အပိုင်း ၈၁၂
Viewers 62k

အပိုင်း ၈၁၂

ဂိုဏ်းချုပ်ကို ထိတ်လန့်သွားစေခြင်း


တအီအီမြည်သံသည် ကြွပ်ဆတ်နေကာကြည်လင်ပြတ်သားလာသည်။


၎င်းသည် လွန်ခဲ့သည်ခေတ်များက ရှေးဟောင်းအသံတစ်ခုနှင့်တူညီပြီး လေထုထဲတွင် ပဲ့တင်သံထပ်နေသည်။


ဗွမ်း ဗွမ်း


ဝါးဘူးထဲမှ ဝါညစ်ညစ်အရောင်ရေများသည် မြေပြင်ပေါ်သို့စီးကျလာသည်။


မိုလျှိုကျိ ဝါးဘူးကိုလက်တစ်ဖက်ဖြင့်ဖမ်းယူလိုက်သည်။သူသည် ပါးစပ်အဟောင်းသားဖြစ်ကာ ဆွံ့အနေပေသည်။ ပုံရိပ်လေးတစ်ခု ဖြေးညင်းစွာထွက်ပေါ်လာသည်ကိုကြည့်ရင်း မှင်သက်နေသည်။


ထိုပုံရိပ်လေးက နတ်သမီးတစ်ပါးက ကမ္ဘာမြေကိုဆင်းသက်လာသည်နှင့်တူနေသည်။


သူမ၏ ဖြူလွလွဝတ်စုံလေးသည် လေအလွင့်တွင် တဖျပ်ဖျပ်လွင့်ပျံနေပေသည်။ သူမ၏ပြောင်လက်တောက်ပနေသော ခါးအထိရှည်သော ဆံနွယ်ရှည်ရှည်များသည် ရေတံခွန်ငယ်ကဲ့သို့ဝဲဖြာသွားလေသည်။ အလင်းစွမ်းအင်အစက်ပေါင်းများစွာက နေရာအနှံ့သို့ပျံ့နှံ့သွားသည်။


မိုလျှိုကျိ စုတ်သပ်လိုက်သည်။ သူလက်ကိုမြှောက်လိုက်ပြီး ဝါးဘူးထဲရှိဝိုင်များကိုပါးစပ်ထဲသို့လောင်းထည့်လိုက်သည်။ ခေါင်းငြိမ့်လိုက်ကာ နတ်သမီးတစ်ပါးလို သိမ်မွေ့လှပသောအမျိုးသမီးလေးကိုကြည့်လိုက်သည်။


ဝိုင်သောက်ပြီးနောက်တွင် နှုတ်ခမ်းသပ်လိုက်ကြီး သူ့မျက်မှာသူပွတ်သုတ်လိုက်ကာ သူတော်စင်သမီးတော်ထံသို့ လမ်းလျှောက်ရင်းသွားလိုက်သည်။


"အာကာသနတ်သမီး ... တံခါးပိတ်ကျင့်ကြံလို့ပြီးပြီပေါ့လေ..."


မိုလျှိုကျိ မျက်လုံးများမှိတ်သွားအောင်ပြုံးရင်းပြောလိုက်သည်။


ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေ အာကာသနတ်သမီး၏အော်ရာသည် ကောင်းကင်ယံရှိ ကြယ်တာရာများကို လမ်းညွှန်နိုင်ကာ ထိန်းချုပ်နိုင်ပေသည်။ ထိုသည်ကိုမြင်လိုက်ရသောအခါ မိုလျှိုကျိ၏ စိတ်နှလုံးတုန်လှုပ်သွားလေသည်။


သူအခုလေးတင်ရလိုက်တဲ ခံစားချက်အရဆို သူမက..... . ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်နဲ့ လုံးဝချိတ်ဆက်မိသွားတာလား


သူမ၏ ဖြူလွလွဝတ်စုံ လေအဝှေ့တွင် လှိုင်းလုံးငယ်များကဲ့သို့ တလိမ့်လိမ့်လွင့်ပျံနေပေသည်။ လှပသောနတ်စွမ်းအင်အမှုန်အမွှားများသည် သူမခန္ဓာကိုယ်ပတ်ပတ်လည်တွင် လည်ပတ်နေသည်။


အာကာသနတ်သမီး၏ စိတ်ဝင်စားမှုကင်းမဲ့သော မျက်လုံးအကြည့်သည် မိုလျှိုကျိထံတစ်ချက်ကျရောက်လာပြီး သူ့ကို အသိအမှတ်ပြုဟန်ပြလိုက်သည်။ သူသည် ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေတွင် သူ၏ စည်းကမ်းမလိုက်နာမှုများနှင့် သမာရိုးကျမဟုတ်သော ပင်ကိုယ်စရိုက်ကြောင့် အတော်လေးနာမည်ကြီးပေသည်။


ဘာပဲဖြစ်ဖြစ် သူကအခု ဘာလို့သူမရဲ့ရှေ့မှာရောက်နေရတာလဲ.. သူ့ကိုတစ်ခါမှမတွေ့ဖူးဘူးလားလို့ပါ


"နင်ဘာလို့ဒီကိုရောက်နေရတာလဲ..."


သူမ ညင်သာစွာမေးလိုက်သည်။


သူမ၏အသံသည် အကြိမ်ထောင်ချီပဲ့တင်ထပ်သွားသော ဥဩငှက်တစ်ကောင်၏ တွန်ကြူးသံနှင့်တူနေပြီး ချိုင့်ဝှမ်းအလွတ်ထဲတွင်ပဲ့တင်ထပ်နေသည်။


ထို ချိုသာနူးညံ့သောအသံလေးက မိုလျှိုကျိ၏နားအတွင်းသို့ဝင်ရောက်လာချိန်တွင် သူ့တစ်ကိုယ်လုံးတုန်ရီသွားပြီး သတိလက်လွတ်တံတွေးမျိုချမိသွားလေသည်။


"ငါကို.. အဘွားမိုက မင်းကိုဒီနေရာမှာစောင့်နေခိုင်းလို့လာစောင့်နေတာ.. မင်းတံခါးပိတ်ကျင့်ကြံရာကထွက်လာရင် ငါကမင်းကို... မင်းကိုတွေ့ပေးမလို့... မဟုတ်ဘူး မဟုတ်ဘူး အစားကြူးတောင်ကြားကိုလိုက်ပို့ပေးမလို့..."


မိုလျှိုကျိ မျက်ပြူးဆန်ပျာဖြင့်ပြောလိုက်သည်။


သူ့လွဲပြောမိမလိုပင်ဖြစ်သွားခဲ့ကာ သူ့ကိုယ်သူတစ်ချက်ရိုက်လိုက်ပြီးမှ စကားလမ်းကြောင်းလွှဲလိုက်ရသည်။


အာကာသနတ်သမီး၏. စိတ်ထဲတွင်မေးခွန်းများပြည့်သွားပေသည်။


အစားကြူးတောင်ကြားကိုသွားကြမှာ.. သူမကအစားကြူးတောင်ကြားကို ဘာလို့သွားရမှာလဲ...


အဘွားမိုက သူမကိုအစားကြူးတောင်ကြားကိုမသွားခိုင်းဘူးမဟုတ်ဘူးလား.. ဘာလို့ရုတ်တရက်ကြီး စိတ်ပြောင်းသွားရတာလဲ...


"ငါအရမ်းသိချင်သွားလို့...နတ်သမီး မင်း ကောင်းကင်ဘုံကြယ်တာရာကွန်ရက်ကို အောင်အောင်မြင်မြင်ထိန်းချုပ်လိုက်နိုင်ပြီလား"


"မရသေးပါဘူး ကောင်းကင်ဘုံကြယ်တာရာကွန်ရက်က အရမ်းရှုပ်ထွေးတယ်.. ဘယ်လိုလုပ်ပြီး လွယ်လွယ်ထိန်းချုပ်လို့ရမှာလဲ..."


သူမ ခေါင်းခါလိုက်သည်။


ကောင်းကင်ဘုံကြယ်တာရာကွန်ရက်တဲ့လား...


အာကာသနတ်သမီး သက်ပြင်းဖွဖွချလိုက်သည်။ သူမ၏မျက်လုံးထဲတွင် စကြဝဠာထဲရှိမရေမတွက်နိုင်သောကြယ်တာရာများကဲ့သို့ အလင်းတန်းများစွာတောက်ပနေသည်။



နောက်တစ်နေ့တွင် တောက်လောင်နေသောနေမင်းကြီးသည် ကောင်းကင်ယံသို့တရွေ့ရွေ့တက်လာကာ နေရောင်ခြည်အလင်းတန်းများကိုထုတ်လွှတ်လိုက်သည်။ နေရောင်နွေးနွေးသည် ကမ္ဘာမြေပေါ်သို့ လွှမ်းခြုံလာတော့သည်။


စားသောက်ဆိုင်တံခါးပွင့်သွားသည်


ချူချန်းရှန်၏ တံခါးနောက်တွင် မျက်နှာချောချောပေါ်ထွက်လာပြီး သူ၏ဆံနွယ်ဖြူဖြူများသည် လေအဝှေ့တွင်လွင့်ပျံနေပေသည်။ ခေါင်းကိုအသာခါယမ်းလိုက်သောအခါ ဆံပင်များနောက်သို့ပြန်ရောက်သွားလေသည်။ ထို့နောက် ဆိုင်ထဲပြန်ဝင်ကာထိုင်ခုံတစ်ခုံကိုဆွဲထုတ်လိုက်ပြီး တံခါးဝတွင်ချလိုက်ကာ လဲလျောင်းလိုက်သည်။ 


ထို့နောက် နေရောင်ခြည်နွေးနွေးအောက်တွင်ဇိမ်ခံလိုက်သည်။


တစ်ခါတစ်ရံတွင် စားပွဲထိုးတစ်ယောက်ဖြစ်ရသည်မှာမဆိုးလှဟု ချူချန်းရှန်တွေးမိသည်။ အနည်းဆုံး အတိတ်နှင့်ယှဉ်လျှင် သူပို၍ပျော်ရပေသည်။ ဖိအားဒဏ်နှင့် စိုးရိမ်သောကများကိုမခံစားရတော့ချေ။


ပုဖန်သည် မွှေးကြိုင်သင်းပျံ့ကာအငွေ့တထောင်းထောင်းနေသောဟင်းပွဲများကိုသူနှင့်အတူယူဆောင်လာပြီး မီးဖိုချောင်ထဲမှ ထွက်လာသည်။


ဟင်းပွဲများကိုစားပွဲပေါ်တင်လိုက်သောအခါ ခွေးဘုရင်နှင့်နယ်သာရီတို့က အပြေးအလွှားလာစားကြတော့သည်။


ခုနစ်ရောင်ခြယ်ကောင်းကင်ဝါးမျိုစပါးအုံးမြွေဖြစ်သော ပန်းပွင့်လေးသည် ညဘက်ရှောင်ယနှင့်အတူတူအိပ်သည့်အချိန်မှလွဲ၍ စားသောက်ဆိုင်ထဲတွင် တစ်နေကုန်နီးပါးနေလေ့ရှိသည်။


စားသောက်ဆိုင်အပြင်ဘက်တွင် စားသုံးသူလူတန်းကြီးကတဖြေးဖြေးကြီးမားလာပြီး ခဏအကြာတွင် စားသောက်ဆိုင်သို့ဝင်ရောက်လာကြတော့သည်။


ပုဖန်၏ နေ့စဉ်လုပ်ငန်းစတင်ပြီဖြစ်သည်။


စားပွဲထိုးတစ်ယောက်အဖြစ် ဝန်ဆောင်မှုပေးရခြင်းသည် ချူချန်းရှန်အတွက် ပထမဆုံးအတွေ့အကြုံဖြစ်သည်။


သို့သော် လက်ရှိတွင် သူသည် အစားကြူးတောင်ကြား၏ မဟာအကြီးအကဲချူချန်းရှန်မဟုတ်တော့ပဲ သာမန်စားပွဲထိုးချူချန်းရှန်ဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် သူမရှက်သလို စိတ်ကသိကအောင့်ဖြစ်သည်ဟုမခံစားရပါ။ အနည်းဆုံး အစားအသောက်များချပေးချိန်တွင် သဘာဝကျကျပြုမူလျက်ရှိပေသည်။


စားသောက်ဆိုင်အပြင်ဘက်တွင် ပုံရိပ်တစ်ခုဖြေးဖြေးချင်းထွက်ပေါ်လာသည်။


ရှေးဟောင်းကျောက်စိမ်း ဂိုဏ်းချုပ်သည် အလွန်အမင်းခက်ထန်နေသည့်မျက်နှာထားဖြင့် စားသောက်ဆိုင်ထဲသို့ဝင်လာသည်။ ဆွဲဆောင်မှုမရှိပဲ သေးငယ်ကျဉ်းမြောင်းသောအဆောက်အဦးလေးကိုကြည့်ပြီး သက်ပြင်းမချပဲမနေနိုင်တော့ချေ။


စားသောက်ဆိုင်လေးသည် သေးငယ်သော်လည်း ၎င်း၏စီးပွားရေးအခြေအနေကမဆိုးလှပေ။ လူများစွာ ဝင်ထွက်သွားလာနေကြလေသည်။


ရှေးဟောင်းကျောက်စိမ်းဂိုဏ်းချုပ်သည် လက်နှစ်ဖက်ကိုယှက်၍ဆိုင်ထဲသို့ဝင်လာကာ စားပွဲတစ်ခုလွတ်နေသည်ကိုတွေ့၍ထိုင်လိုက်လေသည်။


ဂိုဏ်းချုပ်သည် သူ၏ပတ်ပတ်လည်ကို နှံ့နှံ့စပ်စပ်ကြည့်လိုက်သောအခါ ဤစားသောက်ဆိုင်သည် သူမြင်ဖူးတွေ့ဖူးခဲ့သောဆိုင်များနှင့် လွန်စွာခြားနားသည်မှန်းသိလိုက်ရသည်။ သူ၏ အော်ရာပင် တစ်နည်းနည်းဖြင့် ဖိနှိပ်ခံနေရသည်ကိုခံစားလိုက်ရသည်။


သူ့ခေါင်းအတွင်းရှိ နတ်ဘုရားမီးတောက်သည်ပင် တဖျပ်ဖျပ်တောက်ပလာလေသည်။


ဂိုဏ်းချုပ် ဆိုင်ထဲတွင်မျက်လုံးကစားလိုက်သည်။


ထိုခဏတွင် ဂိုဏ်းချုပ်တစ်ယောက် သူ့ခန္ဓာကိုယ်ရှိ ချွေးပေါက်များ ပေါက်ကွဲလုမတတ်ဖြစ်သွားသည်ကိုခံစားလိုက်ရသည်။


အဘယ့်ကြောင့်ဆိုသော် ခွေးတစ်ကောင်ကိုမြင်လိုက်သောကြောင့်ပင်။ ၎င်းသည် ဝတုတ်နေသည့် အနက်ရောင်ခွေးတစ်ကောင်ဖြစ်ပေသည်။


မနေ့ညက သူသည် ခွေးလက်ဖဝါးအဖြစ်အသွင်ပြောင်းသွားသော ခွေးမွှေးတစ်ပင်၏ ရိုက်ချက်ကိုခံခဲ့ရသည်။ ထိုရိုက်ချက်က အသာအယာပုတ်လိုက်သည့်ပုံစံဖြစ်သော်လည်း အင်အားအနည်းငယ်ပင်မကျန်သည် အထိ ခုခံလိုက်ရသည်။


သူ့မျက်နှာတွင် ရှက်ရွံ့ဖွယ်ဝေဒနာကိုခံစား၍ရနေသေးပေသည်။ အရိုက်ခံရခြင်းဟူသည် သူ့အတွက်ဒီတစ်သက်မမေ့နိုင်စရာ ခံစားချက်တစ်ခုဖြစ်သည်။


ထို့အပြင် ဤမျှကြောက်မက်ဖွယ်အော်ရာများဖြင့် လက်ဖဝါးတစ်ခုကို ဘယ်တော့မှမေ့နိုင်မည်မဟုတ်တော့ချေ။


ယခုတွင် စားသောက်ဆိုင်ထဲ၌ခွေးတစ်ကောင်တွေလေပြီ။ အနက်ရောင်အမွှေးများဖြင့်ခွေးနက်တစ်ကောင်ဖြစ်ပေသည်။


ရှေးဟောင်းကျောက်စိမ်းဂိုဏ်းချုပ်သည် ပို၍ထိတ်လန့်လာကာ သူ့နှလုံးသားတစ်ခုလုံးပင် ဒုန်းစိုင်းခုန်ပေါက်နေတော့သည်။


နောက်ဆုံးတော့ အဲ့ဒီ့အမွှေးတစ်မျှင်ရဲ့ ပိုင်ရှင်ကိုတွေ့ခဲ့ပြီ...


သို့သော် ၎င်းက သူ့ကိုပို၍စိတ်ပျက်သွားစေသည်။ သူထိုခွေး၏ စွမ်းအင်ကိုပင် ခန့်မှန်း၍မရချေ။


"မင်္ဂလာနံနက်ခင်းပါ.. ဘာများမှာယူချင်ပါသလဲ.. မီနူးကတော့ သင့်အနောက်ဘက်မှာရှိပါတယ်..."


ချူချန်းရှန် ဂိုဏ်းချုပ်၏စားပွဲရှိရာကို ညင်သာစွာရွေ့လျားလာသည်။


ဂိုဏ်းချုပ်ခေါင်းမော့လိုက်ကာ ချူချန်းရှန်ကိုစစ်ဆေးလိုက်သည်။ သူ၏ကျင်ကြံခြင်းအဆင့်နှင့်ဆိုလျှင် ချူချန်းရှန်၏ စွမ်းအင်အဆင့်ကို လွယ်လွယ်ကူကူသိရှိနိုင်ပေသည်။


ရုတ်ချည်းပင် အသက်ပြင်းပြင်းရှူလိုက်ရကာ သူ့မျက်လုံးများပင်ကြုံ့ဝင်သွားတော့သည်။


ထိုလူ၏အဆင့်သည် စိတ်ဝိဉာဉ်နတ်ဘုရားအာရုံနယ်ပယ်တွင်ရှိနေပြီး နတ်ဘုရားယဇ်ပလ္လင်ကိုပင်ဖွဲ့တည်ပြီးသားဖြစ်လေသည်။ သူ့ရှေ့ရှိလူငယ်လေးသည် နတ်ဝိဉာဉ်အဆင့်သို့ခြေတစ်ဝက်လှမ်းပြီးသူပင်ဖြစ်နိုင်ပေသည်။


ဒီလိုတည်ရှိမှုမျိုးက ဒီစားသောက်ဆိုင်လေးရဲ့ စားပွဲထိုးတဲ့လား... နတ်ဝိဉာဉ်အဆင့်ကိုခြေတစ်ဝက်လှမ်းပြီးထားတဲ့ စားပွဲထိုးကိုထည့်မပြောရင်တောင် အဆင့်ဘယ်လောက်ရှိနေလဲမသိတဲ့ခွေးတစ်ကောင်ကရှိနေသေးတယ်...


မူလက ရှေးဟောင်းကျောက်စိမ်းဂိုဏ်းချုပ်သည် ဤစားသောက်ဆိုင်ကိုအလည်အပတ်လာရင်း စားသောက်ရန်သာအစီအစဉ်ဆွဲထားခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုအတွေးက ရုတ်ချည်းပင်ပျောက်ကွဲသွားပြီး လက်ရှိတွင်ကြောက်ရွံ့မှုများကိုသာခံစားနေရလေသည်။


သိမြင်မှုလမ်းကြောင်းသစ်သီးပင်အောက်ရှိခွေးဘုရင်သည် သူ့ကိုတစ်စုံတစ်ယောက်ကကြည့်နေသည်ဟုခံစားလိုက်ရသည်။ ထို့ကြောင့် သူ၏ ငိုက်မျဉ်းနေသော မျက်လုံးများကိုဖွင့်လိုက်ကာ ဂိုဏ်းချုပ်ဆိုသည်ကိုကြည့်လိုက်သည်။


သူ၏ ပျင်းရိလေးလံနေသောအကြည့်သည် ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်ကိုတောင့်ခဲသွားစေသည်။


ဘမ်း


ရှေးဟောင်းကျောက်စိမ်းဂိုဏ်းချုပ်သည် စကားတစ်ခွန်းမှမပြောပဲ စားပွဲမှခုန်ထလိုက်ကာ တံခါးပေါက်ဆီသို့လှည့်ထွက်လိုက်သည်။


ခွေးမွှေးတစ်ပင်ကတောင် သူ့ကိုသတ်နိုင်တဲ့နေရာမှာ ဘာတွေများစားရဦးမှာလဲ... အခုတော့ အဲ့ခွေးကသူ့ကိုကြည့်နေတော့ တူတောင်ကောင်းကောင်းမကိုင်နိုင်တော့ဘူး...


ပိုသန်မာလေ ဒီခွေးနက်ကြီးကဘယ်လောက်တောင်ကြောက်ဖို့ကောင်းလဲဆိုတာ ပိုပြီးတော့ရှင်းရှင်းလင်းလင်းသိလေပဲ...


ရှေးဟောင်းကျောက်စိမ်းဂိုဏ်းချုပ် ချက်ချင်းကြီးလှည့်ပြန်သွားသည်ကို မြင်လိုက်ရသောအခါ ချူချန်းရှန်ကြောင်အသွားလေသည်။


ဂိုဏ်းချုပ်ထွက်သွားပြီးသည့်နောက်တွင် အဘွားအိုးတစ်ဦးက ဆိုင်ထဲကို တုန်တုန်ရီရီဖြင့်လမ်းလျှောက်ဝင်လာပြီး အစားအသောက်များမှာယူကာ ထိုင်ခုံပေါ်တွင် ငြိမ်သက်စွာထိုင်စောင့်နေလေသည်။


သူမ၏အိုမင်းနေသောမျက်မှာတွင် အပြုံးခပ်ဖျော့ဖျော့လေးရှိနေကာ ဆိုင်တစ်ခုလုံးကို စစ်ဆေးကြည့်ရှုနေသည်။


သူမသည် သိမြင်မှုလမ်းကြောင်းသစ်သီးပင်နှင့် သစ်ပင်၏အရိပ်အောက်တွင်ရှိသော ငရဲကမ္ဘာသင်္ဘောကိုတွေ့လိုက်ရကာ ထိုသင်္ဘော၏နံဘေးတွင် လဲလျောင်းနေသော ဝတုတ်နေသည့်ခွေးနက်ကြီးတစ်ကောင်ကိုတွေ့လိုက်ရသည်။


သူမစူးစမ်းကြည့်လေလေ သူမမျက်နှာရှိအပြုံးကပို၍ကြီးမားလာလေလေဖြစ်နေသည်။


"ကောင်းလိုက်တာ... တကယ်ကောင်းတာပဲ..."


အဘွားအိုသည် ပွင့်လန်းနေသည့်ပန်းတစ်ပွင့်ကဲ့သို့ ပြုံးနေရင်းရေရွတ်လိုက်သည်။


ထိုအချိန်တွင် သူမမှာထားသော ပူပူနွေးနွေးနှင့် မွှေးကြိုင်သင်းပျံ့နေသည့် ဟင်းပွဲတစ်ခုက သူမရှေ့သို့ရောက်ရှိလာသည်။ 


"ကောင်းကောင်းသုံးဆောင်ပါ..."


ချူချန်းရှန် ချိုသာစွာပြုံးရင်းပြောလိုက်သည်။


အဘွားအိုသည် ချူချန်းရှန်ကိုစူးစိုက်ကြည့်လိုက်သည်။


"အစားကြူးတောင်ကြားရဲ့ မဟာအကြီးအကဲက အခုတော့ဒီဆိုင်ရဲ့ စားပွဲထိုးဖြစ်နေတာပါလား.. ဒါကအပ်နဲ့ထွင်းရမယ့်နေရာမှာ ပုဆိန်နဲ့ထွင်းသလိုမဖြစ်နေဘူးလား..."


ချူချန်းရှန်၏ နှုတ်ခမ်းပေါ်ရှိအပြုံးသည်ရှိနေမြဲဖြစ်ကာ သူ၏ငယ်ရွယ်ချောမောသည့်မျက်နှာသည် ပို၍ပျော်ရွှင်လာသယောင်ဖြစ်နေသည်။


"မဟုတ်ပါဘူး... စားပွဲထိုးလုပ်ရတာကောင်းပါတယ်..."


ထို့နောက် ချူချန်းရှန် လှည့်ထွက်သွားလိုက်သည်။


အဘွားအိုသည် ခေါင်းခါလိုက်သည်။ ထို့နောက် တုန်တုန်ရီရီဖြင့်ဇွန်းကိုကိုင်လိုက်ကာ မွှေးပျံ့နေသည့်အစားအသောက်များကို ပါးစပ်ထဲထည့်လိုက်သည်။


ဟမ်


အဘွားအို၏ တည်ကြည်အေးချမ်းနေသောမျက်နှာသည် ရုတ်ချည်းပင်ပြောင်းလဲသွားပြီး အံ့အားသင့်သွားသည့်အမူအယာကိုဖော်ဆောင်နေပေသည်။ သူမ တစ်ဇွန်းပြီးတစ်ဇွန်းခပ်ကာ အလျှင်အမြန်စားလိုက်သည်။


သူမ မသိလိုက်ခင်မှာပဲ ပန်းကန်ထဲရှိ အစားအသောက်များအားလုံးကို စားလိုက်ပြီးသားဖြစ်နေသည်။


သူမလက်ထဲရှိ ကြွေဇွန်းကိုအောက်သို့ချလိုက်ပြီး အဘွားအိုအသက်ရှူထုတ်လိုက်သည်။


သူမ ထိုမျှလောက်အရသာရှိသောစားအသောက်‌များကို မစားရသည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်သည်။ ယခုဟင်းပွဲသည် လူတိုင်းကို ၎င်းတို့၏အတိတ်များကို ပြန်လည်အောက်မေ့သတိရစေသော ကြည်နူးဆွတ်ပျံ့ဖွယ် အရသာရှိပေသည်။


ဤကဲ့သို့အရသာရှိလွန်းသည့်ဟင်းပွဲသည် အဘွားအိုကို သူမ ပန်းရှူစားသည့်စင်မြင့်တွင် အခြားသူများနှင့်စကားစမြည်ပြောခဲ့သည့် အတိတ်ကိုပြန်လည်အောက်မေ့စေသည်။


ထိုအချိန်က သူတို့ကျင့်ကြံရေးနည်းလမ်းများနှင့် ကိုယ်ခံပညာများအကြောင်းကို ဆွေးနွေးပြောဆိုကြပြီး စားကောင်းသောက်ဖွယ်များကို အတူစားခဲ့ကြသည်။


ပုဖန်၏ ပိန်ပါးရှည်သွယ်သောခန္ဓာကိုယ် သည် မီးဖိုချောင်ထဲမှ ဖြေးညင်းစွာပေါ်ထွက်ပေသည်။


အဘွားအိုက ပုဖန်ကိုမြင်လိုက်သောအခါ သူမ၏မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး သူ့ကိုလက်ဝှေ့ယမ်း၍ခေါ်လိုက်လေသည်။


"လူငယ်လေး ဒီကိုလာပါဦး.."


အဘွားအိုပြောလိုက်သည။


ပုဖန်အံ့အားသင့်သွားပြီးလှည့်ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် သံသယအချို့ရှိနေပေသည်။


သို့သော်ငြားလည်း သူမထံသို့သွားနေဆဲပင်။ ထိုင်ခုံကိုဆွဲယူလိုက်၍ သူမရှေ့တွင်ထိုင်ချလိုက်သည်။


သူတို့၏မျက်လုံးများဆုံမိသွားကြသည်။



ခမ်းနားထည်ဝါသော စစ်သင်္ဘောတစ်စင်းသည် ဖြေးညှင်းစွာခရီးဆက်လာလေသည်။ ၎င်းသွားရာလမ်းတစ်လျှောက်တွင် လေဟာနယ်ကို ကြေမွသွားစေသည်။


ထိုသင်္ဘောကို အဖိုးတန်သတ္တုများစွာဖြင့်ပြုလုပ်ထားပုံပေါ်လေသည်။ ၎င်း၏သတ္တုကိုယ်ထည်သည် အေးစက်နေသည့် သတ္တုအရောင်ပေါက်နေပေသည်။ စစ်သင်္ဘော၏တစ်ဖက်တစ်ချက်တွင် လျှို့ဝှက်ဆန်းကျယ်သော ပန်းချီများနှင့် အစီအရင်ပုံစံကွက်များစွာရှိနေသည်။


၎င်း၏အပေါ်တွင် အလံတစ်ခုသည်လေထဲတွင် တလူလူလွင့်နေသည်။ ထိုအလံပေါ်တွင် လက်ရေးလှစကားလုံးဖြင့်ရေးထားသော စာလုံးများရှိပေသည်။


"အရုဏ်ဦး..."


ထိုစစ်သင်္ဘောသည် ပုန်းကွယ်နဂါးတိုက်ကြီး၏ ကြီးမြတ်သည့်သန့်စင်နယ်မြေကိုးခုမှ တစ်ခုဖြစ်သည့် တက်နေဝန်းစစ်သင်္ဘောဖြစ်လေသည်။


စစ်သင်္ဘောကြီးသည် ဖြေးဖြေးချင်းခရီးဆက်နေကာ မိုးကုတ်စက်ဝိုင်းဆီသို့ပျံသန်းနေသည်။


၎င်းသည် တိမ်လွှာပေါင်းများစွာ၊ မိုင်ပေါင်းထောင်သောင်းချီသောတောင်တန်းများနှင့် မြစ်များကိုဖြတ်ကျော်လာခဲ့ရသည်။


သန့်စင်နယ်မြေများတွင် ထိုစစ်သင်္ဘောများလောက်မကြီးသော်လည်း မသေးငယ်ပါသည့်သင်္ဘောအချို့ရှိပေသည်။ သန့်စင်နယ်မြေတိုင်းတွင် ပုန်းကွယ်နေသောနဂါးကောင်းကင်ဝင်ပေါက်ကို ဖိနှိပ်နိုင်ရန် အခြေခံကျသော စွမ်းအားမြင်လက်နက်များနှင့် စစ်သင်္ဘော လေးငါးစင်းခန့်ရှိကြပေသည်။


သင်္ဘောပေါ်ရှိ အစီအရင်များကိုအသက်သွင်းလိုက်သည်နှင့် မဟာလေဟာနယ်အဆင့်ရှိငရဲကမ္ဘာသက်ရှိများကို ချေမှုန်းနိုင်သည့် စွမ်းအင်အမြှောက်များကိုဖန်တီးနိုင်လေသည်။


စစ်သင်္ဘောသည်တရွေ့ရွေ့ခရီးဆက်နေသည်။


ရုတ်တရက်...


စစ်သင်္ဘောကိုကြီးကြပ်သည့် ဂိုဏ်းတည်ထောင်သူအဆင့်ရှိသောလူတစ်ယောက်မျက်လုံးပွင့်သည်။ သူ၏အကြည့်များသည် ကောင်းကင်ယံကိုဟက်တက်ခွဲတော့မည့် ဓားတစ်ချောင်းကဲ့သို့ထက်မြနေပေသည်။


စစ်သင်္ဘော၏အရှေ့ လေထုအလယ်တွင် တိမ်မဲများဖြင့်ဖုံးလွှမ်းသွားပေသည်။


“Muahahahahaha…”

"ဟားဟားဟားဟား....."


"ခစ် ခစ် ခစ် ခစ်..."

“Kakakakakakakaka…”


တိမ်မဲများထံမှ ကျောရိုးတစ်လျောက် ကြက်သီးထသွားစေသော ရယ်မောသံကြီးပေါ်ထွက်လာလေသည်။


ထိုဧရာမတိမ်လိပ်ကြီးနှင့်ယှဉ်လျှင် ခက်ထန်ကြမ်းကြုတ်သည်ဟူသော စစ်သင်္ဘောသည် ပုရွက်ဆိတ်တစ်ကောင်အလားဖြစ်နေသည်။


တိမ်မဲများက ကျယ်ပြန့်လာပြီး ဧရာမသားရဲကြီးတစ်ကောင်၏ပါးစပ်သဏ္ဍာန် ပုံရိပ်ကြီးတစ်ခုဖြစ်ပေါ်လာကာ စစ်သင်္ဘောကြီးကိုဝါးမျိုချလိုက်လေသည်။


ဘုန်း


စစ်သင်္ဘောအတွင်းမှ ကြောက်မက်ဖွယ်အော်ရာတစ်ခုထွက်ပေါ်လာသည်။


နတ်ဘုရားယဇ်ပလ္လင်သည်လေထဲတွင်မျောလွင့်နေကာ အလင်းတန်းများကိုနေရာအနှံ့သို့ထုတ်လွတ်နေသည်။ ထိုနတ်ဘုရားယဇ်ပလ္လင်ပေါ်တွက် တိမ်မဲများကိုပင် လင်းသွားစေသည့် ရဲရဲနီနေသောမီးတောက်တစ်ခုရှိနေသည်။


ထွားကျိုင်းကြံ့ခိုင်သောခန္ဓာကိုယ်တစ်ခုပေါ်လာပြီး လက်ပိုက်ရင်းစစ်သင်္ဘော၏ကုန်းပတ်ပေါ်တွင်ခန့်ညားစွာရပ်နေလိုက်သည်။


"ငရဲကမ္ဘာသက်ရှိတွေ... ကောင်ကင်ဂိတ်တံခါးကိုသွားတဲ့လမ်းမှာ ငါတို့ကို ဝင်နှောင့်ယှက်ရဲတယ်ပေါ့လေ.. မင်းတို့သေချင်နေကြတာလား..."


သို့သော် ကြောက်မက်ဖွယ်ကောင်းသည့် အေးစက်စက်ရယ်သံကသာပျံ့လွင့်လာပေသည်။


စစ်သင်္ဘောတစ်ခုလုံး ရမ်းခါသွားသည်။


ဘုန်း


တိမ်မဲများကြားမှ ကြီးမားသည့်ခန္ဓာကိုယ်ကြီးသည် စစ်သင်္ဘော၏ထိပ်ပိုင်းဆီသို့ခုန်ဆင်းလာ၍ စစ်သင်္ဘောကြီးတစ်ခုလုံးရမ်းခါသွားခဲ့ခြင်းဖြစ်သည်။


ဂိုဏ်းတည်ထောင်သူအဆင့်ရှိကျင့်ကြံသူ၏မျက်လုံးများ ကျုံ့ဝင်သွားတော့သည်။


နက်မှောင်တောက်ပနေသည့်အတောင်ပံတစ်စုံဖြင့် အရိပ်တစ်ခုသည် သင်္ဘောဦးပိုင်းပေါ် ဆင်းသက်လာသည်။


နှဖူးပေါ်တွင် ပွင့်ဟနေသည့်မျက်လုံးတစ်စုံရှိသောပုံရိပ်သည်လည်းသက်ဆင်းလာပေသည်။


အခြားသောအရိပ်သုံးခုသည်လည်း စစ်သင်္ဘော၏လေးဘက်ဘေးလံကိုပိတ်ဆို့ကာ ကောက်ကျစ်စွာရယ်မောနေကြလေသည်။


သင်္ဘောကြီးကြပ်သူသည် ကျောရိုးတစ်လျှောက်ကြက်သီးများထလာတော့သည်။


"ကောင်းကင်ဖြတ်ကျော်အတိဒုက္ခတောင်မစသေးဘူး...မင်းတို့မကောင်းဆိုးဝါးတွေက ဘယ်လိုလုပ် ကောင်ကင်ဝင်ပေါက်ကိုဖြတ်ပြီး လျှို့ဝှက်နဂါးတိုက်ကြီးကိုရောက်လာရတာလဲ"