အပိုင်း ၈၃၈
Viewers 53k

အပိုင်း ၈၃၈

ပြောင်းလဲမှု


ငရဲဘုရင်အာဟသည် မျက်လုံးသုံးလုံးခြင်္သေ့ရိုင်းကိုပုဖန်ဆီသို့ခေါ်လာကာ သူ့မျက်နှာတွင်လဲရှက်ပြုံးတစ်ခုရှိနေသည်။


ပုဖန် ငရဲဘုရင်အာဟကို မျက်စိဆွေကြည့်လိုက်သည်။ သူငရဲဘုရင်အာဟ၏ရည်ရွယ်ချက်ကိုသိပါသည်။ ထိုလူကသူ၏ပေါ့ဆမှုကြောင့် ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ပျက်ဆီးသွားရသောကြောင့် ရှက်ရွံ့နေခြင်းဖြစ်သည်။


ပုဖန်ကသူရမည့်အစပ်ချောင်းကိုလျော့ပေးမှာစိုး၍ ထိတ်တန်းအဆင့်အရည်အသွေးရှိသော ဟင်းချက်ပါဝင်ပစ္စည်းတစ်ခုကိုယူလာ၍ သူ၏အမှားကိုဖာထေးခြင်းဖြစ်ပေသည်။


မျက်လုံးသုံးလုံးခြင်္သေ့ရိုင်းသည် နတ်ဘုရားအာကာသအဆင့်ရှိ စိတ်ဝိဉာဉ်သားရဲကောင်ဖြစ်သည်။ ထို့ကြောင့် ၎င်းသည်သာမန်မဟုတ်သလို ၎င်း၏အသားသည်လည်း လုံးဝကိုအံ့မခမ်းဖြစ်ပေသည်။ ထောင်တျဲ၏နှလုံးသားနှင့်ယှဉ်၍မရသော်လည်း သာမန်စိတ်ဝိဉာဉ်သားရဲများထက် အဆပေါင်းများစွသာလွန်ပေသည်။


သို့သော် ဤတစ်ကြိမ်တွင်ငရဲဘုရင်အာဟမှားယွင်းတွက်ချက်လိုက်မိပေသည်။ ပုဖန်သည် ဟလေးရသင့်သည့် အစပ်ချောင်းများကိုနှုတ်ယူရန်အစီအစဉ်မရှိပေ။


ယခုဖြစ်သွားသောကိစ္စသည် ငရဲဘုရင်အာဟ၏အမှားမဟုတ်မှန်း ပုဖန်ရှင်းရှင်းလင်းလင်းကိုသိနေသည်။


မိုယဲ့၏ရုတ်တရက်လှုပ်ရှားလိုက်မှုသည် လူတိုင်း၏ထင်မြင်ယူဆချက်တို့ကိုကျော်လွန်သွားခဲ့ပေသည်။ မိုယဲ့က ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ကိုဖျက်ဆီးနိုင်ရန် သူ့ကိုယ်သူလောင်ကျွမ်းခံလိုက်မည်ဟု မည်သူမှတွေးမိကြချေ။


မည်သို့ပင်ဆိုစေ ပုဖန်တစ်ယောက် မြေပြင်ပေါ်၌လဲနေကာ သေလုမြောပါးဖြစ်နေသော အာကာသနတ်သမီးနီယန်ကိုကြည့်၍ခေါင်းကိုက်နေပြီဖြစ်သည်။ 


နီယန်သည် သူနှင့်သိခဲ့ဖူးသောလူတစ်ယောက်ဖြစ်သည်။ ပုဖန် သူမနှင့်သိကျွမ်းခဲ့ဖူးခြင်းမရှိပါက ဂရုပင်စိုက်မည်မဟုတ်ပေ။ သို့သော် သူ နီယန့်ကိုသိနေ၍ ဘာမှမလုပ်ပေးပဲ ဒီတိုင်းသေသွားစေ၍မဖြစ်ချေ။


ထို့ကြောင့် ပုဖန်သည် နီယန်ကိုကယ်တင်၍နည်းလမ်းတစ်ခုရှာရပေတော့မည်။


သို့သော် စနစ်က နီယန်သာအသက်ဆက်ရှင်လိုပါက သူမ၏ကံကြမ္မာနှင့် ကံကောင်းမှုတို့အပေါ်မူတည်နေသည်ဟုပြောခဲ့သည်။


ပုဖန်သည် စနစ်၏စကားများကို အကြွင်းမဲ့ယုံကြည်လေသည်။ ဘာတွေပဲဖြစ်နေပါစေ သူလေအလင်းအင်ပါယာကတည်းက စနစ်က သူနှင့်အတူရှိခဲ့ပြီး တစ်ခါတစ်ရံသူ့ကိုထောင်ချောက်ဆင်တတ်သော်လည်း အချိန်အများစုတွင် လေးလေးနက်နက်နှင့်စေ့စပ်သေချာမှုရှိပေသည်။


စနစ်က ကံကြမ္မာနှင့်ဆိုင်သည်ဟုပြောသောကြောင့် ဟင်းပွဲတစ်ပွဲဖြင့်ဖြေရှင်း၍ရသောအရာမဟုတ်တော့ပေ။


ပုဖန် နီယန်နားသို့လျှောက်သွားလိုက်ကာ ကြယ်အလင်းများဖြင့်ဖုံးလွှမ်းနေပြီး သေလုမြောပါးဖြစ်နေသောနီယန်ကိုကြည့်လိုက်ကာ မျက်ခုံးများပင်တွန့်ချိုးသွားတော့သည်။


"ဝှိုက်တီ သူမကိုမခဲ့.. ငါတို့စားသောက်ဆိုင်ထဲပြန်ဝင်ကြမယ်..."

ပုဖန်သူ့ဘေးတွင်ရပ်နေသော ဝှိုက်တီကိုပြောလိုက်သည်။


ဝှိုက်တီ နတ်ဘုရားသတ်တုတ်ကိုပြန်သိမ်းလိုက်ကာ ၎င်း၏မျက်လုံးများ လင်းလက်လာသည်။ ခဏအကြာတွင် ရှေ့သို့လှမ်းလိုက်ပြီး သစ်ရွက်နှင့်တူသောလက်များကိုဆန့်ထုတ်လိုက်သည်။


ကြယ်အလင်းများဖြင့်ဖုံးလွှမ်းနေသော နီယန်၏ခန္ဓာကိုယ်ကို ဖြေးဖြေးချင်း ချီမလိုက်လေသည်။


နီယန်၏မျက်နှာလှလှလေးသည် ဖြူဖျော့နေကာ သနားချင့်စဖွယ်ကောင်းနေသည်။


သူမ၏ ဆံပင်ရှည်ရှည်များက အနက်ရောင်ပိုးသားအထည်တစ်ခုလို တောက်ပြောင်ချောမွေ့နေကာ ရေတံခွန်ငယ်တစ်ခုလိုဝဲဖြာကျနေသည်။


ပုဖန်လက်ပိုက်လိုက်ပြီး စားသောက်ဆိုင်ထဲသို့ဝင်သွားလိုက်သည်။


ချူချန်းရှန်နှင့်အခြားသူများက သူ့နောက်သို့လိုက်သွားကြလေသည်။


ငရဲဘုရင်အာဟသည်ခေါင်းကုတ်လိုက်ရင်း သူ့ဆံပင်ကိုပြန်လည်ပြင်ဆင်လိုက်သည်။ ထို့နောက် သူနှင့်မနီးမဝေးတွင်ရပ်နေသော မျက်လုံးသုံးလုံးခြင်္သေ့ရိုင်းကိုခပ်ဖွဖွပုတ်လိုက်ကာ ဆိုင်ထဲသို့ဝင်သွားလိုက်သည်။


ခဏချင်းပင် သူတို့အားလုံးဆိုင်ထဲသို့ဝင်ရောက်သွားကြသည်။


စားသောက်ဆိုင်၏တံခါးဝတွင် မိုလျှိုကျိတစ်ယောက် စိတ်ပျက်လက်ပျက်ဖြစ်နေသောအမူအယာဖြင့် တံခါးပေါ်မှီနေသည်။ သူ့မျက်လုံးများသည် မှုန်မှိုင်းနေပေသည်။


ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်သည် ဖျက်ဆီးခြင်းခံလိုက်ရပြီး သူတော်စင်သမီးတော်သည်လည်း သေလုနီးပါးဖြစ်နေချေပြီ။


အဘွားမိုကလည်း အချည်းနှီးသေဆုံးသွားခဲ့လေပြီ။ 


မဟုတ်ဘူး... ဒါကဒီလိုတွေဖြစ်သင့်တာပဲလေ..


အဘွားမိုရဲ့ တွက်ချက်မှုက အသေးစိတ်တာပဲကို... သူမကဒီလောက်ဆိုးရွားတဲ့အမှားတစ်ခုကိုတော့မလုပ်နိုင်လောက်ပါဘူး...


အဘွားမိုက သူတော်စင်သမီးတော်သာ ဒီစားသောက်ဆိုင်ထဲမှာရှိနေရင် သူမဘာအန္တရယ်မှမကြုံရပဲ ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ကိုလည်း ကာကွယ်နိုင်မည်ဟု ပြောခဲ့ပေသည်။


သို့သော်


အရာအားလုံးသည် လိမ်ညာမှုတစ်ခုသာဖြစ်နေသည်။ အာကာသနတ်သမီးသည် သေလုမြောပါးဖြစ်နေသလို ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်သည်လည်း ပျက်ဆီးသွားခဲ့ပြီဖြစ်သည်။


အရာအားလုံးက မှားနေသောလမ်းကြောင်းကိုဦးတည်နေလေပြီ။


မဟုတ်ဘူး... သူ သူတော်စင်သမီးတော်ကို ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေကိုပြန်ခေါ်သွားချင်တယ်... သူတော်စင်ဂိုဏ်းချုပ်သာပြန်လာရင် သူ့ဆီမှာသူမကိုကယ်ဖို့နည်းလမ်းတွေတော့ရှိမှာ...


မိုလျှိုကျိ အကြံရသွား၍ သူ့မျက်လုံးများတောက်ပလာခဲ့သည်။


အလင်းတန်းများက သူ့မျက်လုံးများထဲတွင်လင်းလက်လာတော့သည်။ မိုလျှိုကျိမတ်တတ်ရပ်လိုက်ကာ ပုဖန်ကိုကြည့်လိုက်သည်။


"သူတော်စင်သမီးတော်ကိုငါ့ဆီလက်လွှဲလိုက်..."

မိုလျှိုကျိသည် ပုဖန်၏အနီရောင်စားဖိုမှူးဝတ်ရုံကိုဆွဲထားကာ သူ့မျက်လုံးများထဲတွင် မျှော်လင့်များအပြည့်ရှိနေကာ ပုဖန်ကိုပြောလိုက်သည်။ 


ပုဖန် မျက်မှောင်ကြုတ်လိုက်ကာ သွေးများဖုံးလွှမ်းနေသော မိုလျှိုကျိကိုကြည့်လိုက်သည်။


"မင်း သူမကို မကယ်နိုင်ဘူး..."

ပုဖန်ပြောလိုက်သည်။


"ငါ့ကို သူတော်စင်သမီးတော်ကိုပေးစမ်းပါ... သူတော်စင်ဂိုဏ်းချုပ်က သူမကိုကယ်ပေးနိုင်လိမ့်မယ်... သူတော်စင်ဂိုဏ်းချုပ်မကယ်နိုင်ရင်တောင်မှ မြင့်မြတ်သူတော်စင်ဆီမှာနည်းလမ်းရှိကိုရှိတယ်..."

မိုလျှိုကျိ၏မျက်လုံးများသည် ထိတ်ထိတ်ပျာပျာဖြစ်နေကာ သူ ပုဖန်ကိုအော်ဟစ်လိုက်သည်။


သူ့စိတ်သည် ဖရိုဖရဲဖြစ်နေချေပြီ။


ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်က ဖျက်ဆီးခံလိုက်ရပြီဖြစ်ကာ အဘွားမိုကိုကတိပေးထားခဲ့သော သူတော်စင်သမီးတော်ကို ဂရုစိုက်ပေးမည်ဟူသော ကတိသည်လည်းပျက်သွားရလေပြီ။ သူအလွန်အမင်း ခါးသီးကာဝမ်းနည်းနေပေသည်။


သူ့ကိုယ်သူသာအပြစ်တင်နေရင်း အလွန်ပူဆွေးသောကရောက်နေရသည်။ သူ၏ အားနည်းသော ကျင့်ကြံရေးအဆင့်ကိုသာ တွင်တွင်မုန်းနေမိတော့သည်။


သူကတကယ်ကြီးကို အားနည်းတာပဲ...


သူဘာလို့နည်းနည်းလောက် ပိုပြီးမသန်ခဲ့ရတာလဲ...


"ငါပြောတာနားထောင်... မင်းတို့တွေသူ့ကိုမကယ်နိုင်ဘူး.... ဘယ်သူမှလည်းသူ့ကိုမကယ်နိုင်ဘူး...."

ပုဖန် မျက်မှောင်ကြုတ်ရင်း လေးလေးနက်နက်ပြောပြနေသည်။


သူ အာကာသနတ်သမီးကိုဝှိုက်တီ၏လက်တွင်းမှဖြေးဖြေးချင်းမယူလိုက်သည်။ နူးညံ့အိစက်သောခံစားမှုသည် ပုဖန်ကိုမျက်ခုံးပင့်သွားစေသည်။


ကြယ်အလင်းများသည် နီယန်၏ခန္ဓာကိုယ်တစ်ခုလုံးကိုဖုံးလွှမ်းနေသောကြောင့် ကြည့်ရသည်မှာ အနည်းငယ် အဆန်းတကျယ်ဖြစ်နေလေသည်။


"ဝှိုက်တီ... သူ့ကိုအပြင်ထွက်ဖို့ပြောလိုက်"

ပုဖန်ပြောလိုက်သည်။ ထို့နောက်တွင် နောက်သို့တစ်ချက်မှစောင်းငဲ့မကြည့်ပဲ စားသောက်ဆိုင်ထဲဝင်သွားတော့သည်။ ခဏအကြာတွင် သူသည် မိုလျှိုကျိ၏ မျက်စိအောက်မှပျောက်ကွယ်သွားလေတော့သည်။


မိုလျှိုကျိ ရုတ်တရက်လှုပ်ရှားလိုက်သည်။ ယခုအချိန်တွင် သူလုပ်သင့်သည့် တစ်ခုတည်းသောအရာမှာ သူတော်စင်သမီးတော်ကို ကောင်းကင်ဘုံလျှို့ဝှက် သန့်စင်နယ်မြေကိုခေါ်သွားရန်သာဖြစ်သည်သန့်စင်နယ်မြေကိုခေါ်သွားရန်သာဖြစ်သည်။


အဲ့တာကြောင့် သူ သူမကိုအဲ့ဒီ့ကိုပြန်ခေါ်သွားရမယ်... သူမကို အတင်းလုရမယ်ဆိုရင်လည်း ပြန်ခေါ်သွားရမယ်...


ဘမ်း


သို့သော် သူအနည်းငယ်လှုပ်ရှားဟန်ပင်ရှိသေးသည် ဝှိုက်တီ၏လက်များက သူ့မျက်နှာကိုအုပ်ကိုင်လိုက်တော့သည်။


"သွားစမ်း...ငါ့ကိုသွားခွင့်ပေးစမ်း"


မိုလျှိုကျိဒေါသထွက်လာကာ သူ၏အစစ်အမှန်စွမ်းအင်များမြင့်တက်လာလေသည်။ 


သူပြင်းပြင်းထန်ထန်ထိခိုက်ထားပြီး သူ့ရဲ့ကျင့်ကြံဆင့်ကိုလောင်ကျွမ်းလိုက်ရမယ်ဆိုရင်တောင် သူတော်စင်သမီးတော်ကိုပြန်ခေါ်သွားရမယ်....


"ပြဿနာရှာသူ..."

ဝှိုက်တီ၏မျက်လုံးများ တောက်ပသွားသည်။


မိုလျှိုကျိသည် ရုပ်သေးရုပ်၏အင်အားကိုလုံးဝမဖယ်ရှားနိုင်ပေ။ သူ၏အစစ်အမှန်စွမ်းအင်များနှင့်ဆက်တိုက်ပစ်ခတ်နေသော်လည်း သူဘာမှမလုပ်နိုင်ပေ။


ဘုန်း


ဝှိုက်တီ၏လက်များရွေ့လျားသွားကာ မိုလျှိုကျိနောက်သို့ခြေလှမ်းများစွာဆုတ်လိုက်ရသည်။


ပုဖန် လှေကားဆီလျှောက်လာကာ ခေါင်းကိုတစ်ဖက်သို့စောင်းထား၍ မထူးမခြားနားသောလေသံဖြင့်ပြောလိုက်သည်။

"မင်းထွက်သွားသင့်ပြီ... မင်းနီယန့်ကိုခေါ်သွားချင်တယ်ဆိုရင် မင်းတို့သန့်စင်နယ်မြေရဲ့ သူတော်စင်ဂိုဏ်းချုပ်ဖြစ်ဖြစ် မြင့်မြတ်သူတော်စင်ကိုဖြစ်ဖြစ်ဒီနေရာကိုလာခဲ့ဖို့ခေါ်လိုက်... သူတော်စင်သမီးတော်က ဆိုးဆိုးဝါးဝါးထိခိုက်ထားတာ... သူတို့က သူမကိုဘာများလုပ်ပေးချင်နေတာလဲ..."


ပုဖန်၏ အသံတွင် ဒေါသအနည်းငယ်စွက်နေသည်။


ပုဖန်ပြောသည်ကိုကြားလိုက်သောအခါ မိုလျှိုကျိကြက်သေသေသွားတော့သည်။ ပုဖန်ထိုသို့သောစကားလုံးများကိုပြောလာမည်ဟု တစ်ခါမှမတွေးဖူးခဲ့ချေ။


နီယန်... ဘယ်သူကနီယန်လဲ... သူတော်စင်သမီးတော်လား...


ဒါဆို သူတော်စင်သမီးတော်ကို နီယန်လို့ခေါ်တာပေါ့...


နပေါဦး....


ဆိုင်ရှင်ပုက ဘယ်လိုလုပ် သူတော်စင်သမီးတော်ရဲ့နာမည်အရင်းကိုသိနေရတာလဲ... သူတောင် သူမရဲ့နာမည်အရင်းကိုမသိဘူးလေ...


ပြီးတော့ ဆိုင်ရှင်ပုကဘာပြောလိုက်တာ... မြင့်မြတ်သူတော်စင် ဒါမှမဟုတ် သူတော်စင်ဂိုဏ်းချုပ်ကို ဒီကိုလာခိုင်းပြီး သူမကိုခေါ်ခိုင်းတာတဲ့လား....


မိုလျှိုကျိ မျက်လုံးများပြူးကျယ်သွားတော့သည်။ သူပုဖန်ပြောသည်များကို သေချာတွေးကြည့်ရင်း တဖြေးဖြေးအံ့အားသင့်လာတော့သည်။


ခဏအကြာတွင်သူသည်လေပေါ်ပျံတက်သွားပြီး စားသောက်ဆိုင်ရှေ့ရှိမြေပေါ်သို့ပြုတ်ကျသွားသည်။


လေအေးများသူ့အရေပြားပေါ်ဖြတ်သန်းတိုက်ခိုက်လာ၍ တုန်ရီသွားတော့သည်။ သူ့ကိုယ်သူငုံ့ကြည့်လိုက်သောအခါတွင် သူ့မျက်လုံးများ ရုတ်ချည်းပင် ကျုံ့ဝင်သွားသည်။


အဘယ့်ကြောင့်ဆိုသော် သူ့အဝတ်များအားလုံး ဆုတ်ပြဲသွားသောကြောင့်ဖြစ်ပေသည်။


ကိုယ်လုံးတီးဖြစ်သွားတာလား...


ဘာလို့လဲ... ဘာလို့သူက ကိုယ်လုံးတီးဖြစ်သွားရတာလဲ... သူ့အဝတ်တွေဘယ်နေရာရောက်သွားတာလဲ...


မြေပြင်ပေါ်မှပြန်လိုက်ကာ မိုလျှိုကျိ၏မျက်နှာရဲရဲနီသွားလေသည်။


ပုဖန်၏ စကားလုံးများသည် သူ့ကိုလှုပ်နှိုးလိုက်ပေသည်။ ဆိုင်ရှင်ပုနှင့် သူတော်စင်သမီးတော်က အချင်းချင်းသိနေကြသည်။ သူ သူမနာမည်ကို တိုက်ရိုက်မခေါ်ရဲပါ။


သူတို့အချင်းချင်းသိနေတယ်ဆိုရင် သူတော်စင်သမီးတော်က ဆိုင်ရှင်ပုဆိုင်မှာနေရင်လုံခြုံလောက်တာပဲ....


အမှန်တကယ်တွင် မိုလျှိုကျိအနည်းငယ်ဒေါသထွက်မိသော်လည်း ဆိုင်ရှင်ပု၏စကားများကိုသဘောတူပါသည်။ 


သူတော်စင်သမီးတော် ထိုကဲ့သို့ဆိုးဆိုးရွားရွားထိခိုက်မိခြင်းနှင့် အဘွားမိုနတ်ဆိုးများထံမှအသတ်ခံရခြင်းစသော အရာအားလုံးသည် သူတော်စင်ဂိုဏ်းချုပ်နှင့်မြင့်မြတ်သူတော်စင်တို့ဖြင့်သက်ဆိုင်လေသည်။ သူတို့သာ ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေမှာနေပြီး ကာကွယ်စောင့်ရှောင့်ပေးနေမယ်ဆိုလျှင် ထိုနတ်ဆိုးများက သူတို့ကိုလာရောက်တိုက်ခိုက်ရဲမည်မဟုတ်ချေ။


ထို့ကြောင့် ပုဖန်၏စကားများသည် မိုလျှိုကျိကို ဉာဏ်အလင်းဖွင့်ပေးလိုက်သည်နှင့်တူပေသည်။ သူ့ခန္ဓာကိုယ်အောက်ပိုင်းကိုဖုံးကွယ်ကာ စားသောက်ဆိုင်ကိုကြည့်လိုက်သည်။ သို့သော် စားသောက်ဆိုင်ဝင်ပေါက်တွင်မည်သူမျှရှိမနေပေ။


သူနောက်သို့လှည့်ကာ ဒယီးဒယိုင်ဖြင့်လျှောက်သွားတော့သည်။


ပုဖန်သည်နီယန်ကို ချီထားရင်း လှေကားပေါ် ဖြေးဖြေးချင်းတက်လိုက်သည်။ စင်္ကြန်တွင်မတ်တတ်ရပ်နေကာ နီယန်ကိုဘယ်နေရာကိုခေါ်ထားရမလဲ ချီတုံချတုံဖြစ်နေသည်။


ခဏလောက်စဉ်းစားပြီးချိန်တွင် ပုဖန်သူ့အခန်းတံခါးကိုဖွင့်လိုက်သည်။


အခန်းထဲဝင်ပြီးနောက်တွင် ကြယ်အလင်းများခန္ဓာကိုယ်တစ်ခုလုံးဖုံးလွှမ်းနေသော နီယန်ကို သူ၏နူးညံ့ပျော့ပျောင်းသောကုတင်ပေါ်တွင်တင်လိုက်သည်။


သူမ၏ ဖျော့တော့နေသောမျက်နှာနှင့် ဖြေးညှင်းလှသည့်အသက်ရှူပုံကိုကြည့်ကာ ပုဖန်သက်ပြင်းချလိုက်သည်။


"သေခြင်းနဲ့ ရှင်ခြင်းကကြိုတင်သတ်မှတ်ထားပြီးသားဖြစ်တယ်.. ကြွယ်ဝချမ်းသာမှုနှင့်ဂုဏ်သရေဟာ ကောင်းကင်ဘုံရဲ့အလိုတော်အပေါ်မူတည်တယ်... ကံကောင်းခြင်း ဒါမှမဟုတ် ကံဆိုးခြင်းကတော့မင်းအပေါ်ပဲမူတည်တယ်..."

ပုဖန်ပြောလိုက်သည်။


သူသည် စောင်ကိုဆွဲယူလိုက်ကာ သူမအပေါ်လွှမ်းခြုံပေးလိုက်ပြီး အခန်းထဲမှထွက်သွားတော့သည်။ အောက်ထပ်ရှိ‌ စားသောက်ဆိုင်ကိုပြန်ဆင်းလာခဲ့သည်။


ထိုအချိန်တွင် စားသောက်ဆိုင်ထဲ၌လူများစွာရှိနေသည်။


ခွေးဘုရင်သည် သိမြင်မှုလမ်းကြောင်းသစ်သီးပင်အောက်တွင်လှဲလျောင်းနေကာ အိပ်ငိုက်နေသကဲ့သို့ မျက်စိများမှေးကျဉ်းလျက်ရှိသည်။


ပန်းပွင့်လေးသည် ခွေးဘုရင်၏ဘေးတွင်အားပါးတရ တင်ပျဉ်ခွေထိုင်နေသည်။ သူမ၏စွမ်းအင်များ ဆက်တိုက်ပင်တောက်လောင်နေကာ သူမ၏အော်ရာသည်လည်း ပြောင်းလဲသွားတော့မည့်ပုံဖြင့် မြင့်တက်လာသည်။ 

.

ငရဲဘုရင်အာဟသည် စားပွဲပေါ်တွင်ထိုင်နေကာ သူ၏ခြေရင်းတွင်မျက်လုံးသုံးလုံးခြင်္သေ့ရိုင်းကြီးက တုန်တုန်ယင်ယင်ဖြင့်ဝပ်တွားနေလေသည်။


ချူချန်းရှန်သည် သူ၏စားပွဲထိုးအဝတ်အစားများကိုလဲလှယ်ထားသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာရှိနေပေသည်။ တိုက်ပွဲအပြီးတွင် သူ့ခန္ဓာကိုယ်တစ်ခုလုံးဒဏ်ရာများဖြင့်ဖုံးလွှမ်းနေခဲ့ခြင်းဖြစ်သည်။


သူ၏ လျှင်မြန်သောပြန်လည်ကုသနိုင်စွမ်းဖြင့်ပင် အချို့သောဒဏ်ရာများကို ထိုမျှလျှင်မြန်စွာမကုသနိုင်ပေ။


ပုဖန်လှေကားပေါ်မှဆင်းလာသည်ကိုမြင်သောအခါ လူတိုင်း၏မျက်လုံများသည် သူ့အပေါ်ကျရောက်သွားတော့သည်။


ပုဖန်သည် မျက်နှာသေနှင့်ရှိနေဆဲဖြစ်ကာ ၎င်းတို့၏အကြည့်များအောက်တွင် လုံးဝမသက်မသာဖြစ်မနေပေ။


ငရဲဘုရင်အာဟ၏ မျက်လုံးများတောက်ပလာကာ ပုဖန်ကိုလက်ဝှေ့ယမ်းပြရင်းပြောလိုက်သည်။


"ဘော်ဒါပုရေ ဒီပါဝင်ပစ္စည်းကိုမင်းကြိုက်ရဲ့လား...."

ငရဲဘုရင်အာဟပြုံးပြီးပြောလိုက်သည်။


သူတော်စင်သမီးတော် ဇီယွင်သည် သူ၏ဘေးတွင်ထိုင်နေလေသည်။ ငရဲဘုရင်သည် ထိုအမျိုးသမီးဖြင့်မျက်နှာချင်းဆိုင်ရန် တွန့်ဆုတ်နေသည်။


သူ့ကိုယ်သူ မထိန်းချုပ်နိုင်ပေ။


ပုဖန် မျက်လုံးသုံးလုံးခြင်္သေ့ရိုင်းကို စူးစူးစိုက်စိုကိကြည့်လိုက်ကာ နှုတ်ခမ်းထောင့်များတွန့်ကွေးသွားပေသည်။


မျက်လုံးသုံးလုံးခြင်္သေ့ရိုင်းသည် ငရဲဘုရင်အာဟကိုကြောက်သော်လည်း ပုဖန်ကိုတော့မကြောက်ပေ။ 


ဒီလူသားလေးကငါ့ကိုစိုက့်ကြည့်ရဲတယ်တဲ့လား....


မျက်လုံးသုံးလုံးခြင်္သေ့ရိုင်း ဟိန်းဟောက်လိုက်တော့သည်။


မျက်လုံးသုံးလုံးခြင်္သေ့ရိုင်းထံမှ ကြောက်မက်ဖွယ်ဖိအားတစ်ခုထွက်ပေါ်လာသည်။


ဘမ်း


ပုဖန် မျက်တောင်ပင်တစ်ချက်မခတ်ပေ။


ငရဲဘုရင်အာဟ လက်မြှောက်လိုက်ကာ မျက်လုံးသုံးလုံးခြင်္သေ့ရိုင်း၏ခေါင်းကိုရိုက်ချလိုက်သည်။


"ဘာလို့ဟောင်နေရတာလဲ... လှဲနေစမ်း..."

ငရဲဘုရင်အာဟအမိန့်ပေးလိုက်သည်။


မျက်လုံးသုံးလုံးခြင်္သေ့ရိုင်းသည် ကြမ်းပြင်ပေါ်လှဲချကာ တသိမ့်သိမ့်တုန်ရီနေလေတော့သည်။


အသိဉာဏ်ရှိသော စိတ်ဝိဉာဉ်သားရဲတစ်ကောင်ဖြစ်သည့် မျက်လုံးသုံးလုံးခြင်္သေ့ရိုင်း၏ အာရုံခံနိုင်စွမ်းသည် ရှင်းလင်းပြတ်သားပေသည်။ ၎င်းသည် ငရဲဘုရင်ထံမှ သတ်ဖြတ်လိုသော အော်ရာကိုအာရုံခံမိပေသည်။ ထို့ကြောင့် သူသာ လိမ်လိမ်မာမာနှင့်မနာခံပါက ငရဲဘုရင်က လက်တစ်ချောင်းတည်းနှင့်သူ့ကိုသတ်ဖြတ်မည်ကိုသိနေလေသည်။


သူမသေချင်ပါ။ ထို့ကြောင့် နာခံရပေမည်။


"သိပ်မဆိုးလှတဲ့ပါဝင်ပစ္စည်းပဲ...ငါယူလိုက်မယ်... အဲ့တာနဲ့လဲဖို့ အစပ်ချောင်းငါးချောင်းပေးမယ်...."


ငရဲဘုရင်အာဟ အံ့အားသင့်သွားပြီး ခဏအကြာတွင် ခေါင်းမော့ကာ အားပါးတရရယ်မောလေတော့သည်။ သူ့လက်တစ်ဖက်က သူ့မျက်နှာကိုအုပ်ကိုင်ထားပေသည်။


ဘမ်း


ငရဲဘုရင်အာဟ စားပွဲကိုရိုက်ချလိုက်ပြီး ပြောလိုက်သည်။

"သဘောတူတယ်..."


သူ့မျက်လုံးထဲတွင်အလင်းရောင်များတောက်ပနေပြီး အစပ်ချောင်းရဖို့လဲလှယ်ရမည့်နည်းလမ်းတစ်ခုရသွားဟန်ပေါ်နေသည်။


သူဒီလိုနည်းနဲ့လဲ အစပ်ချောင်းရနိုင်တာပဲ... ဘာလို့များစောစောစီးစီးမသိခဲ့ရပါလိမ့်...


ထိုအချိန်တွင် အပြင်ဘက်ရှိကောင်းကင်ယံစတင်ပြောင်းလဲလာသည်။


ပုန်းကွယ်နဂါးတိုက်ကြီး ပြောင်းလဲနေပြီဖြစ်သည်။