အပိုင်း ၈၂၂
Viewers 53k

အပိုင်း ၈၂၂

သွေးကျောက်အိုးငါးဟင်း


တစ္ဆေဘုရင်ရုပ်တုများကား အစားကြူးသူများဖြစ်သည်။


ထို့ကြောင့် ပုဖန်အားအမှန်တကယ်အရသာရှိသောတစ်စုံတစ်ခုကိုချက်ပြုတ်ရန်နယ်သာရီကအကြံပေးခဲ့သည်။ ထိုအစားအသောက်ဖြင့်အစားကြူးသောရုပ်တုနှစ်ခုကို အာရုံလွှဲလိုက်ပြီး အခွင့်အရေးအားအသုံးချကာ စမ်းချောင်းဝါမြက်တစ်ပင်ခိုး၍ထွက်ပြေးကြမည်ဖြစ်သည်။


နယ်သာရီ၏အကြံမှာအတော်လေးအတွေးခေါင်သည်ဟုဆိုရပေမည်။ တစ္ဆေဘုရင်ရုပ်တုနှစ်ပါး၏ အကြိုက်တွေ့မှုကိုမသိပါက ပုဖန်အနေဖြင့် ၎င်းတို့အားဆွဲဆောင်နိုင်မည့်အရသာကိုချက်ပြုတ်ရန်ဟူသည်မှာမလွယ်ကူလှပေ။


သို့သော်လည်း နယ်သာရီ၏အကြံသည်ယခုလက်ရှိတွင်သူတို့စဉ်းစားနိုင်သမျှအကုန်ဖြစ်သည်။


"သူတို့ကိုသွေးဆောင်ဖို့ အစပ်ချောင်းတွေကိုသုံးလို့ရနိုင်လောက်လား .."  


ပုဖန်ကမေးလိုက်သည်။


အစပ်ချောင်းများကအခြားအရာများထက်ထူးကဲလိမ့်မည်ဟုသူတွေးမိသည်။ထိုအရာနှင့်ဆိုပါက တစ္ဆေဘုရင်ရုပ်တုနှစ်ခုအားဆွဲဆောင်ရန်မခက်ခဲနိုင်ချေ။


ဒါပေါ့.. အဲဒါတွေက တစ္ဆေဘုရင်ရုပ်တုနှဝ်ပါးကိုဆွဲဆောင်နိုင်ဖို့မသေချာပေမဲ့ ငရဲဘုရင်ကိုတော့ဆွဲဆောင်နိုင်ပါသေးတယ်..။


ငရဲဘုရင်၏အဆင့်အတန်းက ဤရုပ်တုနှစ်ခုထက်သာလွန်ကာ ထိုသူသာရောက်လာမည်ဆိုပါက တစ္ဆေဘုရင်ရုပ်တုနှစ်ပါးအားသေအောင်ရိုက်နှက်နိုင်ပေလိမ့်မည်။ရိုးရှင်းပြီး အားစိုက်စရာပင်မလိုချေ။


ဟလေးအားထောင်ဖမ်းခြင်းကား ပုဖန်ကိုယ်တိုင်ရှာဖွေတွေ့ရှိထားသောကျွမ်းကျင်သည့်အရည်အချင်းတစ်ခုဖြစ်သည်။


သို့သော်နယ်သာရီကသူ၏အကြံကိုကန့်ကွက်၏။


" အရှင့်ကိုခေါ်ပြီး သေအောင်ရိုက်ခိုင်းလိုက်ရင် နောက်တစ်နေ့ မြေကမ္ဘာအကျဉ်းထောင်တစ်ခုလုံးတုန်လှုပ်သွားကြလိမ့်မယ်

စမ်းချောင်းဝါပညာရှိကလည်း မြစ်ဝါမြစ်ရေတွေခမ်းတဲ့ထိအရှင့်နောက် လိုက်နေလိမ့်မယ်.."


အဲ့လောက်တောင်ပြင်းထန်တာလား..

ပုဖန်သူ၏နှုတ်ခမ်းများကိုဖိကပ်လိုက်မိသည်။


" တစ္ဆေဘုရင်ရုပ်တုနှစ်ပါးက စမ်းချောင်းဝါပညာရှိအကြိုက်ဆုံးနယ်ရုပ်တွေပဲ အဲဒါတွေကိုသာဖျက်ဆီးလိုက်မိရင် အကျိုးဆက်က စမ်းချောင်းဝါမြက်နဲ့ လူဝင်စားသစ်သီးတွေကိုခိုးတာထက်ဆိုးသွားလိမ့်မယ်.."


ပုဖန်ပါးစပ်စေ့စေ့ပိတ်ရင်း တစ္ဆေဘုရင်ရုပ်တုနှစ်ခုအားကြည့်၍မတတ်သာစွာသက်ပြင်းချလိုက်မိသည်။


စမ်းချောင်းဝါပညာရှိ၏ အစွဲအလမ်းကပြင်းထန်ပေ၏။သူ့ထံတွင်ဤရုပ်တုနှစ်ခုအပေါ်အထူးတလည်ဖြစ်သောခံစားချက်များထားရှိထားသည်။


" အရိုးရှင်းဆုံးအသင့်တော်ဆုံးနည်းလမ်းက နင်သူတို့အတွက်အစားအသောက်ချက်ဖို့ပဲ နင့်အစားအသောက်ကမှသူတို့ကိုမဆွဲဆောင်နိုင်ဘူးဆိုရင် ငါတို့စမ်းချောင်းဝါမြက်ကိုခိုးဖို့အခွင့်အရေးမရှိဘူး.. အားသုံးဖို့တော့မတွေးနဲ့ အဲ့ရုပ်တုနှစ်ပါးလုံးကပုန်းကွယ်နဂါးတိုက်ရဲ့ဘယ်သူမဆို ခြိမ်းခြောက်ခံရမယ့်ဖြစ်တည်မှုမျိုးပဲ ငါတို့အားနဲ့ငါတို့ဖြေရှင်းနိုင်မယ်ထင်လား.."


နယ်သာရီကတည်ငြိမ်အေးစက်စွာဆိုသည်။


ကြည့်ရသည်မှာ ချက်ပြုတ်ဖို့ကလွဲအခြားနည်းလမ်းမရှိတော့ဟန်တူသည်။မည်သို့ပင်ဖြစ်စေ ထိုတစ္ဆေဘုရင်ရုပ်တုနှစ်ပါးမှာအစားကြိုက်သူများဖြစ်ရာ အစားအသောက်ဖြင့်ကိုင်တွယ်၍ရတန်ကောင်းပါ၏။


ပုဖန်ကလက်ပိုက်ကာ ရှေ့လျှောက်နောက်လျှောက် လျှောက်လှမ်းနေသည်။သူကလက်မြှောက်လိုက်ပြီးသူ၏မေးစေ့အားပွတ်သပ်လိုက်၏။


ကိစ္စကဤသို့ဖြစ်လာသည်ဆိုပါက သူတစ်စုံတစ်ခုကိုချက်ပြုတ်ရပေတော့မည်။


သို့သော် မည်သည်ကိုချက်ပြုတ်ရမည်စဉ်းစားရင်းဖြင့်ပုဖန်တစ်ယောက်ချီတုံချတုံဖြစ်နေချေသည်။


သူချက်လိုက်သည့်အစားအသောက်သည် တစ္ဆေရုပ်တုနှစ်ပါးအားမဆွဲဆောင်နိုင်ပါက သူ၏အားထုတ်မှုများအလကားဖြစ်မသွားပေဘူးလား..


ပုဖန်လှည့်ပတ်ကြည့်ရှုလိုက်သောအခါ ဘေးဘီဝဲယာ၌ပေါက်ရောက်နေသောစမ်းချောင်းဝါမြက်များကိုတွေ့လိုက်ရသည်။၎င်းတို့မှာသက်တမ်းမပြည့်သေးသဖြင့် အရည်အသွေးမှာလုံလောက်အောင်မကောင်းချေ။


မြေပြင်ပေါ်တွင်တော့ နေရာအနှံ့ပျံ့ကျဲနေသောသွေးစကျင်ကျောက်များရှိနေသည်။


"မြစ်ဝါမြစ်ထဲမှာငါးတွေရှိတယ် တစ္ဆေဘုရင်ရုပ်တုနှစ်ပါးကအဲဒီငါးတွေကိုကြိုက်ကြတယ်.." 


နယ်သာရီကအကြံပြုလိုက်သည်။


ငါး လား..


ပုဖန်၏မျက်ဝန်းများကချက်ချင်းဆိုသလိုတောက်ပလာကြ၏။


သူကမြစ်ဝါမြစ်ကမ်းပါးဆီသို့ လျှောက်သွားလိုက်သည်။ အရှိန်ပြင်းပြင်းစီးဆင်းနေသောမြစ်ရေကိုတွေ့သောအခါမျက်မှောင်ကျုံ့လိုက်မိသည်။


သွေးနီရောင်မြစ်ရေကပုဖန်၏အမြင်အာရုံကိုပိတ်ဆို့ထား၏။ရေကမကြည်လင်နေသည့်အတွက် မည်သည့်နေရာ၌ငါးများကူးခတ်နေမည်ကိုမမြင်တွေ့နိုင်ချေ။


အဲဒီတော့ မြစ်ထဲမှာငါးရှိတာလား..


ပုဖန်အနည်းငယ်သံသယဖြစ်မိသည်။ဤရေကသွေးရောင်ဖြစ်နေသည်ကိုထည့်မပြောနှင့်ဦး အလွန်အမင်းလည်းတိုက်စားနိုင်၏။မည်သို့သောငါးမျိုးစိတ်မျိုးကဤရေအတွင်းရှင်သန်နေထိုင်နိုင်ပါသနည်း။


ငါးကရှိသည်ထား.. စားလို့ရပါမည်လော..


မည်သို့ပင်ဖြစ်စေ ထိုမြစ်ရေတွင်းမှဧရာမဝိဉာဉ်သားရဲတစ်ကောင်ခုန်ထွက်လာချိန်အားပြန်တွေးမိသောအခါ ရေထဲ၌ငါးရှိမည်ဟု ယုံကြည်လိုက်တော့သည်။


" စမ်းချောင်းဝါမြစ်ရေ တိုက်စားနိုင်တာက အဆိပ်ရှိလို့မဟုတ်ဘဲ မြစ်ရေထဲမှာပါဝင်နေတဲ့သိပ်သည်းတဲ့ငရဲစွမ်းအင်တွေကြောင့်ပါ အဲဒီစွမ်းအင်တွေကမြစ်ဝါမြစ်ရေကိုတိုက်စားတဲ့အာနိသင်ပေးနေတာ.."


နယ်သာရီကရှင်းပြလိုက်ပြီး ပုဖန်၏ယေဘုယျ ဗဟုသုတကိုတိုးမြှင့်ပေးလိုက်သည်။


ပုဖန်ကတိုး၍မျက်မှောင်ကျုံ့လိုက်သည်။


"ငရဲစွမ်းအင်ကြောင့်ဆိုရင် မြစ်ရေကအနက်ရောင်ဖြစ်ရမှာမဟုတ်ဘူးလား ဘာလို့နီနေတာလဲ.. ငရဲစွမ်းအင်ကအနက်ရောင်လေဟုတ်တယ်မဟုတ်လား.."


" ဒဏ္ဍာရီတွေအရတော့ အစစ်အမှန်နတ်ဘုရားတစ်ပါးကစမ်းချောင်းဝါမြစ်ထဲမှာသေဆုံးခဲ့တယ် သူ့ရဲ့နတ်ဘုရားသွေးကြမြစ်ရေတွေကိုအနီရောင်ဆိုးပစ်ခဲ့တာတဲ့.. ဘာပဲဖြစ်ဖြစ်အဲဒါအမှန်လားလည်းဘယ်သူမှမသိချင်ကြဘူးလေ... ငါ့ကိုမယုံဘူးလား... နင်ကငရဲကမ္ဘာကလူလား...ငါကငရဲကမ္ဘာကလူလား.. ငါကအဲ့မြစ်ထဲမှာငါးရှိတယ်လို့ပြောရင် အဲဒါတကယ်ရှိလို့ပဲ..."


နယ်သာရီကလေးလေးနက်နက်ပြောလာပြီး သူမကမျက်နှာအမူအယာပင်ပြောင်းလဲခြင်းမရှိပေ။


ပုဖန်၏နှုတ်ခမ်းထောင့်များကတွန့်လိမ်သွားရ၏။


ပုဖန်ကမြစ်ကမ်းပါးဆီလျှောက်သွားလိုက်ပြီး ဆည်းဆာကန်တွင်ငါးမျှားရန်သူကိုယ်တိုင်ပြုလုပ်ခဲ့သည့်ငါးမျှားတံအားစနစ်သိုလှောင်အိတ်ထဲမှထုတ်ယူလိုက်သည်။


၎င်းကအသုံးဝင်လာချေပြီ။


ငါးမျှားချိတ်တွင်ငါးစာချိတ်လိုက်ပြီးနောက်ပုဖန်သည် မြစ်နံဘေးတွင်တင်ပျဉ်ခွေထိုင်လျက်တိတ်တဆိတ်ငါးမျှားနေတော့သည်။


မြစ်ဝါမြစ်ရေစီးကအလွန်ပြင်းထန်ပြီးသူ၏ငါးမျှားကြိုးမှာလည်းလှုပ်ရမ်းနေချေ၏။


အချိန်တရွေ့ရွေ့ကုန်လွန်လာသည်..


နယ်သာရီကလည်းအနည်းငယ်ပျင်းရိလာကာသူမ၏သွယ်လျသောခြေတံများကိုချိတ်၍ပုဖန်နံဘေးတွင်ဝင်ထိုင်လာသည်။သို့သော်ပုဖန်ကား အာရုံဝင်စားနေသောဘုန်းတော်ကြီးတစ်ပါးကဲ့သို့သူ၏မျက်လုံးအစုံကိုပိတ်ဆို့ထားပြီး လှုပ်ရှားခြင်းမရှိပေ။


သူကထိုအတိုင်းအချိန်အတော်ကြာထိုင်နေခဲ့သည်။


ရုတ်တရက်..


မြစ်ထဲသို့ချထားသည့်ငါးမျှားကြိုးကလှုပ်ယမ်းသွား၏။


ပုဖန်၏မျက်ဝန်းများကချက်ချင်းပွင့်လှစ်လာပြီး သူ၏မျက်ဆံအိမ်နက်နက်အတွင်းတစ်နေရာ၌အလင်းစက်လေးများတောက်ပနေသည့်အလားပင်။


သူ၏အစစ်အမှန်စွမ်းအင်များကိုလှည့်ပတ်စေကာ အားသုံး၍မြစ်ထဲမှငါးမျှားတံအားဆတ်ခနဲဆွဲထုတ်လိုက်လေသည်။


ရွှား.. 


မြစ်ရေများလွင့်စင်သွားသည်။


အရွယ်ရောက်ပြီးသားလူတစ်ယောက်၏တစ်ဝက်မျှကြီးမားသောသွေးနီရောင်ငါးကြီးတစ်ကောင်ပေါ်ထွက်လာ၏။


ထိုငါး၏မျက်လုံးများမှာသူအဘယ့်ကြောင့်မြစ်ထဲမှဆွဲထုတ်ခံလိုက်ရသည်အားမသိသဖြင့်ရှုပ်ထွေးနေဟန်ပေါက်နေသည်။


"ငါးရပြီနယ်သာရီ ယူလိုက်.."


ပုဖန်ငါးမျှားတံလက်ကိုင်အား အားဖြင့်ဆွဲမလိုက်သောအခါ ငါးကသတိဝင်လာကာ ပြင်းပြင်းထန်ထန်စတင်ရုန်းကန်တော့သည်။


အားကောင်းသောလှုပ်ယမ်းမှုကြောင့်ပုဖန်တစ်ယောက်လက်ကိုင်အားထိန်းထားရန်ခက်ခက်ခဲခဲကြိုးစားခဲ့ရသည်။


သို့သော် နယ်သာရီငါးကိုယူရန်လှုပ်ရှားလိုက်သည်နှင့် ထိုငါး၏ခန္ဓာကိုယ်ကဖောင်းပွလာပြီး အနက်ရောင်ငရဲစွမ်းအင်အတန်းတဝ်ခုအားပစ်လွှတ်လာချေသည်။ နယ်သာရီကသူမ၏လက်အားမြှောက်၍ငရဲစွမ်းအင်အချို့ဖန်တီးကာ ၎င်းအားတားဆီးလိုက်သည်။


ထို့နောက်သူမက ငါး၏ဦးခေါင်းအားသူမ၏လက်ဖဝါးဖြင့်ချိန်ရွယ်ကာ ငရဲစွမ်းအင်များပစ်လွှတ်လိုက်၏။


ငါးကလှုပ်ရှားမှုရပ်တန့်သွားကာမြေပေါ်သို့ပြုတ်ကျလာလေသည်။


"နင်ကကံကောင်းတာပဲ အတော်အားနည်းတဲ့ငါးကိုဖမ်းမိသွားလို့ မဟုတ်ဘဲ နတ်ဘုရားအာကာသအဆင့်သားရဲတစ်ကောင်သာဖမ်းမိသွားရင် နင်ငိုနေရလောက်တယ်.."


နယ်သာရီ ပြောလိုက်သည်။


ပုဖန်ကမဲ့ရွဲ့သွားကာနယ်သာရီအားကြည့်လိုက်ပြီးနောက် ငါးအားဆွဲယူလိုက်လေသည်။


ငါးကိုမဆွဲယူခင်မှာ သူ၏လက်အားအစစ်အမှန်စွမ်းအင်များဖြင့်လွှမ်းခြုံထားသည့်အတွက် ငါး၏ခန္ဓာကိုယ်ကိုထိကိုင်ချိန်တွင်တိုက်စားမခံရတော့ချေ။


နယ်သာရီပြောသကဲ့သို့ပင် မြစ်ရေသည်ငရဲစွမ်းအင်များဖြင့်ပြည့်နှက်နေကာတိုက်စားသော်ညား မြစ်တွင်းရှိသတ္တဝါကမူ ဟင်းချက်ပစ္စည်းတစ်ခုအနေဖြင့်အဆိပ်မရှိပါချေ။


ထိုအရာကပုဖန်အားအတော်လေး အလုပ်ရှုပ်သက်သာစေ၏။


ပုဖန်က ရွှေနဂါးရိုးဓားကိုထုတ်လိုက်ပြီး ငါးအားစတင်ကိုင်လေသည်။


ဤငါးသည် မြစ်အတွင်းမှ အဆင့်နိမ့်ဝိဉာဉ်သားရဲဖြစ်၍ ပုဖန်၎င်းအားလွယ်ကူစွာကိုင်တွယ်နိုင်ပေသည်။


နယ်သာရီစကားမှာမှန်၏။ ဤနေရာတွင်နတ်ဘုရားအာကာသအဆင့်ဝိဉာဉ်သားရဲကိုသာဖမ်းမိခဲ့ပါက အစားခံရသူမှာသူတို့နှစ်ဦးဖြစ်သွားချေလိမ့်မည်။


နတ်ဘုရားအာကာသအဆင့်သည် မသေမျိုးစိတ်ဝိဉာဉ်နယ်ပယ်မှနတ်ဘုရားမီးတောက်အဆင့်နှင့်တူညီပြီး မဟာအာကာသအဆင့်ကမူ အနန္တတန်ခိုးရှင်နယ်ပယ်နှင့်အဆင့်တူလေသည်။


ငရဲကမ္ဘာ၌ နတ်ဘုရားအာကာသအဆင့်သည် မသေမျိုးစိတ်ဝိဉာဉ်နယ်ပယ်မှနတ်ဘုရားမီးတောက်ကဲ့သို့အလားတူ အဆင့်ကိုးဆင့်ခွဲခြားထားသည်။


 

ပုဖန်က ငါး၏ဗိုက်သားကိုခွဲကာ အတွင်းကလီစာများကိုဖယ်ရှားလိုက်ပြီး ဝိဉာဉ်စမ်းရေဖြင့်ဆေးကြောလိုက်၏။ပြီးဆုံးသောအခါ ငါးအသား၏ရနံ့သည်နှစ်လိုဖွယ်ရှိလာချေသည်။


ပုဖန်ကအံ့အားသင့်နေခဲ့သည် ဤသည်ကအဆင့်နိမ့်သားရဲမျှသာဖြစ်သည့်တိုင် အသား၏အရည်အသွေးမှာ ကောင်းမွန်လေသည်။


ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကရွေ့လျားသွားပြီး ငါးအသားပြင်ဆင်ခြင်းအားလက်စသတ်လိုက်သည်။


နယ်သာရီကဘေးနားမှနေ၍စိတ်လှုပ်ရှားစွာကြည့်ရုနေသည်။ပုဖန်ချက်ပြုတ်ခြင်းကို ကြည့်ရသည်မှာအမှန်တကယ်ပျော်စရာတစ်မျိုးပါပေ။


ပုဖန်ကဒီနေ့ဘယ်လိုဟင်းပွဲကိုချက်မှာလဲ..


နယ်သာရီမသိပါချေ။သို့သော်လည်း ထိုသည်ကလေးစားအားကျသောမျက်လုံးများဖြင့်ပုဖန်ချက်ပြုတ်နေသည်အားရှုစားနေခြင်းကိုမတားဆီးနိုင်ခဲ့ပါ။


ပုဖန်က ငါးကိုလုပ်ကိုင်ပြီးသောအခါ မတ်တပ်ထလိုက်ပြီး သွေးစကျင်ကျောက်တုံးကြီးတစ်ခုဆီသို့လျှောက်လှမ်းသွားသည်။

သူက သွေးနီရောင်အမျှင်ကြောများဖြင့်အနည်းငယ်ကြောက်မက်ဖွယ်ကောင်းနေသောကျောက်တုံးအားရွှေ့လိုက်သည်။


ပုဖန်ကအသက်ပြင်းပြင်းရှုထုတ်ကာနောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။သူ၏ပခုံးပေါ်ရှိ ရွေနဂါးရိုးဓားမှအလင်းတန်းများထွက်ပေါ်လာကာပိုမိုကြီးမားလာလေသည်။


ပုဖန်သည် ကျောက်တုံးအားပိုင်းဖြတ်လိုက်သည့်အတွက် ကျောက်ကွဲအစအနများကနေရာအနှံ့လွင့်စင်သွားသည်။


နယ်သာရီမှာ အံ့သြ၍သူမ၏မေးရိုးကကျယ်လောင်စွာပွင့်ဟသွားရသည်။


ခေတ္တအကြာတွင် သွေးစကျင်ကျောက်ဖြင့်ပြုလုပ်ထားသော ဒယ်အိုးတစ်ခုရရှိလာသည်။ပုဖန်ကအသေးစိတ်ထွင်းထုထားခဲ့သည့်အတွက်အိုး၏မျက်နှာပြင်မှာချောမွတ်တောက်ပနေချေသည်။


နယ်သာရီကရှုပ်ထွေးသွားသည်။


ပုဖန်ထံတွင်မဟူရာလိပ်ခုံးဒယ်အိုးရှိနှင့်ပြီးမဟုတ်ပါလော.. အဘယ်ကြောင့်အသစ်တစ်ခုပြုလုပ်နေပါသနည်း..


"ဒီနေ့ချက်မယ့်ဟင်းပွဲကို သွေးကျောက်အိုးငါးဟင်းလို့ခေါ်တယ် သွေးနီစကျင်ကျောက်အိုးနဲ့ချက်မှာမို့လို့ပဲ.." 


ပုဖန်ကရှုပ်ထွေးနေသောအမူအယာဆင်မြန်းထားသည့်နယ်သာရီအားကြည့်၍ အသာအယာရှင်းပြလာသည်။


တုန်ခါသံတစ်ခုနှင့်အတူအနက်ရောင်မီးခို့ငွေ့များကြားမှ မဟူရာလိပ်ခုံးဒယ်အိုးထွက်ပေါ်လာသည်။


ပုဖန်ခြေလှမ်းအနည်းငယ်ဆုတ်ကာ ကောင်းကင်ကမ္ဘာမြေမီးတောက်အပိုင်းအစတစ်ချို့မှုတ်ထုတ်လိုက်ရာ မီးတောက်သည် မဟူရာလိပ်ခုံးဒယ်အိုးအားအပူပြင်းပြင်းဖြင့်လောင်ကျွမ်းနေတော့သည်။


ထို့နောက်သူသည်အိုးအတွင်းသို့ ပါဝင်ပစ္စည်းများထည့်၍စွပ်ပြုတ်အနှစ်အားစတင်ပြုလုပ်လေသည်။


စွပ်ပြုအနှစ်ပြုလုပ်နေစဉ် ငါးအသားလွှာရန်ပြင်ဆင်၏။


နဂါးရိုးဓားကပုဖန်၏လက်တွင်းငြင်သာစွာဝှေ့ယမ်းခံလိုက်ရပြီး ဓားသွားပေါ်မှရောင်ပြန်ဟပ်မှုကတောက်ပနေလေသည်။


ခေတ္တအကြာတွင် ရွှေနဂါးရိုးဓားကတောက်ပသွားကစတင်လှုပ်ရှားတော့သည်။ပုဖန်၏ဓားရေးကအလင်းကဲ့သို့လျှင်မြန်ပြီး ကြည့်ရှုနေသောနယ်သာရီပင်မူးဝေလာသယောင်ခံစားလာရသည်။


ဝှစ် ဝှစ် ဝှစ်..


ရွှေနဂါးရိုးဓားက အသားအားဖြတ်တိုက်သွားပြီးနောက် အရေခွံကင်းစင်သောပုံပန်းကျသည့်အသားတစ်ကလေပေါ်တွင်ပျံဝဲသွားသည်။


အထင်ကြီးလောက်စရာပင်..


ဗွက် ဗွက် ဗွက်..


ရေနွေးငွေ့တစ်လိပ်လိပ်ထွက်ကာ စွပ်ပြုနှစ်မှာကျက်သွားပြီး ပုဖန်က၎င်းအားနောက်တွင်အသုံးပြုရန်ဖယ်ထုတ်ထားလိုက်၏။


လှီးချွတ်ထားသောပါဝင်ပစ္စည်းများကဒယ်အိုးပူတွင်းသို့ထည့်ကာရောမွှေခံလိုက်ရသည်။ပုဖန်ကဆီအနည်းငယ်ထည့်လိုက်ပြီးနောက် ဟင်းပွဲ၏ရနံ့အားပို၍သက်ဝင်စေသော ပူစပ်စပ်ငရုတ်နှစ်အချို့ထပ်လောင်းထည့်လိုက်သည်။


ထို့နောက် ပုဖန်သည် မဟူရာလိပ်ခုံးဒယ်အိုးအား မီးပေါ်မှဖယ်မကာ ပါဝင်ပစ္စည်းများကို သွေးစကျင်ကျောက်အိုးအတွင်းသို့စွပ်ပြုတ်နှင့်အတူလောင်းထည့်လိုက်သည်။ထို့နောက်မီးတောက်ကိုသုံး၍ သွေးကျောက်အိုးအားဆူပွက်စေသည်။


ထို့နောက် ဆီလောင်းထည့်လိုက်ပြီးပုဖန်ကတူကိုအသုံးပြု၍ငါးအသားလွှာများအားဆီပူအတွင်းသို့နှစ် 

မြှုပ်လိုက်၏။


ဆီပူတွင်းရှိအသားလွှာများ ပူဖောင်းတစီစီထလာသည့်အခါ ၎င်းတို့အာ သွေးစကျင်ကျောက်အိုးအတွင်းသို့ပြောင်းထည့်လိုက်သည်။


မြန်ဆန်စွာအကြွပ်ကြော်ခံလိုက်ရသောအခါလတ်ဆတ်သောအသားလွှာမှာကျုံ့သွားလေပြီး သွေးစကျင်ကျောက်အိုးဖြင့်ချက်ပြုတ်ပြန်သောအခါ အသား၏ရနံ့အားပို၍ပင်လှိုင်လှိုင်မွေးနေစေတော့သည်။


ရွှေနဂါးရိုးဓားကပျောက်ကွယ်သွားသည်။

ပုဖန်ကသူ၏ဟင်းပွဲအားလက်စသတ်လိုက်ချေ၏။


သွေးကျောက်အိုးငါးဟင်း..


နယ်သာရီကတံတွေးမျိုချလိုက်သည်။လေထုထဲရှိမွှေးရနံ့ကား သူမအားသွားရေကျအောင်ပြုလုပ်နေပေသည်။


အနံ့ကမွှေးလိုက်တာ..


သူမ၏ပါးစပ်နှင့်နှားခေါင်းပေါက်များအတွင်း လတ်ဆတ်သောငါးအသား၏ရနံ့ဖြင့်ပြည့်နှက်နေသည်ကိုခံစားရသည်။


သွေးကျောက်အိုးကိုကိုင်ထားသည့်ပုဖန်ကတံတွေးမျိုချနေသောနယ်သာရီကိုမြင်တွေ့သွားသည်။သူမတတ်သာဘဲနှုတ်ခမ်းတွန့်လိုက်၏။


"ဒါကတစ္ဆေဘုရင်ရုပ်တုနှစ်ပါးအတွက် မင်းစားချင်ရင် ထောင်တျဲ့စားသောက်ဆိုင်ပြန်ရောက်တဲ့အခါချက်ကျွေးမယ်.."


ပုဖန်ကပြောလိုက်သည်။


ဤဟင်းပွဲကိုပြုလုပ်စဉ်ကအသားအနည်းငယ် ဖယ်ထားခဲ့သည်။အစားကြူးတောင်ကြားသို့ပြန်ရောက်သည့်အခါနောက်ထပ်တစ်ပွဲမျှရရှိနိုင်ဦးမည်ဖြစ်၏။


နယ်သာရီကစိတ်ပျက်လက်ပျက်ဖြစ်နေသော်လည်းခေါင်းငြိတ်ပြလိုက်သည်။အဘယ်ကြောင့်ဆိုသော် သွေးကျောက်အိုးငါးဟင်းဖြင့် တစ္ဆေဘုရင်ရုပ်တုနှစ်ပါးအားအာရုံလွှဲနိုင်ပါမှ စမ်းချောင်းဝါမြက်အားခိုးယူရန်အခွင့်အရေးရလိမ့်မည်ပင်။


"မဟုတ်သေးဘူး.. တစ္ဆေဘုရင်ကနှစ်ပါးရှိတာလေ နင်နှစ်ပွဲချက်ရမှာမဟုတ်လား မဟုတ်ရင်ဟင်းကတယ်ကောင်းနေရင်သူတို့၂ယောက်ကဒီတစ်ပွဲအတွက်တိုက်ခိုက်ကြမှာပေါ့.."


နယ်သာရီကဇဝေဇဝါဖြစ်လို့နေသည်။


သို့သော်လည်းပုဖန်ကမူ သွေးကျောက်အိုးငါးဟင်းအားရုပ်တုနှစ်ခုထံသယ်ဆောင်သွားပြီဖြစ်သည်။


သိပ်သည်းသောမွှေးရနံ့ကလေထုတွင်းရောယှက်သွား၏။


ဘုန်း ဘုန်းး


ကျောက်ရုပ်တစ်နှစ်ခုကချက်ချင်းလှုပ်ရှားလာကြပြီး ကျောက်ကွဲအပိုင်းအစများပြိုကျလာသည်။

၎င်းတို့၏အကြည့်များကပုဖန်သယ်ဆောင်ထားသောသွေးစကျင်ကျောက်အိုးပေါ်သို့ကျရောက်လာသည်။


"မွှေးလိုက်တာ.."


နားအူလောက်စေသောအသံစူးစူးတစ်သံထွက်ပေါ်လာသည်။


ခေတ္တအကြာ တစ္ဆေဘုရင်ရုပ်တုနှစ်ပါးကား ရပ်တန့်နေရာမှရှေ့သို့စတင်ရွေ့လျားလာကြတော့၏။


ပုဖန်၏မျက်လုံးများကတောက်ပသွားကာ စကျင်ကျောက်အိုးအားအလျင်အမြန်မြေပေါ်သို့ချထားလိုက်လေသည်။


ထို့နောက် နယ်သာရီကရှေ့သို့ပြေးထွက်သွားသည်။ ပုဖန်သည်လည်းအနက်ရောင်အလင်းတန်းတစ်ခုအလားပြေးထွက်သွားသောနယ်သာရီနောက်သို့ပြေးလိုက်သွားတော့သည်။သူတို့နှစ်ဦးသားသည် တစ္ဆေဘုရင်ရုပ်တုနှစ်ပါးစောင့်ကြပ်သောမြေတွင်းသို့ချဉ်းနင်းဝင်ရောက်လိုက်ကြချေ၏။