အပိုင်း ၈၅၂
အသားတစ်ပိုင်းအတွက် သလင်းကျောက်တစ်သန်း
ပုဖန်၏စကားသည် စားသောက်ဆိုင်တွင်ပျံ့လွင့်နေသောရယ်သံကိုရပ်သွားစေသည်။
ငရဲဘုရင်အာဟသည် ပုဖန်ဘာပြောလိုက်လဲမိဘူးဟူသောပုံဖြင့် ကြောင်အမ်းအမ်းဖြစ်နေပေသည်။
ပုဖန်ဘာပြောလိုက်တာလဲ... ငါ့ကိုအစပ်ချောင်းပဲစားပါလို့ပြောလိုက်တာလား... ငါ့ကိုပါပီလီယွန်အသားကင်မစားခိုင်းတဲ့သဘောလား...
အဲ့တော့ သူကအစပ်ချောင်းစားလို့ ပါပီလီယွန်အသားကင်မစားရဘူးလား... သူဘာလို့နှစ်ခုလုံးစားလို့မရတာလဲ...
"ဘော်ဒါပု ဒီဘုရင်ကချောတယ်ဆိုတိုင်း ဒီဘုရင်ကိုဟာသလာလုပ်လို့မရဘူးနော်... ငါတို့အကုန်လုံးကရဲဘော်ရဲဘက်တွေလေ ဒီဘုရင်အတွက် အသားတစ်ပိုင်းတော့ချန်ထားသေးတယ်မလား ဟုတ်တယ်မလား..."
"ဟင့်အင်း"
ပုဖန်ခေါင်းခါလိုက်သည်။
"ဟားဟားဟားဟား မင်းကသူ့ရဲ့လူတွေထဲကတစ်ယောက်ဆို... မင်းပဲအဲ့လိုပြောနေပြီးတော့... ဆက်ပြီးသွေးနားထင်ရောက်နေဦးလေ..."
မိုထျန်းကျီ ငရဲဘုရင်အာဟ၏ ရှက်ရွံ့နေသောပုံစံကိုကြည့်ပြီး ကျယ်လောင်စွာရယ်မောလိုက်သည်။
ရေငတ်နေချိန်ရေအေးအေးလေးတစ်ခွက်သောက်လိုက်ရသလိုပင် သူ့ရင်ထဲ၌ စိတ်ကျေနပ်မှုလှိုင်းတစ်ခုကိုခံစားလိုက်ရသည်။
ဒါတကယ် အရသာရှိတာပဲ....
စားသောက်ဆိုင်ထဲတွင် ကျယ်လောင်သည့်ရယ်မောသံတစ်ခုထွက်ပေါ်လာပြန်သည်။
ထိုရယ်သံသည် ငရဲဘုရင်အာဟကို အလွန်အမင်း ကိုးယိုးကားယားဖြစ်နေစေသည်။ လူကောင်သေးသေးလေးနဲ့ အောင်မြင်မှုထဲနစ်မျောနေလိုက်ပုံများတော့....
သူသည် ကျယ်ကျယ်လောင်လောင်ရယ်မောနေသော မိုထျန်းကျီကို ဒေါသထွက်ထွက်ဖြင့်ကြည့်လိုက်သည်။ သူထိုလူ၏အဝတ်များကိုနောက်တစ်ကြိမ်ဆုတ်ဖြဲပစ်ပြီး သူ၏မာနကြီးနေသောဖင်ကို ကန်ထုတ်လိုက်ချင်သည်။
အာ... ဒီအကြံကသိပ်မဆိုးဘူးပဲ...
ငရဲဘုရင်အာဟ၏မျက်လုံးထဲတွင် အလင်းတစ်ချက်လက်သွားပြီး မျက်စိမှေး၍ မိုထျန်းကျီကိုကြည့်လိုက်သည်။
ထိုအကြည့်သည် မိုထျန်းကျီ၏ဆံပင်မွှေးများကိုထောင်ထသွားစေသည်။ ချက်ချင်းပင် ရယ်သံများရပ်တန့်သွားပေသည်။
"မင်းဘာတွေကြံစည်နေပြန်တာလဲ...အေးချမ်းသာယာပြီး ရာသီဥတုလေးကလဲကောင်းနေတယ်ဆိုတော့ ပိုင်ရှင်ပုရေ ပါပီလီယွန်အသားကင်အကြောင်းပြောရအောင်လေ...."
မိုထျန်းကျီ ပြောလိုက်သည်။
သူသည် ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေ၏ သူတော်စင်ဂိုဏ်းချုပ်ဖြစ်သော်လည်း ဤစားသောက်ဆိုင်ထဲတွင် မရေမတွက်နိုင်အောင်အရှက်ကွဲဖူးသည်ကို သတိရလိုက်သောအသာ သူ့နှလုံးသားထဲတွင်အနည်းငယ်ချဉ်စူးသွားပေသည်။
သူတော်တော်လေးမှားယွင်းနေဟုသည်ခံစားနေရသည်။
"ရယ်မနေနဲ့တော့.. ခင်ဗျားလည်း ပါပီလီယွန်အသားကင်ကိုဝယ်ဖို့လိုတယ်..."
ပုဖန်ပြောလိုက်ပြီး မိုထျန်းကျီကို တည်ငြိမ်စွာကြည့်လိုက်သည်။
မိုထျန်းကျီတောင့်ခဲသွားမိသည်။
"ဝယ်ရမယ်.. ဘယ်လောက်လဲ..."
ပုဖန်ဘာမှပြန်မပြောပဲ နံရံပေါ်ရှိ မီနူးကိုလက်ညှိုးထိုးပြလိုက်သည်။
နံရံပေါ်တွင် အလယ်အလတ်ကျက်သော ပါပီလီယွန်အသားကင်ဟူသော ဟင်းပွဲအသစ်တစ်ခုထပ်တိုးလာသည်။
ဈေးနှုန်းကရော... သလင်းကျောက်တစ်သန်းတဲ့...
သလင်းကျောက်တစ်သန်း...
မိုထျန်းကျီ၏မျက်နှာ ချက်ချင်းပြောင်းလဲသွားတော့သည်။ သူ့မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မှရှိမနေတော့ပေ။
အသားတစ်ပိုင်းအတွက် သလင်းကျောက်တစ်သန်းတဲ့လား...
အဲ့တာက သလင်းကျောက်မိုင်းတွင်းအသေးတစ်ခုရဲ့တစ်ဝက်တောင်ဖြစ်နေပြီ... သလင်းကျောက်မိုင်းတွင်းရဲ့တစ်ဝက်ကို အသားတစ်ပိုင်းအတွက်သုံးရမှာလား....
မိုထျန်းကျီ နှလုံးပင်အောင့်သွားတော့သည်။
"ဟားဟားဟား မင်းကိုဘယ်သူမိုက်မိုက်မဲမဲလုပ်ခိုင်းလို့လဲ... မင်းဆက်ရယ်လေ ဘာလို့မရယ်တော့တာလဲ...."
ငရဲဘုရင်အာဟလည်း ဈေးနှုန်းကိုမြင်လိုက်သည်။ သို့သော်သူသည် သလင်းကျောက်အသုံးပြုပုံသဘောတရားကိုမသိပဲ မိုထျန်းကျီ၏မျက်နှာအမူအယာကိုသာကြည့်၍ ၎င်းသည် သလင်းကျောက်အရည်အတွက်အတော်များကြောင်းသိလိုက်သည်။
မတိုင်မီက မိုထျန်းကျီ၏ရယ်သံသည် သူ့ကိုရှက်ရွံ့စေသော်လည်း ယခုအချိန်တွင်သူရယ်ရန်အလှည့်ကျပြီဖြစ်သည်။
၎င်းကိုသုံးစက္ကန့်ပဲကြာတဲ့ အရူးဘုံမြှောက်မှုဟုခေါ်ပေသည်။ ကိုယ်ပြုသည့်ကံသည် ကိုယ့်အနားတွင်သာဝန်းရံနေပေမည်။
"မင်းဘာရယ်တာလဲ.... သလင်းကျောက်တစ်သန်းတည်းမလား... ဒီအရှင်သခင်ကအဲ့လောက်တော့တတ်နိုင်ပါတယ်..."
မိုထျန်းကျီသည် ငရဲဘုရင်ကို အေးစက်စက်သရော်ပြုံးပြုံးပြလိုက်သည်။
ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေ၏ သူတော်စင်ဂိုဏ်းချုပ်ဖြစ်သော သူ၏ဂုဏ်ပုဒ်သည် လေးစားဖွယ်ကောင်းပေသည်။ သလင်းကျောက်တစ်သန်းလေးပဲမဟုတ်လား... အဲ့တာကသူ့နှလုံးကိုနည်းနည်းလောက်အောင့်သွားစေပေမယ့် သူ့မှာသလင်းကျောက်တစ်သန်းတော့ရှိပါသေးတယ်...
"ကောင်းပြီလေ... ဒါဆို မင်းတို့တွေခဏစောင့်ပေးဦး"
ပုဖန်သည် ဘေးရှိလူများကိုကြည့်လိုက်ပြီး မီးဖိုချောင်သုံးပစ္စည်းများကိုယူကာ မီးဖိုချောင်ထဲသို့ဝငိသွားလိုက်သည်။
ခဏအကြာတွင် လေထဲ၌ နဂါးအသားအနံ့များ ပြည့်နှက်ပြန်သည်။
လူတိုင်း၏နှလုံးသားသည် ပျော်ရွှင်မှုများဖြင့်ပြည့်နှက်နေသည်။ အဘယ့်ကြောင့်ဆိုသော် ပါပီလီယွန်အသားကင်ကိုစားရတော့မည်ဖြစ်သောကြောင့် ဖြစ်သည်။
သို့သော် တစ်ချို့ကပျော်နေသော်လည်း တစ်ချို့ကတော့ဝမ်းနည်းနေပေသည်။
ငရဲဘုရင်အာဟက ဝမ်းအနည်းဆုံးလူတသ်ယောက်ဖြစ်လေသည်။ သူအစပ်ချောင်းတစ်ချောင်းစားလိုက်၍ ပုဖန်၏ 'ငါတို့လူရင်းတွေ'ဟူသော အဖွဲ့အတွင်းမှကန်ထုတ်ခံလိုက်ရသည်။
ဒီလူငယ်လေးကတော့... တကယ့်ကို ပိုပိုပြီးတော့ ဆိုးသွမ်းလာတာပဲ...
သို့သော် ရနံ့က တကယ့်ကိုမွှေးပျံ့နေသည်။
ငရဲဘုရင်အာဟ တံတွေးမြိုချကာ လေထဲတွင်ပျံ့လွင့်နေသော ရနံ့များကိုရှူရှိုက်နေလိုက်သည်။ သူတကယ်ကိုသည်းမခံနိုင်တော့ပေ။
ခဏအကြာတွင် မီးဖိုချောင်အတွင်းမှ ပိန်ပါးပါးပုံရိပ်တစ်ခုလမ်းလျှောက်ထွက်လာသည်။ သူ့လက်ထဲတွင် အုပ်ဆောင်းဖြင့်အုပ်ထားသော ဟင်းပွဲတစ်ပွဲပါလာလေသည်။
ဟင်းပွဲကို စားပွဲပေါ်ချပေးပြီး ပုဖန်သည် စားရမည့်လူကို ကိုယ့်ဘာသာဆုံးဖြတ်ရန် အချက်ပြုလိုက်သည်။
ထို့နောက် သူသည် မီးဖိုချောင်ထဲဝင်၍ဆက်လက်ချက်ပြုတ်နေလိုက်သည်။
ထမင်းစားပွဲပေါ်ရှိလူများ အချင်းချင်းပြန်ကြည့်လိုက်ကြသည်။
ဘယ်သူက ပါပီလီယွန်အသားကင်ကို ပထမဆုံးစားမှာလဲ...
အမှန်တိုင်းပြောရလျှင် မိုထျန်းကျီ ထိုဟင်းပွဲကိုပထမဆုံးစားချင်နေသည်။ သူသည် ပိုက်ဆံဖြင့်ဝယ်စားသူဖြစ်၍ သူ့တွင်အခွင့်အရေးပိုရှိ
သို့သော် သူ့လက်ကိုပင်ဆန့်မထုတ်ရသေးမှီ ခွေးဘုရင်၏ အမွှေးထူထူလက်များက အုပ်ဆောင်းပေါ်ကိုဖိလိုက်သည်။
မိုထျန်းကျီ တောင့်ခဲသွားပေသည်။
ခွေးဘုရင်သည် မိုထျန်းကျီကိုမျက်စောင်းထိုးလိုက်ပြီး ထိုမျက်စောင်းက မိုထျန်းကျီ၏ခန္ဓာကိုယ်တစ်ခုလုံးကို ကြက်သီာထသွားစေသည်။
ချီးပဲ... ဒီခွေးက အရှက်ကိုမရှိဘူး....
"ခွေးဘုရင်ပထမဆုံးစားမယ်..."
ဘလက်ကီ၏ နူးညံ့၍ဆွဲဆောင်မှုရှိသောအသံထွက်ပေါ်လာသည်။
မိုထျန်းကျီ မကျေမနပ်ဖြစ်မိသော်လည်း ဘာမှမလုပ်ရဲပေ။ အဆုံးတွင် သူ့ရှေ့တွင်ရှိသောလူသည် ခွေးဘုရင်ဖြစ်နေသည်လေ။
ဒဏ္ဍာရီများအရဆိုလျှင် ထိုခွေးဘုရင်သည် ငရဲဘုရင်ထပ်ပိုမြင့်သော တည်ရှိမှုဖြစ်ပေသည်။ ထိုအရာတင်သာမက သူသည် ထိုခွေးဘုရင်ကိုမနိုင်နိုင်ချေ။ ထို့ကြောင့် မိုထျန်းကျီသည် ခွေးဘုရင်၏ဖိအားအောက်တွင် အရှုံးပေးလိုက်ရတော့သည်။
ခွေးဘုရင်၏ အမွှေးထူထူလက်များသည် အုပ်ဆောင်းကိုဖယ်လိုက်သည်။
နဂါးအသား၏မွှေးရနံ့ထွက်ပေါ်လာကာ ခွေးဘုရင်ကို သွားရည်ယိုသွားစေသည်။
ကလင့် ကလန့်
ခွေးဘုရင် ခက်ရင်းနှင့်ဓားကိုသုံး၍ အနည်းငယ်မျှဖြတ်တောက်ကြည့်သော်လည်း သူ့ပါးစပ် ချက်ချင်းပင် ရှုံ့မဲ့သွားတော့သည်။ သူ၏ခွေးလက်ဖဝါးနုနုလေးသည် ထိုပစ္စည်းများကိုလုံးဝမသုံးနိုင်ပေ။
ပုဖန်ဆိုတဲ့ကောင်လေးကတော့ ဒါကိုတမင်လုပ်တာနေမှာ...
ပါပီလီယွန်အသားကင်ကိုစားရင် ကျက်သရေရှိရှိပြုမူရမယ်တဲ့... ကျက်သရေရှိတာက စားလို့ရလို့လား.....
ခွေးဘုရင် သူ၏လက်ဖဝါးကိုသုံးကာ ခက်ရင်းနှင့်ဓားကိုဘေးသို့ဖယ်လိုက်သည်။ ပါးစပ်ဖွင့်ပြီး ပါပီလီယွန်အသားကင်ကို ကိုက်ဝါးလိုက်သည်။
ခွေးဘုရင်ဝါးလိုက်သည်နှင့် သူ့ပါးစပ်ထဲရှိ ပါပီလီယွန်အသားကင်၏အရသာသည် ခွေးဘုရင်၏မျက်လုံးများကို တောက်ပသည်ထက်တောက်ပလာစေသည်။
အခြားသူများက ပါပီလီယွန်အသားကင်ကိုကြည့်ရင်း တံတွေးမြိုချနေကြသည်။ အရမ်းမွှေးတာပဲ....
မိုထျန်းကျီ အော့နှလုံးနာသလိုခံစားနေရသည်။ သူ သလင်းကျောက်တစ်သန်းပေးဝယ်ရသော အသားတစ်ပိုင်းကို ခွေးတစ်ကောင်ကိုက်စားနေသည်ကိုမြင်နေရပေသည်။ ထိုအချိန်တွင် သူ့နှလုံးသားကိုလည်း ခွေးကိုက်နေသည်ဟုပင်ခံစားလိုက်ရသည်။
၎င်းသည် အလွန်နာကျင်ရကာ သူ့မျက်လုံးထဲမှမျက်ရည်များကျဆင်းလာတော့သည်။
ဒါ သဘာဝ သယံဇာတပစ္စည်းတွေကိုဖြုန်းတီးနေတာပဲ...
ခွေးဘုရင် ပျော်ပျော်ရွှင်ရွှင်စားနေသည်ကိုမြင်ရသောအခါ ငရဲဘုရင်၏နှလုံးသားထဲတွင် မလိုမုန်းတီးမှုများပြည့်နှက်သွားပေသည်။ ပါဝင်ပစ္စည်းတစ်ခုလုံးကို သူယူလာရပြီး အဆုံးမှာ သူကတစ်ကိုက်တောင်စားခွင့်မရှိဘူး။ ထိုခွေးငပျင်းကကြတော့မှမလုပ်ပဲ အသားတစ်ပိုင်းလုံးစားခွင့်ရနေတယ်။
မတရားလိုက္တာ...
ငရဲဘုရင်အာဟ အလွန်ဒေါသထွက်သွားသည်။
ရုတ်တရက် သူ့မျက်လုံးများတောက်ပလာသည်။ အကယ်၍သူသာ ပါပီလီယွန်နည်းနည်းလောက်ထပ်ဖမ်းခဲ့ရင် ပြေလည်သွားမှာမဟုတ်ဘူးလား...
ငရဲဘုရင်အာဟ သူရုတ်တရက်ရလာသောစိတ်ကူးကြောင့် စိတ်လှုပ်ရှားလာသည်။
ခဏချင်းပင် ခွေးဘုရင်သူ့ပါးစပ်ထဲတွင်ဝါးနေသော ပါပီလီယွန်အသားကင်ကိုကြည့်ကာ ဆံပင်များပင်လွင့်ပျံလာအောင် လှည့်ထွက်သွားလိုက်သည်။
ထိုအချိန်တွင် ပုဖန် မီးဖိုချောင်ထဲမှထွက်လာပြီး ပါပီလီယွန်အသားကင် အပိုင်းများကိုယူလာသည်။
စုစုပေါင်း အသားပိုင်းခြောက်ပိုင်းရှိကာ သူတစ်ပိုင်းစားပြီးပြီဖြစ်၍ ကျန်ငါးပိုင်းဖြင့် ကျန်သူငါးယောက်ကိုကျွေးနိုင်လေသည်။
ထိုသူများမှာ နယ်သာရီ၊ခွေးဘုရင်၊ပန်းပွင့်လေး၊ချူချန်းရှန်နှင့် ကောင်းကင်ဘုံလျှို့ဝှက်သူတော်စင်ဂိုဏ်းချုပ်တို့ ငါးယောက်ဖြစ်သည်။
သို့သော် ကောင်းကင်ဘုံလျှို့ဝှက်သူတော်စင်ရဲ့အသားပိုင်းက သလင်းကျောက်နဲ့ဝယ်ထားရဖြစ်သည်။
ပုဖန် ထိုနေရာတွင် သိမြင်မှုရေခဲမီးလျှံဝိုင် တစ်ခွက်ထည့်လိုက်သည်။ ယင်းသည် မိုထျန်းကျီကိုအတော်လေးစိတ်လှုပ်ရှားသွားစေသည်။
ဝိုင်ကောင်းဆိုတာ အသားကောင်းနဲ့ဘက်ပဲ...
မိုထျန်းကျီအသားကင်ကိုစားလိုက်သည့်အချိန်တွင် လုံးဝအံ့အားသင့်သွားပေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး အသားရည်များ၏အရသာကြားတွင် နစ်မြုပ်သွားတော့သည်။
…
ပေါက်ကွဲသံများစွာ၏ကြားတွင် အသံတစ်သံထွက်ပေါ်လာသည်။
အစားကြူးတောင်ကြားအပြင်ဘက်၊ မိုင်ပေါင်းရာချီဝေးသောနေရာတွင်...
မြို့တစ်မြှို့ဖျက်ဆီးခြင်းခံရပြီး မြို့နံရံများပြိုကျနေသည်။ စစ်ပွဲမီးတောက်များနေရာအနှံ့တွင်ပျံ့ကြဲနေပြီး အနက်ရောင်မီးခိုးများက နေရာအနှံ့တွင်လွင့်ပျံနေသည်။
မြို့တော်အတွင်းတွင် ငရဲကမ္ဘာသက်ရှိများစွာသည် လူများကိုသတ်ဖြတ်နေကြပြီး သွေးစိမ်းရှင်ရှင်ပန်းထွက်နေသည်။
ထိုသတ္တဝါများသည် မြို့များကို အားသုံး၍ဖျက်ဆီးရန် ပျက်သုဉ်းခြင်းအကျဉ်းထောင်မှစေလွှတ်လိုက်သည့် သတ္တဝါများဖြစ်ပေသည်။ ယင်းကြောင့် မြို့သည် စစ်ပွဲအတွင်းတွင်ပျက်ဆီးသွားခဲ့ခြင်းဖြစ်သည်။
နတ်ဆိုးများသည် စိတ်လှုပ်တရှားဟိန်းဟောက်နေကြပြီး ပုန်းကွယ်နဂါးတိုက်ကြီးရှိလူများကို အဆက်မပြတ် သတ်ဖြတ်နေကြသည်။
ကောင်းကင်ယံတွင် ကြီးမားသောနတ်ဆိုးနဂါးကြီးသည် ၎င်း၏အသားထူထူအတောင်ပံများကို တဖျပ်ဖျပ်ခတ်ကာပျံသန်းနေလေသည်။
နတ်ဆိုးနဂါးကြီးသည် နဂါးဥများသယ်ယူပို့ဆောင်ခြင်းနှင့် နတ်ဆိုးအမှတ်အသားသစ်ပင်များကို ပျံ့ပွားစေခြင်းသာမကာ မြို့များကိုတိုက်ခိုက်ရန်ပင် တာဝန်ယူနိုင်ပေသည်။ ကြီးမားသောနတ်ဆိုးနဂါးကြီးနှင့် ၎င်း၏ တိုက်ခိုက်ရေးစွမ်းအင်များသည် အလွန်အမင်းကြောက်မက်ဖွယ်ကောင်းပေသည်။
ထိုနဂါးကြီးမြို့ကိုတိုက်ခိုက်သောအခါ မည်သူမျှမခုခံနိုင်ခဲ့ပေ။
ဝေါင်း
ပါပီလီယွန် သည် ၎င်း၏အတောင်ပံကြီးများကိုလှုပ်ရမ်းနေပြီး ၎င်း၏ဟိန်းသံတစ်ချက်သည် တစ်မြို့လုံးကိုတုန်ခါသွားစေသည်။
နယ်မြေတစ်ခုလုံးတွင် အော်ဟစ်ငိုယိုသံများဖုံးလွှမ်းသွားတော့သည်။
ပျက်သုဉ်းခြင်းအကျဉ်းထောင်၏တပ်ဖွဲ့သည် မြို့ကို သရဲမြို့တော်အဖြစ်ပြောင်းလဲနေသည့်အလား တုံ့ဆိုင်းမှုမရှိပဲသတ်ဖြတ်နေကြသည်။
ရုတ်တရက် ပုံရိပ်တစ်ခုလျှင်မြန်စွာပြေးလာပြီး လေပေါ်တွင်ပျံဝဲနေသည်။
၎င်းသည် ပြောင်လက်တောက်ပနေသောဆံပင်အနက်များဖြင့်လူတစ်ယောက်ဖြစ်သည်။ သူ၏မျက်နှာသည် ချောမောခန့်ညားကာ စိုးရိမ်မှုအနည်းငယ်ဖြစ်ပေါ်နေသည်။
မြို့တံတိုင်းပေါ်တွင် ပျံဝဲနေကာ မျက်လုံးများကိုရွေ့လျားလိုက်ပြီး လေထဲရှိ ကြီးမားသည့်ပါပီလီယွန်ပေါ်သို့ကျရောက်သွားသည်။
"နောက်ဆုံးတော့ရှာတွေ့ခဲ့ပြီ.... ပျက်သုဉ်းခြင်းအကျဉ်းထောင်ကကောင်တွေမှာ နည်းလမ်းတွေတော့ရှိသားပဲ...ပါပီလီယွန်ဥတွေကိုသုံးပြီး နတ်ဆိုးအမှတ်အသားသစ်ပင်ကို ပျိုးပင်ပေါက်အောင်လုပ်ပြီး ပျက်သုဉ်းခြင်းအကျဉ်းထောင်ကတပ်တွေကို နတ်ဆိုးအမှတ်အသားသစ်ပင်တွေသုံးပြီး တပ်ဖြန့်နေတာပဲ..."
ငရဲဘုရင်အာဟ လက်ပိုက်လိုက်ပြီး အပျက်အဆီးများနှင့်ပြည့်နှက်နေသော မြို့ကြကိုကြည့်လိုက်ပြီး အသာအယာ သက်ပြင်းချလိုက်သည်။
သူ ပတ်ပတ်လည်ကိုလျှောက်ကြည့်လိုက်သည်။
ဤသည်မှာ ပုန်းကွယ်နဂါးတိုက်ကြီး၏ ကပ်ဘေးဖြစ်သည်။ သူဝင်ရောက်မစွက်ဖက်သင့်ပေ။
သူ့ရည်ရွယ်ချက်သည် ပါပီလီယွန်သာဖြစ်၍ အခြားအရာများကသူနှင့်မဆိုင်ပေ။
ထို့ကြောင့် ငရဲဘုရင်အာဟသည် ပါပီလီယွန်ရှေ့တွင် ပျံဝဲနေလိုက်သည်။
ပါပီလီယွန်သည် သူ့ရှေ့ရှိ လူသေးသေးလေးကိုကြည့်လိုက်ပြီး ပါးစပ်ဖွင့်၍ နားကန်းလုမတတ်ကျယ်လောင်သောအသံကိုထုတ်လွှတ်လိုက်သည်။
ထိုဟိန်းသံသည် လေပြင်းတစ်ခုဖြစ်ပေါ်စေပြီး ငရဲဘုရင်အာဟ၏ဆံပင်များကိုလွင့်ပျံ သွားစေသည်။
ငရဲဘုရင်အာဟသည်၏ပုံရိပ် ပျောက်ကွယ်မသွားခင် ပါပီလီယွန်ကို တည်တည်ငြိမ်ငြိမ်ကြည့်လိုက်သည်။ ခဏအကြာတွင် သူသည်ပါပီလီယွန်၏ ခေါင်းပေါ်တွင်မတ်တတ်ရပ်နေပြီဖြစ်သည်။
ငရဲဘုရင်၏ခန္ဓာကိုယ်မှကြောက်မက်ဖွယ်ဖိအားထွက်ပေါ်လာပြီး ပါပီလီယွန်၏ လှုပ်ရှားမှုများကို ရပ်တန့်သွားစေသည်။ ငရဲဘုရင်အာဟသာ သူ၏အော်ရာကိုမထိန်းထားပါက ထိုနဂါးငတုံးသည် မြေပြင်ပေါ်တွင်ပြားပြားဝပ်နေပြီဖြစ်သည်။
"လိမ္မာလိုက်စမ်းပါ... ဒီဘုရင်က မင်းကိုစားကောင်းတာတွေစားဖို့ခေါ်သွားပေးမယ်..."
ငရဲဘုရင်အာဟ ပါပီလီယွန်၏ခေါင်းကိုပွတ်ပြီး ငြင်ငြင်သာသာပြောလိုက်သည်။
ပါပီလီယွန် တောင့်ခဲသွားသည်။
ခဏအကြာတွင် လေဟာနယ်ပွင့်ဟသွားသည်။
ပါပီလီယွန်နှင့် ငရဲဘုရင်အာ၏ ပုံရိပ်သည် ထိုလေဟာနယ်ကိုနင်းလိုက်ပြီး ပျောက်ကွယ်သွားလေသည်။
ပျက်သုဉ်းခြင်းအကျဉ်းထောင်ရှိ စစ်သည်များအားလုံးသည် ပါပီလီယွန်ဘယ်လိုပျောက်ကွယ်သွားမှန်းပင်မသိပဲ ဆွံ့အသွားကြသည်။
သို့သော် ပါပီလီယွန်ပျောက်ကွယ်သွားသော်လည်း စစ်ပွဲကပြီးဆုံးခြင်းမရှိသေးပေ။ သတ်ဖြတ်သံများသည် ကောင်းကင်ယံကိုဖြတ်သန်းဆက်လက်ထွက်ပေါ်နေသည်။
တိုက်ကြီး၏တစ်ထောင့်တစ်နေရာတွင် ကြောက်မက်ဖွယ်စစ်ပွဲများစွာဖြစ်ပွားနေသည်။
…
ပုဖန်ထိုင်ခုံ ဆွဲယူ၍ထိုင်ကာ စားသောက်ဆိုင်ပေါက်ဝတွင် အနားယူနေပေသည်။
တံခါးအပြင်ဘက်ရှိ ကောင်းကင်ယံမှသွေးနီရောင်နှင်းများသည် ငှက်မွှေးများကဲ့သို့ကျဆင်းနေသည်။ ၎င်းသည် မြေပြင်ပေါ်ကို ချည်သားအင်္ကျီတစ်ထည်ဖြင့်လွှမ်းခြုံထားသကဲ့ဖြစ်နေပေသည်။
စားသောက်ဆိုင်အထဲတွင် ကြွေပန်းကန်ကိုဓားဖြင့်ထိခတ်နေသံများကို မကြာခဏကြားနေရသည်။
ပုဖန်၏ ဂရုတစိုက်လမ်းညွှန်မှုများအောက်တွင် နယ်သာရီနှင့်အခြားသူများသည် ဓားနှင့်ခက်ရင်းအသုံးပြုရာ၌ ချောမွေ့လာတော့သည်။ခွေးဘုရင်မှလွဲ၍ အခြားသူအားလုံးသည် အသားကင်ကို ဓားနှင့်ခက်ရင်းအသုံးပြု၍ ကျက်သရေရှိရှိစားနေကြသည်။
ရုတ်တရက်
စားသောက်ဆိုင်တံခါးနှင့်မနီးမဝေးတွင် လေဟာနယ်စုတ်ပြဲသွားကာ အထဲမှ ကြီးမားသောပုံရိပ်ကြီးထွက်ပေါ်လာသည်။
၎င်းသည် ပုဖန်မနက်ကမြင်ခဲ့သော ပါပီလီယွန်နဂါးဖြစ်သည်။ သို့သော် မနက်ကတစ်ကောင်သည်သေပြီဖြစ်ပြီး ဤတစ်ကောင်သည် အသက်ရှင်နေဆဲဖြစ်သည်။
ငရဲဘုရင်အာဟသည် ပါပီလီယွန်၏ခေါင်းပေါ်မှခုန်ချကာ စားသောက်ဆိုင်ရှေ့သို့သက်ဆင်းလိုက်လေသည်။
မျှော်လင့်ချက်ပြည့်နေသောမျက်လံများဖြင့် ပုဖန်ကိုကြည့်ပြီး စိတ်လှုပ်တရှားပြောလိုက်သည်။
"ဘော်ဒါပု ဒီဘုရင်ပါဝင်ပစ္စည်းကိုနောက်တစ်ခေါက်ယူလာခဲ့တယ်... ဒီတစ်ကြိမ်တော့ ဒီဘုရင် အသားတစ်ပိုင်းစားရတော့မယ်မလား...."
စားသောက်ဆိုင်အတွင်းတွင် ကောင်းကင်လုံလျှို့ဝှက်သူတော်စင်သည် တံခါးအပြင်ဘက်ရှိစကားများကြောင့် တုန်ရီသွားပေသည်။ ခေါင်းလှည့်ကြည့်လိုက်သောအခါ ကြီးမားသည့်နဂါးကြီးကိုမြင်လိုက်ရသည်။
ကောင်းကင်ဘုံလျှို့ဝှက်သူတော်စင်ဂိုဏ်းချုပ်တောင့်ခဲသွားသည်။
ဘာလား...
ဒီနဂါးရဲ့အသားက သူစားနေတဲ့နဂါးရဲ့အသားပေါ့လေ...
ဒါ... ဒါက တိုက်ကြီးကို တိုက်ခိုက်နေတဲ့ ပျက်သုဉ်းခြင်းအကျဉ်းထောင်က နတ်ဆိုးမလား...
ထို့ကြောင့် သူသည် ထိုအသားကင်ကို စိတ်အားထက်သန်စွာစစားတော့သည်။
ငါစားနေတဲ့အသားက ပျက်သုဉ်းခြင်းအကျဉ်းထောင်က သတ္တဝါရဲ့အသားကွ...
အရမ်းအရသာရှိပြီး ကြည်နူးစရာ အစားအသောက်လေးပဲ....
ဒီနေ့တွေမှာ တိုက်ကြီးရဲ့တစ်ချို့နေရာတွေက ရေအောက်ထဲရောက်ပြီး တစ်ချို့ကမီးလောင်တိုက်သွင်းခံလိုက်ရတာ ဒီနဂါးကြောင့်လေ...
ယခုတွင် ထိုနဂါးရဲ့အသားကို မိုထျန်းကျီစားနေရသောကြောင့် မိုထျန်းကျီအလွန်အမင်းစိတ်လှုပ်ရှားသွားမိသည်။ စားပြီးနောက်တွင် ခက်ရင်းနှင့်ဓားကိုချကာ ပါးစပ်သုတ်လိုက်သည်။
ပုဖန်ဘက်လှည့်ပြီး အော်ပြောလိုက်သည်။
"ဆိုင်ရှင်ပု.. နောက်ထပ်ပါပီလီယွန်အသားကင်တစ်ပိုင်းလောက်.. ဒီအရှင်သခင်က ပျက်သုဉ်းခြင်းအကျဉ်းထောင်က ကျူးကျော်သူတွေအကုန်စားပစ်မယ်ကွ..."
…
ထိုအချိန် ကောင်းကင်ဘုံနွေဦးမြင့်မြတ်သန့်စင်နယ်မြေတွင် ခရမ်းရောင်ဆံပင်နှင့်လူချောတစ်ယောက်သည် စိတ်ဝိဉာဉ်သစ်ရွက်လှေပေါ်တွင်မတ်တတ်ရပ်နေသည်။
ထိုလှေသည်ပျံဝဲနေကာ တောက်ပသောအလင်းရောင်များကိုထုတ်လွှတ်နေသည်။
ခဏအကြာတွင် လေဟာနယ်ဆုတ်ပြဲသွားကာ အစားကြူးတောင်ကြားသို့တိုက်ရိုက်သွားလိုက်သည်။