အပိုင်း ၈၁၄
Viewers 53k

အပိုင်း ၈၁၄

ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေ၏ ကြီးမားသောပြောင်းလဲမှုကြီး


ခက်ထန်နေမင်းတောင်ထွတ်၊ အရုဏ်ဦးသန့်စင်နယ်မြေ၌


ဘုန်း ဘုန်း


ပြင်းထန်သောပေါက်ကွဲသံတို့ထွက်ပေါ်လာကာ ခက်ထန်နေမင်းတောင်ထွတ်တစ်ခုလုံး ခါရမ်းသွားသည်။


အရုဏ်ဦးသန့်စင်နယ်မြေ၏တပည့်များ သူတို့၏စိတ်ဝိဉာဉ်များအတွင်းထိပင်တုန်လှုပ်သွားကြသည်။ သူတို့၏မျက်နှာတွင်ဝမ်းနည်းပူဆွေးမှုများဖြင့်ပြည့်နေပြီး တောင်ထွတ်ကိုမော်ကြည့်နေကြသည်။


သူတို့၏သန့်စင်နယ်မြေတစ်ခုလုံး ဒေါသနှင့်မချိတင်ကဲဖြစ်သောခံစားချက် တို့ဖြင့်မုန်တိုင်းထန်နေကာ အလွန်အမင်းဝမ်းနည်းနေကြပေသည်။ 


ပုန်းကွယ်နဂါးကောင်းကင်ဝင်ပေါက်ထံသို့ သွားသော အရုဏ်ဦးသန့်စင်နယ်မြေ၏ စစ်သင်္ဘောကြီးသည် ဖျက်ဆီးခြင်းခံလိုက်ရပေသည်။


မတိုင်ခင်က အလင်းယိမ်းသန့်စင်နယ်မြေ၏ စစ်သင်္ဘောသည် အရုဏ်ဦးသန့်စင်နယ်မြေ၏ပျက်စီးသွားသော စစ်သင်္ဘောကိုတွေ့ခဲ့ရသည်။ ထို့ကြောင့် သူတို့က ထိုသတင်းကိုချက်ချင်းပင် အရုဏ်ဦးသန့်စင်နယ်မြေသို့ ပေးပို့ခဲ့သည်။


သင်္ဘောတစ်စင်းလုံးသည် ချိုင့်ဝင်နေကာ သွေးများဖြင့်စွန်းထင်းနေပေသည်။ သင်္ဘောကိုယ်ထည်တွင် ကြောက်မက်ဖွယ်လက်သည်းရာများဖြင့်ပြည့်နှက်နေပြီး ၎င်း၏သတ္တုကိုယ်ထည်ကြီးသည် စုတ်ဖြဲထားခြင်းခံခဲ့ရသည်။


သင်္ဘောပေါ်ရှိ ဂိုဏ်းတည်ထောင်သူအဆင့်ရှိအကြီးအကဲတစ်ယောက်အပါအဝင် တပည့်များအားလုံးပါ ပျောက်ဆုံးနေပေသည်။ ကျန်ခဲ့သည့်အရာများမှာ ကျိုးပဲ့စုတ်ပြဲနေသော ခန္ဓာကိုယ်အစိတ်အပိုင်းများသာဖြစ်လေသည်။ ၎င်းတို့သည်လည်း မှတ်မိနိုင်ဖွယ်မရှိသော အပိုင်းပိုင်းစုတ်ပြဲနေသည့် အသားစများဖြစ်ကြသည်။


ထို့အပြင် ဂိုဏ်းတည်ထောင်သူအဆင့်ရှိ ရန်ကျင်းထန်သည် ခေါင်းတစ်ခုတည်းသာကျန်ရစ်ခဲ့လေသည်။ သူ့မျက်လုံးများသည် ဒေါသထွက်ကာ လက်မခံနိုင်မှုများဖြင့်ပြူးကျယ်နေသည်။


သူတို့ သူ၏အခြားသောခန္ဓာကိုယ်အစိတ်အပိုင်းများကိုရှာမတွေ့ခဲ့ကြသည့်အပြင် သူ့ဝိဉာဉ်သည်လည်း ပျက်ဆီးသွားခဲ့လေသည်။ 


လူတိုင်း ဝမ်းနည်းမှုနှင့် ဒေါသများရောယှက်ကာ ခံစားနေရသည်။


ကျန်ရစ်ခဲ့သောတိုက်ပွဲခြေရာများမှတစ်ဆင့် ထိုသို့ပြုလုပ်ခဲ့သည်မှာ ငရဲကမ္ဘာသက်ရှိများဖြစ်ကြောင်း သိသာပေသည်။ ထိုနေရာတွင် ငရဲစွမ်းအင်များပြည့်နှက်နေသည်မှာ ထူထဲလွန်း၍ လူတိုင်းကို ဒေါသတကြီးဖြင့်တုန်ရီသွားစေနိုင်သည်။


အရုဏ်ဦးသန့်စင်နယ်မြေသို့ ထိုသတင်းရောက်ရှိလာချိန်တွင် နယ်မြေတစ်ခုလုံး ပူဆွေးသောကများဖြင့်ဖုံးလွှမ်းသွားပေသည်။


သူတို့သည် စစ်မြေပြင်သို့မရောက်ရှိမီပင် အသတ်ခံခဲ့ရသည်။


ငရဲကမ္ဘာသက်ရှိများသည် ကောင်းကင်ဘုံဝင်ပေါက်သို့မရောက်ရှိမီလမ်းတွင်ပင် စစ်သင်္ဘောများကိုဖျက်ဆီးခဲ့ပြီး ပို၍အရေးကြီးသောအရာမှာ ထိုသို့ဖျက်ဆီးခံရသည်ကို မည်သူမှမသိခဲ့ကြခြင်းပင်။


၎င်းသည်အရှက်တကွဲဖြစ်ရပ်တစ်ခုဖြစ်ပြီး.. သူတို့လက်မခံနိုင်သည်အထိ အရှက်ကွဲမှုဖြစ်သည်။


အရုဏ်ဦးသန့်စင်နယ်မြေ၏ ဂိုဏ်းချုပ်သည်အဆိုပါမတော်တဆမှုကြောင့် မရေမတွက်နိုင်သော အိပ်ပျက်ညများရှိခဲ့ကာ ဝမ်းနည်းငိုကြွေးခဲ့ရပေသည်။ အဆုံးတွင် ရန်ကျင်းထန်သည် ဂိုဏ်းချုပ်၏ ညီတစ်ယောက်ဖြစ်ပြီး သဘာဝကျစွာဖြင့် ညီဖြစ်သူ၏သေဆုံးမှုသည် သူ့အတွက်အကြီးမားဆုံးသောထိုးနှက်မှုတစ်ခုဖြစ်လေသည်။


စစ်သင်္ဘော၏ကျဆုံးမှုသည် အရုဏ်ဦးသန့်စင်နယ်မြေကိုဝမ်းနည်းပူဆွေးမှုများယူဆောင်လာရုံမျှမက ပုန်းကွယ်နဂါးတော်ဝင်ခုံရုံးတစ်ခုလုံးကိုပါ လှုပ်ခတ်သွားစေခဲ့သည်။ ယခုတွင် လူတိုင်းသည် ပြန်လည်တိုက်ခိုက်ရန် တာဆူနေကြပြီဖြစ်သည်။


ကောင်းကင်ဘုံဝင်ပေါက် အတိဒုက္ခက ရောက်မလာသေးသော်လည်း ငရဲကမ္ဘာသက်ရှိများသည် ကုန်းမြေတိုက်ကြီးပေါ်သို့ခိုးဝင်လာကာ ၎င်းတို့၏သတ်ဖြတ်ခြင်းအမှုကိုစတင်နေပြီဖြစ်သည်။


ငရဲကမ္ဘာသက်ရှိများသည် တိုက်ကြီးပေါ်ရှိ သက်ရှိများအားလုံးကို ၎င်းတို့၏အစာအဖြစ်သတ်မှတ်ထားကြသဖြင့် သေဆုံးသွားသောကျင့်ကြံသူများ၏ကံကြမ္မာသည် လွန်စွာရှင်းလင်းနေပေသည်။


တော်ဝင်ခုံရုံးတစ်ခုလုံး ဒေါသထွက်နေကြပြီဖြစ်သည်။


"သတ်ပစ်"


သတ်ဖြတ်လိုစိတ်ပြင်းပြနေသည့် အော်သံများသည် အရုဏ်ဦးသန့်စင်နယ်မြေအတွင်းတွင်ပဲ့တင်ထပ်နေကာ ၎င်းတို့၏ သတ်ဖြတ်လိုစိတ်များသည် ကောင်းကင်ထက်သို့ပင်ထိုးဖောက်သွားတော့သည်။



ကောင်းကင်ဘုံလျှို့ဝှက်သန်စင်နယ်မြေ


ကောင်းကင်ဘုံဘုံလျှို့ဝှက်သန့်စင်နယ်မြေ၏ ရှုခင်းတစ်ခုလုံးသည် ထူထပ်သောမြူများနှင့် တိမ်တိုက်များဖြင့်ဖုံးလွှမ်းနေပေသည်။ မိုးကုတ်စက်ဝိုင်းတစ်လျှောက်တွင် တောင်တန်းများစွာလည်းရစ်ခွေနေသည်။ နှိမ့်ချသည့်အသွင်အပြင်ဖြင့်အိမ်များစွာသည်လည်း တောင်တန်းတစ်လျှောက်တွင် ဟိုတစ်စသည်တစ်စပြန့်ကျဲနေလေသည်။


တံခါးများသည် ကျွီဟူသောမြည်သံဖြင့်ပွင့်ဟလာကြပြီး ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေ၏ တပည့်များသည် ၎င်းတို့၏အိမ်များမှ ထွက်လာကြသည်။


သူတို့သည် ဖြူလွလွဝတ်ရုံများကို ဝတ်ဆင်ကာ များစွာသောတွက်ချက်မှုအတတ်ပညာများကိုကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ကြပြီး ကောင်းကင်ဘုံလျှို့ဝှက်နည်းပညာကိုလေ့ကျင့်ကြသည်။


ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေသည် ပုန်းကွယ်နဂါးတော်ဝင်ခုံရုံးရှိ အခြားသောသန့်စင်နယ်မြေများကြားတွင် ထူးခြားဆန်းကျယ်၍ တသီးတခြားဖြစ်တည်မှုတစ်ခုဖြစ်သည်။တစ်စိတ်တစ်ပိုင်းအားဖြင့် ၎င်း၏ ထူးခြားဆန်းကျယ်သောသဘာဝကြောင့်ဖြစ်သော်လည်း အဓိကအားဖြင့် ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေ၏သူတော်စင်သည် အခြားသောသန့်စင်နယ်မြေများ၏ခေါင်းဆောင်သူတော်စင်များကြားတွင် အသန်မာဆုံးဖြစ်သောကြောင့်ဖြစ်သည်။


အချုပ်အားဖြင့်ဆိုရသော် ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေကို မည်သူကမျှ ထိပါးစော်ကားရဲခြင်းမရှိပေ။


ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေသည် ငြိမ်းချမ်းမှုနှင့်သာယာဝပြောမှု အငွေ့အသက်များဖြင့်ပြည့်နှက်နေလေသည်။ 


မိုးဖွဲလေးများကြားတွင် အဘွားအိုတစ်ဦးသည် လေဟာနယ်ကိုဆွဲဖြဲ၍ ခပ်ဖြေးဖြေးလမ်းလျှောက်ထွက်လာသည်။သူမ၏တောင်ဝှေးကို ရေညှိတို့ကပ်တွယ်နေသောလမ်းပေါ်သို့ တစ်တောက်တောက်ခေါက်နေကာ ခပ်ဖြေးဖြေးခရီးဆက်နေသည်။


တတောက်တောက်ခေါက်သံတို့ လေထုထဲတွင်လွင့်ပျံလာသည်။


ကျောက်လမ်းလေးသည် ညင်သာစွာကွေ့သွားပြီး အရာအားလုံးကတိတ်ဆိတ်ကာငြိမ်သက်နေပေသည်။


လေညင်းသွဲ့သွဲ့က အဘွားအို၏ဆံနွယ်တို့ကို ယိမ်းနွဲ့သွားစေသည်။ အဘွားအို၏မျက်နှာသည် ပို၍အိုစာလာပုံပေါ်ပြီး ခြေလှမ်းများစွာလျှောက်လှမ်းပြီးနောက်တွင် သူမသည် ငြိမ်သက်စွာရပ်လိုက်သည်။


ခေါင်းမော့လိုက်ပြီး တောက်ပနေသည့်ကောင်းကင်ယံကိုမော့ကြည့်လိုက်သည်။


မိုးဖွဲလေးများကျဆင်းနေသော်လည်း တိမ်မဲတစ်စုသည်ရုတ်တရက်ပေါ်ထွက်လာကာ ကောင်းကင်ယံကိုဖုံးအုပ်ပစ်လိုက်သည်။


တိမ်မဲအစုသည် ကြောက်မက်ဖွယ်ငရဲကမ္ဘာစွမ်းအင်များကိုဆောင်ယူလာသည်မှာ လူများကိုဝါးမျိုချင်သည့် မကောင်းဆိုးဝါးတစ်ကောင်နှင့်ပင်တူနေလေသည်။


အုံ့ဆိုင်းနေသောမြူခိုးများနှင့် သေးငယ်သောတိမ်တိုက်လေးများသည် ထိုတိမ်များ၏အုပ်မိုးမှုကိုခံလိုက်ရသည်။


အဘွားအို၏မျက်နှာ မဲမှောင်သွားတော့သည်။ သူမ၏လက်နှစ်ဖက်ကိုအသုံပြု၍ တောင်ဝှေးကိုဆုပ်ကိုင်ရင်း ထိုတိမ်မဲများကိုစူးစိုက်ကြည့်နေလိုက်သည်။


သူမ၏မျက်လုံးများသည် အရာအားလုံးကိုအဓိပ္ပါယ်ဖော်ချင်နေသယောင်ဖြစ်နေသည်။


ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေ၏ တပည့်များသည် ကောင်းကင်ဘုံလျှို့ဝှက်နည်းပညာကိုလေ့ကျင့်နေကြသောကြောင့် တိမ်မဲများရောက်ရှိလာသည်ကိုပင် သတိမထားမိကြချေ။ 


"ဖြစ်လာသင့်တဲ့အရာကတော့ တကယ်ဖြစ်လာမှာပဲ... နောက်ဆုံးတော့ ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေလည်း ဒီပြောင်းလဲမှုကိုကြုံတွေ့ရတော့မှာပါလား"


အဘွားမို၏မျက်နှာသည် အေးစက်သွားတော့သည်။


တော်ဝင်ခုံရုံးရှိလူတိုင်းသည် ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေသည် အစွမ်းထက်ဆုံးနှင့် လျှို့ဝှက်ဆန်းကျယ်ဆုံးသော အင်အားစုဖြစ်ကြောင်းသိကြပေသည်။


သို့သော် ထိုသို့အင်အားတောင့်တင်းရခြင်းသည် ကောင်းကင်ဘုံလျှို့ဝှက်သန့်စ်နယ်မြေ၏ မြတ်မြတ်သူတော်စင်ရှိနေချိန်တွင်သာဖြစ်သည်။


ယခုတွင် ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေ၌ မြင့်မြတ်သူတော်စင်‌ရော ဂိုဏ်းချုပ်ပါရှိမနေချေ။ အမှန်တကယ်တွင် သူတို့သည် အင်အားအနည်းဆုံးသော သန့်စင်နယ်မြေတစ်ခုဖြစ်နေခဲ့ပြီဖြစ်သည်။


မြင့်မြတ်သူတော်စင်သည် ဖြစ်လာမည့်အရာများကို သဘာဝအတိုင်းဖြစ်သွားစေရန်လိုလားပေသည်။ မြင့်မြတ်သူတော်စင်သည် မဟာနိယာမလမ်းကြောင်းကို လေ့လာဖမ်းဆုပ်လို၍အခြားသော သန့်စင်နယ်မြေများနှင့်ပူးပေါင်းရန်ငြင်းဆိုခဲ့သည်။ ယင်းအစား ကမ္ဘာအနှံ့ကိုပတ်သွား၍ အဆုံးမဲ့ပင်လယ်ထဲသို့ဝင်ကာ အဆင့်ချိုးဖောက်နိုင်မည့်အခွင့်အရေးကိုလိုက်ရှာနေလေသည်။


ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေ၏ ဂိုဏ်းချုပ်သည် ပုန်းကွယ်နဂါးဝင်ပေါက်တွင် အမြဲတစေစောင့်ကြပ်နေပြီး ငရဲကမ္ဘာသက်ရှိများ၏ ကျူးကျော်မှုများကို ကာကွယ်နေပေသည်။


"အဆင်ပြေသွားမှာပါ... အာကာသနတ်သမီး ကအစားကြူးတောင်ကြားကိုသွားပြီပဲ.. သူမအဲ့ဒီ့မှာလုံခြုံမှာပါ"


အဘွားအို၏မျက်နှာသည် တစ်ကြိမ်မျှတုန်လှုပ်သွားသည်။ ထို့နောက် ခပ်ဖွဖွပြုံးလိုက်သည်။


အာကာသနတ်သမီးကသာ ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ကို အစားကြူးတောင်ကြားကိုယူဆောင်သွားပြီး ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ရှိနေသမျှကာလပတ်လုံး ကောင်းကင်ဘုံလျှို့ဝှက်အမွေကလည်း လုံခြုံနေမှာပါ...


ငရဲကမ္ဘာကနတ်ဆိုးကောင်တွေက ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေကို ဘယ်သောအခါမှဖျက်ဆီးခွင့်မရှိစေရဘူး...


ဘုန်း ဘုန်း


နားကန်းလုမတတ်ပေါက်ကွဲသံများထွက်ပေါ်လာသည်။


ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေရှိ တပည့်များအားလုံးသည် တိမ်မဲများကိုမြင်လိုက်ရသဖြင့် ကြောက်ရွံ့ထိတ်လန့်သွားကြသည်။ သူတို့၏မျက်လုံးများကြုံ့ဝင်သွားကာ ကြောက်ရွံ့မှုကြောင့်တုန်ရီနေကြလေသည်။


"ကိ ကိ ကိ ကိ "


"မြား...ဟား ဟား ဟား ဟား"


အေးစက်စက်ရယ်သံများသည် လေထုထဲတွင် ပဲ့တင်ထပ်နေတော့သည်။


ခဏအကြာတွင် အနက်ရောင်တိမ်တစ်စုက သဲသဲမဲမဲလှိမ့်ဆင်းလာကာ ထိုနေရာရှိတိမ်တိုက်များနှင့်မြူခိုးများကိုလွင့်ပါးသွားစေသည်။


တိမ်များ၏အပေါ်တွင်ရပ်နေကြသူသုံးဦးရှိပြီး ၎င်းတို့၏ခန္ဓာကိုယ်များကို ငရဲကမ္ဘာစွမ်းအင်များဖြင့်ဖုံးလွှမ်းနေပေသည်။ ပထမတစ်ယောက်သည် နတ်ဆိုးသဏ္ဍာန် ဘီလူးကြီးတစ်ကောင်ဖြစ်ပြီး ဒုတိယတစ်ယောက်သည် ကျောပေါ်တွင် အနက်ရောင်အတောင်ပံတစ်စုံရှိသူဖြစ်ကာ တတိယတစ်ယောက်သည် သူ၏နှဖူးပေါ်တွင် ဒေါင်လိုက်မျက်လုံးတစ်စုံရှိပေသည်။


တိမ်များပေါ်တွင်ထိုသုံးယောက်သာရှိသော်လည်း လူများကို ထောင်ပေါင်းများစွာသောစစ်သည်များနှင့်ရင်ဆုင်နေရသည့်ခံစားချက်ကိုပေးစွမ်းနေကာ ကြောက်ရွံ့သွားစေရန်လှုံ့ဆော်ပေးလျက်ရှိသည်။


ဒေါင်လိုက်မျက်လုံးများရှိသူက မျက်နှာသေနှင့်ဖြစ်ကာ မြူခိုးများတိမ်များဖြင့်ဖုံးလွှမ်းနေသော ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေကို မထူးမခြားနားစွာကြည့်ရင်း ခေါင်းလှည့်ကာပြောလိုက်သည်။


"မိုချာ ဒါက ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေဆိုတာဟုတ်လား... ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ဒီမှာရှိတယ်ဆိုတာရော သေချာရဲ့လား"


အနက်ရောင်အတောင်ပံနှင့်လူကပြုံးလိုက်ကာ တူးခြစ်နေသည့်အသားတစ်တစ်ခုကို သူ့ပါးစပ်ထဲသို့ပစ်ထည့်ရင်းဖြေလိုက်သည်။


"ခေါင်းဆောင်မိုယဲ့ ခင်ဗျားကျုပ်ရဲ့ ဆဌမအာရုံကိုယုံစားသင့်တယ်နော်"


"ငါမင်းရဲ့ဆဌမအာရုံကိုယုံပါတယ်.. ဒါပေမယ့် အခုငါတို့ကသန့်စင်နယ်မြေတစ်ခုနဲ့ရင်ဆိုင်ရတော့မှာ အမှားတစ်ခုခုလုပ်မိခဲ့ရင် မင်းရောမိုဆာရော ဒီမှာသေသွားနိုင်တယ်"


"ခေါင်းဆောင်ရောမသေဘူးလား..."


မိုဆာ အံ့အားတကြီးမေးလိုက်သည်။


ဒေါင်လိုက်မျက်လုံးများရှိနေသည့် လူကသူ့ကိုတစ်ချက်ကြည့်ပြီးပြန်ဖြေလိုက်သည်။


"ငါကမသေမျိုးလေ.. ဘယ်သူမှငါ့ကိုသတ်လို့မရဘူး မြင့်မြတ်သူတော်စင်တောင် ငါ့ကိုသတ်လို့မရဘူး"


"ခေါင်းဆောင်က အကောင်းဆုံးပဲ"


မိုဆာပြုံးရင်း သူ့ရင်ဘတ်သူတဖုန်းဖုန်းမြည်အောင်ရိုက်လိုက်သည်။


"ကောင်းပြီ ကြယ်ဖမ်းကွန်ယက်အဲ့နေရာမှာရှိတယ်ဆိုတာသေချာရင် ငါတို့စလှုပ်ရှားကြမယ်.. မြန်မြန်တိုက်ပြီး မြန်မြန်အနိုင်ယူကြတာပေါ့... အခြားသန့်စင်နယ်မြေတွေငါတို့ကို ဝန်းရံခွင့်မပေးမိစေနဲ့ တကယ်လို့သာဝန်းရံခွင့်ပေးခဲ့မိရင် မင်းတို့နှစ်ယောက်လုံးလွတ်မှာမဟုတ်တော့ဘူး...."


မိုယဲ့ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။


"ဟုတ်ကဲ့ပါ ခေါင်းဆောင်ထိုင်ကြည့်နေလိုက် ဒီကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေမှာ မြင့်မြတ်သူတော်စင်အဆင့်တစ်ယောက်မှမရှိလို့ ကျုပ်တို့ကိုခြိမ်းခြောက်နိုင်မယ့်သူမရှိပါဘူး.. နောက်ထပ်တစ်ကြိမ်ပွဲတော်တည်လို့ရသွားပြီ"


မိုချာ သူ့အတောင်ပံများကိုဖြန့်ချလိုက်သောကြောင့် အနက်ရောင်ငှက်မွှေးတို့က အပေါ်သို့ပျံ့လွင့်သွားသည်။ သူ့ခန္ဓာကိုယ်သည် အနက်ရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားကာ တိမ်မဲများထံမှ ပျံထွက်လာသည်။


လေထဲသို့ပျံတက်သွားသောအခါ သူ့ခန္ဓာကိုယ်သည် သိသိသာသာပင်ပြောင်းလဲသွားသည်။


မိုချာ၏ လူသားဆန်ဆန်မျက်နှာသည် ပို၍ရိုင်းစိုင်းကြမ်းကြုတ်လာသည်။ သူ့မေးစေ့သည် ဓားမြောင်တစ်ချောင်းကဲ့သို့ချွန်ထက်လာကာ သူ့အသားအရည်သည်နီမြန်းလာတော့သည်။ သူ့နှဖူးပေါ်တွင် ဦးချိုတစ်ချောင်း ငေါထွက်လာသည်။


ဆွစ်


လေဟာနယ်ပင် အပိုင်းပိုင်းပေါက်ကွဲထွက်သွားသည်။


"ဟားဟားဟား ငါ့ရဲ့အစာလေးတွေ မင်းတို့ရဲ့သခင်မိုချာရောက်လာပြီကွ"


မိုချာ၏လက်ထဲတွင် အနက်ရောင်ခက်ရင်းခွကြီးတစ်ခုထွက်ပေါ်လာသည်။ သူ့လက်ထဲရှိ ခက်ရင်းခွကြီးကိုဝှေ့ရမ်းလိုက်သောအခါ လေလှိုင်းလုံးများထွက်ပေါ်လာသည်။


ထိုတိုက်ခိုက်မှုအပြီးတွင် ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေရှိအိမ်တစ်လုံးသည် အစိတ်စိတ်အမွှာမွှာပျက်ဆီးသွားတော့သည်။ 


ကြောက်လန့်တကြားအော်မြည်သံများနှင့် စူးစူးဝါးဝါးအော်ဟစ်သံများသည် ကောင်းကင်ယံသို့လွင့်ပျံလာလေသည်။


စူးစူးဝါးဝါးအော်သံကိုကြားလိုက်ပြီးနောက်တွင် မိုချာ၏မျက်နှာသည်ပို၍စိတ်လှုပ်ရှားလာကာ သူ့နောက်ကျောရှိအနက်ရောင်အတောင်ပံများကို ပို၍ပြင်းပြင်းထန်ထန်ခတ်လိုက်သည်။


အဘွားမို၏မျက်လုံးများသည် မိုချာနှင့်သူ၏ကြောက်မက်ဖွယ်ငရဲကမ္ဘာစွမ်းအင်များကို စိုက်ကြည့်လိုက်သည်။ ထိုသူသည် မဟာလေဟာနယ်အဆင့်ငရဲကမ္ဘာသက်ရှိဖြစ်သည်မှန်း အံ့ဩစရာမရှိပေ။


ကောင်းကင်ဖြတ်ကျော်အတိဒုက္ခနီးကပ်လာသည်နှင့်အမျှ မဟာလေဟာနယ်အဆင့်ငရဲကမ္ဘာသက်ရှိများသည်လည်း မလွဲမသွေရောက်ရှိလာမည်ဖြစ်သည်။


နောက်ဆုံးတော့ ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေ၏ ပြောင်းလဲမှုကြီးရောက်ရှိလာလေပြီ။


"နှစ်ရာပေါင်းများစွာကြာညောင်းခဲ့ပြီးနောက်ဆုံးမှာတော့ ဒီပုတ်ပွနေတဲ့ခန္ဓာကိုယ်ကြီးက လောင်ကျွမ်းသွားတော့မှာပါလား"


တောင်ဝှေးကိုမြေပြင်ပေါ်သို့ဆောင့်ချလိုက်သည်။ ခဏအကြာတွင်အဘွားမို၏အော်ရာမြင့်တက်လာတော့သည်။


သူမ၏ ကြောက်မက်ဖွယ်အော်ရာသည် ကမ္ဘာမြေတစ်ခွင်ကိုလွှမ်းခြုံသွားလေသည်။


ခန့်ညားလှသည့် နတ်ဘုရားယဇ်ပလ္လင်နှစ်ခုသည် ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေအထက်တွင်ရစ်ဝဲနေသည်။ ယဇ်ပလ္လင်အထက်တွင် နတ်ဘုရားမီးတောက်နှစ်ခုလောင်ကျွမ်းနေကာ အမှောင်ထုကိုတွန်းလှန်နေလေသည်။



အစားကြူးတောင်ကြားတွင်


မိုလျှိုကျိနှင့် အာကာသနတ်သမီးတို့ အေးအေးလူလူလမ်းလျှောက်နေကြသည်။


အစားကြူးတောင်ကြား၏ညဘက်အချိန်သည် နေ့ဘက်ကဲ့သို့လှုပ်ရှားသက်ဝက်နေလျက်ရှိသည်။


သူတို့နှစ်ယောက်သည် အင်မော်တယ်အစားကြူးမြို့၏လမ်းတစ်လျှောက်တွင် လမ်းလျှောက်နေကြသည်။ မိုလျှိုကျိသည် အတိတ်ကိုအောက်မေ့သတိရနေပုံပေါ်နေသည်။


"အာကာသနတ်သမီး အံ့ဩမသွားဘူးလား..အစားကြူးတောင်ကြားကအခုထိ ကြီးပွားချမ်းသာနေတုံးပဲလေ..."


မိုလျှိုကျိသည် ဝါးဘူးကိုကိုင်၍ပါးစပ်ထဲလောင်းချလိုက်သည်။ သို့သော် ဝါးဘူးအတွင်း၌ ဝိုင်တစ်စက်ပင်မကျန်ရှိတော့ချေ။


သူ့မျက်နှာသည် ချက်ချင်းစိတ်ပျက်လက်ပျက်ဖြစ်သွားသည်။


သူ ဝမ်ရန်ရှန်ဆီမှရခဲ့သော ဝိုင်များအားလုံးကုန်ဆုံးသွားပြီဖြစ်သည်။


ကြည့်ရတာသူ အဲ့ဒီ့ကိုထပ်သွားလည်ရတော့မယ့်ပုံပဲ။


" အဘွားမိုကပြောတယ် ထောင်တျဲစားသောက်ဆိုင်က ဒီကနေသိပ်မဝေးဘူးတဲ့... မင်းအရင်သွားနှင့်ပါလား ငါကလုပ်စရာလေးတစ်ခုရှိနေလို့ပါ.. ပြီးသွားတာနဲ့ မင်းကိုချက်ချင်းလာရှာပါ့မယ်..."


မိုလျှိုကျိပြောလိုက်သည်။


အာကာသနတ်သမီးသည် သူ၏ရည်ရွယ်ချက်ကို သိနေသည့်ပုံစံဖြင့် မျက်စောင်းထိုးလိုက်သည်။


"ဒီလိုအရည်အသွေးနိမ့်တဲ့ဝိုင်က ရှင့်ကိုဒီလောက်အထိပျော်နေစေတာလား.. ကြည့်ရတာဝိုင်အကြောင်းဘာမှမသိဘူးထင်တယ်"


မိုလျှိုကျိအံ့အားသင့်သွားကာမပျော်မရွှင်ဖြစ်သွားသည်။


"ဘာကိုအရည်အသွေးနိမ့်တဲ့ဝိုင်ရမှာလဲ.. အစားကြူးတောင်ကြားရဲ့ကျော်ကြားတဲ့စားဖိုမှူးဝမ်ရန်ရှန်က ဒီဝိုင်ကိုလုပ်ခဲ့တာ.. ငါသာသူနဲ့သူငယ်ချင်းတွေမဟုတ်ဘူးဆိုရင် တစ်စက်လေးတောင်သောက်ခွင့်ရှိမှာမပါဘူး..."


မိုလျှိုကျိပြောလိုက်သည်။


ဝမ်ရန်ရှန်သည် အနည်းငယ်တွန့်တိုတတ်သော်လည်း သူ့ဝိုင်ကတော့ မဖော်ပြနိုင်လောက်အောင်ကောင်းမွန်ချေသည်။


သူတော်စင်သမီးတော်၏မျက်လုံးများသည် အထင်အမြင်သေးမှုများဖြင့်ပြည့်နှက်သွားသည်။


"ရှင်က ထောင်တျဲစားသောက်ဆိုင်ကိုသိပေမယ့် ပိုင်ရှင်ပုရဲ့ဝိုင်ကအကောင်းဆုံးဆိုတာကိုမသိဘူးပဲ... အဲ့ဒီ့နှစ်က သူဝိုင်အိုးကိုဖွင့်လိုက်တာနဲ့ မြို့တစ်မြို့လုံးဝိုင်နံ့တွေဖုံးလွှမ်းသွားခဲ့တာ.. အဲ့ဒီ့အံ့မခမ်းမြင်ကွင်းကိုဖြစ်စေခဲ့တဲ့ဝိုင်ကိုပဲ ဝိုင်ကောင်းလို့ခေါ်ထိုက်တယ်လို့ထင်တာပဲ..."


"ဒီလောက်အချိန်တွေကြာနေတာတောင်မှပဲ ပိုင်ရှင်ပုရဲ့ဝိုင်ကပိုကောင်းတယ်လို့ယုံကြည်နေဆဲပဲ...."


အာကာသနတ်သမီး၏စကားများကိုကြားပြီးမိုလျှိုကျိအံ့အားသင့်သွားသည်။


"တကယ်ကြီးအဲ့လောက်တောင်မှော်ဆန်တာလား... ပိုင်ရှင်ပုရဲ့အစားအသောက်တွေကတကယ်အရာသာရှိတယ်ဆိုတာသိပေမယ့် သူ့ရဲ့ဝိုင်ကလည်း အဲ့လောက်ကောင်းမှန်းမသိခဲ့ဘူး"


မိုလျှိုကျိအစားကြူးတောင်ကြားကထွက်ခွာစဉ်အချိန်တွင် ထောင်တျဲစားသောက်ဆိုင်သည် စီးပွားရေးအရဖွင့်လှစ်ခြင်းမရှိသေးပေ။ ထို့ကြောင့်သူသည် ပုဖန်၏ဝိုင်ကိုမြည်းစမ်းကြည့်ရန်အခွင့်မရှိခဲ့ချေ။ ယခုထိုသတင်းကို သူတော်စင်သမီးတော်ထံမှကြားသိရခြင်းသည် သူ့ကိုကူကယ်ရာမဲ့မှုအနည်းငယ်ကိုခံစားရစေသည်။


သူ့ရဲ့အရက်အပေါ်အလွန်အကျွံစွဲလမ်းခြင်းသည် သူ့ကိုနေမသိထိုင်မသာဖြစ်နေစေသည်။


"ရှင်ယုံကောယုံရဲ့လား"


သူတော်စင်သမီးတော်ပြောလိုက်သည်။ သူမသည်လက်ပိုက်လျက်ရှိကာ နတ်သမီးတစ်ပါးအသွင်ဖြင့်ရှေ့သို့ဆက်လျှောက်နေသည်။


"ဟီးဟီး ...ငါတို့အလောင်းအစားလုပ်ကြမလား.. အကယ်၍ပိုင်ရှင်ပုရဲ့ဝိုင်ကမင်းပြောသလောက်မကောင်းဘူးဆိုရင် မျက်နှာကာကိုဖယ်ပြပြီး မင်းမျက်နှာကိုမြင်ခွင့်ပေးမလား..."


မိုလျှိုကျိ မျက်လုံးရွေ့လိုက်ပြီး စူးစမ်းလိုစိတ်အပြည့်ဖြင့်ပြောလိုက်သည်။


အာကာသနတ်သမီး တုံ့ဆိုင်းသွားမိကာ သူမ၏မျက်လုံးများကစူးရှလာတော့သည်။


ခေါင်းလှည့်လိုက်ပြီး မိုလျှိုကျိကိုစိုက်ကြည့်လိုက်သည်။ သူမ၏မျက်လုံးများထဲတွင် ကြယ်တာရာများကရွေ့လျားနေသကဲ့သို့ဖြစ်နေသည်။


"ကြည့်ရတာတော့ ရှင်ဒီတစ်သက် ကျွန်မရဲ့မျက်နှာကာကိုဖွင့်ကြည့်ခွင့်မရှိတော့ဘူးထင်ပါရဲ့"


မိုလျှိုကျိတုန်လှုပ်သွားသည်။ သူမကို အာကာသနတ်သမီးလို့အခေါ်ခံရတာတကယ်ကြီးကိုထိုက်တန်ပါပေတယ်.. ရဲတင်းလိုက်ပုံများတော့...


သူမပိုင်ရှင်ပုကိုဘယ်လောက်တောင် ယုံကြည်နေရတာလဲ...


ဆိုင်ရှင်ပုက သူမရဲ့ နှလုံးသားနတ်ဆိုးဆိုတာအံ့ဩစရာမရှိတော့ပါဘူးလေ... သူတို့မှာထုတ်မပြောကြတဲ့ပုံပြင်ဟောင်းတွေရှိခဲ့ကြတယ်ဆိုတာ တကယ်ပဲလား...


မိုလျှိုကျိသိချင်စိတ်များဖြင့်တောက်လောင်လာသည်။


သူမေးစေ့ကိုပွတ်နေရင်း မျက်လုံးများတောက်ပလာတော့သည်။


ခဏအကြာတွင် သူတို့နှစ်ယောက် ထောင်တျဲစားသောက်ဆိုင်၏တံခါးဝသို့ရောက်ရှိလာကြသည်။


ပုဖန်သည် တံခါးဝသို့လျှောက်လာပြီး တံခါးပိတ်ရန်ကြံရွယ်လိုက်သည်။


ထိုအချိန်တွင် သူသည်မိုလျှိုကျိနှင့် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသော ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေ၏ အာကာသနတ်သမီးကိုတွေ့လိုက်ရသည်။