အပိုင်း ၈၂၈
Viewers 53k

အပိုင်း ၈၂၈ 

 ကြယ်တာရာဖမ်းကွန်ရက်


စမ်းချောင်းဝါမြစ်ကမ်း..


ပုဖန်ကကမ်းပါးပေါ်၌တည်ငြိမ်စွာရပ်နေရင်း ကူရာမဲ့ပန်းအားကြည့်ရှုနေသည်။သူတို့ပြန်ရောက်ခါနီးအချိန်ရောက်မှ ဤကဲ့သို့ကံကောင်းသည့်အဖြစ်အပျက်တစ်ခုကိုကြုံရမည်ဟုမျှော်လင့်မထားခဲ့ချေ။


အမှန်တွင် သူကဤပန်းအတွက် ကူကယ်ရာမဲ့တံတားဆီသို့သွားရန်စီစဉ်ထားခဲ့သည်။ယခုမူသူ့အားအလုပ်ရှုပ်သက်သာသွားစေ၏။


အနည်းဆုံး အချိန်ကုန်ခြင်းသက်သာသည်ပေ။စနစ်ကသူ့အားမြေကမ္ဘာအကျဉ်းထောင်တွင်သုံးရက်သာအချိန်ပေးထားပြီး အချိန်နှစ်ရက်ကုန်ခဲ့ပြီးဖြစ်သည်။သုံးရက်ပြည့်သည်နှင့်ပြန်မရောက်ပါက စနစ်ကသူ့ကိုဖိအားပေးလိမ့်မည်ဖြစ်၏။


မည်သို့ပင်ဖြစ်စေ၎င်းမှာစနစ်ကသူ၏လုံခြုံမှုကိုရှေ့တန်းတင်ခြင်းကြောင့်သာဖြစ်သည်။


အကယ်၍သူ ကူကယ်ရာမဲ့တံတားသို့သွားခဲ့မည်ဆိုပါက ပုန်းကွယ်နဂါးတိုက်သို့အချိန်မှီပြန်ရောက်နိုင်ရန်မသေချာပေ။ထိုအခါခေါင်းကိုက်စရာများဖြစ်လာမည်ပေ။


ဤခရီးစဉ်အတွင်းပုဖန်မြောက်များစွာသောအကြောင်းအရာအသစ်များကိုတွေ့မြင်ခဲ့ရသည်။ငရဲကမ္ဘာနှင့်ပုန်းကွယ်နဂါးတိုက်တို့မှာအမှန်တကယ်ကွာခြားကြပေသည်။ငရဲကမ္ဘာသည်ကျယ်ပြော၍ဆန်းကျယ်လှသည် ထို့အပြင် သန်မာသောအင်အားစုများစွာလည်းရှိ၏။


ပုန်းကွယ်နဂါးတိုက်သည် မြေကမ္ဘာအကျဉ်းထောင်နှင့်နှိုင်းယှဉ်လျင်များစွာအားနည်းသည်။


ငရဲဘုရင်အာဟ၏ရှင်းပြချက်အရ မြေကမ္ဘာအကျဉ်းထောင်နှင့်ပုန်းကွယ်နဂါးတိုက်တို့သည် တူညီသောအဆင့်ရှိနယ်ပယ်များမဟုတ်ဟုဆိုသည်။


မြေကမ္ဘာအကျဉ်းထောင်သည်အလွန်ကျယ်ပြောပြီး စမ်းချောင်းဝါမြစ်သည်ကားထိုနယ်မြေကြီး၏တစ်ထောင့်တစ်နေရာမျှသာဖြစ်သည်ဟုငရဲဘုရင်ကပြောသည်။မြေကမ္ဘာအကျဉ်းထောင်၌အလွန်ဆန်းကျယ်လျှို့ဝှက်သောတားမြစ်နယ်မြေများလည်းရှိကာ ထိုနယ်မြေဒေသများတွင်အလွန်ထူးခြားသောဖြစ်တည်မှုများနေထိုင်ကြသည်ဟူ၏။


သိခြင်းမဲ့ကြာပန်းပင်ဖြစ်စေ မြစ်လယ်ခေါင်တွင်သင်္ဘောဖြင့်ဆွဲခံနေရသော ကြေးနန်းတော်ကြီးပင်ဖြစ်စေ ၎င်းတို့ထံတွင်တစ်စုံတစ်ရာထူးခြားဆန်းကျယ်သောအရှိန်အဝါများရှိ၏။


အထူးသဖြင့် ခုနကနန်းတော်ကြီးဖြစ်သည်။ ၎င်းက ခွေးဘုရင်နှင့် ငရဲဘုရင်တို့ကိုပင်အမူအယာပြောင်းအောင်လုပ်နိုင်သည်ဖြစ်ရာ မည်သည့်နည်းနှင့်မျှသာမန်မဖြစ်နိုင်ချေ။


ထိုသို့ဆိုလျှင် အဘယ်ကြောင့်သာမာန်မဟုတ်သည်လဲ..

ပုဖန်မှာထိုအရာကိုနားလည်နိုင်ရန်ထိအဆင့်မမှီပါချေ။


"ငါတို့ပြန်လာသင့်တယ်..." 


ပုဖန်ကသက်ပြင်းချလိုက်သည်။ဤတစ်ကြိမ်တွင်အတွေ့အကြုံများစွာကသူ၏ဗဟုသုတကိုတိုးပွားစေခဲ့သည်။


စမ်းချောင်းဝါမြက်နှင့် ကူရာမဲ့ပန်းတို့ကိုရရှိခဲ့ပြီဖြစ်ရာသူ၏တာဝန်မှာအောင်မြင်သွားချေပြီ။ထို့ကြောင့်ပြန်ရောက်သည်နှင့် တွယ်ရာမဲ့စမ်းချောင်းဝါဝိုင်ကျိုချက်ရန်စတင်ရပေတော့မည်။


ပုဖန်ကဤတစ်ခေါက်ဝိုင်သည် ရှေးကသူလုပ်ခဲ့သည့်မြို့တစ်ခုလုံးအားရနံ့ထုံလွှမ်းစေခဲ့သောဝိုင်ထက်ပင်သာလွန်လိမ့်မည်ဟုယုံကြည်ချက်ရှိနေသည်။


"စနစ် ပြန်မယ်..."


ပုဖန်ကသူ၏ခေါင်းအတွင်း၌ပြောလိုက်သည်။


" ပြန်ဖို့စတင်နေပါပြီ ..."  


စနစ်၏လေးနက်သောအသံထွက်ပေါ်လာ၏။


ခေတ္တာအကြာတွင်အဖြူရောင်အစက်အပြောက်များဖြစ်ပေါ်လာပြီး ၎င်းတို့သည်လေထုတွင်း၌စုရုံးကာ အခင်းအကျင်းတစ်ခုအားပုံဖော်နေ၏။


ခွေးဘုရင်နှင့်ငရဲဘုရင်တို့က ထိုအဖြူစက်များအားစူးစမ်းလိုစိတ်တို့ဖြင့်ကြည့်ရှုနေကြသည်။ခွေးတစ်ကောင်နှင့်လူတစ်ယောက်၏မျက်ဝန်းများကအလင်းစက်များ၏ရောင်ပြန်ဟပ်ကာတောက်ပနေကြ၏။


ငရဲကမ္ဘာနှင့်ပုန်းကွယ်နဂါးတိုက်အကြားတွင်နေရာရွှေ့ပြောင်းအခင်းအကျင်းတစ်ခုကိုလွယ်လွယ်ကူကူဆွဲနိုင်သည့်အတွက်ပုဖန်၏လျှို့ဝှက်ချက်မှာမရိုးရှင်းမှန်းသိနိုင်ပေသည်။ 


အခင်းအကျင်းပြီးမြောက်သွားသည်နှင့် လေထုထဲသို့မြောက်တက်သွားကာ လေပွေအငယ်စားတစ်ခုအားဖြစ်ပေါ်လာစေသည်။


ပုဖန်တို့အဖွဲ့ကအခင်းအကျင်းအတွင်းဝင်လိုက်ရာ လေပွေက၎င်းတို့ကိုလွှမ်းခြုံလိုက်ပြီးနောက် အခင်းအကျင်းနှင့်တကွပျောက်ကွယ်သွားကြလေသည်။


စမ်းချောင်းဝါမြစ်ရေပြင်ပေါ်ရှိထူထပ်သော သွေးနီရောင်မြူခိုးအတွင်း၌ မျက်ဝန်းတစ်စုံကသူတို့၏ပျောက်ကွယ်သွားသောပုံရိပ်များအားစောင့်ကြည့်နေခဲ့သည်။


"ခွေးကောင် မိုက်ချင်ယောင်ဆောင်ပြီးပြေးပြီပေါ့ ငါ့စမ်းချောင်းဝါမြက်ကိုခိုးဖို့အဲဒီလောက်မလွယ်စေရဘူး မင်းဘာပဲစားထားထား ပြန်ထွေးထုတ်ရအောင်ငါလုပ်ပေးမယ်..."


ခေတ္တအကြာတွင် မြူခိုးထုကြားမှမျက်လုံးအစုံပျောက်ကွယ်သွားပြီး စမ်းချောင်းဝါမြစ်ရေပြင်သည်လည်းငြိမ်သက်သွား၏။


သွေးရောင်လွှမ်းသောမြစ်ရေသည် ကြွင်းကျန်ရစ်သောဝိဉာဉ်တို့၏လွင့်မြောနေသည့်အော်ငိုသံတို့နှင့်အတူဆက်လက်စီးဆင်းနေမြဲ။


.....


ပုန်းကွယ်နဂါးတိုက်၊ အစားကြူးတောင်ကြား..


မိုချာကလှုပ်ရှားနေရင်းမှရပ်တန့်သွားကာ အဝေးတစ်နေရာဆီသို့လှည့်ကြည့်လိုက်သည်။


ထိုနေရာ၌ ရွှေရောင်ပုံရိပ်တစ်ခုရွေ့လျားလာနေသည်။


ထိုအရာသည် မိန်းမငယ်လေးတစ်ဦးအားကျောထက်တွင်သယ်ဆောင်ထားသည့် ရွှေရောင်အကြေးခွံနှင့်ရွှေရောင်ဦးချိုတို့ပါရှိသည့်ဧရာမစပါးအုံးမြွေကြီးတစ်ကောင်ဖြစ်သည်။ဤထူးဆန်းသောသွင်ပြင်ပေါ်ထွက်လာသည်နှင့် မိုဆာနှင့်မိုချာတို့၏မျက်လုံးများကိုဆွဲဆောင်လိုက်နိုင်၏။


မိုယဲ့ကလက်ပိုက်ထားကာ သူ၏ဝတ်ရုံစကလေထဲ၌လူးလွန့်နေသည်။


သူက အဝေးမှလာနေသောစပါးအုံးမြွေကြီးအားကြည့်၍မျက်မှောင်ကျုံ့၍ခပ်သဲ့သဲ့သက်ပြင်းချလိုက်လေသည်။


"ခုနှစ်ရောင်ခြယ်ကောင်းကင်ဝါးမြိုစပါးအုံးလား.. ဟင်းချက်တဲ့သာမန်မြို့လေးတစ်မြို့မှာဒီလောက်ရှေးကျတဲ့နတ်ဘုရားသားရဲမျိုးရှိတယ်ပေါ့..."


မိုယဲ့ကအရေးမစိုက်စွာပြောသည်။


ဤခုနှစ်ရောင်ခြယ်စပါးအုံးသည် အရောင်တစ်ရောင်သာပါရှိသဖြင့် ၎င်းသည်ဝါနုသေးသောရှားပါးသားရဲတစ်ကောင်သာဖြစ်မည်ဟုတွေးလိုက်သည်။


မိုယဲ့၏မျက်လုံးများကစူးရှသွားကာ နှဖူးထက်ရှိဒေါင်လိုက်မျက်ဝန်းတစ်စုံသည်လည်းလှုပ်ရှားသွားသည်။သူ၏ပါးစပ်တွင်လောဘကြီးသောအပြုံးတစ်ခုဖြစ်တည်လာချေသည်။


"ဖွံ့ဖြိုးဆဲသားရဲပေါက်စ... ဘယ်လောက်အရသာရှိလိုက်မလဲ..."


မိုယဲ့က ပန်းပွင့်လေးအားလောဘကြီးစွာစိုက်ကြည့်နေပြီးနောက်သူ၏အရှိန်အဝါများကိုထုတ်လွှတ်လိုက်တော့သည်။


ဘုန်းး


ချူချန်းရှန်၏ဗလကြီးအသွင်သည် မိုဆာထံမှရိုက်ချခံလိုက်ရကာ မြေကြီးအားချိုင့်နက်နက်တစ်ခုဖြစ်ပေါ်သွားစေသည်။


အစားကြူးတောင်ကြား၏လမ်းမရှည်သည် အချိန်တိုအတွင်းပျက်စီးကျိုးပဲ့သွားတော့သည်။


ပန်းပွင့်လေးကရှောင်ယကိုသယ်ဆောင်ထားရင်း ချူချန်းရှန်နံဘေး၌ရပ်လိုက်သည်။ရှောင်ယသည် စိတ်တိုဒေါသထွက်နေပြီး တစ်ချိန်တည်းတွင်စိုးရိမ်ပူပန်နေရ၏။


သူမနဖူးထက်ရှိမှတ်ဉာဏ်သလင်းကျောက်တုံးထံမှမှတ်ဉာဏ်များကိုလက်ခံရရှိပြီးနောက် ရှောင်ယကိစ္စများစွာသိရှိလာရသည်။သူမကတောင်ကြားသခင်ဟူသောတာဝန်အားစတင်၍ပခုံးလွှဲယူနေပြီဖြစ်သည်။


ချူချန်းရှန်အနေဖြင့် သူသည်အစားကြူးတောင်ကြား၏အကြီးအကဲကြီးဖြစ်ကြောင်းလက်မခံလိုလျှင်ပင် လူတိုင်း၏နှလုံးသားထဲ၌ချုချန်းရှန်သည် အစားကြူးတောင်ကြား၏အကြီးအကဲကြီးဖြစ်နေမည်သာ။


ဖုန်း ဖုန်းး


ကျောက်တုံးအပိုင်းအစများလွင့်စင်ကုန်သည်။


ချူချန်းရှန်သည်သွေးသံတရဲရဲခန္ဓာကိုယ်ဖြင့်အပျက်အစီးပုံအတွင်းမှတွားသွားထွက်လာ၏။


မိုဆာကသန်မာလွန်းသည်။ချူချန်းရှန်ထံ၌ စိတ်ဝိညါဉ်သခင်အဆင့်အားခုခံနိုင်သည့်စွမ်းရည်ရှိနေသည့်တိုင်...သူသည်အားနည်းလွန်းနေသေးသည်သာ။


ချူချန်းရှန်ကရှောင်ယကိုမြင်သည်နှင့်မျက်ခုံးများစုကျုံ့သွားသည်။


"တောင်ကြားသခင် ဘာကြောင့်ဒီနေရာမှာရှိနေရတာလည်း မြန်မြန် အစားကြူးအဆောက်အဦရဲ့ရင်ပြင်ကိုပြန်တော့..."


ရှောင်ယသည်တောင်ကြားသခင်ဖြစ်သော်ငြား သူမ၏ကျင့်ကြံဆင့်သည် တိုက်ခိုက်မှုတစ်ခုကိုပင်မခုခံနိုင်လောက်သည်အထိအားနည်းသည်ပေ။


ဤနေရာရှိမည်သူမဆို ရှောင်ယကိုသုတ်သင်နိုင်ရန်မှာအားစိုက်ထုတ်ရန်ပင်မလိုချေ။ထို့ကြောင့် ရှောင်ယကိုတွေ့လိုက်ရသည့်အခါ ချူချန်းရှန်ဒေါသတကြီးဖြင့်ပူပန်သွားရသည်။


"တကယ်ကို တကယ်ကိုပဲ ဒီနေရာကအစားအသောက်ကောင်းတွေရဲ့နယ်မြေဆိုတဲ့နာမည်နဲ့ထိုက်တန်ပါပေတယ်... ခုနှစ်ရောင်ခြယ်ကောင်းကင်ဝါးမြိုစပါးအုံးမြွေလိုမျိုး ထူးကဲရှားပါးတဲ့စားဖွယ်ရှေ့မှာ ဘယ်လိုလူမှသူ့ကိုယ်သူထိန်းချုပ်နိုင်မှာမဟုတ်တော့ဘူး..."


မိုယဲ့ကသူ၏နှုတ်ခမ်းအားလျှာဖြင့်သပ်လိုက်သည်။မိုဆာနှင့်မိုချာတို့လည်းထို့အတူပင်။နတ်ဘုရားသားရဲကိုစားသောက်ခြင်းက သူတို့အတွက်အကျိုးအမြတ်များစွာရရှိမည်ပေ။


ဤခရီးကယခုအချိန်ထိအတော်လေးအကျိုးရှိနေခဲ့သည်ပင်။


ကြယ်တာရာဖမ်းကွန်ရက်ကိုလည်းရမယ် ခုနှစ်ရောင်ခြယ်ကောင်းကင်ဝါးမြိုစပါးအုံးကိုလည်းစားသောက်ရမည်။ တာဝန်ကိုပြီးမြောက်နိုင်ရုံမက အစားမက်သောဝမ်းအားကျေနပ်နှစ်သိမ့်စေမည့်အစားကောင်းတစ်နပ်လည်းစားရမည့်အပြင် အပိုထပ်ဆောင်အနေဖြင့်ကျင့်ကြံဆင့်အားအထောက်အကူပြုမည့်စွမ်းအင်များပင်ရရှိပေဦးမည်။


မည်သို့ပင်ဖြစ်စေ ထိုသားရဲသည်ကား.. အရသာရှိသောဆေးလုံးကြီးဖြစ်သည်။


"မရေတာ့ဘူး..."


မိုဆာကသွားရည်တမြားမြားကျကာ မြေပေါ်သို့ခြေဆောင့်၍ ပန်းပွင့်လေးအားတိုက်ခိုက်ရန်ရည်ရွယ်လိုက်သည်။


အခြားသူများအားလုံးကကြောက်မက်ဖွယ်ကောင်းသောအရှိန်အဝါကြောင့်မျက်နှာအမူအယာများပြောင်းလဲကုန်ကြသည်။

မိုဆာ၏အရှိန်အဝါများသည်လေဟာနယ်အားဆုတ်ပြဲသွားစေလုမတတ်ပင်။၎င်းကသူ၏ကြီးမားသောလက်သီးဆုပ်ကြီးအားဝှေ့ယမ်းကာ ပန်းပွင့်လေးထံသို့ထိုးနှက်လိုက်၏။


ပန်းပွင့်လေးကမြေပေါ်သို့လဲကျသွားကာ သူမ၏သုံးပန်လှမျက်ဝန်းလေးများက ရက်စက်ကြမ်းကြုတ်လာသည်။


ဒီလူတွေကသူမကိုသတ်စားချင်နေကြတာလား...ခွင့်မလွှတ်နိုင်စရာပဲ...

ပုဖန်တောင်သူမကိုချက်စားဖို့မတွေးဖူးဘူး...ဒီ သုံးကောင်က သူမကိုသူတို့အစာလို့တွေးရဲတယ်ပေါ့လေ...


ပန်းပွင့်လေးဒေါသအိုးပေါက်ကွဲသွားသည်။စပါးအုံးမြွေအမြှီးကြီးက လမ်းတစ်လျှောက်ရှိအရာအားလုံးအားပွက်တိုက်ဖျက်ဆီးကာအားယူ၍ လွှဲယမ်းလိုက်ရာ လေထုအတွင်းပေါက်ကွဲသံကြီးဖြစ်ပေါ်လာ၏။


ဘုန်းး


စပါးအုံးအမြှီးနှင့်မိုဆာ၏လက်ဖဝါးတို့တိုက်မိသွားကြသည်။


စပါးအုံးမြွေအမြှီး၏ကြောက်ခမန်းလိလိအားအင်အောက်တွင်မိုဆာဆက်လက်ရပ်တည်နိုင်ခြင်းမရှိတော့သည်ဖြစ်ရာ ကြမ်းပြင်ထက်သို့အညှာအတာမဲ့ရိုက်ချခံလိုက်ရလေသည်။


ပန်းပွင့်လေး၏အကြေးခွံများလှုပ်ခါသွားကာ ခဏအကြာတွင်သူမထံမှစွမ်းအင်လှိုင်းများမြင့်တက်လာ၏။


စပါးအုံးအမြှီးကြီးက၍ဒုတိယအကြိမ်လေထဲသို့မြောက်တက်လာပြန်သည်။


မိုဆာကချက်ချင်းပဲကြမ်းပြင်ပေါ်မှလိမ့်၍ရှောင်ရှားလိုက်သည်။သူနောက်ထပ်တစ်ကြိမ်ထိုအမြှီးကြီးဖြင့်ရိုက်နှက်မခံဝံ့ပါချေ ဤတစ်ကြိမ်ဆိုပါက သူ၏ခန္ဓာကိုယ်ညက်ညက်ကြေသွားလိမ့်မည်ပေ။


ထိုခုနှစ်ရောင်ခြယ်စပါးအုံးသည် ဖွံ့ဖြိုးဆဲသာဖြစ်သည့်တိုင် ၎င်း၏တိုက်ခိုက်မှုစွမ်းရည်သည်ကား ကြောက်ခမန်းလိလိပြင်းထန်ပေ၏။


"မိုချာ ကြယ်တာရာဖမ်းကွန်ရက်ကိုသွားယူချေ ဒီမြွေကိုငါကိုင်တွယ်လိုက်မယ်..."


စိတ်လှုပ်ရှားစွာဖြင့်တိုက်ခိုက်ရန်အသင့်ပြင်နေသောမိုချာသည် မိုယဲ့ထံမှာတားဆီးခံလိုက်ရချေသည်။


မိုယဲ့က ပန်းပွင့်လေးအားစိတ်လှုပ်ရှားစွာကြည့်ရှုနေသည်။ဤတစ်ကြိမ်တွက်မူ သူကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းရန်ဆုံးဖြတ်လိုက်၏။


ကြယ်တာရာဖမ်းကွန်ရက်အရေးကြီးသည်မှာမှန်သည်။မိုချာထိုအရာကိုဦးစွာသွားယူသင့်သည်။မိုချာ၏စွမ်းရည်နှင့်ဆိုပါက ကြယ်တာရာဖမ်းကွန်ရက်ကိုယူရန်မှာထိုမျှမခက်ခဲနိုင်ချေ။


နိမ့်ကျသောထိုအင်းစက်များကသူ့အားမတားဆီးနိုင်။


သူတော်စင်အမျိုးသမီး၏မျက်ဝန်းများကအေးစက်နက်ရှိုင်းနေသည်။သူမ၏မျက်နှာအမူအယာကိုမမြင်ရသည့်တိုင် သူမထံမှစူးရှသောဒေါသကိုခံစားနိုင်ချေသည်။


မိုယဲ့ကပန်းပွင့်လေးအားအဝေးသို့မျှားခေါ်လာ၏။


မိုဆာက ကြမ်းပြင်ပေါ်မှထရပ်ကာအရှက်ကွဲခြင်းကြောင့်ဒေါသထွက်နေ၏။သူကဦးချိုပေါ်ရှိသတ္တုကွင်းများကိုထိတွေ့လိုက်ပြီး ချူချန်းရှန်တို့ရှိရာသို့တစ်ဖန်ကြည့်ကာ တိုက်ခိုက်လိုက်ပြန်၏။


သူကချူချန်းရှန်ပေါ်သို့တက်ခွကာ သူ၏ကြီးမားသောလက်သီးအားအဆက်မပြတ်လွှဲယမ်းနေသည်။ဤသို့ဖြင့်ချုချန်းရှန်နှင့် မိုဆာတို့ကလုံးထွေးနေကြပြန်သည်။


ချူချန်းရန်နှင့်မိုဆာမှာအဆင့်မတူချေ။ သို့ဖြစ်၍ချူချန်းရှန်ကတစ်ဖက်သတ်နှိပ်ကွပ်ခံနေရကာ အဆက်မပြတ်သွေးအန်ထွက်နေရလေသည်။


ချူချန်းရှန်၏ရင်ဘတ်မှအလင်းတန်းများတောက်ပလာပြီး စွမ်းအာများကခန္ဓာကိုယ်အနှံ့ပျံ့နှံ့ကာ သူ၏ဒဏ်ရာများအားကုသနေ၏။


မိုချာကသုံးခွလှံတံကိုကိုင်ဆောင်ထားရင်း သူ၏အနက်ရောင်တောင်ပံများကလျှင်မြန်စွာတဖြတ်ဖြတ်ခတ်၍အားပြုကာ သူတော်စင်အမျိုးသမီးထံသို့တိုးဝင်သွား၏။


မိုလျှိုကျိကမကြာသေးမီကပင် သူ၏တိုက်ခိုက်နိုင်စွမ်းအကန့်အသတ်သို့ရောက်ရှိသွားခဲ့သည်။သူ၏ပါးစပ်မှသွေးများစီးကျနေရင်းဖြင့်မြေပြင်၌လဲလျောင်းကာ ကောင်းကင်အားဗလာသက်သက်စိုက်ကြည့်နေချေသည်။


အာကာသနတ်သမီး၏ ဝတ်ရုံဖြူကလေနှင့်အတူလူးလွန့်နေသည်။သူမနဖူးအလယ်မှအလင်းတန်းများထွက်ပေါ်လာပြီး သူမ၏လက်ဖဝါးပေါ်၌ကြယ်သတ္တုသံလိုက်အိမ်မြှောင်တစ်ခုရှိနေ၏။


"ကြယ်တာရာဖမ်းကွန်ရက်ကိုလိုချင်တယ်ဟုတ်စ... အစွမ်းအစရှိရင်လာယူလိုက်..."


သူမပြောလိုက်ပြီးသည်နှင့် စိတ်စွမ်းအင်များက ကြယ်တာရာဖမ်းကွန်ရက်အတွင်းသို့တဟုန်ထိုးစီးဝင်သွားလေသည်။


ကြယ်တာရာဖမ်းကွန်ရက်အတွင်းရှိထောင်သောင်းများစွာသော ယန္တရားများကရွေ့လျားနေပြီး မကြာမီလေပေါ်သို့မြောက်တက်လာ၏။


ဘုန်းး


၎င်း၏ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းလုံးကနယ်ပယ်တစ်ခုလုံးအားလွှမ်းခြုံသွားသည်။လှုပ်ရှားစီးဆင်းနေသော ကြယ်တာရာအခင်းအကျင်းကြီးသည် နေရာအနှံ့အားဖုံးလွှမ်းပစ်လိုက်၏။


ကောင်းကင်မှ ကြယ်အလင်းတန်းတစ်ခုကျလာကာ အာကာသနတ်သမီး၏ခန္ဓာကိုယ်အားထုံလွှမ်းသွားပြီး သူမအားပို၍ကြီးကြယ်မြင့်မြတ်သောသွင်ပြင်ပေးစွမ်းနေလေသည်။


သူမ၏မျက်ဝန်းအစုံအတွင်းကြယ်တာရာပေါင်းထောင်ပေါင်းများစွာပြေးလွှားနေသည့်အလားပင်။


ချူချန်းရှန်တုန်လှုပ်သွားကာ သူ၏မျက်နှာအမူအယာကရုတ်ချည်းပြောင်းလဲသွား၏။


ဝေါင်းး


ချူချန်းရှန်၏ငွေရောင်ဆံနွယ်များလွင့်ခါသွားကာ စိတ်စွမ်းအင်များတဟုန်ထိုးပေါက်ကွဲလာ၏။အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ပင် ချူချန်းရှန်၏စွမ်းအင်များလုံးလုံးလျားလျားမြင့်တက်လာခဲ့သည်။

 


ဘုန်းး


မိုဆာထံမှလက်သီးချက်အား ချူချန်းရှန်ကလက်သီးဆန့်၍ပိတ်ဆို့လိုက်သည်။

လက်သီးနှစ်ခုထိတွေ့သွားသည်နှင့်လေထုကပေါက်ကွဲထွက်သွားကာ အရိုးအက်သံတို့ထွက်ပေါ်လာသည်။


မိုဆာကနောက်သို့ခြေတလှမ်းမျှဆုတ်သွားကာ ချူချန်းရှန်ကသုံးလှမ်းခန့်ဆုတ်သွားရသည်။


သူ၏ခန္ဓာကိုယ်အားလွှမ်းခြုံထားသောအလင်းရောင်က သူ၏ကျင့်ကြံဆင့်အားတိုးမြှင့်ပေးနေသည်အြတွက် ချူချန်းရှန်သည်လေးစားမှုနှင့် စိတ်လှုပ်ရှားမှုတို့ကိုခံစားလိုက်ရသည်။


သူကအဝေးတစ်နေရာရှိ အမျိုးသမီးအားလှမ်းကြည့်လိုက်ပြီး စိတ်အတွင်းမှကြည်ညိုလေးစားမှုတို့ဖြင့်အော်ဟစ်နေ၏။


သူမသည် အာကာသနတ်သမီးဟူသောဂုဏ်သတင်းနှင့်ထိုက်တန်ပါပေသည်။သူမ၏နည်းလမ်းများမှာအမြဲတစေစွမ်းရည်ပြည့်ဝ၏။


ချူချန်းရှန်ကအကြောက်အလန့်ကင်းလာကာဒေါသတကြီးအော်ဟစ်၍မိုဆာအားတိုက်ခိုက်တော့သည်။


ရှောင်ယကအထိတ်ထိတ်အလန့်လန့်ဖြင့် မိုလျိုကျိအား လမ်းလျှောက်နိုင်ရန်ကူညီဖေးမကာ ထောင်တျဲ့စားသောက်ဆိုင်သို့ရောက်ရှိလာကြသည်။


ရှောင်ယကစိုးရိမ်ကြီးစွာတံခါးခေါက်လိုက်ချိန် စားသောက်ဆိုင်တံခါးနှစ်ချပ်မှာပွင့်ဟလာလေသည်။


သူမကစိတ်လှုပ်ရှားစွာခေါင်းမော့ကြည့်လိုက်ရာ တံခါးနောက်တွင် ခပ်ဝဝသံရုပ်သေးတစ်ရုပ်ရှိနေခဲ့သည်။