အပိုင်း ၈၁၃
Viewers 62k

အပိုင်း ၈၁၃

သူမကိုအနိုင်မကျင့်ပါနဲ့


စစ်သင်္ဘောသည် တိမ်မဲအစုအဝေးကြီး၏ဝါးမျိုခြင်းကိုခံလိုက်ရသည်။ အမှောင်ထုထဲရှိ ကြောက်မက်ဖွယ်အော်ရာများက လေထုထဲတွင်ဖုံးလွှမ်းသွားသည်။


တိမ်မဲများထဲတွင် နတ်ဘုရားယဇ်ပလ္လင်ကလွင့်မျောနေပြီး အပေါ်တွင် တောက်လောင်နေသည့်နတ်ဘုရားမီးတောက်ရှိနေပေသည်။ ၎င်းသည်အမှောင်ထုထဲတွင်တောက်ပနေလေပြီး အမှောင်ထုကိုတွန်းလှန်ရင်း စစ်သင်္ဘောတစ်ခုလုံးကို အလင်းဆောင်နေလေသည်။


သတ္တုစစ်သင်္ဘောထံမှ ဟိန်းဟောက်သံကဲ့သို့အသံတစ်ခုထွက်ပေါ်လာသည်။ သင်္ဘောပေါ်ရှိအစီအရင်များကလျှင်မြန်စွာအသက်ဝင်လာပြီး အမှောင်ထုထဲမှလွတ်မြောက်ရန် တိမ်မဲများကိုဖယ်ရှားနေပေသည်။


အရုဏ်ဦးသန့်စင်နယ်မြေ စစ်သင်္ဘောကြီးကြပ်သူသည် သတ်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ဂိုဏ်းတည်ထောင်သူအဆင့်တွင်ရှိနေသူလည်းဖြစ်သည်။ သူ၏နတ်ဘုရားမီးတောက်သည် အမှောင်ထုကိုအပြင်းအထန်တွန်းလှန်နေကာ စစ်သင်္ဘောကို ခတ္တမျှသက်ရှူချိန်ပေးလိုက်သည်။


သို့သော် သုံးမီတာခန့်ရှည်လျားသောပုံရိပ်တစ်ခုသည် ကုန်းပတ်ပေါ်သို့ဆင်းသက်လာပြီး သင်္ဘောတစ်ခုလုံးကိုခါရမ်းသွားစေသည်။ စစ်သင်္ဘော၏သတ္တုအစိတ်အပိုင်းများသည် ဖိအားအောက်တွင် အဆက်မပြတ်တုန်ခါနေတော့သည်။


စစ်သင်္ဘောအတွင်းတွင် အရုဏ်ဦးသန့်စင်နယ်မြေ၏တပည့်များသည် ကြောက်ရွံ့မှုအပြည့်ဖြင့် အော်ဟစ်ကာတုန်ရီနေကြပေသည်။


ဘီလူကြီး၏ခန္ဓာကိုယ်ကို အနက်ရောင်အငွေ့များကရစ်သိုင်းနေကာ သူ့မျက်နှာတွက်တက်တူများဖြင့်အလှဆင်ထားသည်။ သူ့ခန္ဓာကိုယ်သည် အစိမ်းရောင်သွေးကြောများဖြင့်ဖုံးလွှမ်းနေသော ကြွက်သားထူထူများဖြင့် ဖောင်းကြွနေသည်။ ထို့ကြောင့်သူ့ကြွက်သားများသည် တဒိတ်ဒိတ်ခုန်နေသည်ဟူသောခံစားချက်ကိုပေးနေလေသည်။


သူ့ခေါင်းပေါ်တွင် ကျွဲချိုနှင့်တူသော ဦးချိုများရှိပြီး ထိုချိုများအပေါ်တွင် မာကြောကြမ်းတမ်းသောသတ္တုကွင်းများစွာကိုဖောက်ထားလေသည်။ ထိုကွင်းများသည် တစ်ခုနှင့်တစ်ခုတိုက်မိကာ အသံများကိုအဆက်မပြတ်ထုတ်လွှင့်နေသည်။


ဘီလူကြီးတွင်နီမြန်းနေသောမျက်လုံးတစ်စုံရှိကာ ပါးစပ်ဟလိုက်သောအခါတွင် နက်ဆွေးနေသည့် ငရဲကမ္ဘာစွမ်းအင်များစိမ့်ထွက်လာသည်။


ဘမ်း


ဘီလူကြီးသည် သတ္တုသင်္ဘောပေါ်ကို၎င်း၏လက်နှစ်ဖက်ဖြင့် ရိုက်ချလိုက်သည်။ သူ့လက်ကျရောက်သွားသောနေရာ စစ်သင်္ဘော၏နံရံတွင် ချိုင့်ရာအကြီးကြီးများထွက်ပေါ်လာသည်။


သူ့လက်များသည် သင်္ဘော၏အောက်ခံကိုယ်ထံအထိ ထိုးဖောက်သွားပေသည်။


"နတ်ဆိုးသားရဲကောင် ထွက်သွားစမ်း..."


စစ်သင်္ဘောအတွင်းမှ အော်ဟစ်ဟိန်းဟောက်သံထွက်ပေါ်လာသည်။


ထို့နောက် နတ်ဘုရားယဇ်ပလ္လင်များတစ်ခုပြီးတစ်ခုထွက်ပေါ်လာသည်။ သို့သော် ထိုယဇ်ပလ္လင်များထက်တွင် နတ်ဘုရားမီးတောက်များလစ်ဟာနေလျက်ရှိသည်။


စစ်သင်္ဘောအတွင်းမှအရိပ်ပေါင်းများစွာထွက်ပေါ်လာပြီး သူတို့၏လက်သီးများကိုဝေ့ယမ်းလျက် တိုက်ခိုက်ရေးနည်းလမ်းများကိုထုတ်ဖော်နေလျက်ရှိသည်။ သူတို့၏နတ်ဘုရားယဇ်ပလ္လင်များအထက်တွင် အလင်းရောင်များကိုထုတ်လွှတ်နေသည့် ကြယ်တစ်လုံးရှိနေသည်။


"ကိ...ကိ...ကိ.. မင်းတို့အကုန်လုံးက ငါ့အတွက်စားစရာတွေပဲ"


ဘီလူးကြီး၏ရဲရဲနီနေသောမျက်လုံးများသည် ပြူးကျယ်လာလေသည်။ထို့နောက် လှောင်ရယ်လိုက်ရင်း သူ၏နောက်ထပ်လက်ဖဝါးတစ်ဖက်ကို လှေပေါ်သို့ရိုက်ချလိုက်သည်။ သူ၏လက်ဖဝါးသည် စစ်သင်္ဘောအပေါ်ကျရောက်လာချိန်တွင် သူတို့၏ကိုယ်ခံပညာများကိုအစွမ်းကုန်ထုတ်ဖော်နေကြသော အရုဏ်ဦးသန့်စင်နယ်မြေ၏ကျင့်ကြံသူများကိုစတင်တိုက်ခိုက်လာပေသည်။


သင်္ဘော၏အခြားတစ်ဖက်ရှိ ဂိုဏ်းတည်ထောင်သူအဆင့်ရှိ ကျင့်ကြံသူ၏သူငယ်အိမ်များ ကျုံ့ဝင်သွားသည်။


သူ့ခန္ဓာကိုယ်မှရောင်ဝါကို အထွတ်အထိပ်အဆင့်အထိပွင့်လှစ်လိုက်ကာ နဂါးနှင့်တူသောစွမ်းအင်အမျှင်များစွာက သူ့ခန္ဓာကိုယ်ဘေးပတ်ပတ်လည်တွင် လည်ပတ်နေပေသည်။ 


သူ့အကြည့်များသည် သင်္ဘောရှေ့ဦးပိုင်းမှ သူ့ထံသို့ တဖြေးဖြေးလျှောက်လှမ်းလာသော ပုံရိပ်ကိုကြည့်နေလေသည်။


"ကောင်းကင်ဖြတ်ကျော်အတိဒုက္ခကရောက်မလာသေးပါဘူး... မင်းတို့လိုမကောင်းဆိုးဝါးတွေက တိုက်ကြီးထဲဘယ်လိုလုပ်ဝင်လာနိုင်ရတာလဲ..."


ဂိုဏ်းတည်ထောင်သူအဆင့်ရှိကျင့်ကြံသူက အံ့ဩတကြီးမေးလိုက်သည်။ သူသည် အရိုးအထိပင်အေးစက်သွားအောင် အံ့အားသင့်သွားသည်မှာသိသာလှပေသည်။


တိမ်မဲများက တဖြေးဖြေးချင်း ပြန့်ကျဲသွားကာ ကောင်းကင်ယံမှဆင်းသက်လာသည့်လှေကားထစ်များအသွင်ပြောင်းလဲသွားသည်။


နှဖူးပေါ်တွင် ဒေါင်လိုက်ရှိသောမျက်လုံးနှစ်လုံးရှိနေပြီး ခေါင်းပေါ်တွင်နက်မှောင်နေသည့်ဆံပင်များရှိနေကာ လှေကားထစ်ပေါ်မှ အေးဆေးတည်ငြိမ်စွာဆင်းသက်လာသည်။


" ဒါက ပုန်းကွယ်နဂါးတိုက်ကြီးတစ်ခုဖြစ်နေရုံပဲလေ.. အကယ်၍ မဟာနိယာမလမ်းကြောင်းအုပ်စိုးသူသာကာကွယ်ပေးမနေဘူးဆိုရင် မင်းတို့လိုအမှိုက်အုပ်စုက ငါတို့ရဲ့ ပျက်သုဉ်းခြင်းအကျဉ်းထောင်ရဲ့အသတ်ခံရတာကြာလှပြီ.. ငါတို့ကမင်းတို့ရဲ့ တိုက်ကြီးကို ရှုရငရဲအဖြစ်ပြောင်းလဲပစ်လိုက်မှာ.. အခု မဟာနိယာမလမ်းကြောင်းအုပ်စိုးသူအင်အားနည်းလာတဲ့နဲ့အမျှ မင်းတို့အကုန်လုံး သေမိန့်ကျမယ့်နေ့လဲနီးလာပြီ..."


ထိုလူက ညင်သာသိမ်မွေ့စွာပြောလိုက်သည်။


"ဟားဟားဟား... မင်းတို့ရဲ့ကံကြမ္မာကိုလက်ခံလိုက်ပြီး ငါတို့ရဲ့အစာဖြစ်လာစမ်းပါ... ဒါကမင်းတို့ရဲ့ ကံကြမ္မာပဲလေ..."


အနက်ရောင်အတောင်ပံတစ်စုံနှင့်လူက ရယ်မောရင်းပြောလိုက်သည်။ သူ၏လျှာချွန်ချွန်သည် မဲ့ပြုံးပြုံးနေသည့်နှုတ်ခမ်းပါးနီနီများကို လျက်နေလိုက်သည်။ သူသည် ဂိုဏ်းတည်ထောင်သူအဆင့်ရှိလူကို စိတ်လှုပ်တရှားကြည့်နေသည်။


"အရှက်မရှိလိုက်တာ... မင်းတို့ညစ်ပတ်တဲ့တိရိစ္ဆန်ကောင်တွေ ပါးစပ်ပိတ်ထားစမ်းပါ.. ဒီနေ့ အရုဏ်ဦးသန့်စင်နယ်မြေက ငါရန်ကျင်းထန် မင်းတို့ကိုသတ်ပစ်မယ်ကွ"


ပုန်းကွယ်နဂါးတိုက်ကြီးတွင် ဂိုဏ်းတည်ထောင်သူအဆင့်ရှိလူများသည် အထွတ်အထိပ်တည်ရှိမှုများဟုဆို၍ရပေသည်။ သူတို့သည် နတ်ဝိဉ်ာအဆင့်တွင်ရှိပြီး နတ်ဘုရားမီးတောက်များကိုထွန်းညှိပြီးသားဖြစ်လေသည်။


သာမန်လူတို့၏မျက်လုံးထဲတွင်သူတို့သည် နတ်ဘုရားများဖြစ်ကြပြီး သူတို့၏စွမ်းအားများသည် ကောင်းကင်ကိုအပေါက်ဖောက်ကာ မြေပြင်ကိုထိုးဖောက်နိုင်ကြပေသည်။


သူတို့သည် နတ်ဘုရားယဇ်ပလ္လင်နှင့်နတ်ဘုရားမီးတောက်တို့ရှိသည့် နတ်ဘုရားများဖြစ်ကြသည်။


နတ်ဘုရားမီးတောက်များသည် နတ်ဝိဉာဉ်အဆင့်၏ အခြေခံအုတ်မြစ်ဖြစ်ပေသည်။ နတ်ဘုရားမီးတောက်သည် ထိုအဆင့်ရှိဝိဉာဉ်မီးတောက်ကိုကိုယ်စားပြုသည်။သူတို့တစ်ဘဝလုံး ဝိဉာဉ်မီးတောက်ကို သိပ်သည်းစေကာကျင့်ကြံရခြင်းအပေါ် နစ်မြုပ်ထားရသည်။


ပုန်းကွယ်နဂါးတိုက်ကြီးတွင် နတ်ဝိဉာဉ်အဆင့်တစ်ဝက်အဆင့်ရှိ ကျင့်ကြံသူများစွာရှိသော်လည်း သူတို့ထဲကအများစုက နတ်ဘုရားမီးတောက်ကိုထွန်းညှိနိုင်စွမ်းမရှိပေ။


ထို့ကြောင့် နတ်ဘုရားမီးတောက်ကိုထွန်းညှိနိုင်သည့် နတ်ဝိဉာဉ်အဆင့်ရှိကျင့်ကြံသူများကိုသာ ဂိုဏ်းခေါင်းဆောင်များအဖြစ်သတ်မှတ်ကြခြင်းဖြစ်သည်။


ပုံရိပ်ကြီးက စစ်သင်္ဘောအပေါ်မှထလာသည်။ ရန်ကျင်းထန် ၏နောက်တွင်ဧရာမပုံရိပ်ကြီးတစ်ခုထွက်ပေါ်လာကာ သူ၏မျက်လုံးထဲမှ ထောင်ပေါင်းများစွာသော အလင်းတန်းများကိုထုတ်လွှတ်နေသည်။ ပုံရိပ်ယောင်ကြီး၏ လက်သီးချက်တစ်ချက်စီတိုင်းသည် ကောင်းကင်ယံကိုအပေါက်ဖြစ်သွားစေနိုင်သည့် ပုံပေါ်လေသည်။


"အရုဏ်ဦးရဲ့ ကောင်ကင်ပေါက်ကွဲနေကိုးစင်း"


၎င်းသည် အရုဏ်ဦးသန့်စင်နယ်မြေ၏ တိုက်ခိုက်ရေးနည်းလမ်းတစ်ခုဖြစ်သည့် ကောင်းကင်ပေါက်ကွဲနေကိုးစင်းဖြစ်ပေသည်။


လက်သီးတစ်ချက်ဆီတိုင်းသည် တောက်လောင်နေသည့်နေလုံးကြီးတစ်လုံးကဲ့သို့ ပူပြင်းကာစွမ်းအင်များပြည့်လျှံနေသည်။ အဝိုင်းပတ် ပုံသဏ္ဍာန်ရှိသည့်နေကိုးစင်း ထွက်ပေါ်လာပြီး ၎င်း၏လမ်းကြောင်းတစ်လျှောက်ရှိအရာတိုင်းကိုဖျက်ဆီးချေမွမည့်ပုံပေါ်နေသည်။ 


"ဟင်းချက်ပါဝင်ပစ္စည်းတွေက သူတို့ကိုယ်သူတို့ ပါဝင်ပစ္စည်းတွေဖြစ်ကြောင်းသိသင့်တယ်.. ခေါင်းမာတာက မင်းရဲ့အသားကို အရည်အသွေးပြောင်းလဲစေပြီး စားမကောင်းဖြစ်စေလိမ့်မယ်..."  


ဒေါင်လိုက်မျက်စိနှစ်လုံးနဲ့လူက ခပ်တိုးတိုးပြောလိုက်သည်။


ခဏအကြာတွင်..


အေးစက်စက်ရယ်သံတစ်ခု ပဲ့တင်ထွက်လာသည်။


နောက်ကျောဖက်တွင် အနက်ရောင်အတောင်ပံတစ်စုံရှိသော လူတစ်ယောက်သည် သင်္ဘောဦးပိုင်းတွင် အတောင်ပံဖြန့်၍ ကောင်းကင်ထက်သို့ပျံတက်သွားသည်။ 


မျက်စိတစ်မှိတ်အတွင်းတွင် သူသည်ဂိုဏ်းတည်ထောင်သူအဆင့်ရှိလူထံသို့ တည့်တည့်ပျံသန်းသွားပေသည်။



အချိန်အတော်ကြာပြီးနောက်တွင် တိမ်မဲများလွင့်ပြယ်ကာ ကြေမွပျက်ဆီးနေသောစစ်သင်္ဘောတစ်စင်းထွက်ပေါ်လာသည်။ ၎င်းသည် ကောင်းကင်ယံမှတဖြေးဖြေးချင်းကျဆင်းလာသည်။


ဖုန်မှုန့်များနှင့်မီးခိုးများသည် လျှောက်လမ်းတစ်လျှောက်တွင် ထောင်းထောင်းထနေပြီး ၎င်း၏ ဖွဲ့စည်းပုံတစ်ခုလုံးကျိုးပျက်နေပေသည်။


တိမ်မဲများပေါ်တွင် ပုံရိပ်သုံးခုကငြိမ်သက်စွာရပ်နေကြသည်။


ရက်စက်ကြမ်းကြုတ်သည့်မျက်နှာရှိသော ဘီလူးကြီး၏ပါးစပ်တွင် အစွယ်များဖြင့်ပြည့်နှက်နေသည်။ သူ့ပါးစပ်ကိုလှုပ်လိုက်တိုင်း အရိုးများကွဲကြေသွားသံကိုကြားနေရသည်။


"မိုဆာ မင်းဗိုက်ပြည့်ပြီလား... ဗိုက်ပြည့်ရင် ငါတို့ဆက်သွားကြမယ်လေ အရေးကြီးတာတွေလုပ်ဖို့ရှိနေသေးတယ်...".


နဖူးတွင် ဒေါင်လိုက်ဖြစ်နေသောမျက်စိ များရှိသည့်လူသည် ဘီလူးကြီးကိုကြည့်ပြီး မထူးမခြားနားစွာပြောလိုက်သည်။


"ခေါင်းဆောင်မိုယဲ့ ကျွန်တော် တစ်ဝက်လောက်တော့ပြည့်ပြီ"

ဘီလူးကြီးသည် ပြုံးရယ်လိုက်ရင်း သူ၏ချွန်ထက်နေသောဦးချိုများကိုပွတ်သပ်လိုက်သည်။


နဖူးထွက်တွင် ဒေါင်လိုက်မျက်စိများရှိသောသူသည် ဘီလူးကြီးကို မကြည်မလင်ကြည့်လိုက်သည်။ ထို့နောက် အနက်ရောင်အတောင်ပံတစ်စုံနှင့်လူဘက် လှည့်လိုက်သည်။


"မိုချာ ကောင်းကင်ဖြတ်ကျော် အတိဒုက္ခကနီးကပ်လာပြီ.. တမန်တော်က မဟာနိယာမလမ်းကြောင်းအုပ်စိုးသူကိုလှည့်စားပြီး ငါတို့ကို ကောင်းကင်ဘုံကြယ်ဖမ်းကွန်ယက်ကိုယူခိုင်းဖို့ ပုန်းကွယ်နဂါးတိုက်ကြီးကိုလွှတ်လိုက်တာ... မင်းက ကောင်းကင်ဘုံကြယ်ဖမ်းကွန်ယက်ကို အာရုံခံနိုင်တယ်ဆိုတော့ မင်းကဦးဆောင်ပြီးသွားသင့်တယ်..."


အနက်ရောင်အတောင်ပံတစ်စုံနှင့်လူက သူ၏အစိမ်းရောင်ဆံပင်များကိုသပ်လိုက်ပြီး ရယ်မောလိုက်သည်။


"ခေါင်းဆောင်မိုယဲ့ စိတ်မပူပါနဲ့.. ကောင်းကင်ဘုံကြယ်ဖမ်းကွန်ယက်လေးပဲမဟုတ်လား.. လက်လေးတစ်ချက်လှုပ်လိုက်ရုံလောက်လွယ်ပါတယ်..."


"အဲ့လိုဖြစ်ဖို့မျှော်လင့်ပါတယ်လေ..."


ထိုလူက ပြန်ပြောလိုက်သည်။


ခဏအကြာတွင် ပုံရိပ်သုံးခုကိုသယ်ဆောင်ထားသော တိမ်မဲများသည် ကုန်းမြေဆီသို့ဦးတည်ကာ ဖြေးဖြေးချင်းရွေ့လျားနေတော့သည်။



အချိန်များကုန်လွန်သွားကာ ရက်အနည်းငယ်ကြာညောင်းသွားခဲ့သည်။


ထိုနေ့များတွင် ကျောကုန်းနေသည့်အဘွားအိုက သူ့ဆိုင်ကိုနေ့တိုင်းပျော်ပျော်ကြီးလာစားနေသည်ကို ပုဖန်မြင်နေရသည်။


တစ်ခါတစ်ရံ သူမကပုဖန်ကိုရှာပြီးစကားအချို့ပြောပေလိမ့်မည်။


ပုဖန်အားနေလျှင် ပြန်ဖြေပြီး သူမအားလျှင်တော့ ပြန်မဖြေပေ။


ရက်ပေါင်းများစွာကြာမြင့်ပြီးနောက်တွင် ချူချန်းရှန်သည် သူ၏စားပွဲထိုးအလုပ်ဖြင့်ကျင့်သားရလာတော့သည်။ သူသည်အမှာစာများကိုချောချောမွေ့မွေ့လက်ခံနိုင်လာကာ ဟင်းပွဲများကိုအထေ့အငေါ့မရှိချပေးနိုင်ပြီဖြစ်သည်။


ရှေးဟောင်းကျောက်စိမ်းဂိုဏ်းချုပ်က ကြောက်လန့်သွားပြီး စားသောက်ဆိုင်ကိုနောက်ထပ်ခြေဦးပင်မလှည့်တော့ချေ။ ထိုအရာသည် အဘွားအိုမျှော်လင့်ထားသည့်အရာနှင့်တခြားဆီပင်။


သူမ၏တွက်ချက်မှုအရ ရှေးဟောင်းကျောက်စိမ်းဂိုဏ်းချုပ်သည် ထွက်ခွာမသွားခင် အခက်အခဲအချို့ကိုရင်ဆိုင်ရဦးမည်ဖြစ်သည်။ သို့သော်လည်း သူကတစ်ချက်ရိုက်ခံရပြီး လန့်ကာထွက်ပြေးသွားသည်။


"ဖြစ်နိုင်တာကာ တားမြစ်ထားတဲ့တည်ရှိမှုတစ်ခုကြောင့်များလား ဒါမှမဟုတ် ငါ့ရဲ့ကောင်းကင်ဘုံလျှို့ဝှက်နည်းပညာက အရင်လိုမဟုတ်တော့လို့များလား..."


အဘွားအိုကရယ်မောရင်း မွှေးကြိုင်နေသည့် ငါးခေါင်းတို့ဟူးစွပ်ပြုတ်ကိုသောက်နေလိုက်သည်။


အဘွားအိုသည် ငါးခေါင်းတို့ဟူးစွပ်ပြုတ်ကိုကြည့်လိုက်သည်။ သူမဤဆိုင်ကိုလာတိုင်း ထိုဟင်းပွဲကိုမှာလေ့ရှိပေသည်။


နောက်တစ်ကြိမ် စားသောက်ဆိုင်၏ တစ်နေ့တာလုပ်ငန်းပြီးဆုံးသွားပြန်သည်။


ချူချန်းရှန်သည် သူ၏ဆံနွယ်ဖြူဖြူများကိုခါရမ်းလိုက်ပြီး ထိုင်ခုံတစ်ခုံကိုဆွဲယူကာ အဘွားအိုဘေး၌သွားထိုင်ပြီး စကားစမြည်ပြောနေလိုက်သည်။


သူမနှင့်ရက်ပေါင်းအတန်ကြာပြောဆိုဆက်ဆံပြီးနောက်တွင် ချူချန်းရှန်သည် ထိုအဘွားအိုသည် မြင်နေရသည်ထက်ပို၍ နက်နဲကြောင်းသိလိုက်ရပေသည်။ သူမသည်အရာအားလုံးကိုဖောက်ထွင်းမြင်နေရသည့်ဟုပင်ထင်ရသည်။ ထို့အပြင် သူမ၏ဗဟုသုတသည်အလွန်ကျယ်ပြန့်ပြီး အရာရာတိုင်းကိုကောင်းကောင်းမွန်မွန်စေ့စေ့စပ်စပ်ရှင်းပြနိုင်ပေသည်။


နယ်သာရီသည် ဇီးစိမ်းဖျော်ရည်တစ်ခွက်ကိုကိုင်ထားပြီး သူမ၏ငရဲကမ္ဘာသင်္ဘောပေါ်ရှိ ခုံတွင်ပန်းပွင့်လေးနှင့်အတူထိုင်နေသည်။ မိန်းမငယ်လေး နှင့်မိန်းမပျိုလေးတို့နှစ်ယောက်သည် သူမတို့၏လှပသော ခြေတံလေးများကို ချိတ်ထိုင်၍ ဇီးစိမ်းဖျော်ရည်ကိုဖြေးညင်းစွာ စုပ်သောက်နေသည်။


အဘွားအို၏မျက်လုံးများသည် တစ်ခါတစ်ရံတို့သူတို့ဘက်သို့ရောက်သွားတတ်ပြီး တုန်လှုပ်နေတတ်သည်။


အဘွားအိုသည် နဂိုကတည်းက နယ်သာရီကိုသိသော်လည်း သူမကတော့အဘွားအိုကိုသိပင်မသိချေ။ သို့သော် နယ်သာရီ၏ဘေးဘက်ရှိကောင်မလေးသည် သူမကိုအံ့အားသင့်သွားစေခဲ့သည်။


ထို့အပြင် ထိုကလေးမလေးထဲမှထုတ်လွှတ်နေသော ကြောက်မက်ဖွယ်ရာစိတ်ဝိဉာဉ်သားရဲအော်ရာသည် သူမကိုကြောက်လန့်တကြားအော်မိသွားစေနိုင်သည်။ ထို့ကြောင့် မအော်ဟစ်မိစေရန်သူမ၏ပါးစပ်ထဲသို့ ငါးခေါင်းတို့ဟူးစွပ်ပြုတ်ကိုသာ လောင်းထည့်နေရသည်။


သူမကကလေးမလေးတစ်ယောက်ပဲလေ... အဘွားအို အံ့အားသင့်နေမိသည်။


ဒီစားသောက်ဆိုင်ထဲက လူတွေအကုန်လုံးက မူမမှန်ဘူးပဲ...


ပုဖန်မီးဖိုချောင်ထဲမှထွက်လာကာ အဖြူရောင်အဝတ်စကိုအသုံးပြု၍ သူ့လက်များကိုသုတ်လိုက်ကာ အဘွားအိုဘေးသို့သွားလိုက်သည်။


သူခေါင်းငြိမ့်ပြီးနှုတ်ဆက်လိုက်ကာ ထိုင်ခုံတစ်ခုံကိုဆွဲထုတ်၍ အနားယူနေလိုက်သည်။


"ပိုင်ရှင်ပုရဲ့အစားအသောက်တွေကအရမ်းအရသာရှိတယ်... ငါနောင်တရမိတာကတော့ ပိုင်ရှင်ပုရဲ့အစားအသောက်တွေကိုငါသေခါနီးမှမြည်းစမ်းခွင့်ရတာကိုပဲ... နောက်ကျနေလို့ငါအတော်လေးနောင်တရနေမိတာပါ..."


အဘွားအိုက အပြုံးလေးနှင့်ပြောလိုက်သည်။


ပုဖန် သူ့မေးစေ့သူပွတ်လိုက်ရင်းအဘွားအိုကိုကြည့်လိုက်သည်။


"အဘွား ကြိုက်ရင်ထပ်စားပေါ့"


ပုဖန်စဉ်းစားကာထပ်ပြောလိုက်သည်။


"ဘဝကတိုတောင်းပါတယ်... တတ်နိုင်သလောက်ပျော်အောင်သာနေ"


သူပြောတာကိုကြားပြီးနောက်တွင် အဘွားအို ရယ်မောလိုက်သည်။


ချူချန်းရှန်သည်လည်း သူ့ကိုစနောက်လိုက်သည်။


သိမြင်မှုလမ်းကြောင်း သစ်သီးပင်အောက်တွင် ခွေးဘုရင်နှာမှုတ်လိုက်ပြီး ခေါင်းကိုတစ်ဘက်သို့လှည့်လိုက်သည်။


"ပိုင်ရှင်ပု.. အဘွားအသက်ကရှည်သင့်သလောက်ရှည်နေပါပြီကွယ်.. နှစ်တစ်ထောင်ကြာပြီးတဲ့နောက်မှာ အဘွားလဲပျော်သင့်သလောက်ပျော်ခဲ့ပြီးပြီပဲ..."


အဘွားအိုကအပြုံးလေးနှင့်ပြန်ပြောသည်။


ပုဖန်မျက်ခုံးပင့်မိလိုက်သည်။ ဒီအဘွားက နှစ်တစ်ထောင်သက်ရှည်အဘွားအိုတစ်ယောက်ဖြစ်သည်မှန်းသူမသိခဲ့ချေ။ သူမသည် မှင်စာဝိဉာဉ်ဖြစ်လုနီးပါးပင်ဖြစ်နေသည်။


"ဘဝကဆက်သွားနေပြီး ပျော်ရွှင်မှုတွေကလည်း ဘယ်တော့မှအဆုံးသတ်မသွားပါဘူး..."


ပုဖန်ပြောလိုက်သည်။


"အစားအသောက်ကောင်းတွေမှာ ကန့်သတ်ချက်မရှိသလို သူတို့လူတွေအပေါ်ဆောင်ကျဉ်းပေးတဲ့ပျော်ရွှင်မှုကလည်းအဆုံးမရှိပါဘူး..."


"ပိုင်ရှင်ပု မင်းကအတွေးအခေါ်ကောင်းတာပဲ... ဒါက တန်ဖိုးရှိတဲ့သင်ခန်းစာလေးတစ်ခုပဲ.. ဒီနေ့တွေမှာ ကျွေးမွေးခဲ့တာတွေအတွက်ကျေးဇူးတင်ပါတယ်"


အဘွားအို၏ အိုမင်းရှုံ့တွနေသောမျက်နှာသည်လှုပ်ရမ်းသွားကာ တောင်ဝှေးကိုကိုင်၍ တုန်တုန်ရီရီဖြင့်မတ်တတ်ရပ်လိုက်သည်။


ပုဖန်နှင့် ချူချန်းရှန်သည် အဘွားအိုကိုကြည့်လိုက်ကြသည်။


"ငါအိမ်ကနေထွက်တာအတော်ကြာပြီ.. အိမ်ပြန်တော့မှပဲ..မဟုတ်ရင် ငါ့အိမ်လေးမရှိတော့မှာစိုးရတယ်"


အဘွားအိုသည် သလင်းကျောက်များဖြင့်ငွေပေးချေလိုက်သည်။ ထို့နောက် လက်တစ်ဖက်ကိုနောက်ကျောတွင်ထားကာ တံခါးဝသို့တုန်တုန်ရီရီဖြင့်ထွက်သွားလိုက်သည်။


သူမရဲ့အိမ်က မရှိတော့ပဲနေမှာလား...


ချူချန်းရှန် မှင်သက်သွားသည်။


"အဘွား အကူအညီများလိုအပ်သလား..."


ချူချန်းရှန်သည် သူ့နှဖူးပေါ်ရှိငွေမှင်ရောင်ဆံနွယ်များကိုသပ်ချလိုက်ရင်းမေးလိုက်သည်။


"မင်း မကူညီနိုင်ပါဘူးလေ.. အဘွားရဲ့အိမ်ပျောက်ကွယ်သွားရမှာက ကံကြမ္မာပဲ.. ဘာပဲဖြစ်ဖြစ်အဘွား မဟာအကြီးအကဲချူကို အကြံတစ်ချို့ပေးခဲ့မယ်..."


"ကျွန်တော်က အစားကြူးတောင်ကြားရဲ့မဟာအကြီးအကဲမဟုတ်တော့ဘူး..."


ချူချန်းရှန် လေးလေးနက်နက်ပြောလိုက်သည်။


အဘွားအိုပြုံးရင်းပြောလိုက်သည်။

"ဘာတွေပဲဖြစ်နေနေ ဒီဆိုင်လေးမှာပဲနေပါ.. ဒီနေရာလေးက မင်းရဲ့ကံကြမ္မာကပေးတဲ့အခွင့်အရေးပဲ"


အဘွားအို၏စကားများက ချူချန်းရှန်ကိုမျက်ခုံးပင့်သွားစေသည်။ 


သူမပုဖန်ဘက်ကိုလှည့်ပြီးပြောလိုက်ပြန်သည်။

"ပိုင်ရှင်ပု မနက်ဖြန်ကစပြီး အဘွားကမင်းရဲ့အစားအသောက်တွေကိုအရသာခံခွင့်မရှိတော့ဘူး.. အဘွားရဲ့မြေးမလေးက အဘွားအစားဒီကိုလာလိမ့်မယ်.. အဲ့ဒီ့အချိန်ရောက်ရင် သူမကိုကောင်းကောင်းဆက်ဆံပေးဖို့မျှော်လင့်ပါတယ်"


ပုဖန် အံ့ဩသွားကာပြောလိုက်သည်။


"ကောင်းပြီလေ..."


အဘွားအိုက သူမ၏တောင်ဝှေးကိုကြမ်းပြင်ပေါ် ခေါက်လိုက်ပြီး ခေါင်းကိုငဲ့စောင်း၍ ပြုံးရင်းပြောလိုက်သည်။


"သူမကိုအနိုင်မကျင့်ပါနဲ့"


ပုဖန်သည် မျက်နှာသေနှင့်ရှိနေဆဲပင်။


ထို့နောက် အဘွားအိုသည် ကျယ်ကျယ်လောင်လောင်ရယ်မောရင်း ထောင်တျဲစားသောက်ဆိုင်မှထွက်ခွာသွားတော့သည်။ နေဝင်ချိန်၏နောက်ဆုံးသောနေရောင်အောက်တွင် သူမ၏အရိပ်သည် ရှည်လျားသည်ထက်ရှည်လျားလာကာ ပျောက်ကွယ်သွားတော့သည်။ပြုံးလိုက်သည်။


"ဆိုင်ရှင်ပု မင်းအဘွားရဲ့မြေးမလေးကိုအနိုင်ကျင့်လို့မရဘူးနော်..."


ချူချန်းရှန် ခေါင်းကိုရှေ့သို့ကိုင်းကာ လေးလေးနက်နက်ပြောလိုက်သည်။


ပုဖန်က ချူချန်းရှန်ကိုအကြည့်တစ်ချက်သာ ပြန်ပေးလိုက်သည်။ ရုတ်ချည်းပင် ချူချန်းရှန်သည်ကျယ်လောင်စွာရယ်မောကာ သူ့အခန်းသူပြန်သွားတော့သည်။


အစားကြူးတောင်ကြား၏ဝင်ပေါက်တွင်


ပုံရိပ်နှစ်ခုဖြေးဖြေးချင်းထွက်ပေါ်လာသည်။


တစ်ဦးက နတ်သမီးတစ်ပါးအသွင် အဖြူရောင် ပိုးသားဝတ်စုံကိုဝတ်ဆင်ကာ အခြားတစ်ယောက်သည် အင်္ကျီရင်ဘတ်ကိုဖွင့်ဟထားပေသည်။ ထိုလူက ပါးစပ်ထဲသို့ဝိုင်များကိုအဆက်အပြတ်လောင်းထည့်နေကာ နှုတ်ခမ်းကိုသတ်လိုက်သည်။


"အစားကြူးတောင်ကြားရေ.. မင်းရဲ့မိုလျှိုကျိက အာကာသနတ်သမီးကိုခေါ်ပြီးပြန်လာပြီကွ..."