့်၍ပြောလေသည်။


.."ပြိုင်ပွဲအစထဲကငါမင်းကိုစောင့်ကြည့်ပြီးလေ့လာနေခဲ့တာ ဘာပဲဖြစ်ဖြစ်မင်းကအံ့အားသင့်စရာတွေဖန်တီးပေးနိုင်တဲ့လူတစ်ယောက်ပဲ ပွဲစဉ်တိုင်းမှာမင်းက လူတိုင်းမျှော်လင့်ထားတာထက်သာလွန်တဲ့ဟင်းပွဲတွေကိုချက်ပြုတ်ခဲ့တယ် ဒီတော့... ငါမင်းကိုစိန်ခေါ်ဖို့စိတ်လှုပ်ရှားနေပြီ"..


လျိုကျားလီကမီးဖိုဆီသို့ ဦးစွာရောက်ရှိလာသည်။သူကသူ့လက်နှစ်ဖက်ကိုကောင်တာပေါ်တင်ပြီး ပုဖန်းထံပြုံးပြနေခဲ့သည်။


ထိုအချိန်တွင်ပုဖန်က တည်ငြိမ်သောမျက်ဝန်းတို့ဖြင့် ကျောက်စိမ်းအကြေးခွံစားသောက်ဆိုင်၏ဒုတိယထပ်တစ်ခုလုံးကိုအကဲဖြတ်ကြည့်ရှုလိုက်သည်။  


ပြင်းထန်သောဆေးရနံ့ကဒုတိယထပ်တစ်ခုလုံးတွင်စိမ့်ဝင်ပျံ့နှက်လျက်ရှိသည်။ဤအလွှာတွင် အသုံးပြုရမည့်ဆေးဖက်ဝင်ပစ္စည်းများစွာကိုသိုမှီးထားသည်မှာသိသာပါ၏။


.." ဒီဆေးဖက်ဝင်ဟင်းလျာပြိုင်ပွဲက ဒိုင်တွေအပေါ်မမူတည်ဘူး ဒီလိုပြိုင်ပွဲမျိုးမှာ စံသတ်မှတ်ချက်ကဟင်းပွဲရဲ့ အရသာမဟုတ်ဘဲ ဟင်းပွဲရဲ့အကျိုးသက်ရောက်မှုပဲ စားဖိုမှူးက ပါဝင်ပစ္စည်းတွေရဲ့ဆေးဖက်ဝင်အာနိသင်ကို ဘယ်လောက်ပမာဏအမြင့်ဆုံးထိမြှင့်တင်ပေးနိုင်မလဲဆိုတာအဓိကအချက်ပဲ".. လျိုကျားလီကဆိုသည်။


ထို့နောက်သူ၏လက်ကိုမြှောက်ကာလက်ခုပ်တီးလိုက်ပြီး လက်ခုပ်သံက ဒုတိယထပ်တလျှောက်ပဲ့တင်ထပ်သွားသည်။


ပုံရိပ်လွှဲပြောင်းအစီအရင်ပေါ်ရှိပုံရိပ်ကိုကြည့်ရင်း ပရိတ်သတ်ကအသက်အောင့်လိုက်မိကြသည်။


ဘုန်း .. ဘုန်း..

မိုးပေါ်မှသံလှောင်အိမ်နှစ်ခုပြုတ်ကျလာပြီး ဒုတိယထပ်ကြမ်းပြင်တစ်ခုလုံးကိုတုန်ခါသွားစေသည်။ လျိုကျားလီက သူ့ရဲ့လက်နှက်ဖက်ကိုနောက်ကျောဘက်တွင်ချိတ်ကိုင်ထားရင်းလှောင်အိမ်ရှိရာထံလျှောက်လှမ်းသွားလေသည်။


ထို့နောက်သူသည် ထိုလှောင်အိမ်နှစ်ခုအနက်တစ်ခုကိုပုတ်လိုက်၏။


တောက်ပသော ရောင်ခြည်များက ချက်ချင်းထွက်ပေါ်လာပြီး လှောင်အိမ်အတွင်းရှိပုံရိပ်များကိုတဖြည်းဖြည်းပိုမိုရှင်းလင်းစွာမြင်လာရသည်။


လှောင်အိမ်တစ်ခုစီတွင် ဒဏ်ရာရနေသောသားရဲတစ်ကောင်စီရှိနေ၏။၄င်းတို့သည် ကျောပေါ်တွင် တောင်ငယ်လေးတစ်ခုရှိသောဝက်နှင့်တူပေသည်။


.."ဒါတွေက ဘို့တလုံးဝက်တွေပဲ တန်ဖိုးရှိတဲ့ဝိဉာဉ်သားရဲအမျိုးအစားတစ်ခုပေါ့ သူတို့ကအခုသေခါနီးနေပြီ ငါတို့နှစ်ယောက်မှာဘယ်သူကဘို့တလုံးဝက်တွေကိုပိုပြီးမြန်မြန်ကယ်နိုင်မလဲပြိုင်ကြမယ် မင်းဘယ်လိုသဘောရလဲ".. 

ပုဖန်ကိုကြည့်ရင်းပြောနေစဉ်လျိုကျားလီ၏မျက်လုံးများကတောက်ပနေ၏။


လျိုကျားလီသည်နောက်ဆုံးတွင်ပုဖန်နှင့်ယှဉ်ပြိုင်ရန်အခွင့်အရေးရရှိခဲ့သည့်အတွက်စိတ်လှုပ်ရှားပျော်ရွှင်နေခဲ့တာဖြစ်သည်။ ဤပြိုင်ပွဲအတွက်သူ့စိတ်သူတည်ငြိမ်အောင်ကြိုးစားကာ ရက်အနည်းငယ်ခန့်အခန်းပိတ်လေ့ကျင့်ခဲ့လေသည်။


ယနေ့ သူ ပုဖန်အားချွင်းချက်မရှိအနိုင်ယူပစ်ရန်ဆန္ဒရှိပေသည်။


လူပေါင်းများစွာကိုအတောမသတ်နိုင်အောင်အနိုင်ယူခဲ့သူတစ်ဦးအားဖြိုလှဲပစ်ရန်ရည်ရွယ်ချက်မျိုးသည် လူတစ်ယောက်၏သွေးများကိုပွက်ပွက်ဆူအောင်စိတ်လှုပ်ရှားစေသည်။


အမှန်တကယ်ကိုစိတ်လှုပ်ရှားစေပါသည်။


ပုဖန်ကဝက်နှစ်ကောင်ကိုကြည့်လိုက်ကာ သူ့ပါးစပ်တွန့်ကွေးသွားသည်။ သူ့အကြည့်ကိုလျိုကျားလီထံပို့လိုက်ကာပြောသည်။


.."စိတ်အနှောင့်အယှက်ဖြစ်ဖို့ကောင်းတယ် ဝက်တွေကိုကယ်ရတာဘာအဓိပ္ပာယ်ရှိမှာလဲ ငါတို့ဒီနေ့သူ့ကိုကယ်မှာ.."..


ပုဖန်၏စကားလုံးများက လျိုကျားလီကိုဆွံ့အသွားစေသည်။ တစ်ဖက်လူကသူ့အကြံ့ပြုချက်ကိုငြင်းဆိုလိမ့်မည်ဟုမမျှော်လင့်ထားခဲ့တာကြောင့်ဖြစ်၏။


.." မင်းဘာပြောချင်တာလဲ ဘယ်သူ့ကိုကယ်မှာလဲ"..  


လျိုကျားလီကအသက်ပြင်းပြင်းရှိုက်လှိုက်ရင်းပုဖန်ကိုမေးလေသည်။


ပုဖန်၏နှုတ်ခမ်းထောင့်စွန်းများကတစ်ကြိမ်မြင့်တက်သွားသည်။သူ့လက်ကိုမြှောက်ကာ ပန်းပွင့်လေး၏ခေါင်းကိုပုတ်လိုက်လေသည်။ မိန်းမငယ်ကလေး၏သုံးပန်လှမြွေမျက်ဝန်းများကလှုပ်ရှားသွားချေသည်။


သူမကပုဖန်တစ်တစ်ချက်ကြည့်လိုက်ပြီးနောက် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပေသည်။သူမ၏ခန္ဓာကိုယ်သည် ကြီးမားသောစပါးအုံးမြွေကြီးတစ်ကောင်အဖြစ်အသွင်ပြောင်းလဲသွား၏။


စပါးအုံးမြွေကြီးကပါးစပ်ဟလိုက်ပြီး အရည်ပြစ်ပြစ်များကိုအန်ထုတ်လိုက်ရာ ခန္ဓာကိုယ်အပြည့်အပေါ်က်များဖုံးလွှမ်းနေသည့်ချူချန်းရှန်၏ခန္ဓာကိုယ်ထွက်ကျလာချေသည်။


လျိုကျားလီကနေရာ၌တောင့်တင်းကာဆွံ့အနေရပေသည်။


ဒါက..ဘာဖြစ်သွားတာလဲ..


ပုဖန်ကဒီပြိုင်ပွဲအတွက် အကြီးအကဲကိုသေလုမျောပါးဖြစ်တဲ့ထိရိုက်နှက်လိုက်တာလား.. မဟုတ် မဖြစ်နိုင်ပါ..


  လျိုကျားလီသာမကချေ ပရိတ်သတ်သည်လည်းပဲ ချူချန်းရှန်၏သေလုမြောပါးခန္ဓာကိုယ်ကိုမြင်လိုက်ရချိန်တွင်ထိတ်လန့်မှင်သက်သွားကြရ၏။


စပါးအုံးမြွေကြီး အန်ချလိုက်တဲ့အဲဒီလူက.. တကယ် အဘိုးကြီးချူလား..


လူတိုင်းထံမှအာမေဋိတ်သံများထွက်ပေါ်လာသည်။ 


အကြီးအကဲကပြင်းထန်တဲ့ဒဏ်ရာတွေကြောင့်သေလုမျောပါးဖြစ်နေတယ်..

နောက်စရာမဟုတ်ဘူးလေ..


မနေ့ညကအစားကြူးနန်းတော်တွင်တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။ သို့သော် အကြီးအကဲကရန်သူကိုနှိမ်နင်းနိုင်ခဲ့သည်ဟုသာအားလုံးကတွေးထင်ကြသည်။ ရလဒ်အနေဖြင့်၎င်းတို့၏အကြီးအကဲကသေလုမျောပါးဖြစ်နေလိမ့်မည်လို့မထင်ထားခဲ့ကြပေ။


ထိုလူကြီး၏သနားဖွယ်ရာပုံရိပ်ကိုကြည့်နေရင်း လူများ၏နှုတ်ခမ်းများကတုန်ယင်နေကြလေသည်။


ပထမထပ်မှရန်ချန်းကလက်ပိုက်ကာလှောင်ပြုံးတစ်ခုပြုံးလိုက်လေသည်။  


ချူချန်းရှန်ကမသေသေးဘူးပဲ.. 

တကယ်ကိုကံကောင်းတဲ့လူပါလား..


သို့သော်သူ့၏အကင်းပါးသောမျက်လုံးများက အကြည့်တစ်ချက်နှင့်ပင် ချူချန်းရှန်တစ်ယောက်မည်သို့သောအခြေအနေတွင်ရောက်ရှိနေသည်ကိုသိရှိပေသည်။


သူ၏အသက်စွမ်းအင်အားလုံးကုန်ခမ်းသွားခဲ့ချေပြီ။သူ့ထံတွင်ဆုပ်ကိုင်ထားစရာဟူ၍ဆန္ဒတစ်ခုသာကျန်ရှိတော့၏။ထိုကောက်ရိုးမျှင်လေးလျော့ပါးသွားသည်နှင့် သူသည်ချက်ချင်းသေဆုံးသွားမည်ပင်။


သူ၏ယခုအခြေအနေအရ နတ်ဘုရားအဆင့်သက်စောင့်ဆေးလုံးဖြင့်ပင် ပြန်လည်ကုစားလိုရနိုင်တော့မည်မဟုတ်ချေ။


.." ဒီစားဖိုမှူးစိန်ခေါ်ပွဲက တကယ်စိတ်ဝင်စားဖို့ကောင်းပါရဲ့..".. ရန်ချန်းကအေးစက်စွာပြုံးလိုက်၏။


လျိုကျားလီတစ်ယောက်လေအေးများရှုရှိုက်လိုက်မိသည်။


သူတို့ကအကြီးအကဲကြီးကိုကယ်ဖို့ ချက်ပြုတ်ရမယ်တဲ့လား..


.." မဖြစ်နိုင်ဘူး အကြီးအကဲမှာအသက်စွမ်းအင်တစ်စက်မှမရှိတော့ဘူး သူကသေလူတစ်ယောက်လိုဖြစ်နေပြီ ငါတို့ကဘယ်လိုလုပ်သူ့ကိုကယ်နိုင်မှာတဲ့လဲ"..


ပုဖန်ကစနစ်၏သိုလှောင်နယ်မြေထဲမှကတ္တီပါကြိုးတစ်ချောင်းထုတ်ယူပြီး သူ၏ဆံပင်များကိုစည်းနှောင်လိုက်သည်။သူကလျိုကျားလီအားကြည့်၍ဆိုလိုက်သည်။


.." ငါသူ့ကိုကယ်နိုင်တယ်လို့ပြောရင် ငါကယ်နိုင်မှာမို့လို့ပဲ"..


လျိုကျားလီ၏မျက်ဝန်းများအတွင်းမီးရှုးတိုင်တစ်ခုကိုကြည့်ရှုနေရသလိုအလင်းရောင်တို့တောက်ပလာသည်။


.. "ကောင်းပြီ မင်းသာအကြီးအကဲရဲ့အသက်ကိုကယ်နိုင်ခဲ့ရင် ငါလျိုကျားလီ အရှုံးကိုလက်ခံမယ်"..