အပိုင်း ၈၂၁
Viewers 61k

အပိုင်း ၈၂၁ 

 လောဘကြီးသောတစ္ဆေဘုရင်ရုပ်တုနှစ်ပါး


ကြမ်းပြင်ထက်သို့နင်းလျှောက်သည့်တုန်ခါသံတို့ထွက်ပေါ်လာ၏။


မိုဆာက ပြုံးဖြီးဖြီးလုပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ကိုဖုံးအုပ်ပေးထားသော ဝတ်ရုံကလေအဝေ့တွင်ဖောင်းပွသွားကာ သူ၏ကြွက်သားအဖုအထစ်များကိုဖော်ပြလာ၏။


မိုချာ၏တောင်ပံနက်များကငြင်သာစွာလှုပ်ခတ်သွားသည့်အခါသူ၏ခန္ဓာကိုယ်ကလေပေါ်သို့မြောက်တက်သွား၏။သူကသူ၏ရှည်လျားသောလျှာကိုထုတ်တာ အနည်းငယ်လှုပ်ရှားလိုက်သည်။


ဒူ..


တုန်ခါသံအချို့ကလေထုတွင်းပဲ့တင်ထပ်နေသည်။ မိုယဲ့ကလက်ပိုက်ထားရင်း လေထဲ၌ပျံဝဲနေပြီးမည်သည့်အရာကိုပြုလုပ်နေပါစေသူ၏အမူအယာကတည်ငြိမ်နေမြဲပင်။


မိုဆာနှင့်မိုချာတို့ကထိုသူအားထိတ်လန့်နေကြကာ တစ်ချက်တစ်ချက်ကြောက်လန့်နေသောမျက်ဝန်းများဖြင့်လှမ်းကြည့်ကြလေ၏။


မိုယဲ့သည်ပျက်သုဉ်းအကျဉ်းထောင်ရှိ အကြီးတန်းအုပ်ချုပ်သူများနှင့်ဆက်နွယ်မှုအချို့ရှိပုံရသည်။ထို့အပြင်မိုယဲ့၏လုပ်ဆောင်နိုင်စွမ်းမှာလည်းတိုင်းတာဖွယ်ရာပင်မရှိပါချေ။


သုံးဦးသားမှာရပ်တန့်သွားကာ သူတို့ရှေ့ရှိ လှိုင်းတွန့်များဖြစ်ပေါ်နေသော အကောင်အထည်မမြင်နိုင်သည့်နံရံကြီးအားကြည့်လိုက်ကြသည်။


"ခေါင်းဆောင်ကြီးမိုယဲ့ ကျွန်တော့်နှလုံးကသေလောက်အောင်ခုန်ပေါက်နေပြီ.. ဒီခံစားချက်ပဲ.."


မိုချာ၏မျက်လုံးများကပြူးကျယ်ကာစိတ်လှုပ်ရှားမှုအပြည့်ဖြစ်နေ၏။


သူ၏ခန္ဓာကိုကပင်တုန်ယင်လာကာ တောင်ပံများကလှုပ်ခါလာကြပြီး အနက်ရောင်အမွှေးအတောင်များကိုလွင့်ပျံနေစေတော့သည်။


"ဒီနေရာလား ဝင်္ကပါကလည်းအဆင့်နိမ့် ရှုပ်ထွေးတဲ့ပဟေဠိနည်းနည်းနဲ့..."


မိုယဲ့က လက်သည်းချွန်များပါရှိသည့်သူ၏စိမ်းပုပ်ရောင်လက်အားပင့်မြှောက်လိုက်သည်။


ထိုလက်အား တုန်ခါနေသည့်အကာအရံအပေါ်သို့နေရာချလိုက်သည်နှင့်ကျယ်လောင်သောပေါက်ကွဲသံကြီးတစ်ခုရုတ်ချည်းထွက်ပေါ်လာလေသည်။


အရံအတားမှာနှင်းစက်များကဲ့သို့အရည်ပျော်ကျလာတော့သည်။


မိုယဲ့၏မျက်နှာအားရေငွေ့တို့ပါဝင်နေသောလေထုကတိုးဝှေ့လာပြီး သူ၏ဆံပင်များအားလှုပ်ခါသွားစေသည်။


အရံအတားပျောက်ကွယ်သွားသည်နှင့် သူတို့မြင်ကွင်းတွင်ထင်ဟပ်နေခဲ့သော ပုံရိပ်ယောင်လှည့်ကွက်များကရှင်းလင်းသွားကာ အခြားတစ်ဖက်အားဖော်ပြလာတော့သည်။


ဧရာမတောင်စဉ်တောင်တန်းအစုအဝေးကြီးကား ခံညားထည်ဝါသော်မြို့တော်တစ်ခုအဖြစ်ဖွဲ့စည်းတည်ရှိနေသည်။မြို့တော်၏အလယ်တွင် ကောင်းကင်သို့ရောက်လုနီးနီးကျောက်ပြားနက်ကြီးတစ်ချပ်ထောင်မတ်နေကာ မြင့်မားလှသောသတ္တုမိုးမျှော်အဆောက်အဦးများလည်းရှိနေ၏။


၎င်းသည်အထက်တန်းကျပြီး သက်ဝင်နေ၏။


မိုချာနှင့်မိုဆာတို့ အံ့သြတကြီးငေးကြည့်လိုက်မိကြသည်။


"ပုန်းကွယ်နဂါးတိုက်ကလူတွေကဒီနေရာကိုဖုံးကွယ်ဖို့ ပုံရိပ်ယောင်အရံအတားကိုသုံးထားကြတာပဲ တစ်ယောက်ယောက်ကဒီလမ်းဆုံးကိုရောက်လာခဲ့ပေမဲ့အရံအတားကိုသတိမထားမိခဲ့ရင် ဒီနေရာနဲ့လွဲချော်ရလိမ့်မယ်.." 


မိုယဲ့ ပြောလိုက်သည်။


သူ့အတွက်မူ ဤပုံရိပ်ယောင်အရံအတားဆိုသည်ကားရိုးရှင်းလွန်းပေသည်။သူ့ ထံ၌ပုံမှန်မဟုတ်သောမျက်လုံးများပါရှိပြီး တစ်လုံးမှာ သူ၏အမြင့်ဆုံးတိုက်ခိုက်စွမ်းရည်ဖြစ်ကာ တစ်လုံးကမူပုံရိပ်ယောင်အားလုံးကိုဖြတ်၍မြင်နိုင်စွမ်းရှိပေသည်။


အရံအတားကိုဖြတ်ဖို့ဆိုသည်မှာစက္ကန့်အနည်းငယ်မျှသာအချိန်ယူရမည်သာ။


"သွား.. အရံအတားရဲ့နောက်ကွယ်မှာဒီလောက်သက်ဝင်တဲ့မြို့တစ်ခုရှိနေမယ်လို့ငါထင်မထားခဲ့ဘူး.."


မိုယဲ့ကအနည်းငယ်အံ့အားသင့်နေခဲ့သည်။သူကလေထဲ၌လွင့်မြောကာသူ၏ခြေဖျားများကိုမြေပြင်အားထိတွေ့ခြင်းမရှိဘဲရှေ့သို့ရွေ့လျားသွားလေတော့သည်။


မိုချာနှင့်မိုဆာက စိတ်လှုပ်ရှားစွာဖြင့်အကြည့်ချင်းဖလှယ်လိုက်ကြ၏။


"ဝါးးဟားး စားစရာကွ စားစရာတွေ.."


" ဟက်ဟက်ဟက် နောက်ထပ်အဝစားပဲ.."


နှစ်ဦးသားကဟက်ဟက်ပက်ပက်ရယ်မောနေကြကာခဏအကြာတွင်အရှိန်မြှင့်လိုက်ပြီး မိုယဲ့နောက်သို့လိုက်ပါသွားကြ၏။


သူတို့သုံးဦးက မကြာမီရပ်တန့်လိုက်ရ၏ အဘယ်ကြောင့်ဆိုသော်မလှမ်းမကမ်း၌အနက်ရောက်ကျောက်ပြားတွချက်ကသူတို့၏လမ်းကြောင်းတွေပိတ်ဆို့နေ၍ဖြစ်သည်။


ကျောက်ပြားထက်တွင်ပြောင်မြောက်သောရေးဟန်ဖြင့်စားလုံးသုံးလုံးအားထွင်းထုထား၏။


  - အစားကြူးတောင်ကြား..


"အစားကြူးတောင်ကြားလား အဲဒါက ပုန်းကွယ်နဂါးတိုက်ကဒုတိယတန်းစားအဖွဲ့အစည်းတစ်ခုမဟုတ်လား တခြားသန့်စင်နယ်မြေအကုန်လုံးထက်အဆင့်နိမ့်တယ်လေ..." 


မိုချာကသူ၏ရင်ဘတ်အားပွတ်သပ်နေရင်းဖြင့် ကျောက်ပြားပေါ်ရှိစာလုံးများအားကြည့်ကာပြောသည်။


သူ၏နှလုံးသားကအရူးအမူးခုန်ပေါက်လာသည်အားခံးစား၍ရနေသည်။မှားစရာအကြောင်းအရင်းမရှိချေ ကြယ်တာရာဖမ်းကွန်ရက်မှာ ဤနေရာ ဤအစားကြူးတောင်ကြားအတွင်းမုချရှိနေသည်ပေ။


"ဂရုမစိုက်ဘူး ငါတို့ကဒီကိုလာတာကြယ်တာရာဖမ်းကွန်ရက်အတွက်ပဲ ဒီလိုဒုတိယတန်းစားအစားကြူးတောင်ကြားမကလို့ သန့်စင်နယ်မြေဆိုရင်တောင်တိုက်ခိုက်မှာပဲ.."


မိုယဲ့ကပြောသည်။


သူကခေါင်းမော့ကာကောင်းကင်သို့ကြည့်လိုက်သောအခါ သူ၏ဒေါင်လိုက်မျက်လုံးများကလှုပ်ရှားသွားသော်လည်းပွင့်မလာခဲ့ချေ။


"ကောင်းကင်ဘုံဝင်ခွင့်အတိဒုက္ခကစတင်နေပြီ ငါတို့မြန်မြန်လုပ်ရမယ်.."


"ဝူးဟူးး သတ် သတ် သတ် ဗိုက်ဝတဲ့ထိစားမယ် ကြယ်တာရာဖမ်းကွန်ရက်ကိုယူမယ် "


မိုချာကစိတ်လှုပ်ရှားနေသောအကြည့်များဖြင့်ကျယ်လောင်စွာဟစ်ကြွေးလိုက်သည်။


မိုဆာကမြေပြင်သို့ထိုးနှက်လိုက်ရာကြီးမားသောအက်ကွဲကြောင်းကြီးကိုဖြစ်ပေါ်သွားစေသည်။


ထို့နောက်တွင်တော့ မိစ္ဆာသုံးကောင်သည် အစားကြူးတောင်ကြားသို့ ဆိုးညစ်သောရည်ရွယ်ချက်များဖြင့်ဦးတည်ဝင်ရောက်သွားကြတော့သည်။


.....


အစားကြူးတောင်ကြားအတွင်း၌..


ချူချန်းရှန်ကခေါက်ဆွဲဘုရင်၏ဆိုင်တွင်းမှထွက်လာကာသူ၏မျက်နှာကကျေနပ်အားရနေ၏။သူကဝမ်းဗိုက်ကိုအသာပုတ်လိုက်ပြီး သူ၏ဆံနွယ်ဖြူများကိုသပ်တင်လိုက်သည်။


ပိုင်ရှင်ပုအိမ်တွင်မရှိသည်မှာနှစ်ရက်ရှိပြီဖြစ်ရာ စားပွဲထိုးတစ်ဦးဖြစ်သောသူသည်လည်းအလုပ်အားလပ်ရက်ရနေပြီး ဟိုဟိုသည်သည်လှည့်ပတ်ကာအပျော်ရှာနေသည်ပေ။


သူကစားသောက်ဆိုင်တစ်ခုပြီးလျှင် နောက်တစ်ခုသို့သွားရောက်ပေလိမ့်မည်။ပထမဦးစွာဇာမဏီအဆောက်အဦး ထိုမှသည်ခေါက်ဆွဲဘုရင်၏ဆိုင် ယခုမူ ဝမ်ရန်ရှန်၏စားသောက်ဆိုင်ဆီသို့အလှည့်ကျပြီဖြစ်၏။


ထို့အပြင်သူစားသောက်သမျှအတွက်လည်းပေးချေစရာမလိုအပ်ဘဲ ဝေဖန်အကြံပြုချက်များကိုပင်ထားရစ်ခဲ့သေးသညိ။


ထိုလူငယ်များက သူ့အားတစ်ခွန်းတလေမှအထွန့်မတက်ဝံ့သည်ဖြစ်၍ သူ၏စိတ်အခြေအနေမှာ ကြည်လင်နေသောရာသီဥတုကဲ့သို့ စိတ်ကျေနပ်သာရာနေပေ၏။


သူက သွားကြားထိုးတံတစ်ချောင်းအားကိုက်ထားရင်းလက်ပိုက်ကာ အစားကြူးတောင်ကြား၏လမ်းမများပေါ်လျှောက်လှမ်းနေသည်။ပုဖန်ထံမှသင်ယူထားသောနည်းလမ်းဖြင့်သူ၏ဆံပင်များအားကတ္တီပါကြိုးတစ်ကြိုးအသုံးပြု၍ချည်နှောင်ထားသည်။


သူ၏သွင်ပြင်မှာသပ်ရပ်ကျော့ရှင်းကာလတ်ဆတ်နေချေသည်။


သို့သော်ချူချန်းရှန်းရုတ်ချည်းဆိုသလိုထိတ်လန့်သွားရသည်။


မလှမ်းမကပ်း၌ ဇာခြုံထည်ဖြင့်လူတစ်ဦးသည် နတ်ပြည်မှဆင်းသက်လာသောမသေမျိုးတစ်ပါးအလား တင့်တယ်စွာရွေ့လျားနေ၏။


ချူချန်းရှန်ကမျက်မှောင်ကျုံ့လိုက်ကာ အတော်လေးအံ့အားသင့်သွားရသည်။


"အာကာသနတ်သမီး.. သူမကဒီမှာဘာလုပ်နေတာလဲ.."


အာကာသနတ်သမီးသည် အစားကြူးတောင်ကြားသို့မကြာခဏလာရောက်လည်ပတ်တတ်သည်အားသူသိသည်။သူတော်စင်အမျိုးသမီးပေါင်းများစွာရှိသော်လည်း သူမကမူထူးခြားသောပန်းလေးတစ်ပွင့်ဖြစ်ပေသည်။ယခင်ကလည်း သူမကအစားကောင်းများစားသောက်ရန်အစားကြူးတောင်ကြားသို့မကြာခလာရောက်လေ့ရှိသည်။


ဤနတ်သမီးကား အစားအသောက်နှစ်ခြိုက်သူဖြစ်သည်ကို ချူချန်းရှန်အတည်ပြုထားပြီးဖြစ်၏။


သူတော်စင်အမျိုးသမီးသည် ချူချန်းရှန်အားမြင်တွေ့သွားဟန်တူ၏။သူမ၏အေးစက်နက်ရှိုင်းသောမျက်ဝန်းများကချူချန်းရှန်အားစစ်ဆေးနေပြီး ၎င်းကချူချန်းရှန်အားတုန်လှုပ်သွားစေသည်။


ဤခံစားချက်.. အနည်းငယ်ကွဲပြားနေသည်။


အာကာသနတ်သမီးက ခန့်မှန်း၍မရနိုင်သောနက်ရှိုင်းသည့်အရှိန်အဝါများထုတ်လွှတ်နေ၏။


မိုလျိုကျိကရင်ဘတ်ပွင့်ဟနေသောအင်္ကျီကိုဝတ်ဆင်ထားပြီး ဝါးဘူးထဲမှဝိုင်အားငုံရင်း အာကာသနတ်သမီး၏ နောက်မှပေါ်ထွက်လာသည်။


ရုတ်တရက်သူတို့သုံးဦးလုံးအေးခဲသွားရပြီးသူတို့၏နှလုံးသားများကိုလျှင်မြန်စွာခုန်ပေါက်စေသည့်ရောင်ဝါအချို့ကိုခံစားခဲ့ရသည်။


ဒီအရှိန်အဝါက..


အာကာသနတ်သမီး၊ မိုလျိုကျိနှင့် ချူချန်းရှန်တို့ထိတ်လန့်တကြားဖြင့်အစားကြူးတောင်ကြား၏ ဝင်ပေါက်ဆီသို့မော့ကြည့်လိုက်မိကြသည်။


ကြောက်မက်ဖွယ်အရှိန်အဝါများကထိုနေရာမှထွက်ပေါ်လာနေခြင်းဖြစ်၏။

.. ကြည့်ရသည်မှာ ရောက်လာသူများထံတွင်ကောင်းသောရည်ရွယ်ချက်ရှိဟန်မတူပါပေ။


အနက်ရောင်တိမ်တိုက်လုံးကြီးများကတစ်လိပ်လိပ်မြင့်တက်လာပြီး လူတိုင်းအားပြင်းထန်သောဖိအားဖြင့်ဖိချထားသလိုခံစားရပေသည်။


ထိုအရာကရုတ်ချည်းပြင်းထန်စွာတိုက်ခိုက်လာတော့၏


....


စမ်းချောင်းဝါမြစ် ၊ မြေကမ္ဘာအကျဉ်းထောင် ၊ ငရဲကမ္ဘာ..


မြစ်ရေကကျယ်လောင်စွာလှုပ်ခတ်နေသည်။


ငရဲကမ္ဘာသင်္ဘောမှာ ဘေးဘီလှုပ်ယမ်းနေပြီး ပုဖန်နှင့် နယ်သာရီတို့ ကုန်းပတ်ပေါ်တွင်ရပ်နိုင်ရန်ခက်ခက်ခဲခဲကြိုးစားနေကြရသည်။


ရုတ်တရက်ဆိုသလို ဧရာမဝိဉာဉ်သားရဲကြီးတစ်ကောင်က ငရဲကမ္ဘာသင်္ဘောပေါ်သို့ခုန်တက်လာသည့်အခါ ၎င်းတို့နှစ်ဦးစလုံး အံ့သြစွာမော့ကြည့်လိုက်မိကြသည်။


ထိုဝိဉာဉ်သားရဲကြီးမှာအမှန်တကယ်ကြီးမားလွန်းလှပြီး တစ်ကိုယ်လုံးမှာအနက်ရောင်ဖြစ်ကာ သူ၏ခန္ဓာကိုယ်ဆီမှအသက်ရှုကြပ်ဖွယ်ရောင်ဝါများလှည့်ပတ်နေ၏။ပုဖန် ပိတ်လှောင်ချုပ်တည်းခံလိုက်ရသလို ခံစားလိုက်ရသည်။


ပုဖန်သည်သူ့အတွင်းရှိစနစ်၏တည်ရှိနေမှုကြောင့် မည်သို့သောဖိအားမျိုးကိုမှကြောက်ရွံ့ခြင်းမရှိသည့်တိုင် သားရဲကြီး၏အန္တရာယ်အငွေ့အသက်များကြောင့် သူ၏နှလုံးမှာပြင်းထန်စွာခုန်ပေါက်နေသေး၏။


ဤသားရဲ၏ပေါ်ထွက်လာမှုက လူနှစ်ဦးအားမျက်မှောင်ကျုံ့သွားစေသည်။


နယ်သာရီကသူမလက်ကိုလှုပ်ရှားလိုက်သည့်အခါ အနက်ရောင်ငရဲစွမ်းအင်များပေါ်ထွက်လာပြီး လိုက်ကာစတစ်ခုဖြစ်ပေါ်လာကာ ငရဲကမ္ဘာသင်္ဘောတစ်ခုလုံးအားလွှမ်းခြုံလိုက်လေသည်။


သွေးနီရောင်မြစ်ရေများကမိုးရေကဲ့သို့တဖွဲဖွဲလွင့်စင်လာပြီး ကျဆင်းလာသောရေစက်များကအကာအရံလိုက်ကာစအားထိတွေ့မိချိန်တွင်တရှဲရှဲလောင်ကျွမ်းသံများထွက်ပေါ်လာသည်။


မြစ်ဝါမြစ်ရေသည်အလွန်အဆိပ်ပြင်းပြီး တိုက်စားတတ်သောစွမ်းအားရှိလေသည်။


ကျယ်လောင်သောမြည်ကြွေးသံတစ်ခုထွက်ပေါ်လာသည်။


သားရဲကြီးကမြစ်အတွင်းသို့ခုန်ချသွားပြီး ခေတ္တအကြာတွင်မြစ်ရေပြင်ကမြင့်တက်လာကာ ဧရာမလှိုင်းလုံးကြီးများဖြစ်ပေါ်လာလေသည်။ ထိုလှိုင်းလုံးများကပြင်းထန်စွာယိမ်းထိုးနေပြီး သွေးမြူခိုးများဖုံးလွှမ်းနေသောနေရာဆီသို့ဦးတည်သွားသည်။


ပုဖန်၏မျက်ဝန်းများကထိုမြူခိုးများအတွင်းစိုက်ကြည့်လိုက်ပြီးနောက် ချက်ချင်းဆိုသလိုမျက်မှောင်ကျုံ့သွားရသည် အဘယ့်ကြောင့်ဆိုသော် ထိုနေရာ၌ ကြေးနီရောင်နန်းတော်ကြီးတစ်ခုပါရှိသောခမ်းနားသည့်ဧရာမသင်္ဘောကြီးတစ်စင်းမြောပါနေလေသည်။


ပုဖန်အံ့အားသင့်သွားပြီး သူ့မျက်လုံးများကအမြင်မှားလေသလားဟုထင်မှတ်သွားမိသည်။


ထို့ကြောင့်မျက်လုံးကိုပွတ်လိုက်ပြီး နောက်တစ်ခေါက်ပြန်ကြည့်ချိန် ကြေးနီရောင်နန်းတော်ကြီး၏အစွန်အဖျားကိုမြင်လိုက်ရ၏။ မကြာမီတွင်ပဲ အနှီနန်တော်ကြီးသည်မြူခိုးများအတွင်းမြှုပ်ဝင်သွားကာသူ၏မြင်ကွင်းမှပျောက်ကွယ်သွားတော့သည်။


နယ်သာရီကမူ ထိုကြေးနီရောင်နန်းတော်ကြီးအားမမြင်ဟန်တူသည်။


အဆုံးတွင်ငရဲကမ္ဘာသင်္ဘောသည်ဆိပ်ကမ်းသို့ဆိုက်ကပ်သွား၏။


နှစ်ဦးသားသည်သင်္ဘောပေါ်မှဆင်းကာ မြစ်ကမ်းပေါ်သို့ခြေချလိုက်ကြပြီး ခြေထောက်အောက်ရှိကျစ်လစ်သောမြေပြင်ကြောင့်မတတ်သာစွာအသက်ရှုထုတ်လိုက်မိကြလေသည်။


ဒီစမ်းချောင်းဝါမြစ်ကြီးက.. ကြောက်စရာအရမ်းကောင်းတာပဲ..


ဤတစ်ကြိမ်တွင် မည်သည့်အထိအခိုက်မျှမရှိဘဲ အနည်းငယ်ထိတ်လန့်ရုံဖြင့်သာဖြတ်ကျော်နိုင်ခဲ့ကြသဖြင့်တော်သေးသည်။


ဝိဉာဉ်သားရဲကြီးကား သူတို့အားတိုက်ခိုက်ရန်ရည်ရွယ်ချက်မရှိပဲ မြူခိုးများအတွင်းရှိတစ်စုံတစ်ရာဆီမှဆွဲဆောင်ခံလိုက်ရသကဲ့သို့ပြန်လည်ကူးခတ်သွားခဲ့သည်။


အဲဒါက ကြေးနီရောင်နန်းတော်ကြီးကိုဆွဲလာတဲ့ သင်္ဘောကြီးကြောင့်များလား..


အဲဒီနန်းတော်ကဘာကြီးလဲ.. မြစ်ဝါမြစ်ထဲမှာရွက်လွှင့်နေတာလား..


ပုဖန်ကသိချင်စိတ်ပြင်းပြနေသော်လည်း သူ့အားပြောပြမည့်သူမရှိပေ။ နယ်သာရီအား ထိုနန်းတော်ကြီးအကြောင်းမေးကြည့်သော်လည်း သူမကလုံးလုံးလျားလျားအံ့သြနေပြီး ထိုအရာနှင့်ပါတ်သတ်၍သူမလည်းမသိသည်မှာထင်ရှားပေသည်။


ထိုအကြောင်းအရာနှင့်ပါတ်သတ်၍သဲလွန်စမရှိသည်ဖြစ်၍ ပုဖန်လည်းကပ်တွက်မနေချင်တော့ပေ။ သူကနယ်သာရီဦးဆောင်သည့်နောက်မှလိုက်ပါသွားသည်။


သူတို့၏ပတ်ပတ်လည်၌စမ်းချောင်းဝါမြက်များစွာပေါက်ရောက်နေသည်။ သို့သော် ၎င်းတို့အားလုံးသည်သက်တမ်းမပြည့်သေးသဖြင့်ခြောက်သွေ့နေကြပြီး အချို့မှာ အချွန်အတက်အနည်းငယ်သာပေါက်သေးသည်။


ပုဖန်က စမ်းချောင်ဝါမြက်တစ်ပင်သာလိုအပ်သည်ဖြစ်သော်လည်း ထိုအပိုင်းအစလေးကပင်အဖိုးတန်လွန်းနေပြီဖြစ်၏။


"စမ်းချောင်းဝါမြက်တွေကို စမ်းချောင်းဝါပညာရှိကပျိုးထားတာ.. သူကဘယ်လိုပြောရမလဲ.. ငရဲကမ္ဘာမှာသူကတွန့်တိုလွန်းလို့နာမည်ကြီးတယ် သူ့စမ်းချောင်းဝါမြက်နဲ့လူဝင်စားသစ်သီးတွေလာခိုးတဲ့လူမှန်သမျှကိုအရမ်းမုန်းတယ် မိတာနဲ့ဝိဉာဉ်နှုတ်ပြီး ပြန်လည်ဝင်စားခြင်းရေတွင်းထဲပစ်ထည့်လိုက်တာ.. အတော်ခံစားရတယ်.."


နယ်သာရီ ရှင်းပြလိုက်သည်။


ပုဖန်၏နှလုံးသားလေးခုန်ပေါက်သွား၏။သူအနည်းငယ်ကြောက်လန့်သွားမိသည် လူတစ်ယောက်၏ ဝိဉာဉ်ကိုနှုတ်ပြီး ပြန်လည်ဝင်စားခြင်းရေတွင်းထဲပစ်ထည့်တာ.. နည်းနည်းမများလွန်းဘူးလား။


" အဲဒါကြောင့်ငါတို့အရမ်းသတိထားဖို့လိုတယ် ခွေးဘုရင်က စမ်းချောင်းဝါပညာရှိနဲ့စကားပြောဖို့သွားပြီမို့ သူအလုပ်ရှုပ်နေလိမ့်မယ် ငါတို့မြန်မြန်ခူးပြီးပြေးရမှာ စမ်းချောင်းဝါပညာရှိသတိမထားမိဖို့မျှော်လင့်ရတာပဲ.."


နယ်သာရီကသူမ၏မျက်ဝန်းနက်များကိုပုတ်ခတ်ပုတ်ခတ်လုပ်ရင်းပုဖန်အားပြောသည်။


သူတို့နှစ်ဦးသားက စကားစမြည်ပြောရင်း မြစ်ဖျားဆီသို့လျှောက်လှမ်းလခဲ့သည်။


ရုတ်တရက်ပုဖန်၏လက်မောင်းအားနယ်သာရီကနောက်သို့ဆောင့်ဆွဲလိုက်ကာ ခြေလှမ်းအနည်းငယ်ဆုတ်သွားရ၏။


" ငါတို့ရှေ့ကနေရာက မြစ်ဖျားပဲ အဲ့ကိုသွားလို့မရဘူး အဲ့နေရာက နင်လိုအပ်တဲ့ဟာရနိုင်မယ့်နေရာ ဒါပေမဲ့.."


"ဒါပေမဲ့ ဘာဖြစ်လဲ.."


ပုဖန်ကအနည်းငယ်အံ့သြနေသည်။


နယ်သာရီကပုဖန်အားခေတ္တကြည့်နေပြီးနောက် သူမ၏လက်အားခပ်လှမ်းလှမ်းရှိတစ်နေရာသို့ညွှန်ပြလိုက်၏။


သူတို့ရှေ့မိုင်အတော်ကွာကွာတွင် ကျောက်ရုပ်တုနှစ်ဆူရှိနေသည်။ မလှုပ်မရှားသော်လည်းလေးလံပြီးခံ့ညားပုံပေါ်သည်။


ထိုရုပ်တုများတွင် ပြူးကျယ်သောမျက်လုံးများနှင့်တောင်ပံတစ်စုံစီပါရှိပြီး လက်ထဲ၌သုံးခွမှိန်းများကိုင်ဆောင်ထားကြပြီး အမှန်တကယ်ကြောက်မက်ဖွယ်ကောင်းလှပေသည်။


" စမ်းချောင်းဝါအကြီးအကဲက သူ့မြက်လာခိုးတဲ့လူတွေရန်ကကာကွယ်ဖို့အဲ့ဒီရုပ်တုနှစ်ခုကိုထားထားတာ ငါတို့နီးနီးသွားမိရင် သူတို့အာရုံခံမိသွားပြီးပျက်ကိန်းဆိုက်သွားလိမ့်မယ် အဲ့ရုပ်တုတွေက ဒီတိုင်းသာမာန်ရုပ်တုတွေမဟုတ်ဘူး အသက်ရှိတယ်.. တစ္ဆေဘုရင်ကျောက်ရုပ်တုနှစ်ပါးပဲ.."


"တစ္ဆေဘုရင်ကျောက်ရုပ်တုနှစ်ပါး.. ကြားရတာတော့ကြောက်စရာပဲ ငါတို့ခုဘာလုပ်ကြမှာလဲ"


ပုဖန်ကမျက်မှောင်ကျုံ့လိုက်သည်။


နယ်သာရီကပုဖန်ကိုအထူးတစ်ဆန်းကြည့်လာပြီး သူမနှုတ်ခမ်းများကအပြုံးတစ်ခုဖြစ်တည်သွားလေ၏။


" နင့်ရဲ့စွမ်းရည်တွေပြဖို့အချိန်ကျပြီ တစ္ဆေဘုရင်နှစ်ယောက်ကအစားကြူးတယ် နင့်ရဲ့နည်းလမ်းနဲ့သူတို့ကိုအာရုံလွှဲပြီးပါးစပ်ပိတ်ထားလိုက် ငါတို့ခိုးဝင်ဖို့အခွင့်အရေးရလာနိုင်တယ်..."