အပိုင်း ၈၂၆
စမ်းချောင်းဝါပညာရှိ၏ဒေါသ
မြေကမ္ဘာအကျဉ်းထောင်၊ ငရဲကမ္ဘာ..
မြစ်ဝါမြစ်ရေပြင်အထက်တွင်သွေးနီရောင်မြူခိုးတို့လွှမ်းခြုံနေ၏။
ငရဲဘုရင်အာဟသည် အစပ်ချောင်းတစ်ချောင်းပါးစပ်တွင်ကိုက်ကာလက်ပိုက်လျက်သမာရိုးကျလမ်းလျှောက်နေသည်။
သူက မြစ်ဝါမြစ်ရေပြင်ထက်တွင်နင်းလျှောက်နေခြင်းဖြစ်ပြီးခြေလှမ်းတစ်လှမ်းချင်းစီကမြစ်ရေပြင်အားလှိုင်းထသွားစေသည်။
ရုတ်တရက်ဆိုသလို မြစ်ဝါမြစ်အတွင်းမှဧရာမအရိပ်ကြီးတစ်ခုခုန်ထွက်လာကာ ငရဲဘုရင်၏ရှေ့တည့်တည့်တွင်ဟိန်းဟောက်လိုက်၏။သွေးနီရောင်ရေစက်များက၎င်းသတ္တဝါကြီး၏အကြေးခွံများဆီမှစီးကျလာကာ ရက်စက်ကြမ်းကြုတ်သည့်သဏ္ဍာန်အားပေါ်လွင်နေစေလေသည်။
လေလှိုင်းကြောင့်ငရဲဘုရင်အာဟ၏ဆံနွယ်များကနောက်သို့ဝေ့ဝဲသွားသသည်။အာဟသည်အစပ်ချောင်းအစားမပြတ်ဘဲ သားရဲကြီးအားနှာရှုံ့၍ကြည့်လိုက်သည်။
ခေတ္တအကြာတွင် ငရဲဘုရင်ကသူ၏ကြောက်ခမန်းလိလိအရှိန်အဝါများကိုလွှတ်ထုတ်လိုက်လေသည်။ရောင်ဝါများကထူထပ်သိပ်သည်းလာပြီး သူ့ခန္ဓာကိုယ်၏နောက်တွင်အရိပ်တစ်ခုအဖြစ်ပုံပေါ်ဖြစ်တည်သွားသည်။
ပုံရိပ်ယောင်အသွင်ကထင်ရှားလာသည်နှင့်အမျှငရဲကမ္ဘာကောင်းကင်ထက်တွင် တိမ်မည်းလိပ်များဝေ့ဝဲလာချေသည်။
ဧရာမသားရဲကြီးကကြောက်ရွံ့သွားပြီး မြစ်ဝါမြစ်အတွင်းသို့တိုးဝင်ပျောက်ကွယ်သွားကာ ကန်ရေပြင်မှာပကတိငြိမ်သက်လျက်ကျန်ရစ်ခဲ့၏။
"ဘယ်လိုအရိုင်းအစိုင်းလေးလဲ..."
ငရဲဘုရင်အာဟကရေရွတ်ကာ လမ်းဆက်လျှောက်သည်။မကြာမီတွင်ပဲ သွေးမြူခိုးများအားကျော်ဖြတ်၍မြစ်၏အခြားတစ်ဖက်သို့ရောက်ရှိလာချေ၏။
သူကရေပြင်ပေါ်သို့ခြေဆောင့်နင်းလိုက်သည်နှင့် ခန္ဓာကိုယ်ကလေထဲသို့ပျံဝဲသွားသည်။ အာဟ၏မျက်ဝန်းများက တစ်ဖက်ကမ်းရှိပုံရိပ်အားတောက်ပစွာမျှော်ကြည့်နေလေသည်။
ထိုနေရာ၌ပုဖန်ကား တစ်လက်လက်တောက်ပနေသောအစပ်ချောင်းတစ်ချောင်းကိုကိုင်ကာရပ်စောင့်နေသည်။
အာဟကကျယ်လောင်စွာဟစ်ကြွေးရင်းပုဖန်နှင့်နယ်သာရီရှိရာထံသို့ပြင်းထန်သောအရှိန်ဖြင့်ပြေးဝင်သွားလိုက်၏။ထို့နောက်သူ၏ဆံပင်အားလုပ်နေကျအတိုင်းသပ်တင်လိုက်လေသည်။
ဝေါင်းးး
နားစည်ကွဲလုမတတ်ဟိန်းဟောက်သံကြီးတစ်သံကလေထုအားတုန်ခါသွားစေသည်။ကြောက်မက်ဖွယ်ဖိအားများကလေထုတွင်းပြည့်နှက်နေသည်။
လှိုင်းထန်နေသောမြစ်ဝါမြစ်ရေပြင်ကပင် ထိုဖိအားအောက်တွင်ငြိမ်သက်သွားဟန်တူ၏။
နဂါးဟိန်းသံအားကြားလိုက်ရချိန်အာဟမှကြောင်အသွားပြီး နောက်လှည့်စစ်ဆေးကြည့်လိုက်ရာ ထိတ်လန့်သွားရတော့သည်။
သူ၏အမြင်အာရုံကအစပ်ချောင်း၌သာရှိနေခဲ့သည့်အတွက်ပုဖန်နှင့်နယ်သာရီတို့ပြေးလွှားနေရသည့်အကြောင်းအရင်းကိုဂရုမစိုက်မိခဲ့ချေ။ယခုမူခေါင်းလှည့်လိုက်ရုံဖြင့် မမျှော်လင့်ထားခဲ့သောဧရာမသားရဲကြီးအားတွေ့ရှိလိုက်ရပေသည်။
"သွေးရောင်ခြယ်နဂါးး.. ဘုရားရေ အခုခေတ်လူငယ်တွေ အကြောက်အလန့်ကင်းလိုက်ကြတာ..."
ငရဲဘုရင်ကမဲ့ရွဲ့လိုက်ပြီး ပုဖန်လက်ထဲမှအစပ်ချောင်းအားဆွဲယူကာ နောက်မှပြေးလိုက်တော့သည်။သူ၏ခြေတံရှည်များကပြေးနိုင်သမျှအလျင်မြန်ဆုံးပြေးလွှားနေပေ၏။
ပုဖန်နှင့် နယ်သာရီတို့မှာ မယုံနိုင်စွာဆွံ့အကုန်ကြရသည်။
ဘာလဲ.. အဲဒါဘာသဘောလဲ
သူက အစပ်ချောင်းကျယူတယ် အလုပ်ကျမလုပ်ချင်ဘူးပေါ့..
ဂုန်းဆင်းချင်နေတာလား..
ပုဖန်ကငရဲဘုရင်အာဟကိုမျက်ခုံးပင့်ကာကြည့်လိုက်ပြီး သံသယစကားတို့ကိုဆိုသည်။
" ငါတို့ဒုက္ခရောက်နေရင် ငါကအစပ်ချောင်းသုံးပြီးမင်းကိုဆင့်ခေါ်လိုက်ဖို့ပြောခဲ့တယ်မဟုတ်ဘူးလား..."
"ပြောခဲ့တယ်လေ ခုလည်းဒီဘုရင်ရောက်နေပြီလေ... ဟုတ်တယ်မဟုတ်လား...."
အာဟကပုဖန်အားလှည့်ကြည့်ကာပြောရင်းအစပ်ချောင်းတစ်ချောင်းထုတ်ကာပါးစပ်ထောင့်တွင်ကိုက်လိုက်သည်။
" လာပြီးဘာလုပ်မှာလဲ ငါတို့နဲ့အတူလာပြေးတာလား..."
"လူငယ်လေး..မင်းအတွေးမလွဲနဲ့ ဒီဘုရင်မင်းနဲ့အတူပြေးပေးဖို့ဆိုတာဘယ်လောက်ရခဲလိုက်တဲ့အခွင့်အရေးလဲ..ကျေးဇူးတင်တတ်စမ်းပါ..."
ငရဲဘုရင်ကဆံပင်ခါလိုက်ကာ လက်တစ်ဖက်ဖြင့်သူ့မျက်နာအားဖုံးအုပ်၍ဝမ်းနည်းစွာပြောလာ၏။
ပုဖန်ကတစ်ဖက်သို့လှည့်ကြည့်လိုက်သောအခါ သွေးရောင်ခြယ်နဂါးနီးကပ်လာသည်ကိုမြင်လိုက်ရသည်။ထို့နောက်သူကတစ်ဖက်ပြန်လှည့်ကာငရဲဘုရင်အာဟအား အသက်မဲ့စွာကြည့်လိုက်၏။
"ငါတို့မင်းကိုဘာလုပ်ဖို့လိုတာလဲရောသိလား.."
ဝေါင်းး
နဂါးကထပ်မံဟိန်းဟောက်လိုက်ပြီး အပူငွေ့များကသူတို့ကျောပြင်အားရိုက်ခတ်လာသည်။
အာဟ၏မျက်လုံးများကမှေးကျဉ်းသွားသည်။သူက လက်ဆန့်ထုတ်ကာပုဖန်နှင့်နယ်သာရီတို့အားပခုံးမှဆွဲကိုင်လိုက်ပြီး ရုတ်ချည်းဆိုသလိုမြေပြင်ပေါ်မှခုန်လိုက်၏။
ကြောက်ခမန်းလိလိ မီးလျှံကြီးကမြေပြင်သို့ထိခတ်သွားပြီး ချက်ချင်းဆိုသလိုမြေပြင်အားလောင်ကျွမ်းနေသောချော်ရည်များအဖြစ်ပြောင်းလဲပစ်လိုက်သည်။
သွေးရောင်ခြယ်နဂါးကလေထဲရှိ ပုဖန်တို့အားကြည့်လိုက်ကာ ဒေါသတကြီးဖြင့်ဟိန်းဟောက်လိုက်၏။၎င်းင်၏ပါးစပ်အတွင်း၌လူတစ်ဦးအားခေါင်းကျိန်းသွားစေနိုင်လောက်သည်ထိချွန်မြသောသွားစွယ်များဖွေးဖွေးလှုပ်နေချေ၏။
အနှီပါးစပ်အကျယ်ကြီးက ငရဲဘုရင်အာဟအားလှမ်းဟပ်လိုက်သည်။
"သွေးရောင်ခြယ်နဂါးကိုရန်စတဲ့အထိမင်းတို့လူငယ်တွေအရမ်းသတ္တိကောင်းနေကြတာပဲ...အဲ့အကောင်ကြီးကအကြေးခွံရောအသားရောအရမ်းထူတယ် နံလည်းနံသေးတယ် ဘယ်သူမဆိုခေါင်းကိုက်လောက်စရာပဲ..."
ငရဲဘုရင်၏ခန္ဓာကိုယ်သည် ပျံလွှားငှက်တစ်ကောင်ကဲ့သို့ ပုဖန်နှင့်နယ်သာရီတို့အားတစ်ဖက်တဝ်ချက်ဆီတွင်သယ်ဆောင်ထားရင်းလေပေါ်ပျံဝဲနေသည်။
သူကသွေးရောင်ခြယ်နဂါး၏ကိုက်ချက်ကိုရှောင်လွှဲလိုက်ပြီး သူ၏ခြေဖျားများကနဂါး၏ဦးခေါင်းပေါ်သို့ငြင်သာစွာဖိနင်းလိုက်၏။
ရုတ်ချည်းဆိုသလို ပတ်ပတ်လည်တွင်လေပြင်းများဝန်းရံလာတော့သည်။
သွေးရောင်ခြယ်နဂါး၏ခန္ဓာကိုယ်မှာဆောင့်နင်းခံလိုက်ရသည်။၎င်းကချော်ရည်ပြင်ပေါ်သို့လဲကျသွားကာ ချော်ရည်ပူများနေရာအနှံ့လွင့်စင်သွားသည်။
သို့သော်နဂါးခန္ဓာကိုယ်ကြီးလဲကျသွားချိန်၎င်း၏သေးသွယ်ကာ ဆူးချွန်အပြည့်ပါရှိသောအမြှီးကမြောက်တက်လာသည်။
အမြှီးကလေထုအားဖြတ်၍ဝှေ့ယမ်းလာပြီး ထိုအရာတွင်ကြီးမားသောစွမ်းအင်တို့မုချရှိနေပေမည်။
ထိုအမြှီးအတွင်းဖြစ်ပေါ်နေသောစွမ်းအင်များမှာတုန်လှုပ်လောက်စရာပင်ဖြစ်သည်။မြင့်မြတ်သောစိတ်ဝိဉာဉ်အဆင့်ရှိသူပင်ထိုအမြှီးဖြင့်ပွတ်တိုက်ခံလိုက်ရရုံမျှဖြင့်ကြေမွသွားနိုင်လေသည်။
ဤသက်ရှိသည်ငရဲကမ္ဘာ၏ကြောက်မက်ဖွယ်ဖြစ်တည်မှုတစ်ခုဖြစ်၏။
ပုဖန်ကငြင်သာစွာအသက်ရှုထုတ်လိုက်မိသည်။
ငရဲဘုရင်အာဟသည်မူ ခေါင်းခဲနေ၏။
"မင်းတို့ဒီနယ်ရုပ်ကိုဘယ်လိုများရန်စခဲ့တာလဲဟမ် ဒီနဂါးကမြစ်ဖျားမှာနေပေမဲ့သာမာန်လောက်နဲ့တော့သူ့ကိုနှိုးနိုင်မှာမဟုတ်ဘူး...ဒီ ဘုရင် သူယေါင်သစ်သီးသွားခိုးခဲ့တဲ့အချိန်တုန်းကဆိုအပင်တစ်ပင်လုံးကိုတောင်ဆွဲနှုတ်လုနီးနီးပဲ ဒီကောင်ကြီးနိုးမလာခဲ့ဘူး... ဟိုကျောက်တုံးနှစ်တုံးဆီမှာသာမမိခဲ့ရင် စမ်းချောင်းဝါအဘိုးကြီးဆီကနေနာမည်ပျက်စာရင်းကပ်ခံရမှာကိုမဟုတ်ဘူး.."
ပုဖန်နှင့်နယ်သာရီတို့အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူတို့ဤကိစ္စအားမည်သို့မည်ပုံရှင်းပြရမည်မသိချေ။
သူတို့နှစ်ဦးစလုံးသိသည့်အချက်က ဤနဂါးကိုနှိုးဆွခဲ့မိခြင်းမှာ ဝိဉာဉ်ဆေးပင်ခူးသည့်အတွက်ကြောင့်မဟုတ်ခြင်းပင်။
" အစကတော့ ဟုတ်နေခဲ့တာပါပဲ ဒါပေမဲ့ကျွန်မတို့ထွက်လာတော့ တစ္ဆေဘုရင်ရုပ်တုနှစ်ပါးကပုဖန်ချက်တဲ့ဟင်းကိုလုရင်း.. အချင်းချင်းတိုက်ခိုက်ကုန်ကြတယ် ပြီးတော့..."
နယ်သာရီကစဉ်းစဉ်းစားစားဖြင့်စကားလုံးများအားရွေးချယ်ကာ အာဟကိုရှင်းပြနေ၏။
ငရဲဘုရင်အာဟမှာဆွံ့အသွားရသည်။ထို့နောက်ဟက်ဟက်ပက်ပက်အူလှိမ့်အောင်ရီလေသည်မှာ မျက်ရည်စများထွက်ကျလာလုမတတ်ပင်။
" အဲ့ကျောက်တုံးနှစ်တုံးက သေအောင်ရန်သတ်နေကြတယ်ပေါ့လေ.. ပုဖန်ရာ မင်းအဲဒီသောက်ကျိူးနဲနဂါးကိုနှိုးနိုင်တာမအံ့သြတော့ဘူး ကြာကြာသာဆက်နေရင် စမ်းချောင်းဝါငတုံးအဖိုးကြီးကိုတောင်ဒီခေါ်လာမှာစိုးရတယ်.."
ငရဲဘုရင်ကကျယ်လောင်စွာရီမောနေစဉ် မြေပေါ်မှနဂါးကခေါင်းထောင်လာကာဟိန်းဟောက်လေသည်။
မလှမ်းမကမ်း၌ လေဟာနယ်ကမျက်တောင်တစ်ခတ်အတွင်းဆုတ်ပြဲသွားပြီး ထိုလေဟာနယ်ကွဲကြောင်းအကြားမှခွေးဝတစ်ကောင်ခုန်ထွက်လာသည်။ကြောင်တဝ်ကောင်ကဲ့သို့လျှောက်လှမ်းလာချိန်ခွေးဘုရင်၏ခန္ဓာကိုယ်ပေါ်ရှိအဆီများကတုန်ခါသွားသည်။
ခွေးဘုရင်ကခြေလှမ်းအနည်းငယ်မျှလျှောက်လှမ်းရုံဖြင့် အာဟအနီးသို့ရောက်ရှိလာသည်။
ခွေးဘုရင်ကပုဖန်အားအမူအယာမဲ့စွာစစ်ဆေးလိုက်ပြီးပြောသည်။
"လူငယ်လေး မင်းကစမ်းချောင်းဝါမြက်ခူးဖို့သွားရာက ဘယ်လိုလုပ်ဒီလောကါဆူညံနဲ့မြွေကိုရန်စမိလာတာလဲ မင်းစမ်းချောင်းဝါအကြီးအကဲဆီကနေ အရွက်ကိုးရွက်ပါတဲ့မြက်ကိုများခိုးခဲ့သလား.."
သို့သော်ခွေးဘုရင်ကမေးမြန်းပြီးသည်နှင့် သူ၏နောက်တွင်ပုံရိပ်ယောင်အသွင်တစ်ခုဖြစ်တည်လာသည်။
သွေးရောင်ခြယ်နဂါးကမော့ကြည့်လိုက်ပြီး ၎င်း၏မီးပုံးကဲ့သို့မျက်လုံးများကပြူးကျယ်ကာအံ့အားသင့်သွားပြီး ပါးစပ်ဖွင့်ကာကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။လွှသွားများအလားချွန်မြနေသောသွားစိပ်စိပ်များက လူတို့အားကျောချမ်းစေလောက်သည်ပေ။
ဝေါင်းး
နဂါး၏ဟောက်သံသည်ကြောက်မက်ဖွယ်ကောင်းသောလှိုင်းလုံးလေပြင်းများနှင့်အတူ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
ခွေးဘုရင်ကလေထဲတွင်ပျံဝဲနေသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိအဆီအခဲများကနဂါး၏ဟောက်သံကြောင့်အဆက်မပြတ်တုန်ခါနေသည်။
ခွေးဘုရင်ကသူ့အမြီးကိုလှုပ်ရမ်းလိုက်ရင်းလှည့်ကြည့်လိုက်သောအခါသွေးရောင်ခြယ်နဂါးကြီး၏ဦးခေါင်းကြီးကိုမြင်လိုက်ရသည်။
နဂါးကြီးကသူ၏ပါးစပ်ကိုကျယ်လောင်စွာဖွင့်အားပြီးခွေးဘုရင်နှင့်အာဟတို့အဖွဲ့အားတစ်ကိုက်တည်းဖြင့်မျိုချပစ်လိုက်ရန်ကြိုးစားနေသည်။
ရုတ်တရက်..
သွေးရောင်ခြယ်နဂါး၏ကြိုးစားအားထုတ်မှုကရပ်တန့်သွားကာ ၎င်း၏ခန္ဓာကိုယ်ကြီးတစ်ခုလုံးသည်လေထဲ၌အံ့သြတကြီးတောင့်ခဲနေ၏။
၎င်း၏ရှေ့မှောက်ရှိဆူဖြိုးသောခွေးနက်ကြီးကကြောက်မက်ဖွယ်ကောင်းသောငရဲစွမ်းအင်များကိုကောင်းကင်တစ်ခုလုံးဖုံးလွှမ်းလုမတတ်ထုတ်လွှတ်လာသည်။
ကြောက်ခမန်းလိလိစွမ်းအားများကနဂါးအားကြောက်လန့်သွားစေပြီး အကြေးခွံများပင်တုန်ခါနေတော့သည်။
" ဘယ်ကလာတဲ့မိစ္ဆာလဲ.. ဆောင့်ကြွားကြွားနဲ့..."
ခွေးဘုရင်၏ငြင်သာသော်လည်းသြဇာပြည့်နေသောအသံကတုန်ဟီးသွားသည်။
ထိုအခါ သွေးရောင်ခြယ်နဂါး၏ခန္ဓာကိုယ်ကတုန်ရီသွားပြီး တောင်ပံခတ်၍နောက်သို့ဆုတ်ကာဆုတ်ကာဖြင့်ဆရွ့လျားသွားသည်။
ထို့နောက်မြေပြင်ပေါ်တွင်ဝပ်ချလိုက်ပြီး သူ၏ဦးခေါင်းအား မြေပေါ်ထိကပ်ကိုင်းညွှတ်လိုက်လေသည်။
"အမယ် ခွေးဝဲစားလေးက ဂုဏ်သိက္ခာတွေတောက်ပနေတုန်းဆိုပါတော့.."
သွေးရောင်ခြယ်နဂါးကခွေးဘုရင်၏ရှေ့တွင်ဝပ်တွားကာတုန်ရီနေသည်ကိုမြင်ရသောအခါ ငရဲဘုရင်အာဟ၏မျက်လုံးများကတောက်ပသွားသည်။
ငရဲဘုရင်၏အပြောင်အပျက်စကားလုံးများအား ခွေးဘုရင်ကနှုတ်ခမ်းမဲ့ပြကာတုံ့ပြန်လိုက်သည်။
"ခွေးဘုရင်အကြိုက်ဆုံးက နဂါးနံရိုးချိုချဉ်ကြော်ပဲ အဆင့်မသိတဲ့တွားသွားသတ္တဝါလေးထပ်ပြီးထောင်လွှားလွှားလုပ်နေမယ်ဆို ဒီခွေးဘုရင်ရဲ့နေ့လယ်စာလို့သဘောထားလိုက်မယ်.."
သူတို့နှင့်ဝေးရာ၌လေဟာနယ်ကနောက်တစ်ကြိမ်ပွင့်လာခဲ့သည်။
ကြီးမြတ်သောရောင်ဝါတို့ဖြင့်လွှမ်းခြုံထားသည့်ပုံရိပ်တစ်ခုကအက်ကွဲကြောင်းအတွင်းမှထွက်ပေါ်လာသည်။
ထိုသည်မှာ စမ်းချောင်းဝါမြစ်ကိုအုပ်စိုးသူ ဒဏ္ဍာရီလာစမ်းချောင်းဝါပညာရှိဖြစ်ပေသည်..
ဤပုဂ္ဂိုလ်ပေါ်ထွက်လာသည်နှင့် ကောင်းကင်နှင့်မြေကြီးမှာသိသိသာသာအရိပ်အယောင်ပြလာ၏။မြစ်ရေစီးမှာလည်းပိုမိုပြင်းထန်လာသည်။
ငရဲဘုရင်အာဟက စမ်းချောင်းဝါပညာရှိ၏တည်ရှိမှုကိုခံစားလိုက်ရသဖြင့်ရှုံ့မဲ့သွားကာ ချက်ချင်းလှည့်ပြေးလေသည်။
ခွေးဘုရင်ကလည်း စမ်းချောင်းဝါပညာရှိ၏ပုံရိပ်အားစောင်းငဲ့ကြည့်လိုက်ပြီးနောက် သူ၏အဆီများတုန်ခါနေသောခြေထောက်ဖြင့် လေဟာနယ်အက်ကွဲကြောင်းအတွင်းသို့ခုန်ဝင်ပျောက်ကွယ်သွားသည်။
စမ်းချောင်းဝါပညာရှိ၏အကြည့်တို့မှာစူးရှသွားသည်။
သူက မြေပြင်ပေါ်တွင်တုန်ရီကာဝပ်တွားနေသောသွေးရောင်ခြယ်နဂါးကိုကြည့်လိုက်သည်။ အံ့အားသင့်သွားရပြီးနောက် သူ၏စိတ်အာရုံအားသုံး၍ခပ်ဝေးဝေးတစ်နေရာသို့ကြည့်ရှုလိုက်ရာ အပြိုပြိုအပျက်ပျက်ဖြစ်နေသောတစ္ဆေဘုရင်ရုပ်တုနှစ်ပါးနှင့် သွေးစကျင်ကျောက်အိုးတစ်အိုးအားတွေ့လိုက်ရ၏။
သူ၏တစ္ဆေဘုရင်ရုပ်တုနှစ်ပါးက.. ကျိုး ပဲ့ သွား သည်လော..
စမ်းချောင်းဝါအကြီးအကဲက ချက်ချင်းဆိုသလို ဒေါသပေါက်ကွဲလာကာ နေရာတစ်ခုလုံးလှုပ်ခါလာလေသည်။
ငရဲဘုရင်အာဟက နယ်သာရီနဲ့ပုဖန်တို့အား မြစ်ကမ်းပါးဆီသို့ဆွဲခေါ်သွားကာ ၎င်းတို့နှစ်ဦးသားကိုငရဲကမ္ဘာသင်္ဘောအားစတင်ရွက်လွှင့်ကြသည်။ထို့နောက်အာဟက သင်္ဘောအားတွန်းလိုက်ရာ အရှိန်ပြင်းပြင်းဖြင့်မြစ်၏အခြားတစ်ဖက်ကမ်းဆီသို့ရွေ့လျားသွားတော့သည်။
"မင်းတို့အရင်သွားနှင့် ငါနဲ့ခွေးဘုရင်တို့နည်းနည်းပျော်လိုက်ဦးမယ် ပြီးရင်လိုက်ခဲ့မှာပါ.."
ပုဖန်နှင့်နယ်သာရီတို့သည်ကုန်းပတ်ပေါ်ရပ်နေရင်း အစပ်ချောင်းကိုက်လျက် သူ့ကိုယ်သူကိုယ်ပျောက်သူခိုးတစ်ယောက်အလားပြုမူရင်းစမ်းချောင်းဝါပညာရှိထံလှည့်ပြေးသွားသည့်အာဟအားကြောင်အစွာကြည့်နေမိကြသည်။
စမ်းချောင်းဝါပညာရှိကား စိတ်ဆိုးဒေါသထွက်လွန်းသဖြင့်ရူးသွပ်သွားလုမတတ်ရှိနေသည်။
သူ့စမ်းချောင်းဝါမြက်ကခိုးခံလိုက်ရတယ်..
ဒီမိုက်မဲတဲ့ကျောက်တုံးနှစ်တုံးကအရသာရှိတဲ့ဟင်းအိုးအတွက်တစ်ယောက်နဲ့တစ်ယောက်ပြန်သတ်နေကြတယ် ..
ဒီငတုံးတွေကိုဘာတွေကျွေးလိုက်ကြတာမို့လို့လဲ..
သွေးရောင်ခြယ်နဂါးသည်ခွေးဘုရင်၏အရှိန်အဝါကိုကြောက်သည့်အတွက်မြေပြင်ပေါ်၌ဝပ်တွားနေခဲ့သည်။သို့သော်လည်းအချိန်တစ်ခုကြာသောအခါ ၎င်း၏အသက်ရှုသံကတည်ငြိမ်လာကာ မီးပုံးကဲ့သို့မျက်လုံးများကပိတ်ဆို့သွားပြီးအိပ်မောကျသွားသည်မှာ တခေါခေါပင်ဟောက်နေတော့သည်။
စမ်းချောင်းဝါပညာရှိက သွေးကျောက်အိုးငါးဟင်းအားကြည့်လိုက်ပြီး ပွက်ပွက်ဆူနေသောဟင်းအနှစ်နှင့် သိပ်သည်းသောလတ်လတ်ဆတ်ဆတ်ငါးအသားရနံ့ကြောင့်သူ၏နှုတ်ခမ်းတစ်ချက်မဲ့သွား၏။
သူက သူ၏တစ္ဆေဘုရင်ရုပ်တုနှစ်ပါး 'ဖြစ်ခဲ့ဘူးသော' ကျောက်တုံးအပိုင်းအစများအားကြည့်လိုက်၏။သူ၏ဒေါသမှာတောက်လောင်နေသောလည်းပေါက်ကွဲပစ်ရန်နေရာမရှိချေ။
စမ်းချောင်းဝါပညာရှိကသူ၏လက်အားလှုပ်ခါလိုက်ပြီး တုန်ခါနေသောလေထုထဲရှိတစ်စုံတစ်ရာအားစုပ်ယူနေသည်။
ခေတ္တအကြာတွင်တစ်စုံတစ်ရာကအလျှင်အမြန်ရုပ်လုံးပေါ်လာပြီး ရုပ်သွင်ထင်ရှားသည့်ဝိဉာဉ်နှစ်ခုကိုမြင်တွေ့လာရ၏။၎င်းတို့မှာ ထုံထိုင်းသော တစ္ဆေဘုရင်ရုပ်တုနှစ်ပါး၏ဝိဉာဉ်များဖြစ်ချေတော့သည်။
ကြောင်အနေသောမျက်နှာများဖြင့်ငတုံးနှစ်ကောင်အားကြည့်ရင်း စမ်းချောင်းဝါအကြီးအကဲနှာခေါင်းရှုံ့လိုက်သည်။ထို့နောက် ငရဲစွမ်းအင်များကိုအသုံးပြု၍ပြန့်ကျဲနေသောကျောက်တုံးအပိုင်းအစများအားစုစည်းကာ ရုပ်တုနှစ်ခု၏ခန္ဓာကိုယ်များအားပြန်လည်တည်ဆောက်လိုက်ပြီး ဝိဉာဉ်တစ်စုံအားထိုရုပ်တုများတွင်းသို့ပြန်သွင်းလိုက်ချေ၏။
တစ်ဦးကိုယ်တစ်ဦးအသေသတ်ခဲ့သော ရုပ်တုနှစ်ပါးမှာပြန်လည်အသက်သွင်းခံလိုက်ရလေသည်။
ပြန်လည်ရှင်သန်လာပြီးနောက်တွင်ထိုနှစ်ဦးမှာ.. ထပ်မံ၍လုံးထွေးသတ်ပုတ်ကြပြန်သည်။
အငြင်းအခုံကပြီးသွားပြီလို့ဘယ်သူပြောလဲ..
ဘုန်း... ဘုန်းး
စမ်းချောင်းဝါပညာရှိမှာ ဒေါသထွက်ရလွန်းသဖြင့် သူ့ဘောများဆီမှစူးအောင့်လာသဘ်ကိုပငိခံစားလိုက်ရသည်။သူကရှေ့တိုးကာ ရုပ်တုနှစ်ခုအားလက်တစ်ဖက်ဆီဖြင့်ကိုင်မကာလူခွဲ၍ ကြမ်းပြင်ထက်သို့ပစ်ချလိုက်ရသည်။
" မင်းတို့နှစ်ကောင်က ငါးဟင်းတစ်ပွဲအတွက်နဲ့အချင်းချင်းသတ်ပုတ်နေကြတယ်.. ငါကမင်းတို့ကိုမြက်ပင်စောင့်ခိုင်းတာ ပြဿနာရှာခိုင်းတာမဟုတ်ဘူး.."
စမ်းချောင်းဝါပညာရှိက တစ္ဆေဘုရင်ရုပ်တုနှစ်ပါးအားလက်ညိုးငေါက်ငေါက်ထိုး၍ကျယ်လောင်စွာဆူပူလေသည်။
သူ၏မျက်လုံးများကရွေ့လျားသွားကာ သွေးကျောက်အိုးထံသို့ရောက်ရှိသွား၏။ထိုဟင်းအိုးထဲ၌ငါးအသားလွှာတစ်လွှာရှိနေသည်။
သူ၏လက်ချောင်းကိုလှုပ်ရှားလိုက်သည်နှင့်မွှေးကြိုင်သောရနံ့ရှိသည့်ငါးအသားလွှာကအိုးအတွင်းမှပျံဝဲလာပြီး စမ်းချောင်းဝါအကြီးအကဲ၏ပါးစပ်တွင်းသို့ရောက်ရှိသွားလေသည်။
"..ဟမ်.."
စမ်းချောင်းဝါပညာရှိကတိတ်ဆိတ်သွားချေ၏။.....
ထို့နောက်သူကချက်ချင်းပဲတစ်ဖက်သို့လှည့်၍ ရုပ်တုနှစ်ခုအားထုနှက်လိုက်တော့သည်။
" မင်းတို့ငတုံးနှစ်ကောင် ဒီလိုဟင်းကောင်းတစ်ခွက်ကိုဖြုန်းတီးလိုက်တာလား အစားကောင်းအသောက်ကောင်းလေးစားရချိန်ကျငါ့ကိုမေ့ကြတယ်ပေါ့လေ ခွေးကောင်တွေ..."
.......
ကောင်းကင်၏တစ်နေရာ၌ ငရဲဘုရင်အာဟသည်အစပ်ချောင်းဝါးလျက်ပွဲအားရွင်မြူးစွာကြည့်နေ၏။
ခွေးဘုရင်၏မျက်နှာကတစ်ဖက်သို့လှည့်သွားကာ သူ၏ခန္ဓာကိုယ်မှာအနည်းငယ်လှုပ်ခါသွား၏။
စမ်းချောင်းဝါပညာရှိသည် ရုပ်တုနှစ်ခုအားရိုက်နှက်ပြီးသည့်တိုင်စိတ်မပြေဟုခံစားရသဖြင့် တစ်ဖက်တွင်အိပ်နေသော သွေးရောင်ခြယ်နဂါးကိုလည်းတစ်ချက်မျှကောင်းကောင်းနှက်လိုက်သေးသည်။
ဟောက်နေသည့်နဂါးမှာ ရုတ်တရက်ဆန်စွာအနှိုးခံလိုက်ရသဖြင့်ဟိန်းဟောက်လိုက်သော်လည်း စမ်းချောင်းဝါပညာရှိကသူ၏ဖင်အားတစ်ချက်ဆောင့်ကန်ပစ်လိုက်၏။
"ထွက်သွားပြီးအိပ် .. မင်းလည်းဘာကောင်လဲ ငါကအောက်ကျနောက်ကျသုံးကောင်ကိုကျွေးမွေးထားရတာလား.."
ခေတ္တအကြာ စမ်းချောင်းဝါပညာရှိက ကောင်းကင်သိူ့မော့ကြည့်လာသည်။
အာဟကရယ်မောလို့ဝသွား၍ထပြေးသည်။ခွေးဘုရင်ကမရယ်သော်လည်း သူ၏ခွေးဖင်ဝဝအားခါယမ်းပြလိုက်သောကြောင့် စမ်းချောင်းဝါပညာရှိ၏ဒေါသမှာငယ်ထိပ်သို့ဆောင့်တက်သွားရ၏။
"မင်းတို့ခွေးကောင်လေးနှစ်ကောင် စောင့်ကြည့်နေလိုက်စမ်းပါ ငါ့ဆီကနေနောက်မြက်တစ်ပင်ယူနိုင်ရင် ငါစမ်းချောင်းဝါပညာရှိမဟုတ်တော့ဘူးကွ ဂါးး.."