အပိုင်း ၈၂၇
မင်းနှမနဲ့ပဲလဲလိုက်
စမ်းချောင်းဝါမြစ်တွင်းလှိုင်းလှုံးများပြင်းထန်နေ၏။
စမ်းချောင်းဝါပညာရှိ၏ အမျက်ဒေါသဘေးဒဏ်သင့်နေဟန်တူပြီး ရေလှိုင်းများအဆက်မပြတ်ခါယမ်းနေ၏။
ငရဲကမ္ဘာသင်္ဘောကလှိုင်းလုံးများကိုဖြတ်ကျော်၍အဟန့်အတားမရှိရွက်လွှင့်လာသည်။
ပုဖန်နှင့်နယ်သာရီတို့ကကုန်းပတ်ပေါ်၌ရပ်နေကြပြီး လေအဟုန်က၎င်းတို့၏ဆံပင်အားလွင့်ခါနေစေသည်။
မလှမ်းမကမ်း၌ သွေးမြူခိုးများနှင့်နီးကပ်လာသောအခါ ငရဲကမ္ဘာသင်္ဘောသည်အနက်ရောင်အစက်အပျောက်တစ်ခုအလား မြူခိုးထုအားဖြိုခွင်းသွား၏။
မြစ်ရေစီးကသင်္ဘော၏ကိုယ်ထည်အားလှုပ်ရမ်းသွားစေသည်။
ငရဲဘုရင်နှင့်ခွေးဘုရင်တို့က အချိန်တိုတိုအတွင်းအမှီလိုက်လာကြပြီး ကုန်းပတ်ပေါ်၌ဆင်းသက်လိုက်ကြသည်။အာဟ ကားကုန်းပတ်ပေါ်သို့လှဲချ၍ဟက်ဟက်ပက်ပက်ရယ်မောနေလေသည်။
စမ်းချောင်းဝါပညာရှိက သူ၏ကျောက်တုံးနှစ်တုံးအားသင်ခန်းစာပေးနေသည်ကိုမြင်ရခြင်းကသူ့အားပျော်မွေ့စေ၏။
ထိုငတုံးနှစ်ကောင်ကြောင့် သူအမြဲလိုလိုအသီးခါးခါးများသာစားခဲ့ရသည်။ သူအသီးခိုးရန်သွားချိန်တိုင်းတွင် စမ်းချောင်းဝါပညာရှိထံတွင်မိ၍ အမြဲလိုလိုရိုက်နှက်ခံရသည်။ဤသို့ဖြင့်သူ၏သနားစဖွယ်ပုံရိပ်သည်မြေကမ္ဘာအကျဉ်းထောင်၌ပြက်လုံးတစ်ခုဖြစ်လာပေသည်။
ယခုမူ အနှီကျောက်တုံးနှစ်တုံးရိုက်နှက်ခံရချိန်တွင် အာဟသည်ကြိတ်၍ဝမ်းသာနေချေတော့၏။
ခွေးဘုရင်က ကုန်းပတ်ပေါ်သို့သက်ဆင်းလာချိန် ပုဖန်အားကြည့်၍မေးခွန်းထုတ်လိုက်သည်။
" မင်းစမ်းချောင်းဝါမြက်ကိုရခဲ့လား..."
ပုဖန်ကခေါင်းငြိမ့်ပြလိုက်သည်။သူတို့ဂယက်ရိုက်ခဲ့ကြသည့်တိုင်င်မြက်ကိုရခဲ့၏။ဤခရီးစဉ်မှာအရှုံးမရှိခဲ့ပေ။
" စမ်းချောင်းဝါမြက်တစ်ရွက်တည်းပေါ့..."
ခွေးဘုရင်၏သြဇာတိက္ကမရှိသောအသံကဆက်လက်မေးမြန်းနေသည်။
"ဟုတ်တယ်လေ..."
ပုဖန်က ခွေးဘုရင်အားမျက်မှောင်ကျုံ့ကာကြည့်လိုက်သည်။ထိုသူပဲ သူ့အားတစ်ရွက်ထက်ပိုမခူးရန်မှာခဲ့သည်မဟုတ်ပါလော..
စိတ်ပြောင်းသွားသည်လား..
"မင်းကငတုံးလားကွ.. ပြဿနာအပုံလိုက်ရှာခဲ့ပြီးမှတော့ အဲ့စိုက်ခင်းထဲမျှရနိုင်သမျှအကုန်ယူခဲ့သင့်တယ် စွန့်စားရတာတန်အောင်လို့လေ.."
ပုဖန်ကမည်သည့်အမူအယာမျှမပြဘဲ ခွေးဘုရင်အားဆွံ့အစွာကြည့်ရှုနေသည်။
ငရဲဘုရင်ကသူ၏အနားသို့ရောက်ရှိလာပြီး အစပ်ချောင်းအကိုက်မပြတ်ပေ။
" ခွေးဝဲစားပြောတာငါသဘောတူတယ် မင်းမွှေခဲ့ပြီးမှတော့ အဲ့မြစ်ကမ်းတစ်လျှောက်လုံးကဝိဉာဉ်ဆေးပင်မှန်သမျှနှုတ်လာခဲ့ရမှာ.. အဲဒီသူယောင်သစ်ပင်ကိုလည်းအမြစ်ကဆွဲနှုတ်ခဲ့သင့်တာ ငါပြောပြမယ်.. အဲဒီသူယောင်သစ်သီးကဒီလောကကြီးထဲက စစ်မှန်တဲ့ခဲဖွယ်ရသာပဲ..."
ပုဖန်က သူ့အားပိုမိုခိုးယူခဲ့သင့်ကြောင်းတိုက်တွန်းနေသော ခွေးတစ်ကောင်နှင့်လူတစ်ယောက်အားကြည့်၍ နှုတ်ခမ်းများတွန့်လိမ်သွားသည်။
၎င်းတို့နှစ်ဦးသည် စမ်းချောင်ဝါပညာရှိအပေါ်အဘယ်ကြောင့်ဤမျှအာဃာတနက်ရှိုင်းနေပါသနည်း။အကြင်နာတရားဟူသည်ပင်မရှိကြတော့ပေ။
အထူးသဖြင့် စိတ်လှုပ်ရှားသောမျက်နှာအမူအယာဖြင့် ဤကိစ္စအားလုပ်ကိုလုပ်သင့်ကြောင်းပြောဆိုနေသည့်ငရဲဘုရင်အာဟဖြစ်သည်။
နယ်သာရီက စမ်းချောင်းဝါပညာရှိအတွက်အခိုက်အတန့်မျှစိတ်မကောင်းဖြစ်ပေးလိုက်၏။
ငရဲကမ္ဘာသင်္ဘောကားမြူထုကိုဖြတ်၍ရှေ့သို့ဆက်သွားနေရင်း ရုတ်တရက်..
အရိပ်တစ်ခုက သူတို့၏ရှေ့တွင်သွေးနီရောင်မြူအုပ်ထဲမှ ထွက်ပေါ်လာသည်။
ထိုအရာကငြင်သာစွာရွေ့လျားနေကာ နှေးသည်မြန်သည်မဆုံးဖြတ်နိုင်သော်ငြား ငရဲကမ္ဘာသင်္ဘောအနီးသို့အချိန်တိုအတွင်းနီးကပ်လာသည်။၄င်းနှင့်အတူအေးစက်သောလေထုကိုတစ်ပါတည်းခေါ်ဆောင်လာ၏။
စမ်းချောင်းဝါမြစ်တစ်လျှောက်တွင် ဝေဝါးဝါး ပုလွေသံတစ်သံကလွှမ်းခြုံသွားသည်။
ပုဖန်ကအံ့အားသင့်သွားပြီး ရုတ်ချည်းလှည့်ကြည့်လိုက်ရာ သွေးမြူထုအတွင်းမှဖြေးညင်းစွာထွက်ပေါ်လာသော လှေငယ်တစင်းအားတွေ့လိုက်ရသည်။
လှေငယ်က ပိတုန်းနက်ရောင်ရှိပြီး ထိုပေါ်၌ဝါးဦးထုပ်ဆောင်း၍ကောက်ရိုးမိုးကာဝတ်ဆင်ထားသောအဘိုးအိုတစ်ဦးရှိနေသည်။
အဘိုးအိုကလှေဦးပိုင်းတွင်တင်ပျဉ်ခွေထိုင်နေပြီး အရိုးပုလွေငယ်တစ်ချောင်းအားကိုင်ဆောင်ထားသည်။အဘိုးအိုကထိုပုလွေငယ်အားမှုတ်သည့်အခါ သံစဉ်တိုးသဲ့သဲ့က ဝေ့ဝဲထွက်ပေါ်လာ၏။
သူ၏ပုလွေ၌ထူးကဲသောဆွဲဆောင်အားမျိုးရှိဟန်တူပြီး နားထောင်မိသူတို့အားစိတ်ပိုင်းဆိုင်ရာသာမကရုပ်ပိုင်းဆိုင်ရာပါနစ်မြောသွားစေသည်။
ဤအခိုက်တန့်တွင် ပုဖန်သည်အရိုးပုလွေ၏သံစဉ်အတွင်းသို့နစ်မြုပ်သွားသကဲ့သို့ခံစားလိုက်ရသည်။
ပုလွေသံထွက်ပေါ်လာသည်နှင့် သူ၏ဦးနှောက်တွင်းမှအနက်ရှိုင်းဆုံးမှတ်ဉာဏ်တို့တူးဆွခံလိုက်ရကာ အကြောင်းအရာမျိုးစုံ သူ၏ခေါင်းတွင်းဖြတ်ပြေးနေတော့သည်။
ထိုသည်ကား ကမ္ဘာမြေပေါ်ရှိသူ၏မှတ်ဉာဏ်များဖြစ်သည်။လေအလင်းအင်ပါယာ.. ဆေးနန်းတော်.. မြောက်များစွာသောမှတ်ဉာဏ်များက သူ၏အမြင်အာရုံအားဝေဝါးလာစေသည်။
"ဝုတ်..."
ကျယ်လောင်သောခွေးဟောင်သံတစ်သံက ပုဖန်၏မှတ်ဉာဏ်အစုအဝေးကြီးအားပြန့်ကျဲသွားစေသည်။သူက ရေထဲမှဆွဲထုတ်ခံလိုက်ရသောငါးတစ်ကောင်ကဲ့ကြောက်လန့်နေခဲ့၏။
ခန္ဓာကိုယ်တစ်ခုလုံးက ချွေးအေးများဖြင့်ရွှဲစိုနေသည်။
ပုဖန်ကအမောဆို့နေကာ သူ၏မျက်ဝန်းများအတွင်းမယုံကြည်နိုင်မှုတို့ဖြင့်ပြည့်နှက်နေသည်။
ပုဖန်က ခွေးဘုရင်ကိုကြည့်မိသည့်အခါ ၎င်းကလဲလျောင်းရင်း သူ့ထံအပြုံးတစ်ခုဖြင့်ကြည်ရှုနေပြီး တစ်စုံတစ်ခုကိုရေရွတ်နေသည့်အလားနှာခေါင်းကရှုံ့ပွပွဖြစ်နေသည်။
အာဟက ခွေးဘုရင်၏ဘေး၌ခွေခေါက်ကာထိုင်နေပြီး အစပ်ချောင်းဝါးမြဲပင်။
နယ်သာရီသည်လည်း ခွေးဟောင်သံဖြင့်လှုပ်နှိုးခံလိုက်ရသည်။သို့သော်သူမ၏အခြေအနေမှာပုဖန်လောက်ဆိုးရွားဟန်မတူချေ။
"အဲဒီအဘိုးကြီးက စမ်းချောင်းဝါမြစ်ရဲ့ ဝိဉာဉ်မျှားသူပဲ သူကဝိဉာဉ်တွေကိုငါးဖမ်းသလိုဖမ်းပြီး ကူရာမဲ့တံတားဆီပို့ဆောင်ပေးတယ် အဲဒီတံတားက ဝိဉာဉ်ရဲ့မှတ်ဉာဏ်တွေအကုန်လုံးကိုဆေးကြောလိုက်ပြီး ပြန်လည်ဝင်စားဖို့ကူညီပေးတယ်..."
ငရဲဘုရင်ကသူ၏အစပ်ချောင်းအားလျက်နေရင်းရှင်းပြလာသည်။
ပုဖန်ကအံ့အားသင့်သွားပြီး သူ၏မျက်လုံးများကရုတ်ချည်းအလင်းတစ်ချက်တောက်ပသွားသည်။
" ကူကယ်ရာမဲ့တံတားဆီကိုလမ်းပြပေးတာလား.. ကူကယ်ရာမဲ့တံတားဆိုတာ ကုရာမဲ့ပန်းရှိတဲ့နေရာမဟုတ်လား..."
ငရဲဘုရင်ကထိတ်လန့်သွားသည်။
"ကောင်ငယ်လေးပုဖန် မင်းအဲဒီပန်းကိုလိုချင်လို့လား မကောင်းဘူးနော်အဲ့ပန်းရဲ့အရသာကအရမ်းဆိုးဝါးတယ် ချဉ်ပြီးခါးနေတာ ရွံစရာကြီး..."
ပုဖန် စကားလုံးများပျောက်ရှသွားချေသည်.. ဤပုဂ္ဂိုလ်... ကူရာမဲ့ပန်းလည်းစားဖူးလိုက်သည်ပဲလား...
" ကူရာမဲ့ပန်းကိုရဖို့ဆိုတာသိပ်တော့မလွယ်ဘူး မင်းအဲ့လူအိုကြီးရဲ့လှေပေါ်လိုက်သွားသူလမ်းပြလိမ့်မယ် ကူရာမဲ့ပန်းကစမ်းချောင်းဝါမြက်လောက်အဖိုးမတန်တော့ခူးရတာသိပ်ခက်မှာမဟုတ်ပါဘူး..."
အာဟက ကိစ္စရပ်များအားပေါ့ပါးသောလေသံဖြင့်ပြောလာသည့်အခါ ပုဖန်၎င်းအားရိုက်နှက်ပစ်ချင်စိတ်ကိုချုပ်တည်းလိုက်ရသည်။
အနှီအဘိုးအို၏ဖြစ်တည်မှုမှာခန့်မှန်းမရချေ။ပုလွေတစ်ချောင်းသုံးရုံဖြင့် သူ၏မှတ်ဉာဏ်အားလုံးဆေးကြောပစ်ခံရလုမတတ်ဖြစ်ခဲ့သည်။
သူ၏မှတ်ဉာဏ်တို့ဆုံးရှုံးသွားသည်နှင့် ငနုံတစ်ယောက်ဖြစ်သွားမည်ဖြစ်ပြီး အချက်အပြုတ်နတ်ဘုရားတစ်ပါးဖြစ်ရန်ဟူသည်မှာလည်း အချီးအနှီးသောကြုံးဝါးချက်အဖြစ်ကျန်ရစ်ခဲ့လိမ့်မည်။ပုဖန်ထိုအရာအားတွေးကြည့်ရုံမျှဖြင့်ကြောက်ရွံ့မိပါ၏။
ယခုမူ ငရဲဘုရင်က သူ့အနေဖြင့်အနှီလှေငယ်အပေါ်လိုက်သွားသင့်သည်ဟုအကြံပေးနေသည်။
အဲဒါသေလမ်းရှာနေတာမဟုတ်ဘူးလား..
"မင်းလှေပေါ်လိုက်မသွားချင်လည်း သူနဲ့အပေးအယူသဘောစကားပြောကြည့်ပေါ့ ဘာပဲဖြစ်ဖြစ်သူ့ဆီမှာပန်းတစ်ပွင့်လောက်ေ့ပါမှာပါ အဲ့ပန်းကအရသာဘယ်လောက်ဆိုးဆိုး စွမ်းအင်ဖြည့်တင်းတဲ့နေရာမှာတော့အရည်အသွေးမြင့်တယ်လေ..."
ပြောပြီးသည့်နောက် အာဟမှာပုဖန်အားအာရုံထဲမှထုတ်လိုက်ကာ သူ၏အစပ်ချောင်းများကိုသာပါးစပ်ထည်သို့ထည့်လိုက်ထုတ်လိုက်ဖြင့်စုပ်နေချေသည်။
ပုဖန်၏မျက်ဝန်းများကျဉ်းမြောင်းသွားရပြီး ၎င်းကားသိပ်မဆိုးသည့်အကြံတစ်ခုဟုထင်မိပေသည်။သူအနှီလူအိုကြီးဖြင့်စကားပြောကြည့်သင့်သည်။
"ဂရုစိုက် ဝိဉာဉ်မျှားသူကအရမ်းကြောက်ဖို့ကောင်းတယ်..."
နယ်သာရီကစိုးရိမ်ကြီးစွာဖြင့်ပြောသည်။
ပုဖန်ကအသာခေါင်းငြိမ့်ပြလိုက်၏။ များမကြာမီတွင်ပဲ လှေငယ်ကသူတို့၏သင်္ဘောအနီးသို့ချဉ်းကပ်လာသည်။
နယ်သာရီက ငရဲကမ္ဘာသင်္ဘောအားရပ်တန့်လိုက်၏။
ပုဖန်ကသင်္ဘောဦးပိုင်းတွင်ရပ်၍ ဖြည်းညင်းစွာရပ်တန့်သွားသောလှေငယ်လေးအားကြည့်ရှုနေသည်။
လှေပေါ်ရှိအဖိုးအိုက သူ၏ဝါးအုပ်အားချွတ်ကာ ဖြူဖွေးသောဆံပင်နှင့် ဇရာထောင်းနေသောမျက်နှာကိုဖော်ပြလာသည်။
" ဘာသဘောနဲ့များကျွန်တော့်ရဲ့လှေကိုရပ်တန့်ချင်ရတာပါလဲ ..."
ပုဖန်၏အကြည့်များကအဘိုးအိုနှင့်သူ၏အရိုးပုလွေပေါ်သို့ဖြတ်ပြေးသွားသည်။အရိုးပုလွေကား လူလက်ချောင်းရိုးဖြင့်ပြုလုပ်ထားကာ အံ့အားသင့်ဖွယ်ကောင်းသကဲ့သို့ ကြောက်မက်ဖွယ်လည်းကောင်းပေသည်။
"အကြီးအကဲခဗျ ကူရာမဲ့ပန်းများအကြီးအကဲဆီမှာရှိမလားသိပါရစေ ကျွန်တော်အဲဒီပန်းကိုအရေးတကြီးလိုအပ်နေလို့ အလဲအလှယ်လေးလုပ်ချင်ပါတယ်..."
ပုဖန်ကအမူအယာကင်းမဲ့နေသောမျက်နှာဖြင့်ဆိုသည်။
ပုဖန်၏စကားဆုံးသောအခါ ဝိဉာဉ်မျှားသူကဟက်ဟက်ပက်ပက်ရယ်လေသည် သူ၏အရိုးပေါ်အရေတင်သွင်ပြင်က ရယ်မောနေချိန်၌ခြောက်ခြားဖွယ်ကောင်းနေ၏။
"ဒီလူအိုကြီးနဲ့သူ့လှေငယ်လေးက စမ်းချောင်းဝါမြစ်တစ်လျှောက်ကဝိဉာဉ်တွေကိုလမ်းပြပေးနေတာပါ သူတို့ရဲ့အတိတ်တွေကိုသန့်စင်ပေးပြီး ကူကယ်ရာမဲ့ရေကန်မှာပြန်လည်ဝင်စားစေဖို့.. လူငယ်လေးမင်းကပန်းကိုလိုချင်တာဆိုရင်တော့ မင်းဝိဉာဉ်နဲ့လဲလို့ရပါတယ်..."
လူအိုကြီးကပြောပြီးသည်နှင့်သူ၏လက်တွင်းမှ ပွင့်အာနေသောခရမ်းရောင်ပန်းပွင့်အားပြသလာသည်။
အနှီပန်းကခရမ်းနက်ရောင်ဖြစ်ကာ ဝတ်ဆံများကအဆက်မပြတ်လိမ်ထွေးနေကြသည်။
ပုဖန်၏မြေကမ္ဘာအကျဉ်းထောင်သို့လာခြင်းရည်ရွယ်ချက်မှာ ပစ္စည်းနှစ်ခုအတွက်သာဖြစ်ပြီး ယခုမူ၎င်းတို့အနက်တစ်ခုအားတွေ့ပြီဖြစ်၍လက်လွှတ်ခံမည်မဟုတ်ပါချေ။
" ငါ့ဝိဉာဉ်ကိုလိုချင်တာလား..."
ပုဖန်၏မျက်ဝန်းများကအေးစက်နေကာလူအိုကြီးအားအသက်မဲ့စွာစိုက်ကြည့်နေသည်။
အဘိုးအိုကပြုံးလိုက်သော်ငြား သူ၏အပြုံးမှာကြက်သီးမွေးညှင်းထဖွယ်ဖြစ်သည်။
"လူငယ်လေး ပန်းကိုလိုချင်တာလားမလိုချင်တာလား..."
ဝိဉာဉ်မျှားသူ၏အသံမှာ ဆွဲငင်အားတို့ပါရှိနေပြီး လူတို့၏စိတ်အာရုံအားမလွန်ဆန်နိုင်ရန်သွေးဆောင်နေ၏။
ဤသည်က ဝိဉာဉ်မျှားသူ၏လှည့်ကွက်တစ်ခုဖြစ်သည်။တစ်ဖက်လူကသူ၏လှည့်ကွက်အားမခုခံနိုင်ပါက ၎င်းဝိဉာဉ်သည် ဝိဉာဉ်မျှားသူ၏အစားကောင်းတစ်နပ်ဖြစ်သွားပေလိမ့်မည်။
ငရဲဘုရင်နှင့် ခွေးဘုရင်တို့သည်စကားတစ်ခွန်းမျှမဆိုဘဲပုဖန်အားကြည့်နေသည်။
ပုဖန်၏မျက်ဝန်းများကဝေဝါးလာနေ၏။
သို့သော် သူ၏ စိတ်ဝိညာဉ်ပင်လယ်သည် လှိုင်းလုံးကြီးများဖြင့် ဆူပွက်နေ၏။ဝိညာဉ်ပင်လယ်၏ အမှောင်ထောင့်တစ်နေရာမှကြီးမားသောပုံရိပ်တစ်ခုပေါ်ထွက်လာသည်။
ရွှေနဂါးကြီးတစ်ကောင်ကသူ၏ဝိညာဉ်ပင်လယ်အထက်တွင် လွင့်မျောနေသည်။ နဂါးကပါးစပ်ကိုဖွင့်လိုက်သည့်အခါဝိညာဉ်အားတုန်ခါစေသောဟိန်းဟောက်သံတစ်သံထွက်ပေါ်လာသည်။
ပုဖန်ကမျက်စိတစ်မှတ်အတွင်းသူ၏စိတ်အာရုံအားပြန်လည်စုစည်းနိုင်ခဲ့သည်။
ဝိဉာဉ်မျှားသူ၏လှည့်ကွက်မှာအာနိသင်ပျက်ပျယ်သွားလေသည်။
"မင်းနှမနဲ့ပဲလဲလိုက်..."
ပုဖန်က အမူအယာမဲ့လျက်ဖြင့်လူအိုကြီး၏မေးခွန်းအားဖြေကြားလိုက်ချေသည်။
ဝိဉာဉ်မျှားသူ၏အပြုံးကားတောင့်ခဲသွားချေ၏။
"ခွေးဘုရင်ကအလျင်လိုနေတယ် စကားပြောဖို့အချိန်မရှိဘူး..."
ဝိဉာဉ်မျှားသူကစတင်တိုက်ခိုက်ရန်ပြင်ဆင်နေချိန်၌ ခွေးလက်ဖဝါးတစ်ခုကငရဲကမ္ဘာသင်္ဘောဆီမှပျံဝဲလာသည်။
လက်ဖဝါးကဝိဉာဉ်မျှားသူ၏မျက်နှာအားချိန်ရွယ်ထားရာမှ လမ်းလွှဲ၍လက်ထဲရှိပန်းအားလုယူလိုက်လေသည်။
ဝိဉာဉ်မျှားသူသည်ခွေးလက်ဖဝါးကိုမြင်လိုက်သည်နှင့်သူ့မျက်နှာသည်သိသိသာသာ ပြောင်းလဲသွားကာ ပန်းပွင့်အားချန်ထားရစ်ပြီးသူ၏လှေဖြင့်လျင်မြန်စွာထွက်ပြေးသွားခဲ့သည်။
ဒီခွေးငပျင်း..
ဒါကပန်းလေးတစ်ပွင့်ပဲကို လက်ပါပြန်ပြီ..
ပုဖန်ကလက်မြှောက်၍ ကူကယ်ရာမဲ့ပန်းအားကြည့်ရှုလိုက်သည်။အကောင်းမွန်ဆုံးမဟုတ်သည့်တိုင်အရည်သွေးကောင်းရှိသဖြင့်ပုဖန်မှာကျေနပ်သွား၏။
ခွေးဘုရင်က သန်းဝေလိုက်ကာ လှဲချရင်းပြန်ဟောက်နေတော့သည်။
ခွေးဘုရင်က ပုဖန်ညှို့ယူခံနေရချိန်၌ဝင်မပါခဲ့ချေ။သူကပုဖန်၏စိတ်အားကိုယ်တိုင်ထိန်းကျောင်းတတ်ရန်သင်ယူစေချင်ခဲ့သည်။
ပုဖန်ကခွေးဘုရင်အားကြည့်ရှုလိုက်ပြီးသူ၏နှုတ်ခမ်းထောင့်များတွန့်ကွေးသွားသည်။
ငရဲကမ္ဘာသင်္ဘောကဆက်လက်ရွေ့လျားနေရင်းမကြာမီတွင်ပဲသွေးမြူခိုးများထံမှလွတ်မြောက်လာပေ၏။
သို့သော်.. မြူခိုးများ၏အဆုံးတွင် ပုဖန်နှင့်နယ်သာရီတို့နှင့်တစ်ထပ်တည်းကျသောပုံရိပ်နှစ်ခုထွက်ပေါ်လာပြီး လူတိုင်း၏မျက်လုံးများအားပြူးကျယ်သွားစေသည်။
ကြေးနန်းတော်ကြီးတစ်ခုအားသယ်ဆောင်ထားသော အနက်ရောင်သဘောင်္တစ်စင်းက စမ်းချောင်းဝါမြစ်လယ်ခေါင်၌ပေါ်ထက်လာ၏။
ငရဲကမ္ဘာသင်္ဘောပေါ်မှ ခွေးဘုရင်၏ ၏သားမွေးများထောင်လာကာအိပ်ငိုက်နေသောခွေးမျက်လုံးများပြူးကျယ်သွားလေသည်။
ငရဲဘုရင်အာဟသည်လည်း မျက်လုံးပြူးသွားကာ အစပ်ချောင်းအားမျိုချမိလုမတတ်ဖြစ်သွားရသည်။
လူတစ်ယောက်နှင့် ခွေးတစ်ကောင်တို့သည်ကုန်းပတ်အားမှီရင်း ဝေးကွာသွားသောသင်္ဘောအားကြည့်ရှုနေခဲ့ကြသည်။
ပုဖန်ကထိုအဝေးတစ်နေရာသို့ကြည့်ရှုရင်းမျက်မှောင်ကျုံ့လိုက်မိသည်။သူထိုနန်းတော်ကြီးထံမှထူးဆန်းသောအရှိန်အဝါများခံစားရ၏။
အနှီသင်္ဘောပျောက်ကွယ်သွားသည်နှင့်ငရဲကမ္ဘာသင်္ဘောသည်လည်းမြူခိုးများအတွင်းမှလုံးလုံးလျားလျားလွတ်မြောက်သွားချေ၏။
ခွေးဘုရင်ကကုန်းပတ်ပေါ်ပြန်လှဲချကာဆက်ဟောက်နေသည်။
အာဟကလည်းသူအ၏အစပ်ချောင်းများကိုပြန်စုပ်နေကာ ယခုနကကြောက်ရွံ့ခဲ့ကြသည်မှာ၎င်းတို့မဟုတ်သည့်အလားပင်။
ငရဲကမ္ဘာသင်္ဘောက မြစ်ကမ်းနံဘေးသို့ဆိုက်ကပ်သွားပြီး လူသုံးယောက်နှင့်ခွေးတစ်ကောင်သည်အဆုံးတွင် စမ်းချောင်းဝါမြစ်မှထွက်ခွာခဲ့နိုင်ကြပြီဖြစ်ချေ၏။