အပိုင်း ၈၁၈
Viewers 62k

အခန်း ၈၁၈

ငါတို့အရမ်းထင်ပေါ်နေလား...


တောက်လောင်နေသော နေမင်းကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသည့် အော်ရာများ ချဉ်းကပ်လာလေသည်။တောက်ပနေသော အလင်းရောင်က အမှောင်ထုကို ဆွဲဖြဲတော့မကဲ့သို့ ရှိနေသည်။အစီအရင်၏ စွမ်းအင်များကြားထဲတွင် ယိမ်းခါနေသော ပုံရိပ်တစ်ချို့ကို တွေ့လိုက်ရ၏။


ကျင့်ကြံသူများက မကောင်းဆိုးဝါးဆီသို့ အပြေးသွားကာ ဒေါသတကြီး အော်ဟစ်လိုက်သောကြောင့် လေဟာနယ် တစ်ခုလုံးပင် တုန်ခါသွားသည်။


မိုယဲ့ သူ့၏ မျက်လုံးကို ဖွင့်လိုက်သည်။၎င်းက အရာရာအားလုံးကို ထွင်းဖောက် မြင်နိုင်သကဲ့သို့ပင် လေဟာနယ်ကို တုန်ခါသွားစေသည်။


သူအဝေးသို့ လှမ်းကြည့်လိုက်သည့်အချိန်၌ ချဉ်းကပ်လာသော ကျင့်ကြံသူများကို တွေ့လိုက်ရပြီး သူ မျက်နာပျက်သွားသည်။သူ့ခန္ဓာကိုယ်က သစ်ရွက်တစ်ရွက်ကဲ့သို့ အလျင်အမြန် ရွေ့လျားသွားပြီး မိုဆာ၏ ဧရာမခန္ဓာကိုယ်ကြီးကို ဆုပ်ကိုင်လိုက်သည်။


မိုချာကလည်း မြေပြင်မှ ခုန်တက်လာကာ ကောင်းကင်ယံတွင် လွင့်မျောလိုက်သည်။သူ့၏ နောက်ကျောဘက်တွင်လည်း ဧရာမဒဏ်ရာတစ်ခုမှ အသားထစ်များပင် ထွက်နေသည်။


နတ်ဘုရားသတ် ကျိုင်း၏ ကြီးမြတ်သော အရှိန်အဝါများ ကြောင့် ဒဏ်ရာပြန်လည်ကုစားနှုန်းက ထိရောက်မှု မရှိပေ။


"သေစမ်း...သေခာနီး အဖွားကြီး..."


မိုချာ သူ့နှုတ်ခမ်းမှ သွေးများကို သုတ်လိုက်ပြီး ဒေါသတကြီး အော်လိုက်သည်။


"နောက်ထပ် ဒုက္ခမရောက်စေနဲ့တော့ ကောင်းကင်ဘုံ ကြယ်တာယာဖမ်း ကွန်ရက် ဒီမှာ မရှိဘူးဆိုမှတော့ ငါတို့ မြန်မြန်ထွက်သွားသင့်တယ်...တခြားနယ်မြေက စစ်ကူတွေလည်း ရောက်လာပြီ ကြောက်မက်ဖွယ်ရာ အော်ရာတွေကို ငါခံစားမိတယ်..."


မိုယဲ့ပြောလိုက်သည်။


"သူတို့ တကယ်ကြီး မြန်မြန်ဆန်ဆန်ရောက်လာခဲ့ကြတာပေါ့ ..."


မိုချာက သူ့၏ လျှာဖြင့် နှုတ်ခမ်းကိုသပ်၍ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။မိုယဲ့ သူ့ကို စောင်းကြည့်လိုက်သည်။


"သူတို့ကမြန်တာမဟုတ်ပဲ မင်းတို့က နှေးနေတာ မဟုတ်ဘူးလား ..."


ဘုန်း..."


အဝေးမှနေ၍ ရွှေရောင်ပုံရိပ်တစ်ခုတိုးကပ်လာသည်။သူ့၏ အော်ရာများက ကောင်းကင်ကိုပင် တုန်လှုပ်သွားစေ၏။တောက်လောင်နေသော နေမင်းကိုးစင်းက လေထဲတွင် လွင့်မျောနေသည်။၎င်းက အာရုံဦးသန့်စင်နယ်မြေ၏ ပညာရပ်ဖြစ်သည်။


ထိုနည်းစနစ်က သန့်စင်နယ်မြေ၏ အဓိက ခွန်အားတစ်ရပ်ဖြစ်ကြောင်း သံသယရှိစရာမလိုပေ။ထို့အပြင် ထ်ိုပုံရိပ်ကလည်း သာမန်လူတစ်ယောက်မဟုတ်ပဲ သူတော်စင်အုပ်ချုပ်သူအဆင့် ကျင့်ကြံသူဖြစ်သည်။


သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာသော အလင်းတန်းများက အမှောင်ထုကို ဖြိုခွင်းလိုက်သည်။သူတော်စင်အုပ်ချုပ်သူ၏ ကျင့်ကြံမှုက အဖွားမိုထက်ပင် အားကောင်းလှသည်။


မိုယဲ့တို့ နတ်ဆိုး ၃ကောင်က ထိုသူနှင့် ရင်ဆိုင်ရလောက်အောင်ထိ မမိုက်ပေ။


"ငါတို့ အရင်ဆုံး ဆုတ်ခွာသင့်တယ် ..."


မိုယဲ့ ပြောလိုက်သည်နှင့် မိုချာနှင့် မိုဆာတို့နှစ်ယောက်ကလည်း သဘောတူလိုက်ကြသည်။နတ်ဆ်ိုး၃ကောင် ကောင်းကင်ယံသ်ို့ ခုန်တက်ကာ ပြေးဖို့ လုပ်ဆောင်လိုကြသည်။ထိုခဏမှာပင် သူတို့၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားကြသည်။


ကောင်းကင်ပေါ်မှ ဆင်းသက်လာသော ဧရာမအခင်းအကျင်းကြီးတစ်ခုက နတ်ဆိုး၃ကောင်လုံးကို ဖမ်းအုပ်လိုက်လေသည်။ထိတ်လန့်ကြောက်ရွံ့ဖွယ် ကောင်းလှသော ကြီးမားလေးလံလှသည့် ဖိအားတစ်ရပ်က သူတို့ မလှုပ်နိုင်အောင် ဖိနှိပ်ထားပေသည်။


"ငါတို့ လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးနယ်မြေက မင်းတို့လာချင်သလိုလာလို့ရတဲ့ အပန်းဖြေဥယျာဉ်လို့များထင်နေတာလား...."


နားကွဲလောက်ဖွယ်ဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာပြီး မကြာခင်မှာပင် ပုံရိပ်တစ်ခု ရောက်ရှိလာသည်။ရှေးဟောင်းကျောက်စိမ်း သန့်စင်နယ်မြေ၏ သူတော်စင်အုပ်ချုပ်သူ၏ ပတ်ဝန်းကျင်တွင် စွမ်းအင်လှိုင်းများ ရစ်ဝဲနေသည်။


သူနှင့် ဝေးရာတွင်ရှိနေသော မီးတောက်ကိုးပွင့်ကလည်း တဖြေးဖြေးချင်း နီးကပ်လာလေသည်။၎င်းဆီမှ ကြောက်မက်ဖွယ်အော်ရာများက ပတ်ဝန်းကျင်တစ်ခွင်ကို ဖုံးလွှမ်းသွားလေသည်။


"ရိုင်းစိုင်းတဲ့ တိရစ္ဆာန်တွေ ငါ့ညီကိုရဲ့ အသက်ကို ပြန်ပေးစမ်း အာရုံဦး သန့်စင်နယ်မြေ သူတော်စင်အုပ်ချုပ်သူက ဒေါသတကြီးအော်ဟစ်လိုက်သည်။


မိုယဲ့၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးလာပြီးနောက် အေးစက်သော လှောင်ရယ်သံ တစ်ခုကို ထုတ်ဖော်လိုက်လေသည်။ထို့နောက် သူ့မျက်ဝန်းများထဲမှ အနက်ရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး လေဟာနယ်ကို တုန်ခါပေါက်ကွဲသွားစေကာ စွမ်းအင်လှိုင်းများ ဖြန့်ကျက်သွားစေသည်။


ခဏအကြာတွင် သူတို့ ဆုတ်ပြဲသွားသော လေဟာနယ် တိုးဝင်ပျောက်ကွယ်သွားလေသည်။ရှေးဟောင်းကျောက်စိမ်းဂိုဏ်းချုပ်၏ မျက်ဝန်းများက ထိတ်လန့်မှုဖြင့် ပြူးကျယ်သွားသည်။


"သူ့အစီရင်၏ဖမ်းချုပ်မှုအောက်မှာတောင် နတ်ဆိုး ၃ကောင်က လွတ်လွတ်လပ်လပ် ထွက်သွားနိုင်ဆဲပဲလား ..."


အာရုဏ်ဦး သန့်စင်နယ်မြေ သူတော်စင်အုပ်ချုပ်သူ၏ ဒေါသများ ပေါက်ကွဲသွားသည်။


"မင်းရဲ့ အခင်းအကျင်းနဲ့ဆိုရင် သူတို့ ဒီမှာသေရမှာ ကျိန်းသေတယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား ..."


ရှေးဟောင်းကျောက်စိမ်းသူတော်စင်အုပ်ချုပ်သူကလည်း အေးစက်စက်တစ်ချက်ပြန်ကြည့်လိုက်ပြီးနောက် အဖွားမိုရှိရာဆီသို့ လှည့်ထွက်သွားလိုက်သည်။အပျက်အစီးများကြားထဲတွင်လဲနေသော အဖွားမို၏ ခန္ဓာကိုယ်မှ သွေးများစိုနစ်နေသည်။သူမ၏ မျက်နာတွင်လည်း သွေးများ ပေလူးနေသောကြောင့် သနားကရုဏာသက်စရာကောင်းလှသည်။သူမ၏ မျက်နာက အလွန်အမင်း ဖြူဖျော့နေ၏။


ရှေးဟောင်းကျောက်စိမ်း သူတော်စင်အုပ်ချုပ်သူက အဖွားမိုအနားသို့ ဆင်းသက်လိုက်သည်။သူမ၏ လှပသော မျက်နာကိုကြည့်၍ သူအံ့အားသင့်သွား၏


"လျိုလီ ..."


ဒီလို ရင်းနီးတဲ့ အသွင်အပြင်နှင့် နူးညံ့သိမ်မွေ့သောလှပမှု....

သူအရာအားလုံးကို သတိရနေဆဲပင်ဖြစ်သည်။


အဖွားမိုက တည်ငြိမ်လှသော မျက်နာထားဖြင့် ကြယ်ရောင်စုံနေသောကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။


သူမက ညအမှောင်ကောင်းကင်ယံထက်တွင် ကြယ်များရွေ့လျားနေသည်ကို ညတိုင်းညတိုင်း စောင့်ကြည့်ခဲ့သော်လည်းယခုကဲ့သို့ လွတ်လပ်စွာ တခါမှ မကြည့်ခဲ့ဖူးပေ။၎င်းက လုံးဝ ကွဲပြားခြားနားသော ခံစားမှုကို ပေးစွမ်းလေသည်။


သူမ၏ ပတ်ဝန်းကျင်တွင် ရစ်ဝဲနေသော ငရဲစွမ်းအင်များက ကျန်ရှိနေသော အသက်စွမ်းအင်များကို စုပ်ယူနေသည်။


"မင်းကို ကယ်တင်ဖို့ ငါရောက်လာပြီ ..."


သူတော်စင်အုပ်ချုပ်သူကပြောလိုက်ပြီးနောက် သူ့၏ လက်ကို မြောက်လိုက်သည်နှင့် အစီအရင်တစ်ခုထွက်ပေါ်လာသည်။သူမည်သို့ပဲ ကြိုးစားကြိုးစား အဖွားမို၏ ခန္ဓာကိုယ်မှ ငရဲစွမ်းအင်များကို မချေဖျက်နိုင်သောကြောင့် စိတ်ပျက်လက်ပျက်ဖြစ်သွားမိသည်။


"မလိုတော့ပါဘူး ငါအသက်ရှင်နေတာလည်း ကြာလှပြီ ...အခုအနားယူချိန်ရောက်ပြီ ..."


သူမ ထထိုင်ရန် ကြိုးစားလိုက်သည်။ထို့နောက် သူမ၏ လှပသောမျက်နာက အလျင်မြန်သွာ အိုမင်းရင့်ရော်လာပြီး အဖွားအိုတစ်ဦး၏ ပုံစံအဖြစ်ပြောင်းလဲသွားသည်။


သူက နတ်ဘုရားမီးတောက်နှင့် နတ်ပလ္လင်ကို ပေါက်ကွဲစေခဲ့သည်။ထို့ကြောင့် အသက်စွမ်းအင်များ မကျန်ရှိတော့ပေ။သူမ၏ ခန္ဓာကိုယ်က အသက်အရွယ်အပိုင်းအခြားများစွာကို လျင်မြန်စွာ ဖြတ်သန်းသွားပြီး မျက်စ်ိတစ်မှိတ်အတွင်းမှာပင် အိုမင်းရင့်ရော်သွားခဲ့လေပြီ။


ကောင်းကင်ဘုံ လျှ်ို့ဝှက်သန့်စင်နယ်မြေမှ တပည့်များက အဖွားမို၏ သေဆုံးခါနီး အခြေအနေကြောင့် ဝမ်းနည်းကြေကွဲမှုက်ို ခံစားလိုက်ရကြသည်။တစ်ချို့က မျက်ရည်များ လိမ့်ဆင်းကျလာပြီး တစ်ချို့က အော်ဟစ်ငိုယိုနေကြသည်။နေရာတစ်ခုလုံးဝမ်းနည်းဖွယ် အငွေ့အသက်များ လွှမ်းခြုံသွားလေသည်။


မကြာမီပင် အာရုဏ်ဦးသန့်စင်နယ်မြေသူတော်စင် အုပ်ချုပ်သူက မြေပြင်သို့ ဆင်းသက်လာခဲ့သည်။သူ့၏မျက်နာထားကလည်း ယောက်ကျားပီသပြီး ကြည့်ကောင်းလှ၏။သူသည်လည်း သက်ပြင်းအသာချကာ အဖွားမို၏ အသက်စွမ်းအင်များဆုံးသွားသည်ကို တိတ်တဆိတ်ကြည့်နေခဲ့သည်။


ရှေးဟောင်းကျောက်စိမ်းသူတော်စင်အုပ်ချုပ်သူ၏ မျက်ဝန်းများက ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။


"လျိုလီ မင်းကောင်းကောင်းအနားယူပါ ငါမင်းအတွက် လက်စားချေပေးမယ်..."


......


အစားကြူးတောင်ကြား....


စားသောက်ဆိုင်တစ်ခုထဲတွင် အာကာသနတ်သမီးက စားပွဲတစ်ခုတွင်ထိုင်၍ ဖြေးညှင်းစွာ စားသောက်နေသည်။ဝိုင်ခွက်ကို ကိုင်ထားသော သူမ၏ လက်များတုန်ခါသွားပြီးဝိုင်များ ဖိတ်စင်ကျသွားသည်။


"ငါ့စိတ်ထဲမှာဒီခံစားချက်က.... ဘာဖြစ်သွားတာလဲ..."


အာကာသနတ်သမီး အံ့အားတုန်လှုပ်သွားသည်။သူမ၏ မျက်ဝန်းများထဲတွင် ကြယ်ရောင်များတဖျတ်ဖျတ်လင်းလက်သွားသလိုမ်ျိုး ထင်ရသည်။ထို့နောက် သူမ လက်ဟန် စည်းတံဆိပ်တစ်ချို့ကို ပြုလုပ်လိုက်သည်။


ထို့နောက် သူမ၏ နှလုံးသားတစ်ခုလုံး ဝမ်းနည်းကြေကွဲမှုများ ပြည့်နှက်သွားလေသည်။နောက်ဆုံးရလဒ်က စကားမပြောနိုင်လောက်အောင်ပင် စွံ့အသွားမိသည်။


"အဖွားမို ဆုံးသွားပြီ..."


သူမကိုမြေးအရင်းလေး တစ်ယောက်လို ဆက်ဆံခဲ့သောအဖွားမို ဆုံးသွားပြီတဲ့လား...


ဝမ်းနည်းကြေကွဲမှုများ ပြည့်လျှံလာသလို မျက်ဝန်းများထဲတွင်လည်း မျက်ရည်များဝဲတက်လာသည်။သူမ ကောင်းကင်ဘုံ လျှို့ဝှက်သန့်စင်နယ်မြေသို့ ပြန်သွားလိုသောကြောင့် ချက်ချင်းထရပ်လိုက်သည်။


သို့သော်လည်းသူမခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် တံခါးဘောင်ကို ပျင်းရိစွာ မှီထားသော ပုံရိပ်တစ်ခုကို တွေ့လိုက်သည်။လက်ထဲတွင် ဝိုင်ခွက်ကိုင်ထားပြီး နီရဲနေသော နှာခေါင်းဖြင့် ထ်ိုလူက သူမ၏ လမ်းကို ပိတ်ကာထားလေသည်။


"မိုလျိုကျီ နင်ဒါဘာလုပ်တာလဲငါတို့ သန့်စင်နယ်မြေကို ပြန်သွားရမယ်...."


အာကာသနတ်သမီး၏ အသံက အေးစက်လာသလို အကြည့်များကလည်း အေးစက်နေပေသည်။သို့သော်လည်း မိုလျိုကျီက မတုန်မလှုပ် ရှိနေဆဲပင် ၎င်းက သူမ မျှော်မှန်းထားသည်ထက် ကျော်လွန်သွားပေပြီ။မိုလျိုကျီ အာကာသနတ်သမီးကို ဝမ်းနည်းကြေကွဲစွာ ကြည့်လိုက်သည်။


"အာကာသနတ်သမီး အဖွားမို ဆုံးသွားပြီလို့ ပြောတယ်မဟုတ်လား..."


ထို့နောက် သူစိတ်သက်သာရာရစေရန် ဝိုင်တစ်ငုံထပ်မော့သောက်လိုက်သည်။


"အဲ့ဒီလို ဖြစ်နေပြီဆိုမှတော့ နတ်သမီးကို ဒီတောင်ကြားထဲကနေ ထွက်သွားခွင့်မပြုနိုင်တော့ဘူး...အဖွားမိုကလည်း နတ်သမီးကို ဒီနေရာမှာပဲ ထားထားဖို့ တောင်းဆိုထားတယ် ...ပိုင်ရှင်ပုသာလျှင် ကောင်းကင်ဘုံ ကြယ်ဖမ်းကွန်ရက်ကို ထိန်းချုပ်နိုင်ဖို့ ကူညီနိုင်လိုက်မယ်...အဖွားမိုရဲ့ နောက်ဆုံး ဆန္ဒက အာကာသနတ်သမီး ကောင်းကင်ဘုံ ကြယ်ဖမ်းကွန်ရက်ကို ထိန်းချုပ်နိုင်တာကို မြင်ချင်တာပါ...ဒီတော့ ကျွန်တော် မင်းကို သွားခွင့်မပြုနိုင်ဘူး..."


မိုလျိုကျီ လေးနက်စွာ ပြောလိုက်သည်။အာကာသနတ်သမီး စွံ့အသွားပြီးနောက် အနောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရပြီး ထိုင်ခုံပေါ် ပြန်ထိုင်ကျသွားသည်။


.....


ငရဲကမ္ဘာ... ကမ္ဘာမြေ အကျဉ်းထောင် ...


နက်မှောင်နေသော ကောင်းကင်ကြီးက လူများ၏ စိတ်ထဲသို့ လေးလံလှသော စိတ်ခံစားချက်များ တွန်းပို့နေသကဲ့သို့ပင်...မြေပြင် တုန်ခါလာသည်နှင့် အမျှ ပေါက်ကွဲသံများကျယ်လောင်စွာ ပဲ့တင် ထပ်လာသည်။


ပုဖန်၏ မျက်နာက မတုန်မလှုပ် အေးစက်နေတုန်းပင်ဖြစ်သည်။သူခြေနင်းမိသော နေရာက ရုတ်တရက် ပေါက်ကွဲသွားကာ ကျောက်တုံးကျောက်စများလွင့်စင်သွားသည်။


သူ့ခြေထောက်အောက်ရှိ မြေပြင်က အက်ကွဲသွားပြီးနောက် ပါးစပ်တွင် အဖတ်လေးဖတ် ပါရှိသော သားရဲကြီးတစ်ကောင်က ပါးစပ်ကို ဖွင့်ဟ၍ ပုဖန်ဆီ ဦးတည်လာလေသည်။


၎င်း၏ တုတ်ခိုင်ချွှန်ထက်လှသော သွားများက ကြောက်မက်ဖွယ်ရာကောင်းလှသည်။နယ်သာရီ၏ အနက်ရောင်မျက်ဝန်းလေးများက တောက်ပလာသည်။သူမ၏သွယ်လျသော လက်ကလေးကို မြောက်လိုက်ပြီး အနားတွင်ရှိနေသော စွမ်းအင်များကို ဆွဲယူလိုက်သည်။


"ငရဲကမ္ဘာရဲ့ ကမ္ဘာမြေအကျဉ်းထောင်က အန္တရာယ်အရမ်းများတယ် ကြမ်းတမ်းရက်စက်တဲ့ သတ္တဝါတွေက ဘယ်အချိန်မှာ ထွက်ပေါ်လာပြီး ဘယ်အချိန်မှာ နင့်ကို လာတ်ိုက်မယ်ဆိုတာကို ဘယ်လိုမှ မသိနိုင်ဘူး...သူတို့က တကယ်ကို ရက်စက်ကြမ်းကြုတ်ပြီး ရန်လိုကြတယ်..."


နယ်သာရီ အေးဆေးစွာ ပြောလိုက်သည်။ရုတ်တရက် သူမ အံ့သြသွားသည်။တိုက်ခိုက်တော့မည့်ဟန် ပြင်ထားသော သူမ၏လက်က နေရာမှာတင် ရပ်တန့်နေလေသည်။


ကျယ်လောင်လှသော နဂါးဟိန်းဟောက်သံ တစ်ခုထွက်ပေါ်လာပြီး အလွန်ပူလောင်လှသော နဂါးစွမ်းအင်များ ထွက်ပေါ်လာသည်။ပုဖန်၏ ခန္ဓာကိုယ်ကို ရစ်သိုင်းသွားပြီးနောက် မီးနဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။


သူ့လက်ထဲတွင် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကလည်း ပေါ်လာပြီး တဖြေးဖြေးကြီးမားပြန့်ကားလာသည်။ပုဖန် ပခုံးပေါ်သို့ ဓားထမ်းတင်လိုက်သည်။


သူ့ကို တ်ိုက်ခိုက်လာသော သားရဲကြီးက နဂါး၏ ဖိအားကြောင့်မလှုပ်နိုင်တော့ပေ။ဓားဖြင့် ခုတ်ခံလိုက်ရသည်။ခန္ဓာကိုယ်တစ်ဝက်ပြတ်ထွက်သွားပြီး သွေးများနေရာအနှံ့ ပြန့်ကျဲသွားသည်။


"ဒါ နင်ပြောတဲ့ အန္တရာယ်လား..."


 မီးဖ်ိုချောင်သုံးဓား ကိုင်ဆောင်ထားသောပုဖန်က မတုန်မလှုပ်သော မျက်နာထားဖြင့် နယ်သာရီကို မော့၍ ကြည့်လိုက်သည်။


.နယ်သာရီ နှာခေါင်းရှုံ့လိုက်ပြီး မျက်နာလွှဲလိုက်၏။ သူ့အကြည့်များကမူ မြေပြင်ပေါ်ရှိ အသားခြမ်း အပိုင်းပေါ် ကျရောက်နေပေသည်။


"ဒီအသားက ကြည့်ရတာ မဆိုးဘူးပဲ..."


ထို့နောက် သူ့လက်ထဲမှ မီးဖိုချောင်သုံးဓားက ပြန်လည်ကျုံ့သွားသည်။သူဓားကို လှည့်ပတ်လိုက်ပြီးနောက် အသားတုံးကို ခုတ်လိုက်သည်။နူးညံ့ဖြူဖွေးသော အသားနှစ်ပိုင်း လေထဲ လွင့်ပျံတက်လာပြီး ပုဖန်၏ လက်ဖဝါးပေါ်တွင် လွင့်ဝဲနေလေသည်။


ထို့နောက် ပုဖန်၏ လက်ဖဝါးတွင် ရစ်ပတ်ထားသည့် မီးလျှံက အသားကို ဖုံးလွှမ်းထားသည်။


ရွဲ ရွဲ...


အပူချိန် ချက်ချင်း မြင့်တက်လာသည်။အသားကို ဖုံးလွှမ်းသွားသော မီးလျှံက မီးနဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။စိတ်ဝိညာဉ် စွမ်းအင်များက အသားထဲသို့ စိမ့်ဝင်သွား၏။


ကြမ်းတမ်းရက်စက်လှသော သားရဲကြီး၏ အသားက တဖြေးဖြေးနူးညံ့ပျော့ပျောင်းလာသည်။ပုဖန်၏ မျက်ဝန်းများ တောက်ပလာသည်။ထို့နောက် စနစ်၏ သိုလှောင်နယ်မြေထဲ ထည့်ထားသော ဟင်းခတ်အမွှေးအကြိုင်ဘူးလေးများပေါ်လာလေသည်။


ဟင်းခတ်အမွှေးအကြိုင်များကို အသားပေါ်တွင် သင့်တော်သလို ဖြူးလိုက်သည်။ခဏအကြာတွင်အသားတုံးနှစ်တုံးဆီမှ သင်းပျံ့ ကြိုင်လှိုင်လှသော မွှေးရနံ့များထွက်ပေါ်လာလေသည်။


"စားချင်လား..."


ပုဖန် နယ်သာရီကိုကြည့်၍ မေးလိုက်သည်။နယ်သာရီ မျက်နာသေဖြင့် ပြန်ကြည့်လိုက်၏။ထို့နောက် မြေပြင်ပေါ်၌ တစ်ပိုင်းပြတ်ကျန်ခဲ့သော သားရဲကောင်ကြီးကိုကြည့်ကာ နှုတ်ခမ်းများတုန်ယင်သွားသည်။


ဤကမ္ဘာမြေအကျဉ်းထောင်ရှိ သားရဲများက အလွန်အမင်း သန်မာမှုမရှိသော်လည်းအနည်းဆုံး မသေမျိုးဝိညာဉ် လှေကားငါးဆင့်စွမ်းအားရှိကြသည်။


ဘယ်လိုကြောင့်များ အသားကင်ဖြစ်လာရတာလဲ...


နယ်သာရီ ခဏမျှ စဉ်းစားပြီးနောက် ထိုအသားကို မြည်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။


"စားမယ်..."


လေထဲတွင် စိမ့်ဝင်နေသော သိပ်သည်းလှသော မွှေးရနံ့က ခံတွင်းဆို့လာစေသည်။ထ်ို့နောက် နှစ်ယောက်သား အသားကင်တစ်ပိုင်းစီကိုင်၍ လမ်းဆက်လျှောက်လာခဲ့သည်။


"ငါတို့ အရမ်းပဲ ထင်ပေါ်နေလား ..."


ပုဖန် နယ်သာရီဘက်သို့ စောင်းငှဲ့ကြည့်၍ မေးလိုက်သည်။သူ့၏ ပါးစပ်ကလည်း ဆီများကွက်နေပေသည်။


"နင်က နှိမ့်နှိမ့်ချချနေချင်လို့လား...အဆင်ပြေပါတယ် ငရဲဘုရင်က ဒီမှာရာရှိနေပြီဆိုမှတော့ ငါတို့ ဟိတ်ဟန်ထုတ်တာ ဘာမှမဖြစ်ပါဘူး..."


နယ်သာရီ အသားကို တစ်ကိုက်ကိုက်လိုက်သည်နှင့် စိုအိလှသောအဆီရည်လေးများ စီးကျလာသည်။မွှေးရနံ့များကလည်း သူမ၏ နှာခေါင်းထဲ တိုးဝင်နေပေသည်။


ဝေါ ...ဖြန်း...


ရုတ်တရက် ကျယ်လောင်သော ရေစီးသံများကြားလိုက်ရသည်။ရေလှိုင်းများက သူတို့၏ မျက်နာကိုပင် လာစင်လေသည်။ပုဖန်နှင့် နယ်သာရီ၏ ရှေ့တွင် ကြီးမားလှသော သွေးရောင်မြစ်တစ်စင်းရှိလေသည်။နောက်ဆုံး၌ သူတို့ စမ်းချောင်းဝါ မြစ်သို့ ရောက်ရှိခဲ့ကြလေပြီ။