အပိုင်း ၈၂၃
တစ္ဆေဘုရင်ကျောက်ရုပ်ထုများ ငါးစားရရန် ကျောက်တုံးစက္ကုကတ်ကြေးကစားနေကြသည်
အစားကြူးတောင်ကြား၌
ဒုတ် ဒုတ် ဒုတ် ဒုတ်
ချူချန်းရှန်ရုတ်တရက် နှလုံးခုန်မြန်လာသည်။ သူ့နှလုံးအတွင်းမှ စွမ်းအင်များမြင့်တက်လာကာခန္ဓာကိုယ်တစ်လျှောက်ကိုဖြတ်သန်းစီးဆင်းနေပြီး သူ့တွင်စွမ်းအားများပြည့်နှက်နေသည်ဟုခံစားနေရပေသည်။
သူ့နှလုံးသည် ထောင်တျဲနှလုံးသား၏ အံ့ဩတုန်လှုပ်ဖွယ်ရာ စွမ်းအင်များနှင့်ပေါင်းစပ်နေလေသည်။ ချူချန်းရှန်သာ ထိုရှိရင်းစွဲစွမ်းအင်များကို အသုံးချနိုင်ပါက သူ၏ကျင့်ကြံခြင်းအဆင့်သည် အလွန်ထူးခြားသောအဆင့်တစ်ခုသို့ရောက်သွားမည်ဖြစ်သည်။ အနည်းဆုံး နတ်ဘုရားမီးတောက်ကိုထွန်းညှိရန်မှာ ပြဿနာပင်မဟုတ်တော့ချေ။
သို့သော် ထိုအချိန်တွင် ချူချန်းရှန်၏မျက်နှာအလွန်တင်းမာနေသည်။ သူအလွန်ထိတ်လန့်တကြားဖြစ်နေကာ နှလုံးခုန်နှုန်းလျှင်မြန်လာပေသည်။ ကြောက်မက်ဖွယ်ရာဖိအားတစ်ခုက သူ့ကိုဖိနှိပ်နေသည်။
ချူချန်းရှန် အစားကြူးတောင်ကြားဝင်ပေါက်ကိုလှည့်ကြည့်လိုက်သည်။ ထိုနေရာမှာကြောက်မက်ဖွယ်အော်ရာများထွက်နေကာ ကောင်းကင်ယံသည်လည်း မည်းမှောင်သွားပြီး တိမ်မဲများကလိမ့်တက်လာနေသည်။
အာကာသနတ်သမီး ဇဝေဇဝါဖြစ်သွားတော့သည်။ သူတို့နှင့်အဝေးတွင်ရှိသောတိမ်မဲများကိုကြည့်လိုက်ကာ သူမ၏မျက်လုံးများနက်မှောင်လာသည်။
မိုလျှိုကျိမျက်ခုံးပင့်မိသွားသည်။ ဝိုင်တစ်ငုံသောက်လိုက်ပြီး သူ့မျက်လုံးထဲတွင်ကြမ်းကြုတ်မှုများဖြင့်ပြည့်လာသည်။
သူတို့ဘယ်သူတွေပဲဖြစ်နေပါစေ ကောင်းမွန်မနေဘူး.. ဒီလိုသတ်ဖြတ်ချင်စိတ်နဲ့ ဒီလိုကြောက်ဖို့ကောင်းတဲ့အော်ရာတွေဆိုတာမျိုးက...
ဒီတစ်ကြိမ်တော့ အစားကြူးတောင်ကြားကို ကပ်ဘေးကြီးတစ်ခုကျလာပြီပဲ...
…
ဝုန်း ဝုန်း ဝုန်း
မိုချာ၏တောင်ငယ်တစ်ခုနှင့်တူသော ခန္ဓာကိုယ်သည် ရှေ့သို့ချီတက်လာသည်။ သူ့ခြေလှမ်းတစ်လှမ်းစီသည် မြေပြင်ကိုကွဲကြေသွားလုမတတ် တုန်ခါနေပေသည်။
အစားကြူးတောင်ကြားတစ်ဝိုက်ရှိ ရွာများမှအိမ်များသည် ပြိုကျလာလုမတတ် လှုပ်ရမ်းနေသည်။
မိုချာ ယုတ်မာစွာရယ်လိုက်သည်။ သူ့နောက်ကျောဘက်ရှိအနက်ရောင်အတောင်ပံများသည် တဖျပ်ဖျပ်ခတ်နေကာ လေပွေများကိုဖြစ်ပေါ်စေကာ ကျောက်တုံးများနှင့်သဲများကိုလွင့်ပျံသွားစေသည်။
သူ့မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့်ပြည့်လျှံနေသည်။ အစားကြူးနတ်ဘုရားမြို့ကိုကြည့်ရင်း သူ့မျက်လုံးများကပိုမိုတောက်ပလာသည်။
"ဟားဟားဟား ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ရဲ့အော်ရာကို ငါအာရုံခံလို့ရနေတယ်..."
မိုချာပြုံးရင်းပြောလိုက်သည်။
မိုယဲ့ လက်ပိုက်၍ကြည့်နေသည်။ သူ့နှဖူးပေါ်ရှိ ဒေါင်လိုက်မျက်လုံးနှစ်ခုသည် ပိတ်နေပေသည်။ သူသည်ကောင်းကင်ယံ၌ ပျံဝဲနေကာ ဖြေးညင်းစွာရွေ့လျားနေသည်။
သူတို့သွားရာလမ်းတစ်လျှောက်ရှိ ရွာများသည် ပျက်ဆီးသွားလေသည်။
သူတို့နောက်တွင် တိမ်မ်တစ်စုလိုက်လာနေသည်။ အမှောင်ထုသည် အရာရာတိုင်းကိုဝါးမျိုချင်နေသကဲ့သို့ လိမ့်တက်လာတော့သည်။
ရွာသားများသည် အလွန်အမင်းထိတ်လန့်သွားကြကာ ထွက်ပြေးရန်ကြိုးစားနေကြသည်။
ငရဲကမ္ဘာသက်ရှိသုံးကောင်သည်အလွန်ရက်စက်ကြမ်းကြုတ်ပုံပေါက်နေပြီး လူသားများနှင့်လုံးဝမတူကြချေ။ ၎င်းတို့သည် ဒဏ္ဍာရီများထဲမှ မကောင်းဆိုးဝါးများနှင့်တူနေကြသည်။
မကောင်းဆိုးဝါးတွေလာနေပြီ.. ဘယ်သူကမကြောက်ပဲမနေလဲ..
မိုဆာ၏အပြုံးသည် ပို၍ကြီးမားလာသည်။ ခြေလှမ်းပြင်းပြင်းလျှောက်ကာ မြေပြင်ကိုပင်ကွဲကြေသွားစေသည်။
ထိုသို့ပြုလုပ်ရသည်ကို ယစ်မူးနေပုံပေါက်နေသည်။
"စားစရာ... ဒီမှာရှိတဲ့လူတိုင်းက စားစရာတွေပဲတွေပဲ..."
ဖရိုဖရဲပြေးလွှားနေသောရွာသားများကိုကြည့်ကာ မိုဆာသွားရည်ယိုလာသည်။
"ဆိုးဝါးလိုက်တာ... ဒီစားစရာတွေက စွမ်းအင်အဆင့်မြင့်တာတွေသိပ်မရှိဘူးပဲ... မိုဆာသူတို့ကိုစားပစ်ဖို့တောင်မတန်ဘူး..."
မိုဆာသူ့ခေါင်းပေါ်ရှိ ဦးချိုနှစ်ချောင်းကိုပွတ်သပ်လိုက်သည်။ ချိုပေါ်ရှိသံကွင်းများတစ်ခုနှင့်တစ်ခုတိုက်မိကာ "ဒင် ဒေါင်"ဟူသောမြည်သံများကိုထုတ်လွှတ်နေသည်။
ပျက်သုဉ်းခြင်းအကျဉ်းထောင်ရှိသတ္တဝါတိုင်းသည် ပုန်းကွယ်နဂါးတိုက်ကြီးပေါ်ရှိသက်ရှိတိုင်းကို ၎င်းတို့၏အစာများအဖြစ်မှတ်ယူကြသည်။ သို့သော် မည်သည့်အဆင့်ရှိအစားအသောက်သည် မည်သည့်အဆင့်ရှိတည်ရှိမှုအတွက်ပိုသင့်တော်သည် ဟူသောသတ်မှတ်ချက်ရှိပေသည်။ မိုဆာကဲ့သို့သောအဆင့်အတွက်အစားအသောက်သည် ဤတိုက်ကြီးပေါ်ရှိသာမန်လူများမဟုတ်ပေ။
အရည်အချင်းရှိသော ကျင့်ကြံသူများဖြစ်ရပေမည်။
၎င်းတို့သည် ပျက်သုဉ်းခြင်းအကျဉ်းထောင်မှလူများဖြစ်ကြသောကြောင့် ပုန်းကွယ်နဂါးတိုက်ကြီး၏ကျင့်ကြံသူများကိုစားချင်ကြလေသည်။
၎င်းသည် စည်းမျဉ်းတစ်ခုလိုဖြစ်နေပြီး ကျင့်ကြံသူတို့၏အသွေးအသားများကသာ သူတို့ကိုပျော်ရွှင်ကျေနပ်စေသည်။
အလန့်တကြားပြေးလွှာနေကြသော အစားကြူးတောင်ကြားမှရွာသားများကို မိုချာနှင့်မိုယဲ့တို့က အကြည့်တစ်ချက်ပင်စွန့်ကြဲခြင်းမရှိချေ။
သူတို့၏မျက်လုံးများသည် ခမ်းနားထည်ဝါကာသက်ဝင်လှုပ်ရှားလျက်ရှိသော အစားကြူးနတ်ဘုရားမြို့တော်ကိုကြည့်ရင်းအလုပ်ရှုပ်နေကြသည်။ ထိုမြို့မှ မရေမတွက်နိုင်သောကျင့်ကြံသူများကိုအာရုံခံ၍ရနေပေသည်။ ထို့အပြင် ပုန်းကွယ်နဂါးတိုက်ကြီး၏အော်ရာသည် ထိုနေရာတွင်တောက်ပနေလျက်ရှိသည်။
၎င်းကသာသူတို့၏ အမှန်တကယ်ပစ်မှတ်ဖြစ်သည်။
"ကောင်းလိုက်တဲ့အနံ့လေး.. ဒီမြို့ကအနံ့အရမ်းကောင်းတာပဲ..."
အစားကြူးနတ်ဘုရားမြို့တော်သည် အစားအသောက်မြို့တော်ဖြစ်သောကြောင့် မွှေးရနံ့များထူထပ်နေသည်မှာဖြစ်သင့်ပေသည်။ မိုဆာသည် ထိုမွှေးရနံ့များကိုရှူရှိုက်မိပြီး တုန်လှုပ်သွားပေသည်။
အစားအသောက်များ၏ရနံ့မွှေးမွှေးသည် သူ၏အာရုံခံအစိတ်အပိုင်းများကိုလှုပ်နှိုးမိသွားကာ သွားရည်များပင်ယိုလာစေသည်။
အစားကြူးနတ်ဘုရားမြို့တော်၏အစောင့်များသည်လည်း နတ်ဆိုးကောင် ပေါ်ထွက်လာသည်ကိုမြင်နေရပြီး လှံများနှင့်လေးများကိုင်ဆောင်ထားသော သူတို့၏လက်များသည်တုန်ရီနေလေသည်။
ထိုနတ်ဆိုးသုံးကောင်သည် လွန်စွာကြမ်းကြုတ်ပုံပေါ်လေသည်။ ၎င်းတို့သည် နက်ရှိုင်းမှောင်မဲသော အသူတရာချောက်နက်မှတွားသွားကာထွက်လာသည့် မကောင်းဆိုးဝါးများနှင့်တူနေပြီး ၎င်းတို့နှင့်အတူအကန့်အသတ်မဲ့သောအကြောက်တရားများကိုဆောင်ယူလာပေသည်။
အစောင့်အချို့သည် သူတို့၏ခြေထောက်များဂျယ်လီလိုပျော့ခွေသွားသည်ကိုခံစားလိုက်ရသည်။ သူတို့၏မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့်ပြည့်လျှံနေကာ တုန်ရီနေကြသော်လည်း သူတို့သည်မြို့စောင့်တပ်များဖြစ်နေသောကြောင့် မြို့ကိုရှေ့တန်းမှနေ၍ကာကွယ်ရပေမည်။
မိုဆာသည် ယုတ်မာစွာရယ်ရင်း ရှေ့သို့လျှောက်လာသည်။ သူ့ပါးစပ်သည်ကျယ်လောင်စွာပွင့်ဟနေကာ တံတွေးများက နေရာအနှံ့သို့စီးကျနေသည်။ လက်မြှောက်လိုက်ကာ အစားကြူးနတ်ဘုရားမြို့ကိုလက်သီးနှင့်ထိုးလိုက်သည်။
တောင်ငယ်လေးတစ်လုံးနှင့်တူသော လက်သီးချက်သည် မြို့နံရံသို့ထိမှန်သွားလေသည်။
ဝှီး
အစားကြူးနတ်ဘုရားမြို့တော်၏ကာကွယ်ရေး အစီအရင်သည် ချက်ချင်းပင်တစ်မြို့လုံးကိုဖုံးအုပ်သွားသည်။
သို့သော် ထိုအစီအရင်သည် မိုဆာ၏လက်သီးချက်ကိုမခံနိုင်သဖြင့် အသံမြည်ကာကွဲကြေ၍ ပြိုကျသွားပေသည်။
အစောင့်များ၏မျက်လုံးအတွင်းရှိ အကြောက်တရားများပိုမိုများပြားလာတော့သည်။ အစားကြူးနတ်ဘုရားမြို့တော်၏အစီအရင်သည် လက်သီးတစ်ချက်ကိုပင်တောင့်ခံနိုင်စွမ်းမရှိမည်ဟု မည်သူမှထင်မထားခဲ့ကြချေ။
မိုဆာသည် နောက်ထပ်လက်သီးချက်ကိုထုတ်ဖော်လိုက်သည်။ သူ့လက်သီးချက်၏ ဖိအားကိုလေထုကပင်မခံနိုင်တော့ပဲ ကွဲကြေသွားလေသည်။
သန်မာတောင့်တင်းသောမြို့နံရံများသည် ထိုတိုက်ခိုက်မှုအောက်တွင် ပေါက်ကွဲပြိုကျသွားကာ ကျောက်တုံးကျောက်စအပဲ့များကို နေရာအနှံ့သို့လွင့်စင်သွားစေသည်။
ပြန်လည်ခုခံလိုသော အစောင့်များအားလုံး ထိတ်လန့်တုန်လှုပ်သွားကြကာမြေပြင်ပေါ်သို့ လဲကျသွားသည်။ သူတို့တွင် မိုဆာ၏အော်ရာကိုခုခံရန်ပင် သတ္တိမရှိကြတော့ချေ။
ဒီနတ်ဆိုးက အရမ်းကြောက်ဖို့ကောင်းတာပဲ...
ဖောင်း ဖောင်း ဖောင်း ဖောင်း
မိုဆာသူ့လက်တွေကိုပွတ်သပ်ရင်း ဟိန်းဟောက်လိုက်သည်။ အစောင့်မျာအားလုံးသည် အသားစများအဖြစ် ပျက်ဆီးသွားကြပြီး ၎င်းတို့၏ခန္ဓာကိုယ်များ တစ်စစီပေါက်ကွဲထွက်သွားကြသည်။
ရက်စက်လွန်းလှသောမိုဆာသည် အရာရာတိုင်းကိုဖျက်ဆီးပစ်လေသည်။
အစားကြူးနတ်ဘုရားမြို့တော်ရှိ မြို့သားများသည် ရူးသွပ်စွာထွက်ပြေးနေကြသည်။ ၎င်းတို့သည် တောင်ကြားသခင်အသစ်နှင့် အကာကွယ်အစီအရင်ရှိသော အစားကြူးနတ်ဘုရားအဆောက်အဦးရင်ပြင်သို့ ဦးတည်ထွက်ပြေးနေကြသည်။
တောင်ကြားသခင်နှင့်အတူရှိနေခြင်းသည် ၎င်းတို့၏နှလုံးသားထဲရှိ ထိတ်လန့်မှုများကို အနယ်ထိုင်သွားစေသည်။
"ငါသိပြီ .. ဒီမြို့က ပုန်းကွယ်နဂါးတိုက်ကြီးရဲ့ စားကောင်းသောက်ဖွယ်တွေစုစည်းထားတဲ့မြို့ပဲ... ဒီမြို့မှာ ပုန်းကွယ်နဂါးတိုက်ကြီးမှာရှိသမျှထိပ်တန်းစားဖိုမှူးတွေကိုစုစည်းထားတာ.. အဲ့တာကြောင့် လူတွေကိုတောင်သေစေနိုင်တဲ့မွှေးရနံ့တွေနဲ့ပြည့်နေတာ အံ့ဩစရာမရှိဘူးပဲ..."
မိုဆာသည် သူ့ကျောပေါ်ရှိ အတောင်ပံများကိုခတ်နေရင်း အသက်ပြင်းပြင်းရှူလိုက်ကာ လန်းဆန်းသွားသည်ဟုခံစားလိုက်ရသည်။
ခဏအကြာတွင် သူတို့သုံးယောက်မြို့ထဲသို့ဝင်လာတော့သည်။
မြို့ရှိလူတွေ၏ ဟိုဟိုသည်သည်ပြေးလွှားနေသောမြင်ကွင်းသည် သူတို့၏အမြင်အာရုံထဲရောက်ရှိလာသည်။ သို့သော် သူတို့ရယ်ရုံမျှရယ်လိုက်သည်။
ထိုကဲ့သို့ကျိုးပဲ့လွယ်သောသူများကို အာရုံထဲပင်မရှိကြချေ။
မိုယဲ့သည် လက်ပိုက်၍ရှေ့မှဦးဆောင်ကာသွားနေသည်။ သူသည် ဘေးဘီဝဲယာကိုအာရုံပင်မရှိသည့်ပုံပေါ်နေသည်။
ရုတ်တရက် သူ့အကြည်သည် လျှပ်စီးတန်းတစ်ခုကဲ့သို့ရွေ့လျားသွားကာ ငြိမ်သက်စွာရပ်နေကြသည့်လူသုံးယောက်ရှိသော လမ်းမရှည်ကြီးထက်သို့ကျရောက်သွားလေသည်။
ထိုလူသုံးဦးသည် ဆံပင်ဖြူဖြူနှင့်လူငယ်တစ်ဦး၊အင်္ကျီရင်ဘတ်ဟပြဲနှင့် ဝိုင်သောက်နေသောလူငယ်တစ်ဦးနှင့်မျက်နှာကို မျက်နှာကာဖြင့်ဖုံးအုပ်ထားသော မိန်းမငယ်လေးတစ်ဦးတို့ဖြစ်ကြသည်။ သူမ၏စိတ်နေသဘောထားသည် တသီးတသန့်ဆန်နေကာ ဤကမ္ဘာလောကကြီးထံသို့ ဆင်းသက်လာသည့် နတ်သမီးတစ်ပါးနှင့်တူနေသည်။
သူတို့ကထွက်မပြေးကြပေ။ နတ်ဆိုးသုံးကောင်၏ ဖိအားနှင့်ခွန်အားများကိုရင်ဆိုင်နေရချိန်တွင် မပြေးကြသလို မပုန်းကြပေ။
"အမ်.. ဒီမိန်းမဆီကရတဲ့အော်ရာကို အတော်လေးရင်းနှီးနေတယ်..."
မိုချာသည် သူ၏အနက်ရောင်အတောင်ပံတို့ကိုတဖျပ်ဖျပ်ခတ်နေပြီး ခေါင်းတစ်ခြမ်းစောင်းကာ ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေ၏ သူတော်စင်သမီးတော်ကို မျက်စိမှေးရင်းကြည့်နေသည်။ ထို့နောက် သူ့မျက်လုံးများပြူးကျယ်လာကာ သူ့နှုတ်ခမ်းထောင့်များကွေးညွတ်သွားလေသည်။
"နင်ပဲ... ဟုတ်တယ်နင်ပဲ... ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်က ဒီမိန်းမဆီမှာရှိတယ်"
မိုချာအော်ပြောလိုက်သည်။
မိုယဲ့၏မျက်လုံးများသည် အလွန်အမင်းထက်ရှလာကာ သူ့ပတ်ပတ်လည်ရှိလေထုသည်ပင် ရပ်တန့်သွားချေသည်။
သူ၏ အံ့ဩတုန်လှုပ်ဖွယ်အော်ရာသည် ချူချန်းရှန်နှင့် မိုလျှိုကျိ၏ခြေထောက်များကို တုန်ယင်သွားစေသည်။ ထိုအရာသည် သူတို့နှစ်ယောက် ဖိအားကိုမခံနိုင်သည့် လက္ခဏာဖြစ်သည်။ သို့သော်လည်း သူတို့နှစ်ယောက်သည် ပြန်လည်တွန်းလှန်နိုင်ရန် အကောင်းဆုံးကြိုးစားနေကြသည်။
အာကာသနတ်သမီး၏ မျက်လုံးများက အလွန်အေးစက်သွားသည်။ သူမ၏ ရှည်လျားသေးသွယ်ပြီးလှပသောလက်ချောင်းလေးများကိုမြှောက်လိုက်ကာ စည်းတံဆ်ပ်များကိုပြုလုပ်လိုက်သည်။ ခဏအကြာတွင် အပြာဖျော့ဖျော့ကြယ်တာရာ သံလိုက်အိမ်မြှောင်တစ်ခုက သူမလက်ထဲတွင်ပေါ်ထွက်လာသည်။
သူမသည် မိုယဲ့နှင့်အခြားသူများကိုစိုက်ကြည့်ကာ လျှင်လျှင်မြန်မြန်တွက်ချက်လိုက်သည်။
ကြယ်တာရာသံလိုက်အိမ်မြှောင်သည် လျှင်မြန်သထက်လျှင်မြန်ကာ ရွေ့လျားသွားပြီး အသံများအဆက်မပြတ်ထွက်ပေါ်လာပြီး ပေါက်ကွဲသွားတော့သည်။
"ရှင်ပဲ... ရှင်အဘွားမိုကိုသတ်လိုက်တာ... ရှင်ကအဘွားမိုကိုသတ်လိုက်တဲ့လူသတ်သမားပဲ..."
သူမ အေးစက်စွာအော်ဟစ်လိုက်သည်။
ဝှီး...
အာကာသနတ်သမီး၏အော်ရာများက ရုတ်ချည်းပင်မြင့်တက်သွားကာ ပျံ့နှံ့သွားလေသည်။
လေလှိုင်းလုံးများမြင့်တက်လာကာ ကောင်းကင်ယံအထိပင်ရောက်ရှိသွားတော့သည်။
မိုလျှိုကျိ တုန်လှုပ်သွားမိပြီး ထိုနတ်ဆိုသုံးကောင်ကိုစိုက်ကြည့်မိလိုက်သည်။ သူတို့ကအဘွားမိုကိုသတ်တဲ့ လူသတ်သမားတွေလား...
သေစမ်း...
ချူချန်းရှန်၏ ဆံပင်ဖြူဖြူများ လေထဲတွင်လွင့်ပျံနေကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီးပြောလိုက်သည်။
"ငါက အစားကြူးတောင်ကြားရဲ့မဟာအကြီးအကဲမဟုတ်တော့ပေမယ့်... အစားကြူးတောင်ကြားထဲကလူတွေ အချည်းနှီးသတ်ဖြတ်ခံရမှာကိုတော့ ကြည့်မနေနိုင်ဘူး.. အဲ့ဒီ့အတွက် ငါလုပ်သင့်တာကိုလုပ်ရလိမ့်မယ်..."
ခဏအကြာတွင် သူ၏အော်ရာသည် လုံးလုံးလျားလျားပြောင်းလဲသွားတော့သည်။
ခေါင်းအထက်တွင် စိတ်ဝိဉာဉ်လှေကားထစ်တို့ထွက်ပေါ်လာကာ နတ်ဘုရားယဇ်ပလ္လင်သည်လည်း အလင်းရောင်များဖြင့်တောက်ပလာသည်။
…
ငရဲကမ္ဘာရှိ ကမ္ဘာမြေအကျဉ်းထောင်တွင်
ပုဖန် မြေပြင်ပေါ်တွင် ထားထားသောသွေးကျောက်အိုးငါးဟင်းသည် ရနံ့ပြင်းပြင်းတစ်ခုကိုထုတ်လွှတ်နေလျက်ရှိသည်။
ထိုငါးဟင်းကိုချလိုက်ပြီးနောက် ပုဖန်သည် တစ္ဆေဘုရင်ကျောက်ရုပ်ထုနှစ်ခုရှိရာနေရာသို့ နယ်သာရီနောက်မှလိုက်၍ လှည့်ပြေးလေတော့သည်။
တစ္ဆေဘုရင်ကျောက်ရုပ်ထုနှစ်ခုသည် ရွေ့လျားသွားပေသည်။
သူတို့၏ကျောက်နှာခေါင်းများကို ခေတ္တမျှရှုံ့လိုက်ပြီး ခဏအကြာတွင် ၎င်းတို့၏ရဲရဲနီနေသောမျက်လုံးများတောက်ပသွားသည်။
တစ္ဆေဘုရင်ကျောက်ရုပ်ထုနှစ်ခုသည် အချင်းချင်းအကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထို့နောက် ၎င်းတို့၏နောက်ကျောပေါ်တွင် သေးငယ်သောအတောင်ပံလေးများထွက်ပေါ်လာသည်။ ထိုအတောင်ပံလေးများကို တဖျပ်ဖျပ်ခတ်၍ သွေးကျောက်အိုးငါးဟင်းထံသို့ပျံသန်းသွားကြသည်။
၎င်းတို့၏စိတ်အာရုံအစုံသည် သွေးကျောက်အိုးငါးဟင်းထံတွင်သာကျရောက်နေသောကြောင့် ပုဖန်နှင့်နယ်သာရီတို့က ၎င်းတို့ကာကွယ်ထား နယ်မြေသို့ သုတ်ခြေတင်ပြေးထွက်သွားမှန်းပင် သတိမထားမိကြချေ။
ထို သွေးကျောက်အိုးငါးဟင်းသည် နီနီရဲရဲအရောင်ဖြင့်ဖုံးလွှမ်းနေကာ ငါးအသားသည် အိစက်နေကာ တုန်ခါနေပေသည်။
ငါးအရေခွံသည်အနက်ရောင်ဖြစ်သောကြောင့် အဖြူရောင်ဖြစ်နေသောငါးအသားနှင့် နီရဲရဲငရုတ်အနှစ်များကိုပိုမိုထင်ပေါ်စေရန်ထောက်ပံ့ပေးနေသည်။ ထို့အပြင် ဤဟင်းပွဲသည် စွဲမက်ဖွယ်ရာရနံ့တို့ကိုထုတ်လွှတ်နေပေသည်။
တစ္ဆေဘုရင်ကျောက်ရုပ်ထုများသည် ကျောက်အိုးထံသို့သွားလိုက်ကြသည်။
သွေးကျောက်အိုး သည်အပူပေးခံလိုက်ရသောကြောင့် ၎င်းသည် ပို၍နီမြန်းလာကာ ဖောက်ထွင်းမြင်ရလုမတတ်ဖြစ်လာသည်။ ၎င်းအပေါ်ရှိ သွေးနီရောင်လမ်းကြောင်းများသည် အသက်ဝင်လာသကဲ့သို့ဖြစ်နေသည်။
တစ္ဆေဘုရင်ကျောက်ရုပ်ထုများသည် နှာခေါင်းရှုံ့လိုက်ပြီးနောက် ပြုံးရယ်လိုက်ကြပြီး ၎င်းတို့၏ အငမ်းမရစားသောက်ချင်နေသောမျက်နှာများကိုပြသလိုက်သည်။
၎င်းတို့၏ခန္ဓာကိုယ်များသည် ကြုံ့ဝင်သွားကြကာ ကျောက်တုံးလူသေးသေးလေးများဖြစ်သွားကြသည်။ ၎င်းတို့၏သေးငယ်ကာလက်ရာမြောက်သော ခက်ရင်းခွလေးများကိုဆုပ်ကိုင်ကာ ကျောက်အိုးကိုဝန်းရံလိုက်ကြသည်။
တစ္ဆေဘုရင်ကျောက်ရုပ်ထုများ၏ မျက်လုံးများမှ ထက်ရှသောအကြည့်များထွက်ပေါ်လာကြသည်။
အဆုံးတွင်တော့ သူတို့သည် ဘယ်သူစားရမယ်မစားရဘူးဆုံးဖြတ်ရန် ကျောက်တုံး စက္ကူကတ်ကြေး ကစားလိုက်လေသည်။
နိုင်သည့် တစ္ဆေဘုရင်ကျောက်ရုပ်ထုသည် အသားတစ်ဖက်စားရမည်ဖြစ်သည်။
တုန်ခါနေသောငါးအသားတစ်ဖက်ကို တစ္ဆေဘုရင်ကျောက်ရုပ်ထု၏ ပါးစပ်ထဲသို့ထည့်သွင်းပြီးလိုက်ချိန်တွင် သူ၏မျက်လုံးများတောက်ပသွားတော့သည်။ ဆက်တိုက်ခေါင်းငြိမ့်လိုက်ကာ သူ့လက်များကိုပျော်ရွှင်မှုကြောင့်ရမ်းခါနေသည်။
အခြားသော တစ္ဆေဘုရင်ကျောက်ရုပ်ထုသည် တံတွေးများမျိုချနေရပြီးသူ နောက်ထပ် ကျောက်တုံးစက္ကူကပ်ကြေးထပ်ကစားရန်သာပြင်းပြနေတော့သည်။
သို့သော် သူထပ်ရှုံးပြန်လေသည်။
သူရှုံးနိမ့်သွားသောကြောင့် အခြားတစ်ယောက်က မွှေးရနံ့တို့ထုံမွှမ်းနေသော ငါးအသားလွှာကို ပါးစပ်ထဲထည့်၍စားနေသည်ကိုသာ ငေးကြည့်ခွင့်ရပေသည်။
တစ္ဆေဘုရင်ကျောက်ရုပ်ထုနှစ်ခု ဂိမ်းကစား၍ငါးအသားလွှာစားနေကြသည့်အချိန်တွင် ပုဖန်နှင့်နယ်သာရီသည် စမ်းချောင်းဝါမြက်များပေါက်ရောက်နေသည့် မြစ်ကမ်းဘေးသို့ဝင်ရောက်နေသည်။
…
စမ်းချောင်းဝါမြက်တို့သည် မြစ်ကမ်းနဘေးတွင်ပေါက်ရောက်နေကြကာ လေယူရာအတိုင်းယိမ်းနွဲ့နေကြသည်။
လေထဲတွင် စိတ်ဝိဉာဉ်စွမ်းအင်များသည်လည်း ထူထပ်သိပ်သည်းနေကာ လူတိုင်းကို စိတ်ဝိဉာဉ်စွမ်းအင်များကိုသာ အသက်ရှူသွင်း ရှူထုတ်ရုံနေစေသကဲ့သို့ဖြစ်နေသည်။
ပုဖန်နှင့်နယ်သာရီသည်ရပ်တန့်လိုက်ကာ စမ်းချောင်းဝါမြက်များပြည့်နှက်နေသောနေရာကိုကြည့်၍ အကြည့်ချင်းဖလှယ်လိုက်ကြသည်။