အပိုင်း ၈၄၃
Viewers 62k

အပိုင်း ၈၄၃ 

 မနက်ဖြန်ထပ်လာမေးမယ်


ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေ...


ကျောက်ခရမ်းအကြီးအကဲက တောက်ပသောယစ်ပလ္လင်တစ်ခု၏ရှေ့တွင် လက်နောက်ပစ်လျက်ရပ်နေသည်။သူ၏ခရမ်းရောင်ဆံနွယ်များကပါးလွှာသောအပ်ချောင်းများအလား လေထဲ၌ဝဲလွင့်နေသည်။


သူ၏ဆံနွယ်တစ်ပင်ချင်းစီသည်ကောင်းကင်နှင့်မြေကြီးအားထက်ခြမ်းခွဲပစ်မည့်ဓားရှည်တစ်ချောင်းစီကဲ့သို့ထက်ရှသည်။သူ၏မဟူရာမျက်ဝန်းများသည် ဖြစ်တည်မှုမှန်သမျှအားဝါးမြိုစားသုံးမည့်တွင်းနက်နှဝ်ခုအလားနက်ရှိုင်းနေ၏။


ကျောက်ခရမ်းအကြီးအကဲက အရပ်ရှည်ကာတောင့်တင်းပြီး သူ၏ကြွက်သားများသည်ဝတ်ရုံအောက်မှပေါက်ကွဲထွက်လာတော့မယောင်တင်းကြပ်စွာပေါ်လွင်နေ၏။


ထိုသူသည်မြွေတစ်ကောင်ကဲ့သို့ နှာခေါင်းနှစ်ဖက်အားရှုံတွ၍အဖြူရောင်အခိုးအငွေ့တန်းတို့ကိုစုပ်ယူလိုက်သည်။


လှပသောအမျိုးသမီးတစ်ဦးယဇ်ပလ္လင်အနီးနား၌ပေါ်ထွက်လာပြီး သူမက ကျောက်ခရမ်းအကြီးအကဲအားရှုပ်ထွေးနေသောအမူအယာဖြင့်ကြည့်လေသည်။သူမ၏မျက်ဝန်းတစ်စုံအတွင်း၌ဝမ်းနည်းပူဆွေးမှုတို့ကိန်းဝပ်နေပါ၏။


"ကျောက်ခရမ်းအကြီးအကဲ ရှင်တကယ်ပဲဒါကိုလုပ်ချင်တာလား..."


အမျိုးသမီးသည် လှပကျော့ရှင်းကာတင့်တယ်သည်။သူမ၏ဟန်ပန်ကတည်ငြိမ်နေသော်ငြား မျက်ဝန်းများအတွင်းရှိဝမ်းနည်းရိပ်ကိုမူဖုံးကွယ်မရချေ။


ပြင်းထန်စွာတိုက်ခတ်နေသောလေပြင်းအားမျက်နှာမူလျက်ရပ်နေသည့် ကျောက်ခရမ်းအကြီးအကဲ၏ပုံရိပ်သည်အထီးကျန်ဆန်နေသည့်အလားရှိသည်။


သူက တစ်ဖက်သို့လှည့်၍အမျိုးသမီးအားကြည့်ရင်း ငြင်သာစွာသက်ပြင်းချလိုက်သော်လည်း ထွက်လေသည်ဓားတစ်လက်အလားလေထုအားခွဲခြမ်းသွားသည်။


"ငါ့မှာရွေးချယ်စရာမရှိဘူး..." 


ကျောက်ခရမ်းအကြီးအကဲ၏မျက်နှာထက်နာကျင်သောအရိပ်အယောင်တို့ထင်ဟပ်သွား၏။သို့သော် ချက်ချင်းဆိုသလိုသူ၏စိတ်အစဉ်အားပြန်လည်စုစည်းလိုက်ပြီး မျက်ဝန်းများကတောက်ပလာသည်။


ကျောက်ခရမ်းအကြီးအကဲ၏အကြည့်များက မိန်းမလှအပေါ်သို့သက်ဆင်းသွားသည်။


ထိုအခါအမျိုးသမီးက မယုံကြည်နိုင်စွာဖြင့်သူမခေါင်းအားခါယမ်းလိုက်လေသည်။


" မင်းစိတ်ပူနေစရာမလိုပါဘူး ငါ့ကိုပဲကူညီပေး ဟုတ်ပြီလား..."


ပြောရင်းဖြင့် ကျောက်ခရမ်းအကြီးအကဲက ယဇ်ပလ္လင်ထက်မှခုန်ချလိုက်ပြီး သူမနံဘေးသို့ရုတ်ချည်းဆိုသလိုရောက်ရှိလာကာ သူမ၏မျက်နှာအားတယုတယထိတွေ့လိုက်သည်။


" ဘာလို့များအဲဒီလိုလုပ်ခဲ့ရတာလဲ ဘယ်လိုလုပ်ပြီးရှင့်ကိုကျွန်မထောက်ခံပေးနိုင်မှာလဲ ရှင် မြင့်မြတ်သူတော်စင်အရှင်ကိုသတ်ခဲ့တယ်..."


မိန်းမလှလေး၏ခန္ဓာကိုယ်ကကြောက်အားကြီးစွာဖြင့်တုန်ရီနေပြီး သူမ၏မျက်ဝန်းများအတွင်းကြောက်ရွံ့မှုတို့ထင်ဟပ်နေသည်။


ကျောက်ခရမ်းအကြီးအကဲ၏မျက်ဝန်းများက အေးစက်နက်ရှိုင်းနေသည်။သူက အမျိုးသမီးအားငြင်သာစွာဆွဲယူပွေ့ဖက်လိုက်ကာ သူ၏ပခုံးပေါ်သို့သူမ၏ခေါင်းအားမှီတင်စေလိုက်သည်။


" ကိုယ့်မှာအဲဒီလိုလုပ်ရမယ့်အကြောင်းပြချက်တွေတပုံကြီးပဲ ကိုယ့်ကိုယုံပေးပါ ကိုယ်မင်းနဲ့ဇီယွင်ကိုလှပတဲ့အနာဂါတ်တစ်ခုပေးချင်တယ်..."


ထို့နောက်ခေတ္တရပ်တန့်သွားကာ ထပ်လောင်းပြောလာသည်။


" ကိုယ်မြင့်မြတ်သူတော်စင်ကိုလည်းမသတ်ခဲ့ဘူး ကိုယ့်ကျင့်ကြံဆင့်နဲ့သူ့ကိုဘယ်လိုလုပ်သတ်နိုင်မှာလဲ..."


ဘုန်း ဘုန်း...


တောက်ပသောယဇ်ပလ္လင်အထက်မှလေဟာနယ်ကစတင်၍တွန့်လိမ်လာသည်။


မိန်းမလှလေးက ကြောက်ရွံ့စွာမော့ကြည့်လိုက်၏။


" အိမ်ပြန်တော့ မင်းကိုယ့်ကိုယုံပေးဖို့လိုတယ် မင်းနဲ့ ဇီယွင်ကိုအထိခိုက်မခံနိုင်ဘူး..."


ကျောက်ခရမ်းအကြီးအကဲက အမျိုးသမီး၏ပခုံးအားဖွဖွဆုပ်ကိုင်၍လေးနက်စွာပြောလိုက်သည်။ထို့နောက်ယဇ်ပလ္လင်ရှိရာသို့ နေရာရွှေ့ပြောင်းအစီအရင်ဖြင့်ထွက်ခွာသွားတော့သည်။


ယဇ်ပလ္လင်ထက်ရှိ ရှင်းလင်းနေသောလေဟာနယ်တွက် အက်ကွဲကြောင်းတစ်ခုဖြစ်ပေါ်လာသည်။ထို့နောက် ထိုအက်ကွဲရာကပိုမိုကြီးမားလာကာ အတွင်းမှအနက်ရောင်အခိုးငွေ့များရုတ်ချည်းထွက်ပေါ်လာချေ၏။


ဘုန်း ဘုန်း...


၎င်းသည်ငရဲစွမ်းအင်ဖြစ်ချေသည်။


အင်မတန်သိပ်သည်းသောငရဲစွမ်းအင်များ...


ထိုအနက်ရောင်အခိုးအငွေ့များသည်တလိပ်လိပ်မြင့်တက်လာပြီး ကြီးမားသောမျက်နှာသဏ္ဍာန်တစ်ခုအဖြစ်ပေါင်းစည်းသွားသည်။ထိုမျက်နှာသည် ချွန်မြသောအစွယ်တို့နှင့်နဖူးထက်တွင်ဦးချိုများပါရှိသည့် ကြောက်မက်ဖွယ်နတ်ဆိုးတစ်ကောင်၏မျက်နှာဖြစ်လေသည်။အနက်ရောင်အငွေ့များက ပြင်းထန်သောအရှိန်အဝါကြောင့်တုန်ခါနေသောလေထုအတွင်းရစ်ဝဲနေပြီး ခြုံငုံကြည့်ပါကကြောက်မက်ဖွယ်အတိပြီးသောမြင်ကွင်းတစ်ခုပါပေ။


ကျောက်ခရမ်းအကြီးအကဲက ၎င်းအရှိအဝါအောက်၌အခိုက်အတန့်မျှတုန်လှုပ်သွားမိသွားသော်ငြား ချုပ်တည်း၍မော့ကြည့်လိုက်လေသည်။


နတ်ဆိုးမျက်နှာကြီးသည် ကျောက်ခရမ်းအကြီးအကဲအားခေတ္တမျှကြည့်ရှုနေပြီးနောက် မနှစ်မြို့ဖွယ်အသံဖြင့်စူးစူးဝါးဝါးအော်ရယ်လာသည်။


" ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေရဲ့ ကျောက်ခရမ်းအကြီးအကဲပါလား ကောင်းကောင်းပြင်ဆင်ထားပုံပဲ လာလေရော့..."


.....


အစားကြူးတောင်ကြား...


သွေးမြူနှင်းများကပိုမိုသိပ်သည်းစွာကျဆင်းလာသည်။ပြင်းထန်စွာဖြတ်သန်းတိုက်ခတ်သောလေအေးတို့က နှင်းမုန်တိုင်းကိုအားဖြည့်ပေးနေ၏။


ထောင်တျဲ့စားသောက်ဆိုင်ရှေ့၌ ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေမှတပည့်တို့သည် ဆိုင်ရှေ့တွင်လက်နောက်ပစ်လျက်မတ်တပ်ရပ်နေသော သူတော်စင်အရှင်အားကြည့်၍စိတ်လှုပ်ရှားနေကြသည်။


သူတော်စင်အရှင် ၏ခန္ဓာကိုယ်မှဆန်းကြယ်သောရောင်ဝါတို့ကိုထုတ်လွှတ်နေပြီး သူ၏အသားအရည်အား ကျောက်စိမ်းကဲ့သို့ကြည်လင်တောက်ပနေစေသည်။


ထိုသို့သိပ်သည်းသောရောင်ဝါများထုတ်လွှတ်နေစဉ် ပုဖန်ကိုလည်းမလွတ်တမ်းမြဲမြံစွာကြည့်ရှုနေ၏။


စောင့်ကြည့်နေသူများက သူတို့၏နှလုံးသားအားလေးလံလာစေသောပြင်းထန်သည့်အရှန်အဝါများကြောင့် အသက်အောင့်နိုင်သမျှအောင့်ထားလိုက်မိကြလေသည်။


ကြောက်ခမန်းလိလိပါတကား...


ပုဖန်ကမူ အမူအယာမဲ့လျက်သာပြန်စိုက်ကြည့်နေ၏။


အချိန်အတော်တန်ကြာတစ်ဦးကိုယ်တစ်ဦးစိုက်ကြည့်အပြီးတွင် သူတော်စင်အရှင်မိုထျန်းကျီ၏အကြည့်တို့ပြောင်းလဲသွားကာ သူ၏နှုတ်ခမ်းထက်အပြုံးတစ်ခုထင်ဟပ်လာသည်။


ထိုအခိုက်အတန့်၌ လောကကြီးအားတောက်ပမှုတို့ရောင်ပြန်ဟပ်သွားသည့်အလားပင်။


" အဘွားမိုရဲ့အသိအမှတ်ပြုမှုနဲ့ထိုက်တန်ပါပေတယ် တကယ်ကိုထူးခြားတယ် ငါ့ကိုကြောက်လန့်မှုမရှိမျက်နှာချင်းဆိုင်ရဲတာပဲ လူငယ်လေးမင်းဆီမှာတစ်စုံတစ်ခုရှိနေတာအမှန်ပါပဲလား..."


မိုထျန်းကျီကအပြုံးတစ်ခုဖြင့်ဆိုသည်။


" စားသောက်ဆိုင်လည်းဖွင့်ပြီဆိုမှတော့ ငါဝင်လာလို့ရနိုင်မလား..."


မည်သို့ပင်ဖြစ်စေ သူကမေးခွန်းမဆုံးခင်တွင်ပဲ ဆိုင်အတွင်းသို့ခြေချနှင့်ပြီးဖြစ်လေသည်။


ချူချန်းရှန်က သတိကပ်သွားပြီး မိုထျန်းကျီအတွက်အလျင်အမြန်လမ်းရှင်းပေးလိုက်ရသည်။


ချူချန်းရှန်သည် နတ်ဘုရားမီးတောက်တစ်ခုပိုင်ဆိုင်ပြီးဖြစ်သည့်တိုင် မိုထျန်းကျီ၏ရှေ့မှောက်တွင်မူ ထည်ဝါသောတောင်တစ်တစ်အားမျက်နှာချင်းဆိုင်နေသကဲ့သို့ခံစားရစေသည်။သူ၏ နတ်ဘုရားမီးတောက်လေးပင် တဖျတ်ဖျတ်မီးစာမငြိမ်ဖြစ်နေသကဲ့သို့ပါပေ။


ဤကောင်းကင်ဘုံလျှို့ဝှက်သန့်စင်သူတော်စင်သည် ပိုမိုသန်မာလာဟန်တူသည်။ထိုသူထံမှထွက်ပေါ်လာသောရောင်ဝါများကား ကြောက်မက်ဖွယ်အားကောင်းပေသည်။


ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေမှတပည့်များမှာ အံ့အားသင့်နေကြရသည်။ဤကဲ့သို့အခြေအနေအလှည့်အပြောင်းမျိုးအား၎င်းတို့မမျှော်လင့်ထားခဲ့မိချေ။သူတော်စင်အရှင်က သူတော်စင်နတ်သမီးအားပြန်ခေါ်သွားမည့်အကြောင်းစကားပင်မစချေ။ထိုအစားသူက ပုဖန်၏ဆိုင်၌တစ်နပ်စားရန်ပင်ရည်ရွယ်နေသေးသည်လော။


သူတော်စင်အရှင် ... ဘယ်တုန်းကမျှဤသို့မပြုမူဘူးပါချေ။


ပုဖန်က မိုထျန်းကျီအား သံသယအကြည့်များဖြင့်အကဲခတ်လိုက်သည်။သူထင်ထားခဲ့သည်မှာ ဤလူသည်လည်းပြဿနာလာရှာသည်ဟု.. 


မဟုတ်ဘူးလား... တကယ်ထမင်းလာစားတာလား...


ထိုသူကတကယ်ပဲစားသောက်ရန်ရည်ရွယ်ချက်သာရှိသည်ဆိုပါကပြဿနာမရှိပေ။မည်သို့ပင်ဖြစ်စေ ဆိုင်ဖွင့်ချိန်မဟုတ်ပါလား။


" ဝင်လာပြီးထိုင်ပါ ဟင်းလျာစာရင်းကိုကြည့်ပြီး သုံးဆောင်ချင်တဲ့အစားအသောက်ကို စားပွဲထိုးကိုမှာကြားပေးပါ..."


ပုဖန်ကလိုရင်းတိုရှင်းပြော၍မီးဖိုချောင်အတွင်းသို့လှည့်ဝင်သွားတော့သည်။


မိုထျန်းကျီသည် သူ၏သွင်ပြင်အားတောက်ပစင်ကြယ်နေစေသောအဖြူရောင်ဝတ်ရုံအားဝတ်ဆင်ထားသည်။သူကစားပွဲထက်တွင်နေရာယူလိုက်၏။


များစွာသောကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေမှတပည့်များက မိုထျန်းကျီနောက်မှလိုက်၍ဆိုင်တွင်းသို့ဝင်ထိုင်လိုက်ကြသည်။စားပွဲမလုံလောက်ခြင်းကြောင့်အချို့တပည့်များကတံခါးဝတွင်ရပ်ကျန်ရစ်ခဲ့ရလေသည်။၎င်းတို့အားလုံးသည် သူတော်စင်အရှင်က အာကာသ နတ်သမီးအားမုချပြန်လည်ခေါ်ဆောင်လာပေးလိမ့်မည်ဟုယုံကြည်နေကြသည်ပေ။


သူတော်စင်အရှင်ကငြင်သာသောအပြုံးတစ်ခုကိုဆင်မြန်းထားရင်း သူ၏ဟန်ပန်မှာစိုးစဉ်းမျှပင်အလျင်လိုနေပုံမပေါ်ချေ။


စားသောက်ဖွယ်ရာစာရင်းအား ခေတ္တမျှကြည့်ရှုလိုက်ပြီးနောက် နတ်မင်းဆွေ့ဆွေ့ခုန် အားရွေးချယ်လိုက်လေသည်။ထို့နောက်ငြိမ်သက်တိတ်ဆိတ်စွာဖြင့် ဆိုင်အတွင်းပိုင်းအပြင်အဆင်အားဟိုဟိုသည်သည်ကြည့်ရှုနေပေသည်။


 

ထိုင်ခုံနေရာရသော တပည့်အုပ်စုကြီးသည်လည်း မိုထျန်းကျီမှာယူသောဟင်းပွဲကိုသာအလွယ်လိုက်၍မှာယူကြကုန်၏။


ချူချန်းရှန်အူမြူးသွားသည်။ယနေ့စီးပွားရေးကအတော်ကောင်းကောင်းမွန်မွန်လည်ပတ်နေပါတကား။


ခေတ္တကြာသော် ချူချန်းရှန်က ပုဖန်ထံသို့ အမှာစာရင်းများအားသွားရောက်ပြောကြားပေးသည်။


မီးဖိုဆောင်အတွင်း၌ပုဖန်က ရွှေနဂါးရိုးဓားကိုကိုင်ဆောင်ထားကာ ဓားဆီမှ ခပ်အုပ်အုပ်နဂါးဟိန်းသံတစ်သံပဲ့တင်ထပ်လာပြီးနောက် ဟင်းပွဲအတွက်ပါဝင်ပစ္စည်းများအားစတင်လှီးချွတ်တော့သည်။


ဒုတ်ဒုတ်ဒုတ်ဒုတ်...


မီးဖိုချောင်သုံးဓားကပျံသန်းမတတ် ရွေ့လျားနေပြီး မကြာလိုက်ခင်တွင်ပဲ ကြွေပန်းကန်များပေါ်၌ပါဝင်ပစ္စည်းများအစီအရီရောက်ရှိလာသည်။


ခေတ္တအကြာ မီးဖိုချောင်အတွင်းမှနှစ်လိုဖွယ်ရနံများလှိုင်လှိုင်ပျံ့လွင့်လာလေသည်။


စွဲမက်ဖွယ်ကောင်းသောရနံ့သည် နွေးထွေးသောလေထုထဲသို့စိမ့်ဝင်သွားကာ ရှုရှိုက်မိသူတိုင်းအားညှို့ယူဖမ်းစားသွားသည်။


စားသောက်ဆိုင်ပြင်ပ၌ရုတ်ရုတ်သဲသဲအသံများထွက်ပေါ်လာပြီး ခေတ္တအကြာ ငရဲဘုရင်သည်ခရမ်းရောင်ဝတ်စုံဆင်မြန်းထားသောအမျိုးသမီးတစ်ဦးနှင့်ဆိုင်တွင်းသို့ဝင်လာ၏။


မိုထျန်းကျီ၏အကြည့်တို့က အမျိုးသမီးအပေါ်နက်ရှိုင်းစွာသက်ဆင်းသွားသည်။


"အိုး ကျောက်ခရမ်းအကြီးအကဲရဲ့သမီးပါလား..."


မိုထျန်းကျီကတည်ငြိမ်စွာပြောရင်းအကဲခတ်နေသည်။


ငရဲဘုရင်အာဟကမျက်မှောင်ကျုံ့လိုက်သည်။ယနေ့စားသောက်ဆိုင်အတွင်းဤမျှစည်ကားကာ စီးပွားရွှင်နေမည်ဟုမမျှော်လင့်ထားခဲ့ချေ။လေထုသည်လည်းကိုးရို့ကားယားဖြင့်နေရခက်လျက်ရှိသည်။


သူလှည့်ပတ်ကြည့်ရှုလိုက်သောအခါ မိုထျန်းကျီအနီးတစ်ဝိုက်ရှိထိုင်ခုံများသာအားလပ်သည်ကိုမြင်တွေ့လိုက်ရသည်။


ငရဲဘုရင်အာဟက တွေဝေမနေဘဲခုံတစ်ခုံဆွဲ၍ဝင်ထိုင်လိုက်ပေသည်။


" ယို မင်းကသူ့ကိုသိတယ်လား သူကငါ့အခြွေအရံလေ..."  


ငရဲဘုရင်အာဟကပါးပေါ်လက်ထောက်ကာပြောလိုက်သည်။


ထို့နောက်သူကအစပ်ချောင်းတစ်ချောင်းထုတ်၍ပါးစပ်ထဲသို့ထည့်လိုက်သည်။လက်တလောတွင်သူ့ထံအစပ်ချောင်းများလုံလောက်စွာရှိနေပြီး ယခုထိုအချင်းအရာကိုလက်တွေ့ပြသနေခြင်းဖြစ်သည်။


သူကအစပ်ချောင်းကိုနှုတ်ခမ်းတစ်စုံအကြားသေချာစွာနေရာချလိုက်၏။မည်သို့ပင်ဖြစ်စေ တစ်နေ့တွင်တစ်ချောင်းထက်ပိုမစားနိုင်ပါချေ။


ငရဲဘုရင်အာဟသည်ယခုအချိန်တွင် အစပ်ချောင်းများအဆက်မပြတ်ရရှိနေနိုင်မည့်နည်းလမ်းအားရှာဖွေတွေ့ရှိသွားခဲ့ပြီဖြစ်ကာ ထိုအတွက်လည်းအင်မတန်မြူးကြွနေပေ၏။


တစ်ဖက်တွင် သူတော်စင်အမျိုးသမီးဇီယွင်သည် ကောင်းကင်ဘုံလျှို့ဝှက်သူတော်စင်အရှင်အားအနည်းငယ်ကြောက်ရွံ့နေသည်။


ကောင်းကင်ဘုံလျှို့ဝှက်သူတော်စင်အရှင်သည် ထိတ်လန့်မှုနဲ့ထိုက်တန်သူဖြစ်သည်။ထိုသူသည် ဦးချိုမျှသာမြင်နိုင်သောဧရာမနဂါးတစ်ကောင်အလားလျှို့ဝှက်ဆန်းကြယ်ကာ သူမ၏အဖေသည် ထိုသူအားလွန်စွာကြောက်ရွံဟန်တူသည်။


သူတော်စင်အရှင်မိုထျန်းကျီသည် သူ၏လပ်ချောင်းများဖြင့်စားပွဲခုံထက်တတောက်တောက်ခေါက်လျက်ရှိပြီး ထိုသည်က စားသောက်ဆိုင်အတွင်းရှိလူအများစုအား စိတ်မသက်မသာဖြင့်ကြောက်ရွံ့လာစေသည်။


မိုထျန်းကျီသည် ဇီယွင်အပေါ်အာရုံမရှိချေ။ထိုအစားသူက ငရဲဘုရင်အာဟထံသို့သတိချပ်ထား၏။


ငါဒီလူကိုဖောက်ထွင်းပြီးမမြင်နိုင်ဘူး...


ထိုလူ၏ ခန္ဓာကိုယ်သည် လျှို့ဝှက်ချက်အားလုံးကို ဖုံးကွယ်ထားနိုင်ပုံပေါ်သည့် မြူအလွှာပါးတစ်ထပ်ဖြင့် ဖုံးအုပ်နေသည်။


ထို့ကြောင့် ကောင်းကင်ဘုံ့လျှို့ဝှက်နည်းစနစ်ကိုအသုံးပြုသည့်တိုင် ထိုလူအားမခန့်မှန်းနိုင်သေးပါချေ။


ဤအချင်းအရာက ငရဲဘုရင်အာဟတစ်ယောက်တည်းအပေါ်သာမသက်ရောက်သည်မဟုတ် ဤဆိုင်အတွင်းရှိ ပုဖန်... သိမြင်လမ်းစဉ်သစ်ပင်အောက်မှ ခွေးနက်ကြီးနှင့် နံဘေးနားရှိကလေးမလေးတို့တွင်လည်း ထပ်တူဖြစ်သည်။


သို့သော် ငရဲကမ္ဘာအမျိုးသမီးကိုမူသူမှတ်မိသည်။သူမ၏ကျိန်စာသည်ပင်အတော်လျော့ပါးသွားပုံရ၏။


ဤကဲ့သို့ ဆန်းကြယ်မှုတို့ဖုံးကွယ်ထားသည့်စားသောက်ဆိုင်...

အဘွားမိုက သူတော်စင်နတ်သမီးအား ကပ်ဆိုးကျော်လွှားရန်ဤနေရာသို့ပို့ဆောင်ခဲ့သည်မှာအံ့သြဖွယ်မရှိတော့ပေ။


ကံမကောင်းစွာဖြင့် အဘွားမို၏တွက်ချက်မှုကလွဲချော်ခဲ့သည်။ဤစားသောက်ဆိုင်သည်သူတို့၏ အာကာသနတ်သမီးအားမကာကွယ်နိုင်ခဲ့ချေ။


" ဟင်းပွဲရပါပြီ..."


ချူချန်းရှန်ကအငွေ့တထောင်းထောင်းထနေသောပန်းကန်ကိုသယ်ဆောင်၍စားပွဲဆီသို့လျှောက်လှမ်းလာသည်။


ထိုဟင်းပွဲကား ကြွေပန်းကန်လုံးတွင်းပြင်ဆင်ထားသော နတ်မင်းဆွေ့ဆွေ့ခုန်စွပ်ပြုတ်ဖြစ်ချေသည်။


ချူချန်းရှန်ကပန်းကန်အား သူတော်စင်အရှင်၏ရှေ့၌ချပေးလိုက်သည်။စွပ်ပြုတ်ပေါ်ရှိ နတ်မင်းရုပ်သွင်သည် နီမြန်းကာ ပျော်ရွှင်မှုတို့ဖြစ်တည်နေသောဟန်ရှိသည်။


အငွေ့ဖြူဖြူများက ဟင်းပွဲထက်တရိပ်ရိပ်ရစ်ဝဲနေသည်။


မိုထျန်းကျီကစိတ်ဝင်တစားပြုံးလိုက်၏။


အဖုံးကိုဖယ်ရှားလိုက်သည်နှင့် စွပ်ပြုတ်၏သိပ်သည်းသောနှစ်လိုဖွယ်ရနံ့ကလေထုတွင်းသို့စိမ့်ဝင်ပျံ့နှံ့သွားသည်။အံ့အားသင့်ဖွယ်ရနံ့အား ပြင်းပြင်းရှုသွင်းလိုက်ပြီးနောက် မိုထျန်းကျီ၏မျက်လုံးများက အနည်းငယ်ကျယ်လာသည်။


မွှေးလိုက်တဲ့အနံ့...


သက်ပြင်းမချမိအောင်မထိန်းချုပ်နိုင်တော့ပေ။


မိုထျန်းကျီက အဖြူနှင့်အပြာရောစပ်ထားသောကြွေထည်ဇွန်းလေးအားမ၍ စွပ်ပြုတ်အားဇွန်းအပြည့်ခပ်ယူလိုက်သည်။စွပ်ပြုတ်တစ်ဇွန်းပါးစပ်ထဲသို့ရောက်ရှိသွားကာ မွှေးကြိုင်သောစွပ်ပြုတ်ရည်တို့ကသူ၏လည်ချောင်းအားဖြတ်၍နွေးထွေးစွာစီးဆင်းသွားသည့်အခါ နှုတ်ခမ်းအားနောက်တစ်ကြိမ်သပ်လိုက်မိတော့သည်။


"အရသာရှိလိုက်လေခြင်း..."


ကောင်းကင်ဘုံလျှို့ဝှက်သန့်စင် တပည့်များကမေးရိုးများပြုတ်ကျသည်ထိဆွံ့အသွားကြရသည်။


ဘာရယ်...


သူတော်စင်အရှင်ကတကယ်အစားစားဖို့လာတာလား...


အာကာသနတ်သမီးအတွက်ကရော...


သို့သော်လည်း မကြာမီလွင့်ပျံလာသည့်မွှေးပျံ့သောရနံ့အောက်တွင်လာရင်းကိစ္စအားခေတ္တမေ့မြောကာမိန်းမောကုန်ကြရပေ၏။မှာကြားထားခဲ့သောဟင်းပွဲများကအသီးသီစရောက်ရှိလာပြီး စားသောက်ဆိုင်အတွင်း၌ အဖြူရောင်အငွေ့နှင့် နှစ်လိုဖွယ်နွေးထွေးသောရနံ့တို့ဖြင့်ပြည့်နှက်နေချေတော့သည်။


စတင်စားသောက်ကြချိန်တွင်မူ လောကကြီးကိုပင်မေ့လျော့ကုန်ကြပေ၏။


ပုဖန်က အဝတ်တစ်ခုဖြင့်ရေစိုနေသောလက်အားသုတ်ရင်းမီးဖိုချောင်မှာထွက်လာပြီးနောက် ခုံတစ်ခုံဆွဲ၍သက်တောင့်သက်သာထိုင်ချလိုက်လေသည်။


မိုထျန်းကျီကမကြာမီစားသောက်ပြီးစီးသွားပြီး သူ၏အပြုအမူတို့မှာသေသပ်လှသည်။


" တကယ်အရသာရှိတဲ့ဟင်းပွဲတစ်ခုပါပဲ..." မိုထျန်းကျီက ကျေနပ်နှစ်သိမ့်စွာဆိုသည်။


ထို့နောက် ပုဖန်ထံသို့တည်ငြိမ်စွာလှည့်ကြည့်လာကာ ဤတစ်ကြိမ်တွင် သူ၏အကြည့်များအတွင်း၌ ဓမ္မရိပ်တို့ကိန်းဝပ်နေ၏။


" တစ်ဆိတ်လောက်ပါမိတ်ဆွေ အခုကအလေးအနက်ပြောရမယ့်အချိန်ရောက်ပြီ..."


ဘာလဲ...


သူတို့၏ပန်းကန်ထဲသို့ခေါက်းစိုက်လုမတတ်စားသောက်နေကြသော တပည့်များကတောင့်တင်းသွားပြီး ပုဖန်နှင့်သူတော်စင်အရှင်တို့အားအလေးအနက်လှည့်ကြည့်လာကြသည်။


ကောင်းကင်ဘုံလျှို့ဝှက်သူတော်စင်အရှင်က နောက်ဆုံးတော့လာရင်းကိစ္စပြောတော့မှာလား...


ပုဖန်က မျက်ခုံးပင့်ကာမိုထျန်းကျီအားကြည့်လိုက်သည်။


"ပြောပါ..."


မိုထျန်းကျီ၏နှုတ်ခမ်းစွန်းများကွေးညွတ်သွား၏။


" ငါတို့ရဲ့ အာကာသနတ်သမီးကိုဘယ်တော့လောက်ပြန်ခေါ်သွားလို့ရမလဲသိချင်လို့ပါ ဒီနေ့မဟုတ်ရင်လည်းမနက်ဖြန်ပြန်လာမေးပါ့မယ်..."


ဘာရယ်... ဘယ်လို...


နားထောင်နေသူတို့သည် အကြီးအကျယ်ဆွံ့အလျက်နေရာ၌ကျောက်ဖြစ်ကုန်ကြချေ၏။


သူတော်စင်အရှင်ကဘာပြောလိုက်တယ်...


မနက်ဖြန်ထပ်လာမေးမယ်ဟုတ်လား...