အပိုင်း ၈၄၄
ပုဖန်...ငါ ဗိုက်ဆာတယ်...
အားလုံးက နေရခက်စွာဖြင့်ရယ်မောလိုက်ကြမိသည်။
မည်သူကမျှ သူတော်စင်အရှင်ကဤစကားတို့ကိုပြောလာမည်ဟုမျှော်လင့်မထားခဲ့ချေ။
မနက်ဖြန်ထပ်လာမေးပါ့မယ်ဆိုတာကဘာစကားလဲ...
ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေရဲ့သူတော်စင်တစ်ယောက်အနေနဲ့ ပိုပြီးခြယ်ခြယ်လှယ်လှယ်နဲ့ အာကာသနတ်သမီးကိုဒီအတိုင်းခေါ်ထုတ်သွားရမယ်မဟုတ်ဘူးလား...
ပုဖန်သည်လည်းအတန်အသင့်အံ့သြသွားရသည်။သူကနှုတ်ခမ်းထောင့်ကိုအသာထိတွေ့ရင်း ရှေ့မှောက်ရှိသက်လက်ပိုင်းအရွယ်ခန့်ပုဂ္ဂိုလ်အားစကားတစ်ခွန်းမျှမဆိုဘဲစူးစိုက်အကဲခတ်လိုက်၏။
ဤလူကနီယန်အားပြန်လည်ခေါ်ဆောင်သွားရန်ရည်ရွယ်ချက်ဖြင့်လာသည်မှာထူး၍ဆိုဖွယ်မရှိပေ။သို့သော်ပုဖန်ကမူ နီယန်အားဤကဲ့သို့ရိုးရှင်းစွာပြန်ထည့်မပေးလိုက်လိုပါချေ။
နီယန်အနာတရဖြစ်နေချိန်တွင် ဤလူကအဘယ်မှာနည်း...
နီယန်က ကြယ်တာရာဖမ်းကွန်ရက်ကိုကာကွယ်ရန်အလို့ငှာအလူးအလဲတိုက်ခိုက်နေခဲ့ရချိန်တွင် ဤလူကဘယ်ရောက်နေသနည်း...
ဤလူ၏ကျင့်ကြံဆင့်နှင့်ဆိုပါက မိစ္ဆာသုံးကောင်သည်ပြိုင်ဘက်အဆင့်ပင်ရှိမည်မဟုတ်။ထိုသို့ဆိုလျှင် နီယန်လည်း မညီမျှသောတိုက်ပွဲမှ ဒဏ်ရာများရရှိလာမည်မဟုတ်သလို ယခုလိုသတိလစ်မေ့မြောနေစရာလည်းမရှိတော့ပေ။
ပုဖန်က ခုံပေါ်မှီထိုင်နေကာမိုထျန်းကျီအားမျက်နှာသေဖြင့်ကြည့်ရှုရင်း စားပွဲအားလက်ချောင်းဖြင့်ရည်ရွယ်ချက်ရှိရှိတစ်တောက်တောက်ခေါက်နေသည်။
" အမှန်အတိုင်းပြောရရင် နီယန်ကအခုငါ့အခန်းထဲမှာ..."
ပုဖန်ကပြောလိုက်သည်။
ထိုစကားလုံးများထွက်ကျလာသည်နှင့် အခန်းတွင်းရှိလူတိုင်းမှာတိတ်ဆိတ်သွားကြ၏။မိုထျန်းကျီသည်ပင် မျက်လုံးများပင့်လျက်အံ့အားသင့်သွားရပေသည်။
ချူချန်းရှန်ကပုဖန်အားစွေကြည့်ကာတိတ်တိတ်လေးပြုံး၍တွေးလိုက်သည်။
ဒီလူငယ်လေးကတစ်ခုခုပဲ သူလုပ်တဲ့အလုပ်ပေါ်တာဝန်ယူရဲတယ် တကယ့်ယောကျာ်းပဲကြည့်စမ်းပါဦး...
ငရဲဘုရင်အာဟ၏ပါးစပ်ကကျယ်လောင်စွာပွင့်ဟသွားပြီးနောက် သူကတကျစ်ကျစ်စုတ်သပ်လိုက်သည်။
"ခုခေတ်လူငယ်တွေများ လက်ကသွက်တယ်..."
ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေမှတပည့်များသည်အမူအယာပေါင်းစုံရောထွေးယှက်ဖြာလျက်ပုဖန်အားစူးစူးရဲရဲစိုက်ကြည့်ကုန်ကြသည်။သူတို့၏မျက်ဝန်းများကအသက်မဲ့လျက်နှင့် မျက်နှာအမူအယာများက မယုံကြည်နိုင်မှုဒေါသတရားတို့ဖြင့်ပြည့်နှက်နေလေသည်။
" မင်း... မင်းကများ...ငါတို့ရဲ့သူတော်စင်နတ်သမီးကို..."
တပည့်တစ်ယောက်ကသူ၏ဒေါသကိုမထိန်းချုပ်နိုင်စွမ်းမရှိဖြစ်ကာ ရုတ်ချည်းထရပ်လိုက်ပြီး ပုဖန်အား ကတုန်ကရီလက်ညိုးထိုးလျက် သူ၏မျက်ဝန်းများကမီးဟုန်းဟုန်းတောက်နေချေသည်။
" ငါမင်းကိုသေအောင်ရိုက်မယ်ကွ ..."
အခြားတပည့်တစ်ယောက်ကလည်းသူ၏ထိုင်ခုံမှဒေါသတကြီးထရပ်လိုက်ပြီး အော်ဟစ်ကာပုဖန်ထံသို့ခုန်အုပ်ရန်ပြင်သည်။
သို့သော်...
သူပုဖန်အားဝင်မတိုက်မိသေးခင်တွင်ပဲ ယပ်တောင်တစ်ချောင်းနီးနီးကြီးမားသောလက်တစ်ဖက်လိုအရာက သူ့အားပိတ်ဆို့တားဆီးလိုက်သည်။
တပည့်မှာကြောင်အသွား၏။
ထို့နောက် ကျယ်လောင်သောစုတ်ပြဲသံတို့ ဆိုင်ခန်းအတွင်းထွက်ပေါ်လာလေသည်။
တပည့်ကသူ၏အဝတ်များဆုတ်ဖြဲခံလိုက်ရသည့်အတွက် မယုံကြည်နိုင်စွာအော်ဟစ်လိုက်သည်။သို့သော်မကြာလိုက် ... သူ၏ဖြူဖျော့သောခန္ဓာကိုယ်က လေထဲသို့အထာကျကျပစ်ထုတ်ခံလိုက်ရပြီး စားသောက်ဆိုင်အပြင်ဘက်ကျောက်သားမြေပြင်ထက်သို့ရုပ်ပျက်ဆင်းပျက်ပြုတ်ကျသွားချေသည်။
ဖင်ထိုင်လျက်ကျသော ဒဏ်ကြောင့်တင်ပါးနှစ်ဖက်က မျောက်ဖင်နီတစ်ကောင်အလားနီစွေးသွားသည်။
ဝှိုက်တီ၏မျက်လုံးများကအလင်းပြန်သွားကာ နေရာတွင်ရပ်မြဲရပ်လျက်သူ၏စက်လက်နှစ်ဖက်အားဖုတ်ဖတ်ခါလိုက်သည်။
"ပြဿနာကောင်တွေက ဥပမာအနေနဲ့အချွတ်ခံရမယ်..."
ဝှိုက်တီကခက်ထန်စွာသတိပေးလိုက်၏။
ပုဖန်၏စကားလုံးများကြောင့်ရန်စခံလိုက်ရသောတပည့်များသည်လည်းဒေါသကိုဖိနှိပ်လိုက်ကြရသည်။သူတို့ကဝှိုက်တီ၏ခြိမ်းခြောက်မှုအောက်တွင် မဝံ့ရဲစွာဖြင့်နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်သွားကြသည်။
သို့သော် ဒေါသများကပွက်ပွက်ဆူနေဆဲသာဖြစ်သည်။
ဒီလူက သူတို့နှလုံးသားထဲက နတ်သမီးရဲ့ပုံရိပ်ကိုအသရေဖျက်တယ်...
လူတွေကိုအဝတ်ချွတ်ရတာကြိုက်တဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ... သူမ ဘယ်လောက်တောင်မတရားမှုတွေခံခဲ့ရလိမ့်မလဲ...
ထိုသို့တွေးလိုက်မိသည်နှင့် ၎င်းတို့၏နှလုံးသားအတွင်းလောင်မြိုက်လာရပြန်သည်။
ပုဖန်ကမူ အနှောင့်အယှက်ဖြစ်ဟန်မတူချေ။သူကထူးမခြားနားအမူအယာဖြင့်သူတော်စင်အရှင်အားစိုက်ကြည့်နေရင်း ထပ်မံဆိုသည်။
" သူမက အရမ်းကောင်းတယ်..."
ထိုစကားလုံးများထွက်အံလာသည်နှင့် ဆိုင်တွင်းရှိတပည့်အုပ်ကြီး၏ဒေါသတို့ပေါက်ကွဲရပြန်ကာ သွေးရူးသွေးတမ်းအော်ဟစ်ကြကုန်လေသည်။
သူမကအရမ်းကောင်းတယ်ဆိုတာကဘာသဘောလဲ...
ဒါပေါ့သူမကအရမ်းလှတယ်လေ အဲဒါကောင်းတာပေါ့...
သူတော်စင်နတ်သမီး အနိုင်ကျင့်များခံခဲ့ရသေးလား... ဘယ်လိုလုပ်ကြရပါ့...
ဤလူငယ်အားကြည့်ရသည်မှာစင်ကြယ်ရည်မွန်ပုံပေါ်ရာ သူ့ထံတွင်မကောင်းသောရည်ရွယ်ချက်များရှိနေမည်ဟုမခန့်မှန်းမိခဲ့ကြချေ။
သံရုပ်သေးရုပ်ကြောင့်သာမဟုတ်ပါက ပုဖန်အားသေအောင်တီးနှင့်ပြီးဖြစ်ပေလိမ့်မည်။
မိုထျန်းကျီကမျက်မှောင်ကျုံ့၍ပုဖန်အားစိုက်ကြည့်လိုက်သည်။ သူပုဖန်ထံတွင်မည်သို့သောဆိုးယုတ်မှုအရိပ်အယောင်ကိုမျှမမြင်ရချေ။ထို့အတွက် ပုဖန်သည် နီယန်အပေါ်မပြောအပ်သောမတရားမှုများကျူးလွန်မည်မဟုတ်မှန်းမုချသိပေ၏။
"ဆက်ပြောပါ..."
သူတော်စင်အရှင်ကဆိုသည်။
" ငါမင်းကိုသူမကိုခေါ်သွားခွင့်မပြုနိုင်ဘူး ဒီနေ့ဖြစ်ဖြစ်ဘယ်နေ့ဖြစ်ဖြစ် သူမကိုယ်တိုင်နိုးလာပြီးပြန်လိုက်ဖို့မဆုံးဖြတ်သ၍ပေါ့..."
ပုဖန်ကအုပ်စုအားဝေ့ကြည့်ကာပြောလိုက်သည်။
"ဆုတောင်းလေ အာကာသနတ်သမီးကငါတို့နယ်မြေကလူ မင်းကဘာမို့လို့သူမကိုခေါ်ထားမှာလဲ တန်လို့လားကွ..."
မျက်နှာများနီရဲလျက်အကြောများပင်တောင့်တင်းနေသော ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေမှတပည့်အုပ်စုကြီးကဒေါသတကြီးအော်ဟစ်လာကြသည် ။
ဗြိ...
ထပ်မံ၍ အဝတ်စုတ်ပြဲသံအချို့ထွက်ပေါ်လာပြန်လေသည်။
နောက်ထပ်တပည့်တစ်ဦး အချွတ်ခံလိုက်ရပြီး ဆိုင်ပြင်ပသို့သေသပ်စွာကန်ထုတ်ခံလိုက်ရပြန်သည်။ထိုတပည့်ကား သူ၏တင်ပါးဆီမှစူးရှသောနာကျင်မှုအားမြည်းစမ်းလိုက်ရသည်ပေ။
ဝှိုက်တီ၏ယန္တရားမျက်လုံးများကတပည့်အုပ်စုအပေါ် စူးစိုက်ကြည့်လိုက်ပြီး လေပင်မလည်ရဲစေရန်ခြိမ်းခြောက်လိုက်၏။
ဘုရားရေ... သတိမပေးဘာမပေးအဲ့တိုင်းကြီးချွတ်လိုက်ဖို့လိုလို့လား...
မိုထျန်းကျီ၏နှုတ်ခမ်းစွန်းများတွန့်ကွေးသွားသည်။သံရုပ်သေးရုပ်သည်ကား စိတ်ဝင်စားဖွယ်ရာပါပေ။
"ပြောရရင်လည်း ငါသူမကိုပြန်ထည့်ပေးလိုက်ရင်တောင် မင်းတို့ကကယ်နိုင်မှာလား..."
ပုဖန်ကထပ်လောင်းပြောလိုက်သည်။
"ဟမ်... နတ်သမီးကဘာဖြစ်နေလို့လဲ..."
မိုထျန်းကျီကမေးလိုက်သည်။
ထို့နောက်သူ၏မျက်လုံးများကျဉ်းမြောင်းသွားကာမျက်မှောင်ကျုံ့လိုက်၏။
"အာကာသ နတ်သမီးရဲ့ဖြစ်စဉ်ကကြယ်တာရာဖမ်းကွန်ရက်နဲ့ချိတ်ဆက်ထားတာ ကြယ်တာရာဖမ်းကွန်ရက်ပျက်စီးသွားတာနဲ့သူမရဲ့ဝိဉာဉ်လည်းအကြီးအကျယ်ထိခိုက်ပြီးသေဆုံးရလိမ့်မယ် ငါကြိုးစားရင်တောင်ပြန်မခေါ်နိုင်မှာစိုးမိပါရဲ့..."
" သူမပြန်သက်သာလာဖို့ဆို သူမအပေါ်သူမပဲမှီခိုရလိမ့်မယ် ဘယ်သူမှကူညီမပေးနိုင်ဘူး အဲဒါကြောင့်ပြန်ခေါ်သွားချင်ရင် သူမနိုးလာတဲ့ထိစောင့်..."
ပြောပြီးသည့်နောက်ပုဖန်သည် ပင်ပန်းညောင်းညာနေသောကြောင့် သူ၏ခါးအားပျင်းရိစွာအကြောဆန့်လိုက်သည်။
ဆိုင်အပြင်ဘက်ရှိကောင်းကင်မှာ တရွေ့ရွေ့မှောင်မဲလာပြီး အပူချိန်ကကျဆင်းသထက်ကျဆင်းလာ၏။
သူတော်စင်အရှင်ကနှုတ်ဆိတ်လျက်ရှိသည်။
တစ်ချိန်တည်းတွင် ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေမှတပည့်များက မျှော်လင့်ချက်အပြည့်ဖြင့်သူတော်စင်အရှင်အားစိုက်ကြည့်နေကြသည်။ သူတို့၏သူတော်စင်နတ်သမီးအားပြန်ခေါ်သွားရမှဖြစ်မည်။မဟုတ်ပါကအနှီဆိုင်ရှင်က လှပလွန်းသည့်သူတော်စင်နတ်သမီးအားမည်သည့်လုပ်ရပ်များလုပ်လာမည်ကိုမသိနိုင်သည်မဟုတ်ပါလား။
"ကောင်းပြီ ငါသူမနိုးလာတဲ့ထိစောင့်ပါ့မယ်..."
မိုထျန်းကျီကပေါ့ပါးစွာရယ်မောလိုက်ပြီး ပုဖန်အားနွေးထွေးစွာကြည့်လေသည်။
ပုဖန်၏စကားများကကျိုးကြောင်းဆီလျော်ပေသည်။ထို့အပြင်မိုထျန်းကျီသည် ပုဖန်က မသင့်လျော်သောလုပ်ရပ်များလုပ်မည့်သူမဟုတ်ဟုယုံကြည်သည်။
ထို့ကြောင့် အာကာသနတ်သမီးအားပုဖန်၏ကာကွယ်မှုအောက်တွင်ဆက်ထားရန် မဖြစ်နိုင်စရာမရှိချေ။
ဤအရာကတစ်ခုတည်းသောအကြောင်းအရင်းမဟုတ်ဘဲ အခြေအနေအရပ်ရပ်အားလျော်ညီစွာသုံးသပ်ပြီးမှသာဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ပါ၏။
ကြယ်တာရာဖမ်းကွန်ရက်ပျက်စီးခြင်းသည် အာကာသနတ်သမီး၏ပျက်စီးခြင်းနှင့်ညီမျှခြင်းကျသည်။ကျင့်ကြံသူတစ်ယောက်အနေဖြင့် ဤကိစ္စရပ်သည် စိတ်ဝိဉာဉ်အခြေခံအားပြင်းထန်စွာထိခိုက်စေသည်။
ကျင့်ကြံသူတစ်ဦး၏ စိတ်ဝိဉာဉ်အခြေခံကျိုးပျက်သွားသည်နှင့်တစ်ပြိုင်နက် ထိုကျင့်ကြံသူသည် ဆက်လက်ရှင်သန်ရန်မဖြစ်နိုင်တော့ချေ။
ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ခဲ့ပါလျင်တောင် အခြေခံကျိုးပျက်သွားသည့်လူသားတစ်ယောက်အဖြစ်နှင့်လက်ကျန်ဘဝအားအဓိပ္ပာယ်မဲ့စွာကုန်ဆုံးရမည်ဖြစ်သည်။
ဤသည်ကသေခြင်းတရားနှင့်မခြားပါချေ။
မိုထျန်းကျီကသူထိုင်နေသောခုံကိုမှီ၍လေးလံသောသက်ပြင်းတစ်ချက်ရှိုက်ထုတ်လိုက်၏။
"သြော် ဟုတ်သား ခင်ဗျားကကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေက သူတော်စင်အရှင်ဆိုတော့ ခင်ဗျားဆီမှာ ကြယ်တာရာဖမ်းကွန်ရက်နောက်တစ်ခုများရှိဦးမလား..."
ပုဖန်က ခဏမျှတွေဝေနေပြီးနောက်ထုတ်မေးလိုက်သည်။
မိုထျန်းကျီကဤမေးခွန်းကြောင့်ကြောင်အသွားသည်။ထို့နောက်သူက ပုဖန်အား သံသယမကင်းသောအကြည့်ဖြင့်ဖြေကြားလာသည်။
" ကြယ်တာရာဖမ်းကွန်ရက်က ပုန်းကွယ်နဂါးတိုက်ဝင်ပေါက်ကလာပြီး တစ်တိုက်လုံးမှာတစ်ခုတည်းပဲရှိတဲ့ပစ္စည်းပဲ အစကတော့ငါတို့အကြီးအကဲကပိုင်တာဆိုပေမဲ့ သူကပုန်းကွယ်နဂါးတိုက်ရဲ့ကောင်းကင်လောကဆီလှည့်လည်သွားလာဖို့ထွက်သွားတဲ့အချိန် အာကာသနတ်သမီးကို ကြယ်တာရာဖမ်းကွန်ရက်လွှဲပေးခဲ့တယ်... မထင်ထားခဲ့မိတာက နတ်ဆိုးတွေကလူတွေကိုလှည့်ဖျားပြီး ကြယ်တာရာဖမ်းကွန်ရက်ကိုခိုးပြီးကမောက်ကမဖြစ်အောင်လုပ်ဖို့ရောက်လာခဲ့ကြလိမ့်မယ်လို့ပဲ..."
မိုထျန်းကျီ၏စိတ်ခံစားချက်များကရောထွေးနေပြီး သူကအဆုံးမှာ အားမလိုအားမရဖြစ်စွာဖြင့်သက်ပြင်းတစ်ချက်ချလိုက်ပေ၏။
ပုဖန် စိတ်အားပျက်သွားရ၏။
တွယ်ရာမဲ့စမ်းချောင်းဝါဝိုင်တွင်ပါသော ပြန့်ကျဲကြယ်စင်ဝိုင်ကိုချက်ရန် ကြယ်တာရာဖမ်းကွန်ရက်အားလိုအပ်လေသည်။ကြယ်တာရာဖမ်းကွန်ရက်မရှိပါကဝိုင်ချက်လုပ်ရန်မှာလွန်စွာခက်ခဲသွားပေလိမ့်မည်။
ပုဖန်က သက်ပြင်းချလိုက်ရင်း နီယန်အပေါ်၌သာသူ၏မျှော်လင့်ချက်တို့ကိုမြှုပ်နှံထားလိုက်ချေတော့သည်။
.....
ထိုစဉ် ဒုတိယထပ်ရှိပုဖန်၏အခန်းတွင်း၌ နီယန်၏နဖူးအလယ်မှ ကြယ်စင်အစုအဝေးများလွင့်ပျံလာပြီး အခန်းတွင်းအား ကြယ်ရောင်ဖျော့ဖျာ့ဖြင့်လွှမ်းခြုံသွားစေသည်။
သူမ၏ဖျော့တော့သောမျက်နှာသည် သွေးရောင်လွှမ်းလာကာ အသက်စွမ်းအင်တို့ပိုမိုသိပ်သည်းလာပေသည်။
ကြယ်ရောင်အလင်းတန်းများက နီယန်၏ခန္ဓာကိုယ်အတွင်းသို့တိုးဝင်သွားကြပြီး အခန်းကအမှောင်ကျသွား၏။
ထို့နောက် ဖျော့တော့တိုးတိမ်သော အသက်ရှုသံမျှင်းမျှင်းကအခန်းတွင်း၌ပဲ့တင်ထပ်လာလေသည်။
ငြိမ်သက်စွာလဲလျောင်းနေသောနီယန်ထံမှ ရုတ်ချည်းထွက်ပေါ်လာသောခပ်တိမ်တိမ်ချောင်းဆိုးသံအချို့က အခန်းတွင်းရှိတိတ်ဆိတ်မှုအားဖြိုခွဲလိုက်သည်။
နီယန်၏ခန္ဓာကိုယ်က ငြင်သာစွာလှုပ်ခါသွားပြီး သူမ၏ကော့စင်းရှည်လျားသောမျက်တောင်လေးများကတဖျတ်ဖျတ်လှုပ်ခါလာကာ မျက်လုံးအစုံမှာပွင့်ဟလာသည်။
အဖြူရောင်မျက်နှာကျက်ကသူမ၏မြင်ကွင်းထဲတွင်ချာချာလည်နေ၏။
နီယန်က ကုတင်ပေါ်၌မတ်မတ်ထိုင်နိုင်ရန် ခက်ခက်ခဲခဲအားယူထလိုက်ပြီး သူမ၏ခေါင်းတွင်း အုံခဲကာလေးလံနေသည်ကိုခံစားနေရသည်။
သူမကရှုပ်ထွေးနေသောအမူအယာဖြင့်အခန်းတွင်းအားလှည့်လည်အကဲခတ်လိုက်သည်။
သူမကမည်သူနည်း။ မည်သည့်နေရာသို့ရောက်နေသည်နည်း။
စူးရှသောနာကျင်မှုကသူမ၏ဦးခေါင်းတွင်းသို့အညှာအတာမဲ့ထိုးဖောက်ဝင်ရောက်လာပြီး သိမ်မွေ့သောမျက်နှာလေးထက်နာကျင်မှုတို့ထင်ဟပ်နေသည်။
သူမကဦးခေါင်းကိုသာသာဆုပ်ကိုင်လျက် အိပ်ယာပေါ်သို့တစ်ဖန်လှဲချလိုက်ရသည်။
အချိန်အတန်ကြာတွင်သူမခေါင်းထဲရှိနာကျင်မှုလှိုင်းတံပိုးတို့ငြိမ်သက်သွားသောအခါ နီယန်ကသူမကိုယ်ပေါ်ရှိစောင်ကိုဖယ်ရှားလိုက်ပြီး အိပ်ယာမှထလိုက်၏။
ရှုပ်ထွေးနေဆဲအကြည့်များဖြင့်ပြူတင်းပေါက်ထံသို့လျှောက်လှမ်းသွားကာပြင်ပရှိမြင်ကွင်းများအားကြည့်ရှုရန်ကြိုးစွားလိုက်သည်။ သို့သော်စူးရှသောအလင်းရောင်ကသူမ၏အမြင်အာရုံအားကျိန်းစက်သွားစေသည့်အတွက် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်သွားရလေသည်။
သူမ၏ဦးခေါင်းတွင်း၌ဗလာကျင်းနေပြီး မည်သည်ကိုမှမှတ်မိခြင်းမရှိပါချေ။သူမ၏နာမည်နှင့် သူမကမည်သူမည်ဝါဖြစ်ကြောင်း ...စသည်ဖြင့် မည်သည်ကိုမျှမှတ်မိနိုင်စွမ်းမရှိပေ။
မှတ်မိရန်ကြိုးစားလိုက်သည်နှင့်တစ်ပြိုက်နက် ထုံထိုင်းသောနာကျင်မှုကသူမဦးခေါင်းအားတစ်ဖန်ထိုးနှက်လာပြန်သည့်အတွက် လက်လျော့လိုက်ရသည်။
သူမကအခန်းတွင်းမှထွက်လိုက်ပြီး အိမ်၏လျှောက်လမ်းအတိုင်း ဖြေးညင်းစွာလျှောက်လှမ်းလာသည်။
အိမ်၏ဘယ်ဘက်ခြမ်း၌မီးဖိုဆောင်ရှိဟန်တူပြီး သူမအပေါ်ထိုနေရာထံမှဆွဲဆောင်မှုကိုခံစားရသည်။
သူမကမီးဖိုချောင်ဘက်သို့လှည့်၍ခြေလှမ်းလှမ်းလိုက်သည်နှင့်...
ခရမ်းရောင်လျှပ်စီးကြောင်းတို့ကရုတ်ချည်းဆိုသလိုလေထုအားဖြတ်သန်းဖြစ်ပေါ်လာသည်။
နီယန်၏နှလုံးသားလေးမှာထိတ်လန့်မှုဖြင့်ခုန်ပေါက်သွားပြီး သူမကိုယ်တိုင်ပင်သတိမထားမိလိုက်စွာဖြင့် လက်မြောက်ကာတားဆီးလိုက်မိ၏။
သူမကမီးဖိုချောင်ကို ကြောက်လန့်စွာကြည့်ရှုပြီးနောက် ထမင်းစားခန်းဘက်သို့လှည့်ပြေးလာခဲ့ချေသည်။
အလင်းရောင်ကစူးရှလွန်းပြီး နီယန်၏မျက်လုံးအိမ်အတွင်း၌မျက်ရည်စတစ်ချို့ပင်တွဲခိုသွားရသည်။
အလင်းအားလက်တစ်ဖက်ဖြင့်ပိတ်ဆို့ကာဆီးလိုက်ပြီး စားသောက်ဆောင်အတွင်းသို့ကြက်သေသေလျက်ဝင်ရောက်သွားလိုက်တော့သည်။
သူတော်စင်အရှင်မိုထျန်းကျီ၊ ပုဖန်၊ ငရဲဘုရင်အာဟနှင့် အခန်းတွင်းရှိလူတိုင်းသည် ဝင်ရောက်လာသောအမျိုးသမီးအား တိတ်ဆိတ်ကြောင်အစွာဖြင့်ကြည့်ရှုနေမိကြသည်။
အမျိုးသမီး၏ အလှတရားက လူတို့၏နှလုံးသားအားအနည်းငယ်လျင်မြန်စွာခုန်ပေါက်လာစေသည်။
သို့သေည်လည်း သတိချပ်လိုက်နိုင်သည့်အခါလူတိုင်းသည်ရှုပ်ထွေးသွားရချေသည်။
ဒါက အခုပြောနေကြတဲ့ အာကသနတ်သမီးမဟုတ်လား...
အဲဒီတော့ သူမနိုးလာတာလားအခု...
သူတော်စင်အရှင်မိုထျန်းကျီ၏မျက်နှာအမူအယာသည်စက္ကူရွတ်အလွတ်တစ်ခုအလားဗလာဖြစ်နေသည်။
သူသည် ယခုပဲအာကသနတ်သမီးအနေဖြင့် သူမ၏လက်ကျန်ဘဝတစ်လျောက်လုံးအား လမ်းလျှောက်နေသောလူသေကောင်ကဲ့သို့နေထိုင်သွားရမည်ကိုလက်ခံနိုင်ရန်ကြိုးစားနေခြင်းဖြစ်၏။သို့သော်အဆုံးတွင် သူမက ဆိုင်ခန်းအတွင်းသို့အထိအခိုက်မရှိလျှောက်ဝင်လာခဲ့သည်ပေ။
မိုထျန်းကျီသည်မျက်နှာဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ခံစားလိုက်ရ၏။
သူတော်စင်အရှင်တစ်ယောက်အနေဖြင့် ပိုမိုကောင်းမွန်သောခန့်မှန်းချက်မျိုးထားရှိခဲ့သင့်သည်။
မည်သို့ပင်ဖြစ်စေ သူမအကောင်းအတိုင်းအသက်ရှင်လျက်ရှိသည်ကပင်ကံကောင်းလှချေပြီ။
ပုဖန်ကမယုံကြည်နိုင်စွာဖြင့် မျက်လုံးကိုဖွင့်လိုက်ပိတ်လိုက်လုပ်ကြည့်၏။
နီယန်ကတကယ်အသက်ရှင်နေသေးတာလား...
ဒီအမျိုးသမီးနဲ့သူ့ဆက်ဆံရေးကကောင်းတယ်လို့ပြောလို့ရတော့ ကြယ်တာရာဖမ်းကွန်ရက်လေးပြန်ပြင်ဖို့ကူညီပေးလောက်မလား...
နီယန်က စားသောက်ခန်းအတွင်း၌ဒီလောက်ထိလူများပြည့်နှက်နေလိမ့်မည်ဟုမထင်ထားခဲ့မိချေ။
သူစိမ်းတွေအများကြီး...
ပုဖန်မှလွဲ၍မည့်သူ့ကိုမျှသူမမသိပါချေ။
ဂြီ...
ဆိုင်တွင်းရှိလေထုမှာအပ်ကျသံပင်မကြားရသည်ထိတိတ်ကျသွား၏။
လူအုပ်ကြီးသည် တံခါးဝ၌ရပ်နေသောအာကာသနတ်သမီးအား စူးစမ်းလိုစိတ်တို့ဖြင့်ကြည့်ရှုနေကြသည်။
နီယန်ကသူမ၏ဝမ်းဗိုက်ကိုပွတ်သပ်ရင်း အကြည့်တို့ကဆိုင်တွင်းသို့ဝေ့ဝဲကာ ပုဖန်ပေါ်သို့ခြေချသွားလေသည်။
" ပုဖန် ငာ ဗိုက်ဆာတယ်..."