အပိုင်း ၇၉၇
Viewers 53k

အပိုင်း ၇၉၇

ထောင်တျဲစွပ်ပြုတ်တစ်ပွဲက ချူချန်းရှန်အတွက်အသက်တစ်ချောင်းပါပဲ


ပုဖန်၏အသံသည် ပုံမှန်သာဖြစ်နေသည်။ အလွန်မကျယ်သော်လည်း လူတိုင်းကိုအံ့ဩသွားစေသည်။ 


လျှိုကျားလီ တုန်လှုပ်သွားမိသည်။ သူ့မျက်လုံးများပြူးကျယ်လာကာ ပုဖန်ကိုမယုံကြည်နိုင်သည့်ပုံစံဖြင့်ကြည့်လိုက်သည်။


သူဘာပြောလိုက်တာလဲ...


ပုဖန်က အကြီးအကဲကို သူ့ရဲ့စားပွဲထိုးလုပ်ခိုင်းစေချင်တယ်တဲ့လား.... ဒါ..ဒါ.. ဒါကအရမ်းစိတ်ကြီးဝင်သွားပြီမဟုတ်လား.....


အကြီးအကဲက အစားကြူးတောင်ကြားရဲ့ ထောက်တိုင်ကြီးဖြစ်သလို ကြီးကျယ်မြင့်မြတ်တဲ့ဖြစ်တည်မှုတစ်ခုလေ.. ဘယ်လိုလုပ်ပြီးသူက စားသောက်ဆိုင်လေးတစ်ဆိုင်ရဲ့စားပွဲထိုးဖြစ်လာရမှာလဲ...


ဝီး..


ပတ်တီးများပြေလျော့သွားကာ ပတ်တီးများအောက်ရှိခန္ဓာကိုယ်ကိုမြင်လိုက်ရသည်။ ခန္ဓာကိုယ်သည် ပတ်တီးများအောက်မှတဖြေးဖြေးထွက်ပေါ်လာကာ လေထဲသို့ပျံတက်လာသည်။


ပထမထပ်နှင့် ကျောက်စိမ်းကြေးခွံစားသောက်ဆိုင်၏အပြင်ဘက်တွင် ပုံရိပ်လွှဲပြောင်းအစီအရင်မှ မြင်ကွင်းကိုမြင်လိုက်သည့်သူတိုင်း အံ့ဩမှင်သက်သွားခဲ့ကြသည်။


ဒါ အကြီးအကဲပဲ... အကြီးအကဲက အသက်ရှင်နေသေးတယ်


ချူချန်းရှန်၏ခန္ဓာကိုယ်ပေါ်တွင်ရှိသော ဒဏ်ရာများသည်သာမန်မျက်စိဖြင့်မြင်နိုင်သည့်နှုန်းဖြင့် ပြန်လည်သက်သာလာသည်။ သူ့အသွေးအသားများသည် တွန့်လိမ်လာကာ ခန္ဓာကိုယ်ပေါ်ရှိအပေါက်များကို ပြန်ပြည့်သွားစေသည်။ ကြီးမားဆန်းကျယ်သောစွမ်းအင်များထုတ်လွှတ်ကာ သူ့ပတ်ဝန်းကျင်တွင် တဝဲလည်လည်ဝန်းရံထားသည်။


ချူချန်းရှန် အသံကျယ်ကျယ်နှင့်ခပ်ကြာကြာအော်ဟစ်လိုက်သည်။ သူ၏အော်ရာများသည်ရုတ်ချည်းပင် အထွတ်အထိပ်သို့ ရောက်သွားတော့သည်။ 


သူ့မျက်လုံးကိုဖြေးညှင်းစွာဖွင့်လိုက်သည်။ ထိုမျက်လုံးများထဲတွင် စူးရှတောက်ပနေသောအလင်းရောင်များဖြင့်တောက်ပနေသည်။


ချူချန်းရှန်ပုဖန်ကိုလှည့်ကြည့်လိုက်သည်။


ပုဖန် သူ့ကိုမျက်နှာသေဖြင့်ပြန်ကြည့်လိုက်သည်။


ချူချန်းရှန် ပုဖန်ပြောလိုက်သည်ကို ကျယ်လောင်ပြတ်သားစွာကြားလိုက်ရသော်လည်း သူ ချီတုံချတုံဖြစ်နေမိသည်။


အခုကစပြီး သူ အစားကြူးတောင်ကြားရဲ့အကြီးအကဲမဟုတ်တော့ဘူးလား....


ချူချန်းရှန် မှင်တက်နေမိသည်။ ဒီနေ့ကသူ့ကိုဆွဲထားတဲ့ လေးလံတဲ့နှောင်ကြိုးတွေကိုဖြတ်ချရမယ့်နေ့များလား ...


ချူချန်းရှန်နှုတ်ဆိတ်နေမိသည်။ သူပုဖန်၏အပြောကို ချက်ချင်းအဖြေမပေးလိုက်နိုင်ချေ။


သူ့ရင်ဘတ်ထဲတွင် သန်မာကြံ့ခိုင်သည့်နှလုံးခုန်နှုန်းတစ်ခုကိုခံစားနေရသည်။ နှလုံးတစ်ချက်ခုန်လိုက်တိုင်း ကြီးမားသည့် အသက်စွမ်းအင်များကသူ့ခန္ဓာကိုယ်တစ်ခုလုံးကိုဖြတ်သန်းစီးဆင်းသွားပြီး သူ့ကိုခွန်အားပြည့်ဖြိုးစေသည်။


ဤမျှကြီးမားသည့်စွမ်းအားများကို ချူချန်းရှန်တစ်ခါမှမခံစားဖူးခဲ့ပေ။


"ဒီခံစားချက်က... တကယ့်ကိုသက်တောင့်သက်သာရှိတာပဲ"


ချူချန်းရှန်လက်မြှောက်လိုက်ပြီး သူ့ခန္ဓာကိုယ်တွင်စီးနှောင်ထားသောပတ်တီးကိုကိုင်မလိုက်သည်။ သူ့လက်သူကြည့်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။


ချူချန်းရှန်၏မျက်နှာသည် ငယ်ရွယ်နုပျိုသွားပြီး အရေးအကြောင်းများပျောက်ကွယ်ကာ တင်းတင်းရင်းရင်းဖြစ်လာပြီး ငယ်ရွယ်ချောမောသော လူငယ်လေးတစ်ယောက်ဖြစ်လာသည်။


ထိုလူငယ်လေး၏မျက်နှာသည် ပန်းပုထုထားသကဲ့သို့ပင်။ နှာခေါင်းက ပြီးပြည့်စုံစွာကွေးညွတ်နေကာ သက်ဝင်တောက်ပသောမျက်လုံးတစ်စုံနှင့် ကောင်းမွန်ထက်ရှသောမျက်ခုံးများရှိနေပေသည်။ သူ၏လှပသောသွင်ပြင်လက္ခဏာများသည် လူတိုင်းကိုရူးခါသွားစေနိုင်သည်။


ချူချန်းရှန်၏နုပျိုမှုသည် သူ့ထံပြန်လည်ရောက်ရှိလာလေပြီ။


သို့သော်လည်း ချူချန်းရှန်၏ဆံနွယ်များသည် ဖြူစွတ်နေဆဲဖြစ်ကာ ဆံသားတစ်မျှင်စီကပင် နူးညံ့ပြောင်လက်ကာ တောက်ပြောင်နေပေသည်။ ချူချန်းရှန်၏မျက်လုံးများသည် မဟူရာကောင်းကင်ကြီးသကဲ့သို့တောက်ပနေသည်။


"ခင်ဗျားမှာ ငြင်းဆန်ဖို့အခွင့်အရေးမရှိဘူး..."


ပုဖန်လက်ပိုက်ထားပြီး အေးစက်စွာပြောလိုက်သည်။


သူ့လေသံတွင် မရေမရာဖြစ်နေဟန် တစိုးတစိမျှရှိမနေပေ။


ချူချန်းရှန်အံ့အားသင့်သွားသည် ။ ဒီစားဖိုမှူးလူငယ်လေးကသူသိဖူးတဲ့လူရောဟုတ်ရဲ့လား... ဘယ်တုန်းကများ သူက ဩဇာအာဏာနဲ့ပြည့်စုံသွားရတာလဲ...


ချူချန်းရှန်မငြင်းဆန်သလို ငြင်းဆန်ခွင့်လည်းမရှိပေ။


သူသေခြင်းတရား၏အရသာကို တစ်ကြိမ်မြည်းစမ်းဖူးပြီဖြစ်၍ နောက်တစ်ကြိမ်ထပ်မသေချင်တော့ပါ။


အစားကြူးတောင်ကြားနှင့်နှောင်ကြိုးများသည် သေသွားခဲ့ပြီဖြစ်သောချူချန်းရှန်နှင့်သာသက်ဆိုင်ပေသည်။ ယခုတွင် အသစ်တဖန်ပြန်လည်မွေးဖွားလာသော ချူချန်းရှန်သည် ထောင်တျဲစားသောက်ဆိုင်၏ စားပွဲထိုးတစ်ယောက်မျှသာဖြစ်သည်။


၎င်းက အလွန်အမင်းရိုးစင်းပေသည်။


" အခုကစပြီးတော့ ငါကမင်းရဲ့စားပွဲထိုးတစ်ယောက်ဖြစ်သွားပြီ... အစားကြူးတောင်ကြားရဲ့ အကြီးအကဲတစ်ယောက်မဟုတ်တော့ဘူး..."

ချူချန်းရှန် တည်တည်ငြိမ်ငြိမ်နှင့်ပြောလိုက်သည်။


သူပြောနေစဉ်တွင် သူ့မျက်နှာသည်တည်ငြိမ်နေကာ ပုံမှန်သာဖြစ်နေသည်။ သူ့မျက်လုံးများတွင် မည့်သည့်မေးခွန်းကိုမျှဖော်ပြမနေပဲ ဟန်ဆောင်မှုကင်းနေသည်။


အစားကြူးတောင်ကြား၏လေးလံသောတာဝန်ဝတ္တရားနှောင်ကြိုးများကို နှစ်ပေါင်းများစွာထမ်းရွက်လာခဲ့ရခြင်းသည် သူ့ကိုအလွန်ပင်ပန်းစေသည်။ သူအလွန်ပင်ပန်းနေပြီဖြစ်သောကြောင့် လွှတ်ချလိုက်ခြင်းပင်။


"ကောင်းတယ်..."


ပုဖန်၏နှုတ်ခမ်းထောင့်များသည် လခြမ်းကွေးတစ်ခုကဲ့သို့ကွေးညွတ်သွားလေပြီး သူ၏ညာဘက်လက်ကိုဆန့်တန်းလိုက်သည်။


ဝှီး..


ချူချန်းရှန်ကို စီးနှောင်ထားသော အဖြူအနက်ပတ်တီးများသည် ချက်ချင်းပင်ပုဖန်ထံသို့ပြန်လည်ရောက်လာကာ သူ့လက်ကိုရစ်ပတ်လိုက်လေသည်။ ၎င်းသည် သူ၏ဖြူဖွေးသောအသားအရည်ကိုနောက်ထပ်တစ်ကြိမ်ဖုံးအုပ်သွားပြန်သည်။


"ဆိုင်ရှင်ပု ... ကျုပ်အသက်ကိုကယ်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်.. ထောင်တျဲနှလုံးသားစွပ်ပြုတ်တစ်ပန်းကန်က ချူချန်းရှန်အတွက်တော့အသက်တစ်ချောင်းပါပဲ.."


ချူချန်းရှန် သူ၏မုတ်ဆိတ်ဖြူဖြူကိုဆုပ်ကိုင်လိုက်ပြီး သူ့လက်ချောင်းမှ အစစ်အမှန်စွမ်းအင်ဓားတစ်ချောင်းကိုထုတ်လိုက်ကာ ၎င်းကိုဖြတ်ချလိုက်လေသည်။


မုတ်ဆိတ်ဖြူဖြူများက ကောင်းကင်ယံတွင် ပျံ့ကြဲသွားတော့သည်။


မုတ်ဆိတ်ရိတ်ပြီးနောက်တွင် ချူချန်းရှန်၏ရုပ်ရည်သွင်ပြင်သည်၍ပင် ထင်ရှားလာသည်။ သူ၏တောက်ပနေသောမေးစေ့နှင့် ဝမ်းနည်းနေသောမျက်လုံးများက လူများစွာ၏နှလုံးသားကို ဒုန်းစိုင်းခုန်ပေါက်သွားစေသည်။


သို့သော် အစားကြူးတောင်ကြားရှိလူများကိုပိုမို ထိတ်လန့်သွားစေသည်မှာ ချူချန်းရှန်က ပုဖန်၏တောင်းဆိုချက်ကိုလက်ခံလိုက်ခြင်းကိုပင်။


အကြီးအကဲက စားသောက်ဆိုင်စားပွဲထိုး တကယ်ကြီးဖြစ်လာတော့မှာလား...


ဘုရားရေ...


ဒီသတင်းသာပျံ့သွားရင် အစားကြူးတောင်ကြားတစ်ခုလုံး.... မဟုတ်သေးဘူး တိုက်မကြီးတစ်ခုလုံး ပြောင်းပြန်လန်သွားတော့မှာပဲ...


သန့်စင်နယ်မြေတွေသာ ဒီအကြောင်းကြားရင် နောက်ထပ်လှုပ်ရှားမှုတွေလုပ်ကြတော့မှာ


ရှူး


လူတိုင်း၏ အမူအယာများပြောင်းလဲသွားကြသည်။


ချူချန်းရှန် မြေပြင်ပေါ်သို့ခပ်ဖြေးဖြေးဆင်းသက်လိုက်ပြီး ပုဖန်ကို လေးလေးစားစားဦးညွတ်လိုက်သည်။


ခဏအကြာတွင် ချူချန်းရှန်သည်နောက်သို့လှည့်ကာ လှေကားပေါ်မှဆင်းလိုက်သည်။


ခြေတစ်လှမ်းလှမ်းလိုက်ပြီးနောက်တွင် ချူချန်းရှန်၏အော်ရာများသည် ရုတ်တရက်တဟုန်ထိုးတက်လာတော့သည်။ သူ့ခေါင်းနောက်တွင် စိတ်ဝိဉာဉ်လှေကားထစ်များထွက်ပေါ်လာပြီး စုစုပေါင်းရှစ်ဆင့်ရှိပေသည်။


နောက်ထပ်ခြေတစ်လှမ်း လှမ်းပြီးချိန်တွင် သူ၏စိတ်ဝိဉာဉ်လှေကားရှစ်ဆင့်တွင်တစ်ဆင့်ထပ်တိုးလာသည်။ ကိုးဆင့်မြောက်စိတ်ဝိဉာဉ်လှေကားထစ်ထွက်ပေါ်လာတော့သည်။


သို့သော် ထိုမျှနှင့်အဆုံးမသတ်ပေ။


ချူချန်းရှန်ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူ၏အော်ရာသည်လျှင်မြန်စွာမြင့်တက်လာသည်။ ခဏအတွင်းပင် သူ၏စိတ်ဝိဉာဉ်လှေကားကိုးထစ်၏အထက်တွင် နတ်ဘုရား ယဇ်ပလ္လင် တစ်ခုပေါ်ထွက်လာသည်။ ထိုယဇ်ပလ္လင်သည် အလင်းရောင်များကိုထုတ်လွှတ်နေပြီးအလွန်အမင်းတောက်ပနေသည်။


ကြီးကျယ်ခမ်းနားသောအလင်းရောင်သည် သူ၏ရင်ဘတ်ထဲမှပေါ်ထွက်လာပြီး သူ့နှလုံးခုန်သံသည်နားအူမတတ်ဆူညံလာသည်။


ထောင်တျဲ၏နှလုံးသားနှင့်ချူချန်းရှန်တို့သည် ပြီးပြည့်စုံစွာ ပဲ့တင်ထပ်နေကြသည်။


လှေကားပေါ်တွင်မတ်တတ်ရပ်နေရင်း မြေပြင်ပေါ်ကိုကြည့်လိုက်ကာ ချူချန်းရှန်သည် သူ၏လျှပ်စီးနှင့်တူသောမျက်လုံးများဖြင့် ဒရောသောပါးနှင့်မတ်တတ်ထထိုင်ရန်ကြိုးစားနေသော ရန်ချန်းကိုကြည့်လိုက်သည်။


ရန်ချန်းသည် သူ၏သည်းခြေရေများပင် လျှံထွက်လာသည်ဟုခံစားလိုက်ရသည်။ သူနှင့်မနီးမဝေးတွင် သူ့လက်သူပွတ်နေသော ငရဲဘုရင်အာဟကို အကြောက်တရားအပြည့်ဖြင့်ကြည့်လိုက်သည်။


"ဟလေး အပေါ်တက်လာခဲ့... သူတို့ရဲ့အခန့်မသင့်မှု တွေကို သူတို့ဘာသာဖြေရှင်းပါစေ"

ပုဖန်၏ ခပ်တိုးတိုးအသံက ဒုတိယထပ်မှပျံ့လွင့်လာသည်။


ငရဲဘုရင်အာဟ၏မျက်လုံးများသည် ရုတ်ချည်းပင် တောက်ပလာသည်။ ရန်ချန်းကိုတစ်ချက်ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းများက ကောက်ကျစ်စွာတွန့်ချိုးသွားတော့သည်။ရန်ချန်းသည် သူ့ဗိုက်သူကိုင်ထားပြီး တသိမ့်သိမ့်တုန်နေပေသည်။


ခဏအကြာတွင် ငရဲဘုရင်အာဟသည် အပေါ်ထပ်သို့ လျှင်မြန်စွာတက်သွားသည်။


ချူချန်းရှန်ဘေးကဖြတ်သွားရင်း အာဟမျက်ခုံးပင့်မိသွားကာ ချူချန်းရှန်ကို သံသယဖြင့်ကြည့်လိုက်သည်။


"မဆိုးပါဘူး... အခုမင်းသူ့ကိုသတ်နိုင်ပြီပေါ့ .. ဒီဘုရင်က သူ့ကိုမင်းအတွက်အထူးသီးသန်ချန်ထားပေးတာနော်.. မင်းသာသူ့ကိုသေတဲ့အထိမရိုက်နိုင်ဘူးဆိုရင်တော့ရှက်စရာပဲ.."


ငရဲဘုရင်အာဟက အပြုံးလေးဖြင့်ပြောလိုက်သည်။ ထို့နောက် ချူချန်းရှန်ကိုဖြတ်ကျော်သွားပြီး ပုဖန်၏ဘေးတွင်ရပ်လိုက်သည်။ သူ့လက်သူပွတ်နေရင်း သူ့မျက်နှာတွင် မျှော်လင့်ချက်များပြည့်နှက်နေပေသည်။


ချူချန်းရှန်၏မျက်လုံးများသည် ရန်ချန်းထံသို့ကျရောက်သွားသည်။


သူ့ခေါင်းပေါ်ရှိ နတ်ဘုရားယဇ်ပလ္လင်သည် အလင်းရောင်များဖြင့်တောက်ပနေသည်။ ထောင်တျဲ၏နှလုံးသားဖြင့်ပင် သူ၏ကျင့်ကြံခြင်းအဆင့်သည် စိတ်ဝိဉာဉ်နတ်ဘုရားနယ်ပယ်သို့မြင့်တက်သွားသည်။


သူနတ်ဘုရားမီးတောက်ကိုမထွန်းညှိနိုင်သေးသော်လည်း ထောင်တျဲ၏နှလုံးသားဖြင့်ဆိုပါက မကြာမီထွန်းညှိလိုက်နိုင်ပြီး ဂိုဏ်းခေါင်းဆောင်အဆင့်သို့မကြာမီရောက်ရှိသွားပေမည်။


မည်သို့ပင်ဆိုစေ သူဂိုဏ်းခေါင်းဆောင်တစ်ယောက်၏စွမ်းအားများကိုရရှိမည်ဆိုသော်လည်း သူသည်စားပွဲထိုးတစ်ယောက်သာဖြစ်လာမည်မှန်း.... ချူချန်းရှန်သိပေသည်။

.

သို့သော် ယင်းမတိုင်မီတွင် သူဖြေရှင်းရန်အလုပ်ကိစ္စအချို့ရှိလေသည်။


"ပိုင်ရှင်ပုကမင်းကို အဆုံးသတ်လိုက်ဖို့ ကြင်နာစွာနဲ့ခွင့်ပြုပေးခဲ့တာကြောင့် ငါသူ့ကိုအားနည်းတဲ့ပွဲဦးထွက်ခြင်းနဲ့ စိတ်ပျက်စေလို့မဖြစ်ဘူး..."

ချူချန်းရှန် လှေကားတစ်ဆင့်ချင်းဆင်းရင်းပြောလိုက်သည်။


ခြေလှမ်းတစ်လှမ်းတိုင်းတွင် လှေကားများသည်စတင်အက်ကွဲလာကာ အပျက်အဆီးများကိုနေရာအနှံ့သို့ပျံနှံ့နေစေသည်။ သို့သော် ချူချန်းရှန်က တဖြေးဖြေးချင်းသာဆင်းလာလေသည်။


ခဏအတွင်းပင် သူသည်ပထမထပ်သို့ရောက်ရှိလာသည်။


ရန်ချန်း မတ်တတ်ရပ်နိုင်သွားပြီး သူ့ပါးစပ်တင်စွန်းပေနေသော သွေးများကိုသုတ်လိုက်သည်။ သူ့မျက်စိသူငယ်အိမ်များက ကျဉ်းမြောင်းသွားတော့သည်။


" မင်းအသက်ပြန်ရှင်လာတိုင်း မင်းကိုယ်မင်း မရှုံးနိုင်တော့တဲ့လူလို့ထင်နေတာလား... မင်းကအခုမှ နတ်ဘုရားယဇ်ပလ္လင်ကိုဖွဲ့စည်းပြီးတာ ငါ့ရှေ့မှာလာပြီးဟောင်ဖွာဟောင်ဖွာလုပ်ဖို့ မင်းမှာဘယ်ကအခွင့်အရေးတွေရှိနေလို့လဲ..."

ရန်ချန်းပြင်းပြင်းထန်ထန်အော်ဟစ်လိုက်သည်။


ခပ်ဖြေးဖြေးပင် သူ၏ရှည်လျားသောလေးကိုဆုပ်ကိုင်လိုက်ပြီး တိုက်ခိုက်ရန်ပြင်လိုက်သည်။


"ငါမင်းကိုတစ်ကြိမ်သတ်ပြီးသား... ပြီးတော့ ငါမင်းကိုဘယ်အချိန်မဆိုထပ်သတ်နိုင်သေးတယ်" 


"ငါကအစားကြူးတောင်ကြားရဲ့အကြီးအကဲမဟုတ်တော့ပေမယ့် ငါတို့ကြားက အာဃာတကိုတော့ဖြေရှင်းရမယ်..."


ချူချန်းရှန်ပြောလိုက်သည်။


အလင်းများ ရောင်ပြန်ဟပ်နေသောမျက်နှာချောချောသည် လူပေါင်းများစွာကို အံ့အားသင့်သွားစေသည်။


အိုး... ဒါသူတို့ရဲ့ အကြီးအကဲလုံးဝမဟုတ်တာသေချာတယ်....


အဝေးတစ်နေရတွင် မိုလျှိုကျိက အဆိုပါမြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့်ရပ်ကြည့်နေသည်။


ထောင်တျဲ၏နှလုံးသားက ဤမျှလောက်အစွမ်းထက်မည်ဟု သူတစ်ခါမှမတွေးမိဖူးချေ။


မဟုတ်ဘူး...


ပုဖန်ချက်လိုက်ပြီးတော့မှ ထောင်တျဲရဲ့နှလုံးသားကပိုပြီး အစွမ်းထက်လာတာလို့ပြောရင် ပိုသင့်တော်မယ်.. မချက်ပြုတ်ရသေးသော နှလုံးသည် ချူချန်းရှန်ကိုအသက်ဆက်ရှင်ရုံသာဆွဲဆန့်ပေးနိုင်လေသည်။


သူ၏နုပျိုမှုကိုပြန်လည်ရရှိစေရန်နှင့် သူ၏တိုက်ပွဲဝင်စွမ်းအင်များကိုမြင့်တက်စေရန်က အလွန်ခက်ခဲပေသည်။


မိုလျှိုကျိသည် နှစ်ဒါဇင်ပေါင်းများစွာ သူ့ကိုဖြုတ်ချဖို့ကြိုးစားခဲ့သည့် ချူချန်းရှန်ကိုကြည့်လိုက်သည်။


မိုလျှိုကျိ၏နှုတ်ခမ်းထောင့်များသည် တွန့်လိမ်သွားတော့သည်။


‌ကောင်းကင်ဘုံကြယ်တာရာဇယားသည် သူ၏လက်ထဲတွင်ပေါ်ပေါက်လာသည်။ ပြင်းထန်သည့်အရှိန်တစ်ခုကိုခံစားလိုက်ရပြီး ဇယားကိုစတင်၍ခွဲခြမ်းစိတ်ဖြာတော့သည်။


ချူချန်းရှန်၏ကံကြမ္မာသည် ယခုအချိန်တွင် ကောင်းမွန်သည့်ဘက်ကိုပြောင်းလဲနေသည်ဟူသော ထူးဆန်းသည့်ခံစားချက်ကိုရလိုက်ပေသည်။


ရုတ်တရက်


ဇယားသည် တုန်ခါသွားပြီး သန်းပေါင်းများစွာသောကြယ်အလင်းများက ထိုဇယားမှထွက်ပေါ်လာသည်။


မိုလျှိုကျိမူးဝေသွားသည်။ သူ့နှာခေါင်းသွေးယိုကျလာကာ သစ်ကိုင်းပေါ်မှ မြေပြင်သို့ခေါင်းဖြင့်ပြုတ်ကျသွားသည်။


၎င်းက သူတွက်ချက်နိုင်သည့်နယ်ပယ်ကိုထပ်မံကျော်လွန်သွားသောကြောင့်ပင်...


အလွန်အမင်းကြောက်စရာကောင်းလှပေသည်။


ဒီပုဖန်က သူတော်စင်သမီးတော်ရဲ့ နှလုံးသားနတ်ဆိုး ဖြစ်ဖို့တကယ်ကြီးထိုက်တန်တာပဲ... သူ ပုဖန်ကို ပြန်ခေါ်မသွားနိုင်သည့်ပုံပင်ပေါက်နေချေပြီ။


မြေပြင်ပေါ်မှတွားသွားကာထလိုက်ပြီး သွေးစို့နေသောနှာခေါင်းကိုပွတ်သုတ်လိုက်သည်။ ပုဖန်ကို ရှုပ်ထွေးနေသောအကြည့်များဖြင့်ကြည့်ကာ သစ်ပင်ပေါ်သို့ယိုင်ကာမှီလိုက်ပြန်သည်။


သူ ဤမြင်ကွင်းကိုကြည့်ပြီးသည့်နောက်တွင် ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေသို့ပြန်ရန်ဆုံးဖြတ်လိုက်သည်။


သူ အဘွားမိုကို ပုဖန်အကြောင်း သတင်းပို့ရန်လိုအပ်ပေသည်။ သူတော်စင်သမီးတော်၏နှလုံးသားနတ်ဆိုးကိုပြန်မခေါ်လာနိုင်ခဲ့ပေ။ ထိုအရာကအလွန်ဆိုးဝါးလွန်းပေသည်။


သူ့တွင်လွတ်လမ်းမရှိလေသောကြောင့် အလွန်ဝမ်းနည်းပက်လက်ဖြစ်မိသွားသည်။


ပုဖန်ကိုပြန်ခေါ်သွားရန်အတွက် သူ ပုဖန်ကိုအနိုင်ယူ၍မရသလို လှည့်စား၍လည်းမရချေ။


သူသာ ဒီနေရာမှာကြာကြာဆက်နေပါက ဘယ်သောအခါမှထွက်သွား၍မရမည်ကိုပင်ကြောက်ရွံ့လာမိသည်။ ဤနေရာတွင်သွေးဆောင်ဖျားယောင်းနိုင်သောအရာများစွာရှိပေသည်။ အရမ်းအရသာရှိသောအစားအစာများလည်းရှိ၍ နိဗ္ဗာန်ဘုံအလားပင်။


ဘုန်း


ကျောက်စိမ်းကြေးခွံစားသောက်ဆိုင်မှ ပေါက်ကွဲထွက်လာသော အသံလှိုင်းများစွာထွက်ပေါ်လာသည်။


ရန်ချန်း၏ရှေ့တွင် ခမ်းနားထည်ဝါသောအသွင်နှင့်အစောင့်များစွာက ၎င်းတို့၏မျက်လုံးများထဲတွင် အလင်းရောင်များစွာတောက်ပနေရင်း ရန်ချန်းကိုကာကွယ်ပေးနေလေသည်။


ချူချန်းရှန် လက်ပိုက်လိုက်ပြီး ရှေ့သို့ခပ်ဖြေးဖြေးရွေ့လျားသည်။ သူ၏ခြေလှမ်းတစ်လှမ်းတိုင်းသည် မြေပြင်ကိုလှုပ်ခါစေသည်။


"ကောင်းကင်ဘုံအချုပ်အနှောင်အစီအရင်ကိုအသက်သွင်းစေ... ချူချန်းရှန်ကို ခုတ်ပိုင်းကြစမ်း.."


ရန်ချန်းအော်ဟစ်လိုက်သည်။ ချူချန်းရှန်ကိုထက်ရှနေသောအကြည့်များဖြင့်ကြည့်ကာ နာကျင်မှုများကိုလျော့ကျသွားစေရန်သူ့ဗိုက်သူပွတ်နေလိုက်သည်။


ဒုတိယထပ်ဝင်ပေါက်တွင် ပုဖန်နှင့်အခြားသူများက အောက်ထပ်ရှိတိုက်ပွဲကို ရပ်ကြည့်နေကြလေသည်။


ရန်ချန်းခေါင်းမော့လိုက်ကာ ပုဖန်ကိုမုန်းတီးခြင်းအပြည့်ဖြင့်ကြည့်လိုက်သည်။


ဆိုင်ရှင်ပု... အဲ့ဒီ့‌ေ-ာက်ကျိုးနည်းဆိုင်ရှင်ပု..


"သူ့ကိုသတ်စမ်း..."


ကောင်းကင်ဘုံအချုပ်အနှောင် အစီအရင်အသက်ဝင်လာလေပြီ။


အစောင့်များ၏ခြေလှမ်းများသည် ဝေခွဲမရဖြစ်နေစေကာ ခဏအကြာတွင် သူတို့၏ခေါင်းတစ်ခုချင်းဆီ၏အထက်တွင် စိတ်ဝိဉာဉ်ပုံရိပ်တစ်ခုဆီပေါ်လာသည်။ ထိုစိတ်ဝိဉာဉ်ပုံရိပ်များက စုဝေးသွားပြီး မကောင်းဆိုးဝါးပုံစံတစ်ခုဖြစ်ပေါ်လာသည်။


မကောင်းဆိုးဝါးဆန်ဆန် ပုံရိပ်ကြီးသည် ထစ်ချုန်းမြည်တမ်းနေသော အနက်ရောင်ချိန်းကြိုးတစ်ခုကိုကိုင်ထားလေသည်။ 


မကောင်းဆိုးဝါးကြီးသည်ချူချန်းရှန်ကိုစိုက်ကြည့်နေကာ ၎င်း၏မျက်လုံးများတွင် အမျက်ဒေါသများတောက်လောင်လာတော့သည်။


ခဏအကြာတွင် အစောင့်များသည်ရှေ့သို့တိုးလာပြီး သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့်အော်ဟစ်လိုက်သည်။


ကြောက်မက်ဖွယ်ရာလေပြင်းများတိုက်ခတ်လာပြီး ချူချန်းရှန်၏ဆံပင်များကို လွင့်ပျံသွားစေသည်။


ချူချန်းရှန်၏မျက်လုံးများသည် တည်ငြိမ်နေဆဲဖြစ်ကာ လက်ပိုက်ထားပြီး မျက်နှာသေဖြင့်ရှိနေလျက်ရှိသည်။


သူ၏ နတ်ဘုရားယဇ်ပလ္လင်သည်ပို၍တောက်ပလာတော့သည်။


ချွင် ချွင်


ချိန်းကြိုးက လေထုထဲတွင် အလျားလိုက်လွင့်ပျံလာသည်။ ၎င်းက ပထမထပ်ရှိနံရံများကိုပျက်ဆီးသွားစေပြီး ချူချန်းရှန်ထံဦးတည်လာသည်။ 


ဘုန်း


နားကန်းလုမတတ်ပေါက်ကွဲသံပဲ့တင်ထပ်သွားသည်။


ထိုအချိန်တွင် အရာအားလုံးတိတ်ဆိတ်သွားသည်။


အစောင့်များသည် အံ့ဩလွန်း၍ဆွံ့အသွားကာ လေအေးတစ်ချက်ရှူသွင်းမိသည်။


၎င်းတို့၏ရှေ့တွင် ချူချန်းရှန်က သူ၏လက်ကိုမြှောက်ပြီး ရေခဲကဲ့သို့အေးစက်ကာနက်မှောင်နေသောချိန်းကြိုးကိုဖမ်းလိုက်သည်။


ဟူးလားလား


လူတိုင်း ချိန်းကြိုးကိုဖမ်းဆုပ်ထားသည့်ချူချန်းရှန်၏လက်များကကြီးမားလာသည်ကိုမြင်လိုက်ရသည်။ ၎င်းသည် ကျောက်တုံးကဲ့သို့မာကျောနေသောကြွက်သားများဖြင့် ကြောက်မက်ဖွယ်ကောင်းလောင်အောင် ကြီးမားဖောင်းကားလာပေသည်။


သူ ထိုချိန်းကြိုးကို ရုတ်ချည်းပင် ဖျစ်ညှစ်၍ချေမွလိုက်လေသည်။


ထို့နောက် သူ့လက်သီးချက်ကို မကောင်းဆိုးဝါးပုံရိပ်ထံသို့ဦးတည်၍ထိုးနှက်လိုက်ပေသည်။