အပိုင်း ၈၁၁
အာကာသနတ်သမီး တံခါးပိတ်ကျင့်ကြံရာမှထွက်လာခြင်း
ရှေးဟောင်းကျောက်စိမ်း သန့်စင်နယ်မြေ၏ဂိုဏ်းချုပ် ကျောက်စိမ်းအဆောင်သည် စားသောက်ဆိုင်၏ တံခါးဝကို ခြစ်ရာပင်ထင်မသွားစေပေ။ ၎င်းက ပုဖန်ထင်ထားသည့်အတိုင်းဖြစ်သည်။
အဆုံးတွင်တော့ ဤဆိုင်သည်စနစ်၏ပြန်လည်မွမ်းမံခြင်းနှင့် အလှဆင်ခြင်းကိုခံထားရသည်ဖြစ်၍ အခြေခံအားဖြင့်ဆိုရသော် စနစ်၏ပစ္စည်းဟုခေါ်၍ရပေသည်။ ရှေးဟောင်းကျောက်စိမ်းဂိုဏ်းချုပ်သည် သူ့ထက်ပို၍သန်မာလွန်းလှပါသော်လည်း စနစ်ကိုစိန်ခေါ်ရန်လုံလောက်သောစွမ်းအားမရှိပေ။
ထို့ကြောင့် ကျောက်စိမ်းအဆောင်များက စားသောက်ဆိုင်အနီးသို့ရောက်ရှိလာသောအခါ ၎င်းတို့၏ကြောက်မက်ဖွယ်ရာစွမ်းအင်များပျောက်ဆုံးသွားရခြင်းဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းသည် စနစ်၏ လုပ်ဆောင်ချက်များကြောင့်ဖြစ်ပေသည်။
ငရဲဘုရင်ပင်လျှင် စနစ်၏စည်းမျည်းများနှင့်မျက်နှာချင်းဆိုင်ရလျှင် စွမ်းအားမဲ့သွားရသည်ဖြစ်လေရာ ထိုသူဆိုလျှင်သာ၍ဆိုးပေလိမ့်မည်။
ငရဲဘုရင်အာဟနှင့် ရှေးဟောင်းကျောက်စိမ်းဂိုဏ်းချုပ်ကိုနှိုင်းယှဉ်ကြည့်ပါက ငရဲဘုရင်အာဟကပို၍သန်မာပေသည်။
သူ့တွင်သက်သေပြစရာမရှိပဲ သူ၏အလိုလိုသိစိတ်အရသာပြောရခြင်းဖြစ်သည်။ သို့သော်လည်း တစ်ခါတစ်ရံတွင် သူ၏အလိုလိုသိစိတ်သည် အလွန်ယုံကြည်၍ရပေသည်။
သူ၏ စိတ်စွမ်းအင်ဖြင့် ပုဖန်က ရှေးဟောင်းကျောက်စိမ်းဂိုဏ်းချုပ်ပြုလုပ်မည့် လှုပ်ရှားမှုတိုင်းကို ကြိုတင်ခန့်မှန်းနိုင်ပေသည်။ ထိုလူက သူ့စွမ်းအားများကိုထုတ်ဖော်ပြသပြီးသည့်နောက်တွင် ချက်ချင်းထွက်ပြေးခွင့် မပေးနိုင်ပေ။
ထို့ကြောင့် သူသည်ခွေးဘုရင်၏အမွှေးတစ်ပင်ကို နှုတ်ခဲ့ရခြင်းဖြစ်သည်။
ထိုအမွှေးတစ်ပင်ကိုထုတ်ယူလိုက်သည့်နောက်တွင် ၎င်းက ခွေးနက်တစ်ကောင်၏ ကြီးမားသည့်လက်ဖဝါးကြီးတစ်ခုအဖြစ်ပြောင်းလဲသွားတော့သည်။ ထိုလက်ဖဝါးသည် အလွန်ဝနေကာ စွမ်းအင်များပြည့်နှက်နေသောကြောင့် ရှေးဟောင်းကျောက်စိမ်းဂိုဏ်းချုပ်၏ ခန္ဓာကိုယ်ရှိချွေးပေါက်များကိုပင်ကြုံ့သွားစေတော့သည်။
ခွေးလက်ဖဝါး၏အောက်ဘက်ရှိ လေဟာနယ်က တွန့်လိမ်ပုံပျက်သွားသည်။ ၎င်းသည် ဂိုဏ်းချုပ်၏ ကျောက်စိမ်းအဆောင်များထက်ပို၍ ခြိမ်းခြောက်နေနိုင်ပေသည်။
ရှေးဟောင်းကျောက်စိမ်းဂိုဏ်းချုပ်၏မျက်နှာ သိသိသာသာပြောင်းလဲသွားသည်။
ခွေးလက်ဖဝါးတစ်ခုက စားသောက်ဆိုင်အတွင်းမှပျံထွက်လာသည်ကို သူတစ်ခါမှမတွေးဖူးခဲ့ချေ။ အမှန်တကယ်တော့ ၎င်းသည် ထိုလူငယ်လေးဆိုင်ရှင်ပု၏ပြန်လည်တိုက်ခိုက်မှုဖြစ်ပေသည်။
ဂိုဏ်းချုပ် နှာတစ်ချက်မှုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် စွမ်းအင်များမြင့်တက်လာကာ ကျောက်စိမ်းအဆောင်များကလည်း အရှိန်နှင့် ရစ်သိုင်းလာတော့သည်။
လေထုထဲတွင် တဝီဝီမြည် သံများပဲ့တင်ထပ်လာသည်။
ခဏအကြာတွင် သူ့လက်ညှိုးကိုရှေ့သို့ညွှန်လိုက်သည်။ ကျောက်စိမ်းအဆောင်များတစ်ခုပြီးတစ်ခုက ထိုလက်ဖဝါးထံဦးတည်၍လွင့်ပျံသွားကြသည်။
ကျောက်စိမ်းအဆောင်များက တစ်ထပ်တည်းတုန်ရီနေကြကာ ကွဲအက်၍ပေါက်ကွဲသွားကြသည်။
ဘုန်း ဘုန်း ဘုန်း
အသေးစား ကျောက်စိမ်းအဆောင်များအားလုံးက ခွေးလက်ဖဝါးပေါ်တွင်ပေါက်ကွဲသွားကြသည်။
သို့သော် ထိုလက်ဖဝါးကို ဟန့်တားနိုင်ခြင်းမရှိခဲ့ချေ။ ၎င်းကရှေ့သို့ဆက်တိုးလာပြီး အနီးရှိ လေဟာနယ်ကို ပုံပျက်ရှုံ့တွသွားစေသည်။
ခွေးနက်ကြီး၏လက်ဖဝါးသည် တဖြေးဖြေးချင်းမှိန်ဖျော့သွားလေသည်။
ဘုန်း ဘုန်း
နက်မှောင်နေသော ညကောင်းကင်သည် ရုတ်တရက် လင်းထိန်တောက်ပလာပြီး နေ့အချိန်သို့ရောက်သွားခဲ့သည်။ လူအတော်များများက ထိုအဖြစ်အပျက်ကိုမြင်လိုက်ရပြီး လေအေးတစ်ချက်ရှူရှိုက်မိသွားကြသည်။
အသစ်ဖွင့်တဲ့စားသောက်ဆိုင်မှာ ဘာဖြစ်နေတာလဲဟ...
ဘာလို့ အဲ့နေရာက ဒီလောက်ကြောက်ဖို့ကောင်းတဲ့စွမ်းအင်တွေက စိမ့်ထွက်နေရတာလဲ...
အဝေးတစ်နေရာတွင် အဘွားမိုက ခွေးလက်ဖဝါးကိုမြင်လိုက်ရကာ မျက်နှာပျက်သွားပြီး တုန်လှုပ်မိသွားသည်။
၎င်းက သူမကို အတိတ်နမိတ်မကောင်းသည့်ခံစားချက်ကိုပေးနေလေသည်။ ထိုခံစားချက်သည်... ပျက်သုဉ်းခြင်း ကျဉ်းထောင်ရှိ ငရဲကမ္ဘာသက်ရှိများနှင့်ကွဲပြားပေသည်။ သို့သော်လည်း ၎င်းသည် ပျက်သုဉ်းခြင်းအကျဉ်းထောင်ရှိ ငရဲကမ္ဘာသက်ရှိများထက် ပို၍ကြောက်မက်ဖွယ်ကောင်းနေသည်။
အဘွားမို၏ ဆံပင်များ တဖျပ်ဖျပ်လွင့်ပျံနေသည်။ သူမ၏တောင်ဝှေးအပေါ်မှီတွယ်၍ ရုတ်တရက်ထိုနေရာကိုတစ်ပတ်ပတ်လိုက်သည်။ ခဏအကြာတွင်သူမလက်ကိုဖွင့်ကြည့်သောအခါ လမုန့်အရွယ်ရှိ ကြယ်တာရာသံလိုက်အိမ်မြှောင်တစ်ခုက သူမလက်လက်ဖဝါးအထက်တွင်ပေါ်လာလေသည်။
ထိုကြယ်တာရာသံလိုက်အိမ်မြှောင်ကို လက်တွေ့ဆန်ဆန် အဆင့်မြင့်မြင့် ထွင်းထုထားပြီး ၎င်းအပေါ်ရှိအရာတိုင်းသည် အသက်ဝင်လာလုမတတ်ဖြစ်နေကာ ပရမ်းပတာလှုပ်ရှားနေကြသည်။
အဘွားမိုသည် ဆန်းကျယ်သည့်လက်ဟန်တစ်ခုကိုပြုလိုက်ပြီး သံလိုက်အိမ်မြှောင်ကိုထိလိုက်သည်။ သူမက ခွေးလက်ဖဝါးကိုကြည့်ကာ စတင်တွက်ချက်၍ကောက်ချက်ချနေလေသည်။
ခဏခန့် ကောက်ချက်ချအပြီးတွင် အဘွားမို၏မျက်နှာ သည် စာရွက်ဖြူတစ်ရွက်လို ဖြူရော်သွားတော့သည်။
ထို့နောက် သူမလက်ထဲရှိ သံလိုက်အိမ်မြှောင်သည် ကွဲအက်သည့်အသံများထွက်ပေါ်လာကာ အစိတ်အပိုင်းများစွာအဖြစ်ပေါက်ကွဲသွားပြီး မြေပြင်ပေါ်ကျသွားတော့သည်။
အဘွားမိုသည် နောက်သို့ခြေလှမ်းများစွာဆုတ်လိုက်ရပြီး သွေးအန်လိုက်ရပြီး မြေပြင်ပေါ်သို့လဲကျသွားလေသည်။ သူမ၏တောင်ဝှေးသည် အလေးချိန်မညီမျှတော့သဖြင့် မြေပြင်ပေါ်သို့ ကလန်ကနဲမြည်အောင်ပြုတ်ကျသွားပေသည်။
"တားမြစ်ထားတဲ့တည်ရှိမှုတစ်ခု... ရှေးဟောင်းကျောက်စိမ်းဂိုဏ်းချုပ် ဒီတစ်ခေါက်တော့ နင်ကိုယ့်ကိုကိုယ်သေလမ်းရှာလိုက်ပြီ..."
အဘွားအို၏နှုတ်ခမ်းထောင့်တွင် သွေးစအချို့စွန်းပေနေသည်။ သူမ၏မျက်နှာ ဖြူဖျော့နေသော်လည်း ခွေးလက်ဖဝါးကိုးစူးစိုက်၍ကြည့်နေဆဲပင်။ သူမ၏မျက်နှာတုန်ရီသွားပြီး အရေပြားပေါ်တွင် အသက်အရွယ်ကြီးရင့်လာသည်ကိုပြနေသည့် အမှတ်များစွာပေါ်ထွက်လာသည်။
အဘွားမိုသည် ယခုတွင် ပို၍အိုစာသွားသည့်ပုံပေါက်လာသည်။
ဘုန်း ဘုန်း ဘုန်း
ရှေးဟောင်းကျောက်စိမ်းဂိုဏ်းချုပ် ၏မျက်လုံးများအေးစက်သွားတော့သည်။ ကျောက်စိမ်းအဆောင်များစွာက ထိုလက်ဖဝါးကို အဆက်မပြတ်ထိမှန်နေသည်။ ခွေးလက်ဖဝါးသည် ခပ်ဖြေးဖြေးလှုပ်ခါသွားကာ ၎င်း၏စွမ်းအင်များမှိန်ဖျော့သွားပေသည်။
သူ၏အော်ရာ တဖြေးဖြေးမြင့်တက်လာသည်နှင့်အမျှ ရှေးဟောင်းကျောက်စိမ်းဂိုဏ်းချုပ်သည် အလင်းဓာတ်ကိုအလွန်အမင်းထုတ်လွှတ်နေသည့် အသေးစားကြယ်တစ်လုံးနှင့်တူလာတော့သည်။
ရုတ်တရက်...
အရာအားလုံး လှုပ်ရှားနေသကဲ့သို့ တဝီဝီမြည်သံများရပ်တန့်သွားသည်။
ရှေးဟောင်းကျောက်စိမ်းဂိုဏ်းချုပ်၏ သူငယ်အိမ်များကြုံ့ဝင်သွားသည်။ အသက်ပြင်းပြင်းရှူလိုက်၍ သူ့နှာခေါင်းပေါက်များရှုံ့သွားတော့သည်။
သူ့တွင် ကျောက်စိမ်းအဆောင်များထပ်မရှိတော့ပေ။
သို့သော် ကြောက်မက်ဖွယ်စွမ်းအင်များနှင့် ခွေးလက်ဖဝါးကတော့ သူ့ဆီပျံသန်းလာနေဆဲပင်။
သူအဲ့လက်ဖဝါးကို မရပ်တန့်နိုင်တော့ဘူးလား...
သူ့၏ နှလုံးသားတစ်ခုလုံးတသိမ့်သိမ့်တုန်ခါသွားသည်။သူ ထိုကဲ့သို့သောအကြောက်တရားမျိုးကိုပထမဆုံးခံစားဖူးခြင်းပင်။ ဒီလိုခံစားချက်မျိုးနောက်ဆုံးတစ်ကြိမ်ခံစားခဲ့ရတာ ဘယ်လောက်တောင်ကြာနေပြီလဲ..
အစားကြူးတောင်ကြား၏ပထမတောင်ကြားသခင်မှလွဲ၍ သူ့ကိုကူကယ်ရာမဲ့သောခံစားချက်မျိုးကို ခံစားစေရသည့်လူမျိုး မရှိခဲ့သည်မှာ အလွန်ကြာညောင်းလှလေပြီ။
မွန်းကြပ်သွားစေခဲ့သည်။
ဝှီး
ကျောက်စိမ်းအဆောင်များ၏တားဆီးမှုမရှိတော့သောကြောင့် ခွေးလက်ဖဝါးသည် ပို၍မြန်မြန်ဆန်ဆန်ရွေ့လျားလာလေသည်။ မျက်စိတ်တစ်မှိတ်အတွင်းပင် ၎င်းသည် မြတ်မြတ်သူတော်စင်၏ရှေ့တည့်တည့်သို့ရောက်ရှိလာသည်။
ခွေးလက်ဖဝါးသည် ရှေးဟောင်းကျောက်စိမ်းမြင့်မြတ်သူတော်စင်၏မျက်နှာကို အသာအယာ ပုတ်ချလိုက်သည်။
ဖွတ်
မြည်သံတစ်ချက်နှင့်အတူ ခွေးလက်ဖဝါး. ပျောက်ကွယ်သွားလေသည်။ သို့သော် ထိုစက္ကန့်ပိုင်းအတွင်းပင် သူ့မျက်နှာကို ခွေးလက်ဖဝါးနှင့်ရိုက်မိသည့်အသံကို ပီပီသသကြားလိုက်ရသည်။ ထို့နောက် ထိုခွေးလက်ဖဝါး၏စွမ်းအင်များလွင့်စင်သွားကာ လေထဲတွင်ပျောက်ကွယ်သွားတော့သည်။
ဂိုဏ်းချုပ်သည် ခေါင်းစောင်းလိုက်ကာ လေထဲမှဖြေးဖြေးချင်းပြုတ်ကျလာသည့်ခွေးအမွှေးတစ်ပင်ပေါ်သို့ အာရုံစိုက်၍ကြည့်လိုက်သည်။ ခဏအကြာတွင် ၎င်းသည် ရုတ်တရက်မီးထတောက်ကာ ပြုအဖြစ်သို့လောင်ကျွမ်းသွားတော့သည်။
ခွေးအမွှေးတစ်ပင်...
သူ့ကို စိတ်အားငယ်သွားစေတဲ့အထိ ဖိအားပေးခဲ့တဲ့အရာက အမွှေးတစ်ပင်တဲ့လား...
သူမှားပြီးများမြင်လိုက်မိတာလား...
သို့သော်သူမမှားခဲ့ချေ။ ရှေးဟောင်းကျောက်စိမ်းဂိုဏ်းချုပ်၏မျက်နှာတွင် စိတ်ဝင်စားဖွယ်ခံစားချက်မျိုးစုံဖြတ်ပြေးသွားသည်။ မျက်နှာကိုတွန့်လိမ်မိသွားကာ ခဏအကြာတွင် အသက်ရှူထုတ်လိုက်သည်။
"ဒီမျိုးမစစ်ကောင်တော့..."
သူသည် ရှေးဟောင်းကျောက်စိမ်းသန့်စင်နယ်မြေ၏ လေးစားဖွယ်ရာ မြင့်မြတ်သည့်သူတော်စင်တစ်ပါးဖြစ်သည်။ သူက ခွေးအမွှေးတစ်ပင်ကြောင့် အကြောက်လွန်သွားသည်ဟု စဉ်းစားကြည့်လိုက်ပါ။
အကယ်၍ ဤအကြောင်းသာပျံ့သွားမည်ဆိုပါက တော်ဝင်ခုံရုံးရှိ သန့်စင်နယ်မြေတိုင်း၏လှောင်ရယ်ခြင်းကိုခံရပေလိမ့်မည်။
"ထွက်သွားလိုက်တော့.. အစားအသောက်စားချင်တယ်ဆိုရင်မနက်ဖြန်မှပြန်လာခဲ့.. ပြဿနာရှာချင်တယ်ဆိုရင်တော့ ရလာမယ့် အကျိုးဆက်ကိုကိုယ့်ဘာသာတာဝန်ယူရမယ်..."
ပုဖန်၏ အေးဆေးတည်ငြိမ်သောအသံသည် စားသောက်ဆိုင်ထဲမှလွင့်ပျံလာကာ ဂိုဏ်းချုပ်ကိုတုန်လှုပ်သွားစေသည်။
သူ့နဖူးပေါ်တွင် ပုတီးစေ့အရွယ်ချွေးစက်များပေါ်ထွက်လာသည်။ ပုဖန်၏စကားများသည့် သူ့နှလုံးသားထဲရှိဒေါသမီးကို နောက်တစ်ကြိမ်ထပ်ဆွပေးမိလိုက်သော်လည်း ထိုခွေးလက်ဖဝါးကိုတစ်ချက်မြင်ရုံဖြင့်ပင် သူတစ်ကိုယ်လုံး ကြက်သီးထသွားစေသည်။
အကယ်၍ ၎င်းကသာ တကယ့်လက်ဖဝါးဖြစ်ခဲ့လျှင် သူမည်ကဲ့သို့တားရတော့မည်နည်း။
ခေါင်းလှည့်ကြည့်လိုက်ပြီး ဂိုဏ်းချုပ်သည် သူနှင့်အဝေးရှိမြေပြင်ပေါ်တွင်ထိုင်နေသောအဘွားမိုကိုကြည့်လိုက်သည်။ သူမ၏မျက်နှာသည် စာရွက်ဖြူတစ်ရွက်လို ဖြူဖျော့နေပေသည်။
ဂိုဏ်းချုပ်သည် အဘွားမို၏မျက်နှာပေါ်တွင် အကြောက်တရားနှင့်စိတ်ရှုပ်ထွေးမှုများကိုသာမြင်လိုက်ရသည်။
မြေပြင်ပေါ်ရှိ အပိုင်းပိုင်းကြေမွနေသည့် ကြယ်တာရာသံလိုက်အိမ်မြှောင်ကိုကြည့်လိုက်ပြီး သူ၏မျက်လုံးများနောက်တစ်ကြိမ်မှိန်ဖျော့သွားလေသည်။
အဘွားမိုတောင် အဲ့ဒီ့စားသောက်ဆိုင်ထဲက ငရဲကမ္ဘာသက်ရှိဘယ်လောက်သန်မာလဲဆိုတာမတွက်နိုင်ဘူးလား...
ဒီစားသောက်ဆိုင်က.. သာမန်မဟုတ်တာသေချာသွားပြီ... အဘွားမိုတောင် သူမရဲ့စွမ်းအားနဲ့ အဲ့ဒီ့သတ္တဝါကိုဖတ်မကြည့်နိုင်ဘူးဆိုမှတော့ အဲ့တာက တားမြစ်ထားတဲ့ တည်ရှိမှုတစ်ခုဖြစ်ရမယ်...
သူ အသက်ရှူထုတ်လိုက်ကာ ခပ်ဖြေးဖြေးချင်းမတ်တတ်ရပ်လိုက်ပြီး လှည့်ထွက်သွားလိုက်တော့သည်။
ထိုစားသောက်ဆိုင် တည်ရှိနေမှုကပင် သူ့ကို အန္တရာယ်များသည်ဟုခံစားရစေသည်။
အဘွားမိုသည်လည်း သူမ၏ဝတ်စုံကိုပြန်ပြင်ကာ ပြန်လိုက်သည်။ ဆောင့်ကြောင့်ထိုင်ပြီး သူမ၏ကွဲကြေသွားသည့် သံလိုက်အိမ်မြှောင်အပိုင်းအစများကို ပြန်ကောက်နေသည်။
"တကယ်တော့ အဘွားက ဒီကိုစားဖို့သက်သက်လာခဲ့တာ.. ဒါပေမယ့်မစားနိုင်တော့ပါဘူး... ကောင်းပြီလေ မနက်ဖြန်ကျမှပြန်လာခဲ့တာပေါ့..."
အဘွားမိုသည် တောင်ဝှေးပေါ် အမှီသဟဲပြု၍ သူမ၏အဝတ်များအပေါ်ရှိ ဖုန်များကိုခါထုတ်လိုက်ပြီး လှည့်ထွက်သွားတော့သည်။
စားသောက်ဆိုင်တံခါးပိတ်သွားပြီး တိတ်ဆိတ်မှုတို့ပြန်လည်ရောက်ရှိလာသည်။
…
စားသောက်ဆိုင်အတွင်းတွင်
ပုဖန် တံခါးဝတွင်မတ်တတ်ရပ်နေသည်။ အပြင်ဘက်ရှိအသံများအားလုံး တိုးလျသွားမှသာ မီးဖိုထဲသို့ပြန်ဝင်လာတော့သည်။
ခွေးဘုရင်သည် သူ၏နက်မှောင်နေသည့်မျက်နှာကို ပုဖန်ဘက်လှည့်၍ မျက်စောင်းတစ်ချက်ထိုးလိုက်သည်။
"နားလည်တယ်... နံရိုးချိုချဉ်ကြော်တစ်ပွဲကျွေးရမှာမလား..."
ပုဖန်သည် ခွေးဘုရင်၏ဘေးသို့ဖြတ်လျှောက်ကာ ခေါင်းကိုပုတ်ပေး၍ တည်ငြိမ်စွာပြောလိုက်သည်။
ထို့နောက်တွင် မီးဖိုချောင်ဘက်သို့ ဦးတည်၍ထွက်သွားလိုက်သည်။
ခွေးဘုရင်သည် ခေါင်းစောင်းလိုက်ပြီး နှာခေါင်းမှ အဖြူရောင်မီးခိုးငွေ့များကိုမှုတ်ထုတ်လိုက်သည်။
အဲ့ကောင်လေးက နံရိုးချိုချဉ်ကြော်တစ်ပွဲနဲ့ ခွေးဘုရင်ရဲ့ အမွှေးတစ်ပင်ဆုံးရှုံးရတာနဲ့ ကာမိတယ်လို့ထင်တာလား....
ဒီနေ့ခေတ်လူငယ်တွေကတော့လေ... ယဉ်ကျေးမှုကိုမရှိတော့ဘူးပဲ
ခဏအကြာတွင် ပုဖန်သည် အသား၏မွှေးရနံ့များထောင်းထောင်းထနေသော အငွေ့တလူလူထွက်နေသည့် နံရိုးချိုချဉ်ကျော်တစ်ပွဲကိုသယ်၍ မီးဖိုချောင်ထဲမှထွက်လာသည်။
နံရိုးချိုချဉ်ကြော်ကို ခွေးဘုရင်၏ ခေါင်းအရှေ့တွင်ချပေးလိုက်ပြီး ပုဖန်၏နှုတ်ခမ်းထောင့်များ မြင့်တက်သွားလေသည်။ ခွေးဘုရင်၏ သန့်ရှင်းပြီးပြောင်လက်နေသော အမွှေးများကိုပွတ်သပ်ပေးကာ ဟင်းချက်စွမ်းရည်များလေ့ကျင့်ရန် မီးဖိုချောင်ထဲသို့ပြန်ဝင်လိုက်သည်။
ခွေးဘုရင်၏နှာခေါင်း အသာလှုပ်ရမ်းသွားသည်။ ထို့နောက် ကြွေပန်းကန်ကိုကိုင်ကာ အသံမြည်အောင်ဝါးစားနေပေသည်။
သူ့မျက်နှာပေါ်တွင် အသားစများနှင့် တံတွေးများပေကြံနေကာ အမွှေးဆုံးရှုံးလိုက်ရသည့်အတွက် နောင်တရနေသည့်ပုံပင်မပေါ်ချေ။ ယင်းအစား နံရိုးချိုချဉ်ကြော်နဲ့လဲရန် အမွှေးများများမသုံးလိုက်သည်ကို မုန်းနေသည့်ဟန်ပင်ပေါ်နေလေသည်။
…
ကောင်းကင်ဘုံလျှို့ဝှက် သန့်စင်နယ်မြေတွင်
မိုလျှိုကျိသည် ဝါးဖြင့်ပြုလုပ်ထားသည့် အရက်ဘူးကိုကိုင်ဆိုင်ကာ ဝိုင်ကောင်းကောင်းတစ်မျိုးကို မော့သောက်နေလေသည်။ ဝိုင်အရက်၏ မွှေးပျံ့သောရနံ့သည် နေရာတစ်ခုလုံးကို ပျံ့နှံ့နေပေသည်။
သူက အာကာသနတ်သမီး တံခါးပိတ်ကျင့်ကြံနေသည့် အိမ်ရှေ့တွင် ထိုင်နေခြင်းဖြစ်သည်။
သူမက ကောင်းကင်ဘုံကြယ်ဖမ်းကွန်ယက်ကို လေ့လာနေသည်။ သူမလေ့လာပြီးသည်နှင့် သူက အဘွားမိုတောင်းဆိုထားသည့်အတိုင်း သူမ၏နှလုံးသား နတ်ဆိုးရှိရာကိုခေါ်ဆောင်သွားပေးမည်ဖြစ်သည်။
ရိုးရိုးသားသားပြောရလျှင် မိုလျှိုကျိ ထပ်မစောင့်နိုင်တော့ပါ။ အစားကြူးတောင်ကြားသည် လှပသောတောင်တန်းများ၊မြစ်များနှင့်အတူ အစားအသောက်ကောင်းများပါရရှိသောနေရာကောင်းလေးတစ်ခုဖြစ်ပေသည်။
သူမလည်း ထိုနေရာတွင်သေချာပေါက်ပျော်ပေလိမ့်မည်။
မိုလျှိုကျိသည် ဝိုင်တစ်လုတ်မော့သောက်လိုက်ကာ တွေးတောနေလိုက်သည်။
ရုတ်တရက်..
မိုလျှိုကျိ၏ နားရွက်များလှုပ်ရမ်းသွားသည်။
ဆွစ်
သူခေါင်းမော့ကြည့်လိုက်သောကြောင့် ဝိုင်များပင်ဖိတ်စင်သွားလေသည်။
သူ့ခေါင်းအထက်ရှိ ကောင်းကင်ယံတွင် ထောင်ပေါင်းများစွာသော ကြယ်တာရာများစတင်ရွေ့လျားလာတော့သည်။ ကြယ်တစ်ပွင့်စီတိုင်းသည် ညကောင်းကင်ယံတွင် ဖြတ်သန်းသွားချင်သယောင်ဖြစ်နေသည်။
မိုလျှိုကျိ မငေးပဲမနေနိုင်တော့ချေ။ သူ့အင်္ကျီကိုရင်ဘတ်အထိဆွဲချလိုက်ပြီး ခါးထောက်လိုက်သည်။
"... သူမကတကယ်ပဲ အရည်အချင်းရှိတဲ့ အာကာသနတ်သမီးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ထိုက်တန်ပါပေတယ်.. သူကတကယ်ကြီးကောင်းကင်ဘုံကြယ်ဖမ်းကွန်ယက်နဲ့ ချိတ်ဆက်နေပြီလား..."
မိုလျှိကျိ လေးလေးနက်နက် ချီးကျူးစကားဆိုလိုက်သည်။
“
အလင်းတန်းများသည် ကောင်းကင်ပေါ်မှပစ်ချနေသကဲ့သို့ လျှင်မြန်စွာဆင်းသက်နေကြသည်။
မိုလျှိုကျိတစ်ယောက် နဂါးငွေ့တန်းထဲတွင်နစ်မြုတ်သွားသလိုခံစားရပြီး မှိတ်တုတ်မှိတ်တုတ်လင်းလက်နေသော ကြယ်တာရာပင်လယ်ကြီးထဲတွင် မျောလွင့်နေသည့်ခံစားလိုက်ရသည်။
ဂလုံ ဂလုံ
သူ၏ ဝါးအရက်ဘူးထဲရှိ အရက်များသည် ရမ်းခါနေပေသည်။
မိုလျှိုကျိ၏မြင်ကွင်းသည် ဝေဝါးလာကာ သူ့နှလုံးသားသည်လည်း တသိမ့်သိမ့်တုန်ခါလာသည်။ သူ့စိတ်ထဲတွင် သူမြင်ဖူးသမျှပုံရိပ်များအားလုံး အဆက်မပြတ်ပေါ်လာပေသည်။
ကောင်းကင်ဘုံကြယ်ဖမ်းကွန်ယက်သည် ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေ၏ ပထမဆုံးအထွတ်အမြတ်ဘိုးဘေးချန်ခဲ့သည့် နတ်ဘုရားလက်နက်တစ်ခုပင်။ အကယ်၍တစ်စုံတစ်ယောက်သာ ၎င်းနှင့် ချိတ်ဆက်လိုက်ပါက ဟောကိန်းထုတ်လို့ရသည့်အရာတိုင်းကိုထိန်းချုပ်နိုင်သွားသည်။
ထိုလူ၏ ဟောကိန်းများသည်လည်း ပြစ်ချက်ကင်းသွားကာ ဘုရားသခင်၏အလိုတော်ကိုဆန့်ကျင့်ကာ ကံကြမ္မာကိုပင်ပြောင်းလဲနိုင်ပေသည်။
ခွမ်း ခွမ်း
သို့သော် ယခုအချိန်တွင် မိုလျှိုကျိသည် ဤခွဲဖြာဖြစ်တည်နေသောတည်ရှိမှုက မြင့်တက်သွားတော့မည်ဟုခံစားနေရသည်။ သူ့စိတ်ထဲရှိအတွေးများအားလုံး ကွဲကြေကာ ပျက်ဆီးသွားတော့သည်။
မိုလျှိုကျိ၏ခန္ဓာကိုယ်တစ်ခုလုံး ချွေးများဖြင့်စိုရွှဲသွားသည်။ သူ သေးထွက်ကျလုမတတ်ပင်ကြောက်ရွံ့သွားခဲ့ပေသည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ဝါးအရက်ဘူးတိုင်းပေါက်ကွဲသွားကာ ခန္ဓာကိုယ်တစ်ခုလုံးကိုချွေးအေးများဖြင့်ဖုံးလွှမ်းသွားသည်။
သူ့ခန္ဓာကိုယ်အတွင်းရှိ အစစ်အမှန်စွမ်းအင်များအားလုံး ကုန်ခန်းသွားမလိုဖြစ်ကာ သူ့ဝမ်းဗိုက်အောက်ဘက်တစ်ခုလုံးလစ်ဟာသွားတော့သည်။ သူ့ခေါင်းထဲတွင် စိတ်စွမ်းအင်များအားလုံးခြောက်သွေ့လုမတတတ်ဖြစ်သွားသည်။
ထိုအချိန်တွင်သူသာ ဆက်လုပ်လိုက်ပါက
ကောင်းကင်ဘုံကြယ်ဖမ်းကွန်ယက်က သူ့တွင်ရှိသောစွမ်းအင်အားလုံးကို အကုန်အစင်စုပ်ယူသွားကာ ခြောက်သွေ့သောအလောင်းကောင်တစ်ခုအဖြစ်ပြောင်းလဲသွားပေမည်။
"ကြောက်ဖို့ကောင်းလိုက်တာ... ငါ့ကိုသေမလိုလန့်သွားစေတာပဲ..."
မိုလျှိုကျိသူ့ရင်ဘက်သူဆုပ်ကိုင်ရင်း ရေရွတ်လိုက်သည်။ သူ့နှလုံးက အရူးအမူးပင်ခုန်ပေါက်နေသည်။
ကျွီ
ထိုအခိုက်အတန့်တွင် အိမ်တံခါးပေါက်ပွင့်လာလေသည်။
မိုလျှိုကျိခတ္တမျှ တစ်ခဏမျှအံ့ဩသွားကာ နောက်သို့လှည့်ကြည့်လိုက်သည်။
သေးသွယ်ပြီး ကျက်သရေရှိသောပုံရိပ်လေးတစ်ခုက အခန်းထဲမှဖြေးညှင်းစွာ ထွက်ပေါ်လာသည်။