အပိုင်း ၈၁၉
Viewers 53k

အခန်း ၈၁၉

မြစ်ကိုကျော်မည်...


သူတို့ စမ်းချောင်းဝါမြစ်သို့ ရောက်လာခဲ့ပေပြီ။ပုဖန်နှင့် နယ်သာရီတို့သည် သူတို့ရှေ့မှ ကြီးမားလှသော မြစ်ကြီးကို တွေဝေငေးမောစွာ ရပ်ကြည့်နေမိကြသည်။


ရှလွတ်...


ပုဖန်သူ့လက်ထဲမှ အငွေ့တထောင်းထောင်းထနေသော အသားကင်ကို တစ်ကိုက်ကိုက်လိုက်၏။အဆီရည်လေးများ နှုတ်ခမ်းထောင့်မှ စီးကျလာသည်။


ရေငွေ့များကလည်း ပုဖန်၏ မျက်နာပေါ် ဖြန်းကျလာသည်။စမ်းချောင်းဝါမြက်သည် ကမ္ဘာမြေအကျဉ်းထောင်ကို ဖြတ်သန်းစီးဆင်းနေသော မြစ်ကြီးတစ်စင်းဖြစ်သည်။သွေးနီရောင်မြစ်ရည်များစီဆင်းမှုက ဘယ်တော့မှ ရပ်တန့် မသွားခဲ့ဘူးပေ။


တစ်ခါတစ်ရံတွင် အရိုးအပိုင်းများ ဒဏ္ဍာရီလာ နတ်ဘုရားသတ် လက်နက် အပိုင်းအစများပင် မြစ်ရေထဲ စီးမျောသွားတက်ကြသေးသည်။၎င်းက လျှို့ဝှက်ဆန်းကြယ်သော ဧရာမမြစ်ကြီးတစ်စင်းပင်ဖြစ်သည်။


"ငါ့နောက်ကလိုက်ခဲ့ စမ်းချောင်းဝါမြစ်က အရမ်းအန္တရာယ်များတယ်...နင့်ရဲ့ အခုလက်ရှိ ကျင့်ကြံဆင့်နဲ့ဆိုရင် အန္တရာယ်ကြုံဖို့ အလွယ်လေးပဲ ..."


နယ်သာရီ ပါးစပ်အပြည့် အသားတစ်ကိုက် ကိုက်လိုက်ပြီးနောက် ပုဖန်ကို လက်ဝှေ့ယမ်းပြကာ ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။


ပုဖန် ခဏမျှ တုံ့ဆိုင်းနေပြီးမှ အနောက်ကနေ လိုက်သွားလိုက်သည်။


ခလပ် ခလပ် ခလပ်...


စမ်းချောင်းဝါမြစ်နံဘေးမှစိမ်းပြာရောင်ကျောက်တုံးများသည် မြစ်ရေဖြင့် အနီရောင် ဆေးခြယ်ခြင်းခံထားရသောကြောင့် တစ်မျိုးတစ်ဖုံ ကြောက်စရာကောင်းနေသည်။


"ဒါတွေကို သွေးကျောက်လို့ခေါ်တယ် မြစ်ရေရဲ့ အရောင်ဆိုးခြင်းကိုခံရပြီး ဖြစ်လာတာ...သူတို့ကို ကမ္ဘာမြေအကျဉ်းထောင်ပတ်ဝန်းကျင်မှာတွေ့နိုင်တဲ့ သဘာဝအရင်းအမြစ်လို့လည်း သတ်မှတ်လို့ရတယ်...အဲ့ဒီ သွေးကျောက်တွေကို စိတ်စွမ်းအားလွှဲပြောင်းပေးတဲ့ နေရာမှာလည်း အသုံးပြုနိုင်တာကြောင့် ပန်းပဲဆရာတွေက သူတို့ရဲ့ လုပ်ငန်းစဉ်တွေမှာ အသုံးပြုကြတယ်..."


သူတို့နှစ်ယောက်သား ရှေ့ဆက်လျှောက်သွားသည်နှင့်အမျှ ပတ်ဝန်းကျင်တွင် သစ်ရွက်များပိုမို ပေါများလာသည်ကို တွေ့ရသည်။တစ်ချို့ သစ်ပင်များက သွေးကျောက်များအပေါ်တွင် ကျရောက်နေခြင်းက အံ့အားသင့်စရာကောင်းလှသည်။


သစ်ပင်များကယိမ်းနွဲ့ကာ သစ်ရွက်များကလည်း လှုပ်ခါနေသည်။ထို အချိန်တွင် လူအများ၏စိတ်နှလုံးသားကို အေးစိမ့်သွားစေသော အသံများထွက်ပေါ်လာသည်။


ဂါးဂဲ...ဂါးဂဲ...


သားရဲ သတ္တဝါများစွာက သစ်ပင်များအပေါ်တွင် ဝပ်နေကြသည်။သူတို့၏ ပုံစံက ကြောက်မက်ဖွယ်ကောင်းလှသည်။ထို့အပြင် အနီရောင်ဆေးပက်ဖြန်းထားသလို ဖြစ်နေခြင်းကပို၍ ကြောက်မက်ဖွယ်ကောင်းနေသည်။သူတို့က နယ်သာရီနှင့် ပုဖန်ကို စူးစိုက်ကြည့်နေကြ၏။


"ဒါက စမ်းချောင်းဝါမြစ်ကမ်းနံဘေးမှာ နေထိုင်တဲ့ သတ္တဝါတွေပဲ သူတို့က အရမ်းသန်မာတယ် ဒါပေမယ့် သူတို့ကို သွားမနှောက်ယှက်သရွေ့တော့ သူတို့ဘက်ကစပြီး လှုပ်ရှားလာမှာမဟုတ်ဘူး ..."


နယ်သာရီက ရှင်းပြလိုက်သည်။သို့သော်လည်း သူမစကားဆုံးဆုံးချင်းမှာပင် ထိုစိတ်ဝိညာဉ် သားရဲသတ္တဝါများက လှုပ်ရှားလာကြသည်။၎င်းတို့၏ မြွေနှင့်တူသော လျှာချွှန်ချွှန်များကို ထုတ်ထားကြသည်။


ပုဖန်က သူ့၏ အသားကင်ကို တစ်ကိုက်ကိုကလိုက်ရင်းခေါင်းညိတ်ပြလိုက်သည်။


"ကောင်းပြီ ငါမနှောက်ယှက်ဘူး...ငါတို့က စမ်းချောင်းဝါမြက်ကို ယူဖို့ပဲ ဒီက်ို ရောက်နေတာ...ယူပြီးတာနဲ့ ချက်ချင်းသွားကြမယ်..."


ပူပူနွေးနွေး ကင်ထားသော အသားကင်၏ ရနံ့က လေထဲ သင်းပျံ့နေသည်။ပုဖန်က သူ့၏ အသားကင်ကို စိတ်ကျေနပ်နေမိသည်။၎င်းက ပုန်းကွယ်နဂါးတိုက်ကြီးတွင်ရနိုင်သော အသားများထက်ပင် ပ်ို၍ ကောင်းမွန်ပေသည်။


သစ်ပင်ပေါ်ရှိ စိတ်ဝိညာဉ်သားရဲများကလည်းဆက်လက်၍ လှုပ်လှုပ်ရွရွဖြစ်နေကြသည်။သူတို့က ပုဖန်ကို စိုက်ကြည့်နေကြသည်။ခဏအကြာတွင် သူတို့၏ ခန္ဓာကိုယ်များလှုပ်ရှားလာကြပြီး ကျယ်လောင်စွာ အော်လိုက်သောအသံများ ပဲ့တင်ထပ်သွားသည်။


သားရဲတစ်ကောင်က သစ်ပင်ပေါ်မှ ခုန်ဆင်းကာ မြေပြင်ပေါ်သို့ ဆင်းသက်လာသည်နှင့် ဖုန်များရွှံ့များလွင့်စင်သွား၏။၎င်းက အလွန်လျင်မြန်လှသော အရှိန်ဖြင့် ပုဖန်ဆီသို့ တည့်တည့်တ်ိုးဝင်လာသည်။


ပုဖန်နှင့် နယ်သာရီတို့နှစ်ယောက် ထိတ်လန့်သွားသည်။နယ်သာရီ သူမ၏ လက်ကို မြောက်လိုက်ပြီး ထိုသားရဲကို ထိုးနှက်လိုက်၏။


"ငါတို့က သူတို့ကို မနှောက်ယှက်ရင် လာတိုက်ခိုက်မှာမဟုတ်ဘူးလို့ နင်ပြောခဲ့တယ်မဟုတ်ဘူးလား..."


ပုဖန် နယ်သာရီကို သင်္ကာမကင်းဟန်ကြည့်၍ မေးလိုက်သည်။


နယ်သာရီ၏ မျက်နာက မဲမှောင်သွားလေသည်။သူမလည်း မည်သို့ ဖြစ်ပျက်သွားသည်ကို မသိတော့ပေ။


ထိုသားရဲ၏ အရှိန်ကလည်း တကယ်ကို မြန်လွန်းလှပေသည်။သူမတုံ့ပြန် ချိန်မရသေးခင်မှာပင် အနားသို့ ရောက်လာခြင်းဖြစ်၏။သို့သော်လည်း ငရဲကမ္ဘာသို့ ပြန်လည်ခြေချချိန်ကတည်းက နယ်သာရီစွမ်းအင်အဆင့်က ပို၍ အားကောင်းခဲ့သည်။သူမ၏ လက်ဖဝါးရိုက်ချက်အောက်တွင် လေဟာနယ်ပင် ပုံပျက်သွားသည်။


ထန်....


ထို သားရဲ သတ္တဝါ အနောက်သို့ လွင့်ထွက်သွား၏ သို့သော် ထိုသားရဲက မြေပြင်ပေါ်သို့ မကျ ခင်မှာပင် နောက်သို့ ဂျွန်းတစ်ပတ်ပစ်လိုက်ပြီးနောက် သူတို့ဆီသို့ တည့်တည့်ကြီး တိုးဝင်လာပြန်သည်။


ကြီ ကြီ...


သစ်ပင်များ ကြမ်းတမ်းစွာ ယိမ်းခါသွားသည်။ခဏအကြာတွင် ကြောက်မက်ဖွယ်ကောင်းလှသော မြောက်များလှသည့် မျက်လုံးအရောင်များတောက်ပလာလေသည်။


တူညီသော စိတ်ဝိညာဉ် သားရဲများက သူတို့၏သစ်ပင်များပေါ်မှနေ၍ သူတို့၏ လည်ပင်းကို ဆန့်ထုတ်လာကြသည်။ပုဖန်နှင့် နယ်သာရီတို့ ထိတ်လန့်စွာ ကြည့်နေစဉ်မှာပင် ၎င်းတို့က သစ်ပင်ပေါ်မှ တစ်ကောင်ပြီးတစ်ကောင် ပြေးဆင်းလာကြသည်။


မြောက်များလှစွာသောစိတ်ဝိညာဉ် သားရဲ အုပ်ကြီးကြောင့် နယ်သာရီ ပြောစရာစကားပင် ပျောက်ရှသွားလေသည်။


ပြေး...


နယ်သာရီအော်ဟစ်လိုက်သည်။ထိုကဲ့သို့ သားရဲ အုပ်လိုက်ကြီးနှင့် ရင်ဆိုင်ရသည့်အခါတွင် အရူးမှသာရပ်နေပေလိမ့်မည်။ထို့ကြောင့် နယ်သာရီနှင့် ပုဖန်တို့က သူတို့၏ အသားကင်များကို ဆုပ်ကိုင်၍ ထွက်ပြေးကြလေတော့သည်။


သို့သော်လည်း သူတို့ မည်သည့်နေရာကိုပြေးပြေး ထိုသားရဲများက အရူးအမူးလိုက်ပါလာလေသည်။ထို အချိန်၌ ပုဖန် သူ့လက်ထဲမှ အသားကင်ကို လွတ်ပစ်လိုက်သည်။ပူပူနွေးနွေးအသားကင်က လေထဲ လွင့်ပျံသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။


ထိုအချိန်တွင် ထူးဆန်းမှု တစ်ရပ်ဖြစ်ပေါ်လာလေသည်။သူ့နောက်သို့ လိုက်နေသော စိတ်ဝိညာဉ် သားရဲများက ပစ်မှတ်ပြောင်းသွားကာ အသားကင်ဆီသို့ အရူးအမူးပြေးသွားကြလေသည်။


ထိုမြင်ကွင်းကြောင့် နယ်သာရီ အံ့အားသင့်သွားသည်။စိတ်ဝိညာဉ် သားရဲများက အသားကင်၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရခြင်းဖြစ်၏။ထိုသို့ တွေးလိုက်မိသည်နှင့် သားရဲသတ္တဝါများကို လမ်းလွှဲရန်အတွက် သူမ၏ အသားကင်ကိုလည်း လွင့်ပစ်ချင်သွားသည်။


သို့သော်လည်း သူမ မလွှတ်ပစ်ခင်မှာပင် နောက်ဆုံးအကြိမ်အနေဖြင့် ပါးစပ်အပြည့် အလုတ်ကြီးကြီးကိုက်လိုက်သည်။စိုအိလှသောဆီများက သူမ၏ ပါးစပ်တစ်ခုလုံး ပေကျံသွားသည်။အကြိမ်အနည်းငယ်မျှ ဝါး၍ အရသာခံလိုက်ပြီးမှ ကျန်နေသည့် အသားပိုင်းကို လွှတ်ပစ်၍ သားရဲများ၏ အာရုံကို ပြောင်းလိုက်သည်။


ထို့နောက် သူတို့ မျက်နာသေဖြင့်ပင် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။သူတို့်လက်ထဲမှအသားကင်ရနံ့က ထိုသားရဲများကို ဆွဲဆောင်နိုင်လိမ့်မည်ဟု မည်သူက သိနိုင်မည်နည်း။


တကယ်တမ်းတွင် မြစ်ကို ဖြတ်ကူးချိန် အသားကင်စားခြင်းကလည်း သူတို့ အရမ်းလွန်သွားပေသည်။


"သားရဲတွေ အသားကင်ရဲ့ ဆွဲဆောင်မှုကို ခံနေရတုန်း ငါတို့ သွားကြရအောင်..."


နယ်သာရီ ပုဖန်၏ လက်ကိုလှမ်းဆွဲလိုက်ပြီး အရှေ့သို့ ဦးတည်လိုက်သည်။သို့သော် ခြေတစ်လှမ်းလှမ်းပြီးသည်နှင့် သူတို့ ရပ်တန့်သွားလေသည်။သူတို့နှင့် ဝေးကွာသော နေရာမှ သားရဲများ၏ တောက်ပသော မျက်ဝန်းများက သူတို့ နှစ်ယောက်ကို စိုက်ကြည့်နေပြီး လမ်းပိတ်ထားလေသည်။


ပုဖန် ထို လောဘဖြင့် ရူးသွပ်မတတ် ဖြစ်နေသော သားရဲများကိုခဏမျှကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။


"ငါတို့ ပြန်သွားသင့်တယ်..."


သူတို့ မသိမသာ ပြန်လည် ဆုတ်ခွာခဲ့ရလေသည်။ထို့နောက် ပုဖန် သူသတ်ဖြတ်ခဲ့သော သားရဲခန္ဓာကိုယ်ကို ပြန်တွေ့လိုက်ရသည်။သူတို့ အချိန်ကြာအောင် ထွက်သွားခဲ့ပြီးသည့်နောက် စိမ်းညှို့ရောင် ဝံပုလွေ နှင့် တူသောစိတ်ဝိညာဉ် သားရဲများက ထိုသားရဲအလောင်းကို မျက်စိကျနေကြပေပြီ။


"တကယ်တော့ ငရဲကမ္ဘာမှာ ခွန်အားကြီးတဲ့လူက ခွန်အားနည်းတဲ့ လူကို စားသောက်တယ် လက်သီးပိုကြီးတဲ့လူကသာ စည်းမျဉ်းပဲ...စိမ်းညှို့ရောင် ဝံပုလွေများက အလွန်သန်မာခြင်းမရှိပေ။သို့သော်လည်း ထိုသတ္တဝါများကပင် ငရဲကမ္ဘာသည် မည်မျှ အန္တရာယ်ကြီးမားကြောင်းပုဖန် သိဖို့ လုံလောက်သွားပေပြီ။


သူ့လက်ထဲတွင် ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား ပေါ်လာသည်နှင့် နဂါးတစ်ကောင်၏ ခြိမ်းခြောက်မှုကြောင့် ဝံပုလွေများ ထွက်ပြေးသွားကြသည်။ပုဖန် သားရဲအလောင်းမှ အသားတုံးကြီးတစ်တုံးကို လှီးဖြတ်လိုက်ပြီးနောက် စနစ်၏ သိုလှောင်နယ်မြေထဲ ထည့်ထားလိုက်သည်။


ထို့နောက် မြစ်ကမ်းနံဘေးသို့ ပြန်လည်လျှောက်သွားလိုက်ပြီး မဟူရာလ်ိပ်ခုံးဒယ်အိုးကို ထုတ်ယူလိုက်သည်။


"သားရဲတွေက အသားကင်ကို နှစ်သက်ကြတယ်ဆိုမှတော့ အသားကင်ကို သုံးကြည့်ရအောင်..."


အသားတုံးကို ထုတ်ယူလိုက်ပြီးနောက် ပုဖန်လက်ထဲမှ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားက တလက်လက်တောက်ပသွားသည်။ထို့နောက် မဟူရာလိပ်ခုံးဒယ်အိုကို အသုံးပြု၍ အသားကင်လိုက်သည်။


ခဏအကြာတွင် ရွှေရောင်အသားကင်ရနံ့များ ပို၍ ထူထပ်သိပ်သည်းလာကာရွှေရောင် တောက်ပနေသော အသားကင်များ အတန်းလိုက် ပေါ်လာလေသည်။


သစ်ပင်ပေါ်မှ ပို၍ပို၍ များပြားလာသော သားရဲသတ္တဝါများက သူတို့၏ ခေါင်းများကို ဆန့်ထုတ်လာကြသည်။ပုဖန်နှင့် နယ်သာရီ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။ထိုသားရဲများထွက်လာသည်နှင့် သူတို့ ချက်ချင်း အရှေ့သို့ ပြေးထွက်လိုက်ကြသည်။ခြေတစ်လှမ်းလှမ်းလိုက်တိုင်းအသားကင်တစ်ပိုင်းကို လွှတ်ပစ်လိုက်သည်။


အသားကင်များက သားရဲအုပ်စုလိုက်ကြီးကို ဆွဲဆောင်သွားလေသည်။သားရဲများက အသားကင်များ၏ အနောက်သို့သာပြေးလိုက်သွားကြသည်။သို့သော်လည်းသူတို့ မရပ်မနား ဆက်လက်၍ ပြေးလွှားလာကြသည်။သားရဲများကလည်း အသားကုန်သွားသည်နှင့် သူတို့ နောက်သို့ ပြန်လည် လိုက်ပါလာကြသည်။


ပုဖန်နှင့် နယ်သာရီက အနောက်သို့ လှည့်ပင်မကြည့်နိုင်ပဲ ပို၍ ကွာဝေးသော နေရာသို့သာ သွားနိုင်ရန် အာရုံစိုက်ထားကြသည်။မသိလိုက်ခင်မှာပင် သူတို့ ထူထပ်သောသစ်တောကို ဖြတ်ကျော်လာပြီး မြစ်ကမ်းနံဘေးသို့ ရောက်လာပြီဖြစ်သည်။


စိတ်ဝိညာဉ် သားရဲများက မြစ်ကမ်းနံဘေးသို့ ရောက်သည်နှင့် ရှေ့သို့ ဆက်မတိုးဝံ့ကြတော့ပေ။သူတို့ တစ်စုံတစ်ရာကိုကြောက်ရွံ့နေပုံမျိုးဖြင့် အနောက်သို့ ပြန်ဆုတ်သွားကြသည်။စမ်းချောင်းဝါမြစ်ရေသည် သွေးနီရောင် ဆေးဆိုးထားသလိုမ်ျိုး နီရဲနေသည်။ထို့အပြင် သွေးနီရောင် အခိုးအငွေ့များ လွင့်ပျံတက်နေသောကြောင့် အနီရောင်မြစ်ရေထဲတွင် မည်သည့်အရာများရှိနေသည်ကို မမြင်နိုင်ပေ။


"ငါတို့ မြစ်ကို ဖြတ်ဖို့လိုတယ်...တစ်ဖက်ကမ်းက စမ်းချောင်းဝါမြက်ပေါက်တဲ့ နေရာပဲ ..."


နယ်သာရီက သွေးနီရောင်မြူခိုးများ ဖုံးလွှမ်းနေသည့်တစ်ဖက်ကမ်းကို ညွှန်ပြရင်း ပြောလိုက်သည်။နယ်သာရီ လက်တစ်ချက်လှုပ်ရှားလိုက်သည်နှင့် ငရဲကမ္ဘာသင်္ဘောပေါ်လာလေသည်။


"တက် တက် ...ငါတို့ သင်္ဘောသုံးဖို့လိုတယ် ...ငါတို့ရဲ့ စွမ်းအင်အဆင့်နဲ့ဆိုရင် မြစ်အထက် လေထုထဲကသာ ဖြတ်ကူးရဲမယ်ဆိုရင် ကြောက်စရာကောင်းတဲ့ အရာတွေက ငါတို့ကို မြစ်ထဲ ကျသွားအောင် တိုက်ခိုက်လိုက်မယ်...အဲ့ဒီလိုသာဆိုရင်တော့ ငါတို့ရဲ့ အရိုးတွေပါ အရည်ပျော်သွားလိမ့်မယ်...ခွေးဘုရင်အဆင့် ရောက်နေတဲ့ သူမှမဟုတ်ရင် ဘယ်သူမှ မြစ်အထက်လေထဲကနေ မဖြတ်ကျော်ရဲဘူး...အဲ့ဒီလို လုပ်မယ်ဆိုရင် သေလမ်းရှာတာနဲ့ ဘာမှမကွာဘူး..."


နယ်သာရီက ပြောလိုက်ပြီးသည်နှင့် သူတို့ သင်္ဘောပေါ်သို့ တက်လိုက်ကြသည်။ငရဲကမ္ဘာသင်္ဘောကို ရေပေါ်တင်လိုက်သည်နှင့် မြစ်ရေက ပွက်ပွက်ဆူလာသည် ။ပုဖန်နှင့် နယ်သာရီတို့က သင်္ဘောကုန်းပတ်ပေါ်တွင် တိတ်တဆိတ်သာ ရပ်နေကြလေသည်။


လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်တစ်ခုက ငရဲကမ္ဘာသင်္ဘောကို နောက်မှတွန်းလိုက်သလိုမျိုးတရွေ့ရွေ့ဖြင့် မြစ်တစ်ဖက်ကမ်းစီသို့ ငြိမ်သက်စွာ တိတ်တဆိတ်ရွှေ့လျားသွားလေသည်။


ပုဖန်က သင်္ဘောပေါ်တွင်ရပ်၍ ကြည့်နေသည်။မြစ်ရေက သားရဲကြီးတစ်ကောင် ကြမ်းတမ်းစွာ ဟိန်းဟောက်နေသည်နှင့်တူသည်။တစ်ခါတစ်ရံတွင် က်ျိုးပဲ့နေသော အရိုးဖြူဖြူများနှင့် အမည်မသိအပိုင်းအစ အရာဝတ္တုများကို တွေ့ရလေသည်။


ကြောက်စရာကောင်းလှသည်။စမ်းချောင်းဝါမြစ်သည်တကယ်ကို လျှို့ဝှက်ဆန်းကြယ်လှသည်။ငရဲကမ္ဘာသင်္ဘောကြီး သွေးမြူများအကြား ပျောက်ကွယ်သွားလေသည်။စိတ်ဝ်ိညာဉ် သားရဲသတ္တဝါများကသူတို့၏ ရှည်လျားလှသော လျှာကိုထုတ်ပြီး လည်ပင်းဆန့်ထုတ်ကာ ထိုသင်္ဘောပျောက်ကွယ်သွားသည်အထိ ကြည့်နေကြလေသည်။


.......


ပုန်းကွယ်နဂါး တိုက်ကြီး ကောင်းကင်ဘုံ လျှို့ဝှက်သန့်စင်နယ်မြေနှင့် မိုင်ရာချီကွာဝေးသော နေရာတစ်ခုတွင် လေဟာနယ်က စတင်တုန်ခာလာသည်။


ခဏအကြာတွင် လေဟာနယ် အက်ကွဲသွားကာ လှိုဏ်ခေါင်းဝတစ်ခုပုံသဏ္ဍာန်ပေါ်လာသည်။ထိုထဲမှ ပုံရိပ်သုံးရိပ် ထွက်ပေါ်လာသည်။


ဘုန်း ဘုန်း...


လေဟာနယ် အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မိုဆာ မြေပြင်ပေါ်သို့ လဲကျသွားသည်။သူ့၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက အရပ် ၃မီတာ ဝန်းကျင်သာရှိသော ပုံမှန်အရွယ်အစားသို့ ပြန်လည်ရောက်ရှိသွားသည်။သူ့ခန္ဓာကိုယ်ရှိ အပေါက်များမှ အနက်ရောင် သွေးများ စီးကျနေသည်။


သူ့ဒဏ်ရာများပေါ်တွင်ရှိနေသော နတ်ဘုရားစွမ်းအင်က သူ့၏ ငရဲစွမ်းအင်များကြောင့် တဖြေးဖြေးချင်း ပျောက်ကွယ်သွားသည်။မကြာခင်မှာပင် နတ်ဘုရားစွမ်းအင်များ အားလုံး ပျောက်ကွယ်သွားပြီးနောက် မိုဆာ၏ ဒဏ်ရာများက တဖြေးဖြေးချင်း ပြန်လည် ကောင်းမွန်လာသည်။


"ငါတကယ်ကို ကြံရာမရ ကြောက်ရွံ့ထိတ်လန့်သွားမိတာ အဲ့ဒီအဖွားကြီးက ငါ့ကို သတ်လုနီးပါးဖြစ်သွားခဲ့တယ်..."


မိုဆာက သူ့၏ ဂျိုမှ သတ္တုကွေးများကို ပွတ်သပ်လိုက်ရင်း ကြောက်ရွံ့တုန်ယင်သွားမိသည်။


"ပုန်းကွယ်နဂါးတိုက်ကြီးမှာ ကောင်းကင်ဘုံဖြတ်ကျော်ခြင်းကို နှစ်ပေါင်းများစွာ ကာကွယ်ထားနိုင်ခဲ့တာ အဲ့ဒီလို အဖွားကြီးလို လူမျိုးတွေကြောင့်ပဲ ....သူတို့က အသက်ကိုတောင် စွန့်လွှတ်န်ိုင်စွမ်းရှိကြတယ် တကယ်လို ငါသာအဲ့ဒီမှာ မရှိဘူးဆိုရင် မင်းတို့ နှစ်ယောက်လုံး သေနေပြီ..."


မိုယဲ့ ပြောလိုက်သည်။သူ့၏ နဖူးပေါ်မှ မျက်လုံးများက ပြန်လည်ပိတ်သွားပြီး တိတ်ဆိတ်ငြိမ်သက်သွားသည်။


မိုချာ သူအတောင်ပံများကို တဖျတ်ဖျတ်ခတ်လိုက်သည်။သူက ဒေါသထွက်နေပုံဖြင့် သွေးများကို ပွတ်သပ်လိုက်ပြီးရေရွတ်လိုက်သည်။


"ဟမ်း ငါ့ရဲ့ အာရုံအသိက ဘယ်တော့မှ ကျဆုံးမှာ မဟုတ်ဘူး... ကောင်းကင်ဘုံ ကြယ်ဖမ်းကွန်ရက်က ကောင်းကင်ဘုံ လျှို့ဝှက်သန့်စင်နယ်မြေမှာပဲ ကျိန်းသေပေါက်ရှိနေသင့်တာ..."


"မင်း ငါ့ကို ကတ်ိပေးထားခဲ့တယ်လေ အခုတော့ မင်းက အမှားလုပ်လိုက်တယ်...မင်းပြောကြည့်စမ်း မင်းသေချင်တာလား..."


မိုယဲ့က မိုချာကို တစ်ချက်လှမ်းကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။မိုချာတစ်ကိုယ်လုံးပင် တွန့်လိမ်သွားသလိုမျိုး ခံစားလိုက်ရသည်။


"ကောင်းကင်ဘုံ ဖြတ်ကျော်ခြင်း အတိဒုက္ခ မကြာခင် စတင်တော့မှာ ငါတို့သာ ကောင်းကင်ဘုံ ကြယ်ဖမ်း ကွန်ရက်ကို မရဘူးဆိုရင်တော့ ကောင်းကင်ဘုံကို ချိုးဖျက်ဖို့ တန်ဖိုးကြီးကြီး ပေးဆပ်ရလိမ့်မယ်...ဒီတော့ မင်း အခု အာရုံခံကြည့် အဲ့ဒီ သောက်ပစ္စည်းတွေက ဘယ်နေရာမှာ ရှိနေတယ်ဆိုတာ ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ မင်း သေရမယ်..."


မိုယဲ့က ဒေါသထွက်နေပုံဖြင့် သူ့၏ မျက်ဝန်းများက အေးစက်ကြောက်စရာကောင်းနေပေသည်။မျက်ခုံးနှစ်ခုကြားမှ ဒေါင်လိုက်မျက်ဝန်းကလည်း ပြန်လည် ပွင့်လာပြီး အေးစက်သည့် အလင်းတန်းများကို ပြန်လည် ထုတ်လွင့်လာသည် 


မိုချာ၏ ခန္ဓာကိုယ်က တောင့်တင်းလာပြီး သူ့အတောင်ပံမှ အမွှေးတောင်တစ်ချို့ပင် ကျွတ်ကျသွားလေသည်။


"မလုပ်နဲ့ မလုပ်နဲ့ မလုပ်ပါနဲ့...ခေါင်းဆောင် ငါ အခုပဲ အာရုံခံကြည့်ပါမယ် ..."


မိုချာ တုန်တုန်ရီရီဖြင့် ပြောလိုက်သည်။ထို့နောက် သူလက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်နှင့် စိတ်စွမ်းအင်က ပတ်ဝန်းကျင် ဧရိယာတစ်ခွင်ဖြန့်ကျက်သွားလေသည်။


ရုတ်တရက် အသက်တစ်ရှိုက်မျှအကြာ၌ မိုချာ မျက်ဝန်းများ ဖွင့်လိုက်ပြီး မိုယဲ့ကို ရှက်ရွံ့စွာဖြင့် ကြည့်လိုက်သည်။


"ခေါင်းဆောင်မိုယဲ့ ငါ သိပြီ ..."


မိုချာအနည်းငယ်လည်း အံ့အားသင့်တုန်လှုပ်နေသည်။


"ဘယ်နေရာမှာလဲ..."


" အဲ့ဒီနေရာ ..."


မိုချာ၏ နှုတ်ခမ်းများ ရှုံ့မဲ့သွားပြီးနောက် ကောင်းကင်ဘုံ လျှို့ဝှက်သန့်စင်နယ်မြေနှင့် ဆန့်ကျင်ဘက်အရပ်သို့ ညွှန်ပြလိုက်သည်။


ထိုလက်ညှိုးကား... အစားကြူးတောင်ကြားသို့ ဦးတည်နေလေသည်။