အပိုင်း ၈၃၉
Viewers 53k

အပိုင်း ၈၃၉

သွေးနှင်းများကောင်းကင်တွင်ပြည့်နှက်နေသည်


ပြောင်းလဲနေလေပြီ။


မျက်တောင်တစ်ခတ်အတွင်း ပုန်းကွယ်နဂါးတိုက်ကြီးပြောင်းလဲသွားခဲ့ပေပြီ။


တောက်ပနေသောကောင်းကင်ယံသည် နက်မှောင်၍ အုံ့မှိုင်းလာကာ ဆူဆူညံညံအသံများပဲ့တင်ထပ်လာတော့သည်။ နက်မှောင်အုံ့မှိုင်းနေသော ကောင်းကင်ယံတွင် သွေးနီရောင်အစက်ကလေးများကိုမြင်နေရသည်။


မျက်တောင်တစ်ခတ်အတွင်း ရာသီဥတုပြောင်းလဲသွားကာ ဆောင်းရာသီအဖြစ်ကူးပြောင်းသွားသည်။ လေထုသည် အေးခဲလာကာ မှိုင်းညှို့လာတော့သည်။


လျှပ်စီးကြောင်းများသည် နက်မှောင်နေသောကောင်းကင်ယံတွင် တဂျိမ်းဂျိမ်းမြည်အောင် အော်ဟစ်ဟစ်ကြွေးနေလေသည်။


နှင်းများကျဆင်းလာပေသည်။


ကောင်းကင်မှ သွေးနှင်းများကျဆင်းလာကာ လေအဝှေ့တွင် ငြင်သာစွာယိမ်းနွဲ့နေပြီး နေရာအနှံ့သို့ပျံနှံ့သွားသည်။


ထိုအချင်းအရာသည် ဤဒေသတွင်သာဖြစ်ပွားနေခြင်းမဟုတ်ပေ။ ပုန်းကွယ်နဂါးတိုက်ကြီး၏ နေရာဒေသတိုင်းသည်ပြောင်းလဲနေကာ သွေးရောင်နှင်းများကျဆင်းနေခြင်းဖြစ်သည်။


လူအချို့က မှင်သက်သွားမိကာ လက်မြှောက်၍သွေးနှင်းများကိုဖမ်းယူကြသည်။ သူတို့၏လက်ဖဝါးပေါ်ကျရောက်လာသော နှင်းပွင့်တို့၏ နူးညံ့သောအထိအတွေ့က သူတို့ကို ညှို့ယူဖမ်းစားလိုက်ချေသည်။


သို့သော် နှင်းပွင့်များအရေပျော်သွားသောအခါ ၎င်းတို့က သွေးနံ့ပြင်းပြင်းရှိသော သွေးနီရောင်အရည်များအဖြစ်ပြောင်းလဲသွားကာ တိုက်ကြီးတစ်ခုလုံးကိုသွေးလွှမ်းတိုက်ပွဲများဆင်နွှဲထားသကဲ့သို့ဖြစ်နေစေသည်။


လူများစွာ အံ့အားသင့်သွားကြသည်။ သူတို့ ကောင်းကင်ဘုံ၏အမျက်ဒေါသကိုသွားဆွမိစေရန် မည်သည်ကိုပြုလုပ်မိသည်မှန်း မသိတော့ချေ။


ထို့ကြောင့် သူတို့စတင်၍ ရှိခိုးဦးခိုက်ကြတော့သည်။ ကောင်းကင်ကို အရိုအသေပေးကြပြီး ကောင်းကင်ဘုံထံမှ ဂရုဏာတောင်းခံကြလေသည်။ 


အချို့က တိုက်ကြီး၏ပျက်သုဉ်းခြင်းကပ်ဘေးရောက်ရှိလာပြီဟုထင်ကြသည်။ ထိုသူများကရူးသွပ်သွားကြကာ ဟိုဟိုသည်သည်သွား၍ကလဲ့စားခြင်းအမှုတို့ကိုပြုကြကာ နေရာတိုင်း၌အပျက်အစီးများကိုဖြစ်ပေါ်လာစေသည်။


အချုပ်အားဖြင့်ဆိုသော် သွေးနှင်းများ ပြင်းထန်စွာကျဆင်းလာခြင်းသည် ပုန်းကွယ်နဂါးတိုက်ကြီးတစ်ခုလုံးကို ဖရိုဖရဲဖြစ်သွားစေသည်။


အားနည်း၍ကြောက်ရွံ့တတ်သောလူများ၏ ဝိသေသလက္ခဏာများသည် ယခုအချိန်တွင် ထင်ထင်ရှားရှားပေါ်ထွက်လာတော့သည်။


တိုက်ကြီးတစ်ခုလုံးတွင် ပျက်ဆီးခြင်းတို့ဖြတ်သန်းသွားလေသည်။


အင်အားကြီးတပ်ဖွဲ့များသည် အလစ်ဝင်တိုက်သူများကို ရူးရူးသွပ်သွပ်ဖိနှိပ်နေရပေသည်။ သို့သော် ထိုလူများက အချို့နေရာတွင် ထိုသို့မလုပ်နိုင်ကြချေ။ ဖရိုဖရဲအခြေအနေများဖြစ်ပေါ်နေကာ အချို့ကဝင်ရောက်စပ်စုသူများကို ပြဿနာများအတွင်းသို့ သွားရောက်လှုံ့ဆော်ရန်စေလွှတ်ကြသည်။


မျက်စိတစ်မှိတ်အတွင်း အော်ဟစ်ငိုယိုသံများနှင့်ဆူပူကန့်ကွက်သံများက ထိုနေရာတစ်ခုလုံးကိုဖုံးလွှမ်းသွားတော့သည်။


ထို့အပြင် ပုံးကွယ်နဂါးတော်ဝင်ခုံရုံးတွင်.....


လူတိုင်း မှင်သက်ကြောင်အသွားကြပြီး တိုက်ကြီးတစ်ခုလုံးကိုဖုံးလွှမ်းနေသော ထူထဲလှသည့်သွေးနှင်းများကိုကြည့်နေကြသည်။ သူတို့မျက်နှာတွင် မယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေသည်။


ထို ထူထဲလှသည့်သွေးနှင်းများသည် ကောင်းကင်မှဖြစ်ပေါ်လာသော ထူးဆန်းသည့်ဖြစ်စဉ်တစ်ခုဖြစ်သည်။ ၎င်းသည် ကြီးမားသည့်ပြောင်းလဲမှုကြီး ရောက်လာနေပြီဟုဆိုလိုခြင်းဖြစ်သည်။ 


သန့်စင်နယ်မြေများတွင် အဓိကရုဏ်းများစတင်ဖြစ်ပေါ်လာတော့သည်။



ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေတွင်...


ရှည်လျားသည့်အဖြူရောင်ဝတ်ရုံကြီးကို ဝတ်ဆင်ထားသောပုံရိပ်တစ်ခုက ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်တောင်ထိပ်တွင်မတ်တပ်ရပ်နေသည်။ ဝတ်ရုံရှည်၏အနားများကို ရွှေဖြင့်အနားကွတ်ထားသဖြင့် ထိုလူကို တည်ငြိမ်ပြီး ရိုးရာဓလေ့ဆန်သည့် အသွင်ဖြစ်နေစေသည်။


ထိုလူတွင် နက်ရှိုင်း၍ အရာတိုင်းကိုထိုးထွင်းသိမြင်နိုင်သည်ဟုထင်ရသော မျက်လုံးတစ်စုံရှိနေကာ သူ၏ဆံပင်ရှည်များသည် လေထဲတွင်ဝေ့ယမ်းနေလေသည်။


ကောင်းကင်ဘုံလျှို့ဝှက်တောင်ထိပ်တွင် အလွန်မြင့်မားကာ ကြမ်းတမ်းထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့်ကျောက်တုံးများရှိသည်။ ထိုကြောက်မက်ဖွယ်ကျောက်တုံးများကို အစီအရင်တစ်ခုသဖွယ်စီစဉ်ထားသဖြင့် ထိုနေရာကို လျှို့ဝှက်ဆန်းကျယ်သည့်ပုံဖြစ်စေသည်။


ထိုလူသည် အဝေးမှ ကောင်းကင်ယံတွင်ရှိသော မိုးကြိုးတိမ်တိုက်များနှင့် သိပ်သည်းလှသော သွေးနှင်းများကို ကြည့်နေသည်။ 


သူသက်ပြင်းချလိုက်မိသည်။


"မြင့်မြတ်သူတော်စင်... ဆုံးပါးသွားခဲ့ပြီ"


မြင့်မြတ်သူတော်စင်သေဆုံးသွားသည့်အခါတွင် ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးပြောင်းလဲသွားတတ်သည်။ သွေးနှင်းများသည် မြေပြင်တွင်သွေးများအဖြစ်အရည်ပျော်ကျသွားကာ ကောင်းကင်တစ်ခုလုံးတွင် ဝမ်းနည်းပူဆွေးမှုများဖြင့်ပြည့်နှက်နေသည်။


ကျင့်ကြံသူတစ်ယောက် အထွတ်အထိပ်သို့ရောက်ရှိသွားသောအခါ သူသည် ကောင်းကင်နှင့်မြေပြင်ဖြင့်ချိတ်ဆက်မှုရှိသွားမည်ဖြစ်သည်။ သူသေဆုံးသွားသည်နှင့် တစ်ပြိုင်နက် ကောင်းကင်နှင့်မြေပြင်သည် ထိုလူအတွက်ဝမ်းနည်းပူဆွေးပေးမည်ဖြစ်ကာ ယခုကဲ့သို့သော ထူးဆန်းသောဖြစ်စဉ်ကိုဖြစ်ပေါ်စေသည်။


ပုန်းကွယ်နဂါးတိုက်ကြီးတွင် သန့်စင်နယ်မြေများ၏ မြင့်မြတ်သူတော်စင်များသည် ထိပ်သီးကျင့်ကြံသူများဖြစ်ကြကာ သူတို့သည် ဤကမ္ဘာကြီးရှိ မဟာနိယာမလမ်းကြောင်းများဖြင့်ချိတ်ဆက်နေပေသည်။ ထို့ကြောင့် မြင့်မြတ်သူတော်စင်တစ်ယောက်သေဆုံးသွားသည့်အခါတွင် ပုန်းကွယ်နဂါးတိုက်ကြီး၏မဟာနိယာမလမ်းကြောင်း စည်းမျဉ်းများသည် သွေးနှင်းများကို ကျဆင်းစေခြင်းဖြင့် ဝမ်းနည်းမှုကို ပြသတတ်သည်။


ကောင်းကင်ဘုံလျှို့ဝှက်တောင်ထိပ်တွင်ရှိသောလူတွင် နက်ရှိုင်းလှသောမျက်ဝန်းများရှိနေသော်လည်း သူ့မျက်နှာတွင် ပူဆွေးဝမ်းနည်းမှုတို့ဖြင့်ပြည့်နေသည်။


မြင့်မြတ်သူတော်စင်သေဆုံးသွားပြီး ကောင်းကင်ဘုံကပင်သူ့အတွက် ပူဆွေးဝမ်းနည်းကြောင်းပြသနေသည်။


ယခုအချိန်တွင် မြင့်မြတ်သူတော်စင်ကိုသတ်နိုင်သည့် အဆင့်တွင်ရှိသောအရာဟူသည် ကောင်းကင်ဖြတ်ကျော်အတိဒုက္ခသာရှိပေသည်။


ပုန်းကွယ်နဂါးတိုက်ကြီး၏ ကောင်းကင်ဖြတ်ကျော်အတိဒုက္ခဆိုသည်မှာ ပုန်းကွယ်နဂါးတိုက်ကြီးရှိ ကျင့်ကြံသူများနှင့် ကျူးကျော်သူတို့ကြားရှိ ကြောက်မက်ဖွယ်ရာစစ်ပွဲကြီးဖြစ်လေသည်။


ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက် ကျိုးပျက်သွားသောကြောင့် မဟာနိယာမလမ်းကြောင်းစည်းမျဉ်းများသည် လုံလောက်မှုမရှိတော့ချေ။


ပြိုင်ဘက်ကင်းကျင့်ကြံသူများက ဝင်ရောက်စွက်ဖက်ကာ မဟာနိယာကလမ်းကြောင်းကိုဆုတ်ဖြဲပစ်ကာ အင်အားနည်းသွားစေသောကြောင့် ငရဲကမ္ဘာကျင့်ကြံသူများ၏ကျူးကျော်မှုများကို ပိတ်ဆို့တားဆီးရန် မစွမ်းသာတော့ပေ။


သန့်စင်နယ်မြေများ၏ မြင့်မြတ်သူတော်စင်များသည် ကောင်းကင်ဝင်ပေါက်ကိုကာကွယ်စောင့်ရှောင့်နေသည်မှာ အချိန်ကာလကြာမြင့်နေပြီဖြစ်သည်။ ထိုလူများသည် ဤကမ္ဘာကြီးကိုအစွမ်းကုန်ကာကွယ်ပေးကာ သွေးလွှမ်းတိုက်ပွဲများကို သူတို့သေဆုံးသည်အထိတိုက်ခိုက်ကြပေသည်။


နောက်တစ်ကြိမ်သက်ပြင်းချလိုက်ပြီး ထိုလူ၏မျက်လုံးများက အကူအညီမဲ့နေဟန်ဖြစ်သွားခဲ့သည်။


ရုတ်တရက် ထိုလူ၏မျက်လုံးများ ရွေ့လျားသွားကာ ကောင်းကင်ဘုံလျှို့ဝှက်တောင်ထိပ်၏ အောက်ဘက်နေရာသို့ အကြည့်ရောက်သွားတော့သည်။ ထိုနေရာတွင် တောင်ထိပ်သို့ စိတ်ဒုံးဒုံးချထားသော မျက်နှာထားဖြင့်တက်လာသော မိုလျှိုကျိကိုမြင်လိုက်ရသည်။


ဘုန်း ဘုန်း


ကောင်းကင်ယံတွင်လျှပ်စီးလက်သွားကာ ထိုနေရာကို ခေတ္တမျှလင်းလက်သွားစေသည်။


မိုလျှိုကျိ ခေါင်းမော့ကြည့်လိုက်သောအခါ လျှပ်စီးကြောင်း၏အလင်းရောင်အောက်တွင် ကောင်းကင်ဘုံလျှို့ဝှက်တောင်ထိပ်၌ မတ်တတ်ရပ်နေသော ပုံရိပ်တစ်ခုကိုတွေ့လိုက်ရသည်။


"ကောင်းကင်ဘုံလျှို့ဝှက် သူတော်စင်ဂိုဏ်းချုပ်"


မိုလျှိုကျိ၏မျက်လုံးများရှုပ်ထွေးသွားတော့သည်။ သတင်းစကားတစ်ခွန်းမျှမပါးပဲ အချိန်အကြာကြီးထွက်ခွာသွားခဲ့သော သူတော်စင်ဂိုဏ်းချုပ်ပြန်ရောက်လာခဲ့လေပြီ။


သို့သော် သူက သူတော်စင်သမီးတော်ကို သူနဲ့အတူပြန်ခေါ်မလာခဲ့ပေ။


အဘွားမိုသည်လည်း သေဆုံးသွားခဲ့လေပြီ။


နှလုံးအတွင်းတွင် ဝမ်းနည်းမှုတို့လှိုက်တက်လာသောကြောင့် မိုလျှိုကျိတစ်ယောက် စွမ်းအင်များကိုပင်မသုံးတော့ပဲ သေမျိုးတစ်ယောက်လိုသာ ကောင်းကင်ဘုံလျှို့ဝှက်တောင်ထိပ်သို့ တစ်လှမ်းခြင်းတက်လာတော့သဘ်။ 


ထိုသို့ တက်ခြင်းသည် အလွန်အန္တရာယ်များကာ ခက်ခဲကြမ်းတမ်းလေသည်။ သို့သော် ၎င်းသည် မိုလျှိုကျိ၏ စိတ်နှလုံးကို အေးချမ်းစေကာ အနည်းငယ်မျှတည်ငြိမ်သွားစေသည်။


နောက်ဆုံးတွင် မိုလျှိုကျိတောင်ထိပ်သို့ရောက်ရှိသွားကာ ကောင်းကင်ဘုံလျှို့ဝှက်သူတော်စင်၏ရှေ့တွင်ရပ်လိုက်သည်။


သူ၏ ဝေဝေဝါးဝါးမှတ်ဉာဏ်ထဲရှိ ပုံရိပ်သည် တဖြေးဖြေးကြည်လင်ပြတ်သားလာကာ ကောင်းကင်ဘုံလျှို့ဝှက်သူတော်စင်ဂိုဏ်းချုပ်၏ မျက်နှာသည် သူ့မျက်လုံးထဲတွင် တဖြေးဖြေးရင်းနှီးကျွမ်းဝင်လာတော့သည်။


"ကောင်းကင်ဘုံလျှို့ဝှက်သူတော်စင်ဂိုဏ်းချုပ် မိုထျန်းကျီ နောက်ဆုံးတော့ ခင်ဗျားကြီးလက်လျော့ပြီးပြန်လာခဲ့ပြီပေါ့.. "

မိုလျှိုကျိ ဂရုမထားသောလေသံဖြင့်ပြောလိုက်သည်။ သူသည် သူတော်စင်ဂိုဏ်းချုပ်ကို မျက်နှာသေဖြင့်ကြည့်နေလိုက်သည်။


ထို မရင်းနှီးသော်လည်း ရင်းနှီးနေဟန် မျက်နှာရှိသောလူသည် သူ့ကိုထိတွေ့လာခဲ့သည်။ သို့သော် ထိုလူသည် အိမ်မှထွက်ခွာသွားခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေခဲ့ပြီဖြစ်သည်။ ၎င်းသည် မိုလျှိုကျိ၏စိတ်ကူးယဉ်ဆန်ဆန်ခံစားချက်များကို အေးခဲသွားစေခဲ့သည်။


မိုထျန်းကျီ မိုလျှိုကျိကိုကြည့်ရင်း သူ့မျက်လုံးများထဲ၌ ရှုပ်ထွေးမှုတို့ပြည့်နှက်သွားသည်။ သူ့သည် သူနှင့်ဆင်တူသည့်ပုံစံဖြင့်ကြီးပြင်းလာသော မိုလျှိုကျိကိုကြည့်ပြီး သက်ပြင်းချလိုက်တော့သည်။


"သား...မင်းအဖေပြန်ရောက်လာပြီ"


သူတော်စင်ဂိုဏ်းချုပ်သည် အဆုံးမဲ့ပင်လယ်သို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ သူသည် ပုန်းကွယ်နဂါးတော်ဝင်ခုံရုံးအတွက် သတင်းအချက်အလက်များကိုရှာဖွေရန်သွားခဲ့ခြင်းဖြစ်ပြီး ထိုနေရာတွင်နှစ်ပေါင်းများစွာ ဆက်လက်ရှာဖွေနေခဲ့ခြင်းဖြစ်သည်။ မိုလျှိုကျိသည်ပင် သုံးနှစ်အရွယ်ကလေးငယ်လေးအဖြစ်မှ ခန့်ညားသောလူငယ်လေးအဖြစ်ပြောင်းလဲသွားခဲ့လေပြီ။


သို့သော် မိုထျန်းကျီပြန်ရောက်လာချိန်တွင် တစ်ကမ္ဘာလုံးပင်ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။


"ခင်ဗျားက ကျုပ်အဖေမဟုတ်ဘူး... ခင်ဗျားက ကောင်းကင်ဘုံလျှို့ဝှက်သူတော်စင်ဂိုဏ်းချုပ်တစ်ယောက်ဖြစ်နေရုံပဲ...."

မိုလျှိုကျိ အေးစက်နေသောမျက်နှာဖြင့်ပြောလိုက်သည်။


"အဘွားမိုလည်း ဆုံးသွားခဲ့ပြီ... ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်လဲပျက်ဆီးသွားပြီ 

..ပြီးတော့ သူတော်စင်သမီးတော်လည်း သေလုနီးပါးပြင်းထန်တဲ့ဒဏ်ရာရနေတယ်... အမှန်အတိုင်းပြောရမယ်ဆို သူမ သေခါနီးနေပြီ..." ဟုဆက်ပြောခဲ့သည်။


မိုထျန်းကှိလက်ပိုက်ကာ မိုလျှိုကျိပြောသမျှကို တည်တည်ငြိမ်ငြိမ်နားထောင်နေပေသည်။


မိုလျှိုကျိနှင့်ယှဉ်ရလျှင် သူကပို၍ ရင့်ကျက်ဟန်ပေါ်သည်။ သူ့သည် လောကဓံအနိမ့်အမြင့်များစွာကို ကြုံတွေ့ခဲ့ပြီးဖြစ်လေသည်။


"အဖေသိတယ်... မင်းပြောသမျှက အဘွားမိုကြိုတင်ခန့်မှန်းထားတဲ့အရာတွေချည်းပဲ... အတိတ်မှာ သူမက ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေကိုကာကွယ်ပေးပြီး အာကာသနတ်သမီးကို ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ကို ကာကွယ်ဖို့ အဝေးကိုပို့လွှတ်ခဲ့တယ်... ဘာပဲဖြစ်ဖြစ် အဘွားမိုကအသက်ကြီးနေပြီဆိုတော့ သူမရှင်းရှင်းလင်းလင်းမမြင်နိုင်တဲ့အရာတွေအများကြီးရှိနေတယ်လေ..."

မိုထျန်းကျီပြောလိုက်သည်။


အဘွားမိုက သေချင်ခဲ့ပြီး မိုထျန်းကျီပြောပြခဲ့သည်မှာ အဘွားမို၏သေဆုံးခြင်းသည် အဓိပ္ပါယ်ရှိသည်ဟုပြောခဲ့သည်။


အဘွားမိုသည် မိုလျှိုကျိကိုပျိုးထောင်ပေးခဲ့သည်ဖြစ်သည်။ ထိုအချိန်တွင် သူ့နှလုံးအတွင်းရှိ ဝမ်းနည်းမှုများပေါက်ကွဲထွက်လာပြီး ဒူးထောက်ကျသွားကာ ရှိုက်ကြီးတငင်ငိုကြွေးလေတော့သည်။


သူ သူ၏အားနည်းသောကျင့်ကြံခြင်းအဆင့်ကိုမုန်းတီးပေသည်။ သူ့ကိုယ်သူ အသုံးမကျသည့်လူတစ်ဦးဖြစ်နေခြင်းကိုလဲ မုန်းတီးပေသည်။ 


မိုထျန်းကျီ သက်ပြင်းချလိုက်သည်။ သူရှေ့သို့လျှောက်သွားလိုက်ကာ မိုလျှိုကျိ၏ခေါင်းကိုပွတ်ပေးလိုက်သည်။


"အကုန်လုံးအဆင်ပြေသွားပါပြီ.. အဖေအိမ်ပြန်ရောက်လာပြီလေ... ငါ့မှာ အသက်တစ်ချက်ရှူဖို့ကျန်တဲ့အချိန်အထိ ငရဲကမ္ဘာက ညစ်ပတ်တဲ့တိရိစ္ဆာန်တွေ ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေကို ထိလို့မရစေရဘူး...."


"အဖေ သူတော်စင်သမီးတော်ကိုသွားခေါ်လိုက်မယ်... ငါတို့ သူမကိုပြန်ခေါ်လာမှရမယ်... မငိုပါနဲ့ ကလေးရယ်... မင်းကောင်းကောင်းလုပ်ခဲ့ပါတယ်"


ကောင်းကင်ဘုံလျှို့ဝှက် သူတော်စင်ဂိုဏ်းချုပ် နူးနူးညံ့ညံ့ပြောလိုက်ကာ သူ့စကားလုံးများက တပါးသူတို့၏စိတ်ဝိဉာဉ်ကို သက်သာရာရစေသည်။


မိုလျှိုကျိသည် အလွန်တရာပင်ပန်းနေပြီဖြစ်သည်။ ရုတ်တရက် သူ့မျက်ခွံများလေးလံလာကာ မျက်လုံးမှိတ်ရင်း မြေပြင်ပေါ်လဲလျောင်းလိုက်ပြီး အသက်မှန်မှန်ရှူ၍အိပ်ပျော်သွားခဲ့သည်။


မိုထျန်းကျီသည် အိပ်ပျော်နေသည့် ကလေးတစ်ယောက်လို ငြိမ်သက်သွားခဲ့သော မိုလျှိုကျိ၏ ခန္ဓာကိုယ်ကိုပွေ့ဖက်လိုက်သည်။


ခဏအကြာတွင် သူ့ခန္ဓာကိုယ်သည် လေထဲသို့ လွင့်ပျံသွားကာ ကောင်းကင်ဘုံလျှို့ဝှက်ခန်းမသို့ ဖြေးဖြေးချင်းပျံသန်းသွားသည်။



ပုဖန် သက်ပြင်းဖွဖွချလိုက်သည်။ အမှန်တကယ်တွင် သူသည် ဖြူရောင်မီးခိုးငွေ့များကိုမှုတ်ထုတ်လိုက်ခြင်းဖြစ်သည်။


သူ့ခန္ဓာကိုယ်ကို ထိုင်ခုံပေါ်မှီချလိုက်ပြီး ကောင်းကင်တစ်ခွင်ကျဲပြန့်နေသာ နှင်းပွင့်ကြီးများကိုကြည့်လိုက်သည်။ ထူထဲသောဆီးနှင်းများသည် သွေးနီရောင်ဖြစ်နေသောကြောင့် သူ့ကိုအံ့အားသင့်သွားစေသည်။


အပူချိန် ရုတ်တရက်ကျဆင်းသွားကာ ဆောင်းရာသီသို့ရောက်ရှိသွားသည်။


ပုဖန်သည် ကတ္တီပါဝတ်ရုံကိုဝတ်ဆင်ထားကာ ထိုင်ခုံပေါ်လဲလျောင်းနေရင်း နွေးထွေးနူးညံ့သော ခံစားချက်ကိုခံစားနေပေသည်။


စားသောက်ဆိုင်ထဲတွင် နွေးထွေးနေလေသည်။ သိမြင်မှုလမ်းကြောင်းသစ်သီးပင်အောက်တွင် ခွေးဘုရင်အိပ်မောကျနေသည်။ နယ်သာရီသည် ဇီးသီးစိမ်းဖျော်ရည်တစ်ခွက်ကိုကိုင်ထားကာ ကျေနပ်စွာသောက်နေပေသည်။


ပန်းပွင့်လေးသည်လည်း ငရဲကမ္ဘာသင်္ဘောပေါ်ရှိ နယ်သာရီဘေးမှ စားပွဲတွင်ထိုင်နေကာ ဇီးသီးစိမ်းဖျော်ရည်တစ်ခွက်ကိုကိုင်ထားလေသည်။ သူတို့နှစ်ယောက်လုံးသည် သူတို့၏ ဖြူဖွေးရှည်လျားသော ခြေတံများကိုချိတ်ထိုင်ကာ ဇီးသီးစိမ်းဖျော်ရည်ကို စုပ်သောက်နေကြသည်။


ချူချန်းရှန် ထိုင်ခုံကိုဆွဲယူလိုက်ကာ ပုဖန်ဘေးတွင်ဝင်ထိုင်လိုက်သည်။ သူ၏ အဖြူရောင်ဆံနွယ်ရှည်များ ကပိုကယိုကျနေသောကြောင့် သူ့ကိုပို၍ချောမောနေစေသည်။


"ဒီနေ့ .. ပြောင်းလဲသွားတာမြန်လွန်းတယ်... ဆိုင်ရှင်ပု ဒီနေ့အရမ်းအေးတယ်နော်... ငါတို့ဆိုင်စောစောပိတ်ကြမလား"

ချူချန်းရှန် ပုဖန်ကိုမျက်နှာချိုသွေးရင်းပြောလိုက်သည်။


ပုဖန် ချူချန်းရှန်ကို မျက်စိဆွေကြည့်လိုက်ပြီး ဘာမှပြန်မပြောလိုက်ချေ။


ချုချန်းရှန် ကျယ်ကျယ်လောင်လောင်ရယ်မောလိုက်သည်။


သွေးနှင်းများပွင့်များက တံခါးရှေ့တွင် ကျဆင်းနေပေသည်။ သွေးနှင်းများက လူများ၏နှလုံးသားကို ပို၍အေးစက်သွားစေသည်။


အစားကြူးတောင်ကြားသည် သူ့အလိုလိုပြန်လည်ပြုပြင်လာသည်။ ပျက်ဆီးမှုများကဆိုးရွားလှသော်လည်း ပြန်လည်ပြုပြင်သောအချိန်က အစီအစဉ်ကျ၍ ကောင်းမွန်လေသည်။ သူ့တို့တွင်အတွေ့အကြုံရှိသည်ဖြစ်၍ ပြန်လည်ပြုပြင်ခြင်းသည် လွန်စွာချောမွေ့လျက်ရှိသည်။


အစားကြူးတောင်ကြား၏လမ်းမအရှည်ကြီးသည် ပြန်လည်ပြုပြင်ပြီးပြီဖြစ်သည်။ လမ်းတစ်ဖက်တစ်ချက်ရှိစားသောက်ဆိုင်များသည်လည်း ပြန်လည်တည်ဆောက်ပြီးပြီဖြစ်သည်။


ထောင်တျဲစားသောက်ဆိုင်၏ ဆန့်ကျင်ဘက်တွင်ရှိသောဇာမဏီစားသောက်ဆိုင် သည်လည်း အလုံးစုံပြန်လည်တည်ဆောက်ပြီးပြီဖြစ်သည်။ သို့သော် ထိုဆိုင်များတွင် စားသုံးသူအများကြီးမရှိပေ။


အဘယ်ကြောင့်ဆိုသော် ထိုအဖြစ်အပျက်နှင့် သွေးနှင်းများထူထပ်နေမှုသည် ၎င်းတို့၏ စီးပွားရေးအခြေအနေကို အလွန်ထိခိုက်သွားစေခဲ့သောကြောင့်ဖြစ်သည်။


စားသောက်ဆိုင်အများစုက စောစောပိတ်သွားကြပြီဖြစ်ပြီး ဝန်ထမ်းများသည် မီးလင်းဖိုဘေးတွင်ဝိုင်းဖွဲ့ထိုင်နေကြကာ သူတို့ကိုယ်သူတို့နွေးထွေးအောင်ပြုလုပ်နေကြသည်။


မူချန် သူမကိုယ်သူမ ထူထဲသောသားမွှေးကုတ်ကြီးဖြင့်ပတ်ထားလေသည်။ သို့သော် သူမ၏ဆွဲဆောင်မှုရှိပြီးဖြူဖွေးနူးညံ့သောပေါင်တံများကိုထင်ရှားစေသည့် ခပ်တိုတိုဝတ်ရုံကိုသာဝတ်ဆင်ထားသည်။


သူမသည် ဆိုင်ရှင်ပု၏ထောင်တျဲစားသောက်ဆိုင်သို့ အလျှင်အမြန်ပြေးသွားနေသည်။


ခေါက်ဆွဲဘုရင် အိုးရန်ချန်ဖုန်းသည် လက်ပိုက်၍ ရှေ့သို့ဆက်လျှောက်နေသည်။


များစွာသော စားဖိုမှူးတို့သည်လည်း စကားစမြည်ပြောရန်ဆိုင်ရှင်ပုဆိုင်သို့သွားနေကြသည်။


လက်ရှိနေ့ရက်များတွင် သူတို့၏စီးပွားရေးအခြေအနေအတော်လေးဆိုးဝါးနေသဖြင့် သူတို့အကုန်လုံးအားလပ်နေကြသည်။ သူတို့တွင် များများစားစားလုပ်ရန်မရှိသဖြင့် စကားစမြည်ပြောကြရန်စုဝေးလိုက်ကြခြင်းဖြစ်သည်။


သူတို့စားသောက်ဆိုင်သို့သွားကြကာ အေးခဲနှလုံးသားကျောက်စိမ်းဝိုင်ကိုမှာယူပြီး ဟင်းပွဲအချို့ကိုလည်းမှာယူကြကာ စားသောက်ရင်းပျော်ရွှင်စွာစကားပြောနေကြသည်။


ဝမ်ရန်ရှန်သည် သူ၏ဝါးဘူးကိုကိုင်ကာ ပုဖန်၏စားသောက်ဆိုင်ထဲသို့ပြေးဝင်သွားလေသည်။ သူ့လုပ်ထားသောဝိုင်နှင့်နှိုင်းယှဉ်ကြည့်သောအခါ အေးခဲနှလုံးသားကျောက်စိမ်းဝိုင်ကပို၍အရသာရှိနေကြောင်းသိလိုက်ရသည်။


အချိန်အတော်ကြာပြီးနောက်


ယနေ့အတွက် အလုပ်ချိန်ပြီးဆုံးသွားခဲ့လေပြီ။


ပုဖန်အခြားသူများကိုထွက်သွားခိုင်းလိုက်သည် နာကျင်နေသောခါးကိုဆန့်ထုတ်ကာ သားမွှေးကုတ်ကိုချွတ်၍ မီးဖိုချောင်ထဲမှထွက်လာလိုက်သည်။


သစ်သားတံခါးကိုဆွဲပိတ်လိုက်ပြီး လှေကားမှတစ်ဆင့်အပေါ်ထပ်သို့တက်လိုက်သည်။ လျှောက်လမ်းမပေါ် တက်လျှောက်လိုက်သောအခါ တကျွီကျွီမြည်သံတို့ထွက်ပေါ်လာသည်။


တံခါးကိုဆွဲဖွင့်လိုက်သည်။ သူ့အခန်းထဲတွင်ကြယ်ရောင်များတောက်ပနေသည်။


အာကာသနတ်သမီးနီယန်သည် သူ့အိပ်ရာထက်တွင်လဲလျောင်းနေလေသည်။ ကြယ်အလင်းများက သူမ၏သိမ်မွေ့လှပသောအသွင်အပြင်ကိုပို၍ပေါ်လွင်လာစေပြီး လှပသော်လည်းသနားချင့်စဖွယ်ကောင်းနေစေသည်။


ထိုသနားချင့်စဖွယ်အလှပဂေးလေးသည် ငြိမ်သက်နေပေသည်။


ဒီမိန်းမ... အခုထိသတိလစ်နေတုန်းလား...


ပုဖန် ကုတင်ဆီသို့သွား၍ ငုံ့ကြည့်လိုက်သည်။ သူ၏ပိန်ပါးဖြူဖွေးသောလက်ချောင်းတစ်ချောင်းက နီယန်၏မျက်ခွံကိုတို့ထိ၍ မျက်လုံးပွင့်သွားစေပြီး သူမ၏မျက်လုံးများကိုစိုက်ကြည့်လိုက်သည်။


ပုဖန်ခေါင်းတစ်ချက်ငြိမ့်လိုက်သည်။ ခေါင်းသာငြိမ့်လိုက်သော်လည်း အမှန်တကယ်တွင် ဒီအမျိုးသမီးဘယ်အချိန်တွင်နိုးလာမည်မှန်းသူမသိချေ။


ပုဖန်သက်ပြင်းချလျက် ကတ္တီမာကုတ်အင်္ကျီကို အခန်းထောင့်ရှိ အင်္ကျီချိတ်တွင်ချိတ်ဆွဲလိုက်သည်။


ထို့နောက် ဆံပင်ကို ဖွလိုက်ပြီး ရေချိုးခန်းထဲဝင်သွားတော့သည်။ ခဏအကြာတွင် ရေချိုးခန်းထဲ၌ ရေကျသံများထွက်ပေါ်လာလေသည်။