အပိုင်း ၇၉၅
လက်သီးနဲ့ဖြေရှင်းလိုက်
ကျောက်စိမ်းစားသောက်ဆိုင်နှင့်မိုင်အချို့ဝေးကွာသောနေရာ၌..
ယောကျာ်းတစ်ယောက်သည် သက်တမ်ယရင့်သော်လည်းဝေဝေဆာဆာရှိသည့်သစ်ပင်တစ်ပင်၏အကိုင်းတစ်ခုပေါ်တွင်ထိုင်နေပြီးခြေထောက်များကိုရှေ့နောက်လွှဲယမ်းနေ၏။သူ၏အင်္ကျီရင်ဘတ်မှာပွင့်ဟနေပြီး ဖြူဖွေးသောအသားအရည်အားဖော်ပြထားလျက်ရှိသည်။
ဝိုင်ပါရှိသောဝါးဘူးတစ်ခုကိုကိုင်ထားကာ အဝေးဆီသို့လှမ်းမျှော်ကြည့်ရင်း ဝါးဘူးအားစုပ်ငုံလိုက်သည်။
" ရှေးဟောင်းကျောက်စိမ်းသန့်စင်နယ်မြေရဲ့ သေနာပတိယန်.. သူလည်းပဲလောဘကြောင့်စုံလုံးကန်းသွားတဲ့လူပါပဲ ထောင်တျဲ့ရဲ့နှလုံးသားကအဖိုးတန်မှန်းလူတိုင်းသိတယ် ကျောက်ခရမ်းအကြီးအကဲနဲ့ပိုင်လျန်ထျန်းတို့ဒီတိုင်းလျစ်လျူရှုထားကြဖို့ဆိုတာဖြစ်နိုင်ရဲ့လား ဒါနဲ့များဘာလို့သူတို့မျက်နှာထွက်မပြကြတာဖြစ်လိမ့်မလဲ.."
မိုလျိုကျိကဝိုင်ထပ်ငုံလိုက်ကာ လှောင်ပြုံးတစ်ခုဖြင့်ထပ်ပေါင်းရေရွတ်လိုက် သည်။
" ဘာလို့ဆို..သူတို့ကြောက်လို့ပေါ့"
သူက သူ၏ဆံပင်ရှည်များကိုသပ်တင်လိုက်ပြီးအသက်ပြင်းပြင်းရှုထုတ်လိုက်ကာ လေထုအတွင်းဝိုင်ရနံ့များဖြင့်ပြည့်နှက်သွားစေသည်။သူ၏မျက်နှာကဆေးဆိုးခံထားရသကဲ့သို့နီမြန်းနေသည်။
သူက ပိုးမျှင်သဏ္ဍာန်ရှိသည့်စစ်မှန်သောစွမ်းအင်များရစ်ဝဲနေသည့်သူ၏လက်ကိုမြှောက်လိုက်သည်။ခေတ္တာအကြာ၌ ပြိုးပြိုးပျက်ပျက်တောက်ပနေသော ကြယ်စင်သံလိုက်အိမ်မြှောင်ပေါ်ထွက်လာလေသည်။
သံလိုက်အိမ်မြှောင်ပေါ်ရှိကြယ်ရောင်သည် တစ်လက်လက်တောက်ပနေချေ၏။ ထောင်ပေါင်းများစွာသောအလင်းတန်းများသည် အမျိုးမျိုးသောရှုထောင့်များမှချိတ်ဆက်လျက်ရှိနေကြပြီး ခမ်းနားသောရောင်ခြည်ဖြင့် ဆန်းကြယ်သောပတ်လမ်းများကိုဖြစ်ပေါ်နေစေသည်ပေ။
"ရန်ချန်း ငါမင်းကိုပညာဒါနပြုတဲ့သဘောလေးနမိတ်ဖတ်ပေးပါရစေ မင်းတော့ပျက်ကိန်းဆိုက်တော့မယ်.. အတိအကျပြောရရင် သေအောင်ကိုရိုက်သတ်ခံရမှာ"
မိုလျိုကျိ၏မျက်လုံးများထဲတွင် သင်္ကေတများဖြတ်ပြေးသွားပြီး မကြာမီပင်ပျောက်ကွယ်သွားခဲ့သည်။သူကချက်ချင်းပဲ ဝိုင်နောက်တစ်ကျိုက်မော့လိုက်ကာ ရယ်မောနေတော့လေသည်။
ရှေးဟောင်းကျောက်စိမ်းသန့်စင်ဂိုဏ်း၏ ကြီးမြတ်သောခောင်းဆောင်ကသေခြင်းတရားကိုရင်ဆိုင်ရတော့မည်။ထိုအရာက စိတ်လှုပ်ရှားနေစေဖို့လုံလောက်ပေသည်။
....
" ကောင်ငယ်လေးပုဖန် ငါအဲဒီစကားတွေကိုယုံလို့ရရဲ့လား... ဒီတစ်ကြိမ်တည်းအတွက်အစပ်ချောင်းငါးချောင်းဆိုတာလေ.."
ဝတ်ရုံနက်အောက်ရှိငရဲဘုရင်အာဟ၏ခန္ဓာကိုယ်သည်စိတ်လှုပ်ရှားမှုဖြင့်တုန်ရီနေလေသည်။ စိတ်လှုပ်ရှားစွာဖြင့်စကားပြောလိုက်ချိန်သူ၏မျက်နှာကတောက်ပနေသည်။
" ဒီတစ်ခါတော့အကြွေးမထားဘူးလို့မင်းငါ့ကိုကတိပေး"
ပုဖန်၏မျက်ဝန်းများကအလေးအနက်အာရုံစူးစိုက်နေသည်။ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများတစ်ဖန်ပြန်လည်ထွက်ပေါ်လာသည်နှင့်အမျှသူ၏ခန္ဓာကိုယ်တစ်ဝိုက်ရှိ စိတ်စွမ်းအင်များသည်လည်းတစ်ဖန်ပြန်လည်ရုပ်လုံးပေါ်လာလုနီးပါးဖြစ်နေသည်။
" အကြွေးမထားဘူး မင်းအလုပ်ပြီးရင် အစပ်ချောင်းငါးချောင်းရမယ်..."
ပုဖန်ကသာမန်ကာလျှံကာပြောလိုက်သည်။
ထိုစကားများကိုကြားလိုက်ရသည့်အခါ ငရဲဘုရင်အာဟ၏စိတ်စွမ်းအင်များတဟုန်ထိုးမြင့်တက်လာသည်။သူကရယ်မောကာသူ၏ဝတ်ရုံကိုဖွင့်ဟလိုက်ပြီး ချောမောနူးညံ့သောရုပ်ရည်ကိုပြသလာသည်။
" ပိုင်ရှင်ပု ဒီဘုရင်မင်းကိုတကယ်အသိအမှတ်ပြုတယ် ဘယ်လိုတောင်ရုပ်ရည်လေးလည်းရှိ အသိဉာဏ်လေးလည်းကောင်းတဲ့လူငယ်လဲ ဟားဟားဟား..."
ထို့နောက်တွင်ငရဲဘုရင်အာဟကရှေ့သို့တိုးလာသည်။သူကပုဖန်၏ရှေ့တည့်တည့်တွင်ရပ်လိုက်ကာ ပြုံးဖြဲဖြဲဖြင့် ပုဖန်ထံဦးတည်လာသောမြှားနက်အားလုံးကိုသူ၏ကိုယ်ဖြင့်ကာဆီးလိုက်ချေသည်။
ရန်ချန်း၏မျက်လုံးများကအေးစက်သွားပြီး သူ၏သတ်ဖြတ်ချင်သောအငွေ့အသက်များကပို၍ထူထဲလာသည်။
မြှားနက်များထဲမှတစ်ချောင်းက လမ်းကြောင်းပြောင်းကာ ငရဲဘုရင်အာဟထံသို့ဦးတည်လာလေသည်။
"မင်းကရောဘယ်ကခွေးဒါမှမဟုတ်ကြောင်လဲ ငါ့လမ်းမှာပိတ်ရပ်မနေနဲ့ ဖယ်စမ်း"
ရန်ချန်းကဟိတ်ဟန်ကြီးစွာဖြင့်အော်ပြောလိုက်သည်။
သူ၏မိုးကြိုးသွားကဲ့သို့ကျယ်လောင်သောအသံသည်ကျောက်စိမ်းအကြေးခွံစားသောက်ဆိုင်၏ ဒုတိယထပ်တစ်ခုလုံးကိုတုန်ဟီးသွားစေသည်။
ငရဲဘုရင်အာဟကရယ်မောနေသည်မှချက်ချင်းရပ်တန့်သွားပြီး ရန်ချန်းကိုဒေါသတကြီးကြည့်ကာ တွေးသည်။
သူအခုတင်ပဲငါ့ကိုဘယ်က ခွေး ကြောင်လဲလို့မေးလိုက်တာလား...
ဒီဘုရင်ရဲ့ဘယ်နေရာကများ ဟိုအစားပုပ်ခွေးနဲ့သွားတူနေလို့လဲ ရာရာစစ..
ဒီလူငယ်လေးက အကျင့်စရိုက်ကောင်းများဖြင့်ကြီးပြင်းမလာသည်မှာသေချာ၏။ သူ၏ဦးခေါင်းကိုချိုးနှိမ်ထားတတ်ဖို့သင်ယူသင့်သည် မဟုတ်ပါက .. ကောင်းကောင်းအထိနာပေဦးမည်။
ငရဲဘုရင်အာဟက သူ၏မျက်နှာတစ်ခြမ်းကိုလက်ဖြင့်အုပ်ကိုင်ထားပြီး တစ်ဖက်ခြမ်းကမူနတ်ဆိုးဆန်သော်ငြားတင့်တယ်နေဆဲအပြုံးကြီးဖြင့်သူ၏ပြိုင်ဘက်အားစိုက်ကြည့်လာသည်။
သူ၏မျက်ဝန်းများအတွင်း၌မမြင်နိုင်သောစွမ်းအင်များရှိသကဲ့သို့ မြှားနက်များကိုထိန်းချုပ်လိုက်ပြီး လေထဲတွင်ရပ်တန့်သွားစေသည်။
မြှားနက်များကရပ်တန့်သွားသည့်နေရာတွင် ကြောက်မက်ဖွယ်အရှိန်ဖြင့်လှည့်ပတ်နေကြပြီး လေဟာနယ်အားအပေါက်တစ်ပေါက်အဖြစ်ဖောက်ထွင်းပစ်လုမတတ်ပင်။
အာဟက သူ၏နှုတ်ခမ်းတစ်စုံကိုငြင်သာစွာဖွင့်ဟလိုက်ကာ လေတစ်ချက်မှုတ်ထုတ်လိုက်၏။
ချက်ချင်းဆိုသလို မြှားတံများသည်နောက်သို့လွင့်စင်သွားကာ အခြားမြှားတံများကိုဝင်ရိုက်မိကုန်လေသည်။
ချွမ်.. ခလွမ်..
မြှားတံအချင်းချင်းရိုက်မိသံများကခန်းမတွင်းပဲ့တင်ထပ်သွားချေသည်။ မြှားအားလုံးသည် တစ်နေရာစီပြန့်ကျဲသွားသည်အထိမှုတ်ထုတ်ခံလိုက်ရ၏။
"မင်းမှာစွမ်းရည်တစ်ချို့ရှိတာပဲ.. ဒါပေမဲ့ ပွဲကမပြီးသေးဘူးလေ"
ငရဲဘုရင်၏လုပ်ရပ်ကြောင့် ရန်ချန်း၏မျက်လုံးများကစုကျုံ့သွားကြသည်။ သူ၏ရောင်ဝါများမြင့်တက်လာကာ အစစ်အမှန်စွမ်းအင်များလည်းပေါက်ကွဲထွက်လာပြီး ရန်လိုနေသောနဂါးတစ်ကောင်အလားသဲကြီးမဲကြီးတုန်ခါနေကြ၏။ ရန်ချန်းကသူ၏လက်ကိုမြှောက်လိုက်ခြင်းကြောင့် ကျယ်လောင်သောတုန်ခါမြည်ဟီးသံကြီးထွက်ပေါ်လာသည်။
ရန်ချန်း၏မျက်လုံးများကအလင်းတန်းများဖြင့်တောက်ပသွားချေသည်။
ပြန့်ကျဲနေအောင် တွန်းထုတ်ခံလိုက်ရသည့်မြှားတံများကပြန်လည်စုစည်းသွားပြီး ငရဲဘုရင်အာဟထံသို့တစ်ဟုန်ထိုးတိုးဝင်လာကြပြန်သည်။
လေဟာနယ်ထဲရှိ မြှားနက်များအားလုံးသည် အာဟထံသို့ပစ်လွှတ်ခံလိုက်ရ၏။
ထိုအချင်းအရာသည် လျိုကျားလီအား ရေခဲတိုက်တစ်ခုအတွင်းထည့်ခံလိုက်ရသကဲ့သို့ ကြက်သီးထဖွယ်ခံစားချက်မျိုးပေးစွမ်းနေတော့သည်။
သူ့မျက်ဝန်းများကမယုံကြည်နိုင်မှုတို့ဖြင့်ပြည့်နှက်နေသည်။ မြှားတစ်ချောင်းချင်းထံမှထိန်လန့်ဖွယ်အငွေ့အသက်များကိုအပြည့်အဝခံစားရရှိနေခြင်းကြောင့်ဖြစ်၏။
အကြီးအကဲ ချူက ဤလူ၏တိုက်ခိုက်မှုကြောင့်သေရသည်မှာသံသယဖြစ်ဖွယ်ရာမရှိတော့ချေ။သူ၏ခန္ဓာကိုယ်ရှိများပြားလှသောဒဏ်ရာပေါက်များမှာ ဤမြှားနက်များကြောင့်ဖြစ်ပေါ်လာရခြင်းပါပေ။
အမှန်ကိုထိတ်လန့်ဖွယ်ကောင်းလှသည်..
ဒီလူကတကယ်ပဲဘယ်သူများလဲ..
လျိုကျားလီက ကြောက်ရွံနေသောမျက်လုံးများဖြင့် ပုဖန်ထံလှည့်ကြည့်လိုက်မိ၏။ မည်သို့ပင်ဖြစ်စေ ပုဖန်ကိုကြည့်လိုက်မိချိန်တိုင်းတွင် ထူးထူးခြားခြားစိတ်ငြိမ်သက်သွားမှုကိုခံစားရသည်ပေ။
ထိုသည်ကပုဖန်၏ အံ့အားသင့်ဖွယ်တည်ရှိနေမှုကြောင့်သာဖြစ်သည်။ သူ့ထံတွင်မည်သို့သောတုန်လှုပ် ယိမ်းယိုင်နေသည့်အရိပ်အယောင်မျှမရှိဘဲ မျက်ဝန်းများကိုမှိတ်လျက် တည်ငြိမ်စွာဖြင့်စိတ်စွမ်းအင်များထုတ်လွှတ်နေသည်။
မဟူရာလိပ်ခုံးဒယ်အိုးအတွင်းရှိအရည်များကတစ်ပွက်ပွက်ဆူလာပြီး စိတ်စွမ်းအင်များသိပ်သည်းစွာပါဝင်နေသည့်မွှေးရနံ့တစ်ခုမှလေထဲတွင်လှုပ်လှုပ်ရွရွဝေ့ဝဲလာ၏။
ဤသည်က ထောင်တျဲ့နှလုံးသားစွပ်ပြုတ်ကျက်သွားသည့်ရနံပေလား..
တထောင်းထောင်းထနေသောအသားရနံ့မွှေးမွှေးက လူအုပ်ကြီးအား ဆွဲဆောင်လွန်းနေပြီး မတတ်နိုင်စွာဖြင့် ထိုရနံ့တွင်နစ်မြောကုန်ကြရသည်။ ကျောက်စိမ်းစားသောက်ဆိုင်မှဆယ်မိုင်အကွာပတ်လည်ရှိအစားကြူးတောင်ကြား၏လမ်းမများပေါ်အထိ ဤရနံ့ကိုရရှိနိုင်ပေသည်။
မိုလျိုကျိက ဝါးပြွန်ဘူးကိုတစ်ငုံမော့လိုက်ပြီး လေထုထဲမှစိတ်ကျေနပ်နှစ်သိမ့်စေသည့်အသားရနံ့အားတဝကြီးရှုသွင်းလိုက်သည်။
" အနံ့လေးရှူ ဝိုင်လေးငုံ.. ကောင်းမှကောင်းပဲကွာ"
ရန်ချန်းက ထောင်တျဲ့နှလုံးသားစွပ်ပြုတ်၏ရနံ့ကို ရှုရှိုက်လိုက်ပြီးသည်နှင့် သူ၏မျက်လုံးများကတပ်မက်မှုဖြင့်စူးရဲသွားသည်။
သူဆက်ပြီး အီလေးဆွဲနေ၍မဖြစ်တော့ချေ..
ဤတိုက်ပွဲကိုပြတ်ပြတ်သားသားအနိုင်ယူပစ်ရမည့်အချိန်ရောက်ချေပြီ။ မဟုတ်ပါက ထောင်တျဲ့နှလုံးသားကိုလွဲချော်ရပေတော့မည်။
သူ၏စိတ်အစဉ်ကခေတ္တမျှပြန့်ကျဲသွားပြီးနောက် လေထုထဲရှိမြှားနက်များကတုန်ခါလာလေသည်။
ဝှစ်..
မြှားတံများသည်လေထုကိုဖြိုခွင်း၍ငရဲဘုရင်အာဟထံသို့အရှိန်ပြင်းပြင်းပြေးဝင်သွားကြ၏။
ဇွပ်.. ဇွပ်.. ဇွပ်
ကြည့်ရှုနေသူတိုင်းရင်မောသွားကြရ၏..
လူငယ်လေးသည်မြှားများကိုရှောင်တိမ်းရန်ပင်မကြိုးစားခဲ့ဘဲ သူ၏ခန္ဓာကိုယ်အားမြှားတံများဖြင့်ထိုးဖောက်ခြင်းကိုခံခဲ့ရသည်။
မျက်စိတ်တစ်မှိတ်အတွင်း၌ လူငယ်လေး၏ခန္ဓာကိုယ်မှာ ယိမ်းထိုးသွားကာ ဆူးချွန်များအပြည့်ဖုံးနေသော ဖြူကောင်လေးအလားဖြစ်နေလေတော့သည်။
ထိုအခိုက်အတန့်တွင်တစ်လောကလုံးတိတ်ဆိတ်သွားသည့်အလားပေ...
" တကယ်ကိုအမှိုက်သာသာပဲ... "
ရန်ချန်း၏မျက်လုံးများကအထင်အမြင်သေးမှုတို့ဖြင့်ပြည့်နှက်နေကာ သူကလှောင်ပြုံးလိုက်သည်။ဤလူက အတော်လေးစွမ်းရည်ရှိမည်ဟုသူထင်ခဲ့သော်လည်း သူ၏တိုက်ကွက်တစ်ခုကိုသော်မျှမတားဆီးနိုင်ခဲ့ပါချေ။
"ငြီးငွေ့စရာပဲ... "
ရန်ချန်း ရေရွတ်လိုက်သည်။
သူ၏ကျင့်ကြံဆင့်မှာ နတ်ဝိဉာဉ်နယ်ပယ်သို့တစ်ဝက်တက်လှမ်းနေပြီးဖြစ်သည်။ ဤအဆင့်မှာ ပုန်းကွယ်နေသောနဂါးတိုက်ကြီးတွင်ထိပ်တန်းအဆင့်ဟုမဆိုနိုင်သော်ငြား ဤအဆင့်ကိုရောက်ရှိနိုင်သည့်ပြိုင်ဘက်များမျာစားစားမူမရှိပါချေ။
ရန်ချန်း၏အနေအထားသည် ဂိုဏ်းချုပ်လက်အောက်တွင်အဆင့်အတန်းအမြင့်ဆုံးဟုယူဆနိုင်သည်။
အနန္တတန်းခိုးရှင်ကျင့်ကြံသုများဟူသည်ကား သူ၏လက်တွင်းတွင် ပုရွက်ဆိတ်တစ်ကောင်အဆင့်သာရှိသည်။ သူတို့၏ဘဝများကိုအဆုံးသတ်ပစ်လိုက်ရန် သူ၏လက်ကိုဝှေ့ယမ်းလိုက်ရုံသာလိုအပ်သည်ပင်။
ရှောင်ယသည်ဖြစ်ပျက်သွားသည်များအား ပူပင်သောကကြီးစွာကြည့်ရှုနေပြီး ပန်းပွင့်လေး၏ စပါးအုံးခန္ဓာကိုယ်ကြီးကိုတင်းကြပ်စွာဖက်ထားလိုက်မိသည်။
ပန်းပွင့်လေး၏ သုံးပန်လှမြွေမျက်ဆံလေးများကလှုပ်ရှားသွားကာ သူမ၏ခေါင်းကိုအသာငုံ့၍ ရှောင်ယ၏ဦးခေါင်းလေးကိုလျက်ပေးလိုက်သည်။
နယ်သာရီက နံရံကိုမှီနေရင်းသူမ၏ခြေတံရှည်များကိုချိတ်လိုက်သည်။ သူမက စိုးရိမ်ပူပန်နေခြင်းမရှိပါပေ။
မည်သို့ဆိုစေ ထိုသူကငရဲဘုရင်မဟုတ်ပါလား..
ယခုလိုလွယ်လွယ်ကူကူသတ်ခံလိုက်ရမည်ဆိုပါက ငရဲဘုရင်ဆိုသည့်ရာထူးက မည်သို့အဓိပ္ပာယ်ရှိပါဦးမည်တဲ့လဲ။
ရုတ်တရက်ဆိုသလို..
ရန်ချန်း၏မျက်လုံးများလှုပ်ရှားသွားရသည်။ အဘယ့်ကြောင့်ဆိုသော် မြှားအပြည့်စိုက်ဝင်နေသည့် ဖြူကောင်ကဲ့သို့သောခန္ဓာကိုယ်ကစတင်လှုပ်ရှားလာခြင်းကြောင့်ပင်။
ချွမ် .. ချွမ်..
မြှားတံများကကြမ်းပြင်ပေါ်သို့ကူကယ်ရာမဲ့ပြုတ်ကျကုန်ကြပြီး သတ္တုချင်းရိုက်ခတ်သံများကရှင်းလင်းပြတ်သားစွာထွက်ပေါ်လာသည်။
မြှားတံများဖယ်ရှားခံလိုက်ရသည့်နေရာ၌မှု အပျက်အစီးအထိအခိုက်မရှိရပ်နေသောပုံရိပ်တစ်ခုရှိနေသည်။
ထိုပုံရိပ်က သူ၏ခေါင်းကိုခါယမ်းလိုက်သည်။ သူကမြှားတစ်ချောင်းကိုကိုက်ထားလျက်ရှိနေပြီး ရန်ချန်းကိုအမူအယာမဲ့သောအကြည့်ဖြင့်ကြည့်လိုက်ကာ ပါးစပ်တွင်းရှိမြှားကိုထွေးထုတ်လိုက်ချေ၏။ မြှားတံကကြမ်းပေါ်သို့ပြုတ်ကျသွားသည်။
" လူငယ်လေး မင်းကအရမ်းအကြင်နာမဲ့တယ် ဒီဘုရင်ကို ဖြူကောင်လိုဖြစ်တဲ့ထိပစ်သတ်ချင်နေတာပဲ.. ပုံမှန်ဆိုရင်တော့ ဒီလိုမကောင်းတဲ့ရည်ရွယ်ချက်နဲ့လူတွေဆို ... လက်သီးသုံးပြီးဖြေရှင်းလိုက်တာပဲ..."
ငရဲဘုရင်အာဟကပြောလိုက်သည်။
ထို့နောက် သူကရုတ်ချည်းနေရာမှပျောက်သွားကာ ပြန်ပေါ်လာချိန်မှာတော့ ရန်ချန်းနံဘေးတွင်ရောက်ရှိနေပြီဖြစ်သည်။
ဘမ်း..
လက်သီးဆုပ်တစ်ခုက ရန်ချန်း၏ဝမ်းဗိုက်အားရက်ရက်စက်စက်ထိုးနှက်လိုက်သည်။
ရန်ချန်း၏ကိုယ်ကကွေးဝင်သွားပြီး သူ၏မျက်လုံးများကမယုံနိုင်မှုတို့ဖြင့်မျက်လုံးအိမ်တွင်းမှထွက်ကျလုမတ်ပြူးကျယ်သွားသည်။
"ဘာပဲဖြစ်ဖြစ် ငါကကောင်ငယ်လေးပုဖန်ကို မင်းအသက်ကိုချန်ထားမယ်လို့ကတိပေးထားတော့ စကားတည်တဲ့အနေနဲ့ဒီဘုရင်က မင်းကိုလက်သီးချက်အချို့ချမ်းသာခွင့်ပေးမယ်..."
ရန်ချန်း၏မျက်နှာပုပ်သိုးသွားသည်။ သူ၏ဝမ်းဗိုက်ကိုဆုပ်ကိုင်ထားရင်း ကြမ်းပေါ်သို့လဲကျမသွားခင် ခြေလှမ်းအတော်များများနောက်ဆုတ်သွားချေ၏။
သူကအတော်လေးနာကျင်နေပြီး သူ၏မျက်လုံးများကကြောက်ရွံ့နေကြသည်။
" မင်း.. "
ရန်ချန်းကအံကြိတ်ကာခေါင်းမော့လိုက်သည်။ သူ၏မျက်လုံးအစုံမှလည်းမီးတောက်များလောင်ကျွမ်းနေသည့်အလားပင်။
သို့သော်သူခေါင်းမော့လိုက်သည်နှင့်တစ်ပြိုင်နက် မျက်လုံးများပြူးကျယ်သွားရတော့သည်။
အဘယ့်ကြောင့်ဆိုသော် သူ၏ နဖူးပော်၌လက်ချောင်းတစ်ချောင်းရောက်ရှိနေသောကြောင့်ဖြစ်သည်။
ထိုလက်ချောင်းကကွေးညွတ်သွား၏။
ရုတ်ချည်းဆိုသလိုကြောက်မက်ဖယ်စွမ်းအင်ဖိအားများပေါက်ကွဲထွက်လာပြီး သူ့အား လောင်မြှိုက်ပစ်တော့သည်။
ဘုန်န်းး
ရန်ချန်း ဒုတိယထပ်မှလျှောကျသွားပြီး သူ၏တင်ပါးများကလှေကားတစ်ဆင့်ချင်းနှင့်ရိုက်မိကုန်သည်။
ဘယ်လိုတောင်ရှက်စရာကောင်းပါလိမ့်..
ဤအခိုက်အတန့်တွင် ရန်ချန်းလုံးဝပေါက်ကွဲသွားတော့၏။ သူကခုန်ထလိုက်ပြီး ဒေါသတကြီးဖြင့်ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
သူကသူ၏လေးကြိုးကိုအားပြင်းပြင်းဆွဲတင်လိုက်ပြီး ကျောက်စိမ်းအဆောင်များကပတ်ပတ်လည်တွင်ဝန်းရံဖြစ်ပေါ်လာချေ၏။
"သေစမ်း"
ပြန့်ကျဲနေသောကျောက်စိမ်းစွမ်းအင်များသည်မြှားတစ်စင်းအသွင်ကိုစုရုံးကာ လေးတံရှည်၏ကြိုးပေါ်သို့ရောက်ရှိသွားသည်။ မြှားခေါင်းထိပ်တွင်ရွှေရောင်အလင်းတန်းလေးတစ်ခုက လျှင်မြန်စွာလှည့်ပတ်နေ၏။
ဝှစ်..
"သေစမ်း သေစမ်း သေလိုက်တော့"
ရန်ချန်းကဒေါသတကြီးပေါက်ကွဲနေသည်။ သူသည်ဘယ်တုန်းကမှယခုလိုအရှက်တကွဲအကျိုးနည်းမဖြစ်ခဲ့ဘူးပါချေ။ ရှေးဟောင်းကျောက်စိမ်းသန့်စင်နယ်မြေ၏အကြီးအမှူးတစ်ယောက်အနေဖြင့် သူသွားရောက်လည်ပတ်သည့်မည်သည့်သန့်စင်နယ်ကမဆိုတရိုတသေဆက်ဆံခံရသည်ချည်းသာ..
ယခုမူ တလေးတစားဆက်ဆံခံရရန်ဝေးစွ.. လှေကားပေါ်မှဖင်ထိုင်လျက်ဆင်းရသည်တဲ့လား..
အာဟကသူ၏မျက်နာကိုလက်တစ်ဖက်ဖြင့်ဖုံးအုပ်လိုက်ပြီး အေးစက်စွာနှာရှုံလိုက်သည်။
သူကလက်ကိုမြှောက်လိုက်ကာ လက်ချောင်းများကိုလှုပ်ရှားလိုက်ရုံမျှဖြင့် ရန်ချန်းထံမှမြှားကိုအလွယ်တကူလုယူလိုက်သည်။
ပေါ့ပါးသောမြှားတံသည်ပြင်းထန်စွာတုန်ခါနေပြီး ငရဲဘုရင်အာဟ၏ချုပ်ကိုင်ထားမှုမှလွတ်မြောက်နိုင်ရန်ကြိုးစားနေ၏။ သို့သောမကြာလိုက်ချေ.. အားပျော့သောညှစ်အားလေးတစ်ချက်ဖြင့်မြှားတံမှာနှစ်ပိုင်းကျိုးသွားချေလေသည်။
ခေတ္တအကြာတွင် ငရဲဘုရင်က ကြမ်းပြင်ပေါ်သို့ခြေတစ်ချက်ဆောင့်နင်းလိုက်ရာ ကျောက်စိမ်းအကြေးခွံစားသောက်ဆိုင်၏ဒုတိယထပ်တစ်ခုလုံးတုန်ဟီးသွားတော့သည်။
သူကရန်ချန်း၏ရှေ့တွင် တစ်ဖန်ပြန်ပေါ်ထွက်လာပြီး သူတို့နှစ်ဦး၏မျက်နှာများသည်တစ်ယောက်နှင့်တစ်ယောက်လက်မအနည်းငယ်သာကွာဝေးကြတော့၏။
ရန်ချန်း၏မျက်လုံးများပြူးကျယ်သွားရလေသည်။
ဘမ်းး
စကားတစ်လုံးမျှမဆိုပါဘဲ ငရဲဘုရင်အာဟသည်ရန်ချန်း၏ဝမ်းဗိုက်အားလက်သီးတစ်ချက်ထိုးနှက်လိုက်ပြန်သည်။
ရန်ချန်းပါးစပ်ဟကိုကျယ်လောင်စွာလိုက်မိသည် ယခုသူ၏လည်ချောင်းအတွင်းတွင်ဆန်တက်လာသည့်သည်းခြေရည်များကိုပင်အရသာခံနိုင်နေပြီပင်။
ဘယ်လိုဖြစ်သွားရတာလဲ..
ဘာဖြစ်လို့ထပ်ပြီးဒီနေရာကိုပဲထပ်ထိုးခံလိုက်ရပြန်တာလဲ..
" ငါ့ကို မြှားနဲ့ပစ်ရင်တကယ်မုန်းတယ် အရမ်းစိတ်အနှောင့်အယှက်ဖြစ်ရတာပဲ.. ပြဿနာတွေကိုဖြေရှင်းဖို့လက်သီးရှိနေတာပဲ ဘာလို့မဖြစ်စလောက်ကစားစရာလေးတွေသုံးနေဦးမလဲ"
ဘမ်းး
ပြောပြီးသည့်နောက်တွင် အာဟသည်တူညီသည့်နေရာကိုပဲလက်သီးတစ်ချက်ပစ်သွင်းလိုက်ပြန်သည်။
ရန်ချန်းတစ်ယောက် သူ၏ကိုယ်တွင်းအင်္ဂါအားလုံးနေရာလွဲကုန်သလိုခံစားလိုက်ရသည်။
သူသည်နတ်ဘုရားနယ်ပယ်သို့တစ်ဝက်ရောက်ရှိနေသောကျင့်ကြံသူဖြစ်သည်။ သို့တိုင်သူ၏ခံနိုင်ရည်မြင့်ကာသန်မာသည့် ခန္ဓာကိုယ်သည်လက်သီးနှစ်ချက်ဖြင့်ထိုးခံရပြီးနောက်မှာ သည်းခြေရည်များအန်ထုတ်လုနီးပါးဖြစ်နေရချေပြီ..။
...
မလှမ်းမကမ်းတွင်မူ..
ပုဖန်၏ဆံနွယ်များကလေထဲတွင်ဝဲပျံနေကာ သူ၏မျက်လုံးများကရုတ်ချည်းပွင့်လာချေ၏။
ဖြေးညင်းစွာမတ်တပ်ရပ်လိုက်စဉ်သူ၏ဟင်္သာပြဒါးဝတ်ရုံကလူးလွန့်သွားသည်။သူကလက်တစ်ဖက်ကို မဟူရာလိပ်ခုံးဒယ်အိုးပေါ်တင်၍ အခြားလက်တစ်ဖက်ဖြင့်အိုးကိုပုတ်လိုက်လေသည်။
မတိုးမကျယ်သောအသံတိမ်တိမ်တစ်ခုထွက်ပေါ်လာ၏။
ချက်ခြင်းပင် နှလုံးခုန်သံက ပဲ့တင်ထပ်လာသည်။ မဟူရာလိပ်ခုံးဒယ်အိုးအတွင်းရှိကြက်သွေးရောင်နှလုံးသားခုန်လှုပ်နေသည်နှင့်အမျှကြွယ်ဝသော အသားရနံ့လှိုင်လှိုင်က လွင့်ပျံထွက်ပေါ်လာပြီး ခန်းမအတွင်းလွင့်ပျံနေချေတော့သည်။
နှလုံးသားသည်အငွေ့ဖြူဖြူများထုတ်လွှတ်နေပြီး ရှုရှိုက်လိုက်သူတို့အားအေးမြသောရသပေးစွမ်းလေသည်။
ဟင်းပွဲ၏ပါဝင်ပစ္စည်းများထပ်မံလွင့်ပျံလာကာပုဖန်က ထိုပါဝင်ပစ္စည်းများကို ထောင်တျဲ့၏နှလုံးသားနှင့်ရောသမလိုက်ပြီး မဟူရာလိပ်ခုံးဒယ်အိုးအတွင်းပြန်လည်နေရာချထားလိုက်သည်။
အခိုက်အတန့်အကြာ၌ နှလုံးသည် အိုးအတွင်းရှိငွေရောင်အရည်များကိုစုပ်ယူလိုက်လေသည်။
လူတိုင်းအသက်အောင့်ထားမိလိုက်ကြသည်။
မဟူရာလိပ်ခုံးဒယ်အိုးအတွင်းမှာ တစ်မူထူးခြားဆန်းကြယ်တဲ့ဖြစ်ရပ်တစ်ခုခုဖြစ်နေသည်ကိုသူတို့ပင်ခံစားလို့ရသေးသည်။
အမျိုးစုံလင်သော ပန်းမန်များပွင့်ဖူးကြကုန်..
မနက်ခင်း၏ဆည်းလည်းသံနှင့် ညနေဆည်းဆာ၏တေးသံသာတို့လည်း မြည်ဟီးကြကုန်..
ရှေးဟောင်းသားရဲကြီး၏ ဝိဉာဉ်ပုံရိပ်ယောင်တစ်ခုက ကောင်းကင်ယံထံသို့ဦးတည်ဟိန်းဟောက်လိုက်ချေ၏။
ဆေးဖက်ဝင်ဟင်းလျာချက်ပြုတ်ခြင်း.. ပြီးပြည့်စုံသွားချေပြီ။