အပိုင်း ၈၁၅
Viewers 62k

အခန်း ၈၁၅

ငရဲကမ္ဘာသက်ရှိကိုဖိနှိပ်...


ကောင်းကင်ယံထက်ရှိ လခြမ်းကွေးလေးနှစ်ခုက အေးမြသော အလင်းရောင်များကို ဖြန့်ကျက်ထားသည်။လရောင်က ပိုးချည်မျှင်တစ်ခုအလား ပတ်ဝန်းကျင်ဧရိယာတစ်ခုလုံးကို ငွေရောင်အကာဖြင့် ဖုံးလွှမ်းထားသည်။


ပုဖန် ဆိုင်တံခါးပိတ်ရန် ပြင်၍ ဆိုင်ရှေ့တွင် ရပ်လိုက်သည်။ထိုအချိန်၌ ဆိုင်နှင့် မလှမ်းမကမ်းတွင် ပျော့ပြောင်းသော ပိုးသားဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နာဖုံးကာထားသည့် မိန်းကလေးတစ်ယောက်နှင့်အတူရပ်နေသော မိုလျိုကျီကို တွေ့လိုက်ရသည်။


ထိုအမျိုးသမီးက မျက်နာကာဝတ်ဆင်ထားသည်ဆိုသော်လည်း သူ့၏ မျက်နာကျက ရင်းနီးနေသလိုမျိုးခံစားရသည်။သူတို့ အရင်က တစ်နေရာရာတွင် တွေ့ခဲ့ဖူးသည်ဟု ထင်မိသည်။ထို့ကြောင့်ပင်ပုဖန် ပို၍ ရှင်းရှင်းလင်းလင်းမြင်ရရန် မျက်လုံးပြူးကြည့်လိူက်မိသည်။


မိုလျိုကျီ၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားပြီး စားသောက်ဆိုင်ဆီသို့ ဦးတည်လျှောက်လာခဲ့သည်။သူယခု ဝိုင်လိုအပ်နေပေပြီ ထောင်တျဲ စားသောက်ဆိုင်မှ ဝိုင်က သူ့ဝိုင်ဘူးထဲတွင် ရှိနေသော တစ်ခုထက်ပို၍ ကောင်းသည်ဟု ထင်ရပေသည်။


ဝိုင်ချစ်သူအတွက် ကြီးမားလှသောမြူဆွယ်မှုကြီးပင်ဖြစ်သည်။ထိုမြူဆွယ်မှုမျိုးကို တွန်းလှန်နိုင်ရန် တကယ်ကို ခက်ခဲလှပေသည်။


"ဟေး...ပိုင်ရှင်ပု မတွေ့တာတောင်ကြာပြီ ငါပြန်လာပြီ ..."


မိုလျိုကျီက ခပ်ပြုံးပြုံးဖြင့် နှုတ်ဆတ်စကားဆိုလိုက်သည်။ပုဖန် တံခါးဘောင်ကို မှီလိုက်ပြီး ရင်ဘတ်ဟပြဲနှင့် မိုလျိုကျီကို ကြည့်လိုက်သည်။


"မင်းကဘာလို့ ပြန်လာတာလဲ...ငါ့မှာ ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေနဲ့ ပတ်သတ်စရာဘာအကြောင်းမှလည်းမရှိဘူး...ပြီးတော့ အဖွားမိုက်ို တွေ့စရာလည်းမရှိဘူး..."


အဖွားမို...မိုလျိုကျီဘေးနားတွင်ရပ်နေသော အမျိုးသမီးက အံ့အားသင့်သွားသည်။သူ မိုလျိုကျီဘက်သို့လှည့်၍ မေးလိုက်သည်။


"ဘာကြောင့် အဖွားမိုက ပိုင်ရှင်ပုကို တွေ့ချင်နေတာလဲ..."


မိုလျိုကျီ၏ ခန္ဓာကိုယ်က တောင့်တင်းသွားသည်။


"ကောင်းကင်ဘုံ လျှို့ဝှက်သန့်စင်နယ်မြေရဲ့ အာကာသနတ်သမီး မင်းက ကျွန်တော်တို့ရဲ့ ရတနာပါ...မင်း ကြယ်တာယာဖမ်းကွန်ရက်ကို ထိန်းချုပ်နိုင်ဖို့ အတွက် ကျွန်တော်တို့ အားလုံး မျှော်လင့်နေပါတယ်...ဒီတော့ တစ်စုံ တစ်ရာလွဲမှားမှုမျိုး အဖြစ်မခံနိုင်ပါဘူး...ပိုင်ရှင်ပုက မင်းနှလုံးသားရဲ့ ...အင်း.... မင်းသိမှာပါ..."


မိုလျိုကျီက ခပ်တောင့်တောင့်ပြုံး၍ ပြောလိုက်သည်။


အာကသနတ်သမီး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။သူမ တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွား၏ ။


သူမခေါင်းအသာခါယမ်းရင်း ရင်းနီးကျွမ်းဝင်နေသော ပုဖန်ကို ကြည့်လိုက်သည်။သူတို့ မျက်လုံးချင်းဆုံတွေ့သည့် ခဏ၌ နှစ်ယောက်လုံး စိတ်ငြိမ်သက်သွားပေသည်။


ထိုခဏ၌ အာကာသနတ်သမီးက ခေါင်းတစ်ချက်အသာဆက်ငြိမ့်ပြလိုက်ပြီး ချာခနဲလှည့်ထွက်သွားလေသည်။မိုလျိုကျီ ကြောင်အမှင်သက်သွားလေသည်။


"ဒါဆို ဝိုင်ကို ဘယ်လိုလုပ်ရမလဲ ဝိုင်နဲ့ အာကာသနတ်သမီး ဘယ်ဟာပိုအရေးကြီးလဲ..."


မိုလျိုကျီ လက်ချောင်းကလေးများတလှုပ်လှုပ် လှုပ်၍ ရေတွက်နေမိသည်။ထို့နောက် နှုတ်ခမ်းတစ်ချက်သပ်လိုက်ပြီး တောက်ပသော မျက်လုံးများနှင့် ပုဖန်ဘက်သို့လှည့်လိုက်သည်။


"ပိုင်ရှင်ပု..."


ဘန်း...


ကျယ်လောင်လှသော အသံက သူ့ကို တုန်ယင်သွားစေသည်။သူအနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရပြီး သူ့၏ နှာခေါင်းကို ကာလိုက်၏။မြေပြင်ပေါ် ဆောင့်ကြောင့်ထိုင်လိုက်၏။နဂါးက သူ့နှာခေါင်းကို ပိတ်ရိုက်မိသွားပြီးတစ်စုံတစ်ရာကျိုးပဲ့သွားသံမျိုးပင် ကြားလိုက်ရသည်။


နှာခေါင်းမှ နာကျင်မှုကြောင့် မျက်ရည်များပင် စီးကျလာလေ၏။


သူက ဝိုင်လေးတစ်ခွက်လောက်သောက်ချင်ရုံပဲလေ တကယ်ကို ဝိုင်လေးတစ်ခွက်တည်းပါပဲ...


"ငါတို့ရဲ့ ဆိုင်ဖွင့်ချိန်ကုန်သွားပြီ မင်းတစ်ခုခု စားချင်တယ်ဆိုရင် မနက်ဖြန်မနက် စောစောလာပြီး တန်းစီ..."


ပုဖန်၏အသံကခပ်ဖျော့ဖျော့ ပြန့်လွင့်လာသည်။ထိုသို့ ကြားလိုက်ရသည်နှင့် မိုလျိုကျီ အံ့အားသင့်ကြောင်အသွားပြန်သည်။


"ငါတို့က သူငယ်ချင်းတွေလေ ဒါတောင်မှ မနက်ဖြန်မှလာပြီး တန်းစီစေချင်သေးတယ်လား...ပိုင်ရှင်ပု မင်းကတော့ စိတ်ပျက်စရာကောင်းတဲ့ မှင်စာကောင်ပဲ..."


သူမတ်တပ်ထရပ်လိုက်သည်။သူ့၏ နှာခေါင်းကလည်း နီရဲရောင်ကိုင်းနေပေသည်။မျက်ဝန်းများထဲတွင်လည်း မျက်ရည်များ ဝေ့လည်နေ၏။သူထောင်တျဲ စားသောက်ဆိုင်ဆီမှ ခြေလှမ်းဆုတ်လိုက်ပြီး ဝမ်ရမ်ရှန်၏ စားသောက်ဆိုင်ဆီသို့ ဦးတည်လိုက်သည်။


သူ ပိုင်ရှင်ပု၏ ဝိုင်ကို မသောက်ရလျှင်ပင် သူ့၏ ဝိုင်ဘူးထဲတွင်ရှိနေသော ဝိုင်အမျိုးအစားမျိုးကို သောက်၍ရနိုင်ပေသည်။ထို့နောက် အာကသနတ်သမီးမည်သည့်အတွက်ကြောင့် လှည့်ထွက်သွားသည်ကို သူချက်ချင်း သဘောပေါက်သွားပေသည်။သူမက ဆိုင်ထဲဝင်ရန် မတောင်းဆိုခဲ့ပေ။


ကြည့်ရသည်မှာသူမက ပိုင်ရှင်ပုသည် သူတို့ကိုမဖိတ်ခေါ်ပဲ မောင်းထုတ်မည်ကို ကြိုသိနေပုံရလေသည်။


အာကာသနတ်သမီးက တည်းခိုခန်းတစ်ခုကို ရှာလိုက်သည်။အစားကြူးနတ်ဘုရားမြို့တော်ထဲတွင် တည်းခိုခန်းထဲနှင့် စားသောက်ဆိုင်များ အပေါဆုံးပင်ဖြစ်သည်။မှန်ပေသည်တည်းခိုခန်းများတွင်လည်း ကိုယ်ပိုင်စားသောက်ဆိုင်ရှိပေသည်။


ထ်ိုတည်းခိုခန်းမှ စားဖိုမှူးများ၏အရည်အချင်းကလည်း ကောင်းမွန်လှသည်။ထိုသူများက အစားကြူးတောင်ကြား၏ ထိပ်တန်းစားဖိုမှူးများလောက် အရည်အချင်းမမြင့်မားသော်လည်း အပြင်ဘက်ကမ္ဘာရှိ စားဖိုမှူးများထက်တော့ သာလွန်ကြပေသည်။


သူတို့ထဲမှ အဆိုးဆုံးသူပင် ဒုတိယအဆင့် စားဖိုမှူးဖြစ်လေသည်။သူမ ရွေးချယ်လိုက်သော တည်းခိုခန်းက ပိုင်ရှင်ပု၏ စားသောက်ဆိုင်နှင့် သိပ်မကွာဝေးလှပေ။ပြတင်းတံခါး ဖွင့်ကြည့်လိုက်သည်နှင့် ထောင်တျဲစားသောက်ဆိုင်မှ အလင်းရောင်ကို မြင်နိုင်ပေသည်။


အာကာသနတ်သမီးက ပြတင်းပေါက်ဘောင်ကို မှီရင်း ထောင်တျဲ စားသောက်ဆိုင်မှ ခပ်ဖျော့ဖျော့အလင်းရောင်လေးကို ငေးမောကြည့်ရှုနေမိလေသည်။ထောင်တျဲ စားသောက်ဆိုင်အတွင်း၌ မီးအလင်းရောင် ထွန်းညှိထားဆဲဖြစ်နေသည်။


ချူချန်းရှန် ပျင်းရိစွာ သန်းဝေလိုက်ပြီးနောက် သူ့၏ အခန်းဆီသို့ ဦးတည်လိုက်သည်။စားပွဲထိုးတစ်ယောက်အဖြစ် စတင်လုပ်ကိုင်သည့်အချိန်ကတည်းက စားရအိပ်ရခြင်းကို ပို၍ ခုံမင်နှစ်သက်လာခဲ့သည်။


အချိန်မှန်အလုပ်လုပ် အနားယူခြင်းက ချူချန်းရှန်၏ အော်ရာများကို ပို၍ တည်ငြိမ်လာပေသည်။ထို့အပြင် သူ့၏ အသားအရည်ကလည်း တောက်ပစိုပြေလာသည်။


သူ နတ်ဘုရားစိတ်ဝိညာဉ် နယ်ပယ်သို့ ခြေလှမ်းတစ်ဝက်လှမ်းပြီးသည့် အချိန်ကတည်းက သူ့၏ နတ်ဘုရား မီးတောက် ဖြစ်တည်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ရသည်။


သို့သော်လည်း နတ်ဘုရားမီးတောက် တောက်လောင်စေရန် စွမ်းအင်များ ပိုမိုစုဆောင်းရန် လိုအပ်ပေသည်။၎င်းက အများကြီးကြိုးစားအားထုတ်ယုံနှင့် ရနိုင်သည့်အရာမျိုးမဟုတ်ပေ။


ထို့ကြောင့် သူအလျင်မလိုပေ။နေ့တိုင်း ကောင်းမွန်စွာ အနားယူရင်း သူ့၏ နတ်ဘုရားမီးတောက်ထွန်းလင်းလာမည့် အချိန်ကိုသာ စောင့်မျှော်နေခဲ့သည်။


ထ်ိုအချိန်၌ ပုဖန်က မီးဖိုခန်းထဲတွင် သူ့၏ လေ့ကျင့်ခန်းများကို ပြုလုပ်နေဆဲဖြစ်သည်။သူ့၏ ဟင်းချက်စွမ်းရည် တိုးတက်လာသည်နှင့်အမျှ နတ်ဘုရားတစ်ပါးဖြစ်လာရန် လျှောက်သည့်လမ်းကြောင်းတွင် ခက်ခဲ ကြမ်းတမ်းမှုများ ပို၍ ပြည့်နှက်လာသည်ဟု ခံစားရသည်။


အဘယ်ကြောင့်ဆိုသော် ဟင်းချက်နည်းတစ်ခုစီတိုင်းက ယခင်ကထက်ပင် ပိုမိုခက်ခဲလာသောကြောင့်ပင်။ထိုကဲ့သို့ မတူကွဲပြားသောချက်ပြုတ်နည်းများ ထွက်ပေါ်လာခြင်းက ပုဖန်၏ စိတ်ဝိညာဉ်ကို ပို၍ပင်လှုပ်ရှားတက်ကြွစေသည်။ပုဖန် ဓားလေ့ကျင့်ခန်းလုပ်ပြီးနောက် အမှတ်အသားလေးမျိုးမီးလျှံထိန်းချုပ်မှုနှင့် စိတ်စွမ်းအင်သုံး၍ ချက်ပြုတ်ခြင်းကိုပါ လေ့ကျင့်လိုက်သည်။


တစ်နေ့တာ၏ စီးပွားရေးလုပ်ငန်းကိုလုပ်ဆောင်ပြီးသည်နှင့် ပိုသောအချိန်လေးများကို လေ့ကျင့်ခန်းလုပ်ရင်းနှင့် ကုန်ဆုံးလေ့ရှိသည်။သူ့တွင် စနစ်ရှ်ိသည်ဆိုသော်လည်း သူကိုယ်တ်ိုင် ကြိုးစားအားမထုတ်ပါက စနစ်က ဘာမှ လုပ်ပေးမည်မဟုတ်ကြောင်းရှင်းရှင်းလင်းလင်းသဘောပေါက်ထားပေသည်။


အဆက်မပြတ် ကြိုးစားလေ့ကျင့်ခြင်းကသာလျှင် သူ ပိုမိုသန်မာလာပြီး အခွင့်အရေးကောင်းများကို ဆုပ်ကိုင်နိုင်စွမ်းရှိပေလိမ့်မည်။ကမ္ဘာပေါ်တွင် အလကားရသည့် နေ့လည်စာဟူ၍ မရှိပေ။ပို၍ လိုချင်လျှင် ပ်ို၍ ကြိုးစားရပေမည်။


ဘုန်း...


ပုဖန်၏ လက်ဖဝါးထက်၌ ရွှေရောင်ရင့်ရင့် မီးလျှံတစ်ခု ထွက်ပေါ်လာသည်။အပူချိန်မြင့်မားပြီးစိတ်ဝိညာဉ်ရှိနေသော မီးလျှံက တလှုပ်လှုပ်လွင့်ခါနေလေသည်။


တစ်ခါတစ်ရံတွင် ၎င်းမီးလျှံက အစွယ်များထုတ်၍ မာန်ဖီဟိန်းဟောက်နေသော နဂါးကြီးတစ်ကောင်ကဲ့သို့ပင် ပြောင်းလဲလာသည်။အမှတ်အသားလေးမျိုး မီးလျှံထိန်းချုပ်မှု နည်းလမ်းကို လေ့ကျင့်ပြီးနောက် ပုဖန် သက်ပြင်းဖွဖွချလိုက်သည်။


တစ်နေ့တာအတွက် လေ့ကျင့်ရေးများ ပြီးဆုံးသွားလေပြီ။ပုဖန် အအေးသေတ္တာထဲ၌ အအေးခံထားသော အေးခဲ ကျောက်စိမ်းနှလုံးသားဝိုင်ကို ထုတ်၍ တစ်ခွက်ငှဲ့လိုက်သည်။


မီးဖိုခုံကို မှီလိုက်ပြီး ဝိုင်အေးအေးကို တစ်ငုံ သောက်လိုက်သည်။အေးစက်သောဝိုင်များက လည်ချောင်းတစ်လျှောက်စီးဆင်းသွားသည်နှင့် ခန္ဓာကိုယ်အနှံ့ လန်းဆန်းမှုများ ပြည့်နှံ့သွားပြီး သက်တောင့်သက်သာဖြစ်စွာ ပင့်သက်ချလိုက်သည်။


ဝိုင်အေးအေးလေးတစ်ငုံက သူ့၏။မောပန်းနွမ်းနယ်မှုများကို ရှင်းလင်းပေးလိုက်သည်။ပုဖန် ဝိုင်ခွက်က်ိုအသာပွတ်ရင်းအတွေးနက်သွားမိသည်။အေးခဲ ကျောက်စိမ်း နှလုံးသားဝိုင်ဆိုသည်မှာ သူပထမဆုံးပြုလုပ်ခဲ့သော ဝိုင်ဖြစ်သည်။နေ့များစွာ ကျော်ဖြတ်လာပြီးသည့်နောက် ပို၍ တန်ဖိုးရှ်ိ ကောင်းမွန်သော ပါဝင်ပစ္စည်းများ တိုးတက်လာသော နည်းလမ်းများကို အသုံးပြုခဲ့ပြီး ဝိုင်၏ အရသာက တစ်နေ့ထက်တစ်နေ့ ပိုမို ကောင်းမွန်လာခဲ့ပေပြီ။


သူဝိုင်ကို သောက်လိုက်တိုင်း ပထမဆုံးနေ့ကကဲ့သို့ပင် အံ့သြမှုက်ို ခံစားနေရတုန်းဖြစ်သည်။သူ့၏ စိတ်ထဲ၌ အတွေးတစ်ချက်လက်သွားပြီး စနစ်မှ ဆုရရှိထားသည့် တွယ်ရာမဲ့ စမ်းချောင်းဝါဝိုင်အကြောင်း သတိရသွားသည်။


ထိုဝိုင်အကြောင်းကို ချီးကျူးပြောဆိုခဲ့သည်။၎င်းက အေးခဲကျောက်စိမ်းနှလုံးသားဝိုင်နှင့် နှင်းခါးမီးတောက် သိမြင်မှု ဝိုင်ထက် ပို၍ ကောင်းပေလိမ့်မည်။


ထိုဝိုင်ကို သူမြင်ချင်လှပေသည်။ထိုကဲ့သို့ ဝ်ိုင်ကောင်းကို မြည်းစမ်းကြည့်ချင်သည့် ဆန္ဒအား မဖုန်းကွယ်ထားနိုင်ပေ။သူ့လက်ထဲမှ ဝိုင်ခွက်ကို ပြန်ချလိုက်သည်။


"အင်း...တွယ်ရာမဲ့ စမ်းချောင်းဝါဝိုင် ပြုလုပ်နိုင်မည့် အခွင့်အရေးကို ငါရှာသင့်ပြီထင်တယ်..."


ပုဖန် မေးကို အသာပွတ်သပ်ရင်း တွေးလိုက်မိသည်။သို့သော်လည်း ထိုဝိုင်ကို ပြုလုပ်ရန် လိုအပ်သည့် ပါဝင်ပစ္စည်းများအားလုံးက ငရဲကမ္ဘာတွင်ရှိသည်ဆိုတော့... ငရဲကမ္ဘာကို သွားရန်အတွက် ပုဖန် တွန့်ဆုတ်နေမိသည်။


......


ကောင်းကင်ဘုံ လျှို့ဝှက်သန့်စင်နယ်မြေ...


 တလိမ့်လိမ့်တက်နေသော တိမ်မဲများက နေရာအနှံ့ကို ဖုန်းကွယ်ထားသည်။ကျဆင်းလာသော အမှောင်ထုက လူအများကို ဝရုန်းသုန်းကား ဖြစ်စေသည်။သို့သော်လည်း ထိုအချိန်၌ ကောင်းကင်ယံထက်တွင် နတ်ဘုရားယစ် ပလ္လင်တစ်ခု ပေါ်လာခဲ့သည်။


ထိုပလ္လင်ထက်တွင် တဖျတ်ဖျတ်တောက်ပနေသော နတ်မီးလျှံက အမှောင်ထုကို ဖြိုခွဲနေသည်။


လေဟာနယ်ထဲတွင် မိုချာ၏ အသားအရည်က နီမြန်းလာသည်။သူ့၏ နောက်ကျောဘက်၌ သိပ်သည်းလှသော စွမ်းအင်များ ပါဝင်နေသည့် အတောင်နှစ်ဖက်ကို တဖျတ်ဖျတ်လှုပ်ခါနေသည်။


"နတ်ဘုရားစိတ်ဝိညာဉ် အဆင့် အဖွားအိုက စားဖို့ အရမ်းအိုလွန်းနေပြီ ဘယ်လောက် နှမြောစရာကောင်းလိုက်လဲ..."


မိုချာက တအံ့တသြရေရွတ်လိုက်သည်။သူ့၏ အနီရောင်ရဲရဲနီနေသော မျက်ဝန်းထဲ၌ နောင်တများ စိတ်ပျက်မှုများ ပြည့်နှက်နေသည်။သို့သော်လည်း ထိုအရိပ်အယောင်က ခဏအတွင်းမှာပင် ပျောက်ကွယ်သွားပြီး သူ၏ မျက်ဝန်းများက အောက်ဘက်ရှိ သန့်စင်နယ်မြေများ၏ တပည့်များဆီသို့ ကျရောက်သွားသည်။သူ ပြုံးဖြီးဖြီး ဖြစ်သွားသည်။


"ဒါပေမယ့်လည်း အဲ့ဒီမှာ နူးညံ့အရသာရှိတဲ့ လူတွေ အများကြီးရှိသေးတယ် ဒီနေ့တော့ ငါ ဗိုက်ပြည့်အောင် ဖြည့်နိုင်ပြီ.."


မိုချာ ရေရွတ်လိုက်သည်


"အရိုင်းအစိုင်း တိရစ္ဆာန်တွေ မင်းတို့က ကောင်းကင်ဘုံလျှို့ဝှက်နယ်မြေကိုတောင်လာရဲတယ် ဒီနေ့ မင်းတ်ို့ဒီနေရာကနေ အသက်ရှင်လျက် ထွက်မသွားနိုင်အောင် လုပ်ပြစ်မယ်..."


တုတ်ကောက်ကိုင်ဆောင်ထားသော အဖွားမိုက ကောင်းကင်ယံထက်တွက် မော်ကြွားစွာဖြင့် ရပ်တည်နေသည်။သူမ၏ ခန္ဓာကိုယ်က အိုမင်းနေပြီဆိုသော်လည်း စိတ်ဝိညာဉ် မီးတောက်က တောက်ပစွာ လောင်ကျွမ်းနေတုန်းဖြစ်သည်။


သူမ ခေါင်းထက်ရှိ နတ်ဘုရား ပလ္လင်ထက်မှ နတ်ဘုရားမီးတောက်များကလည်း ကောင်းကင်ယံထက်သို့ စွမ်းအားများ ပစ်လွှတ်နေတုန်းဖြစ်သည်။


လေဟာနယ်တစ်ခုလုံးကို သူမ၏ အော်ရာများက ဖုံးလွှမ်းထားသည်။


"အိုမင်းနေတဲ့ အဖွားကြီး ခင်ဗျားက အရမ်းကို အိုလွန်းနေပါပြီ အရမ်းမိမိုက်သလ်ိုတွေ လုပ်မနေပါနဲ့ ..."


မိုချာအေးစက်စွာဖြင့် အော်ပြောလိုက်သည်။ခဏအကြာ၌ သူ့၏ တောင်ပံများကို နောက်တစ်ကြိမ်ခတ်လိုက်ပြီး အနက်ရောင်အလင်းတန်းတစ်ခုအလား ရှေ့သို့ တိုးထွက်သွားလေသည်။သူ ကိုင်ဆောင်ထားသော သုံးခွမှိန်းတစ်ချောင်းက လေဟာနယ်ကို ဆုတ်ဖြဲ ပစ်တော့မလိုမျိုးဖြတ်သန်းလာသည်။


"မွား ဟား ဟား...အဖွားအိုကြီး သေလိုက်ပေတော့..."


မိုချာက အေးစက်စွရယ်မောလိုက်သည်။သူ့၏ မျက်ဝန်းများကလည်း ရဲရဲတောက်နေ၏။အဖွားမိုက လေထဲတွင် ဝင့်ကြွားစွာ ရပ်နေတုန်းဖြစ်သည်။သုံးခွမှိန်းက သူမအရှေ့ လက်မ အနည်းငယ်အကွာတွင် ရပ်တန့်သွားသည်။


ထက်မြက်လှသော စွမ်းအင်များက အဆက်မပြတ် ထွက်ပေါ်နေ၏။အဖွားမိုက သူမ၏ အမှတ်အသားတစ်ခုဖြစ်သော သစ်ခွပန်းပုံ လက်ချောင်းသဏ္ဍာန်ကို ပြုလုပ်လိုက်သည်။


သူမ၏ မျက်ဝန်းများက သူမ၏ ပတ်ဝန်းကျင်တွင် တောက်ပလင်းလက်နေသောရွှေရောင်များကိုသာ စူးစိုက်ကြည့်နေသည်။ထိုကြယ်ရောင်စွမ်းအင်များက အရှေ့သို့ ပြင်းထန်စွာ ထိုးထွက်သွားလေသည်။မိုချာ၏ ခန္ဓာကိုယ်က အဝေးသို့ လွင့်ထွက်သွား၏။


သို့သော်လည်းမိုချာက အေးစက်စွာ ရယ်မောနေတုန်းပင်ဖြစ်သည်။ထိုအသံက လူများကိုပင် တုန်ယင်သွားစေသည်။ထိုအချိန်၌ လေထဲရှိ သူ့၏ ခန္ဓာကိုယ်က မြောက်များလှစွာသော ကိုယ်ပွားများအဖြစ်သို့ ကွဲထွက်သွားသည်။


သူ့အရိပ်မှ ပါးစပ်ကို ဖွင့်လိုက်သည်။ထွက်ပေါ်လာသော တုန်ခါသံက လေဟာနယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။


သတ်...


မိုချာ၏ ကိုယ်ပွားများက စတင်လှုပ်ရှားလိုက်ကြသည်။သိပ်သည်းလှသော စွမ်းအင်များက အဖွားမိုဆီသို့ ဦးတည်သွားလေသည်။


"မိုဆာ သူနဲ့ သွားပူးပေါင်းလိုက် မြန်မြန်တိုက်ရင် မြန်မြန်အနိုင်ရလိမ့်မယ်..."


မိုယဲ့က ညွှန်ကြားလိုက်သည်။သူပြောလိုက်ပြီးသည်နှင့် အနောက်၌ရှိနေသော မိုဆာ၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက ကြမ်းတမ်းစွာဖြင့် လှုပ်ရှားလာလေသည်။


သူ့၏ ဂျိုပေါ်မှ သတ္တုကွေးများကလည်း တစ်ခုနှင့်တစ်ခု ထိခတ်ကာ ဆူညံသံများ တန်းစီထွက်ပေါ်နေသည်။သူ့၌ တောင်တစ်တောင်ကိုပင် ဖိနှိပ်နိုင်စွမ်းရှိသော စွမ်းအင်များရှိသည်။ကြွက်သားများအပြည့်နှင့် သူ့လက်မောင်းကို ဆန့်လိုက်ပြီး စွမ်းအင်အဖြစ် လက်သီးချက်တစ်ချက်က်ို ထုတ်လွင့်လိုက်သည်။


သူ့၏ စွမ်းအင်များက အဖွားမို၏ အကာအကွယ်စက်ဝန်းကို လာရောက်ထိခတ်လေသည်။


ဝီ....


ကြယ်အလင်းများ ဖြာထွက်လာသည်။မိုချာက သုံးခွမှိန်းဖြင့် အဆက်မပြတ်ထိုးနှက်နေချိန်တွင် မိုဆာကလည်း ကြမ်းတမ်းစွာဖြင့် တ်ိုက်ခိုက်နေသည်။အကာအကွယ်စက်ဝန်းက ကြာရှည်တောင့်မခံနိုင်တော့ပေ။သို့သော်အဖွားမို၏ မျက်ဝန်းများက ပြောင်းလဲသွားခြင်းမရှိပေ။သူမ၏ ခေါင်းအထက်မှ နတ်ဘုရားမီးလျှံကလည်း တောက်ပနေတုန်းပင်ဖြစ်သည်။


"မင်းတို့ တိရစ္ဆာန်ကောင်တွေက ကောင်းကင်လျှို့ဝှက်သန့်စင်နယ်မြေကို ကျူးကျော်ရဲတယ် ...မင်းတို့ ဒီနေရာကို ဒီလောက်ကြိုက်မယ်ဆိုမှတော့... ဒီမှာပဲ နေလိုက်တော့..."


အဖွားမို၏ ပါးစပ်မှ ထူးခြားဆန်းကြယ်သောအသံ ထွက်ပေါ်လာသည်။သူမ၏ ခန္ဓာကိုယ်မှ ကောင်းကင်ထိတိုင်အောင်ပင် အလင်းတန်းများ ဖြာထွက်လာသည်။


၎င်းက ဖုံးလွှမ်းနေသောအမှောင်ထုကို ဖြိုခွဲပစ်လိုက်လေသည်။ထို့နောက် အဖွားမို၏ ခန္ဓာကိုယ်ပတ်လည်တွင် တဖျတ်ဖျတ်တောက်ပနေသော ကြယ်များ ကြွေကျလာသည်။ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေ နတ်ဆိုးဖိနှိပ်နည်းလမ်း...


ဝီ...


အဖွားမို၏ တုတ်ကောက်က ချက်ချင်းပင် တုတ်ချောင်းရှည် အဖြစ်သို့ ပြောင်းလဲသွားသည်။သူမ၏အိုမင်းရင့်ရော်နေသော အရေပြားများက တဖြေးဖြေးချင်း ပြန့်ပြူးလာကာ လှပငယ်ရွယ်သူတစ်ယောက် ဖြစ်လာသည်။


သူမ၏ နက်မှောင်သွားသော ဆံကေသာကလည်း ငယ်ရွယ်သည်ဟု ထင်ရစေသည်။သူမ၏ ပတ်လည်တွင် သိပ်သည်းလှသော အသက်စွမ်းအင်များ မြင့်တက်လာနေသည်။


ပိုငယ်လေ ပိုအရသာရှိလေပဲ...


မိုဆာ၏ မျက်ဝန်းများက တောက်ပနေပြီး ကြီးမားသောပြန့်ကားသော အပြုံးတစ်ခု ပေါ်လာသည်။မိုချာလည်း သရေတများများ ဖြစ်နေ၏။


တလက်လက်တောက်ပနေသော ကြယ်များက သူမ၏ ဆံဖြားပေါ်သို့ ကျရောက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးက ကြယ်ရောင်အောက်တွင် တောက်ပလာသည်။အဖွားမို၏ အကြည့်များက အေးစက်နေပြီး ခွင့်မလွှတ်နိုင်မှုများပြည့်နေသည်။


သူမ၏ နူးညံ့လှသော လက်ကလေးကို မြောက်လိုက်ပြီးတုတ်ရှည်က်ို ထ်ိုငရဲကမ္ဘာသတ္တဝါနှစ်ကောင်ဆီသို့ လွှဲယမ်းပစ်လိုက်လေသည်။