အပိုင်း ၈၄၀
Viewers 53k

အပိုင်း ၈၄၀

ငရဲသတ္တဝါမှန်သမျှသုတ်သင်ပစ်


ဝှစ်...


ကြီးမားသောထုထည်ရှိသည့်အငွေ့များစတင်မြင့်တက်လာသည်။


 ခေတ္တအကြာတွင်ရေကျသံများတိတ်ဆိတ်သွားကာ ရေချိုးခန်းတံခါးပွင့်ဟလာပြီး ရေနွေးငွေ့ဖြူဖြူများခပ်ရေးရေးဝေ့ဝဲသွား၏။


ပုဖန်က သူ၏ဆံပင်ကိုအဖြူရောင်အမွှေးသဘက်တစ်ထည်ဖြင့်ခြောက်သွေ့အောင်ပြုလုပ်နေပြီး ခါးပတ်ကြိုးတစ်ကြိုးဖြင့်လျော့တိလျော့ရဲချည်နှောင်ထားသော အပြာရောင်ဝတ်ရုံတစ်ထည်အားဝတ်ဆင်ထားသည်။


ပုဖန် သက်ပြင်းချရင်း ရေချိုးခန်းတွင်းမှထွက်ကာ ဆံပင်ပေါ်ရှိရေစက်များလွင့်စင်သွားသည်ထိခေါင်းကိုခါယမ်းလိုက်သည်။


ထို့နောက်ခေါင်းကိုစောင်းငဲ့၍ သူ၏အိပ်ယာပေါ်၌ငြိမ်းချမ်းစွာအိပ်မောကျနေသော နီယန်အားကြည့်မိသည်။


သူ အခိုက်အတန့်မျှတွေဝေစွာရပ်နေပြီးနောက် ခန္ဓာကိုယ်ပေါ်ရှိရေစက်များအားခြောက်သွေ့အောင်သုတ်၍ သဘက်အား ပုခုံးပော်တင်ထားလိုက်သည်။


သူကပြူတင်းပေါက်ထံသို့လျှောက်လှမ်းသွားလိုက်သည်။ထို့နောက် ပြူတင်းပေါက်ဘောင်ကိုမှီရင်း ကောင်းကင်ထက်မှသွေးနီရောင်နှင်းပွင့်များကျဆင်းလာသောမြင်ကွင်းအားကြည့်ရှုနေသည်။ငေးမောနေသောသူ၏မျက်ဝန်းများသည်ကားဦးတည်ချက်မဲ့ကာဗလာသက်သက်ရှိနေချေ၏။


နီယန်ကိုတွေ့မြင်ရသောအခါ ပုဖန်မတတ်သာဘဲ လေအလင်းအင်ပါယာအားအမှတ်ရမိသည်။


လေအလင်းအင်ပါယာ၌သူ့ကိုယ်ပိုင်စားသောက်ဆိုင်တစ်ဆိုင်ရှိကာ ထိုစားသောက်ဆိုင်လေးသည်သူ၏အိပ်မက်များအစပြုခဲ့ရာနေရာဖြစ်သည်။


ထိုနေရာနှင့်ပါတ်သတ်၍အမှတ်တရများစွာရှိလေသည်။ပုဖန်လေအလင်းအင်ပါယာမှထွက်ခွာခဲ့သည်မှာအချိန်အတိုင်းတာတစ်ခုအထိကြာညောင်းခဲ့ပြီဖြစ်ရာ စားသောက်ဆိုင်လေးမည်မျှထိတိုးတက်နေပြီနည်း အလုပ်သင်စားဖိုမှူးနှစ်ယောက်ကရောကောင်းစွာကိုင်တွယ်နေပါရဲ့လော စသည် စသည်ဖြင့်..သိချင်မိပါ၏။


စိုထိုင်းထိုင်းဆံပင်များအားကိုင်တွယ်ထိတွေ့ရင်းဖြင့် သူ၏ခေါင်းထဲရှိအတွေးများအားဖယ်ရှားလိုက်တော့သည်။


ပုဖန်၏မျက်လုံးများကဝေဝါးလာပြီး ပြူတင်းပေါက်ဆီမှလှည့်ထွက်မလာခင် အချိန်တစ်ခုမျှတုံ့ဆိုင်းနေခဲ့၏။


နှစ်ခြိုက်စွာအိပ်မောကျနေသောနီယန်အားကြည့်ကာ ပုဖန်သက်ပြင်းချ၍အခန်းတွင်းမှထွက်လာခဲ့သည်။သူမအိပ်နေချိန်အတွင်း သူကမီးဖိုချောင်ထဲတွင်နေရပေဦးမည်။


ထိုစဉ်ချူချန်းရှန်သည်လည်းသူ၏အခန်းထဲမှထွက်လာကာ ခန္ဓာကိုယ်အပေါ်ပိုင်းမှာဗလာကျင်းနေပြီးဆံပင်မှရေများတစက်စက်စီးကျနေသေး၏။သူကပုဖန်ကိုမြင်သောအခါရွှင်မြူးသွားလေသည်။


"ပိုင်ရှင်ပု မီးဖိုချောင်ထဲမှာပဲနောက်ထပ်တိတ်ဆိတ်တဲ့ညတစ်ညဖြတ်သန်းမယ်ပေါ့..."


ချူချန်းရှန်ကစိတ်အနှောင့်အယှက်ဖြစ်ဖွယ်အပြုံးကြီးဖြင့်ဆိုသည်။


ပုဖန်ကချူချန်းရှန်အားကြည့်ကာမျက်လုံးလှန်ပြလိုက်သည်။ပြီးနောက်ထိုသူ၏သရော်စကားအားလျစ်လျူရှုကာ မီးဖိုချောင်တွင်းသို့ဝင်သွားလေသည်။


ဝှိုက်တီကစားသောက်ဆိုင်တံခါးဝ၌မတ်ရပ်ရပ်နေပြီး ဝှိုက်တီ၏ဦးခေါင်းပေါ်တွင်အိပ်ပျော်နေလေ့ရှိသောပုစွန်ပိစိ၏အရိပ်အယောင်ကိုမူမမြင်ရချေ။


ပုဖန်ကအခန်းတွင်းသို့ဝေ့ဝဲကြည့်လိုက်လိုက်ပြီးမျက်မှောင်ကျုံ့သွားကာ ပန်းပွင့်လေး၏ခေါင်းပေါ်၌အိပ်ပျော်နေသည့်ပုစွန်ပိစိထံသို့လျှောက်လှမ်းသွားသည်။


ပုစွန်ပိစိ၏ရွှေရောင်ခန္ဓာကိုယ်သည်ယခုအချိန်တွင်အစက်အပြောက်လေးများဖြင့်တောက်ပနေ၏။


ပုဖန်၏နှုတ်ခမ်းစွန်းများတွန့်ကွေးသွားကာ မီးဖိုချောင်အတွင်းသို့ပြန်လှည့်ဝင်သွားလေသည်။


သူကမီးဖိုရှေ့သို့ရောက်ရှိလာသည်။


ပုဖန်ကသူ၏မေးကိုပွတ်သပ်ကာစဉ်းစားနေ၏။သူကမီးဖိုခန်းထဲ၌ညတာရှည်ကိုဖြတ်ကျော်ရမည်ဖြစ်၍လုပ်စရာတစ်ခုခုရှာသင့်သည်ပေ။


ဥပမာအနေဖြင့် တွယ်ရာမဲ့စမ်းချောင်းဝါဝိုင်ကဲ့သို့သူ၏ဟင်းလျာသစ်များအပေါ် လေ့လာသုံးသပ်ခြင်းမျိုးဖြစ်၏။


ပုဖန်က ကူရာမဲ့ပန်းနှင့် စမ်းချောင်းဝါမြက်တို့ရရှိရန် ငရဲကမ္ဘာထိတိုင်ခရီးထွက်ခဲ့သည်။သူရရှိလာသောပန်းနှင့်မြက်တို့သည် စနစ်မှထာက်ပံ့ပေးသည်နှင့်ကွာခြားမှုရှိ၏။


စမ်းချောင်းဝါမြက်ပင်သည်စမ်းချောင်းဝါမြစ်၏မြစ်ဖျားတွင်ပေါက်ရောက်ရာ ငရဲစွမ်းအင်ပိုမိုသိပ်သည်းပြီး သာမန်စမ်းချောင်းဝါမြက်များနှင့်ကွာခြားလေသည်။


တွယ်ရါမဲ့စမ်းချောင်းဝါ ဝိုင်သည်ပုဖန် ပြင်ဆင်ဖန်တီးချင်သော ထုတ်ကုန်အသစ်တစ်ခုဖြစ်၏။


သူက စနစ်ကပေးလာသောချက်ပြုတ်နည်းအညွှန်းကိုကြည့်ရင်းဖြင့်တဖြည်းဖြည်းငြိမ်သက်လာပေသည်။


" တွယ်ရာမဲ့စမ်းချောင်းဝါဝိုင် ...


စမ်းချောင်းဝါမြစ်ဖျားတွင်ပေါက်သော စမ်းချောင်းဝါမြက်နှင့် ကူရာမဲ့တံတားရှိ ကူရာမဲ့ပန်းတို့မှာအဓိကပါဝင်ပစ္စည်းများဖြစ်သည် ဝိုင်ရရှိရန်အတွက် ပါဝင်ပစ္စည်းများအား ပြောက်ကျားကြယ်စင်ဝိုင်ဖြင့်စိမ်ထားရမည် ဝိုင်၏အာဟာရအတွက် ရှစ်ဆယ့်တစ်ညတိတိအဆက်မပြတ်စိတ်စွမ်းအင်သုံး၍ဖြည့်ဆည်းရမည်..."


စနစ်၏လေးနက်သောစက်သံက ပုဖန်၏ခေါင်းတွင်းပဲ့တင်ထပ်လာသည်။


ပုဖန်ဆွံ့အသွားရ၏။


ဤသည်က စမ်းချောင်းဝါဝိုင်ချက်နည်းလမ်းညွှန်ကိုပုဖန်ဖတ်ရှုသည့်ပထမဆုံးအကြိမ်ဖြစ်သည်။


သူတကယ်ကြီးဝိုင်လုပ်ဖို့နည်းအသစ်လိုတာလား...


ပြောက်ကျားကြယ်စင်ဝိုင်ဆိုတာကရော ဘာကြီးလဲ...


ပုဖန်မျက်မှောင်ကျုံ့လိုက်ကာ စိတ်ငြိမ်သည်အထိစုစည်းလိုက်ပြီး ဝိုင်ချက်လုပ်ရန်လိုအပ်ချက်များကိုစတင်စဉ်းစားရသည်။


ခေတ္တအကြာ သူကခေါင်းမော့၍မျက်နှာကျက်သို့ကြည့်လိုက်မိလေသည်။


ထိုအပေါ်၌သူ၏အခန်းရှိကာ.. နီယန်ကသူ၏အိပ်ယာပေါ်၌လဲလျောင်းနေ၏။

ပြောက်ကျားကြယ်စင်ဝိုင်ကိုချက်လုပ်ရန်... ကြယ်တာရာဖမ်းကွန်ရက်ကအထောက်အကူပြုနိုင်မည်ပေ။


ပုဖန်၏မျက်နှာကခံစားချက်ကင်းမဲ့သွားသည်။


အဓိကအချက်မှာ မိုယဲ့ကကြယ်တာရာဖမ်းကွန်ရက်အားဖျက်ဆီးလိုက်ပြီးဖြစ်၍ သူကမည်သည့်နည်းလမ်းဖြင့်ဝိုင်ကိုချက်ရပါတော့မည်နည်း။


ပုဖန်ကစိုထိုင်းဆဲခေါင်းကိုပွတ်သပ်လိုက်ရင်း သူ၏သွင်ပြင်မှာထိုင်းမှိုင်း၍စိတ်ဓာတ်ကျနေ၏။သူကသက်ပြင်းတစ်ချက်ရှုထုတ်လိုက်ကာ အကြံကုန်လမ်းပျောက်နေတော့ပေသည်။


အခြေအနေအရ တွယ်ရာမဲ့ စမ်းချောင်းဝါဝိုင်ကိုချက်လုပ်ရန် အခြားရွေးချယ်စရာနည်းလမ်းရှာရတော့မည်ဟန်တူ၏။


.....


မီးရောင်မှိန်မှိန်အခန်းအတွင်း၌ ကြယ်စင်လေးများလွင့်မြောတောက်ပနေသည်။၎င်းမှာ ကြယ်ရောင်မဟုတ်ဘဲ အစစ်အမှန်ကြယ်ပွင့်များဖြစ်သည်။ပုတီးစေ့လေးများကဲ့သို့လုံးဝန်းနေကာ အခန်းတွင်း၌ဝေ့ဝဲနေ၏။


နီယန်က အိပ်ယာထက်တွင်လှဲလျောင်းနေကာ သူမ၏မျက်နှာကသွေးဖျော့နေသည့်တိုင် ဖြေးဖြေးမှန်မှန်အသက်ရှူနေသေးသည်။


 သူမကိုယ်ပေါ်ရှိသေခြင်းတရားအငွေ့အသက်တို့မှာလျင်မြန်စွာလွင့်ပြယ်သွားပြီး ရှင်သန်နေသောစွမ်းအင်တို့ဖြည်းညင်းစွာပြန်လည်ဝင်ရောက်လာသည်။


လင်းလက်တောက်ပသောပုတီးလုံးကြယ်လေးများက နီယန်၏ခန္ဓာကိုယ်တစ်ဝိုက်အားဖုံးအုပ်ထားပြီး၎င်းက သူမအား သန့်ရှင်းစင်ကြယ်သောသွင်ပြင်ကိုပေးစွမ်းနေသည်။


ရုတ်ချည်းဆန်စွာ..


သူမ၏မျက်နှာအမူအယာကပြောင်းလဲသွားပြီး မျက်ခွံနေရာတွင်လှုပ်ခတ်လာ၏။


ထိုအခါကြယ်စင်များကသူကဦးခေါင်းအတွင်းတိုးဝင်ပျောက်ကွယ်သွားကြလေသည်။ပုဖန်သာဤနေရာ၌ရှိနေပါက မုချအံ့အားသင့်သွားရပေမည်။


မည်သို့ပင်ဖြစ်စေ ဤအမျိုးသမီးကမကြာမီအချိန်အတွင်းနိုးထလာမည့်ဟန်တူလေ၏။


.....


ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေ..


ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေတစ်ခုလုံးအား သေခြင်းတရားအငွေ့အသက်တို့လွှမ်းခြုံနေသည်။


တပည့်တိုင်းကပူဆွေးနေကြပြီး ၎င်းမှာသူတို့၏သူတော်စင်အရှင်သေဆုံးသွားသည့်အတွက်ဖြစ်သည်။


ပုန်းကွယ်နဂါးတိုက်၏ပြောင်းလဲမှုက နေရာအနှံ့၌သွေးနှင်းပွင့်များကျဆင်းနေစေပြီး ထိုနှင်းပွင့်များကသွေးရည်စက်များအလား လူတိုင်း၏လက်ဖဝါးများအပေါ်သို့ကျဆင်းလာကာ လေထုအားသွေးရနံ့ဖြင့်ထုံလွှမ်းထားတော့သည်။


ထိုသည်က သူတော်စင်အရှင်၏သေဆုံးမှုအပေါ် ကြီးမြတ်သောလမ်းစဉ်နိယာမ၏ပူဆွေးမှုဖြစ်သည်။


ကောင်းကင်ဘုံနွေဦးသူတော်စင်အရှင်ကကောင်းကင်ဘုံအတိဒုက္ခအတွင်းသေဆုံးသွားခဲ့ချေပြီ။


သူတော်စင်အရှင်ကဲ့သို့ ကြီးမြတ်သောဖြစ်တည်မှုတစ်ခုက ယခုလိုသေဆုံးသွားလိမ့်မည်ဟုမည်သူမျှထင်မှတ်မထားခဲ့ကြချေ။

ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်...


ငရဲကမ္ဘာသတ္တဝါများသည် ပုန်းကွယ်နဂါးတိုက်အားအကြီးအကျယ်ကျူးကျော်မှုကိုစတင်လိုက်ကြပြီလော...


ဤသည်က ပုန်းကွယ်နဂါးတိုက်၏ပျက်ကိန်းပေလော...


များစွာသောတပည့်တို့၏နှလုံးသားများအတွင်းကြောက်မက်မှုဖြင့်ပြည့်နှက်နေကာ ၎င်းတို့သည်အနာဂါတ်အားတွေး၍တုန်ရီနေကြပေသည်။


သို့သော် လူအများမှာ သူတို့၏သူတော်စင်အရှင်သေဆုံးမှုအတွက် ဒေါသထွက်ခြင်းနှင့်ပူဆွေးခြင်းတို့လည်းဒွန်တွဲလျက်ရှိကြ၏။ဤအဖြစ်အပျက်က ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေအပေါ်ထိခတ်မှုကြီးမားလေသည်။


သူတော်စင်အရှင်သည် ကောင်းကင်ဘုံနွေဦးသန့်စင်မြေ ပုန်းကွယ်နဂါးတိုက်၏တော်ဝင်အဖွဲ့အစည်း၏ထောက်တိုင်တစ်ခုဖြစ်နေရသောအဓိကအကြောင်းပြချက်တစ်ခုဖြစ်သည်။သူတော်စင်အရှင်မရှိပါက ကောင်းကင်ဘုံ့နွေဦးသန့်စင်နယ်မြေသည် အခြားသန့်စင်နယ်မြေများအားဆန့်ကျင်တိုက်ခိုက်မှုမပြုနိုင်ချေ။


အဆုံး၌ဤနယ်မြေသည် အစားကြူးတောင်ကြားကဲ့သို့ဖယ်ကျဉ်ခံလိုက်ရမည်သာ...


တစ်ကြိမ်ကျရှုံးသွားသည်နှင့် သူတို့၏နယ်မြေသည် အသားတုံးကြီးတစ်တုံးအလား အခြားသောသန့်စင်နယ်မြေများ၏မျှဝေအသုံးချမှုကိုခံရပေလိမ့်မည်...


မကြာမီကျောက်ခရမ်းအကြီးအကဲပြန်လည်ရောက်ရှိလာ၏။


သူ၏ခန္ဓာကိုယ်ပေါ်၌ပွန်းပဲ့ရာတစ်ခုတစ်လေသော်မျှမရှိဘဲပြန်လည်ရောက်ရှိလာခြင်းဖြစ်၏။ကျောက်ခရမ်းအကြီးအကဲသည် မြင့်မြတ်သူတော်စင်ထက်မသာလွန်သော်ငြား မြင့်မြတ်သူတော်စင်ထက်နိမ့်ကျခြင်းမရှိပေ။ဤနေရာ၌ မြင့်မြတ်သူတော်စင်ရော သူတော်စင်အရှင်ပါမရှိပြီဖြစ်၍ ကျောက်ခရမ်းအကြီးကစောစီးစွာပြန်လည်ရောက်ရှိလာရ၏။


ကျောက်ခရမ်းအကြီးကအကဲကရောက်ရှိလာသည်နှင့် ကောင်းကင်ဘုံနွေဦးသန့်စင်မြေတပည့်များအား ပုန်းကွယ်နဂါးတိုက်ရှိငရဲကမ္ဘာသတ္တဝါများအားလုံးအားရှင်းလင်းသုတ်သင်ကြရန်ပြောလာသည်။


မည်သူကမျှဤအမိန့်ကိုမျှော်လင့်မထား၍ကြောင်အကုန်ကြသည်။သို့သော်တပည့်များကငြင်းဆိုခြင်းမပြုခဲ့ပေ။သူတော်စင်အရှင်၏သေဆုံးမှုက ငရဲသတ္တဝါများအပေါ်ထားရှိသောရွံရှာမုန်းတီးမှုအားအဆုံးအစွန်ထိတွန်းပို့ပေးလိုက်သည့်အတွက်ပင်။


သူတို့၏ဒေါသများအားပေါက်ကွဲပစ်လိုက်ရန်လိုအပ်နေပြီး ထိုဒေါသများအား ငရဲသတ္တဝါများအပေါ်ဖောက်ခွဲမည်ဖြစ်တော့သည်။


ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေ၏ မြေအောက်အကျဉ်းထောင်တွင်တပည့်များစွာသည်နေရာတစ်ခုရရှိရန်တိုးဝှေ့နေကြရာချက်ချင်းပင်ထောင်ထဲတွင် နေရာပြည့်ကျပ်သွားလေသည်။


ထိုသန့်စင်နယ်မြေတပည့်များသည်ဒေါသထွက်လွန်းသဖြင့်မျက်လုံးများပင်နီရဲနေကြသည်။


အကျဉ်းတိုက်ထဲရှိအကန့်များထဲ၌များစွာသော ငရဲသတ္တဝါများအားဖမ်းဆီးထားပြီးလူအုပ်ကြီးကထိုသတ္တဝါများအားစူးစူးရဲရဲစိုက်ကြည့်လိုက်ကြသည်။


ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေသည်ဤနှစ်များအတွင်း ငရဲသတ္တဝါများအားစုဆောင်းဖမ်းဆီးထားခဲ့သည်။တိုက်ပွဲနေရာ၌အသေသတ်ခဲ့မိသောအကောင်များမှလွဲ ဖမ်းဆီးရမိသမျှသတ္တဝါများအားမြေအောက်အကျဉ်းတိုက်၌ဖမ်းဆီးအကျဉ်းချထားခဲ့သည်။


ကျောက်ခရမ်းအကြီးအကဲကဤနေရာ၌မရှိသော်လည်း များစွာသောတပည့်များက ဒေါသဖြင့်တောက်လောင်နေကြသည်။


လှံတံရှည်ကိုကိုင်ဆောင်ထားသောတပည့်တစ်ဦးက ငရဲသတ္တဝါအားမြင်သည်နှင့်ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး သူ၏လှံတံရှည်အား သတ္တဝါထံသို့ဦးတည်၍ထိုးသွင်းလိုက်လေသည်။


အခိုက်အတန့်မျှအကြာတွင် တပည့်အာစလုံးသည်အကျဉ်းတိုက်အတွင်းရှိငရဲသတ္တဝါများအားစတင်သတ်ဖြတ်တော့ချေသည်။


တပည့်များကသူတို့၏ဒေါသများအားအဆုံးအစွန်ထိလွှတ်ကာသွေးရူးသွေးတမ်းပေါက်ကွဲနေကြသဖြင့် ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေတစ်ခုလုံး၌ ကြက်သီးထဖွယ်စူးရှသောအော်မြည်သံများ ဒေါသတကြီးဟစ်ကြွေးသံများဖြင့်ပဲ့တင်ထပ်နေချေသည်။


နေဝင်သောအခါ ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေတပည့်များက မြေအောက်အကျဉ်းတိုက်အတွင်းမှသွေးရွှဲရွှဲစိုလျက်ထွက်လာကြသည်။သွေးနှင်းပွင့်များက၎င်းတို့၏ခန္ဓာကိုယ်ပေါ်သို့ထိုင်းမှိုင်းစွာကျဆင်းနေပြီး လူအုပ်ကြီးကကျယ်လောင်စွာဟစ်ကြွေးလိုက်ကြသည်။


" ငရဲသတ္တဝါမှန်သမျှသုတ်သင်ကြ အဲဒီနိမ့်ကျတဲ့သတ္တဝါတွေအကုန်သေသင့်တယ်..."


ကျောက်ခရမ်းအကြီးအကဲက အဆောက်အဦတစ်ခုပေါ်၌ရပ်နေရင်း အဝေးတစ်နေရာသို့အမူအယာမဲ့လှမ်းမျှော်ကြည့်နေပြီး သူ၏ခရမ်းရောင်ဝတ်ရုံကလေအဝှေ့တွင်လူးလွန့်နေသည်။


 တပည့်အလုံးအရင်းအားလှည့်ကြည့်လာချိန်တွင် သူ၏မျက်လုံးအတွင်း၌ထူးဆန်းသောအကြည့်တို့ရှိနေလေသည်။


ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေမှတပည့်အလုံးအရင်းကြီးက ဆည်တစ်ခုပေါက်ထွက်လာသည့်အလား ၎င်းတို့၏ဂိုဏ်းအတွင်းမှဝရုန်းသုန်းကားထွက်ခွာလာကြသည်။


အချို့က အခြားသောသန့်စင်နယ်မြေများ၏မြေအောက်အကျဉ်းတိုက်များသို့သွားသည်။


အချို့ကမူ ငရဲသတ္တဝါများ၏အငွေ့အသက်တို့ကျန်ရှိခဲ့သောနေရာတိုင်းအားသုတ်သင်ကြသည်။


ကြောက်မက်ဖွယ်ရာ သွေးသံတရဲရဲအမြစ်ဖြတ်သုတ်သင်ခြင်းလှိုင်းလုံးကြီးကတရွေ့ရွေ့ချီတက်နေ၏။


" အစားကြူးတောင်ကြားမှာလည်းငရဲသတ္တဝါတွေရှိတယ် အဲဒီသတ္တဝါတွေအကုန်သေရမယ် ငါတို့ရဲ့သူတော်စင်အရှင်အတွက်လက်စားချေစို့ ... အနီရောင်နှင်းချပ်တွေကငါတို့ကိုလှုံ့ဆော်ပေးဖို့ကျဆင်းနေတယ်... ပျော့ညံ့နေလို့မဖြစ်ဘူးကွ..."


တပည့်အုပ်ကြီးကရူးသွပ်စွာအော်ဟစ်လိုက်ကြပြီး ဦးတည်ချက်အသီးသီးဆီသို့ပြေးထွက်သွားကြသည်။


အချို့ကမူသွေးကြွပျော်မြူးနေသောအမူအယာများဖြင့်အစားကြူးတောင်ကြားဆီချီတက်သွားကြလေ၏။


အစားကြူးတောင်ကြား၌ငရဲသတ္တဝါအချို့နေထိုင်နေသည်ဟူသောသတင်းမှာ ပုန်းကွယ်နဂါးတိုက်တစ်ခုလုံးသိရှိသော အကြောင်းအရာတစ်ခုဖြစ်သည်။


ကျင့်ကြံသူအများအပြားကအစားကြူးတောင်ကြားကိုတိုက်ခိုက်သည့်တိုင်ဆုတ်ခွာလာရသည်ချည်းသာဖြစ်ပြီး ကောင်းကင်ဘုံအတိဒုက္ခမှာလည်းနီးကပ်နေပြီဖြစ်၍ မည်သူကမျှ အစားကြူးတောင်ကြားရှိငရဲသတ္တဝါများအပေါ်အာရုံမရှိကြတော့ချေ။


အမှန်တွင် ပုန်းကွယ်နဂါးတိုက်ရှိလူသားများအကြားရောနှောနေထိုင်နေသောငရဲသတ္တဝါများစွာရှိပေသည်။


၎င်းတို့တွင် လူသားတို့ဆီမှကွဲပြားနေသောနေထိုင်မှုပုံစံမရှိပေ။


မည်သို့ပင်ဖြစ်စေ၎င်းတို့မှာအလွန်စွမ်းအားကြီးမားပြီး ပုန်းကွယ်နဂါးတိုက်ရှိကျင့်ကြံသူများဆန့်ကျင်နိုင်သည့်အနေအထားတွင်မရှိ၍ တော်ဝင်ခုံရုံးသည်မျက်ကွယ်ပြု၍၎င်းတို့အားလူသားများအကြားနေထိုင်ခွင့်ပြုထားရပေ၏။သို့သော် လူသားများအားအန္တရာယ်ပြုမလာခင်အထိသာဖြစ်သည်။


သူတော်စင်အရှင်၏သေဆုံးမှုကြောင့်ယခုအချိန်တွင် ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေတစ်ခုလုံးကားရူးသွပ်သွားချေပြီ။


သူတို့က သူတော်စင်အရှင်အားပူဇော်သည့်အနေဖြင့် ငရဲသတ္တဝါသုတ်သင်ပွဲကြီးအားပြုလုပ်နေကြသည်ပေ။


ညအမှောင်ကိုကျော်ဖြတ်၍ ရူးသွပ်နေသောကောင်းကင်ဘုံနွေဦးသန့်စင်တပည့်များသည် နေရာအနှံ့သို့ကျူးကျော်တိုက်ခိုက်လာတော့သည်။


.....


အစားကြူးတောင်ကြား၏အပြင်ဘက်၌...


ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေမှလူအုပ်ကြီးရောက်ရှိနေသည်။


အာကာသနတ်သမီးကဤနေရာ၌ဖမ်းဆီးခံထားရသည်အထင်နှင့် ပြန်လည်ခေါ်ဆောင်ရန်ရောက်ရှိလာကြခြင်းဖြစ်သည်။


တစ်ဖက်တွင်လည်း သွေးဆာနေသောကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေမှလူအုပ်ကြီးက သတ်ဖြတ်လိုသောအရှိန်အဝါများဖြင့်အစားကြူးတောင်ကြားသို့ဦးတည်ချီတက်လာနေကြသည်။


 

အစားကြူးတောင်ကြားဆီသို့ နောက်ထပ်တစ်ကြိမ်မုန်တိုင်းတစ်ခုရိုက်ခတ်လာပေဦးတော့မည်..