အပိုင်း ၈၂၅
Viewers 53k

အပိုင်း ၈၂၅

ဖြိုခွဲဖျက်ဆီး၍တိုက်ခိုက်ကြခြင်း


အစားကြူးတောင်ကြား၌


လေတိုးသံများ တဝီဝီမြည်နေကာ ကျောက်တုံးကျောက်စအပဲ့များကို လမ်းပေါ်၌ ရွေ့လျားနေစေသည်။


မြို့ရိုးသည်လည်း ပြိုကျပျက်ဆီးနေကာ အပေါက်ကြီးတစ်ခုဖြစ်ပေါ်နေသည်။ ကျောက်တုံးအပိုင်းအစများသည်မြေပြင်ပေါ်သို့ ကျဆင်းနေကာ ပျက်ဆီးယိုယွင်းနေသောမြင်ကွင်းတစ်ခုကိုဖော်ဆောင်နေပေသည်။


ဦးတည်ရာဘက်တိုင်းတွင် လူများကပြေးလွှားနေကြရာ အိမ်များသည်အလွတ်ဖြစ်သွားကြသည်။ အစားကြူးတောင်ကြားရှိနေထိုင်သူတိုင်းကြောက်ရွံ့ထိတ်လန့်နေကြပြီး အစားကြူးနတ်ဘုရားအဆောက်အဦး၏ရင်ပြင်သို့ပြေးကာ ခိုလှုံနေကြပေသည်။


အစားကြူးရင်ပြင်သည် အစားကြူးနတ်ဘုရားတစ်မြို့လုံးတွင်အလုံခြုံဆုံးနေဖြစ်သောကြောင့် လူတိုင်းကမျှော်လင့်ချက်များကိုဆုပ်ကိုင်ကာ ထိုနေရာ၌ခိုလှုံနေကြခြင်းဖြစ်သည်။


မြို့စောင့်များက နတ်ဆိုးသုံးကောင်ကိုမရပ်တန့်နိုင်ကြပေ။


ထိုသုံးဦးသည် ကောင်းကင်ယံတစ်ခုလုံးကိုတိမ်မဲများဖြင့်ဖုံးလွှမ်းသွားစေကာ ငရဲစွမ်းအင်များဖြင့်ရောက်လာကြခြင်းဖြစ်သည်။ တိမ်မဲများက ကောင်းကင်တစ်ခုလုံးကိုဖုံးလွှမ်းထားကာ အရာအားလုံးကိုလွှမ်းခြုံထားပေသည်။ တိမ်ထုထဲတွင် အမှောင်ထုကပို၍ကြီးထွားလာသည်မှာ အရာရာတိုင်းကိုဝါးမျိုပစ်ချင်သည့်ပုံပင်ပေါက်နေသည်။


မိုယဲ့နှင့်ကျန်သူနှစ်ယောက်သည် အစားကြူးတောင်ကြားဝင်ပေါက်တွင်မတ်တတ်ရပ်နေပြီး ခိုကိုးရာရှာဖွေနေသော အင်းဆက်လေးများကိုမထီတရီကြည့်နေကြသည်။


မိုဆာ၏ပါးစပ်သည် ပွင့်ဟနေကာ သွားရည်များတတောက်တောက်ကျနေပြီး အလွန်စိတ်လှုပ်ရှားနေသည့်ပုံပေါ်နေသည်။ အနည်းဆုံးတော့ ထိုလူတွေအားလုံးကသူစားနိုင်သည့်အစားအသောက်တွေဖြစ်ပေသည်။ 


ဥပမာအားဖြင့် ဆံပင်ဖြူနှင့်လူငယ်လေးသို့မဟုတ် ဝိုင်သောက်နေသည့်အင်္ကျီရင်ဘတ်ဟပြဲနှင့်လူငယ်လေးတို့အပါအဝင် ကမ္ဘာမြေပေါ်သက်ဆင်းလာသည့်နတ်သမီးတပါးနှင့်တူသောသူတော်စင်မလေး ထိုလူသုံးဦးတို့သည်မိုဆာအတွက် ရှားရှားပါးပါးအရသာရှိသောစားဖွယ်ရာများဖြစ်ကြလေသည်။


အထူးသဖြင့် မိန်းမပျိုလေး... သူမကနူးညံ့သိမ်မွေ့ပုံပေါ်သောကြောင့် ပို၍အရသာရှိပေမည်။


မိုယဲ့၏ အေးစက်နေသောမျက်လုံးများသည် အာကာသနတ်သမီးကို အစုံအဆန်ကြည့်နေသည်။


"ဒီမိန်းမဆီမှာ ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ရှိတာလား...မိုချာ ဒီတစ်ကြိမ်တော့မမှားတော့ဘူးလို့မျှော်လင့်တယ်... ထပ်မမှားသင့်တော့ဘူး..."


"မွား..ဟား..ဟား...ဟား...ခေါင်းဆောင်မိုယဲ့ အမှန်ပဲ... ကျုပ်ဒီတစ်ခေါက်မမှားတော့ဘူးတွေ့လား... ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ကအဲ့မိန်းမဆီမှာရှိတယ်..."


မိုဆာ၏အတောင်ပံများသည် တဖျပ်ဖျပ်ခတ်နေကာ လေထဲတွင်ခြေတခါခါလက်တခါခါလုပ်နေပြီး အလွန်စိတ်လှုပ်ရှားပုံပေါ်နေသည်။


ရုတ်တရက်


မိုချာ လှုပ်ရှားလိုက်ပြီး သူ့ကျောပေါ်ရှိအတောင်ပံများကို ကောင်းကင်ယံကိုစုတ်ဖြဲပစ်ချင်သည့်ပုံစံဖြင့် တစ်ကြိမ်အတောင်ပံခတ်လိုက်ကာ မျက်စိတစ်မှိတ်အတွင်းပင် အာကာသနတ်သမီးရှိရာသို့ ထိုးဆင်းသွားပေသည်။


လေဟာနယ်သည်ကွဲကြေသွားမည့်ပုံပေါ်နေကာ အပေါက်ကြီးတစ်ခုထွက်ပေါ်လာလေသည်။ 


"ဟားဟားဟား... ငါ့ကိုကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက် ပေးလိုက်စမ်း..."


မိုချာစိတ်လှုပ်တရှားရယ်နေသည်။ သူ့လက်ကစိမ်းပြာရောင်အဖြစ်သို့ပြောင်းလဲသွားကာ လက်သည်းချွန်ချွန်များဖြင့်သူတော်စင်သမီးတော်၏ နှဖူးအလယ်ကိုညွှန်လိုက်သည်။


ဂျွတ်


မိုလျှိုကျိ၏မျက်လုံးများစူးရှသွားကာ သူ့လက်ထဲရှိဝါးဘူးသည် ကျိုးကြေသွားသည်အထိ ဖျစ်ညှစ်ခံလိုက်ရသည်။


ဝိုင်များနေရာအနှံ့သို့လွင့်စင်သွားကာ မိုလျှိုကျိဒေါသထွက်ထွက်ဖြင့် သူတော်စင်သမီးတော်၏ရှေ့၌ရပ်ကာ မိုချာထံသို့ဦးတည်၍တိုက်ခိုက်လိုက်ကြသည်။


အင်ပါရီယာစည်းတံဆိပ်ကျောက်တုံးက မိုလျှိုကျိ၏လက်ထဲတွင်ပေါ်လာသည်။ အင်ပါရီယာစည်းတံဆိပ်ကျောက်တုံးကို ထူးဆန်းသည့်မျဉ်းကြောင်းများစွာဖြင့်ထွင်းထုထားပြီး ၎င်း၏အပေါ်တွင်ပိုက်ကွန်တစ်ခုဖုံးအုပ်ထားသည့်ဟန်ပေါ်နေစေသည်။


ချက်ချင်းပင် စည်းတံဆိပ်ကျောက်တုံးသည် တောက်ပနေသောအလင်းတန်းများကိုထုတ်လွှတ်လာသည်။ မိုလျှိုကျိသည်၎င်းကိုမြင့်မြင့်မြှောက်၍ မိုချာထံသို့ပစ်လွှတ်လိုက်သည်။


အင်ပါရီယာစည်းတံဆိပ်သည် ကောင်းကင်ယံကိုဖြတ်သန်းသွား၍ တိုက်ခိုက်လိုက်လေသည်။


မိုလျှိုကျိ၏မျက်နှာ ရှားရှားပါးပါးလေးနက်နေပြီး သူ့အော်ရာသည် စီးဆင်းနေသောရေကဲ့သို့ ခပ်ဖြေးဖြေးရွေ့လျားနေပေသည်။


သူ့ခေါင်းအထက်တွင် အဖြူရောင်စိတ်ဝိဉာဉ်လှေကားထစ်များတစ်ခုပြီးတစ်ခုထွက်ပေါ်လာသည်။ နောက်ဆုံးတွင် တောက်ပသည့်အလင်းရောင်များကိုထုတ်လွှတ်နေသော လှေကားထစ်ကိုးခုဖြစ်ပေါ်လာပြီး နေရာတစ်ခုလုံးကိုထိန်ထိန်လင်းသွားစေသည်။


ရုတ်ချည်းပင် မိုလျှိုကျိ၏အော်ရာများက အလွန်အမင်းကြောက်မက်ဖွယ်ကောင်းလာလေသည်။


သူအော်ဟစ် ဟိန်းဟောက်လိုက်သည်။


အဘွားမိုသေဆုံးသွားခဲ့လေပြီ။ ကလေးအရွယ်ကတည်းက သူ့ကိုအရွယ်ရောက်သည်အထိစောင့်ရှောင့်ပေးခဲ့သောအဘွားမိုသေဆုံးခဲ့လေပြီ။ သူ အာကာသနတ်သမီး ကို စိတ်တည်ငြိမ်အောင် နှစ်သိမ့်ပေးနေခဲ့သော်လည်း သူကလူတိုင်းထက်ပိုပြီးဒေါသထွက်နေခဲ့တာဖြစ်သည်။ 


ယခုတော့ အဘွားမိုကိုသတ်သည့်လူသတ်သမားကိုတွေ့နေရပြီဖြစ်၍ သူ၏ဒေါသမျာကိုထပ်မံ၍မဖိနှိပ်နိုင်တော့ပေ။


သူသည် ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေ၏ အထုံပါရမီအရှိဆုံးလူငယ်တစ်ဦးဖြစ်ခဲ့သောကြောင့် ဤကမ္ဘာမြေပေါ်ရှိအရာတိုင်းကိုတွက်ချက်နိုင်ခဲ့သော်လည်း အဘွားမိုကြုံတွေ့ရမည့်ဘေးဒုက္ခကို ကြိုတင်မမြင်နိုင်ခဲ့ချေ။


အင်ပါရီယာစည်းတံဆိပ်ကျောက်တုံးသည် လေထဲတွင်လည်နေပြီး လေဟာနယ်ကိုဖိနှိပ်နေသည်။


မိုချာသည် ၎င်းကိုမထီမဲ့မြင်ပြုနေကာ ဒေါသထွက်နေသာ မိုလျှိုကျိကိုလည်း မထီမဲ့မြင်ပြုနေလိုက်သည်။


သူ၏ပစ်မှတ်သည် အာကာသနတ်သမီးဖြစ်သောကြောင့် အခြားသောအဆင့်နိမ့်အင်းဆက်ကောင်များကိုမျက်လုံးထဲပင်မထည့်ချေ။


ခေါင်းဆောင်မိုယဲ့ပြောသည့်အတိုင်း သူတို့တွင်အချိန်မရှိပေ။ ထို့ကြောင့် အမြန်ဆုံးနည်းဖြင့် ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ကိုပြန်လည်ယူဆောင်သွားသည်ဖြစ်စေ ဖျက်ဆီးပစ်သည်ဖြစ်စေ တစ်ခုခုတော့လုပ်ရပေလိမ့်မည်။


"ထွက်သွားစမ်း..."


မိုချာအတောင်ပံခတ်လိုက်သောကြောင့် သူ၏အမွှေးအတောင်များပျံ့လွင့်လာသည်။


သူ့လက်ထဲတွင်ခက်ရင်းခွတစ်ခုပေါ်ထွက်လာပြီး လေထဲရှိအင်ပါရီယာစည်းတံဆိပ်ကျောက်တုံးကိုချိန်ရွယ်၍ ရိုက်ချလိုက်သည်။ ထိုရိုက်ချက်တစ်ခုဖြင့် ကြောက်မက်ဖွယ်ရာအင်ပါရီယာစည်းတံဆိပ်ကို အမှိုက်တစ်ခုလိုနောက်သို့လွင့်ပျံသွားစေသည်။


မိုချာဟိန်းဟောက်လိုက်ပြီး သူ့မျက်လုံးများသည် သတ်ဖြတ်လိုစိတ်များဖြင့်ပြည့်နှက်နေသည်။


သူသည်ရက်စက်ကြမ်းကြုတ်လာပြီး သူ့ကိုတားသည့်သူမှန်သမျှ သေခြင်း ဟူသောစကားတစ်လုံးကိုသာလက်ခံရပေမည်။


မိုလျှိုကျိ၏မျက်လုံးများကျုံ့ဝင်သွားကာ သူ့စိတ်နှလုံးသားတစ်ခုလုံးအေးစက်သွားခဲ့သည်။


ဒီလူက အဘွားမိုကိုသတ်ခဲ့တဲ့ နတ်ဆိုးကောင်ဖြစ်ဖို့ထိုက်တန်ပါပေတယ်... သူ့ရဲ့စွမ်းအင်ကအရမ်းကြောက်ဖို့ကောင်းလွန်းတယ်...


သူ့လက်ဖဝါးတွင် ပုံစံကွက်လေးများစွာဖြင့်ဖုံးအုပ်နေသော သံလိုက်အိမ်မြှောင်တစ်ခုထွက်ပေါ်လာပြီး ပုံစံကွက်လေးများတောက်ပလာကာ သူ့ရှေ့တွင်ကာကွယ်ပေးလေသည်။


ဘုန်း


ခက်ရင်းခွက ထိုပုံစံကွက်လေးများကို ထိမှန်သွားကာ တစ်စစီကွဲကြေသွားစေခဲ့သည်။


မိုလျှိုကျိ ညည်းတွားလိုက်မိသည်။ သွေးများကသူ့ပါးစပ်နှင့်နှာခေါင်းပေါက်မှယိုစီးကြလာကာ နောက်သို့လွင့်ထွက်သွားပြီး မြေပြင်ပေါ်ပစ်ကျသွားပေသည်။


ထိုနတ်ဆိုးနှင့်ယှဉ်သော် နတ်ဝိဉာဉ်အဆင့်သို့မရောက်သေးသော မိုလျှိုကျိက အနည်းငယ်အားနည်းလေသည်။ ထို့ကြောင့် သူသည်ရန်သူ၏ရိုက်ချက်တစ်ချက်ကိုပင်တောင့်မခံနိုင်ခြင်းဖြစ်သည်။


ထိုမြင်ကွင်းကိုမြင်လိုက်ရသော ချူချန်းရှန်သည်လည်း အသက်အောင့်လိုက်မိသည်။


သူရှေ့တစ်လှမ်းတိုးလိုက်ပြီး သူ့အဝတ်များက အစိတ်စိတ်အမြွှာမြွှာပြဲစုတ်သွားပြီး မိုချာထံဦးတည်၍သွားလိုက်သည်။


သူရှေ့သို့တိုးလာလေ သူ့ခန္ဓာကိုယ်ကပြောင်းလဲလာလေဖြစ်ပြီး သူ၏သေးသွယ်ပိန်ပါးသောခန္ဓာကိုယ်လေးသည် ကြီးထွားလာကာကြွက်သားများဖောင်းထွက်လာပြီး ရုတ်ချည်းပင် လေမှုတ်ခံလိုက်ရသော ပူဖောင်းတစ်လုံးအသွင်ပြောင်းလဲသွားတော့သည်။ သူသည် သုံးမီတာခန့်ကြီးမားသော လူထွားကြီးတစ်ယောက်ဖြစ်လာသည်။


ဘုန်း


လက်သီးနှစ်လုံးကို နေရာတစ်ခုတည်းသို့ဦးတည်၍ထိုးနှက်လိုက်သောကြောင့် ပေါက်ကွဲသံများဖြင့်ဆူညံသွားစေသည်။ ချူချန်းရှန်၏ နတ်ဘုရာယဇ်ပလ္လင်သည် အလင်းတန်းများဖြင့်တောက်ပလာပြီး စွမ်းအင်အမျှင်များသည် ပိုးသားကန့်လန့်ကာများကဲ့သို့ တလွင့်လွင့်ဖြစ်နေသည်။


သူ့ခန္ဓာကိုယ်သည် လေဟာနယ်ကိုပင်ချိုးဖျက်တော့မည့်ပုံဖြင့်ရွေ့လျားသွားကာ ချူချန်းရှန်၏မျက်လုံးများသည် ပိုမိုစူးရှလာတော့သည်။


မိုချာသည် ချူချန်းရှန်တစ်ယောက် မျက်စိတစ်မှိတ်အတွင်း လူ့ဘီလူးကြီးတစ်ကောင်အဖြစ်အသွင်ပြောင်းသွားလိမ့်မည်ဟုမထင်ခဲ့ပေ။ ထိုဖိအားသည် သူ့ကိုပင်အံ့ဩသွားစေတော့သည်။


ထိုတိုက်ခိုက်မှုကိုဟန့်တားရန် သူ၏ခက်ရင်းခွကို အလျားလိုက်ပုံစံဖြင့်ကိုင်ကာ တားဆီးလိုက်သော်လည်း သူ့ခန္ဓာကိုယ်ကိုထိမှန်သွားပြီးနောက်သို့ဆုတ်လိုက်ရသည်။


မိုဆာသည် ချုချန်းရှန်၏အသွင်ပြောင်းလဲမှုကိုမြင်လိုက်ရပြီး သူ့မျက်လုံးများသည်အသက်ဝင်လာ၍ စွမ်အင်များပြည့်လာသကဲ့သို့တောက်ပလာလေသည်။


"ဒီအသားက... တကယ်ကြီးကိုအရသာရှိမှာပဲ..."


မိုဆာ စိတ်လှုပ်တရှားဖြင့်အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် ချူချန်းရှန်ထံသို့ဦးတည်သွားကာ သူ၏တောင်တစ်လုံးနှင့်တူသောလက်သီးများဖြင့် ချူချန်းရှန်ကိုထိုးနှက်လိုက်လေသည်။


ချူချန်းရှန် အော်ဟစ်မိလိုက်ပြီး သူ့ခန္ဓာကိုယ်သည် ပဲကပ်ကြော်ကဲ့သို့အက်ကွဲသွားသည်။လက်သီးချက်များတွင်အင်အားစုထား၍ သူ့၏ကြွက်သားများပြန်လည်သေးငယ်သွားပေသည်။


သူ လက်သီးဖြင့်ထိုးချလိုက်သည်။


လက်သီးကြီးနှစ်ခုက လေထုထဲတွင် တွေ့ဆုံသွားသည်။ လက်သီးနှစ်ခုအချင်းချင်းထိခတ်မိသွားချိန်တွင် လူတိုင်း၏နှလုံးတစ်ချက်မျှဆောင့်ခုန်သွားလေသည်။


ချူချန်းရှန်၏ မျက်လုံးများကျဉ်းမြောင်းသွားပြီး နှလုံးသားတစ်ခုလုံးနစ်မြုပ်သွားသလိုခံစားလိုက်ရသည်။ တစ်ဖက်လူ၏လက်သီးချက်သည် သူ့ကိုကြောက်ရွံ့သင့်သည်ဟူသော ခံစားချက်ကိုပေးနေပေသည်။ 


သူထိုလက်သီးချက်ကိုမတားဆီးနိုင်ချေ။


ဘုန်း


မိုဆာ၏မျက်နှာတွင် စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နှက်လာသည်။ သူ့လက်သီးချက်သည် ချူချန်းရှန်၏ခံစစ်ကိုထိုးဖောက်ကာ ခေါင်းတည့်တည့်ကိုထိမှန်သွားခဲ့သည်။


ချူချန်းရှန်၏ ကြွက်သားအပြည့်ဖြင်ခန္ဓာကိုယ်ကြီးသည် နောက်သို့လွင့်ပျံသွားကာ အမြှောက်ဆံတစ်ခုကဲ့သို့ မြေပြင်ပေါ်ကိုပြင်းပြင်းထန်ထန်ကျဆင်းသွားပေသည်။ ထို့ကြောင့် မြေပြင်သည်ကွဲကြေကာ ချိုင့်ဝင်သွားလေသည်။


ထိုအရာသည် မိုဆာ၏လက်သီးချက်မည်မျှစွမ်းထက်ကြောင်းပြသရန်လုံလောက်ချေသည်။


"အားနည်းတဲ့ကြက်ကလေးပဲ.."


မိုဆာသည် လေဟာနယ်ပေါ်ရပ်နေကာ ကျယ်လောင်စွာရယ်မောလိုက်သည်။ သူ့လက်များသည် သူ၏ချွန်ထက်နေသောဦးချိုများကိုပွတ်သပ်နေပြီး ထိုပုံရိပ်သည် အလွန်ကြောက်မက်ဖွယ်ကောင်းနေပေသည်။


လူ့ဘီလူးကြီးပုံစံ လူတွေနဲ့တိုက်ရတာကရှားတယ်... ဒါပေမယ် ဒီလူကအရမ်းအာနည်းလွန်းတာကဆိုးတာပဲ...


မိုဆာဟိန်းဟောက်လိုက်သော အသံက နားကန်းလုမတတ်စူးရှနေသည်။


လက်သီးနှစ်ဖက်ကိုမြေပြင်ပေါ်ထိုးချလိုက်သောကြောင့် သူ့ခန္ဓာကိုယ်သည်ငရဲစွမ်းအင်များအပြည့်ဖြင့်ဖုံးလွှမ်းကာ ကောင်းကင်ယံသို့ပျံတက်သွားပေသည်။


ဖလပ် ဖလပ်


သူ့ခန္ဓာကိုယ်သည် လမ်းတစ်လျှောက်တွင် တဝီဝီမြည်နေပြီး ထို့နောက်တွင် ကျယ်လောင်သောမြည်သံကြီးဖြင့် မြေပြင်ပေါ်ပြန်ကျဆင်းသွားတော့သည်။


မြေပြင်တစ်ခုလုံးအစိတ်စိတ်ကွဲအက်သွားကာ ဖုန်လုံးကြီးတစ်ခုထသွားစေသည်။


ချူချန်းရှန်အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်မှခုန်ထလိုက်ကာ လေထဲကိုအဆက်မပြတ်ထိုးနှက်လိုက်သည်။


ထိုတိုက်ခိုက်မှုအောက်တွင် လေထုသည်အဆက်မပြတ်ပေါက်ကွဲသွားကာ လေလုံးများအဖြစ်ပြောင်းလဲသွားသည်။


လေလုံးများသည် မိုဆာ၏ခန္ဓာကိုယ်ကိုဒေါသတကြီးထိမှန်ကာပေါက်ကွဲသွားပေသည်။ သို့သော် မိုဆာသည်ယိုင်ပင်မသွားချေ။


"ငါ့ကို ကလိယားထိုးနေတာလား..."


မိုဆာပြုံးလိုက်ကာ ချူချန်းရှန်ကိုလက်ဖဝါးဖြင့်ပုတ်လိုက်သည်။


မိုဆာ နောက်တစ်ကြိမ်ခုန်လိုက်သည်။ ဒီတစ်ကြိမ်တွင် သူသည်မပြိုလဲနိုင်သောတောင်တစ်လုံးနှင့်တူနေသည်။ သုံးမီတာခန့်ကြီးမားသောချူချန်းရှန်သည်ပင် ထိုဧရာမပုံရိပ်ကြီး၏ရှေ့တွင် လူပုလေးတစ်ယောက်နှင့်တူနေလေသည်။


သူ့လက်သည် တောင်တစ်လုံးကဲ့သို့သက်ဆင်းလာချေသည်။


ချူချန်းရှန် လက်သီးနှစ်ဖက်ဖြင့်ထိုးချလိုက်ပြီး ထိုလက်ဖဝါးကိုထိုးချလိုက်သည်။


သို့သော် ချူချန်းရှန်၏ခြေထောက်များသည် မြေပြင်ထဲသို့နစ်ဝင်သွားပေသည်။ သူ့ခန္ဓာကိုယ်ရှိသွေးကြောစိမ်းများသည် ပေါက်ကွဲလုမတတ်ဖုဖောင်းလာကာ မျက်လုံးများသည်လည်းပေါက်ထွက်လုမတတ်ပြူးကျယ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးကထိုလက်ဖဝါးအောက်တွင်အနည်းငယ်ကေညွတ်သွားလေသည်။


"မင်းကိုရိုက်သတ်ပြီး စားပြမယ်..."


မိုဆာ၏မျက်လုံးထဲတွင်အလင်းတစ်ချက်လက်သွားပေသည်။ ချူချန်းရှန်တွင် ကြွက်သားအပြည့်ဖြင့်ခန္ဓာကိုယ်ရှိပြီး အလွန်ပင်အရသာရှိမည့်ပုံပေါ်သည်။


ချူချန်းရှန်၏ကျင့်ကြံခြင်းအဆင့်သည် နတ်ဝိဉာဉ်အဆင့်သို့ခြေတစ်ဝက်လှမ်းပြီးရုံမျှဖြစ်သော်လည်း သူ၏အတိုက်အခိုက်စွမ်းရည်များသည် အစစ်အမှန်နတ်ဝိဉာဉ်အဆင့်ကျင့်ကြံသူတစ်ဦးနှင့်ယှဉ်ပြိုင်နိုင်လေသည်။


သူ့ခန္ဓာကိုယ်ကိုထောင်တျဲနှလုံးသားဖြင့်အားဖြည့်ထားသောကြောင့် အားအင်ပြည့်ဖြိုးနေကာ သူ့ထက်ကျင့်ကြံဆင့်မြင့်သောသူများနှင့်ယှဉ်ချရန်ပင် ခက်ခဲမှုမရှိချေ။


ကံဆိုးစွာဖြင့် မိုဆာ၏အစွမ်းသည်အလွန် ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။


ချူချန်းရှန်သည် ခဏမျှအသက်ရှူရပ်သွားသလိုခံစားလိုက်ရသည်။


ဒုတ် ဒုတ် ဒုတ် ဒုတ်


သူ့နှလုံးသားသည် ဒုန်းဆိုင်းခုန်ပေါက်နေကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးလောင်ကျွမ်းနေသကဲ့သို့ခံစားနေရသည်။


အဝေးရှိ မိုလျှိုကျိသည် အပျက်အဆီးများကြားမှထရန် ယိုင်တိယိုင်တိုင်ဖြင့်ကြိုးစားနေသည်။ ပါးစပ်နှင့်နှာခေါင်းပေါက်များမှ သွေးများစီးကျနေကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည်သနားစဖွယ်ဖြစ်နေသော်လည်း မျက်လုံးများသည်တော့စူးရှနေဆဲဖြစ်သည်။


တုန်တုန်ရီရီဖြင့် အာကာသနတ်သမီးရှေ့သို့သွားရပ်ကာ သူမကိုကာကွယ်ရန်ကြိုးစားနေပေသည်။


မိုချာ၏ သတ်ဖြတ်လိုစိတ်အော်ရာမြင့်တက်သည်။ မိန်းကလေးကိုကာကွယ်ရန်နောက်တစ်ကြိမ်ရောက်လာသော မိုလျှိုကျိကိုကြည့်လိုက်ပြီး သူ့ရင်ထဲတွင်အမည်မသိသောဒေါသမီးတစ်ခုတောက်လောင်လာသည်။


"မင်းလိုအဆင့်နိမ့်အင်းဆက်ကောင်ကများ... သေချင်နေတာလား... မင်းကများငါ့ကိုတားချင်တယ်ပေါ့လေ... ဘာနဲ့များတားမှာတဲ့လဲ..."


ခက်ရင်းခွကိုလှည့်လိုက်ပြီး ထိုးစိုက်လိုက်သည်။ ခက်ရင်းခွမှကြောက်မက်ဖွယ်စွမ်းအင်တစ်ခုပေါက်ကွဲထွက်လာတော့သည်။


ခက်ရင်းခွသည် အော်ဟစ်ဟိန်းဟောက်၍ အေးစက်စက်အလင်းတစ်ချက်တောက်ပလာပြီး ကောင်းကင်တစ်ခွင်ပြည့်နှက်သွားနိုင်သည့်ငရဲစွမ်းအင်နှင့် ကမ္ဘာမြေတုန်လှုပ်သွားနိုင်သောအင်အားတို့ဖြင့် မိုလျှိုကျိထံဦးတည်၍သွားလေသည်။


မိုလျှိုကျိသည် ထိုခက်ရင်းခွကိုစိုက်ကြည့်လိုက်ပြီး ခဏအကြာတွင် လည်ပင်းကြောများထောင်ထလာအောင် အံကြိတ်၍ဟိန်းဟောက်လိုက်သည်။


သူ့ခြေထောက်အောက်တွင် ပုံစံကွက်များစွာတောက်ပလာပြီး စွမ်းအင်များကိုထုတ်လွှတ်နေသည်။


ဘုန်း


ထောင်ပေါင်းများစွာသော ကြယ်ရောင်များသည် မိုလျှိုကျိ၏ပတ်ပတ်လည်တွင်တောက်ပသည်။ ကြယ်တာရာသံလိုက်အိမ်မြှောင်တစ်ခုက မိုလျှိုကျိလက်ပေါ်တွင်ပေါ်လာသည်။


"ကောင်းကင်ဘုံလျှို့ဝှက် နတ်ဆိုးနှိမ်နင်းပညာ"


မိုလျှိုကျိ၏ဆံပင်များသည် ရှုပ်ပွနေကာ သူ့မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များတောက်လောင်နေပေသည်။


မိုချာ မျက်လုံးလှိမ့်လိုက်ပြီးပြောလိုက်သည်။


"ဒီလှည့်ကွက်လေးနဲ့များ... သွားသေလိုက်တော့"


ဆွစ်


ခက်ရင်းခွဖြင့် မိုလျှိုကျိ၏ရှေ့တွင်ရှိသော ကြယ်တာရာ သံလိုက်အိမ်မြှောင်ကိုရိုက်ချလိုက်သည်။


သို့သော် ကောင်းကင်ယံမှကြယ်များသည်ဆက်လက်၍ကြွေကျနေကာ မိုချာ၏ပတ်ပတ်လည်ကိုအမြှောက်များဖြင့်ပစ်နေသကဲ့သို့ဖြစ်နေသည်။


မိုချာသည် ကြွေကျလာသောကြယ်များကိုရှောင်ရှားရန် တိမ်းရှောင်နေသော်လည်း ထိမှန်သွားခဲ့ကာ သူ့ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ကျွံဝင်သွားတော့သည်။


မိုလျှိုကျိခန္ဓာကိုယ်ပတ်လည်ရှိ ကြယ်ရောင်စွမ်းအင်များပျက်ပြယ်သွားကာ သွေးတစ်လုပ်အန်ထုတ်လိုက်ပြီး နောက်သို့ယိမ်းယိုင်သွားလေသည်။


သူ့စွမ်းအင်များလျှင်လျှင်မြန်မြန်ရုတ်လျော့သွားသည်ကိုခံစားနေရပေသည်။


မိုလျှိုကျိသည် ကောင်းကင်အပြည့်ဖုံးလွှမ်းနေသောတိမ်မဲများကိုကြည့်ပြီး ခပ်တိုးတိုးကျိန်ဆဲနေသည်။ သူအခုလို စွမ်းအင်ဖြုန်းရသည့်တိုက်ပွဲများကိုမုန်းပါသည်။


သူဘာကြောင့် အခုပဲသေရတော့မှာလဲ... သူပိုင်ရှင်ပုရဲ့အကောင်းစားဝိုင်ဆိုတာကိုမသောက်ရသေးဘူးလေ.. အခုသေသွားရင်နောင်တတစ်ပွေ့ကြီးနဲ့သေသွားရမှာပဲ....


ရုတ်တရက် နူးညံ့သည့်လက်တစ်စုံသည် သူ၏ယိုယွင်းနေသောခန္ဓာကိုယ်ကိုအသာကိုင်လိုက်ကာ မြေပြင်ပေါ်သို့သက်တောင့်သက်သာနှင့်လှဲနိုင်အောင်လုပ်ပေးလိုက်သည်။


ဖြူလွလွဝတ်စုံလွင့်ပျံသွားကာ မိုလျှိုကျိ၏ မျက်နှာချောချောကိုပွတ်တိုက်သွားပြီး ကြက်သေသေသွားစေသည်။


အဆုံးမဲ့သောအမှောင်ထုသည် အစားကြူးတောင်ကြားအထက်ရှိကောင်းကင်ယံတွင် လွှမ်းမိုးနေသည်။


ကောင်းကင်ပေါ်တွင် မိုချာသည် ငရဲစွမ်းအင်များထုတ်လွှတ်နေသော ခက်ရင်းခွကိုကိုင်ထားကာ သူ့ဒေါများအထွတ်အထိပ်သို့ရောက်နေလေသည်။


အာကာသနတ်သမီး၏ဝတ်ရုံသည် လေအဝှေ့တွင်လူးလွန့်နေကာ ဆံပင်များသည်နောက်ကျောဘက်တွင် ပျံ့လွင့်နေလေသည်။ သူမ နတ်ဆိုးသုံးကောင်နှင့်မျက်နှာချင်းဆိုင်လိုက်တော့သည်


အစားကြူးနတ်ဘုရားရင်ပြင်တွင် ကြောက်လန့်တကြားအော်ဟစ်သံများဆူညံလာသည်။


ရွှေရောင်အရိပ်တစ်ခုသည် ကောင်းကင်ကို ဖြိုခွင်း၍ လေဟာနယ်ထဲ ဖြတ်သန်းလာလေသည်။