အပိုင်း ၈၃၅
Viewers 53k

အပိုင်း ၈၃၅

အစပ်ချောင်းတွေရဖို့ သူ့အတွက်အန္တရာယ်ဖြစ်စေမယ့်အရာတွေကိုနှိမ်နှင်းပေးတာပါ


"မင်းထပ်မငိုမချင်းအရိုက်ခံရဖို့အဆင်သင့်ဖြစ်ပြီလား..."


ငရဲဘုရင်၏ပျင်းပျင်းရိရိအသံထွက်ပေါ်လာသည်။ သူ၏နက်မှောင်တောက်ပနေသောဆံပင်များသည် လေထဲတွင်လွင့်ပျံနေကာ သူ၏မျက်နှာချောချောကိုပေါ်လွင်နေစေသည်။ နှုတ်ခမ်းထောင့်တွင်အစပ်ချောင်းတစ်ချောင်းရှိနေကာ သူ့ကို ပိုမိုချောမောစေအောင်ဖြည့်စွက်ပေးလျက်ရှိသည်။


သို့သော် သူ့စကားများသည် မိုယဲ့ကိုဆွံ့အသွားစေခဲ့သည်။


သူတို့ထပ်ပြောပြန်ပြီ... အဲ့တော့ဒီတစ်ယောက်ကလည်းသူ့ကိုမငိုမချင်းရိုက်မယ်ပြောချင်တာလား...


ဟိုခွေးကိုထားလိုက်.. ဘယ်လိုဖြစ်ဖြစ်အဲ့ခွေးရဲ့ ဖြစ်တည်မှုကကြောက်ဖို့ကောင်းနေတာလေ... သူ့ရှေ့ကလူမှာ ဒီလိုစကားတွေပြောရဲဖို့သတ္တိရှိနေတယ်ပေါ့လေ... မိုယဲ့ဆိုတဲ့သူ့ကိုအနိုင်ကျင့်ဖို့လွယ်တယ်များထင်နေကြလား...


ဘာပဲဖြစ်နေနေသူက ပျက်သုဉ်းခြင်းအကျဉ်းထောင်ရဲ့ နတ်ဆိုးမျက်လုံးဂိုဏ်းက ကျင့်ကြံသူတစ်ယောက်ပဲလေ.. နတ်ဆိုးမျက်လုံးဂိုဏ်းက ပျက်သုဉ်းခြင်းအကျဉ်းထောင်ထဲမှာဆိုရင် ကျွမ်းကျင်သူတွေအများကြီးရှိတဲ့ ဂိုဏ်းတစ်ခုပဲ.. အဲ့တော့ ဟိုခွေးနက်ကြီးကလွဲလို့ သူဆိုတဲ့မိုယဲ့ကိုကြောက်အောင်လုပ်နိုင်မယ့်သူ ဘယ်သူရှိမှာလဲ...


"ထွက်သွားစမ်း... ငါ့ကိုတားတဲ့လူတိုင်းသေရမှာပဲ..."


မိုယဲ့ ဒေါသထွက်လာမိသည်။ သူ့နှဖူးပေါ်ရှိ ဒေါင်လိုက်မျက်လုံးများပွင့်လာကာ ထူထဲသည့်စွမ်းအင်များက သူ့မျက်လုံးတွင်ရစ်သိုင်းလာပြီး ခဏအကြာတွင် အနက်ရောင်စွမ်းအင်လုံးဖြစ်သွားသည်။ သူ၏အော်ရာသည်လည်း ချက်ချင်းမြင့်တက်လာတော့သည်။


သူ မကျေမချမ်းနှင့်ဒေါသထွက်လာသည်။ ဒေါသမီးတောက်များသည် သူ၏ရင်ကိုခွဲ၍ထွက်လာချင်သည့်ပုံဖြင့်တောက်လောင်လာသည်။


သူသည် ခွေးဘုရင်ကြောင့် ကြောက်လန့်မိကာ ဖိနှိပ်ခြင်းလည်းခံခဲ့ရသည်။ တကယ်တမ်းတွင် သူ၏မူလအစီအစဉ်က အစားကြူးတောင်ကြားရှိ သက်ရှိတိုင်းကိုဖယ်ရှားသုတ်သင်ကာ တောင်ကြားတစ်ခုလုံးကိုဖျက်ဆီးပြီး ထွက်ပြေးရန်ဖြစ်သည်။


သူ ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ကိုပါ တစ်ခါတည်းဖျက်ဆီးပစ်ချင်သည်။


သို့သော် ထိုခွေးပေါ်ထွက်လာကာ သူ၏အစီအစဉ်ကိုဝင်နှောင့်ယှက်လေသည်။ ၎င်းကသူခန့်မှန်းထားသည်နှင့်တခြားဆီဖြစ်ပေသည်။


ထိုခွေးက သူမငိုမချင်းသူ့ကိုရိုက်ခဲ့သည်။ ထိုသည်ကအလွန်ရှက်ဖို့ကောင်းပေသည်။ အမှန်တကယ်တွင် ခွေးတစ်ကောင်ထံမှအရိုက်နှက်ခံရခြင်းသည် သူ့ကိုမျက်နှာမပျက်စေပေ။ သို့သော် ထိုသို့အရိုက်ခံနေရချိန်တွင် လူပေါင်းမျာစွာဝိုင်းကြည့်ခြင်းခံခဲ့ရသည်က မျက်နှာပျက်ဖွယ်ကောင်းလှပေသည်။


ထို့ကြောင့် မိုယဲ့၏အမျက်ဒေါသအထွတ်အထိပ်သို့ရောက်သွားရခြင်းဖြစ်သည်။


ထိုအချိန်တွင် တစ်စုံတစ်ယောက်မှသူ့အသက်သူတန်ဖိုးမထားပဲ သူ့လမ်းကိုပိတ်နေပြန်ပြီး သေလမ်းရှာနေပြန်သည်။


ဒေါင်လိုက်မျက်လုံးနှစ်ခုပေါ်ရှိစွမ်းအင်များ ပိုမိုထူထပ်လာသည်။ ဤတိုက်ခိုက်မှုကိုခွေးဘုရင်အပေါ်မပြုလုပ်ခဲ့သောကြောင့် ယခုတစ်ကြိမ်တွင်ပြီးဆုံးအောင် ဆက်လက်လုပ်ဆောင်ရပေမည်။


လူတိုင်းကို မိုယဲ့ကအားမနည်းဘူးဆိုတာကို ပြရပေလိမ့်မည်။


သူက ထိုခွေး၏ရှေ့မှောက်တွင်သာအားနည်းခြင်းဖြစ်သည်။


ဘုန်း ဘုန်း


မိုယဲ့၏ခေါင်းအထက်တွင် တိမ်တိုက်များတလိမ့်လိမ့်တက်လာသည်။ ထိုတိမ်တိုက်များသည် အမှောင်ထုဖြင့်ရစ်ဖွဲ့သီလျက် ပိုမိုနက်မှောင်လာသည်။


ခဏအကြာတွင် မိုယဲ့ပါးစပ်ဖွင့်ကာ ဟိန်းဟောက်လိုက်သည်။ သူ့အသံသည် ကောင်းကင်ကိုးလွှာအထိပင်ရောက်ရှိသွားတော့သည်။


ဘမ်း


အသံတိုးတိုးတစ်ခုထွက်ပေါ်လာပြီး သူအော်နေတာရပ်သွားသည်။


မိုယဲ့ သူရပ်နေသောနေရာတွင်တောင့်ခဲသွားကာ ကျောရိုးတစ်လျှောက်ကြက်သီးများပင်ထလာသည်။


သူ့မျက်လုံးရှေ့ရှိလူငယ်လေးသည် အရိပ်ပင်မမြင်ရပဲပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် သူ့ရှေ့တွင်ပြန်ပေါ်လာခဲ့သည်။ လက်ညှိုးကိုမြှောက်လိုက်ကာ သူ့နှဖူးအလယ်ရှိ အနက်ရောင်စွမ်းအင်လုံးကိုလက်ညှိုးညွှန်လိုက်သည်။


"ဒီနေ့ခေတ်လူငယ်တွေကတော့ ရိုင်းစိုင်းလွန်းလှပါလား... ဒီဘုရင်ကိုတောင်အော်ရဲတယ်ပေါ့လေ...အရမ်းကိုသတ္တိရှိနေတယ်နဲ့တူတယ်..."


ငရဲဘုရင်အာဟ၏မျက်နှာသည် မထူးခြားသည့်ပုံစံဖြစ်နေသည်။ သူ့လက်ချောင်းသည် မိုယဲ့၏ဒေါင်လိုက်မျက်လုံးများရှေ့ရှိ စွမ်းအင်လုံးကိုထိလိုက်သည်။


စွမ်းအင်လုံးသည်ပေါက်ကွဲတော့မည်ဖြစ်သည်။ သို့သော် ထိုအချိန်တွင် ထိုစွမ်းအင်လုံးသည် မလှုပ်ရှားနိုင်အောင်ဖိနှိပ်ခံရပြီး မပေါက်ကွဲနိုင်တော့ချေ။


ထိုမကျေနပ်ဖွယ်ခံစားချက်က မိုယဲ့ကိုစိတ်ပျက်လက်ပျက်ဖြစ်စေကာ ငိုချင်သွားစေသည်။ ၎င်းသည် လူတွေဝမ်းချုပ်သောအခါခံစားသည့်ခံစားချက်နှင့်တူနေပြီး စိတ်အချဉ်ပေါက်နေသည့်မျက်နှာကိုဖြစ်ပေါ်စေသည်။


"မင်း...."

မိုယဲ့၏မျက်နှာပျက်သွားပြီး ရုတ်တရက်ကြီးအေးစက်စက်ခံစားလိုက်ရသည်။


ဒီလူက... သူ့ရဲ့တိုက်ခိုက်မှုကိုလက်တစ်ချောင်းတည်းနဲ့ ရပ်ပစ်နိုင်တယ်ပေါ့လေ...


ဒါကနည်းနည်းတော့ကြောက်ဖို့ကောင်းသားပဲ....


"ကြည့်ရတာ မင်းငိုတဲ့အထိအရိုက်ခံရဖို့အဆင်သင့်မဖြစ်သေးဘူးထင်တယ်... ဆိုးလိုက်တာ ဒီဘုရင်က မင်းကိုပြင်ဆင်ဖို့အချိန်မပေးနိုင်ဘူး.. အခုငိုလိုက်မယ်ဆိုရင် အများကြီးမခံစားရတော့ဘူးနော်.."


ခဏအကြာတွင် သူ့လက်ချောင်းပတ်လည်တွင် ငရဲကမ္ဘာစွမ်းအင်များစုစည်းလာသည်။


ငရဲစွမ်းအင်များကိုတွေ့လိုက်ရသောအခါ မိုယဲ့မျက်လုံးများ ကျုံ့ဝင်သွားတော့သည်။ ထိုစွမ်းအင်များမှ ရင်းနှီးနေသော အော်ရာကိုပင်ရနေသေးသည်။


အဲ့ဒီ့အော်ရာက... ခွေးနက်ကြီးရဲ့အော်ရာနဲ့ ခပ်ဆင်ဆင်ဖြစ်နေတာပဲ...


ခပ်ဆင်ဆင်ဖြစ်နေတယ်... ခပ်ဆင်ဆင်ဖြစ်နေတာတဲ့လား...


‌ေ-ာက်ကျိုးနည်း...


သူ့ရှေ့ကလူကလည်း ကမ္ဘာမြေအကျဉ်းထောင်ကပဲပေါ့လေ...


သေလိုက်ပါတော့...


ဘုန်း


ရုတ်တရက် ငရဲစွမ်းအင်များ ထွက်ပေါ်လာကာ ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းများပေါက်ကွဲထွက်လာသည်။


မိုယဲ့ အချန်အတော်ကြာသိပ်သည်းအောင်ပြုလုပ်ထားသော စွမ်းအင်လုံးသည် သူ့နှဖူးရှေ့တွင်ပင်ပေါက်ကွဲသွားသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည်အမြှောက်ဆံတစ်ခုလို ကောင်းကင်မှမြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။


မြေပြင်မှ ဖုန်မှုန့်များမြင့်တက်လာသည်။


အနက်ရောင်မီးခိုးငွေ့များနှင့်စွမ်းအင်များသည် ကောင်းကင်ယံတွင် ရစ်သိုင်းနေဆဲဖြစ်သည်။


"မင်းလို လူငယ်လေးကများ ဒီဘုရင်ကိုအော်ရဲတယ်ပေါ့လေ... ဟမ့်"


ငရဲဘုရင်အာဟ သူ၏ဆံပင်ရှည်များကို သပ်တင်လိုက်သည်။ သူ့ခန္ဓာကိုယ်သည်မြေပြင်ပေါ်သက်ဆင်းလာသည့်အချိန်တွင် ဆံပင်များက လေအဝှေ့တွင်လူးလွန့်နေကာ သူ၏မျက်နှာချေချောချောကိုပေါ်လွင်နေစေသည်။


အပျက်အစီးများပေါ်ရှိ ကွဲကြေနေသောကျောက်တုံးများတုန်ခါသွားကာ အနက်ရောင်သွေးများဖြင့်ဖုံးလွှမ်းနေသော ခန္ဓာကိုယ်တစ်ခုက ထိုအပျက်အဆီးများကြားမှ တွားသွား၍ထွက်လာသည်။


မိုယဲ့ ထိတ်လန့်သွားမိသည်။ သူပြင်းပြင်းထန်ထန်ဒဏ်ရာရသွားပုံပေါ်ပြီး သူ့ခန္ဓာကိုယ်တွင် များစွာသောဒဏ်ရာတို့ဖြစ်ပေါ်နေသည်။


သူအချိန်အကြာ စုစည်းထားသောစွမ်းအင်လုံးက ရုတ်တရက်ကြီးပေါက်ကွဲထွက်သွားသဖြင့် သူ့ကို ပေါက်ကွဲ၍သေမလိုဖြစ်သွားစေသည်။


ကံကောင်းစွာဖြင့် သူမသေခဲ့ပေ။


သူ့နှဖူးပေါ်ရှိ ဒေါင်လိုက်မျက်လုံးများသည် လှုပ်လှုပ်ရှားရှားဖြစ်လာကာ ခဏအကြာတွင်ပွင့်လာတော့သည်။


သူ၏ဒေါင်လိုက်မျက်လုံးနှစ်လုံးက ဤမျှနီးသောအကွာအဝေးရှိပေါက်ကွဲမှုကြောင့် မထိခိုက်သွားသည်မှာ အလွန်ကံကောင်းလှခြင်းဖြစ်သည်။ 


နတ်ဆိုးမျက်လုံးဂိုဏ်းသည် ၎င်းတို့၏ဒေါင်လိုက်မျက်လုံးများက ၎င်းတို့၏ ဂုဏ်ဒြပ်နှင့် အဓိကတိုက်ခိုက်သည့်ပစ္စည်းများဖြစ်သောကြောင့် ထိုမျက်လုံးများကို အမြဲကာကွယ်တတ်ကြသည်။


"မင်း.. မင်းကဘယ်သူလဲ... ငါ မိုယဲ့နဲ့... မင်းမှာရန်ငြှိုးများရှိလို့လား..."


မိုယဲ့ခေါင်းမော့ကာ ဒေါသထွက်နေသောမျက်နှာကိုပြလိုက်ပြီး အေးစက်စက်လေသံနှင့်အံကြိတ်၍ပြောလိုက်သည်။


ငရဲဘုရင်အာဟ လက်ပိုက်လိုက်သည်။ သူ့နှုတ်ခမ်းများက မသိမသာလှုပ်လျားသွားကာ အစပ်ချောင်းကိုအနည်းငယ်ကိုရှေ့သို့အနည်းငယ်တိုး၍ကိုက်လိုက်သည်။


"ရန်ငြှိုးတော့မရှိပါဘူး... အစပ်ချောင်းတွေရဖို့ သူ့အတွက်အန္တာရယ်ရှိမယ့်အရာတွေကိုသုတ်သင်ပေးရုံပါပဲ"


ထိုသည်ကိုကြားပြီးနောက်တွင် မိုယဲ့တစ်ယောက်ဒေါသထွက်လွန်း၍သွေးအန်မလိုပင်ဖြစ်သွားသည်။


အစပ်ချောင်းဆိုတာ ဘာကြီးလဲဟ...


ဒီတော့ မိုယဲ့ဆိုတဲ့သူက အဲ့ဒီ့အစပ်ချောင်းဆိုတဲ့ဟာတွေနဲ့ မယှဉ်နိုင်ဘူးဆိုတဲ့သဘောလား..


သူ ရူးသွပ်တော့မလို ဒေါသထွက်မိသွားသည်။


"မင်းကလည်း ငရဲကမ္ဘာကပါ.. ဘာလို့ ငရဲကမ္ဘာကလူအချင်းချင်းတိုက်ခိုက်ချင်နေရတာလဲ... ကောင်းကင်ဖြတ်ကျော်အတိဒုက္ခပြီးရင် ငရဲကမ္ဘာက ပုန်းကွယ်နဂါးတိုက်ကြီးကိုကျူးကျော်တော့မှာလေ... မင်းနဲ့ငါက တစ်ဖက်တည်းဆိုတာအသိသာကြီး... ငါတို့ဘာလို့ ကောင်းကောင်းမွန်မွန်စကားမပြောပဲနေရမှာလဲ..."


ကောင်းကင်ဖြတ်ကျော်အတိဒုက္ခကစတင်နေပြီဖြစ်သည်။ ဤတစ်ကြိမ်တွင် ပျက်သုဉ်းခြင်းအကျဉ်းထောင်သည် ပုန်းကွယ်နဂါးကောင်းကင်ဝင်ပေါက်ကိုဖျက်ဆီးပစ်နိုင်ရန် ယုံကြည်ချက်ရှိနေသည်။ ထို့နောက်တွင် ပျက်သုဉ်းခြင်းအကျဉ်းထောင်သည် ပုန်းကွယ်နဂါးတိုက်ကြီးကို လုံးလုံးလျားလျားကျူးကျော်မွှေနှောက်ကြမည်ဖြစ်သည်။


ထိုအချိန်တွင် နတ်ဆိုးမျက်လုံးဂိုဏ်းမှ ဤနေရာတွင်အခြေစိုက်စခန်းတစ်ခုလုပ်ရန် ကျွမ်းကျင်သူအချို့ကိုလွှတ်လိုက်မည်ဖြစ်သည်။ ထို့ကြောင့် အစားကြူးနတ်ဘုရားမြို့တော်ကို အဆုံးသတ်ပစ်ရန်နောက်မကျသေးပေ။


မည်သို့ပေဆိုစေ သူသည် ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ကို ဖျက်ဆီးပစ်ရန် အခွင့်အရေးရှာရမည်ဖြစ်သည်။


မိုယဲ့ ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်အကြောင်းကိုတွေးမိသောအခါတွင် သူ့မျက်လုံးများတောက်ပလာကာ အသက်မျှင်းမျှင်းရှူလိုက်မိသည်။


သူ့အမြင်အာရုံသည် ငရဲဘုရင်အာဟအနောက်ဘက်ရှိ သူနှင့်သိပ်မဝေးသောနေရာတစ်ခုထံကျရောက်သွားသည်။


ဖြူဖျော်နေသော အာကာသနတ်သမီးသည် ထိုနေရာတွင်ခြေချိတ်ထိုင်နေပေသည်။ သူမ၏ခေါင်းထက်တွင် အလင်း‌ရောင်များစွာထွက်ပေါ်နေသော ကြယ်တာရာသံလိုက်အိမ်မြှောင်တစ်ခုလည်နေသည်။


၎င်းသည် ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ဖြစ်ပြီး သူအခွင့်အရေးရလျှင်ဖျက်ဆီးပစ်ချင်သည့်အရာတစ်ခုဖြစ်လေသည်။


မိုယဲ့ အံ့အားသင့်သွားသည်။


သူ့ကိုယ်သူ အပျက်ဆီးပုံထဲမှဆွဲထုတ်လိုက်ချိန်တွင် အခြားတစ်ယောက်က သူ့နားသို့ချဉ်းကပ်လာသည်ကိုတွေ့လိုက်ရသည်။


ငရဲဘုရင်အာဟသည် မိုယဲ့ကို မျက်နှာသေနှင့်ကြည့်လိုက်သည်။ သူ့ပါးစပ်ထဲတွင် အစပ်ချောင်းကိုကိုက်ထားကာ ပြောလိုက်သည်။


"မင်းစကားပြောမနေသင့်ဘူး.. ငိုနေသင့်တာ..."


မင်းနှမကိုပဲငိုနေခိုင်းလိုက်...


ငါ မငိုမချင်းအရိုက်ခံခဲ့ရပြီးပြီကွ...အခုမင်းကငါ့ကိုထပ်ငိုစေချင်နေတယ်... ကမ္ဘာကြီးတစ်ခုလုံးဘာတွေဖြစ်နေကြတာလဲဟ...


မိုယဲ့၏မျက်လုံးများ ပြူကျယ်သွားကာ နောက်တစ်ကြိမ်ဒေါသထွက်လာပြန်သည်။


"မင်း..."


ဘမ်း


သူ့ပါးစပ်ဖွင့်ပြီးနောက်တစ်ကြိမ်စကားပြောလိုသည်။ သို့သော် သူစကားမပြောရသေးမှီတွင် လက်ဖဝါးတစ်ဖက်ကသူ့ခေါင်းပေါ်ရောက်ရှိလာတော့သည်။


ထိုလက်ဖွားက မိုယဲ့၏ခေါင်းကိုရိုက်လိုက်ကာ သူ့ကိုနောက်သို့ယိမ်းယိုင်သွားစေသည်။


လခွမ်း... လုံးဝကိုလခွမ်းပဲ


မိုယဲ့သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ပြီးချိန်တွင် နောက်တစ်ကြိမ်ဒေါသထွက်လာသည်။ သူ၏မျက်လုံးလေးလုံးထဲတွင် ဒေါသမီးတောက်များတောက်လောင်နေပြီဖြစ်သည်။


"မင်းငါ့ကိုရိုက်ရဲတယ်...."


မိုယဲ့ ငရဲဘုရင်အာဟကိုဒေါသတကြီးကြည့်လိုက်သည်။


ငရဲဘုရင် နှုတ်ခမ်းတွန့်မိသွားသည်။ အစပ်ချောင်းကိုပါးစပ်ထောင့်သို့ပို့ကာ မိုယဲ့ကိုအကြည်စူးစူးတစ်ချက်ပေးလိုက်သည်။


ဒီကောင်ဘာကိုဆိုလိုတာလဲ... ဟိုခွေးစုတ်ကသူ့ကိုရိုက်နိုင်ပေမယ့် ဒီဘုရင်ကမရိုက်နိုင်ဘူးတဲ့လား...


သူ့မှာ ဟိုခွေးစုတ်ကိုအထင်ကြီးပြီး ငရဲဘုရင်ကိုအထင်သေးဖို့အခွင့်အရေးရှိလို့လား....


ဘမ်း


ငရဲဘုရင်အာဟ မိုယဲ့ကို နောက်တစ်ချက်ထပ်ရိုက်လိုက်သည်။


သူမိုယဲ့ခေါင်းကိုရိုက်လိုက်ခြင်းဖြစ်သည်။ အားနှင့်ရိုက်တာမဟုတ်သော်လည် မိုယဲ့ကိုခြေလှမ်းများစွာနောက်ဆုတ်သွားစေရန်လုံလောက်ပေသည်။


မိုယဲ့တုန်လှုပ်သွားမိပြီး သူ့လက်ကိုမြှောက့ကာ ငရဲဘုရင်အာဟကိုလက်ညှိုးထိုးလိုက်မိသည်။


ဘမ်း


သူ့လက်တစ်ချောင်းလုံး ရောင်ကိုင်းသွားအောင်အရိုက်ခံလိုက်ရသည်။


မိုယဲ့အလွန်ဒေါသထွက်သွားသည်။


ငရဲဘုရင်အာဟ ရှေ့သို့ဖြေးဖြေးခြင်းလျှောက်လာသည်။ သူ၏အော်ရာသည် ကြောက်မက်ဖွယ်အဆင့်ထိ သိပ်သည်းသွားပေသည်။


ထိုအော်ရာသည် မိုယဲ့၏အော်ရာကိုဖိနှိပ်သွားပြီး မိုယဲ့၏အော်ရာကို လွင့်ပျောက်သွားစေသည်။


နောက်ကြောင်းပြန်ရလျှင် မိုယဲ့တစ်ယောက်တစ်ခုခုပြောရန်လုပ်နေခြင်းဖြစ်သည်။ သို့သော် သူပါးစပ်ဖွင့်လိုက်တိုင်း သူ့ခေါင်းကိုရိုက်၍အနှောင့်အယှက်ခံနေရသည်။


သူအတော်လေးဒေါသထွက်နေပြီဖြစ်သည။ သူဘာကြောင့် သူ့ကိုယ်သူ ကလေးကြီးတစ်ယောက်ဆီကအနိုင်ကျင့်ခံနေရတဲ့ ကလေးလေးလို့ခံစားနေရတာလဲ။


"ငိုမှာလား မငိုဘူးလား..."


ငရဲဘုရင်အာဟ ထပ်ရိုက်လိုက်ပြန်သည်။ မိုယဲ့၏ခေါင်းတစ်ခေါင်းလုံး ဖောယောင်လုနီးနီးဖြစ်နေပြီဖြစ်သည်။ သူနောက်ပြန်လဲကျသွားကာ မြေကြီးပေါ်သို့တင်ပါးဖြင့်ကျသွားသည်။


"အား.. ငါသည်းမခံနိုင်တော့ဘူး.. အရမ်းကိုလွန်လွန်းနေပြီ"


မိုယဲ့ ပြင်းပြင်းထန်ထန်ဒေါသထွက်နေသည်မှာ သူ့ရင်ဘတ်တစ်ခုလုံးပင်ပေါက်ကွဲလုမတတ်ဖြစ်နေသည်။ သူ၏ဒေါင်လိုက်မျက်လုံးများသည်လည်း အကျယ်ဆုံးပြူးသွားပြီး သူ မြေပြင်ပေါ်မှခုန်ထလိုက်သည်။


သူ့လက်သီးတွင် ငရဲစွမ်းအင်များကိုရစ်ပတ်စေကာ ငရဲဘုရင်အာဟကိုတိုက်ခိုက်လိုက်သည်။


ထိုတိုက်ခိုက်မှုနှင့်ရင်ဆိုင်ရသောအခါ ငရဲဘုရင်အာဟ အနည်းငယ်စိတ်လွတ်သွားတော့သည်။


ပထမတော့ သူကမဟာနိယာမလမ်းကြောင်း၏စည်းမျဉ်းများကိုကြောက်ခဲ့သည်။ ထို့နောက် သူသည်အကြိမ်ရေများစွာမိုးကြိုးပစ်ခံခဲ့ရသည်။


သို့သော် မိုယဲ့နှင့်သူ၏အပေါင်းအပါများက ပုန်းကွယ်နဂါးတိုက်ကြီးကိုဝင်ရောက်နိုင်ရန် မဟာနိယာမလမ်းကြောင်းကို မသက်ရောက်အောင်လုပ်ခဲ့သည်။ ထို့ကြောင့် ယခုတွင်ငရဲဘုရင်အာဟသည် မိုးကြိုးပစ်ခံရမည်ကိုကြောက်ရန်မလိုတော့ပဲ သူ၏အစွမ်းအကုန်လုံးကိုသုံး၍ရနေပြီဖြစ်သည်။


ငရဲဘုရင်အာဟ သူ့ရဲ့စွမ်းအားတွေကိုလိုသလိုသုံးနိုင်မှတော့.. မိုယဲ့ကိုကြောက်ဖို့လိုပါဦးမလား...


ရိုက်ချက်တစ်ချက်ဖြင့် မိုယဲ့၏လက်သီးချက်များနောက်သို့ ပြန်ဆုတ်သွားပြီး သူလက်ကိုမြှောက်လိုက်ကာ မိုယဲ့၏ခေါင်းကိုနောက်တစ်ချက်ထပ်ရိုက်လိုက်ပြန်သည်။ 


မိုယဲ့ နာကျင်သွားရသည်။ သူ့ခေါင်းကိုအုပ်ကိုင်ကာ နောက်သို့ခြေလှမ်းများစွာဆုတ်သွားသည်။


သူအလွန်ဒေါသထွက်နေပြီဖြစ်ပြီး မျက်လုံးအတွင်းများမျက်ရည်များပင်စီးကျလာမလိုဖြစ်နေသည်။


ထို့နောက် သူသည်လှည့်ပြေးလေတော့သည်။


သူမခုခံနိုင်ဘူးဆိုမှတော့ ဘာကိစ္စမပြေးပဲနေရမှာလဲ...


သို့သော် သူသည်ငရဲဘုရင်အာဟကိုမခုခံနိုင်ခဲ့ချေ။ သူ့ကိုဖမ်းမိသွားပြီး ခေါင်းကိုထပ်ရိုက်ခံရလိုက်ရပြန်သည်။


ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားတော့သည်။


ထိုမြင်ကွင်းကိုမြင်သည့်သူတိုင်း အံဩသွားကြကာ မရည်ရွယ်ပါပဲနှုတ်ခမ်းများတွန့်လိမ်မိသွားကြသည်။


မူလက ၎င်းသည်ပြင်းထန်သည့်တိုက်ပွဲတစ်ခုဖြစ်ခဲ့သော်လည်း ယခုတွင်မူ ဟာသတစ်ခုဖြစ်နေလေပြီ။


လူတိုင်းမိုယဲ့အတွက်တစ်စက္ကန့်မျှ စိတ်မကောင်းဖြစ်မိသွားကြသည်။


ဘုန်း


ကျယ်လောင်သည့်တိုက်ခိုက်မှုအပြီးတွင် မိုယဲ့သည့်ငရဲဘုရင်အာဟ၏အမှောက်သိပ်ခြင်းကိုခံလိုက်ရပြန်သည်။


"မင်းဘာလို့မငိုသေးတာလဲ.. ဒီဘုရင်ရဲ့ရိုက်ချက်တွေကပေါ့လွန်းနေလို့လား.."


ငရဲဘုရင်အာဟ အော်ဟစ်ရင်းရိုက်နေပေသည်။


သူတို့နှင့်အဝေးတစ်နေရာတွင် ပုဖန်သည်ငရဲဘုရင်ကိုစိုက်ကြည့်နေကာ ခွေးဘုရင်သည်လည်း ခေါင်းတယမ်းယမ်းဖြင့်ညည်းတွားနေသည်။


ဒီကျပ်မပြည့်ကောင်တော့...


မိုယဲ့ အလွန်ဒေါသထွက်နေသည်။ သူအသတ်ခံနိုင်သော်လည်း စော်ကားသည်ကိုတော့သည်းမခံနိုင်ပေ။


ဘုန်း


နောက်ထပ်ကြောက်မက်ဖွယ်စွမ်းအင်များကသူ့ခန္ဓာကိုယ်မှထွက်ပေါ်လာပြန်သည်။ ရုတ်တရက်ဖြစ်လာသောကြောင့် ငရဲဘုရင်အာဟသတိမမူမိလိုက်ပဲ လေလှိုင်းများကြောင့်လွင့်ထွက်သွားတော့သည်။


သူ့ခန္ဓာကိုယ်လွင့်ပျံသွားကာ အဝေးသို့ပြုတ်ကျသွားသည်။


မိုယဲ့၏မျက်နှာသည် ရက်စက်ကြမ်းကြုတ်လာသည်။ သူ့အရေပြားတစ်ခုလုံး စိမ်းပြာရောင်အဖြစ်ပြောင်းလဲသွားသည်။ အရေပြားပေါ်တွင် လျှို့ဝှက်ဆန်းကျယ်သော အမှတ်အသားနှစ်ခုသည် ပြင်းပြင်းထန်ထန်ကခုန်နေသည်။ 


ထိုနတ်ဆိုးအမှတ်အသားနှစ်ခုသည် လောင်ကျွမ်းတောက်လောင်နေပြီး မိုယဲ့၏အော်ရာသည် တဟုန်ထိုးမြင့်တက်လာသည်။


"ငါဒီနေ့သေရမယ်ဆိုရင်တောင်... မင်းကိုငါနဲ့အတူတူအုတ်ဂူထဲအထိခေါ်သွားပစ်မယ်ကွ..."


မိုယဲ့ ဒေါသတကြီးအော်ဟစ်လိုက်သည်။


ငရဲဘုရင်အာဟ၏ဖိနှိပ်မှုကြောင့် သူကန့်ကွက်ထကြွရပေမည်။ ဖိနှိပ်မှုရှိသည့်နေရာတိုင်းတွင် ကန့်ကွက်ထကြွမှုများရှိရပေမည်။


ငရဲဘုရင်အာဟသည် အစပ်ချောင်းကိုကိုင်ရင်း မျက်မှောင်ကြုတ်လိုက်ပြီး သက်ပြင်းအသာချလိုက်သည်။


"အဲ့တော့ မင်းကအခုထိမငိုသေးဘူးပေါ့လေ..."


ဘုန်း


နတ်ဆိုးအမှတ်အသားများသည် အနက်ရောင်မီးတောက်များဖြင့်တောက်ပလာသည်။ ထိုမီးတောက်များတွင် အလွန့်အလွန်မြင့်မားသောအပူရှိန်ရှိနေပြီး မိုယဲ့၏တစ်ကိုယ်လုံးကိုဖုံးလွှမ်းနေပေသည်။


ငရဲဘုရင်အာဟ မျက်နှာသေဖြင့်သာပြန်ကြည့်လိုက်သည်။


လက်မြှောက်လိုက်ကာ သူစုပ်နေသောအစပ်ချောင်းများကိုပါးစပ်ထဲသို့ထည့်၍ဖြည်းညှင်းစွာဝါးလိုက်သည်။


ဂလု


အစပ်ချောင်းကိုမျိုချပြီးနောက်တွင်


ငရဲဘုရင်အာဟ ခေါင်းမော့လိုက်သည်။ သူ့မျက်လုံးများသည် နက်မှောင်လာကာ သူ့နောက်တွင် အနက်ရောင်ပုံရိပ်ကြီးတစ်ခုထွက်ပေါ်လာသည်။


ထိုပုံရိပ်ကြီးသည် ဆယ်မီတာခန့်မြင့်မားကာ ကောင်းကင်ယံကိုပင်ဝါးမျိုပစ်နိုင်သည့် ငရဲစွမ်းအင်များကိုထုတ်လွှတ်နေသည်။ ခဏအကြာတွင် ပုံရိပ်ကြီးကမျက်လုံးဖွင့်လိုက်သည်။ ၎င်းသည် ကောင်းကင်နှင့်မြေပြင်ကိုပင်စုတ်ပြဲသွားစေသည့်ပုံပေါ်နေသည်။


မိုယဲ့၏ မီးတောက်များဖြင့်လောင်ကျွမ်းနေသောခန္ဓာကိုယ်သည်တုန်လှုပ်သွားကာ မီးတောက်များ မှိန်ဖျော့သွားတော့သည်။


"ဒီ...ဒီပုံရိပ်... ဒီဖိအား... ဒါက...."