အပိုင်း ၈၄၂
Viewers 53k

အပိုင်း ၈၄၂

သူတော်စင်အရှင်ရောက်ရှိလာမှု


ပြဿနာကောင်တွေက စံနမူနာအဖြစ်နဲ့ အဝတ်ချွတ်ပြီးကန်ထုတ်ခံရမယ်...


ဤစကားသည် ဝှိုက်တီ၏အမှတ်သညာစကားဖြစ်၏။


နယ်သာရီနှင့်အခြားသူတို့သည် ဝှိုက်တီ၏စကားများအားကြားသောအခါမတတ်သာစွာပြုံးမိသွားကြရသည်။သူတို့ကကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေမှတပည့်များကိုကြည့်၍စိတ်လှုပ်ရှားလာကြသည်။


ဂိုဏ်းသခင်အဆင့်ကျင့်ကြံသူ၏မျက်ဝန်းအတွင်းအေးစက်သောအလင်းတန်းများဖြတ်ပြေးသွားသည်။


ဝှိုက်တီ၏ခန္ဓာကိုယ်ကစတင်ပြောင်းလဲလာသည်။သူ၏ချောမွေ့သောပြင်ပေါ်မှ ဆူးအချွန်များထွက်လာကာ ဝှိုက်တီ၏သွင်ပြင်အားကြောက်မက်ဖွယ်ကောင်းနေစေသည်။


ဝှိုက်တီ၏စက်မျက်လုံးများက ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေတပည့်လက်တွင်းရှိနတ်ဘုရားသတ်လက်နက်ပေါ်ရောက်ရှိသွားသည်။


သို့သော်လည်း၎င်းသည်ဝှိုက်တီအားထိုမျှမဆွဲဆောင်နိုင်တော့ချေ။ဝှိုက်တီယခုတလောဝါးမြိုခဲ့သောနတ်ဘုရားသတ်လက်နက်များနှင့်ယှဉ်ပါက ဤလူ၏လက်ထဲရှိနတ်ဘုရားသတ်လက်နက်မှာအဆင့်မမြင့်လှပေ။


ထို့ကြောင့်ဝှိုက်တီသည်၎င်းတို့၏နတ်ဘုရားသတ်လက်နက်များအားလျစ်လျူရှုလိုက်လေသည်။


ခြေလှမ်းအနည်းငယ်မျှဖြင့်ဝှိုက်တီ၏ခန္ဓာကိုယ်သည်အရိပ်တစ်ခုကဲ့သို့ရွေ့လျားသွားသည်။


အဆင့်မြှင့်ပြီးသည့်နောက်တွင်ဝှိုက်တီသည် နတ်ဘုရားဝိဉာဉ်နယ်ပယ်ကျင့်ကြံသူနှင့်ပင်ယှဉ်ပြိုင်နိုင်သည်ထိစွမ်းအားကြီးလာခဲ့သည်ဖြစ်ရာ ဂိုဏ်းသခင်အဆင့်သည်ကား ဝှိုက်တီအတွက်သွေးပူရုံမျှသာ။


ဒေါသတကြီးဖြစ်နေသောတပည့်အုပ်စုအနက်မှတစ်ယောက်သည်သူ၏လှံရှည်ကိုကိုင်၍ရှေ့သို့တိုးလာသည်။


သူကလှံရှည်ကိုပုဖန်၏နောက်ကျောသို့ချိန်ရွယ်ကာပြေးလာချိန် သူ၏မျက်လုံးအတွင်းအမုန်းတရားမီးများတောက်လောင်နေသည်။

ငရဲသတ္တဝါသုတ်သင်ရာလမ်းကြောင်းကိုပိတ်ဆို့သူမည်သူမဆိုအားကိစ္စတုံးပစ်ရန်ကြံရွယ်ထားသည်ပေ။


ပုဖန်ကသူတို့၏လမ်းကိုတားဆီးသူဖြစ်၍... ပုဖန်သေကိုသေရမည်။


သူ့ခန္ဓာကိုယ်မှထွက်လာသောစူးရှသည့်ရောင်ဝါများကကြည့်ရှုနေသူများကိုတုန်လှုပ်သွားစေနိုင်သည်။


သို့သော်ငြားလည်း လှံရှည်၏ထိပ်ဖျားသည်ပုဖန်အားထိုးမိလုဆဲအချိန်တွင် သစ်ရွက်သဏ္ဍာန်လက်တစ်ခုဆီမှတားဆီးခံလိုက်ရ၏။


ပုဖန်ကနောက်သို့လှည့်၍သူ့အားချောင်းမြောင်းတိုက်ခိုက်ရန်ကြိုးစားသူကိုကြည့်ရှုလိုက်သည်။


ခွမ်...


ဝှိုက်တီ၏မျက်ဆံအတွင်းရှိအနက်ရောင်အစက်အပြောက်များရစ်ဝဲသွားကာ လက်တစ်ချက်ဖိညှစ်ရုံမျှဖြင့် လှံရှည်အားအစိတ်စိတ်အမွှာမွှာချိုးဖျက်ပစ်လိုက်လေသည်။


ဘုန်းး


ရုတ်တရက်ဆိုသလိုကြောက်ခမန်းလိလိအရှိန်အဝါတစ်ခုကအရှိန်အဟုန်ဖြင့်ပေါက်ကွဲထွက်လာပြီး ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေ၏တပည့်အုပ်စုမှာ၎င်းတို့အပေါ်ကျရောက်လာသည့် ပြင်းထန်လွန်းသောဖိအားတစ်ခုကိုခံစားလိုက်ကြရသည်။


လှံရှည်ပိုင်ရှင်တပည့်၏ကိုယ်ပေါ်ရှိအဝတ်များမှာ အပိုင်းအစများဖြင့်တစစီစုတ်ပြဲသွားပြီး လေပေါ်၌ပြန့်ကျဲသွားလေသည်။ထိုတပည့်သည်လည်းခွေခေါက်လျက်ဆိုင်နှင့်ဝေးရာသို့ကန်ထုတ်ခြင်းခံလိုက်ရ၏။


သန့်စင်နယ်မြေတပည့်များသည် အာမေဋိတ်သံများပင်ပြုလုပ်မိသည်အထိထိတ်လန့်ကုန်ကြကာ ဆိုင်ရှေ့နေရာအားမြေကွက်လပ်တစ်ခုကဲ့သို့ရှောင်ကွင်း၍နောက်ဆုတ်သွားကြသည်။


သူတို့က ဝစ်လစ်စလစ်ကန်ထုတ်ခံလိုက်ရသောတပည့်ကိုကြည့်၍ မျက်လုံးများအလိုအလျောက်ပြူးကျယ်ကုန်ကြသည်။


" အတင့်ရဲလိုက်တာ..."


ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေ၏ဂိုဏ်းသခင်အဆင့်ကျင့်ကြံသူကကျယ်လောင်စွာဟိန်းဟောက်လိုက်ပြီး သူ၏ခန္ဓာကိုယ်ထံမှပြင်းထန်သောရောင်ဝါများထုတ်လွဖျတ်လာသည်။


ပုဖန်က ဂိုဏ်းသခင်အဆင့်ကျင့်ကြံသူအား အမူအယာမဲ့စွာလှည့်ကြည့်လိုက်သည်။


"ငါ့နယ်မြေမှာပြဿနာရှာချင်သေးတာလား..."


ပုဖန်ကခေါင်းစောင်းကြည့်လိုက်ကာ သူ၏နှုတ်ခမ်းစွန်းထက်အပြုံးတစ်ခုဖြစ်တည်လာသည်။


ဂိုဏ်းသခင်အဆင့်ကျင့်ကြံသူကဒေါသတကြီး မျက်လုံးလှန်လိုက်ပြီး ကြောက်မက်ဖွယ်စိတ်စွမ်းအင်လှိုင်းလုံးများထုတ်လွှတ်၍ရှေ့သို့ပြေးဝင်လာချေသည်။


ဝှိုက်တီ၏သတ္တုတောင်ပံများကတဂျိဂျိဖြင့်စတင်လှုပ်ခပ်လာပြီး နောက်တစ်ခဏတွင် သူ၏တောင်ပံတစ်စုံဖြန့်ကျက်ထွက်ပေိါလာတော့သည်။


သစ်ရွက်သဏ္ဍာန်သတ္တုလက်တစ်ဖက်ကလေထဲသို့မြောက်တက်လာပြီး ဂိုဏ်းသခင်အဆင့်အကြီးအကဲအားရည်ရွယ်ရိုက်နှက်လိုက်သည်။မမြင်နိုင်သောစိတ်စွမ်းအင်လှိုင်းလုံးကြီးကအရပ်လေးမျက်နှာသို့ပြန့်ကျဲသွားပြီး လူတို့၏စိတ်နှလုံးများအားတုန်ယင်သွားစေသည်။


ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေမှအကြီးအကဲကနောက်သို့ခြေလှမ်းအနည်းငယ်မျှဆုတ်သွားပြီး သူ၏အကြည့်များအတွင်းအကြောက်တရားတို့ထင်ဟပ်နေသည်။ သံရုပ်သေးတစ်ရုပ်ကဤမျှကြောက်မက်ဖွယ်ကောင်းလိမိ့မည်ဟုမည်သူကမျှော်လင့်ထားခဲ့ပါလိမ့်မည်နည်း။


ဘုန်းး


ဝှိုက်တီ၏ယန္တရားမျက်လုံးများကတဖျတ်ဖျတ်လှုပ်ခါသွားသည်။


ခေတ္တအကြာတွင်၎င်း၏ဝမ်းဗိုက်ကရွေ့လျားကာအနက်ရောင်အပေါက်တစ်ပေါက်ဖြစ်ပေါ်လာပြီး ထိုအပေါက်အတွင်းမှ အနုစိတ်ထွင်းထုထားသောမျဉ်းကြောင်းရာများဖြင့်အနီရောင်တုတ်ချောင်းတစ်ချောင်းပေါ်ထွက်လာသည်။


စစ်နတ်ဘုရားတုတ်ချောင်းကိုကိုင်ဆောင်လိုက်သည်နှင့်ဝှိုက်တီ၏အရှိန်အဝါတို့ကစတင်ပြောင်းလဲလာသည်။အနီရောင်တုတ်ချောင်းကသူ၏လက်တွင်းမှအရှိန်ပြင်းပြင်းဖြင့်ပစ်လွှတ်ခံလိုက်ရ၏။


ဂိုဏ်းသခင်အဆင့်ကျင့်ကြံသူကအော်ဟစ်လိုက်ပြီး သူ၏နတ်ဘုရားသုတ်သင်ဓားအားကိုင်မြှောက်လိုက်သည်။နတ်ဘုရားသုတ်သင်ဓားက အရှိန်ပြင်းပြင်းဝင်လာသောစစ်နတ်ဘုရားတုတ်ချောင်းအားခုခံကာဆီးလိုက်နိုင်၏။


၎င်းသည် ကောင်းမွန်သောစွမ်းဆောင်ရည်ရှိသည့်ဓားတစ်ချောင်းဖြစ်ပြီးစစ်နတ်ဘုရားတုတ်ချောင်းအားထိန်းထားနိုင်သည်ပေ။


ကြောက်ခမန်းလိလိအရှိန်အဝါများကပတ်ပတ်လည်လေထုတွင်းပြည့်နှက်နေသည်။


များမကြာမီတွင်ဂိုဏ်းသခင်အဆင့်ကျင့်ကြံသူ၏နှလုံးသားအတွင်းတုန်လှုပ်ခြောက်ခြားမှုကိုခံစားလိုက်ရ၏။


နတ်ဘုရားသတ်တုတ်ချောင်းကား အကန့်အသတ်မရှိသောကြောက်မက်ဖွယ်စွမ်းအင်များထုတ်လွှတ်နေဆဲဖြစ်ပြီး သူဆက်လက်တောင့်ခံထားနိုင်စွမ်းမရှိပြီဖြစ်ရာ နောက်သို့အရှိန်ပြင်းပြင်းလွင့်ထွက်သွားချေတော့သည်။


ဂိုဏ်းသခင်အဆင့်ကျင့်ကြံသူသည် စားသောက်ဆိုင်နှင့်ဝေးရာဆီသို့ပစ်ထုတ်ခြင်းခံခဲ့ရသည်။


သို့သော် နတ်ဘုရားသတ်တုတ်ချောင်းသည် လေထုအလယ်၌ရှေ့သို့ရွေ့လျားနေဆဲဖြစ်ပြီး သစ်ရွက်သဏ္ဍာန်လက်ဖဝါးကမြင့်တက်လာပြီးနောက် အောက်သို့ရိုက်ချလိုက်ချေ၏။


ဂိုဏ်းသခင်အဆင့်ကျင့်ကြံသူကအော်ဟစ်ရင်း လက်မြှောက်ကာဝှိုက်တီ၏တိုက်ခိုက်မှုအားခုခံရန်ကြိုးစားခဲ့သော်လည်း ဝှိုက်တီ၏အနီးကပ်တိုက်ခိုက်မှုစွမ်းရည်မှာသေသပ်လွန်းသည်ဖြစ်ရာ ကျင့်ကြံသူသည်သူ့ကိုယ်သူမကယ်တင်နိုင်ခဲ့ပေ။


ဝှိုက်တီကကျင့်ကြံသူ၏ခန္ဒာကိုယ်အားအားအနည်းငယ်သုံးကာမလိုက်ပြီး မြေပြင်ထက်သို့ပစ်ဆောင့်လိုက်ချေ၏။


ဝှိုက်တီသည်စစ်နတ်ဘုရားတုတ်ချောင်းကိုကိုင်ပြီးဂိုဏ်းသခင်အဆင့်ကျင့်ကြံသူ၏ခါးထက်သို့ဖိထောက်ထားသည်။


"ငါ့ကိုလွှတ်စမ်း မင်းတို့အားလုံးသေသင့်တယ် ငရဲသတ္တဝါတွေကပုန်းကွယ်နဂါးတိုက်ကိုကျူးကျော်နေကြတာ သူတို့ကလူသားမျိုးနွယ်အကြားပျက်စီးမှုတွေပဲယူဆောင်လာလိမ့်မယ် အခုသူတော်စင်အရှင်သေပြီ မင်းတို့ကအဲ့သတ္တဝါတွေကိုကာကွယ်နေသေးတာလား..."


ဂိုဏ်းသခင်အဆင့်ကျင့်ကြံသူကဒေါသတကြီးအော်ဟစ်နေသည်မှာ သူ၏နားထင်သွေးကြောများထိုးထောင်လာသည်အထိဖြစ်သည်။သူကမျက်ဖြူလန်သည်အထိအော်ဟစ်နေသည်။


"ကျောက်ခရမ်းအကြီးအကဲက မင်းတို့ကိုဘယ်တော့မှချမ်းသာပေးမှာမဟုတ်ဘူးကွ..."


"ဝှိုက်တီရေ..."  


ပုဖန်၏နှုတ်ခမ်းစွန်းများကအထက်သို့ကွေးညွတ်နေသည်။


ဘမ်းး


ပုဖန်၏စကားကိုကြားသည်နှင့်ဝှိုက်တီကတုံ့ဆိုင်းမနေဘဲစတင်လှုပ်ရှား၏။


ဂိုဏ်းသခင်အဆင့်ကျင်ကြံသူ၏ခေါင်းမှာမြေပြင်ထက်သို့ပစ်ဆောင့်ခံလိုက်ရလေသည်။လမ်းမပေါ်ရှိကျောက်သားများမှာမာကျောကြမ်းတမ်းပြီး လူတစ်ယောက်၏အသားစိုင်နှင့်ရိုက်ခတ်မိသောအခါ ကျောက်သားလမ်းမအစား ကျင့်ကြံသူ၏မျက်နှာသာကြေမွသွားချေသည်။


လတ်လတ်ဆတ်ဆတ်သွေးများယိုစီးကျလာသည်။


ဂိုဏ်းသခင်အဆင့်ကျင့်ကြံသူသည် ရှုံးနိမ့်မှုကြောင့်သွေးရူးသွေးတမ်းအော်ဟစ်ရင်းအကျောက်အကန်ရုန်းသည်။သို့သော်လည်းဝှိုက်တီမှာသန်မာလွန်းသဖြင့် လက်မအနည်းမျှပင်လွတ်အောင်မရုန်းနိုင်ခဲ့ပါချေ။


ဝှိုက်တီ၏ယန္တရားမျက်လုံးများကလှုပ်ခတ်သွားပြီး သူက ကျင့်ကြံသူ၏ခန္ဓာကိုယ်ပေါ်သို့လက်တင်လိုက်သည်။


ဝှစ်...


လူတိုင်း၏မေးရိုးများကအံ့သြမှုဖြင့်ကျယ်လောင်စွာပွင့်ဟသွားသည်။ဤသံရုပ်သေးရုပ်မှာ ဂိုဏ်းသခင်အဆင့်ကျင့်ကြံသူကိုသော်မျှချမ်းသာမပေးပါချေ။


ဝှစ်...


နောက်ထပ်ဆုတ်ဖြဲသံတစ်ခုထွက်ပေါ်လာပြန်သည်။


ဂိုဏ်းသခင်အဆင့်ကျင့်ကြံသူသည်သူ၏ခန္ဓာကိုယ်အောက်ပိုင်းအားဖြတ်သန်းတိုက်ခတ်သွားသောလေပြေအေးအေးကိုခံစားလိုက်ရလေသည်။


စောင်ရမ်းအေးလွန်းသည်...


" ဘာလဲကွ လွှတ်ပေးစမ်း..."


ဘုန်းးး


ဝှိုက်တီ၏မျက်လုံးများမှာလှုပ်ခတ်သွားပြီး ကျင့်ကြံသူ၏ခေါင်းအားမြေပြင်ထက်သို့နောက်တစ်ကြိမ်အားဖြင့်ရိုက်ချလိုက်သည်။မြေပြင်သည်ပင်တုန်ခါသွားရပြီး သွေးများလည်းအဆက်မပြတ်စီးဆင်းနေတော့၏။


ဒီမြေကဘာလို့ဒီလောက်မာနေရတာလဲ...

ဒီနေရာကတကယ်ကိုစောင်ပြဿနာတစ်ခုခုရှိနေပြီ...


ကျင့်ကြံသူသည်ခုခံလိုသော်လည်းမစွမ်းသာ၍အရှက်တရားဖြင့်ငိုယိုနေရုံသာတတ်နိုင်တော့သည်။


အဆုံးတွင် ဝှိုက်တီ၏စစ်နတ်ဘုရားတုတ်ချောင်းကနောက်တစ်ကြိမ်ဝှေ့ယမ်းသွားပြန်ပြီး သူ၏ခန္ဓာကိုယ်အားလေထဲသို့လှပစွာပင့်မြှောက်ခံလိုက်ရပြီး ဝစ်လစ်စလစ်ဖြင့်မြေပေါ်သို့ပစ်ချခံလိုက်ရလေသည်။


သွေးနီရောင်နှင်းပွင့်များကကောင်းကင်ထက်မှကျဆင်းနေသည်။


ကောင်းကင်ဘုံနွေဦးသန့်နယ်မြေမှတပည့်များသည်ကြောင်အနေကြပြီး ၎င်းတို့၏မျက်ဝန်းများအတွင်းအကြောက်တရားတို့ခိုအောင်းနေကြပြီဖြစ်သည်။


သူတို့၏တောင့်ခဲနေသောလည်ပင်းများကိုကြိုးစားလှည့်၍ပုဖန်နှင့်ဝှိုက်တီအားကြည့်ရှုလိုက်ကြသည်။


တပည့်အုပ်စုကကျောချမ်းလာကြပြီး စစ်နတ်ဘုရားတုတ်အားကိုင်ဆောင်ထားဆဲဝှိုက်တီကိုကြည့်၍လှည့်ပြေးရန်ကြံစည်ကြကုန်၏။


သို့သော်ဝှိုက်တီက လျင်မြန်စွာရွေ့လျားသွားပြီး သူ၏ခန္ဓာကိုယ်ကမျက်စိတစ်မှိတ်အတွင်းထွက်ပြေးရန်ကြံနေသူတို့ရှေ့သို့ရောက်ရှိသွားလေသည်။


ဝှစ်...


အဝတ်ပြဲအပိုင်းစများကလေထဲသို့နေရာအနှံ့ပြန့်ကျဲသွားသည်။


မြေပြင်ထက်တွင်လည်းအဝတ်ပြဲစများဖြင့်ဖုံးလွှမ်းနေပေသည်။


တပည့်များကကျယ်လောင်စွာအော်ဟစ်ငိုယိုကြသည်။အကြောက်တရားနှင့်အရှက်တရားက မျက်ရည်မိုးလှိုင်လှိုင်သွန်းဖြိုးစေပြီး မြေပြင်အားစိုစွတ်စေခဲ့သည်...


ဝစ်လစ်စလစ်ခန္ဓာကိုယ်တစ်ခုအပေါ်အခြားခန္ဓာတစ်ခု ထပ်ရင်း ထပ်ရင်းဖြင့် လူသားတောင်ပို့ကြီးတစ်ခုဖြစ်ပေါ်လာတော့သည်။


ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေမှလူများသည် အဖြစ်အပျက်အားကြည့်နေရင်း ၎င်းတို့၏ပါးစပ်အတွင်းမှအဖြူရောင်အခိုးအငွေ့များပါထွက်လာလုမတတ်ပင်။ ထို့နောက် ပွင့်ဟနေသောမေးရိုးများကိုအသာပိတ်ကာတံတွေးမျိုချရင်းမတတ်သာစွာဘဲ ပထမဦးစွာရန်စမိသူမှာသူတို့မဟုတ်သဖြင့်အတော်ကံကောင်းလှပေသည်ဟုတွေးတောနေမိကြချေ၏။


ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေမှ ဂိုဏ်းသခင်အဆင့် ကျင့်ကြံသူသည်လည်း ကြောင်အသောအမူအယာကိုဆင်မြန်းထားသည်။


ဘုရားရေ သူတို့အကုန်အချွတ်ခံထားရတာပဲ...


သူတို့သန့်စင်နယ်မြေကလူတွေကတော့ဟောင်ဖွာဟောင်ဖွာပဲလုပ်ခဲ့ကြပြီး ဘယ်သူမှအရင်ရန်စပြဿနာမရှာခဲ့တာကံကောင်းပါရဲ့...


ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေ၏ကျင့်ကြံသူသည် သူ့အောက်မနိမ့်ကျမည်မှာသေချာသည့်တိုင် ခုခံနိုင်ခြင်းပင်မရှိသေလုမျောပါးရိုက်နှက်ခံခဲ့ရသည့်အပြင်..ဝတ်လစ်စလစ်ဖြစ်သည်ထိချွတ်ခံခဲ့ရသည်ပေ။ ကျင့်ကြံသူ၏အမူအယာကိုကြည့်ခြင်းဖြင့်ထိုအချင်းအရာသည် ကြောက်မက်ဖွယ်အတွေ့အကြုံတစ်ခုဖြစ်ခဲ့လိမ့်မည်ဟုအတပ်သိနိုင်ပေ၏။


ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေ၏ ဂိုဏ်းသခင်အဆင့်ကျင့်ကြံသူမှာ အသွေးထဲအသားထဲမှတုန်လှုပ်ခြောက်ခြားသွားမိလေသည်။


သူသာလျှင်မက ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေမှအခြားသောကျင့်ကြံသူအားလုံးသည်လည်းထပ်တူခံစားလိုက်ရပေ၏။


 အမျိုးသားကျင့်ကြံသူများပင် ဤသို့သောကြောက်မက်ဖွယ်ရာအတွေ့အကြုံကိုရင်မဆိုင်နိုင်သည်ဖြစ်ရာ... သူတို့၏ အာကာသနတ်သမီးခဗျာရောမည်သို့သောကိစ္စရပ်များကိုကြုံတွေ့နေရလိမ့်မည်နည်း။ ဤသို့လူများအားအဝတ်ချွတ်ရသည်ကိုကြိုက်နှစ်သက်သောဆိုင်ရှင်ထံတွင်ဓားစာခံတစ်ယောက်အဖြစ်နှင့်...


မဖြစ်ဘူး... အန္တရာယ်များလွန်းတယ်...


သူတို့ဂိုဏ်းကိုအလျင်အမြန်ပြန်၍ သူတော်စင်အရှင်အား အာကာသနတ်သမီးကိုကယ်တင်ပေးရန်အကြောင်းကြားမှဖြစ်ချေမည်။


သူတို့ချည်းသပ်သပ်နှင့် သူတော်စင်နတ်သမီးအားကယ်တင်နိုင်မည့်လမ်းမမြင်သည့်အတွက်အလျင်စလိုမပြုမူဝံ့တော့ပါချေ။


ဝှိုက်တီက နတ်ဘုရားသတ်လက်နက်များအားတစ်ခုပြီးတစ်ခုလိုက်လံစုစည်းသည်။ ထို့နောက်သူ၏ဝမ်းဗိုက်တွင်အနက်ရောက်အပေါက်ကြီးထပ်မံဖြစ်ပေိါလာပြီး နတ်ဘုရားသတ်လက်နက်အားလုံးကိုစုပ်ယူသွားလေ၏။


တဂျွမ်းဂျွမ်းကြိတ်ချေသံများက နားဆင်မိသူတိုင်းအားကျိန်းတက်သွားစေလောက်သည်။


ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေမှတပည့်များကကြောက်လန့်တုန်ရီနေကြပြီး အရေးကြီးအစိတ်အပိုင်းများအားဖုံးအုပ်လျက်မြေပြင်မှကုန်းရုန်းထလာကြသည်။ထိုသံရုပ်သေးရုပ်သည်ကား လူများအားအဝတ်ချွတ်ရသည်ကိုနှစ်သက်ရုံမျှမက လက်နက်များကိုပင်ဝါးစားနေသည်လော။


ဘယ်လိုများ ဒီလောက်ကျိုးကြောင်းမဆီလျော်တဲ့ဖြစ်တည်မှုမျိုးလောကကြီးမှာရှိနေရတာလဲ...


"ငရဲသတ္တဝါတွေကိုကာကွယ်ပေးတဲ့အတွက် မင်းတို့အနှေးနဲ့အမြဲနောင်တရစေရမယ်..."


ဂိုဏ်းသခင်အဆင့်ကျင့်ကြံသူကမလျှော့သေးဘဲအော်ဟစ်လိုက်သည်။


သို့သော် မကြာမီသူ၏ပါးစပ်ကိုပိတ်လိုက်ရ၏။


စစ်နတ်ဘုရားတုတ်ချောင်းကသူ၏မျက်နှာရှေ့သို့ရောက်ရှိလာသည့်အတွက် လေပြင်းဟပ်သွားပြီး ချွေးပေါက်များကျုံ့သွားခြင်းကိုပင်ခံစားလိုက်ရပေသည်။


ဝှစ်ဝှစ်..


ပုဖန်ကိုတ်ုက်ခိုက်ရန်ကြိုးစားခဲ့သည့်တပည့်၏လက်နှစ်ဖက်လုံးသည်စစ်နတ်ဘုရားတတ်ချောင်းဖြင့်သွေးသဲတရဲရဲရိုက်ချိုးခံလိုက်ရသည်။


အပြစ်ပေးပြီးသည့်နောက်တွင် ပုဖန်သည်သူ၏လက်အားခါယမ်းလိုက်သည်။


စီးပွားရေးဆက်လက်ပြုလုပ်ရဦးမည်ဖြစ်ပြီး ဆိုင်ရှေ့ရှိဝတ်လစ်စလစ်လူအုပ်ကြီးသည် စားသုံးသူများအားအနှောင့်အယှက်ဖြ၀်စေလိမ့်မည်။


တဝ်ဖက်လူအားအနိုင်မယူနိုင်သဖြင့် ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေ၏ တပည့်များသည်အလွန်မချင့်မရဲဖြစ်နေကြလေသည်။


စားသောက်ဆိုင်နှင့်ဝေးရာသို့သုတ်ခြေတင်ထွက်ပြေးမသွားခင်၌ အငြိုးအတေးထားသောအကြည့်များဖြင့်စိုက်ကြည့်သွားကြသေး၏။


ထိုအရှုပ်များထွက်ခွာသွားသည့်နောက်ပုဖန်ကဆိုင်တွင်းသို့လှည့်ဝင်ရန်ဟန်ပြင်လိုက်သည်။သို့သော်မဝင်ခင်၌ ဆိုင်ရှေ့တွင်ကြောင်အစွာရပ်နေကြဆဲဖြစ်သောကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေမှတပည့်များအားတစ်ချက်ကြည့်လိုက်သည်။


၎င်းတို့မှာအကြောက်တရားဖြင့်တုန်ယင်သွားကြ၏။


ဘာလဲ ငါတို့ကိုပါချွတ်ချင်နေတာလားမင်း...


 ထိုအချိန်၌ အေးခဲသောလေအဝှေ့နှင့်အတူ နှင်းချပ်များလွင့်ပါလာသည်။


နှင်းများကယခုနကထက်ထူထဲစွာကျဆင်းလာကြပြီး နှင်းမုန်တိုင်းပြန်လည်စတင်တော့မည့်အရိပ်အယောင်များဖြစ်ပေါ်လာ၏။


ပုဖန်ကဆိုင်ထဲသို့ဝင်ချင်ပြီဖြစ်သော်လည်းတောင့်ခဲစွာရပ်နေမိသည်။နှင်းတောအတွင်း၌ သူ့ထံသို့လျှောက်လှမ်းလာသောအရိပ်တစ်ခုအားတွေ့မြင်နေရ၏။


ထိုပုံရိပ်၏ဝတ်ရုံလက်များကလေနှင့်လူးလွန့်နေပြီး သူ၏ခန္ဓာကိုယ်မှလည်းရောင်ခြည်တန်းများကွန့်မြူးနေလေသည်။


သူ၏ပတ်ပတ်လည်၌မမြင်နိုင်သောအရံအတားတစ်ခုရှိဟန်တူပြီး နှင်းချပ်များကသူ၏ခန္ဓာကိုယ်အားမထိပဲမြေပြင်ပေါ်သို့သက်ဆင်းသွားကြသည်။ထိုသူကားနှင်းတောတွင်း၌ဖြေးညှင်းစွာရွေ့လျားနေပြီး မည်သည့်ခြေရာမျှလည်းမကျန်ရစ်ပေ။


ထိုပုံရိပ်၏မျက်လုံးအတွင်း၌ထောင်သောင်းများစွာသောကြယ်စင်စုများကိုသယ်ဆောင်ထားသကဲ့သို့ရှိပြီး ၎င်းအလင်းတန်းများသည်လူတို့အားဆွဲငင်ညှို့ယူနိုင်လောက်သောစွမ်းပကားရှိချေသည်။


" အဲဒါသူတော်စင်အရှင်ပဲ..."


"သူတော်စင်အရှင်က အာကာသနတ်သမီးကိုကယ်တင်ဖို့လာခဲ့တာပဲနေမယ်..."


"သူတော်စင်အရှင်... နောက်ဆုံးတော့ သူတော်စင်နတ်သမီးဒီနတ်ဆိုးရဲ့အချုပ်အနှောင်ကနေလွတ်မြောက်နိုင်တော့မယ်..."


ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေရှိတပည့်များကရွှင်မြူးကာ စိတ်လှုပ်ရှားလာကြသည်။


မြင့်မြတ်သူတော်စင်နှင့် သူတော်စင်အရှင်တို့မှာ သူတို့သန့်စင်နယ်မြေ၏အားထားရာအထွဋ်အမြတ်များဖြစ်ပြီး မြင့်မြတ်သူတော်စင်၏ကျင့်ကြံဆင့်မှာ တော်ဝင်ခုံရုံး၌ထိပ်ဆုံးချိတ်သည်။ထို့အတူ သူတော်စင်အရှင်သည်လည်းပဲအားနည်းမနေပါချေ။


ဂိုဏ်း၏အားထားထိုက်သောပုဂ္ဂိုလ်ရောက်ရှိလာချိန် တပည့်အားလုံးစိတ်သက်သာရာရသွားလေသည်။


ရူးနေတဲ့အဝတ်ချွတ်နတ်ဆိုးလား...


ဟမ့်...သူတော်စင်အရှင်ရဲ့ရှေ့မှာလူတွေကိုအဝတ်ချွတ်ရဲလားကြည့်မယ်လေ... သံရုပ်သေးရုပ်မင်းတော့သေနေ့စေ့ပြီပဲ...


သူတော်စင်အရှင်၏ရှေ့တွင် မြင့်မြတ်သူတော်စင်မှလွဲ၍ အခြားသောဖြစ်တည်မှုများမှာအမှိုက်မျှသာ။


ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေ၏သူတော်စင်အရှင် မိုထျန်းကျီသည် နှင်းထုအားဖြတ်သန်းလာရင်း အဆုံး၌စားသောက်ဆိုင်ရှေ့သို့ရောက်ရှိလာချေ၏။


သူတော်စင်အရှင်မိုထျန်းကျီ၏ ခံစားချက်ကင်းမဲ့သောမျက်နှာက ပုဖန်အားကြည့်ရှုလာသည်။


ပုဖန်ကလည်းဗလာသက်သက်အကြည့်များဖြင့်မိုထျန်းကျီအားပြန်လည်စိုက်ကြည့်လာ၏။


ထိုခဏတွင် ပတ်ဝန်းကျင်သည် တိတ်ဆိတ်ခြင်းအဖြစ်သို့ရောက်ရှိသွားချေသည်။