အပိုင်း ၈၄၁
Viewers 52k

အပိုင်း ၈၄၁

 ပြဿနာကောင်တွေက စံနမူနာအဖြစ်နဲ့ အဝတ်ချွတ်ပြီးကန်ထုတ်ခံရမယ်


ကောင်းကင်မှကျဆင်းလာသောသွေးရောင်ခြယ်နှင်းချပ်များကလျော့ပါးလာဟန်တူသည်။


ကောင်းကင်ကတဖြည်းဖြည်းတောက်ပလာနေသည်။တစ်ညတာလုံးသွေးနှင်းပွင့်များကျဆင်းထား၍မြေပြင်ထက်တွင် ဝါဂွမ်းကဲ့သို့နှင်းခဲနီနီအလွှာတစ်ထပ်ဖုံးလွှမ်းနေသည်။ ထိုနှင်းထုထည်ကထူထဲကအေးခဲနေပြီး လေထုသည်လည်းအေးစိမ့်နေ၏။


ထိုနှင်းလွှာပေါ်သို့နင်းလျှောက်မည်ဆိုပါက ရေခဲစိုင်အတွင်းသို့ခြေထောက်နစ်ဝင်သွားကာထူးဆန်းသောအသံထွက်ပေါ်လာခြင်းကိုကြားရလိမ့်မည်။ထိုအသံသည် တစ်နည်းနည်းဖြင့်နှစ်လိုဖွယ်ကောင်းပါ၏။


အနက်ရောင်တိမ်လိမ်များကထိုင်းမှိုင်းစွာတည်ရှိနေပြီး ညှီစို့စို့သွေးရနံ့ကလေထုတွင်းရစ်ဝဲနေသည်။နေမင်းကြီးသည်ကား တိမ်မဲလိပ်များဖြင့်လုံးဝဥဿုံဖုံးအုပ်ခံထားရပြီး အလင်းတန်းတစ်စွန်းတစ်စပင်ထိုးဖောက်တောက်ပနိုင်စွမ်းမရှိပေ။


ရှည်လျားသောညတာတစ်လျှောလုံးကျဆင်းနေခဲ့သောနှင်းချပ်များကျဲပါးလာပြီး...

အဆုံးတွင် နှင်းမုန်တိုင်းသည်ငြိမ်သက်သွားချေပြီ။


အစားကြူးတောင်ကြားလမ်းမ၏လမ်းတစ်ဖက်တစ်ချက်စီရှိ ကုန်သည်များနှင့် စားသောက်ဆိုင်များမှာ တစ်နေ့တာအတွက်စီးပွားရေးစတင်ရန်ပြင်ဆင်နေကြသည်။


အချို့စားပွဲထိုးများက အဝတ်ထူထူဖြင့်ထွက်လာကာ သူတို့၏ဆိုင်ရှေ့ရှိနှင်းခဲများကိုလှဲကျင်းကြလေသည်။


နှင်းမုန်တိုင်းကတစ်ညလုံးသဲထန်ခဲ့သည်ဖြစ်၍ ဆိုင်တိုင်းလိုလိုအားကြီးမားသောနှင်းထုကြီးဖုံးအုပ်နေကာ တံခါးဖွင့်ချိန်တွင်ဆိုင်တွင်းသို့နှင်းခဲများစီးပြိုကျကုန်ပေသည်။


ချူချန်းရှန်အိပ်ယာနိုးလာသည်။ သူ၏အဖြူရောင်ဆံပင်များသည်ငှက်သိုက်တစ်ခုကဲ့သို့နေရာအနှံ့ရှုပ်ပွနေ၏။သူကဦးခေါင်းကိုပွတ်သပ်ရင်းလှေကားထစ်များပေါ်မှဆင်းလာသည်။


အပူချိန်ကကျဆင်းနေမြဲဖြစ်သော်လည်း ချူချန်းရှန်ကဲ့သို့ကြင့်ကြံသူတစ်ယောက်အတွက်ထိုသည်ကမှုစရာမဟုတ်ပေ။ထို့ကြောင့်သူက ရင်ဘတ်ပွင့်ဟနေသောပိုးသားညအိပ်ဝတ်စုံအားဝတ်ဆင်ထားလျက်စားသောက်ဆိုင်အတွင်းသို့ဝင်လာလေသည်။


ထိုစဉ် ဟင်္သာပြဒါးရောင်ဝတ်ရုံကိုထုံးစံအတိုင်းဝတ်ဆင်ထားသောပုဖန်က တံမြက်စည်းတစ်ချောင်းကိုင်လျက်လျှောက်လာပြီး ချူချန်းရှန်ကိုမြင်သည်နှင့်တံမြက်စည်းအားချူချန်းရှန်ထံပစ်ထုတ်လိုက်လေသည်။


ချူချန်းရှန်လည်းအလိုအလျောက်တုံ့ပြန်မှုကြောင့်ဖမ်းလိုက်မိ၏။


" မင်းနိုးပြီဆို စားသောက်ဆိုင်ရှေ့ကနှင်းတွေဖယ်ပြီးဆိုင်ကိုသန့်ရှင်းရေးလုပ်တော့..."


ပုဖန်ကပြောသည်။


"နှင်းတွေရှင်းဆိုတာကဘာစကားလဲ ငါကစားပွဲထိုးနော် မင်းအိမ်ထိန်းလည်းမဟုတ်ဘူး..."


ချူချန်းရှန်ကခုံတစ်ခုံဆွဲ၍ပျင်းရိလေးကန်စွာထိုင်လိုက်သည်။သူကမေးထောက်ရင်းပုဖန်အား အိပ်ချင်မူးတူးမျက်လုံးများဖြင့်ကြည့်ရှုနေ၏။


ပုဖန်ကလည်းပြန်စိုက်ကြည့်လိုက်ပြီး သူ၏နှုတ်ခမ်းစွန်းများကအထက်သို့ကွေးညွတ်သွားသည်။


"မင်းမလုပ်တော့ ငါလုပ်ရမှာလား..."


ပုဖန်ကဂရုမထားသောလေသံဖြင့်မေးပြီးနောက် ခွေးဘုရင်နှင့်နယ်သာရီတို့အတွက်ချက်ပြုတ်ပေးရန်မီးဖိုချောင်အတွင်းသို့လှည့်ဝင်သွားတော့သည်။


ချူချန်းရှန်တစ်ယောက် လှည့်ထွက်သွားသောပုဖန်အားကြည့်ရင်း မည်သို့တုံ့ပြန်သင့်သည်မသိတော့ပေ။သူကခေါင်းခါရင်းအပြုံးတစ်ခုဖြစ်ညှစ်ပြုံးလိုက်ရုံသာတတ်နိုင်သည်ပေ။


ပိုင်ရှင်ပုကသူ့ရဲ့ချောမောတဲ့မျက်နှာလေးကိုမနာလိုနေတာပဲ...


ချူချန်းရှန်က တံမြက်စည်းကိုကောက်ယူလိုက်ပြီး ဆိုင်တံခါးဝသို့လျှောက်လှမ်းသွားကာ သစ်သားတံခါးမကို ကျွီခနဲမြည်သံနှင့်အတူဆွဲဖွင့်လိုက်၏။


ရုတ်ချည်းဆိုသလိုပဲ ထူထဲသောနှင်းခဲများကတံခါးဝမှပြိုကျလာကာ ချူချန်းရှန်အားအရှင်လတ်လတ်မြှုပ်နှံမိလုမတတ်ဖုံးအုပ်သွားလေသည်။


ချူချန်းရှန် နှင်းတောထဲမှခေါင်းဆွဲထုတ်ရန်အတော်အားသုံးလိုက်ရသည်။သူ၏မျက်နှာထက်တွင် မတရားခံရသောအမူအယာတစ်ခုရှိနေ၏။


ပုဖန်ကသူ့ကိုနှင်းခဲများရှင်းခိုင်းသည်မှာအံ့သြစရာမရှိတော့ပေ ထိုသို့မရှင်းပါက မည်သည့်စားသုံးသူမျှစားသောက်ဆိုင်အတွင်းသို့ဝင်ရောက်နိုင်မည်မဟုတ်ပါချေ။


အဆုံးတွင် ချူချန်းရှန်တစ်ယောက်ဆိုင်ရှေ့ရှိနှင်းခဲများအားစတင်ကိုင်တွယ်ရတော့သည်။များမကြာမီအချိန်အတွင်းပဲစားသောက်ဆိုင်ရှေ့ရှိနှင်းထုထည်အများအပြားရှင်းလင်းပြီးသွားလေသည်။


ဇာမဏီအဆောက်အဦရှေ့တွင်လည်း စားပွဲထိုးအချို့ကနှင်းခဲများအားအားသွန်ခွန်စိုက်ရှင်းလင်းနေကြသည်။


ချူချန်းရှန်က ဇာမဏီအဆောက်အဦကိုတစ်လှည့်သူ၏ထောင်တျဲ့စားသောက်ဆိုင်ကိုတစ်လှည့်ကြည့်ရှုလိုက်သည်။


ဘယ်လောက်တောင်စက်ဆုပ်ဖွယ်လဲ...

စားပွဲထိုးချင်းတူတာတောင်သူကတော့တစ်ယောက်တည်းနှင်းလှဲရတယ်တဲ့ သနားစရာကောင်းလိုက်တာ...


"ဟေးတိုက်ဆိုင်လိုက်တာ မင်းတို့လည်းနှင်းတွေလှဲနေကြတာလား..."


မည်သို့ပင်ဖြစ်စေချူချန်းရှန်စိတ်ဓာတ်ကျခြင်းကအခိုက်အတန့်မျှသာ။သူကချက်ချင်းပဲ နှင်းခဲများကိုကြိုးကြိုးစားစားလှဲကျင်းနေရင်း တစ်ဖက်လမ်းရှိ နှင်းလှဲနေသောစားပွဲထိုးများကိုပင်လက်မြှောက်၍ လှမ်းနှုတ်ဆက်လိုက်သေးသည်။


စားပွဲထိုးများကလည်းချူချန်းရှန်ကိုသိကြသည်။ထိုသူသည် အစားကြူးတောင်ကြား၏ကြမ်းတမ်းသောတိုက်ပွဲ၌သူ၏စွမ်းပကားအားပြသခဲ့ပြီး လူတိုင်းကသူ့အားအထင်ကြီးလေးစားကြ၏။


ထို့ကြောင့်စားပွဲထိုးများသည် ၎င်းတို့၏ တံမြက်စည်းများကိုတင်းကြပ်စွာဆုပ်ကိုင်ကာချူချန်းရှန်အားလေးစားစွာတုံ့ပြန်နှုတ်ဆက်ကြသည်။


ချူချန်းရှန်၏မျက်နှာထက်၌အပြုံးတစ်ပွင့် ပွင့်လန်းလာပြီး သူကတံမြက်စည်းကိုလက်တစ်ဖက်ဖြင့်ကိုင်ထားရင်း အခြားတစ်ဖက်ဖြင့်လက်ဝှေ့ယမ်းပြလိုက်သည်။


"မင်းတို့လူငယ်တွေတကယ်သန်စွမ်းကြတာပဲ ကောင်းတယ်ကောင်းတယ် အစားကြူးတောင်ကြားရဲ့အနာဂါတ်ကမင်းတို့လိုလူငယ်တွေအပေါ်မှီခိုနေတာ ကြိုးကြိုးစားစားနဲ့နှင်းတွေရှင်းထုတ်ပစ်လိုက်..."


စားသောက်ဆိုင်အတွင်း၌ မီးဖိုဆောင်ဆီမှမွှေးရနံ့များပျံ့လွင့်လာသည်။ပုဖန်က အငွေ့တထောင်းထောင်း နံရိုးချိုချဉ်ကြော်ပန်းကန်အားသယ်ဆောင်၍ထွက်လာ၏။


သိမြင်လမ်းစဉ်သစ်ပင်အားမှီကာငိုက်မြည်းနေသော ခွေးဘုရင်ကရနံ့ရသည်နှင့် စားပွဲရှိရာသို့အပြေးရောက်ရှိလာပြီး လက်ဖဝါးနှစ်ဖက်လုံးကိုစားပွဲထက်သို့တင်ထားလိုက်ရင်းစိတ်ရှုပ်ရှားစွာဖြင့်လျှာတစ်လစ်ထုတ်ကာရွှင်မြူးနေလေသည်။


ပန်းပွင့်လေးနှင့်နယ်သာရီတို့သည်လည်းစားပွဲဆီသို့အပြေးလေးရောက်ရှိလာကာ ပုဖန်၏ဟင်းပွဲအားစောင့်မျှော်နေကြသည်။


"ဘလက်ကီရေ ဒီမှာမင်းရဲ့နံရိုးချိုချဉ်..."


ပုဖန်ကဟင်းပွဲအားဘလက်ကီ၏ရှေ့သို့ချပေးလိုက်သည်။သိပ်သည်းသောမွှေးရနံ့က ဘလက်ကီ၏မျက်လုံးများအားကြည်နူးပီတိဖြင့်မှေးကျဉ်းသွားစေသည်။


နံရိုးချိုချဉ်ကြော်... ဒီလူငယ်လေးကစကားတည်သားပဲ...


ပုဖန်အားစိတ်ကျေနပ်သောအကြည့်တစ်ချက်ပေးလိုက်ပြီးနောက် ခွေးဘုရင်သည်ကြွေပန်းကန်အတွင်းသို့ခေါင်းစိုက်လေတော့သည်။သူ၏ကိုယ်ပေါ်ရှိအဆီတို့မှာတုန်ယင်နေပြီး အမြှီးတစ်ယမ်းယမ်းရှိနေ၏။


ပုဖန်ကမီးဖိုချောင်အတွင်းသို့ပြန်လျှောက်ဝင်သွားပြီး ခေတ္တအကြာ၌ပြန်ထွက်လာသည်။


ဤတစ်ကြိမ်တွင်သူ၏လက်တွင်း၌ ပန်းကန်နှစ်ချပ်သယ်ဆောင်ထားပြီး တစ်ချပ်မှာနယ်သာရီအတွက်နဂါးသွေးထမင်းကြော်ဖြစ်ကာ တစ်ချပ်မှာပန်းပွင့်လေးအတွက်ဖြစ်သည်။


နှစ်ယောက်လုံး၏မျက်လုံးများကတောက်ပသွားပြီးစိတ်ကျေနပ်စွာဖြင့်စားသောက်ကြသည်မှာ ဘလက်ကီနှင့်တစ်ထပ်တည်းပါပေ။


ချူချန်းရှန်ကဆိုင်ပြင်၌ နှင်းခဲများကိုမွမ်းမံရှင်းလင်းနေဆဲဖြစ်ပြီး ရံဖန်ရံခါတစ်ဖက်လမ်းရှိနှင်းခဲရှင်းနေသော စားပွဲထိုးများထံလှမ်း၍စကားစမြည်ပြောတတ်သေးသည်။သူက၎င်းတို့သည်အစားကြူးတောင်ကြား၏အနာဂါတ်အတွက်မည်မျှအရေးပါကြောင်းဟောပြောနေ၏။


အခြေနေအရပ်ရပ်မှာ တည်ငြိမ်အေးချမ်းနေဟန်တူပေ၏။


သို့သော် ...


အစားကြူးတောင်ကြား၏အပြင်ဘက်၌ပွက်လောရိုက်ကာ ပြဿနာစတင်နေပြီဖြစ်သည်။


လူအုပ်ကြီးက အစားကြူးတောင်ကြားလမ်းမပေါ်သို့အရူးအမူးချီတက်လာကြသည်။


၎င်းတို့မှသန့်စင်နယ်မြေများမှတပည့်များဖြစ်ပြီး အစားကြူးတောင်ကြား၏အစောင့်အကြပ်များမှာ၎င်းတို့အားမဟန့်တားနိုင်ပေ။သူတို့က အစားကြူးတောင်ကြားအတွင်းရောက်သည်နှင့် ထောင်တျဲ့စားသောက်ဆိုင်သို့ဦးတည်လာကြသည်။


လမ်းမရှည်ပေါ်ရှိနှင်းတစပြင်မှာနင်းခြေခံလိုက်ရပြီး ခြေရာများစွာ ပွစာကျဲကျန်ရစ်၏။


ရောက်လာကြသူများသည် အုပ်စုနှစ်ခုဖြစ်ပြီး တစ်ဖွဲ့သည် ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေ၏ဝတ်ရုံကိုဝတ်ဆင်ထားကြကာ သူတို့၏မျက်နှာထက်တွင်မကျေနပ်ချက်များပြည့်လျှံနေသည်။


ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်မြေမှတပည့်များသည် သူတို့၏အာကာသနတ်သမီးအား စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက်ထံမှဖမ်းဆီးထားသည်ကိုသိရှိရသောအခါစိတ်ပျော်မနေတော့ပါချေ။ သူမသည် သူတို့ဂိုဏ်း၏အထွဋ်အမြတ်ပြယုဂ်တစ်ခုဖြစ်ပြီး သာမန်လူတစ်ယောက်ထံမှဖမ်းဆီးခံထားရသည်ကိုမည်သို့မျှလက်သင့်မခံနိုင်ပေ။


ထို့ကြောင့် ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်မြေမှတပည့်များသည်သူတို့၏ အာကာသနတ်သမီးအားပြန်လည်ခေါ်ဆောင်ရန်ဒေါသတကြီးရောက်ရှိလာကြခြင်းဖြစ်သည်။


အခြားအုပ်စုသည်ကားမတူညီပေ ၎င်းတို့သည်ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေမှအုပ်စုဖြစ်၏။ထိုသူတို့ထံမှသိပ်သည်းသောသောလူသတ်ငွေ့များထွက်ပေါ်နေပြီး၎င်းတို့၏ရည်ရွယ်ချက်သည် ငရဲသတ္တဝါမှန်သမျှကိုသုတ်သင်ရှင်းလင်းပစ်ရန်ဖြစ်သည်။သူတို့သည် ငရဲသတ္တဝါဟူသမျှကိုသုတ်သင်၍ သူတို့၏သူတော်စင်အရှင်အတွက်လက်စားချေပေးကြမည်ဖြစ်သည်။


ကောင်းကင်ဘုံနွေဦးသန့်စင်အကြီးအကဲသည် ကောင်းကင်ဘုံဝင်ခွင့်အတိဒုက္ခစမ်းသပ်ပွဲ၌ ငရဲသတ္တဝါတစ်ကောင်၏သတ်ဖြတ်ခြင်းကိုခံခဲ့ရပြီး ထိုအခြင်းအရာကကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေ၏တပည့်များအားသွေးပျက်သွားစေသည်။ ကောင်းကင်နှင့်မြေကြီးသည်ပင် သူ၏သေခြင်းတရားအပေါ်ပူဆွေးမှုကိုပြသခဲ့သည်။ ဤသို့သောထိလွယ်ရှလွယ်အခြေအနေတွင် စက်ဆုပ်ဖွယ်လူတစ်ယောက်ကကိစ္စများကိုပရမ်းပတာရှုပ်ထွေးသွားစေရန်ကြိုးကိုင်ခဲ့၏။


ကျောက်ခရမ်းအကြီးအကဲက ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေ၏တပည့်များအား ငရဲသတ္တဝါများကိုသုတ်သင်ပစ်ရန်လှုံ့ဆော်ခဲ့သည်။တိုက်ဆိုင်စွာပင် ထိုအရာကလူတိုင်းရင်ထဲရှိတောက်လောက်နေသောအပူမီးများအားလောင်ကျွမ်းပေါက်ကွဲပစ်ရန်မီးမောင်းထိုးပြဘိသကဲ့သို့ဖြစ်သွားချေ၏။ထို့ကြောင့်လူတိုင်းသည် ၎င်းတို့၏ပူဆွေးမှုအား သတ်ဖြတ်လိုစိတ်အဖြစ်ပြောင်းလဲပစ်ကြကုန်လေသည်။


ဤပုန်းကွယ်နဂါးတိုက်တွင်ငရဲသတ္တဝါများစွာနေထိုင်ပြီး ယခုမူ၎င်းတို့ထံကပ်ဆိုးကျရောက်လာချေပြီ။


အချို့မှာလူသားများနှင့်ပင်မခြားသော်ငြား သန့်စင်နယ်မြေမှတပည့်များကချွင်းချက်မရှိသတ်ပစ်သည်သာ။


ကျောက်ခရမ်းအကြီးအကဲသည် သတ်ဖြတ်လိုစိတ်တို့ဖြင့်ဖွဲ့စည်းထားသောအုပ်စုကြီးကိုဦးဆောင်၍ ငရဲသတ္တဝါများထံဦးတည်လျက်ရှိသည်။


ပုန်းကွယ်နဂါးတိုက်၏နေရာအနှံ့၌ သွေးပျက်ဖွယ်အဖြစ်အပျက်များဖြစ်ပွားလာနေသည်။


အစားကြူးတောင်ကြား၌လည်း ကောင်းကင်ဘုံနွေဦးသန့်စင်မြေမှတပည့်များစုရုံးနေကြပြီး ၎င်းတို့အားလုံးသည်စိတ်လွတ်ကာရူးသွပ်နေကြသည်ပင်။


ထောင်တျဲ့စားသောက်ဆိုင်တွင် ငရဲသတ္တဝါတစ်ကောင်အားနေရာပေးထားသည်အားလူတိုင်းလိုလိုသိသည်။ထို့အပြင် ထိုငရဲသတ္တဝါသည် နတ်ဘုရားစိတ်ဝိဉာဉ်အဆင့်တစ်ဝက်ကျော်သောကျင့်ကြံသူပင်မယှဉ်နိုင်လောက်သည်ထိစွမ်းအားကြီးမားကြောင်းလည်းသိရှိကြပေ၏။


ထိုသည်က အနှီငရဲသတ္တဝါ၏ကျင့်ကြံဆင့်သည် မဟာလေဟာနယ်အဆင့်ထိပင်ရောက်ရှိနေနိုင်ကြောင်းဆိုလိုသည်ပင်။


ထိုသတ္တဝါသည်မဟာလေဟာနယ်အဆင့်အမှန်ဖြစ်ပါက ရန်စမိသူတိုင်းခွေးဖြစ်ကြရမည်မှာမုချဧကန်သာ။


ထို့ကြောင့် ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေရှိဂိုဏ်းသခင်အဆင့်ကျင့်ကြံသူတိုင်းသည် အစားကြူးတောင်ကြားသို့ချီတက်လာရာတွင်၎င်းတို့၏နတ်ဘုရားသတ်လက်နက်များကိုကိုင်ဆွဲလာကြလေသည်။


နောက်ဆုံးတွင် ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေမှတပည့်များနှင့် ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေမှအုပ်စုတို့ အစားကြူးတောင်ကြား၏ဝင်ပေါက်၌ဆုံတွေ့ကြလေသည်။ထိုအရာကိုမမျှော်လင့်ထားခဲ့သေိာလည်း တူညီသောရည်ရွယ်ချက်များရှိနေသည့်အတွက်မည်သည့်ပဋိပက္ခမှမဖြစ်ပွားတော့ဘဲ ထောင်တျဲ့စားသောက်ဆိုင်သို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာကြတော့၏။


ချူချန်းရှန်နှင်းများလှဲကျင်းပြီးချိန်တွင် ဆိုင်၏တစ်ဖက်တစ်ချက်ဆီ၌သွေးနီရောင်နှင်းတောင်ပို့လေးများတစ်ခုစီဖြစ်ပေါ်နေလေသည်။ချူချန်းရှန်က စားသောက်ဆိုင်ရှေ့ကွက်လပ်အားအချိန်တိုအတွင်းလျင်မြန်စွာရှင်းလင်းပြီးစီးသွားပေသည်။


ရုတ်တရက်...


မြေပြင်ကတုန်ခါလာပြီး နှင်းတောင်ပို့များပြိုကျလာကာ စားသောက်ဆိုင်ရှေ့မြေကွက်လပ်အားနှင်းများဖြင့်နောက်တစ်ကြိမ်ဖုံးလွှမ်းသွားပြန်လေ၏။


ပုဖန်၏ဟင်းပွဲများကိုမြည်းစမ်းရန်ဆိုင်အတွင်းသို့ပြန်လည်ရောက်ရှိနေသောချူချန်းရှန်သည် အပြင်ဘက်ရှိထိုမြင်ကွင်းအားကြည့်ရင်းနေရာ၌တောင့်ခဲစွာရပ်နေမိလေသည်။


ထိုသို့အကျင့်ပျက်သည့်လုပ်ရပ်ကိုပြုလုပ်သူမည်သူမဆို သူတကယ်ကိုအော်ဟစ်ပစ်ချင်လှသည်။


သို့သော် မဆူပူလိုက်ရပါပေ။သူ့ထံတွင်ပါးစပ်ဟ၍အော်ဟစ်ချိန်ပင်မရှိလိုက်သည့်အတွက်ဖြစ်သည်။


လူအုပ်ကြီးတစ်အုပ်ကစားသောက်ဆိုင်ရှေ့သို့ဖြစ်ညှစ်တိုးဝှေ့ရောက်ရှိလာကြသည်။၎င်းတို့သည် ဆိုင်ရှေ့ရှိနေရာအနှံ့ကိုသိမ်းပိုက်လိုက်ကြသည်မှာရေတစ်စက်ပင်ဖြတ်၍စီးဆင်းနိုင်မည့်ဟန်မတူပေ။


ထိုလူအုပ်သည် ချက်ချင်းပင်အစုနှစ်ခုအဖြစ်နေရာခွဲသွားကြပြန်သည်။၎င်းတို့ကိုကြည့်၍ချူချန်းရှန်ဆွံ့အသွားရ၏။


" ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေကတပည့်တွေနဲ့ ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေကတပည့်တွေ... မင်းတို့ကဘာလိုချင်တာလဲ..."


ချူချန်းရှန်ကခေတ္တမျှမျက်မှောင်ကျုံ့သွားပြီးနောက် ခံစားချက်ကင်းမဲ့နေသောအမူအယာဖြင့်မေးလိုက်သည်။


အုပ်စုနှစ်ခုလုံးတွင် ၎င်းတို့အားဦးဆောင်လာသော ဂိုဏ်းသခင်အဆင့်ကျင့်ကြံသူတစ်ဦးဆီပါရှိပြီး ထိုသူများသည် ဘေးပတ်ဝန်းကျင်ရှိလူတို့၏မျက်နှာအမူအယာများအားပြောင်းလဲသွားစေလောက်သော နတ်ဘုရားစိတ်ဝိဉာဉ်အဆင့်ရောင်ဝါများအားသိပ်သည်းစွာထုတ်လွှတ်နေ၏။


" ဒီနေ့လေးကမသာယာဘူးလား မိတ်ဆွေတို့ကအစားစားဖို့ရောက်လာကြတာလားခဗျာ..."


ချူချန်းရှန်က တံမြက်စည်းကိုကိုင်ထားရင်း မျက်နှာထားပြောင်းကာ အပြုံးတစ်ခုဖြင့်ထပ်မေးလိုက်သည်။


ကျင့်ကြံသူတစ်ဦးက နှာရှုံ့ကာချူချန်းရှန်အားအေးစက်စက်စိုက်ကြည့်လာသည်။


"အစားစားဖို့ဟုတ်လား ငါကသောက်ကျိုးနဲမလို့ဒီမှာစားရမှာလား အာကာသနတ်သမီးကိုထုတ်ပေးစမ်း မင်းတို့ကများသူ့ကိုပြန်ပေးဆွဲရဲတယ်.... သေချာပေါက်မကောင်းတဲ့ရည်ရွယ်ချက်တွေရှိလို့ပဲမဟုတ်လား..."


ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေ၏ ဂိုဏ်းသခင်အဆင်ကျင့်ကြံသူက အာကာသနတ်သမီးအားကယ်တင်ရန်စိတ်အားထက်သန်နေ၏။ရှေးကတိုက်ပွဲတွင်သူသည်အဖွားမိူအားမကယ်တင်နိုင်ခဲ့ချေ။


ယခုတစ်ခေါက်တွင်မူ အဘွားမို၏အထူးတလည်မျက်နှာသာပေးခြင်းခံရသောတပည့်ဖြစ်သူကဤနေရာ၌ဖမ်းဆီးခံထားရသည်ဟုကြားသိရသဖြင့် ကယ်တင်ဖို့ရာရောက်ရှိလာခဲ့သည်။


ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေ၏လူအုပ်ကပို၍တဲ့တိုးဆန်ပေ၏။


" ငရဲသတ္တဝါကိုထုတ်ပေးစမ်း အဲ့လိုသတ္တဝါကိုကာကွယ်ပေးထားတာ မင်းတို့အကြိမ်တစ်ထောင်သေသင့်တယ်ကွ..."


ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေ၏တပည့်များကတညီတညာတည်းအော်ဟစ်လိုက်ကြသည်။လူအချို့၏မျက်နှာအမူအယာများကမူ မသိမသာပြောင်းလဲသွားကြသည်။


ပုဖန်က သူ၏လက်ပေါ်ရှိရေစက်များကို အဝတ်ဖြူတစ်ထည်ဖြင့်သုတ်နေရင်း မီးဖိုဆောင်အတွင်းမှထွက်လာသည်။သူ၏မျက်နှာအမူအယာက ထုံးစံကဲ့သို့ဗလာသက်သက်ပင်။


သူက စားသောက်ဆိုင်တံခါးဝမှထွက်လာပြီး ခုံတစ်ခုဆွဲကာ သက်သောင့်သက်သာရှိသောအနေအထားဖြစ်အောင်ညှိယူပြီးထိုင်လိုက်သည်။ထို့နောက်လူအုပ်အားတစ်ချက်မျှဖြတ်ခနဲကြည့်ရှုလိုက်ပြီးပြောသည်။


"စားဖို့ရောက်လာတာမဟုတ်ရင် လာရာလမ်းအတမ်းလှည့်ပြန်လိုက်တော့ မဟုတ်ရင်ပြဿနာကောင်အဖြစ်စာရင်းမှတ်ခံရမယ်..."


မီးဖိုချောင်ဝ၌ပျင်းရိစွာရပ်နေသော ဝှိုက်တီကပုဖန်၏စကားကိုကြားသည်နှင့် အနားသို့ချက်ချင်းရောက်ရှိလာပြီး သူ၏စက်ရုပ်သံဖြင့်ပြောလာသည်။


"ပြဿနာကောင်တွေက အခြားသူတွေအတွက်စံနမူနာပြအဖြစ်အဝတ်ချွတ်ခံရမယ်..."


"ချွတ်မယ်တဲ့လား လာလေ လာစမ်းပါ ငါတို့လူအုပ်ကိုမြင်လား အချွတ်ခံရမှာမင်းပဲဖြစ်သွားလိမ့်မယ်ကွ..."


ဂိုဏ်းသခင်အဆင့်ကျင့်ကြံသူ၏မျက်လုံးများမှာနီရဲလာသည်။ထောင်တျဲ့စားသောက်ဆိုင်မှလူများသည်တရားလွန်လာပြီဟုသူခံစားရ၏။


သူတို့ရဲ့နတ်သမီး.ကိုပြန်ခေါ်ချင်တာ ဘယ့်နှယ်လို့သူတို့အမှားဖြစ်သွားရတာလဲ..


မူလကတည်းက သူမ သည် ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေနှင့်သက်ဆိုင်သူတစ်ယောက်ဖြစ်သည်မဟုတ်ပါလား။


ဘလက်ကီနှင့် နယ်သာရီကအတော်လေးတည်တည်ငြိမ်ငြိမ်ရှိနေကြသည်။


သူတို့ကအစားအသောက်ကိုလက်စသတ်ပြီးသည့်အခါ စားသောက်ဆိုင်ရှေ့၌အုံးအုံးကျက်ကျက်လုပ်နေကြသော လူအုပ်ကြီစထံခေါင်းငဲ့ကြည့်လိုက်ကြသည်။ အထူးသဖြင့် ငရဲသတ္တဝါမှန်သမျှသုတ်သင်မည်ဟုကြွေးကြော်နေသောကောင်းကင်ဘုံနွေဦးသန့်စင်မြေမှလူများ...


ခွေးဘုရင်က ၎င်းတို့အားစိတ်ထဲမထားဘဲ သိမြင်လမ်းစဉ်သစ်ပင်ဆီသို့သွားကာတစ်ရေးတစ်မောပြန်အိပ်လေသည်။ပန်းပွင့်လေးကလည်း ခွေးဘုရင်၏ခန္ဓာကိုယ်အားမှီချလိုက်သည်။


နယ်သာရီကမူ သူမလက်ထဲရှိဇီးစိမ်းသီးဖျော်ရည်အားတစ်ငုံသောက်လိုက်ပြီး စားသောက်ဆိုင်အပြင်ဘက်ရှိ ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေမှလူအုပ်အားစိတ်ဝင်တစားကြည့်ရှုနေ၏။


"သတ် သတ် ငရဲသတ္တဝါမှန်သမျှသတ်ပြီး သူတော်စင်အရှင်အတွက်လက်စားချေကြ..."


လူတစ်ယောက်ကအော်ဟစ်လိုက်ပြီး သူ၏လက်ထဲရှိနတ်ဘုရားသတ်လက်နက်အားဝှေ့ယမ်းလိုက်သည်။


ထို့နောက် ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေမှရူးသွယ်နေသောလူအုပ်ကြီးသည် ၎င်းတို့၏လက်နက်များကိုဝှေ့ရမ်းရင်း ထောင်တျဲ့စားသောက်ဆိုင်အတွင်းသို့ကျူးကျော်ရန်ကြိုးစားကြလေသည်။


ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေမှတပည့်များသည်လည်းထိတ်လန့်ကုန်ကြရပြီး နောက်သို့ဆုတ်သွားကြသည်။


ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေကလူတွေကကြောက်ဖို့ကောင်းလိုက်တာ...


ပုဖန်က ထိုင်ခုံမှနေ၍ သတ်မည်ဖြတ်မည်တကဲကဲလုပ်နေကြသောကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေမှလူအုပ်ကြီးအားစိုက်ကြည့်လိုက်ပြီး ဒေါသအရိပ်အယောင်အချို့သူ၏မျက်နှာထက်ဖြတ်ပြေးသွားသည်။


"ကျိုးကြောင်းမသင့်လိုက်တဲ့လူတွေ ဝှိုက်တီချွတ်ပြီးကန်ထုတ်လိုက်..."


ပုဖန်စကားဆုံးသည်နှင့်ဝှိုက်တီ၏ယန္တရားမျက်လုံးများကတောက်ပသွားသည်။


" ပြဿနာကောင်တွေက စံနမူနာအဖြစ်နဲ့ အဝတ်ချွတ်ပြီးကန်ထုတ်ခံရမယ်..."