အပိုင်း ၇၉၃
Viewers 53k

အပိုင်း ၇၉၃ 

 လောဘအိုးယန်ချန်း


ချူချန်းရှန်၏ခန္ဓာကိုယ်၌ ယခုထိတိုင်သွေးများယိုစိမ့်နေသေးသောအပေါက်များစွာထိုးဖောက်ခံထားရသည်။ သူ့နှလုံးသားတည့်တည့်၌ဧရာမအပေါက်ကြီးရှိနေပြီး သူ့အတွင်းအင်္ဂါများအားလုံးသည်ကြေမွပျက်စီးနေ၏။


တစ်ချိန်ကခန္ဓာကိုယ်အပြည့်ရှိခဲ့သော အသက်စွမ်းအင်များလည်းလုံးဝဥဿုံကုန်ခမ်းသွားချေပြီး သေခြင်းတရား၏အရိပ်လက္ခဏာများသာကျန်ရှိတော့သည်ပင်။


ဤသို့သောမြင်ကွင်းကိုမျက်မြင်ကြုံတွေ့ရသူတိုင်းသည် အလိုအလျောက်တုန်ယင်သွားကြရ၏။


ဤကိစ္စသည်ဆေးဖက်ဝင်ဟင်းလျာနဲ့ဖြေရှင်းနိုင်မည့်အရာမဟုတ်ဟု လျိုကျားလီတွေးလိုက်မိသည်။သူတို့၏လက်ထဲတွင်ကောင်းကင်ဘုံဆေးဝါးမျိုးရှိနေလျှင်တောင်မှချူချန်းရှန်ကိုကယ်တင်ဖို့ဆိုသည်ကအလွန့်အလွန်ခက်ခဲနေဦးမည်သာ..


ထိုအချိန်တွင် ချူချန်းရှန်ကိုကယ်တင်ရန်ခက်ခဲမှုအဆင့်သည် လူသေတစ်ယောက်ကိုပြန်အသက်သွင်းရမည်လောက်နီးနီးကိုမြင့်မားနေပေ၏။


ဤသည်က ဒဏ်ရာအနာတရများကိုကုသရမည့်ကိစ္စမဟုတ်..


ဤသည်က အသက်တစ်ချောင်းကိုသေမင်းထံမှပြန်လည်လုယူရမည့်တိုက်ပွဲတစ်ခုသာဖြစ်ချေသည်။


လျိုကျားလီ၏မျက်နှာကရှုံမဲ့နေကာ သူကတွန့်ဆုတ်နေမိလေသည်။ ပုဖန်တစ်ယောက်သူ့ကိုဤမျှဖြေရှင်းရန်ခက်ခဲသည့်ပုစ္ဆာတစ်ပုဒ် ပေးလာလိမ့်မည်ဟုဘယ်တုန်းကမျှမျှော်လင့်မထားခဲ့မိပါ။

 


အနှီပုစ္ဆာသည် သူ့အားမျှော်လင့်ချက်မဲ့စေသည်။ သူ့ထံတွင် ချူချန်းရှန်ကိုကယ်တင်နိုင်ရန်လုံလောက်သည့် အသိပညာရောအရည်အချင်းပါမရှိချေ။


သူ့ရှေ့တည့်တည့်၌နတ်ဘုရားအဆင့်ဆေးဝါးမျိုးရှိနေလျှင်ပင် ထိုဆေးဝါးကိုကောင်းစွာအသုံးချနိုင်မည့်အရည်အချင်းမျိုးသူ့ထံမရှိပါပေ။


ပုံရိပ်လွှဲပြောင်းအစီအရင်မှတစ်ဆင့် လူတိုင်း လျိုကျားလီ၏ညိုးနွမ်းကာအကူအညီမဲ့နေသောမျက်နှာကိုမြင်နေရသည်။ ချက်ချင်းဆိုသလိုသူတို့အားလုံးလည်းဝမ်းနည်းပူဆွေးမှုကိုခံစားလိုက်ရ၏။ အကြီးအကဲချူချန်းရှန်တစ်ယောက်ဒီလိုအခက်အခဲမျိုးကိုရင်ဆိုင်ရလိမ့်မည်ဟု မည်သူမျှမမျှော်လင့်ထားခဲ့ဘူးကြပေ။


ဘယ်လိုလူယုတ်မာကများ အကြီးအကဲကြီးအပေါ်ဒီလိုယုတ်မာတဲ့လုပ်ရပ်မျိုးလုပ်ခဲ့တာလဲ..


သူ့မျက်စိရှေ့မှ အဖြစ်အပျက်ကပို၍စိတ်ဝင်စားဖွယ်ကောင်းလာသည့်အတွက် ယန်ချန်း၏နှုတ်ခမ်းများကကွေးညွတ်သွားသည်။


ယန်ချန်းနံဘေးတွင်ရပ်နေသည့်အစောင့်ကရှေ့တိုးလာကာ တီးတိုးဆိုသည်။  


..." ခေါင်းဆောင်ရန် ကျွန်တော့်ကိုချူချန်းရှန်ရဲ့လက်ကျန်အသက်စွမ်းအင်တွေကိုဖျက်ဆီးပေးစေချင်ပါသလား"..


ရန်ချန်းကသူ၏ပြောင်စင်းသောဆံနွယ်များကို သေသပ်အောင်ပြုပြင်လိုက်သည်။ သူကအစောင့်ကိုကြည့်လိုက်ပြီး..


.." လူထောင်ပေါင်းများစွာရဲ့စောင့်ကြည့်နေတဲ့မျက်လုံးတွေအောက်မှာ မင်းဒီလောက်အတင့်ရဲတယ်လား.. လုပ်ရဲတယ်ပဲထား မင်းသူ့ရဲ့အသက်စွမ်းအင်ကိုဖျက်ဆီးပစ်နိုင်တာသေချာလို့လား"..  


အစောင့်ကတိတ်ဆိတ်သွားပြီး သူ့မျက်နှာထက်တွင် ချီတုံချတုံဖြစ်နေသည့်အမူအယာကမြင်သာနေလေသည်။


.." ချူချန်းရှန်ကိုမြိုချထားခဲ့တဲ့ မြွေကိုမင်းမြင်လား မြင်ကွင်းကသိပ်မရှင်းပေမဲ့ အဲဒီမြွေသာမရှိရင် ချူချန်းရှန်သေတာကြာပြီ တကယ်လို့အဲဒီမြွေသာမင်းကိုသတ်ချင်ရင် မင်းမျက်တောင်ခတ်ချိန်တောင်ရှိလိုက်မှာမဟုတ်ဘူး"..


အစောင့်ကသူ့ရဲ့စကားတွေကြောင့် ကြောက်လန့်သွားသည်။ သူကပန်းပွင့်လေးကိုလှမ်းကြည့်လိုက်ပြီး စကားမပြောခင်တွင်တံတွေးမျိုချလိုက်ရ၏။


.."ခေါင်း.. ခေါင်းဆောင် အဲဒါက မြင့်မြတ်သူတော်စင်ရဲ့ကိုယ်ပွားကိုသတ်လိုက်တဲ့ ငရဲကမ္ဘာသတ္တဝါကြီးလား "..


.." ပါးစပ်ပိတ်စမ်း"..

ယန်ချန်းက သူ့ပါးစပ်ကိုတွန့်ကာခေါင်းခါလိုက်သည်။


.. " ငရဲကမ္ဘာသတ္တဝါတွေမှာ ငရဲစွမ်းအင်ရှိတယ် သူတို့ရဲ့ခန္ဓာကိုယ်တစ်ဝိုက်မှာဝန်းရံထားတဲ့အမှောင်စွမ်းအင်တွေ.. အဲဒါမြေအကြီးကြီးမဟုတ်ဘူး မြွေအကြီးကြီးရဲ့ဘေးကအမျိုးသမီးပဲ "..


အစောင့်ကတစ်ချက်ချောင်းကြည့်လိုက်ကာ မည်သည့်စကားမျှမဆိုတော့ဘဲနောက်ပြန်ဆုတ်သွားလေသည်။ 


ထို့နောက်ရန်ချန်းလည်း ပုံရိပ်လွှဲပြောင်းအစီအစဉ်အပေါ်အာရုံစိုက်လိုက်လေ၏။


..


.." ငါသာသူ့ကိုကယ်နိုင်ရင် မင်းကအရှုံးကိုလက်ခံပြီး ငါကအလိုလိုစားဖိုမှူးစိန်ခေါ်ပွဲရဲ့အနိုင်ရရှိသူဖြစ်သွားမှာလား "   

ပုဖန်ကမျက်ခုံးပင့်ကာ လျိုကျားလီကိုမေးလိုက်၏။


လျိုကျားလီကတည်ကြည်လေးနက်သောအမူအယာဖြင့်ခေါင်းငြိတ်ပြလိုက်သည်။


.. " ငါက ဆေးဖက်ဝင်ဟင်းလျာချက်ပြုတ်နည်းကိုလေ့လာနေတဲ့သူဆိုပေမဲ့လည်း ငါကစားဖိုမှူးသက်သက်ပဲ သမားတော်တစ်ယောက်မဟုတ်လို့ သေလူကိုပြန်ခေါ်မပေးနိုင်ဘူး အကြီးအကဲချူကိုကုသပေးဖို့ဆိုတာငါ့အတွက်မဖြစ်နိုင်တဲ့တာဝန်ကြီးပဲ"..


လျိုကျားလီခေတ္တရပ်တန့်လိုက်ပြီး..


.." ငါမလုပ်နိုင်ဘူး ဒါပေမဲ့မင်းသာလုပ်နိုင်မယ်ဆိုရင်.. ငါရှုံးတယ်

 ငါ့အတွက်အရေးမကြီးတော့ပါဘူး....."..


.." ကောင်းပြီ သဘောတူတယ်" .. 

ပုဖန်ကလျိုကျားလီဘက်သို့လှည့်ကာခေါင်းငြိတ်ပြလိုက်သည်။


ခဏအကြာတွင်ပုဖန်သည်လျိုကျားလီကိုဆက်ဂရုစိုက်မနေတော့ပေ။ သူ၏ဖြူဖွေးသောလက်မောင်းများပေါ်လာသည်ထိသူဝတ်ဆင်ထားသောဟင်္သာပြဒါးရောင်ဝတ်ရုံ၏လက်ရှည်များကိုမတင်လိုက်သည်။


ထိုလက်မောင်းတစ်ဝိုက်တွင်အဖြူအမည်းပတ်တီးတစ်ခုစည်းနှောင်ထားပြီး ပတ်တီးစပေါ်၌ အနက်ရောင်နှင့်အဖြူရောင်ထောင်တျဲ့နှစ်ကောင်ရှိနေသည်။


ပုဖန်ကလက်ဟန်ချိပ်စည်းတစ်ချို့ပြုလုပ်လိုက်ခြင်းကြောင့် စိတ်စွမ်းအင်များကထိုပတ်တီးကိုဖုံးလွှမ်းကာစီးစင်းနေလေသည်။ စီးစင်းနေသောစွမ်းအင်များသည် အသက်မဲ့သောအထည်စကိုအသက်သွင်းပေးလိုက်သကဲ့သို့ လေထဲတွင်ပျံဝဲသွားစေသည်။


ဘုန်း ဘုန်း..


ပတ်တီးစသည် လေထုကိုကွဲအက်သွားစေလိုသည့်အလား ဝှေ့ယမ်းနေ၏။


ဝေါင်င်းး


အနက်ရောင်ထောင်တျဲ့နဲ့အဖြူရောင်ထောင်တျဲ့တို့၏ဝိဉာဉ်များကအသက်ဝင်လာပြီး ပြင်းပြကျယ်လောင်စွာဟိန်းဟောက်နေကြတော့၏။


ပုဖန်ကပတ်တီးစများချူချန်းရှန်၏ခန္ဓာကိုယ်အားရစ်ပတ်စေရန်စိတ်ဖြင့်စေစားလိုက်သည်။


ပတ်တီးစကတစ်စထက်တစ်စရှည်ထွက်လာသည်။ သိပ်မကြာခင်တွင်ပင်၄င်းကချူချန်းရှန်အားခေါင်းမှခြေဖျားအထိတိုင် မံမီတစ်ကောင်အလားလုံးလုံးလျားလျားဖုံးအုပ်ထားချေတော့သည်။


ပုဖန်၏လက်မောင်းပေါ်ကပတ်တီးကဖယ်ရှားခံလိုက်ရခြင်းကြောင့် ထိုလက်မောင်းနေရာရှိအဖြူနှင့်နက်တို့ရောစပ်နေသည့်အသားအရည်ကလှစ်ဟလာသည်။ ၎င်းတို့က အဖြူရောင်မျဉ်းကြောင်းနှင့်အနက်ရောင်မျဉ်းကြောင်းများဖြစ်ကြပြီး မျဉ်းနှစ်ကြောင်းသည်ပုဖန်၏လက်မောင်းတစ်လျှောက် နွယ်ငင်ယှက်လိမ်နေကြ၏။


ပုဖန်က ထိုအရာနှင့်နေသားကျနေပြီးသာဖြစ်ဟန်တူသည်။


သူ့လက်မောင်းကိုခါယမ်းလိုက်ရာ အစိမ်းရောင်အခိုးအငွေ့များကဝေ့ဝဲထွက်ပေါ်လာလေသည်။ထို့နောက်တွင်တော့မဟူရာလိပ်ခုံးဒယ်အိုးက မီးဖိုပေါ်သို့ရောက်ရှိနေတော့၏။


လူတိုင်းကပုဖန်အတွက်နေရာပေးရန်နောက်ဆုတ်သွားကြသည်။


ပုဖန်က မည်သို့သောနည်းလမ်းများကိုအသုံးပြုရင်း အကြီးအကဲကိုကုသမလဲဆိုတာကို လူအုပ်ကြီးကသိချင်စိတ်ပြင်းပြနေကြသည်။


 သေမင်းခံတွင်းဝရောက်နေတဲ့ လူတစ်ယောက်ရဲ့အသက်ကိုမည့်သို့များလုယူနိုင်မှာပါလိမ့်...


ဝိညာဉ်ဆေးဖက်ဝင်အပင်အပိုင်းအစများသည်ပုဖန်၏စနစ်သိုလှောင်အိတ်ထဲမှထွက်လာကာမီးဖိုအထက်တွင်ပျံဝဲနေကြသည်။ ထိုဝိညာဉ်ဆေးဖက်ဝင်အပင်များ ပေါ်လာသည်နှင့်တပြိုင်နက် ဆေး၏ရနံ့ကပတ်ဝန်းကျင်ကိုလွှမ်းခြုံသွားလေသည်။


လူပေါင်းများစွာက အသက်ပြင်းပြင်းရှုသွင်းလိုက်မိကြသည်။သူတို့ကဤရနံ့မှာ အံ့သြမိန်းမောသွားကြရတာကြောင့်ဖြစ်သည်။


.."စမ်းချောင်းဝါမြက် တစ်ပင်၊ ခိုကိုးရာမဲ့ပန်းပွင့်ချပ်သုံးချပ်၊ နောက်ပြီးခရမ်းခြယ်အသက်သွင်းမိုးမခ .. အဲဒါတွေအကုန်လုံးကအဲဒါတွေအကုန်လုံးက နတ်ဘုရားစိတ်ဝိဉာဉ်အဆင့်ဆေးဝါးတွေပဲ.. သေချာအသုံးမပြုနိုင်ရင် အရမ်းအစွမ်းထက်တဲ့အဆိပ်ပြင်းတွေဖြစ်လာလိမ့်မယ်"..


ဆေးဖက်ဝင်ဟင်းလျာဘာသာရပ်ဆိုင်ရာစာအုပ်တွေများစွာဖတ်ရှုထားတဲ့အတွက်ကြောင့် ဒီပညာရပ်နှင့်ပတ်သတ်၍လျိုကျားလီ၏ဗဟုသုတများကကျယ်ပြန့်သည်ဟုဆိုနိုင်သဖြင့် ဤဆေးဝါးများကိုကျွမ်းကျင်မှတ်မိနေပေသည်။


ဝိညာဉ်ဆေးပင်တစ်ခုစီတိုင်းတွင် ထူးကဲသောရနံ့များရှိပြီး အလွန်ခမ်းနားထည်ဝါသည်။ သို့ရာတွင်ဝိညာဉ်ဆေးဖက်ဝင်အပင်များဆိုသည်ကပိုမိုလှပလေ ၎င်း၏ဆေးဖက်ဝင်အာနိသင်သို့မဟုတ် အဆိပ်အာနိသင်များကပိုမို အားကောင်းလေဖြစ်သည်။


ဆေးဝါးဖြစ်လာခဲ့ပါစေ အဆိပ်နှင့်လုပ်ထားခြင်းဖြစ်ဆဲပင်။ ဤမျှများပြားသည့်ဆေးဝါးပမာဏများပေါင်းစပ်မည်ဆိုပါက အဆိပ်အာနိသင်များကလည်းစုပြုံဖြစ်ပေါ်လာမည်ဖြစ်၏။


ပုဖန်ကအသက်ကယ်ဖို့လုပ်နေတာလား တစ်ခါတည်းသေသွားအောင်လုပ်ဖို့ကြိုးစားနေတာလား..


ဤအမြင့်မြတ်ဆုံးသောဝိညာဉ်ဆေးဖက်ဝင်အပင်များသာအဆိပ်ဖြစ်လာပါက အနည်းငယ်မျှသောပမာဏလေးကပင်အနန္တတန်ခိုးရှင်တစ်ဦးကိုသတ်ပစ်နိုင်ရန် လုံလောက်နေပြီဖြစ်သည်။


ထိုသည်သာမက..


ပုဖန်၏ကျင့်ကြံဆင့်နဲ့ ဤမျှအဆင့်မြင့်ပြီးတန်ဖိုးကြီးမားတဲ့ ဝိဉာဉ်ဆေးပင်တွေကိုခူးနိုင်ဖို့ဆိုတာ ဖြစ်နိုင်ရဲ့ပါလား..


လျိုကျားလီလေအေးများရှိုက်သွင်းလိုက်မိပြန်သည်။ 

စမ်းချောင်းဝါမြက်ဖြစ်စေ ကူကယ်ရာမဲ့ပန်းဖြစ်စေ ၄င်းတို့သည်အလွန်တန်ဖိုးကြီးကာရှားပါးလေပြီး ပုန်းကွယ်နေသောနဂါးတိုက်၏မည်သည့်နေရာမှာမျှရှာမတွေ့နိုင်ဆိုသည့်အချက်ကလည်းရှိနေသေးသည်။


ဥပမာအားဖြင့်စမ်းချောင်းဝါမြက်သည်ငရဲကမ္ဘာတွင်သာပေါက်ရောက်သောနတ်ဆေးပင်ဖြစ်သည်။ လျိုကျားလီထိုဆေးပင်အကြောင်းကိုစာအုပ်များထဲ၌သာ ဖတ်ရှုဖူးသည်။

ငရဲကမ္ဘာတွင်အလောင်းများမျောပါနေပြီးအငြိုးကြီးဝိညာဉ်များခရီးသွားနေကြသည့်သွေးနီမြစ်တစ်စင်းရှိသည်ဟုဒဏ္ဍာရီများက ဆိုသည်။ ထိုမြစ်ကို စမ်းချောင်းဝါမြစ်ဟုခေါ်ပြီး၎င်းမြစ်ရေသည် အလွန်အဆိပ်ပြင်းသည်ဟူ၏။ မြစ်ရေနှင့်အနည်းငယ်ထိမိပါလျှင်ပင် လူ၏အသားနှင့်အရိုးများ အရည်ပျော်သွားစေနိုင်သည်ဟုဆိုကြလေသည်။


စမ်းချောင်းဝါမြက်သည် စမ်းချောင်းဝါမြစ်ရေဖြင့်ပေါက်ရောက်သောဆေးပင်မြက်ဖြစ်သည်။


ဒီလိုအရာကို.. ပုဖန်တစ်ယောက်ဘယ်လိုရလာခဲ့တာပါလိမ့်..


လျိုကျားလီကတွေဝေသွားသည်။ သူ၏မျက်လုံးများက လှည့်ပတ်ဝေ့ဝဲသွားကာ နယ်သာရီထံအကြည့်ရောက်သွားပြီးနောက် သူတွေးဆကြည့်လိုက်သည်။


ဟုတ်သား.. အဲဒီအမျိုးသမီးက ငရဲကမ္ဘာကလာတဲ့သူပဲ.. သူမကပုဖန်ကိုစမ်းချောင်းဝါမြက်ပေးခဲ့တာဖြစ်ရမယ်..


မည်သို့ဖြစ်စေကာမူ စမ်းချောင်းဝါမြက်ရှိရုံနှင့်တော့ ချူချန်းရှန်ကိုကယ်တင်ရန်မဖြစ်နိုင်ချေ။


ပုဖန်ကတကယ်ပဲဘာလုပ်ချင်နေတာလဲ..


လက်တွေ့မှာတော့ ငရဲဘုရင်နဲ့ နယ်သာရီတို့သည်လည်းပဲ အံ့အားသင့်နေကြရသည်။ ပုဖန်တစ်ယောက်စမ်းချောင်းဝါမြက်ကိုဘယ်လိုရရှိခဲ့သလဲဆိုတာသူတို့မတွေးနိုင်ရှိနေချေသည်။


" စမ်းချောင်းဝါမြစ်မှာပေါက်တဲ့စမ်းချောင်းဝါမြက်.. အဲဒါက စမ်းချောင်းဝါတံခါးစောင့်ကြပ်သူပညာရှိရဲ့ရှေးကျပြီးတန်ဖိုးရှိတဲ့ပစ္စည်းတစ်ခုလေ.. အဲ့ကောင်လေးကဘယ်လိုရလာတာလဲ.. ဟိုခွေးငပျင်းပေးတာလား မဖြစ်နိုင်ပါဘူး အဲ့ခွေးကရေကြောက်တဲ့ဟာကို"..


နယ်သာရီ၏တောက်ပသောမျက်ဝန်းနက်များကပုဖန်ကိုစိုက်ကြည့်နေသည်။


ပုဖန်ထံတွင်လျှို့ဝှက်ချက်ရှိသည်ကိုသူမသိသည်။ ယခု ထိုလျှို့ဝှက်ချက်က ကြီးမားတဲ့အကြောင်းတစ်ခုဖြစ်သည်ဆိုတာကိုလည်းသူမပြောနိုင်လေပြီ။ ၄င်းကသူမရဲ့စိတ်ဝင်စားမှုကိုပို၍မြင့်မားအောင်ပြုလုပ်နေချေသည်။

ထုံးစံအတိုင်း နဂါးသွေးထမင်းကြော်အပေါ်သူမ၏စိတ်ဝင်စားမှုသည်လည်းကြီးမားပါသည်။


ပုဖန်၏ စမ်းချောင်းဝါမြက်ပင်သည် စမ်းချောင်းဝါမြက်ပင်မျိုးစိတ်များထဲတွင်အနိမ့်ကျဆုံးဖြစ်သည်။မည်သို့ပင်ဆိုစေကာမူ ၎င်းသည်အလွန့်အလွန်ဆေးဖက်ဝင်သောစမ်းချောင်းဝါမြက်တစ်ပင်ဖြစ်နေဆဲဖြစ်သည်။


သေချာပေါက်ပုဖန်အားထိုဝိညာဉ်ဆေးဖက်ဝင်အပင်များမည်သူမျှပေးခဲ့ခြင်းမဟုတ်ပေ။ ပုဖန်ကိုယ်တိုင်၎င်းတို့ကိုစနစ်၏လှဲလှယ်ခြင်းစနစ်ဖြင့်ရယူခဲ့တာဖြစ်၏။


ထိုဝိညာဉ်ဆေးဖက်ဝင်အပင်များကိုလဲလှယ်လိုက်ရသည့်တန်ဖိုးကြောင့်ပုဖန်သည် သွေးအလွန်အကျွံဆုံးရှုံးသွားသလိုပင်ခံစားလိုက်ရပါသည်။


သူ့နှုတ်ခမ်းတစ်စုံကိုဖွင့်ဟလိုက်ပြီး ပုဖန်၏မျက်ဝန်းများကအာရုံစူးစိုက်မှုအပြည့်ဖြစ်လာသည်။


ထူးခြားဆန်းကြယ်သောကောင်းကင်ကမ္ဘာမြေမီးတောက်ကချက်ချင်းဆိုသလိုပေါ်ထွက်လာသည်။ပုဖန်၏အထင်ကြီးလောက်ဖွယ်စိတ်စွမ်းအင်ထိန်းချုပ်မှုအောက်တွင် အနှီမီးတောက်သည်မျက်တစ်တစ်ခတ်အတွင်းစိတ်ဝိဥာဉ်ဆေးဖက်ဝင်အပင်များကိုဖုံးလွှမ်းသွားချေ၏။


ကြောက်မက်ဖွယ်ကောင်းသော အပူရှိန်ကပေါက်ကွဲထွက်လာပြီး ဝိညာဉ်ဆေးဖက်ဝင်အပင်များမြင်သာသောအရှိန်အဟုန်ဖြင့် အရည်ပျော်လာသည်။သိပ်မကြာခင်တွင် အရည်စက်များအနေအထားအဖြစ်သို့ရောက်ရှိလာပေသည်။


ပုဖန်က၄င်းတို့အား ငွေမှင်ရောင်ဖြစ်လာသည်အထိရောကြိတ်လိုက်သည်။ဖြစ်စဉ်တစ်ခုလုံးတွင် အရည်၏ထုထည်ကတောက်လျှောက်မြင့်တက်လာပြီး ပုံသဏ္ဍာန်ပြောင်းလဲသွားသည်။


ထို့နောက်ပုဖန်ကထိုအရည်များကို မဟူရာလိပ်ခုံးဒယ်အိုးအတွင်းသို့လောင်းထည့်လိုက်သည်။ချက်ချင်းဆိုသလိုပဲ ဒယ်အိုး၏အပူရှိန်ကမြင့်တက်သွားပြီး အရည်များကပူဖောင်းတစီစီနှင့်စတင်ဆူပွက်လာတော့သည်။


ပွက် ပွက် ပွက် ပွက်..


ပုဖန်ကသူ၏လက်တွင်း သေးသွယ်ရှည်လျားသောဂျင်ဆင်းတစ်ခုကိုကိုင်ဆောင်ထား၏။ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကဂျင်ဆင်းကိုအစိတ်ပါးပါးလေးအများအဖြစ်သို့ လျှင်မြန်စွာခုတ်ဖြတ်လိုက်ပြီး တပွက်ပွက်ဆူနေသည့်မဟူရာလိပ်ခုံးထဲသို့တည့်မတ်စွာပစ်ထည့်ပေးလိုက်သည်။


ထူထဲသောဆေးဖက်ဝင် ဂုဏ်သတ္တိများက ဟင်းပွဲထဲသို့ ဖြည်းညှင်းစွာစိမ့်ဝင်လာသည်။မှုန်မှုန်မှိုင်းမှိုင်းအရောင်ကအိုးလုံးတစ်ခုလုံးကို ဖုံးလွှမ်းနေသည်။


ပွက်.. ပွက်..


မဟူရာလိပ်ခုံးဒယ်အိုးအတွင်းရှိ အရည်များဆူပွက်နေသောအသံကိုလူတိုင်းကြားနိုင်ပေသည်။တဖြည်းဖြည်းနှင့်အိုးထဲရှိအငွေ့များငွေရောင်ပြောင်းလဲလာသည်။


လူအုပ်ကြီးဟာလေထုထဲတွင်အေးစိမ့်စိမ့်ဖြစ်လာသည်ကိုပင်ခံစားလိုက်ကြရသည်။


ခဏအကြာတွင် ပုဖန်၏လက်ကတစ်ကြိမ်လှုပ်ခါသွားပြန်သည်။ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သားရဲတစ်ကောင်၏ဟောက်သံသည်ခန်းမတွင်းတိုးညှင်းစွာ ပဲ့တင်ထပ်သွားသည်။


ဒုတ်ဒုတ်.. ဒုတ်ဒုတ်..


တုန်ခါနေသည့်နှလုံးခုန်လှုပ်သံ။


ထိုအသံကိုကြားလိုက်ရသောအခါ လူတိုင်း၏မျက်နှာသည် ပြင်းပြင်းထန်ထန်ပြောင်းလဲသွားသည်။ အချို့ကမူ သူတို့၏ နှလုံးသားများကိုပင်ဆုပ်ကိုင်ထားကာ ဖြူဖျော့ကုန်ကြသည်။


ပန်းပွင့်လေးကစုတ်သပ်လိုက်ပြီးသုမ၏သုံးပန်လှမျက်လုံးလေးများကလည်သွားသည်။


ငရဲဘုရင်အာဟကလည်းသူ့မျက်လုံးများကိုလှိမ့်လိုက်၏။


လျိုကျားလီရဲ့မေးရိုးတွေကအောက်ပြုတ်ကျသွားရပြီး သူဒီ့ထက်ပင်အံ့အားမသင့်နိုင်တော့ချေ။


" အဲဒါ.. အဲ အဲဒါက ထောင်တျဲ့နှလုံးသားမဟုတ်လား.."

လျိုကျားလီရုတ်တရက်ဉာဏ်အလင်းပွင့်သွားတော့သည်။အဆုံးမှာတော့အရာအားလုံးကအဓိကအချက်ဆီသို့စုစည်းပုံပေါ်လာလေတော့သည်။


ထောင်တျဲ့၏နှလုံးသားသည်ရှေးဟောင်းသားရဲ၏ နှလုံးသားဖြစ်ပြီး၊ ၎င်းကလူတစ်ယောက်ကိုသေခြင်းတရားဆီမှ ပြန်လည်ရှင်သန်စေနိုင်သည်။


ပုဖန်သည်လူတစ်ယောက်၏အသက်ကိုကယ်တင်ရန်အတွက်ထောင်တျဲ့၏နှလုံးသားကို စွန့်လွှတ်လိုက်ရန်ဆန္ဒရှိနေခဲ့သည်... ဟင်းချက်ပြိုင်ပွဲကပုဖန်အတွက်ထိုမျှပင် အရေးကြီးလေသလား။


လျိုကျားလီကပုဖန်ကိုကြည့်နေစဉ်တွင် ရှုပ်ထွေးပွေလီသောခံစားချက်များသူ့စိတ်အတွင်း၌ရစ်ဝဲနေလေသည်။


ပုံရိပ်လွှဲပြောင်းအစီအစဉ်ကိုကြည့်နေသူများသည် စမ်းချောင်းဝါမြက်ပင်ကိုမြင်ပြီးနောက်သူတို့ကိုယ်သူတို့မတ်မတ်ရပ်နိုင်ဖို့ကြိုးစားနေဆဲမှာပဲထောင်တျဲ့ရဲ့နှလုံးသားကပြင်းထန်သောရိုက်ချက်အဖြစ်ထပ်မံတိုက်ခိုက်လာပြန်သည်။


တကယ်ကြီး ထောင်တျဲ့တစ်ကောင်ရဲ့နှလုံးသားကြီး..

ရှေးဟောင်းနတ်ဘုရားသားရဲတစ်ကောင်ရဲ့နှလုံးသားကြီး..


ပျက်စီးနေလျှင်ပင် အလွန့်အလွန်အဖိုးထိုက်တန်နေဆဲဖြစ်၏။ပုဖန်ကဤအဖိုးတန်ရတနာအားတစ်စုံတစ်ဦးကိုကယ်တင်ရန်အလို့ငှာ လိုလိုလားလားစွန့်လွှတ်ခဲ့သည်။


ရန်ချန်း၏မျက်လုံးများကထိတ်လန့်စွာဖြင့်ပြူးကျယ်သွားကြသည်။


ဘန်းး..


သူ့ထိုင်ခုံလက်တန်းကခြေမွခံလိုက်ရသည်။

တခဏချင်းတွင်ပင်သူ့ထံမှကြောက်မက်ဖွယ်ကောင်းသည့်ရောင်ဝါများပေါ်ထွက်လာပြီး ပတ်ပတ်လည်ရှိစုရုံးနေကြသည့်ပရိတ်သတ်များကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။


.."ထောင်တျဲ့ရဲ့နှလုံးသား.. "


စကားတစ်လုံးချင်းပြောနေစဉ်ရန်ချန်း၏မျက်ဝန်းအတွင်းပြင်းထန်သောခံစားချက်များသယ်ဆောင်ထားသည်။


ထိုအမှိုက်ပိုးကောင်တစ်ကောင်အတွက်ဤသို့သောရတနာမျိုးကိုမည်သို့ဖြုန်းတီးပစ်ရက်နိုင်ကြသနည်း။


အကယ်၍သူသာ အနှီထောင်တျဲ့၏နှလုံးသားကိုရယူနိုင်ခဲ့ပြီး သူ့ကိုအချိန်အတော်ကြာသည်ထိဒုက္ခပေးနေသော အဟန့်အတားကိုချိုးဖျက်နိုင်ခဲ့မည်ဆိုပါက .. သူစိတ်ဝိဉာဉ်နတ်ဘုရားအဆင့်ထိတက်လှမ်းသွားနိုင်လိမ့်မည်ဖြစ်၏။


အဲဒီထောင်တျဲ့ရဲ့နှလုံးသားကသူ့အတွက်တကယ်အသုံးဝင်တယ်..


ဤသို့သောသွေးဆောင်မှုမျိုးကိုရင်ဆိုင်လာရချိန် ရန်ချန်းသည်သူ၏တည်ငြိမ်မှုကိုဆက်လက်ထိမ်းသိမ်းခြင်းမပြုနိုင်တော့ချေ။သူမတ်တပ်ထရပ်လိုက်ပြီးအရှိန်အဝါများကသူ၏ပတ်ပတ်လည်လှည့်ပတ်ဝေ့ယမ်းနေလေသည်။ အစောင့်များချက်ချင်းသူ့နံဘေး၌ပေါ်ထွက်လာကြသည်။


.." ဒီလိုတန်ဖိုးရှိတဲ့ထောင်တျဲ့ရဲ့နှလုံးသားကို အဆင့်နိမ့်တစ်ယောက်အတွက်ဘာလို့သုံးနေရတာလဲ.. ဒါမှမဟုတ်ပိုင်ရှင်ပုငါ့ကိုပဲပေးလိုက်ပါလား.. ငါမင်းကိုကောင်းကောင်းကြီးသတိတရရှိနေမှာပေါ့"..


ရန်ချန်း၏မျက်လုံးများကပြူးကျယ်နေကာသူ့မျက်နှာထက်တွင်ကောက်ကျစ်သာအပြုံးတစ်ခု သယ်ဆောင်ထားသည်။


နောက်တခဏမှာတွင်သူ့ပခုံးပေါ်မှလေးတံရှည်ကိုဖြုတ်ယူလိုက်၏။ သူ၏ကြောက်မက်ဖွယ်အစစ်အမှန်စွမ်းအင်များကတုန်ခါနေကြပြီး ကျောက်စိမ်းစွမ်းအင်များသူ့ခန္ဓာကိုယ်ကိုရစ်ပတ်လာကာ အဆက်မပြတ်ချဲ့ထွင်နေတော့သည်။


အနှီစက္ကန့်ပိုင်းလေးအတွင်း၌ကျောက်စိမ်းအကြေးခွံစားသောက်ဆိုင်တစ်ခုလုံး၏ လေထုသည်ပိုမိုပြင်းထန်လာချေတော့သည်။