အပိုင်း ၇၉၈
Viewers 53k

အပိုင်း ၇၉၈

ဧရာမလူသား ချူချန်းရှန်


ချူချန်းရှန်၏ကြွက်သားများသည် ရုတ်တရက်ကြီးထွားလာသောကြောင့် သူ့ခန္ဓာကိုယ်ကို ကိုးရိုးကားရားနိုင်သွားစေသည်။


သူ၏သွင်ပြင်သည်ပြောင်းလဲသွားကာ ဖောင်းကားနေသောကြွက်သားများသည် သူ၏ တောင်ပြောင်ချောမွတ်နေသောအသားအရည်ကို ဆွဲဆန့်သွားပြီး ဖြူဝင်းနေသောအသားအရည်သည် နီညိုရောင်အဖြစ်သို့ ရုတ်ချည်းပင် ပြောင်းလဲသွားလေသည်။


မကောင်းဆိုဝါးပုံရိပ်ကြီး၏ ဧရာမချိန်းကြိုးကြီးသည် လေထုထဲတွင်ပြင်းထန်စွာရွေ့လျားသွားသော်လည်း ချူချန်းရှန်က၎င်းကို လက်ဗလာဖြင့်ဖမ်းဆုပ်လိုက်သည်။


ချူချန်းရှန်သည် တည်ငြိမ်နေသောမျက်နှာအမူအယာရှိနေပြီး သူ၏ဆံနွယ်ဖြူများသည် ရေတံခွန်ငယ်ကဲ့သို့ဝဲဖြာနေပေသည်။ သူ၏ငယ်ရွယ်ချောမောသောမျက်နှာတွင် အေးစက်စက်အပြုံးတစ်ခုကိုချိတ်ဆွဲထားပြီး အသက်ရှူထုတ်လိုက်တိုင်း မျက်တောင်များတသိမ့်သိမ့်တုန်သွားလေသည်။


ဘုန်း


သူကျစ်ကျစ်ဆုပ်ကိုင်လိုက်သောအခါ ထိုချိန်းကြိုးသည် ချက်ချင်းပင် ကွဲကြေသွားတော့သည်။


ချူချန်းရှန်၏မျက်လုံးများ လင်းလက်တောက်ပလာသည်။ သူ့ခေါင်းအထက်တွင် စိတ်ဝိဉာဉ်လှေကားကိုးဆင့်ရှိပြီး အလင်းရောင်များထုတ်လွှတ်နေပေသည်။ နတ်ဘုရားယဇ်ပုလ္လင်သည်ထို စိတ်ဝိဉာဉ်လှေကား၏အထက်တွင် ရစ်ဝဲနေပြီး စွမ်းအင်လှိုင်းလုံးများထနေပေသည်။


သူမြေပြင်ပေါ်ကိုခြေဆောင့်လိုက်သည်။ မြေပြင်သည်ချက်ချင်းဆိုသလို ကျယ်လောင်သောအသံဖြင့် အက်ကွဲသွားပြီး ကျောက်အကျိုးအပဲ့များကိုနေရာအနှံ့သို့ပျံ့နှံ့သွားစေသည်။ 


ချူချန်းရှန် သူ၏ကြီးမားသောလက်သီးကြီးကိုလွှဲရမ်းလိုက်ပြီး လေဟာနယ်ကိုကျိုးပျက်သွားစေသည်။ 


ရန်ချန်း၏အစောင့်များသည် ထိုအင်အားကိုတုန့်ပြန်ရန် သူတို့၏မျက်လုံးများကိုမှိတ်ချလိုက်သည်။


ထိုလူ့ဘီလူးကြီးကို ကြည့်လိုက်ပြီး သူတို့၏မျက်လုံးထဲတွင်အကြောက်တရားများကြီးထွားလာသည်။


ချူချန်းရှန်၏မျက်လုံးများမှ သတ်ဖြတ်လိုသောအော်ရာများသည် နေရာအနှံ့သို့ရိုတ်ခတ်သွားသည်။ ဤနေရာတွင်ရှိနေကြသောလူများသည်အစားကြူးတောင်ကြားကိုလှောင်ပြောင်သရော်ရန် ရောက်လာကြသောသူများဖြစ်ကြသည်။သူသည် ယနေ့ပြီးလျှင် အကြီးအကဲတစ်ယောက်ဆက်ဖြစ်နေ တော့မည်မဟုတ်ပါ။ ထို့ကြောင့် ယခုအချိန်တွင်သူလုပ်နိုင်သည့်အရာမှာ အစားကြူးတောင်ကြားအတွက်အနှောင့်အယှက်အတားအဆီးများကို ရှင်းလင်းရန်ဖြစ်သည်။


အစားကြူးတောင်ကြားကို ခြိမ်းခြောက်ခဲ့သည့်သူတိုင်း သေရပေမည်။


ချူချန်းရှန် ကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်သည်။ သူ၏ဆံနွယ်ဖြူများသည် ကောင်းကင်ကိုဖောက်ထွက်ချင်သယောင်ဖြင့် ထောင်ထလာတော့သည်။


သူ၏ကျယ်လောင်ကြာရှည်သော အော်ဟစ်သံသည် ကမ္ဘာကြီးတစ်ခုလုံးကိုပင် လှုပ်ခတ်သွားစေခဲ့သည်။


ဝုန်း ဝုန်း


ချူချန်းရှန် နောက်လက်တစ်ဖက်ကိုမြှောက်လိုက်သည်။ သူ၏ကြွက်သားများရွေ့လျားသွားကာ ရုတ်ချည်းပင် သူ့လက်မောင်းသည် ကျောက်တုံးကဲ့သို့မာကျောကျစ်လျစ်နေသော ကြွက်သားများဖြင့် ကြီးမားကျယ်ပြန့်လာတော့သည်။


မကောင်းဆိုးဝါးပုံရိပ်ကြီးသည်လည်း ပါးစပ်ဟကာ အော်ဟစ်ဟိန်းဟောက်လိုက်သည်။ ၎င်း၏ခါးအထက်ရှိ စွမ်းအင်ဓားတစ်ချောင်းကိုဆွဲထုတ်လိုက်ပြီး ချူချန်းရှန်ကိုခုတ်ပိုင်းလိုက်သည်။


စွမ်းအင်ဓားသည် ကျယ်လောင်သောအသံပြုနေကာ တရှဲရှဲမြည်နေပေသည်။ ၎င်းသည် လေထုကိုကြေမွသွားစေတော့မည့်လေချွန်သံတစ်ခုကိုထုတ်ဖော်လိုက်ကာ လေထုကိုဆုတ်ဖြဲနေပေသည်။


ဘုန်း


ချူချန်းချန် လက်မြှောက်လိုက်ပြီး ဓားကိုလက်တစ်ဖက်တည်းနှင့်ဖမ်းဆုပ်လိုက်သည်။


သူ့မျက်လုံးများသည် စူးရှကာတောက်ပနေသည်။သူသည် ပါးစပ်ဖွင့်၍ ကျယ်လောင်သောအော်သံတစ်ခုပြုလိုက်ကာ ဓားကို ဖျစ်ညှစ်လိုက်သောကြောင့် ဓား၏မျက်နှာပြင်တွင် သိပ်သည်းလှသောအက်ရာများစွာပေါ်ပေါက်လာသည်။


ရန်ချန်း မျက်လုံးပြူးမိသွားသည်။


ချူချန်းရှန်ရဲ့ ခန္ဓာကိုယ်က ဘာလို့ အရမ်းကြောက်ဖို့ကောင်းလာရတာလဲ..


ဤမကောင်းဆိုးဝါးပုံရိပ်သည့် သူ၏ရှေးဟောင်းကျောက်စိမ်းသန့်စင်နယ်မြေ၏လျှို့ဝှက်နည်းပညာဖြင့် ပြုလုပ်ထားသောအရာဖြစ်ပြီး တန်ခိုးရှင်နယ်ပယ်တ်ာရှိမှုများနှင့်ပင်ယှဉ်ပြိုင်နိုင်ပေသည်။


သို့သော် ယခုတွင်တော့ သူတို့၏မကောင်းဆိုးဝါးပုံရိပ်ကြီးသည် ချူချန်းရှန်၏ချေမှုန်းခြင်းကိုခံလိုက်ရပုံပေါ်သည်။


ရန်ချန်းမျက်နှာပျက်သွားပြီး မယုံကြည်နိုင်ဖြစ်နေသည်။ ထောင်တျဲ၏နှလုံးသားသည် ချူချန်းရှန်ကို ပြန်လည်ရှင်သန်လာစေသည်မှာ မှန်သော်လည်း ၎င်းက ချူချန်းရှန်၏ တိုက်ခိုက်ရေးစွမ်းအားများကိုမည်မျှပမာဏအထိ တိုးမြှင့်သွားစေခဲ့ပါသနည်း။ 


ဒီလိုမြှင့်တင်ပေးမှုမှာ ဘေးထွက်ဆိုးကျိုးရှိလောက်လား... ဒီလိုအပေါ်ယံတိုးတက်မှုမျိုးက ဘယ်လိုလုပ်ပြီးတော့ သူ့ကိုယှဉ်ပြိုင်နိုင်မှာလဲ...


"ငါမင်းတို့ကို သူ့ကိုသတ်ဖို့ အမိန့်ပေးတယ်..."

ရန်ချန်း အော်ပြောလိုက်သည်။


"ဟုတ်ကဲ့ ခေါင်းဆောင်..."


အစောင့်များ အတူတကွအော်ဟစ်လိုက်သည်။ သူ့တို့ဘေးပတ်လည်တွင်ရှိသော ကျောက်စိမ်းအဆောင်များပေါက်ကွဲသွားတော့သည်။


ဝှီး


ထူထပ်သိပ်သည်းသောစွမ်းအင်များသည် မကောင်းဆိုးဝါးပုံရိပ်ကြီးထံသို့ထပ်မံ၍ စီးဆင်းသွားပြီး ၎င်း၏ ပုံသဏ္ဍာန်သည်ပို၍ ခိုင်မာကျစ်လျစ်လာသည်။


ကျိုးပဲ့သွားသော စွမ်းအင်ဓားသည်လည်း ပြန်လည်ကောင်းမွန်လာသည်။


ချူချန်းရှန်၏ ဆံနွယ်ဖြူဖြူများသည် လေဟာနယ်ကိုဆုတ်ဖြဲနေသော ဓားရှည်ကြီးတစ်ချောင်းကဲ့သို့ ပျံ့လွင့်နေသည်။


သူ့နှာခေါင်းပေါက်များသည် နဂါးတစ်ကောင်ကဲ့သို့စွမ်းအင်များကိုမှုတ်ထုတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်သည် လှုပ်ခါသွားခဲ့သည်။


ကြောက်မက်ဖွယ်ရာကြွက်သားများက ချူချန်းရှန်၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖြန့်ကျက်သွားသည်။


ရုတ်တရက် ချူချန်းရှန်၏ ခန္ဓာကိုယ်သည် ရှည်လျားလာပြီး နှစ်မီတာထက်ပင်မြင့်မားသော လူ့ဘီလူးကြီးတစ်ကောင်ဖြစ်လာသည်။ 


ထိုလူ့ဘီလူကြီး၏ခေါင်းပိုင်းသည် ချောမောနူးညံ့သော ချူချန်းရှန်၏မျက်နှာဖြစ်နေဆဲဖြစ်ပြီး သူ့ခန္ဓာကိုယ်သည်လည်း လူငယ်လေးတစ်ယောက်၏ခန္ဓာကိုယ်သာဖြစ်နေဆဲပင်။


ထိုအရာသည် အလွန်ကိုးယိုးကားယားနိုင်ပြီး လူတိုင်းကိုထူးထူးဆန်းဆန်းခံစားရစေသည်။


အကြီးအကဲက ဘယ်လိုဧရာမကြီးအဖြစ် ပြောင်းသွားရတာလဲ...


လူတိုင်း၏စိတ်နှလုံး တုန်လှုပ်ခြောက်ခြားသွားတော့သည်။ ၎င်းသည် သူတို့စိတ်ကူးထားသည်ထက်ကျော်လွန်နေပေသည်။


ဝုန်း ဝုန်း ဝုန်း


ကြီးမားသွားသော ချူချန်းရှန်သည် ပို၍ကြမ်းကြုတ်လာလေသည်။


သူသည် လေထဲတွင်အရှိန်မြှင့်လိုက်ရင်း ဓားရှည်ထဲသို့ ပို၍အားစိုက်၍ကိုင်လိုက်ပြီး မကောင်းဆိုးဝါးပုံရိပ်ကြီး၏ခန္ဓာကိုယ်ထဲသို့ အဆိုပါစွမ်းအင်ဓားကြီးကို ထိုးစိုက်လိုက်သည်။


ဝှစ်


ကြီးမားသည့် မကောင်းဆိုးဝါးပုံရိပ်ကြီးသည် ၎င်း၏ကိုယ်ပိုင်စွမ်းအင်ဓားဖြင့် အလည်မှပိုင်းဖြတ်ခံလိုက်ရသည်။


စွမ်းအင်အမျှင်များစွာ ပျံ့ကျဲသွားတော့သည်။


ဝုန်း ဝုန်း ဝုန်း


ကျောက်စိမ်းကြေးခွံစားသောက်ဆိုင်ထဲတွင် ပရမ်းပတာဖြစ်နေလေသည်။ အဆောက်အဦးတစ်ခုလုံးတုန်ခါနေကာ သဲနှင့်ကျောက်ခဲများက အခန်းထဲတွင်ထောင်းထောင်းထနေသည်။ နောက်ဆုံးတွင် ခေါင်မိုးပင် ကွဲအက်သွားတော့သည်။


ထိုမြင်ကွင်းကိုမြင်လိုက်သောအခါ လျိုကျားလီ ရင်နာသွားရသည်။နှုတ်ခမ်းများက ပြင်းပြင်းထန်ထန်တုန်လှုပ်နေပြီး အခြားသူများထက်ပို၍အထိတ်တလန့်ဖြစ်နေသည်။


ပုဖန်၏အဖွဲ့သည် ဒုတိယထပ်တွင်ရပ်နေဆဲပင်။ ဒုတိယထပ်သည်မကြာမီ ပြိုကျပျက်ဆီးတော့မည်ဖြစ်သော်လည်း မသိဟန်ဆောင်ကာတိုက်ပွဲကိုသာဆက်ကြည့်နေဆဲပင်။ 


ဘုန်း


မကောင်းဆိုးဝါးပုံရိပ်ကြီးသည် အပိုင်းပိုင်းပျက်ဆီးသွားကာ ထောင်ချီသောစွမ်းအင်အမျှင်လေးများအဖြစ်ပြောင်းလဲသွားသည်။


ထို့နောက် ချူချန်းရှန်သည် မြေပြင်ပေါ်သို့ဆင်းသက်လိုက်သည်။ ကောင်းကင်ပေါ်မှ ရက်စက်ကြမ်းကြုတ်သော သားရဲကြီးတစ်ကောင်ဆင်းသက်လာသကဲ့သို့ မြေပြင်ကလှုပ်ခါသွားသည်။


အစောင့်များ၏မျက်နှာသည် တင်းမာသွားတော့သည်။


"သေပေတော့..."


သူတို့၏ဓားရှည်များကိုကိုင်ဆောင်ကာရှေ့သို့တက်သွားကြရင်း အော်ဟစ်လိုက်ကြသည်။


သို့သော် ခြေလှမ်းများစွာလှမ်းပြီးသည့်နောက်တွင် အစောင့်များသည် နောက်သို့ပြန်ပြေးလာကြသည်။ အကြောက်တရားက သူတို့၏မျက်နှာတွင်ထင်ဟပ်နေသည်။


သူတို့ ထွက်မပြေးပဲမနေနိုင်ကြချေ။ 


သူသာသာထွက်မပြေးခဲ့ပါက ချက်ချင်းပင်သေဆုံးသွားလိမ့်မည်ဖြစ်သည်။


ချူချန်းရှန်၏ ခန္ဓာကိုယ်အပေါ်ပိုင်းသည် ကြီးမားလာကာ ကြမ်းကြုတ်သောသားရဲကြီးအဖြစ် လုံးလုံးလျားလျားပြောင်းလဲသွားတော့သည်။ သူ၏ကြီးမားသောလက်ကြီးကို ဝှေ့ယမ်းလိုက်သောအခါ အစောင့်များကလွင့်ထွက်သွားသည်။


သွေးများပျံ့ကြဲသွားပြီး ကောင်းကင်ယံတွင်သူတို့၏ ခန္ဓာကိုယ်အကြွင်းအကျန်များဖြင့် ပြည့်နှက်သွားသည်။


ဘယ်လိုတောင်ကြောက်ဖို့ကောင်းလိုက်တဲ့ အင်အားကြီးလဲ...


ချူချန်းရှန်၏မျက်လုံးများသည် အာရုံစူးစိုက်နေပြီး လှုပ်ပင်လှုပ်မနေချေ။ ဤသွေးထွက်သံယိုကိစ္စများသည်သူ့ကို မနှောင့်ယှက်နိုင်သည့်ပုံပင်။


လှံကိုင်ထားသောအစောင့်တစ်ယောက်သည် သူလက်ကိုနောက်သို့ဆုတ်ကာအားယူလိုက်ပြ ချူချန်းရှန်၏ခါးကို လှံဖြင့်ပစ်လိုက်သည်။


အဆိုပါလှံသည် သူ၏ကြွက်သားများဖြင့်ထိတွေ့မိသွားကာ ကျယ်လောင်သည့်အသံဖြင့် ပျက်ဆီးသွားသည်။


အစောင့်သည်အလွန်အမင်းတုန်လှုပ်သွားကာ သူ့မျက်နှာတွင်အကြောက်တရားများထင်ဟပ်လာလေပြီး အားကုန်သုံး၍ထွက်ပြေးလိုက်သည်။


သို့သော် ချူချန်းရှန်၏ဖောင်းတုတ်နေသောလက်ကြီးသည် ထိုသူကို အားပြင်းပြင်းဖြင့်ထုချလိုက်လေသည်။


ဒုန်း


အစောင့်သည် ချက်ချင်းပင်မြေကြီးထဲသို့ နက်နက်ရှိုင်းရှိုင်းကျွံဝင်သွားတော့သည်။ မြေပြင်ပေါ်တွင် နက်ရှိုင်းသောတွင်းပေါက်ကြီးတစ်ခုပေါ်ထွက်လာခဲ့သည်။


ဒုတိယထပ်တွင် မိုလျှိုကျိသည်အဆိုပါ မြင်ကွင်းကို မျက်မြင်ကြုံတွေ့လိုက်ရသဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားခဲ့သည်။


အိုး... ဘုရားရေ.. ဒါသူသိခဲ့တဲ့ အကြီးအကဲရောဟုတ်သေးရဲ့လား..


သူတင်မက အကြီးအကဲကိုသိကြသော လူတိုင်းသည်လည်း တစ္ဆေသရဲမြင်သွားသကဲ့သို့ဖြစ်နေကြသည်။


ဒီလိုစွမ်းအားတွေ ဒီလိုရက်စက်တဲ့တိုက်ခိုက်နည်းတွေက... သူတို့သိဖူးတဲ့အကြီးအကဲမဖြစ်နိုင်ဘူး....


ပုဖန်သည် တိုက်ပွဲမှထွက်လာသည့် စွမ်းအင်လှိုင်းလုံးများကြားတွင် လက်ပိုက်၍မျက်နှာသေဖြင့်ရှိနေသည်။ သူ၏ အနီရောင်စားဖိုမှူးဝတ်ရုံနှင့် ဆံပင်များသည် လေထဲတွင်လွင့်ပျံနေပေသည်။


ချူချန်းရှန်၏ ရက်စက်ကြမ်းကြုတ်သောလှုပ်ရှားမှုသည် သူ့မျက်လုံးများကို စူးရှသည်အလင်းရောင်များဖြင့်တောက်ပလာစေသည်။


ထိုအချိန်တွင် ချူချန်းရှန်၏နှလုံးသည် အမှန်တကယ်ပင် ထောင်တျဲ၏နှလုံးသားဖြစ်သည်။ ၎င်းသည် ပျက်ဆီးသွားခဲ့ပြီးဖြစ်၍ ပုဖန်သည်လည်း ထိုနှလုံးသားထဲရှိထောင်တျဲ၏စိတ်ဆန္ဒကိုဖျက်ဆီးခဲ့ပြီးဖြစ်သည်။ ချူချန်းရှန် ဆက်ခံရရှိခဲ့သည့်အရာများသည် ထောင်တျဲနှလုံးသားရှိ စွမ်းအားများပင်ဖြစ်သည်။ 


ထိုစွမ်းအင်များကိုပေါင်းစည်းသည့်လုပ်ငန်းစဉ်တွင် ချူချန်းရှန်သည် ပိုမိုကြမ်းကြုတ်ကာ ပိုမိုအားကောင်းလာသည်။ သူသည် ထောင်တျဲအဖြစ်သို့ပင် အသွင်ပြောင်းနိုင်ပေသည်။ 


ဘာတွေပဲဖြစ်နေနေ ချူချန်းရှန်ကတကယ့်ထောင်တျဲဖြစ်လာရင်တောင်မှပဲ သူက သူ့ဆိုင်ရဲ့စားပွဲထိုးဖြစ်နေဆဲပဲ....


ချူချန်းရှန်တွင် သစ္စာဖောက်ခွင့်ရော လွတ်လပ်ခွင့်ပါရှိမနေချေ။


ချူချန်းရှန် သူ့ကိုသစ္စာဖောက်မည်ဟုလည်း ပုဖန်မယုံကြည်ပေ။


ဝုန်း ဝုန်း ဝုန်း


လေထုထဲတွင်သွေးနံ့ပြင်းပြင်းပျံ့လွင့်နေပြီး ပတ်ဝန်းကျင်ကို အနီရောင်များအဖြစ်ခြယ်သလိုက်သည်။


ငရဲဘုရင်အာဟ စုတ်တစ်ချက်သတ်လိုက်ပြီး လုံးလုံးလျားလျားရက်စက်ကြမ်းကြုတ်သွားသော ချူချန်းရှန်ကိုကြည့်လိုက်ပြီး သူ့မျက်လုံးများတောက်ပသွားတော့သည်။  


နယ်သာရီသည် မျက်တောင်ပင်မခတ်ချေ။


ရှောင်ယ၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများပြည့်နေကာ လူအဖြစ်အသွင်ပြောင်းထားသော ပန်းပွင့်လေးကိုဖက်ထားလေသည်။


အဖိုးချူကအခု... အရမ်းခက်ထန်နေပြီးကြောက်ဖို့ကောင်းလိုက်တာ...


ဘုန်း


ချူချန်းရှန်ခေါင်းမော့လိုက်သည်။ သူ၏ဆံနွယ်ဖြူများသည် လေနှင့်အတူလွင့်မျောနေပြီး မျက်စိကိုကျဉ်းမြောင်းလိုက်ကာ အသက်ပြင်းပြင်းရှူထုတ်လိုက်သည်။


သူ့ခန္ဓာကိုယ်တစ်ခုလုံးသွေးများစွန်းပေနေပြီး သူ့ကိုပို၍ပင် ရက်စက်သည့်ပုံပေါက်စေသည်။


သူ့၏ဖောင်းကားနေသောကြွက်သားများသည်ဖောင်းကားနေသောကြောင့် သူ့ကိုသားရိုင်းကောင်ကြီးနှင့်တူနေစေသည်။


ရန်ချန်း လုံးဝကိုကြက်သေသေနေပေသည်။ ချူချန်းရှန်တစ်ယောက် သူ၏အစောင့်များကို အသားပြားများဖြစ်အောင်ရိုက်ချလိုက်သည်ကို အံ့အားသင့်နေသောမျက်လုံးများဖြင့်ကြည့်နေသည်။ သူ့တစ်ကိုယ်လုံးတုန်ရီလာပေသည်။


ရန်ချန်း အလွန်အမင်းဒေါသထွက်သွားသည်။


သူတို့က သူ့ရဲ့အစောင့်များဖြစ်ပြီး သူ၏လက်အောက်ငယ်သားများဖြစ်ကြသည်။


သူ့လက်အောက်ငယ်သားတွေအကုန်အသတ်ခံလိုက်ရပြီဖြစ်သောကြောင့် ရှေးဟောင်းကျောက်စွမ်းသန့်စင်နယ်မြေရှိသူ၏ တန်ခိုးစွမ်းအားသည် အလွန်နိမ့်ကျသွားပေတော့မည်။


ရန်မိသားစုရှိ ရန်ချန်း၏အနေအထားသည်လည်း အလွန်နိမ့်ကျသွားပေမည်။


"မင်း... ‌ေ-ာက်ကျိုးနည်း... ငါမင်းကိုတစ်ခါသတ်ဖူးရင် နောက်တစ်ခါလည်းထပ်သတ်နိုင်တယ်ကွ..."


ရန်ချန်း၏အမျက်ဒေါသများသည် အထွတ်အထိပ်သို့ရောက်ရှိသွားပေသည်။


သူ၏ အနက်ရောင်လေးရှည်ကြီးကို မြှောက်လိုက်သည်နှင့် သူ့ပတ်ပတ်လည်ရှိ အဆောင်များ ကွဲကြေသွားပေသည်။ သူ့ခေါင်းအထက်တွင် စိတ်ဝိဉာဉ်လှေကားထစ် ကိုးဆင့်ထွက်ပေါ်လာပြီး တောက်ပစွာလင်းလက်နေသည်။ စိတ်ဝိဉာဉ်လှေကားထစ်၏အထက်တွင် နတ်ဘုရားယဇ်ပလ္လင်ရှိလေသည်။


ယဇ်ပလ္လင်ထက်တွင် မျက်စိကျိန်းအောင်တောက်ပနေသောကြယ်တစ်ပွင့်သည် စွမ်းအင်များကိုထုတ်လွှတ်နေပြီး ပိုးသားလိုက်ကာများကဲ့သို့သော အလင်းများကိုထုတ်လွှတ်နေသည်။


ထို ပိုးသားလိုက်ကာများသည် ရန်ချန်း၏ခန္ဓာကိုယ်ကို ဝန်းရံသွားပြီး သူ၏အော်ရာကိုအဆက်မပြတ်မြင့်တက်နေစေသည်။


ခဏအကြာတွင် တောင်တစ်လုံးကဲ့သို့သော မယိမ်းယိုင်ပဲထိတ်လန့်ဖွယ်ရာအဖြစ်ပြောင်းလဲသွားသည်။


ချူချန်းရှန် ရန်ချန်းကိုလှည့်ကြည့်၍အေးစက်စွာပြောလိုက်သည်။


"မင်းငါ့ကိုတစ်ခါသတ်ခဲ့ပြီးပြီ.. ဆိုပေမယ့်ငါအခုအသက်ရှင်နေတယ်လေ.. ငါမင်းကိုဒုတိယအကြိမ်သတ်ခွင့်ပေးလိုက်ရင် ငါ့မျက်နှာပျက်ရမှာပေါ့ ဟုတ်တယ်မလား... အဲ့တော့ ဒီတစ်ခေါက် သေရမယ့်သူကမင်းပဲ..."


ချူချန်းရှန် မြေပြင်ကို လက်သီးနှစ်ခုစလုံးဖြင့်ထိုးနှက်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် ကောင်းကင်သို့လွင့်ပျံနေရင်း သူ့ခန္ဓာကိုယ်အောက်ပိုင်းသည် လျှင်မြန်စွာကြီးထွားလာသည်။ သူ့ခြေထောက်များသည် ဆန့်ထွက်လာကာ ပို၍ကြီးမားလာပြီး ကြွက်သားများသည် နဂါးများကဲ့သို့ဖောင်းကားလာသည်။


ဘုန်း ဘုန်း


ချူချန်းရှန် ရုတ်တရက် သုံးမီတာမြင့်သော ကြမ်းကြုတ်သည့် လူ့ဘီလူးကြီးအဖြစ်ပြောင်းလဲသွားသည်။


သူ့နောက်ကျောရှိအရိုးများငေါထွက်လာကာ ကြောက်စရာကောင်းလောက်အောင် ခက်ထန်လာသည်။


ရန်ချန်းသည်လည်း ကောင်းကင်ယံသို့ခုန်တက်လာပြီး ကြယ်ရောင်အောက်တွင် မသေမျိုးတစ်ပါးကဲ့သို့ ကျက်သရေရှိစွာလွင့်မျောနေပေသည်။


"ချူချန်းရှန် မင်းကအခုနတ်ဆိုးတစ်ကောင်ဖြစ်နေပြီ... ဒီနေ့ ငါရန်ချန်းက မင်းလိုနတ်ဆိုးကောင်ကိုနှိမ်နှင်းပြမယ်ကွ..."


ထိုသို့ပြောပြီးနောက်တွင် ရန်ချန်း၏ခန္ဓာကိုယ်တစ်ဝိုက်ရှိ သင်္ကေတများပေါက်ကွဲသွားကာ ခုနစ်ရောင်ခြယ်အလင်းများ ထွက်ပေါ်သည်။


ခွမ်း ခွမ်း ခွမ်း


အနက်ရောင်လေးရှည်ကြီး၏ ပတ်ပတ်လည်တွင် အလင်းတန်းများစွာဝန်းရံနေပြီး တိတ်ဆိတ်နေသောလေးကို ချက်ချင်းပင်ပြန်လည်ပြုပြင်လိုက်သည်။ မီးတောက်အချို့သည်လည်း ၎င်းလေးပေါ်တွင်ပေါ်ထွက်လာလေသည်။


လေးသည် တုန်ခါသွားပေသည်။


"ရှေးဟောင်းကျောက်စိမ်း နတ်ဘုရားသတ်လေး.. နတ်ဘုရားတွေကိုသတ်ပြီး နတ်ဆိုးတွေကိုနှိမ်နင်းမယ်.. ဒီနေ့ မင်းဆိုတဲ့ချူချန်းရှန်... သေရလိမ့်မယ်... "


ရန်ချန်းသည် ကောင်းကင်ဘုံမှစေလွှတ်လိုက်သော ဘက်မလိုက်သည့် တရားစီရင်သူတစ်ဦးကဲ့သို့ ခံစားချက်မဲ့စွာပြောလိုက်သည်။



ထောင်တျဲစားသောက်ဆိုင်တွင်


ဝှီး


ကနဦးက တည်ငြိမ်နေသော ဝှိုက်တီ၏ခန္ဓာကိုယ်သည် ရုတ်တရက်တုန်ခါသွားလေသည်။ ရုတ်ချည်းပင် ၎င်း၏ငွေမှင်ရောင်မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်လာကာ ၎င်း၏ခန္ဓာကိုယ်မှ ထူထဲကြမ်းကြုတ်သောဆူးချွန်များထွက်ပေါ်လာသည်။


"နတ်ဘုရားသတ်လက်နက်ကိုရှာဖွေတွေ့ရှိသည်... ဝါးမျိုရမည်" 


ဝုန်း


မြေပြင်သည်တုန်ခါသွားသည်။ သိမြင်မှုသစ်သီးပင်သည် တုန်ရီသွားကာ သစ်ရွက်များစွာကြွေကျလာသည်။


သစ်ရွက်များသည် ခွေးဘုရင်၏နှာခေါင်းပေါ်သို့ကြွေကျသွားပြီး ယားယံသွားစေသည်။ ခွေးဘုရင် မျက်လုံးဖွင့်လိုက်သည့်အချိန်တွင် ဝှိုက်တီသည်စားသောက်ဆိုင်တံခါးကိုတွန်းဖွင့်နေသည်ကိုမြင်လိုက်ရသည်။


"ဒီဦးနှောက်မရှိတဲ့သံတုံးကြီးကတော့လေ.. လမ်းလျှောက်ရင် ခပ်ဖွဖွလျှောက်ရမယ်ဆိုတာမသိဘူးလား... မင်းဒီခွေးဘုရင်တစ်ရေးအိပ်တာကိုနှောင့်ယှက်လိုက်တာပဲကွ..."


ခွေးဘုရင် သန်းဝေလိုက်ပြီး သူ့ခန္ဓာကိုယ်ကို နေရာပြန်ပြင်ယူလိုက်သည်။ သူဆက်၍ဟောက်နေစဉ်တွင် သူ့ခန္ဓာကိုယ်ပေါ်ရှိအဆီတုံးများသည် စည်းချက်ညီညီလှုပ်ခါနေပေသည်။



မူလက ချောမောနူးညံ့သော ချူချန်းရှန်၏မျက်နှာလေးသည် ယခုတွင်တော့ ရက်စက်ကြမ်းကြုတ်နေလေပြီ။ သူ့နောက်ကျောသည်ခုံးကြွနေကာ သူ့မျက်နှာသည် သွေးကြောများဖြင့် ဖောင်းကားနေသည်။ သူ၏ဆံနွယ်ဖြူဖြူများသည် အနောက်ဘက်တွင်လွင့်ပျံနေသဖြင့် သူ့ကိုပို၍ ရက်စက်ကြမ်းကြုတ်သွားစေသည်။သူ့အသံသည်လည်း ကွဲအက်ပြာဝင်သွားပေသည်။ 


နတ်ဆိုးတစ်ကောင်နှင့်တူလာသော ချူချန်းရှန်ကို ရန်ချန်းကမျက်နှာသေဖြင့်ကြည့်နေသည်။သူ့မျက်လုံးများတွင် အထင်သေးမှုများဖြင့်ပြည့်နှက်နေလေသည်။ 


သူ၏လေးရှည်ကို ဆွဲလိုက်သောအခါ တဝှီဝှီမြည်သံများက နေရာအနှံ့သို့ပျံ့နှံ့သွားသည်။


ခဏအကြာတွင် နီရဲတောက်နေသောမြှားများက လေးပေါ်တွင်ပေါ်ထွက်လာသည်။


"နတ်ဘုရားသတ်မြှားကွ... သေပေတော့"


ဝှစ် ဝှစ် ဝှစ်


မြှားများကိုပစ်လွှတ်လိုက်သည်။


မျက်စိတစ်မှိတ်အတွင်းတွင် ကောင်းကင်တွင်လျှပ်စီးလက်သကဲ့သို့ဖြစ်သွားသည်။


မြှားသုံးစင်းသည် တြိဂံပုံအခင်းအကျင်းတစ်ခုကိုချိန်ညှိနေပြီး နတ်ဆိုးနှင့်တူနေသော ချူချန်းရှန်ထံသို့ဦးတည်သွားလေသည်။


ရန်ချန်း ချူချန်ူရှန်ကိုကြည့်လိုက်ပြီး သူ့မျက်လုံးများတွင် ရူးသွပ်မှုများကိုဖော်ပြနေသည်။


သူ ချူချန်းရှန်ရဲ့သွေးတွေ ကောင်းကင်တစ်ခွင်ပတ်ဖြန်းသွားတာကိုထပ်မြင်ချင်တယ်...


ရုတ်တရက်


သူ့မျက်လုံးများကအာရုံစူးစိုက်မှုအပြည့်ဖြစ်နေသည်။ စက္ကန့်ပိုင်းအတွင်းပင် သူ့ သူငယ်အိမ်များကျုံ့ဝင်သွားတော့သည်။


အဘယ့်ကြောင့်ဆိုသော် ချူချန်းရှန်၏ခန္ဓာကိုယ်သည် တဖြေးဖြေးမှိန်ဖျော့သွားသည်ကိုတွေ့လိုက်ရသောကြောင့်ပင်။


သူ၏နတ်ဘုရားသတ်မြှားများသည် တွန့်လိမ်သွားကာ မှိန်ဖျော့နေသောအရိပ်ကိုထိမှန်သွားသည်။


ဘုန်း


ခဏအကြာတွင် ရန်ချန်း သူ့ခေါင်းပေါ်တွင်တစ်ခုခုကွယ်သွားသလိုခံစားလိုက်ရသည်။


ကြီးမားသောလက်တစ်စုံသည်သူ့ကိုဖမ်းကိုင်လိုက်ပြီး သူ့ခေါင်းကိုမြေကြီးထဲသို့ကြမ်းတမ်းစွာ ဖိချလိုက်သည်။


မြေပြင်သည် ရုတ်ချည်းပင်ကွဲအက်သွားသည်။ ကွဲကြေသွားသော ကျောက်တုံးကျောက်ဆောင်များသည် နေရာအနှံ့တွင်ပျံ့နှံ့နေပေသည်။