အပိုင်း ၈၃၆
Viewers 53k

အပိုင်း ၈၃၆

အာကာသနတ်သမီးက အသိအကျွမ်းတစ်ယောက်လား


ကြောက်မက်ဖွယ်ပုံရိပ်ကြီးသည် ကောင်းကင်တစ်ခုလုံးကိုဖုံးလွှမ်းသွားလုနီးပါးဖြစ်နေသည်။


ငရဲဘုရင်အာဟသည် မာနကြီးပြီးအေးစက်သည့်အမူအယာရှိနေသည်။ သူ၏မျက်လုံးများထဲတွင် လူများ၏နှလုံးသားကိုအေးခဲသွားစေနိုင်သော အေးစက်မှုတို့ပြည့်နှက်နေသည်။


ငရဲဘုရင်အာဟ၏ယခုပုံစံသည် ပုံမှန်လိုရယ်ရွှင်ဖွယ်ပုံစံနဲ့ လုံးလုံးလျားလျားကွဲပြားနေသည်။


ထိုအချိန်တွင် ငရဲဘုရင်အာဟသည် ပုဖန်ကို ငရဲကမ္ဘာအရှင်သခင်တစ်ယောက်၏အော်ရာကိုထုတ်ဖော်ပြလိုက်ပြီဖြစ်သည်။


ခွေးဘုရင် ငရဲဘုရင်အာကို ခေတ္တမျှခေါင်းမော့ကြည့်လိုက်သည်။


ဒီကောင်က ဒီနေရာမှာပြဿနာရှာချင်နေတာလား.. ပုန်းကွယ်နဂါးတိုက်ကြီးရဲ့မဟာနိယာမလမ်းကြောင်းအုပ်စိုးသူသာဒီမှာရှိနေရင် အဲ့ကောင်အခုလို ထင်ရာစိုင်းပြီး မိမိုက်တဲ့ပုံစံလုပ်နေဦးပါ့မလားသိချင်လိုက်တာ....


မိုးကြိုးပစ်ဒဏ်က အဲ့ကောင်ကိုသေအောင်ပစ်ချပါလိမ့်မယ်...


အခြားသူများနှင့်မတူပဲ မိုယဲ့က အကြောက်တရားကိုခံစားမိဆုံးလူဖြစ်နေသည်။ ထိုပုံရိပ်ကြီး၏ ကြောက်မက်ဖွယ်ရာအော်ရာသည် သူ့ကိုငရဲကမ္ဘာသို့ပြန်ရောက်သွားသလိုပင်ခံစားမိသွားစေသည်။


ငရဲကမ္ဘာ၏ တုနှိုင်းမဲ့တည်ရှိမှုတစ်ခုနှင့်ရင်ဆိုင်ရခြင်းဟူသော ထိုခံစားချက်သည် အလွန်အမင်းကြောက်မက်ဖွယ်ကောင်းလှပေသည်။


ဒီပုံရိပ်ကြီး... ဒီအော်ရာ ဒီခံစားချက်က သူ့ကို တုံလှုပ်အံ့ဩဖွယ်ရာတည်ရှိမှုတစ်ခုကိုသတိရမိသွားစေသည်။


ကမ္ဘာမြေအကျဉ်းထောင်တွင် ကြောက်မက်ဖွယ်ရာတည်ရှိမှုများစွာရှိပေသည်။ သို့သော် အမှန်တကယ်တုနှိုင်းမဲ့၍ ထင်ရှားသောသူများမှာ အနည်းငယ်သာရှိသည်။


ထိုခွေးနက်ကြီးသည်ကြောက်မက်ဖွယ်တည်ရှိမှုဖြစ်သော်လည်း မိုယဲ့ရှေ့ရှိလူသည် သူ့ကို အခြားသောကြောက်မက်ဖွယ်ရာတည်ရှိမှုတို့ရှိနေသေးကြောင်း အသိပေးနေသည်။


သူတို့သည် ငရဲကမ္ဘာရှိ အဆင့်မြင့်သက်ရှိများဖြစ်ကြသည်။ ပျက်သုဉ်းခြင်းအကျဉ်းထောင်တွင်ဖြစ်စေ၊ ကမ္ဘာမြေအကျဉ်းထောင်တွင်ဖြစ်စေ၊ ငရဲအကျဉ်းထောင်တွင်ဖြစ်စေ သူတို့သည် ငရဲကမ္ဘာတစ်ခုလုံးတွင်ထင်ရှားကျော်ကြားကြပေသည်။


ဆယ်မီတာမြင့်သောပုံရိပ်ကြီးသည် သူ၏နတ်ဆိုးအမှတ်အသားကိုတောက်လောင်စေပြီး အလွန်ဒေါသထွက်နေသောမိုယဲ့ကိုပင် ကြောင်အမ်းသွားစေခဲ့သည်။


"ငရဲ... ငရဲဘုရင်လား"


ခေါင်းမော့လိုက်ပြီး မကောင်းဆိုးဝါးပုံရိပ်ကြီးကိုကြည့်လိုက်သည်။ ထိုပုံရိပ်ကြီးကသူ့ကိုဖိနှိပ်နေကာ ကြောက်ရွံ့မှုကြောင့်တုန်ရီနေစေသည်။ သူ၏ခန္ဓာကိုယ်ရှိ နတ်ဆိုးအမှတ်သည်လည်း အလွန်မှိန်ဖျော့သွားခဲ့သည်။


ထိုအချိန်တွင် သူစိတ်ထဲတွင်ပြောချင်သည့်စကားသုံးလုံးသာရှိနေသည်။

"‌ေ-ာက်ကျိုးနည်း"


သူသည် ကမ္ဘာမြေအကျဉ်းထောင်မှ ထိုခွေးကြောင့် ခံစားခဲ့ရပြီးဖြစ်သည်။ ယခုတော့ အကြီးမြတ်ဆုံးသောအမြင့်မြတ်ဆုံးသော ငရဲဘုရင်က ထပ်မံ၍ရိုက်နှက်နေပြန်သည်။


သူဒီနေ့ခွေးချေးတက်နင်းမိတာများလား... မဟုတ်ဘူး မဟုတ်ဘူး.. ကြောင်ချေးတက်နင်းမိတာ အခုကစပြီးခွေးနဲ့ပတ်သတ်တဲ့အရာအားလုံးကိုပြောခွင့်ပိတ်လိုက်ပြီ...


မိုယဲ့၏နှုတ်ခမ်းများတုန်ရီနေသည်။ ငရဲဘုရင်အာဟ၏ အဆင့်အတန်းအောက်တွင် တသိမ့်သိမ့်တုန်ရီမိကာ သူ၏စိတ်ပိုင်းဆိုင်ရာပင်ပြိုလဲမလိုဖြစ်နေချေပြီ။


အမှန်တကယ်တွင်သူ ပြိုလဲနေပြီဖြစ်သည်။


သူ အသက်ရှူသွင်းလိုက် ရှူထုတ်လိုက်လုပ်လိုက်သည်။


မိုယဲ့ ငရဲဘုရင်အာဟ၏ရှေ့မှောက်တွင် နောက်ထပ်တစ်ကြိမ်ဒူးထောက်ချလိုက်သည်။ သိပ်မကြာခင်တွင် ပဲစေ့အရွယ်အစားခန့်ရှိသော မျက်ရည်ပေါက်များက သူ့မျက်နှာပေါ်လှိမ့်ဆင်းလာတော့သည်။


သူ့နှလုံးသားတစ်ခုလုံးနာကျင်နေကာ သူ့စိတ်ထဲတွင်လည်း ဝမ်းနည်းမှုတို့ဖြင့်ပြည့်နှက်နေသည်။


ဤတစ်ကြိမ်တွင် သူသည် ဟန်ပင်မဆောင်နိုင်တော့ပဲ ဆွဲဆွဲငင်ငင်ငိုကြွေးလေတော့သည်။


သူတကယ်ပင်ငိုချင်လာသည်။ ယခုအတွေ့အကြုံကိုစဉ်းစားမိပါက သူ့တွင်အရက်စက်ဆုံးနှင့် လူမဆန်ဆုံးသော ကံကြမ္မာကိုပိုင်ဆိုင်နေရသည်ဟု ခံစားနေရသည်။


ခွေးနက်တစ်ကောင်ကသူ့ကိုဖျက်ဆီးခဲ့ပြီးဖြစ်သလို ရယ်ရွှင်ဖွယ်အကောင်တစ်ကောင်ကပါသူ့ကိုဖျက်ဆီးနေပြီဖြစ်သည်။


အနက်ရောင်မီးတောက်များအလယ်တွင် မိုယဲ့သည်နှလုံးပင်အပြင်သို့ခုန်ထွက်လာမယောင်နှင့် အော်ဟစ်ငိုယိုနေသည်။ သူ၏ရှိုက်သံသည် ယခုအချိန်တွင် ကျယ်လောင်လွန်းနေပေသည်။


မျက်ရည်စက်များကို အတင်းညှစ်ထုတ်ကာ သူ့မျက်လုံးထောင့်မှတဆင့်ကျဆင်းလာစေသည်။


တောက် တောက်


သူ၏မျက်ရည်များသည် ကျိုးပျက်သွားသည့်ဘယက်တစ်ခုမှ ပုတီးစေ့တို့ကျဆင်းလာသည်နှင့်တူနေသည်။ သူအလွန်ဝမ်းနည်းနေသည်မှာ အသက်ရှူမဝသလိုပင်ဖြစ်လာတော့သည်။


ငရဲဘုရင်အာဟသည် မြေပြင်ပေါ်၌ဒူးထောက်ကာ အားပါးတရငိုကြွေးနေသောမိုယဲ့ကို တည်တည်ငြိမ်ငြိမ်ကြည့်လိုက်ပြီး ခေါင်းကိုတစ်ဖက်သို့လှည့်၍ သက်ပြင်းဖွဖွချလိုက်သည်။


သူ့ခန္ဓာကိုယ်ပေါ်ရှိ အော်ရာများ တဖြေးဖြေးချင်းပျောက်ကွယ်သွားတော့သည်။


ကြောက်မက်ဖွယ်ပုံရိပ်ကြီးပျောက်ကွယ်သွားကာ မိုယဲ့ကို မလှုပ်သာမလွန့်သာဖြစ်နေစေသော တုန်လှုပ်ဖွယ်ဖိအားသည်လည်းပျောက်ကွယ်သွားလေသည်။


ငရဲဘုရင်အာဟ ခေါင်းကုတ်လိုက်ကာ ဆံပင်ကိုပွတ်နေမိသည်။ သူထိုလူငယ်ကိုငိုအောင်လုပ်ချင်ခဲ့သည်။ ယခုတော့ထိုလူငယ်ကငိုနေပြီဖြစ်ပြီး သူသာထိုလူငယ်ကိုဆက်ရိုက်နေပါက ရှက်စရာကောင်းပေလိမ့်မည်။


အဆုံးတွင်တော့ သူ့တွင်နူးညံ့သောနှလုံးသားလေးရှိနေသေးပေသည်။


မိုယဲ့ သူ့ကိုဖိနှိပ်ထားသောဖိအားပျောက်ကွယ်သွား၍ ခေါင်းမော့မကြည့်ပဲမနေနိုင်တော့ချေ။ အနက်ရောင်မီးတောက်တို့ဖြင့်တောက်ပနေသော သူ၏မျက်နှာသည် ပျော်ရွှင်မှုကြောင့်အရောင်လက်နေလျက်ရှိသည်။


သူဖြေးဖြေးချင်းထကာ ငရဲဘုရင်အာဟနားကိုချဉ်းကပ်လိုက်သည်။


"ဆရာ... ဆရာကငရဲကမ္ဘာကမလား.. ငရဲကမ္ဘာက အာဏာအကြီးဆုံးသောအရှင်သခင်ဟုတ်တယ်မလား..."


မိုယဲ့၏မျက်နှာသည် ငရဲဘုရင်အာဟကိုကြည့်နေရင်း ဆွဲဆောင်ခံနေရပုံပေါ်နေသည်။သူ၏အသံသည်တုန်ရီနေကာ တစ်ချိန်တည်းတွင်သူသည်လေးစားအားကျမှုအပြည့်ဖြင့် ဝမ်းသာပီတိဖြစ်နေပေသည်။


ငရဲဘုရင်အာဟ ထိုသည်ကိုကြားလိုက်ရသောအခါ စိတ်ကျေနပ်သွားခဲ့သည်။


မှန်တာပေါ့... အဲ့တာကသူပဲလေ အဲ့တာသူပဲ... အသေအချာကိုသူဖြစ်နေတာပဲ...


ငရဲကမ္ဘာရဲ့ အကြီးမြတ်ဆုံးသောတည်ရှိမှု... သူကငရဲကမ္ဘာရဲ့အရှင်သခင်အာဟပဲလေ...


"လူငယ်လေး မင်းကသိပ်မဆိုးဘူးပဲ... မင်းဒီဘုရင်ကိုမှတ်မိသားပဲ... ကျစ် ကျစ် ကျစ် မင်းမှာတောက်ပတဲ့အနာဂတ်ရှိနေတာပဲ"

ငရဲဘုရင်အာဟပြုံးလိုက်သည်။ ဆံပင်များကိုဖြီးသင်လိုက်ကာ ဆံပင်စည်းကြိုးဖြင့်ချည်နှောင်လိုက်သည်။


"ကျွန်တော်အစက အရှင့်ကိုမမှတ်မိဘူး... အရှင်မဖြစ်ပါစေနဲ့လို့မျှော်လင့်ခဲ့...."


ငရဲဘုရင်အာဟ မျက်စိဆွေကြည့်လိုက်သည်။ ဒီ မိုယဲ့ဆိုသည့်လူ၏စကားများသည် သူ့ကို သဘောအကျကြီးကျနေစေသည်။


ရုတ်တရက်...


ငရဲဘုရင်အာဟမျက်ခုံးပင့်မိလိုက်သည့်အချိန်တွင် သူ့ဘေးရှိမိုယဲ့သည် ရုတ်တရက်လှုပ်ရှားသွားပေသည်။


စက္ကန့်ပိုင်းအတွင်းပင် သူကအဝေးသို့ရောက်သွားပြီးဖြစ်သည်။ အရိပ်တစ်ခုက လေဟာနယ်ထဲတွင်ထွက်ပေါ်လာကာ လေဟာနယ်ကိုဆုတ်ဖြဲလိုက်သည်။


ထောင်သောင်းများစွာသော အနက်ရောင်မီးတောက်များ တောက်လောင်လာပေသည်။


မိုယဲ့ ရိတ်ကနဲလှုပ်ရှားလိုက်ကာ အာကာသနတ်သမီး၏ခေါင်းပေါ်ရှိ ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ထံသို့ရောက်ရှိသွားသည်။


ထိုလှုပ်ရှားမှုများသည် အချိန်တိုလေးအတွင်းတွင်ဖြစ်သွားခဲ့ပြီး လူတိုင်းကိုတုန်လှုပ်သွားစေခဲ့သည်။


ခဏအကြာတွင်လူတိုင်းသည် လေအေးတစ်ချက်ရှူရှိုက်မိကြသည်။


ငရဲဘုရင်အာဟသတိပြန်ဝင်လာသောအခါ မိုယဲ့ကိုကြည့်မိလိုက်သည်။ သူ့ရှေ့မှောက်မှပျောက်ကွယ်သွားသောမိုယဲ့သည် ယခုတွင် ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ဘေးတွင်ပေါ်လာလေသည်။ ထိုသည်ကိုကြည့်၍ အာဟတစ်ယောက်ဒေါသထွက်လာတော့သည်။


သူလှည့်စားခံခဲ့ရတာဖြစ်သည်။


အဲ့ဒီ့ရုပ်ချောချောနဲ့ မျိုးမစစ်နတ်ဆိုးကောင်က သူ့ကိုလှည့်စားဖို့အပြောချိုချိုလေးတွေပြောခဲ့တာပဲ... သူ့ရဲ့တကယ့်ပစ်မှတ်က ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ကိုတိုက်ခိုက်ဖို့ပဲ...


အဲ့ဒီ့တော့ အဲ့ကောင်ပါးစပ်ကထွက်တဲ့ဟာမှန်သမျှက ဒီဘုရင်ကိုလှည့်စားဖို့ပဲပေါ့လေ...


ခွင့်မလွှတ်နိုင်စရာပဲ...


မိုယဲ့၏မျက်လုံးများထဲတွင်ရူးသွပ်မှုများတောက်လောင်နေပေသည်။ သူ၏တကယ့်ပစ်မှတ်သည် အာကာသနတ်သမီး၏ခေါင်းအထက်၌တစ်ချိန်လုံးလွင့်မျောနေသော ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်သာဖြစ်ပေသည်။


သူသာ ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ကိုဖျက်ဆီးနိုင်ပါက သူ့တာဝန်ပြီးဆုံးသွားပေလိမ့်မည်။ သူသည် ခွေးတစ်ကောင်နှင့်လူတစ်ယောက်ကြောင့်နှစ်ခါငိုခဲ့ရသော်လည်း ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ကိုသာဖျက်ဆီးနိုင်ပါက သူ့တွင်အရှုံးမရှိတော့ချေ။


ထို့အပြင်...


သူသည် သူ၏နတ်ဆိုးအမှတ်အသားကိုလောင်ကျွမ်းစေခဲ့ပြီးဖြစ်လေသည်။ နတ်ဆိုးအမှတ်အသားကိုတစ်ကြိမ်လောင်ကျွမ်းစေပြီးသည်နှင့် ၎င်းသည်သူ၏အသက်စွမ်းအင်ကိုလောင်ကျွမ်းစေသည်ကိုဆိုလိုပေသည်။ သူသည်ကြောက်မက်ဖွယ်စွမ်းအင်တို့ကိုရရှိလာမည်ဖြစ်သော်လည်း အသက်တိုကာ သေခြင်းတရားကိုစောစီးစွာရင်ဆိုင်ရပေလိမ့်မည်။


၎င်းသည် အဘွားမိုကသူ၏နတ်ဘုရားယဇ်ပလ္လင်ကိုဖောက်ခွဲပစ်ခဲ့သည်နှင့်တူနေသည်။ တစ်နည်းပြောရမည်ဆိုလျှင် နတ်ဆိုးအမှတ်အသားကိုလောင်ကျွမ်းစေလိုက်ခြင်းသည် နတ်ဘုရားယဇ်ပလ္လင်ကိုဖောက်ခွဲခြင်းနှင့်တူပေသည်။


လူတိုင်း အံ့အားသင့်သွားကြသည်။ မတိုင်မီက ရှိုက်ကြီးတငင်ငိုကြွေးနေသောမိုယဲ့သည် ဒဏ်ရာရနေသော အာကာသနတ်သမီးကိုရုတ်တရက်တိုက်ခိုက်လိုက်မည်ဟု မထင်မိလိုက်ပေ။


သူက သူမကိုချေမှုန်းချင်နေတာလား...


"ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက် ငါ့အတွက်ပျက်ဆီးသွားစမ်း"


မိုယဲ့ခန္ဓာကိုယ်မှစွမ်းအင်များစွာထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်မီးတောက်တစ်ခုထွက်ပေါ်လာကာ ကောင်းကင်ယံသို့ပျံတက်သွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးမှုန်ဝါးသွားခဲ့သည်။


ပြင်းထန်သောလက်သီးချက်တစ်ခုပေါ်ထွက်လာပြီး မီးပွားများက ကောင်းကင်ယံအနှံ့သို့ ပြန့်ကျဲသွားခဲ့သည်။


သူ့နှဖူးအလယ်ရှိ မီးတောက်သည်ပေါက်ကွဲသွားခဲ့ကာ နဖူးပေါ်ရှိ ဒေါင်လိုက်မျက်လုံးနှစ်လုံးကတစ်လုံးတည်းအဖြစ် ပေါင်းစပ်သွားပေသည်။


သူ၏ဒေါင်လိုက်မျက်လုံးထဲမှ ကြောက်မက်ဖွယ်စွမ်းအက်လှိုင်းတို့ထွက်ပေါ်လာနေသည်။ 


မီးတောက်များနှင့် စွမ်းအင်လှိုင်းလုံးတို့ရောထွေးကာ ပေါက်ကွဲနေလေသည်။ ၎င်းသည် လေဟာနယ်ကိုပင်ကွဲကြေသွားစေအောင်သန်မာလွန်းလှသည်။


အာကာသနတ်သမီးသည် မိုယဲ့၏လှုပ်ရှားမှုကိုကြိုမမြင်ခဲ့ချေ။ ထိုအချိန်တွင် သူမ၏နှလုံးသားသည် တင်းကြပ်လာတော့သည်။


အာကာသနတ်သမီးသည် ခေါင်းမော့ကြည့်လိုက်သည်။ ကြောက်မက်ဖွယ်ရာမီးတောက်များ၏ ဖိအားများအောက်တွင် သူမ၏ဆံပင်များလွင့်ပျံနေပေသည်။


သူမ၏သွေးများဖြင့်စွန်းထင်းနေသော မျက်နှာကာသည်လည်း လွင့်ထွက်သွားတော့သည်။


အချိန်ခဏလေးအတွင်းတွင် လူတိုင်း၏အာရုံသည်သူမထံကျရောက်သွားလေသည်။


မျက်နှာကာမရှိတော့သောကြောင့် အာကာသနတ်သမီး၏မျက်နှာသည်ဖော်ထုတ်ခြင်းခံလိုက်ရတော့သည်။ ထိုမျက်နှာလေးသည် လွန်စွာသိမ်မွေ့နူးညံ့ပြီးလှပလွန်းသောကြောင့် လူတိုင်းကို ပါးစပ်အဟောင်းသားဖြစ်၍ မှင်သက်သွားစေသည်။


သူမ၏အလှတရားသည် လူတိုင်းကိုစွဲလမ်းနစ်မျောသွားစေသည်။


သူမ၏ ကျောက်စိမ်းသဏ္ဍာန် နှာခေါင်းလေးသည် မြင့်မားသောတံတားတစ်စင်းလိုဖြောင့်တန်းနေပြီး သူမ၏အသားအရည်သည် ကြွေပန်းပုလေးတစ်ခုနှယ်ဖြူစင်ဝင်းမွတ်နေချေသည်။ သူမ၏မျက်ဝန်းများသည် သောက်ရှူးကြယ်လိုရွှန်းလဲ့နေပြီး နူးညံ့အိစက်စိုပြေနေသောနှုတ်ခမ်းနှစ်လွှာတို့ဖြင့် သူမ၏မျက်နှာသွင်ပြင်သည်အလှတရားတို့အကုန်လုံးကိုရောမွှေထားသော ပန်းချီကားတစ်ချပ်နှယ် လှပလွန်းပေသည်။


လှပလွန်းတယ်... ရတနာမျက်ရှုလေးလိုလှရက်လွန်းတယ်...


"မဟုတ်ဘူး"


အာကာသနတ်သမီး၏မျက်လုံးများပြူးကျယ်သွားတော့သည်။ မိုယဲ့၏ပစ်မှတ်သည် သူမ၏ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ဖြစ်သည်ကိုသိလိုက်ရ၍ အံ့ဩတုန်လှုပ်မိသွားသည်။


အဘွားမိုက ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ကိုစောင့်ရှောင့်ရန် သူမကိုဤနေရာသို့ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်သာ ပျက်ဆီးသွားမည်ဆိုပါက အဘွားမို၏ အားထုတ်မှုကို အလေအလွင့်ဖြစ်သွားစေသည်နှင့်မခြားတော့သည်မှာ မဟုတ်ပေဘူးလား။


အာကာသနတ်သမီးသည် မိုယဲ့ကိုတားချင်ခဲ့သော်လည်း သူမတွင်ထိုသို့တားရန်အင်အားမရှိပေ။


သူမ၏ကျင့်ကြံခြင်းအဆင့်ကအလွန်အားနည်းနေလေသည်။


မဟုတ်ဘူး.... တကယ်ကသူမရဲ့ကျင့်ကြံဆင့်ကအားနည်းနေတာမဟုတ်ပဲ ရန်သူရဲ့ကျင့်ကြံဆင့်ကသာ အရမ်းအားကောင်းနေတာ...


ပုဖန်သည် အာကာသနတ်သမီး၏မျက်နှာကိုမြင်လိုက်ရပြီး အံ့ဩသွားခဲ့လေသည်။


မျက်နှာကာလွင့်ပျံသွားချိန်တွင် အာကာသနတ်သမီးသည် သူနှင့်သိကျွမ်းသော အသိအကျွမ်းတစ်ယောက်ဖြစ်သည်မှန်းသိလိုက်ရတော့သည်။


ထိုအလွန်အမင်းလှပသောမျက်နှာသည် သူ၏မှတ်ဉာဏ်များအတွင်းပေါ်ထွက်လာပေသည်။


ပုဖန် မရေရွတ်မိပဲမနေနိုင်တော့ချေ။

"အဲ့တာ သူမပဲ"


အာကာသနတ်သမီးသည် အာကာသအာနမ်ဂိုဏ်း၏သတ္တမအကြီးအကဲဖြစ်သည့် အစားကြူးသည့်အလှလေးတစ်ယောက်ဖြစ်သော နီယန်ဖြစ်ပေသည်။


ယခုတွင်နီယန်၏ရုပ်ရည်သွင်ပြင်သည် ကြီးကြီးမားအားပြောင်းလဲသွားခဲ့ပြီး သူမ၏ကျင့်ကြံခြင်းအဆင့်သည်လည်း ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ သူမ၏သွင်ပြင်သည် တစ်သီးတခြားဖြစ်နေကာ ပုံမှန်ဘောင်အတွင်းမှကွဲထွက်နေသည်။


သို့သော် သူန၏မျက်လုံးများသည် သိပ်ပြောင်းလဲခြင်းမရှိချေ။


နောက်ထပ်အသိအကျွမ်းတစ်ယောက်ပဲ...


ဘုန်း


ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်သည် အန္တရာယ်ကိုအာရုံခံမိသည့်ပုံစံဖြင့် လျှင်လျှင်မြန်မြန်လည်ပတ်နေလျက်ရှိသည်။ ထိုသို့ ကြောက်မက်ဖွယ်ရာကောင်းအောင်လည်ပတ်နေသောလှုပ်ရှားမှုသည် လူတိုင်းကိုအသက်ပြင်းပြင်းရှူမိသွားစေသည်။


ပြင်းထန်သောစွမ်းအင်များသည် ကျယ်ပြန့်လာကာ ကောင်းကင်ယံတွင်ပဲ့တင်ထပ်နေသည်။


ဝှီး ဝှီး ဝှီး


လူတိုင်းမှင်သက်နေကြကာ ၎င်းတို့၏မျက်လုံးများတွင် စွမ်းအင်ကြယ်ပေါင်းများစွာကရွေ့လျားနေပေသည်။


ကြယ်အလင်းများစွာသက်ဆင်းလာ၍ လူတိုင်း၏မျက်လုံးများကိုမှုန်ဝါးစေသည်။


သို့သော် မိုယဲ့၏မျက်လုံးများသည် ရူးသွပ်မှုများဖြင့်ပြည့်နှက်နေဆဲဖြစ်ကာ သူ၏စွမ်းအားအကုန်ကိုသုံး၍ ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ကိုပစ်လွှတ်လိုက်သည်။


အပြာနုရောင် ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်သည်လည်း လျှင်မြန်စွာရွေ့လျားလာပြီး ထို့နောက်တွင် ရုတ်တရက်ရပ်သွားတော့သည်။


ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်တွင် အက်ကြောင်းများစွာထလာသည်ကိုမြင်လိုက်သောအခါ လူတိုင်း၏မျက်လုံးများသည် ပဲစေ့အရွယ်ခန့်အထိ ကျုံ့ဝင်သွားပေသည်။


ဘုန်း


ကြယ်လောင်သော ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။


ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက် အစိတ်စိတ်အမြွှာမြွှာပေါက်ကွဲသွားပေသည်။


ဖြီး ဖြီး


သူမ၏စိတ်ဝိဉာဉ်သည် ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်နှင့်ချိတ်ဆက်ထားသောကြောင့် နီယန်သွေးအန်လိုက်ရသည်။ သူမ၏မျက်လုံးများရီဝေသွားကာ မြေပြင်ပေါ်သို့လဲကျသွားသည်မှာ ပန်းလေးတစ်ပွင့်နွမ်းလျသွားသည်နှင့်တူနေပေသည်။ 


သွေးစက်လေးများစွာက ကောင်းကင်ပေါ်တွင်ပြန့်ကျဲနေပြီး သွေးမြူများဖြစ်သွားကာ ဖြေးဖြေးချင်းပျောက်ကွယ်သွားတော့သည်။


ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ပျက်ဆီးသွားခဲ့ပြီဖြစ်သည်။


ထိုအချိန်တွင် ငရဲဘုရင်အာဟနှင့်ခွေးဘုရင်တို့နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။


ငရဲဘုရင်အာဟ ကောင်းကင်ယံကိုမော့ကြည့်လိုက်သည်။


အဝေးတစ်နေရာကိုကြည့်ရင်း ခွေးဘုရင်၏နှာခေါင်းသည်လည်းတွန့်လိမ်သွားတော့သည်။


ဘုန်း ဘုန်း


တိမ်မဲများကကောင်းကင်ယံတွင်စုဝေးလာပြီး မိုးကြိုးများက လျှပ်စီးနဂါးများနှယ်လူးလွန့်နေပေသည်။


ရုတ်တရက် ကောင်းကင်ယံမှမမြင်နိုင်သောလက်တစ်ဖက်ထွက်ပေါ်လာသည်။ ၎င်းသည်တိမ်မဲများကိုထိုးနှက်လိုက်ကာမိုးကြိုးလျှပ်စီးတို့ကိုဆွဲယူ၍ဖြစ်ညှသ်လိုက်သည်။


အရာတိုင်းသည် လျှပ်တစ်ပြက်အတွင်းတွင်ဖြစ်သွားခြင်းဖြစ်သည်။


ခဏအကြာတွင် လူတိုင်းသတိပြန်ဝင်လာပြီး လူတော်တော်များများကစိတ်ရှုပ်ထွေးနေကြသည်။


အာကာသနတ်သမီးက ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ဖျက်ဆီးခံလိုက်ရချိန်မှာ သေဆုံးသွားတာလား....


စားသောက်ဆိုင်ထဲတွင် သွေးများဖြင့်ဖုံးလွှမ်းနေသောမိုလျှိုကျိသည် ဆိုင်ပြင်ထွက်လာခဲ့သည်။ ထိုမြင်ကွင်းကိုစိတ်လွတ်စွာကြည့်ပြီး လက်သီးတင်းတင်းဆုပ်၍ မြေပြင်ပေါ်သို့ထိုးချလိုက်သည်။ သူ၏မျက်နှာတွင် မယုံကြည်မှုတို့ဖြင့်ပြည့်နေသည်။


နောက်ဆုံးတော့လဲ... ကောင်းကင်ဘုံကြယ်ဖမ်းကွနရက်က ဖျက်ဆီးခံလိုက်ရတာပဲ..


မရေမတွက်နိုင်သော ကြယ်အလင်းများက အာကာသနတ်သမီး၏သနားချင့်စဖွယ်ခန္ဓာကိုယ်လေးအပေါ်ကျရောက်လာတော့သည်။


အစားကြူးရင်ပြင်တွင်လူတိုင်း နောင်တ တကြီးသက်ပြင်းရှိုက်လိုက်ကြသည်။


ငရဲဘုရင်အာဟ အစပ်ချောင်းကိုကိုက်လိုက်ပြီး သူ့မျက်ခုံးများ တွန့်ချိုးသွားပေသည်။


ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ဖျက်ဆီးခံလိုက်ရတာသူ့ကြောင့်ပဲ... သူသာမပေါ့ဆခဲ့ရင် အဲ့ဒီ့မိုယဲ့ဆိုတဲ့ကောင်က အဲ့တာကိုဖျက်ဆီးလို့ရမှာမပါဘူး...


ထို့ကြောင့် ငရဲဘုရင်အလွန်ဒေါသထွက်လာတော့သည်။ ထိုမိုယဲ့၏ ချိုသာယဉ်ကျေးသောစကားလုံးများသည် သူ့ကိုအရူးလုပ်နိုင်ခဲ့ကာ သူ၏သတိထားမှုကိုလျော့ကျသွားစေခဲ့သည်။


သူသည် လျှပ်စီးတစ်ခုလိုပျောက်ကွယ်သွားကာ မိုယဲ့အထက်တွင်ပြန်လည်ထွက်ပေါ်လာသည်။


မိုယဲ့သည် နတ်ဆိုးမီးတောက်များကသူ့အပေါ်တွင်လောင်ကျွမ်းနေသော်လည်း ရူးသွပ်စွာရယ်မောနေဆဲဖြစ်သည်။ 


သူခံစားနေရသောနာကျင်မှုများကိုဖွင့်ထုတ်နေသလို အားပါးတရရယ်မောနေပေသည်။


နောက်ဆုံးတော့ ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ဖျက်ဆီးခံခဲ့ရပြီ...


ဘုန်း ဘုန်း


ခဏအကြာတွင် မိုယဲ့၏နှဖူးပေါ်ရှိဒေါင်လိုက်မျက်လုံးများ ပွင့်လှစ်သွားကာ ထိုနေရာတွင် လေဟာနယ်ကွဲအက်သွားကာ သူ့ခန္ဓာကိုယ်သည်လည်းနှစ်ခြမ်းကွဲသွားတော့သည်။


ကြီးမားသောခြေသည်းကြီးတစ်ခုက ကိုအက်ကွဲကြောင်းမှထွက်ပေါ်လာသည်။


ကြောက်မက်ဖွယ်အော်ရာများ ဖြေးဖြေးချင်းပျံ့နှံ့သွားကာ မိုယဲ့၏ခေါင်းထက်ရှိ လေဟာနဠ်အက်ကွဲကြောင်းမှ ပုံရိပ်ကြီးတစ်ခုတွားထွက်လာသည်။