အပိုင်း ၈၅၃
Viewers 53k

အပိုင်း ၈၅၃

လေအလင်းအင်ပါယာသို့ ရုတ်တရက်ပြန်သွားခြင်း


နောက်ဆုံးတွင် ငရဲဘုရင်အာဟ၏ ပါပီလီယွန်အသားကင်စားချင်သော ဆန္ဒလေးပြည့်သွားခဲ့သည်။


အသူရာငရုတ်အနှစ်ဆမ်းထားသော ပါပီလီယွန်အသားကင် သူ့ပါးစပ်ထဲရောက်ရှိသွားသည်နှင့် ငရဲဘုရင်အာဟသည် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ချွေးပေါက်များကျုံ့သွားသည်ဟုခံစားလိုက်ရပြီး မျက်လုံးများမှေးကျဉ်း၍ အရသာကိုခံစားနေလိုက်သည်။


၎င်းသည် အစားအသောက်ကောင်းတစ်ခု၏ အရသာမွန်ဖြင့် ကောင်းချီးပေးခံရသော ခံစားချက်တစ်ခုပင်ဖြစ်နေသည်။


ပါပီလီယွန်အသားကင်ကိုစားပြီးနောက်တွင် ငရဲဘုရင်အာဟသည် ဓားနှင့်ခက်ရင်းကို ပန်းကန်ပေါ်ပြန်ချကာ ထိုင်ခုံပေါ်မှီထိုင်လိုက်သည်။ သူ့ပါးစပ်ကိုဖွင့်လိုက်ပြီး အဖြူရောင်အငွေ့များကိုထုတ်လွှတ်လိုက်သည်။


"အိုး..."


ပုဖန်သည် တံခါးပေါက်ရှေ့တွင်အနားယူနေပြီး နှင်းများကိုရှုစားနေသည်။


ကောင်းကင်ဘုံလျှို့ဝှက်သူတော်စင်ဂိုဏ်းချုပ်သည် ပါပီလီယွန်အသားကင်ကိုစားပြီးထွက်သွားပြီဖြစ်သည်။ သူ့နှလုံးသားထဲတွင်စိတ်ကျေနပ်မှုများပြည့်နှက်နေသည့်အပြင် ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေသို့ပြန်ရန်လည်းလိုအပ်နေသည်။ ယနေ့ခေတ်အချိန်တွင် ပုန်းကွယ်နဂါးတိုက်ကြီးတစ်ခုလုံး ကမောက်ကမဖြစ်နေပြီး သူသာအချိန်ကြာကြာထွက်သွားပါက မကောင်းတာတစ်ခုခုဖြစ်လာမည်ကိုစိုးရွံ့နေပေသည်။


ခွေးဘုရင်သည် စားသောက်ပြီးနောက်တွင် သိမြင်မှုလမ်းကြောင်းသစ်သီးပင်အောက်သို့ပြန်သွားပြီး အိပ်နေလိုက်သည်။


ပန်းပွင့်လေးသည် ခွေးဘုရင်ဘေးနားတွင်ထိုင်ပြီး ကျင့်ကြံနေလေသည်။


နယ်သာရီသည် ငရဲကမ္ဘာသင်္ဘောပေါ်တွင်ထိုင်နေပြီး ခြေထောက်များကိုလွှဲရမ်းနေသည်။


ချူချန်းချန်သည် ပုဖန်ဘေးရောက်နေသည်။ သူသည် ထိုင်ခုံတစ်ခုကိုဆွဲယူပြီး ပုဖန်ဘေးတွင်ထိုင်ကာ ပုဖန်နှင့်အတူ အေးအေးလူလူ ရှုခင်းကြည့်နေလိုက်သည်။


အရာအားလုံး ငြိမ်းချမ်းနေပေသည်။ 


စားသောက်ဆိုင်၏စီးပွားရေးသည် ဆက်လက်လည်ပတ်နေဆဲဖြစ်သည်။



အစားကြူးတောင်ကြား၏ဝင်ပေါက်တွင်


လေဟာနယ်အက်ကွဲသွားပြီး အထဲမှ စိတ်ဝိဉာဉ်သစ်ရွက်တစ်ရွက်ပျံထွက်လာသည်။


ခရမ်းရောင်ဆံပင်၊ ခရမ်းရောင်ဝတ်စုံဖြင့် ခန့်ညားလှသော အမျိုးသားတစ်ဦးက သင်္ဘောပေါ်တွင်ရပ်နေလေသည်။ သူ့အကြည့်များသည် စူးရှနေကာ အရာအားလုံးကိုထိုးဖောက်မြင်နိုင်သည့်ပုံဖြင့် အစားကြူးတောင်ကြားသို့ တန်းတန်းမတ်မတ်ကြည့်လိုက်သည်။


သူအစားကြူးတောင်ကြားသို့ ဒုတိယအကြိမ်လာရောက်ခြင်းဖြစ်သည်။ ပထမအကြိမ်သည် သူ၏ကိုယ်ပွားကိုသာစေလွှတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုအကြိမ်တွင် သူ၏ကိုယ်ပွား အရှက်ကွဲမှုဖြင့်ကြုံခဲ့ရသည်။


သူဤနေရာကို ပစ္စည်းတစ်ခုယူလာခဲ့သည်။ သို့သော် ယခုအကြိမ် လာရောက်ရခြင်းသည် ပထမတစ်ကြိမ်လာရောက်ခြင်းနှင့် ရည်ရွယ်ချက်မတူတော့ပေ။ 


မတိုင်မီက သူသည် သူ၏ကျင့်ကြံခြင်းအဆင့်တိုးတက်ရန် အစားကြူးတောင်ကြား၏အမွေအနှစ်ကိုရယူနိုင်ရန် မျှော်လင့်ခဲ့သည်။ သူကျရှုံးခဲ့ရပြီး ကောင်းကင်ဖြတ်ကျော်အတိဒုက္ခမတိုင်ခင် သူ၏ကျင့်ကြံခြင်းအဆင့်ကိုမမြင့်တင်နိုင်ခဲ့တော့ပေ။


သို့သော် ယနေ့တွင် သူသည် အစားကြူးတောင်ကြား၏အမွေအနှစ်ကိုမလိုအပ်တော့ချေ။


ကျောက်ခရမ်းအကြီးအကဲသည် လက်မြှောက်လိုက်ပြီး သူ့လက်ဖဝါးပေါ်တွင်လည်ပတ်နေသောအရာကိုကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားတော့သည်။


"အစားကြူးတောင်ကြားထဲမှ ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ရဲ့ စွမ်းအင်တွေကိုအာရုံခံမိတယ်.... မြန်မြန်သွားဖျက်ဆီးကြစမ်း..."

နတ်ဆိုးမျက်လုံးသည် မျက်တောင်ခတ်သွားကာ အိုမင်း အက်ကွဲနေသောအသံတစ်ခုကိုထုတ်လွှတ်လိုက်သည်။


"ဘာလို့စိတ်မရှည်ဖြစ်နေရတာလဲ... စိတ်ရှည်ရှည်ထားစမ်းပါ..."

ကျောက်ခရမ်းအကြီးအကဲက သူ့လက်ထဲတွင်ရှိသော နတ်ဆိုးမျက်လုံးကို တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။ ထို့နောက် လက်ဖဝါးကိုဆုပ်လိုက်ပြီး နတ်ဆိုးမျက်လုံး၏ အသံကိုပျောက်ကွယ်သွားစေလိုက်သဘ်။


အစားကြူးတောင်ကြားထဲတွင် အဝတ်စုတ်ဖြဲခံလိုက်ရသော သန့်စင်နယ်မြေမှလူများသည် မကြည်မလင်မျက်နှာထားဖြင့်ကြည့်နေကြသည်။


ထိုသို့ ဖြစ်ရသော အကြောင်းနှင့်ပတ်သတ်ပြီး ကျောက်ခရမ်းအကြီးအကဲလည်းနားလည်ပေသည်။ ထို့ကြောင့် ယခုအချိန်တွင် အစားကြူးတောင်ကြားနှင့်ပတ်သတ်သောအရာအားလုံးကို အာရုံစိုက်နေရခြင်းဖြစ်သည်။


သူသည် ငရဲကမ္ဘာမှာသတ္တဝါတိုင်းကို သုတ်သင်ရန် အော်ဟစ်အမိန့်ပေးခဲ့ရပြီး သူတို့၏သန့်စင်နယ်မြေမှကျင့်ကြံသူများကို ထိုသတ္တဝါများကို အရူးအမူးသတ်ဖြတ်ရန် ပြောခဲ့သူဖြစ်သည်။ သို့သော် သူသည် အစားကြူးတောင်ကြားထဲ၌ အရှက်ကွဲလိမ့်မည်ဟု မည်သူကထင်မည်နည်း။


အစားကြူးတောင်ကြားထဲတွင် ငရဲကမ္ဘာသတ္တဝါများနေထိုင်နေကြသော စားသောက်ဆိုင်တစ်ဆိုင်ရှိနေပေသည်။


သူ့လက်အောက်ငယ်သားများ၏ အဝတ်များကို ဆုတ်ဖြဲပစ်ပြီး သူတို့ကိုကန်ထုတ်နိုင်သည်ဆိုပါက ထိုသူများက ထင်သလောက်မရိုးရှင်းနိုင်ပေ။


သိထားရမည်မှာ သူ၏လက်အောက်ငယ်သားများထဲတွင် ဂိုဏ်းတည်ထောင်သူအဆင့်ရှိသူများပင်ရှိနေခြင်းဖြစ်သည်။


ဂိုဏ်းတည်ထောင်သူအဆင့်ရှိကျင့်ကြံသူများသည် နတ်ဘုရားမီးတောက်ကိုထွန်းညှိပြီးသူများဖြစ်သည်။ ဂိုဏ်းတည်ထောင်သူအဆင့်ရှိလူတစ်ယောက်သည် နတ်ဘုရားမီးတောက်တစ်မျိုးတည်းကိုသာထွန်းညှိပြီးခဲ့သည်နှင့် အစားကြူးတောင်ကြားတစ်ခုလုံးကပင် ထိုလူကိုအနိုင်မတိုက်နိုင်တော့ချေ။


သို့သော် အဆုံးတွင် သူသည် အဝတ်များစုတ်ဖြဲခံရပြီး ရှက်ရွံ့စွာပြန်လာခဲ့ရသည်။


ထ်ုကြောင့် ယခုကိစ္စကို ကျောက်ခရမ်းအကြီးအကဲက အလွန်လေးလေးနက်နက်ဖြစ်နေရခြင်းဖြစ်သည်။


သူသည် လှေပေါ်မှ ဖြေးဖြေးချင်းဆင်းလိုက်သည်။ လက်ပိုက်ထားပြီး အစားကြူးတောင်ကြားကိုကြည့်လိုက်သည်။


အမှန်တကယ်တွင် သူသည် ထိုငရဲကမ္ဘာသတ္တဝါများကို အနည်းငယ်ကြောက်ရွံ့နေပေသည်။ သို့သော် သူ၏ လုပ်နိုင်စွမ်းနှင့် စွမ်းရည်အရ အစားကြူးတောင်ကြားထံမှ လေးစားမှုကိုရသင့်လေသည်။


မြို့တံခါးရှေ့တွင် တံခါးစောင့်များက အော်ဟစ်၍ သူ့ကိုဟန့်တားကြသော်လည်း ကျောက်ခရမ်းအကြီးအကဲသည် လက်တစ်ချက်သာဝေ့ယမ်းလိုက်သည်။ ခရမ်းရောင်အစစ်အမှန်စွမ်းအင်များထွက်ပေါ်လာပြီး တံခါးစောင့်များကိုလွင့်ပျံသွားစေကာ ဒဏ်ရာအပြင်းအထန်ရသွားစေသည်။


သူ မည်သူ့ကိုမှမသတ်သော်လည်း သူ့ကိုဆန့်ကျင်သူများအားလုံး ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားရပေမည်။


ထိုနတ်ဆိုးမျက်လုံးနှင့်ပေါင်းစပ်လိုက်ပြီးနောက်တွင် သူ၏ဒေါသများ ပို၍ပို၍ပြင်းထန်သည်ဟု ကျောက်ခရမ်းအကြီးအကဲကခံစားနေရပေသည်။


သူ့နှလုံးသားထဲတွင် ပြင်းပြသောသတ်ဖြတ်လိုစိတ်များဖြင့် ဖုံးလွှမ်းနေပြီဖြစ်သည်။



နီယန်နိုးထလာသည်။ သူမမျက်လုံးဖွင့်လိုက်ပြီး အိပ်ရာပေါ်မှဖြေးဖြေးချင်းထလိုက်သည်။ 


သူမ၏လက်များပေါက်ကွဲတော့မည်ဟုခံစားနေရသည်။ လေးလံလွန်းသည်မှာ ရေထဲသို့နစ်မြုပ်သင်္ဘောတစ်စင်းလိုပင်ဖြစ်နေသည်။


အခန်းထဲမှထွက်ပြီး လှေကားထစ်မှတစ်ဆင့် အောက်သို့ဆင်းလိုက်သည်။ ဤရက်ပိုင်းတွင် သူမသည် ယခုကဲ့သို့ အခြေအနေကိုကြုံနေရသည်။ နေ့တိုင်း သူမသည် ဆယ့်လေးသို့မဟုတ်ဆယ့်ငါးနာရီမျှအိပ်စက်ရပြီး ခဏပြန်နိုးလာပြီး နောက်တစ်ကြိမ်ပြန်အိပ်ပျော်သွားတတ်သည်။


အဘယ်ကြောင့်ဆိုသော် ကြယ်စွမ်းအင်များက နီယန်ကို အလွန်အမင်း အိပ်ချင်စေသောကြောင့်ဖြစ်သည်။


စားသောက်ဆိုင်ထဲဝင်လိုက်ပြီး ဆိုင်ရှင်ပုကိုနှုတ်ဆက်ကာ အကျင့်အတိုင်းသူ့ဘေးကထိုင်ခုံကိုဆွဲယူ၍ထိုင်လိုက်သည်။


ပုဖန်ခေါင်းမော့လိုက်ကာ နီယန်၏ လှပသောမျက်နှာလေးကို အမှုမဲ့အမှတ်မဲ့ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်များတွန့်ကွေးသွားတော့သည်။


"ဒီနေ့ကော ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်နဲ့ပတ်သတ်တဲ့ မှတ်ဉာဏ်တွေကိုမှတ်မိပြီလား...."


နီယန်သည် သူမဘာမှမမှတ်မိပါဘူး ဟူသောမျက်နှာအမူအယာဖြင့်ခေါင်းခါလိုက်သည်။ သူ့မှတ်ဉာဏ်ထဲတွင်ထိုအကြောင်းနှင့်ပတ်သတ်၍ အရိပ်အယောင်မျှပင်မရှိချေ။


၎င်းသည် ပုဖန်ကိုအနည်းငယ် စိုးရိမ်သွားစေသည်။အချိန်အလွန်ကြာနေပြီဖြစ်ပြီး နီယန်ဘယ်အချိန်မှ ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်အကြောင်းမှတ်မိလာမည်ဟု သူမသိတော့ပေ။ 


"စနစ် မင်းမှာဒီအမျိုးသမီးကို ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်အကြောင်း သတိပြန်ရအောင်လုပ်နိုင်မယ့် နည်းလမ်းတွေများရှိလား...."

ပုဖန် စနစ်ကို စိတ်ထဲက မေးလိုက်သည်။


စနစ်ရဲ့ စွမ်းရည်နဲ့ဆိုရင် နည်းလမ်းအချို့တော့ရှိမှာပါ.. ဟုတ်တယ်မလား...


မျှော်လင့်ထားသည့်အတိုင်း စနစ်သည်အချိန်ခဏလောက်ဘာမှပြောမလာပေ။ ၎င်းက ပုဖန်၏စိတ်ကို တောက်လောင်သွားစေသည်။


စနစ်က ချက်ချင်းပြောမလာပါက နည်းလမ်းတစ်ခုရှိသည်ဟုဆိုလိုခြင်းဖြစ်သည်။


"ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ရဲ့စွမ်းအင်တွေက ဒီအမျိုးသမီးရဲ့မှတ်ဉာဏ်ထဲမှာ ချိတ်ပိတ်ခံထားခြင်းရတယ်... ချိတ်ပိတ်ထားတာကိုဖြည်ချင်ရင် သူမရဲ့မှတ်ဉာဏ်တွေထဲကနေစပြီးဖြိုခွဲရမယ်... ဒါမှပဲ ဒီအမျိုးသမီးရဲ့ ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ကိုထိန်းချုပ်နိုင်စွမ်းကို အသက်သွင်းနိုင်လိမ့်မယ်...."


ပုဖန် မျက်မှောင်ကြုတ်မိသွားသည်။


မှတ်ဉာဏ်တွေကနေစရမယ်... ဘယ်ကနေဘယ်လိုစလိုက်ရမှာလဲ...


ရုတ်တရက် စနစ်၏အသံထွက်ပေါ်လာပြီး ပုဖန်ကို တောင့်ခဲသွားစေသည်။


"ယာယီတာဝန်ကိုကြေငြာပါမယ်... နီယန်ရဲ့မှတ်ဉာဏ်တွေကိုပြန်ရအောင်ကူညီပြီး ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ကိုထိန်းချုပ်နိုင်ဖို့ကူညီပါ... 

ရရှိမည့်ဆုလာဘ် : သင်၏ ဆိုင်ခွဲများကိုဆက်သွယ်နိုင်သည့် ထာဝရတည်ရှိသည့် တည်နေရာရွှေ့ပြောင်းတံခါး၊ နတ်ဘုရားအဆင့်ချက်ပြုတ်ရေး ပစ္စည်း အပိုင်းစ"


ရုတ်တရက်ကြီး ယာယီတာဝန်ကိုကြေငြာလိုက်တာလား...


ပုဖန်အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

ဘယ်လိုလုပ်ပြီး ယာယီတာဝန်ကိုရုတ်တရက်ကြီးကြေငြာလိုက်ရတာလဲ...


ဒါ့အပြင် ယာယီတာဝန်ကနည်းနည်းထူးဆန်းနေတယ်... နီယန် ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ကိုထိန်းချုပ်နိုင်ဖို့ သူမရဲ့မှတ်ဉာဏ်တွေပြန်ရအောင်လုပ်ပေးရမှာတဲ့လား....


ထိုတာဝန်ကပုကိုအနည်းငယ် အံ့အားသင့်သွားစေသည်။ သို့သော် အဓိကအချက်ကိုသိလိုက်သည်။


စနစ်သည် သူ့ကို နီယန်ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ကိုထိန်းချုပ်နိုင်ရန် ကူညီခိုင်းသည်။ ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ကိုထိန်းချုပ်နိုင်ရန် နီယန်၏မှတ်ဉာဏ်ကိုအရင်ဆုံးရှာဖွေပေးရပြီး ကြယ်စွမ်းအင်များကိုထုတ်လွှတ်စေရန် လှုံ့ဆော်ပေးရမည်ဖြစ်သည်။


ပုဖန် မေးစေ့ပွတ်လိုက်ပြီး နီယန့်ကိုတစ်ချက်ကြည့်လိုက်သည်။


ပုဖန်သည် တာဝန်ထက် ဆုလာဘ်ကိုသာစိတ်ဝင်စားမိနေသည်။


သူ့ရဲ့ဆိုင်ခွဲတွေကိုသွားဖို့ ထာဝရတည်ရှိသော.. တည်နေရာရွေ့ပြောင်းတံခါးပေါက်တဲ့ ဘာကိုဆိုလိုတာလဲ


ယခုအချိန်တွင် ပုဖန်၌ စားသောက်ဆိုင်သုံးဆိုင်ရှိနေပြီဖြစ်သည်။ ပထမတစ်ဆိုင်သည် တောင်ပိုင်းဒေသရှိ လေအလင်းအင်ပါယာမှ ဖန်ဖန်ဆိုင်ငယ်လေးဖြစ်သည်။


ဒုတိယတစ်ဆိုင်သည် ဆေးမြို့တော်ရှိ မြူခိုးကောင်းကင်မြို့မှ တိမ်ခိုးစားသောက်ဆိုင်ဖြစ်သည်။


နောက်ဆုံးဆိုင်ဆိုင်သည် အစားကြူးတောင်ကြားတွင်ဖွင့်ထားသော ထောင်တျဲစားသောက်ဆိုင်ဖြစ်လေသည်။


စားသောက်ဆိုင်သုံးဆိုင်သည် တစ်ချိန်တည်းတွင်လည်ပတ်နေပြီး ပုဖန်၏ကျင့်ကြံဆင့်မြင့်မားလာစေရန် ဝင်ငွေများကိုထောက်ပံ့နိုင်နေသည်။


သူ့ရဲ့ဆိုင်ခွဲတွေကိုဆက်သွယ်ပေးတဲ့ ထာဝရပို့ဆောင်ဆက်သွယ်ရေးဆံခါးနဲ့ဆိုရင် သူ့ရဲ့ဆိုင်ခွဲတွေကိုအခက်အခဲမရှိသွားနိုင်ပြီလို့ဆိုလိုတာမလား...


ဒါဆိုတော်တော်အဆင်ပြေတာပဲ...


"စနစ်မှအသိပေးချက် ယာယီတာဝန်တစ်နာရီတွင်းမှာစပါမယ်... ပိုင်ရှင် အသင့်ပြင်ထားပါ..."

စနစ်က လေးလေးနက်နက်ပြောလိုက်သည်။


ပုဖန်တောင့်ခဲမိသွားပြန်သည်။


ယာယီတာဝန်ကိုတစ်နာရီအတွင်းစမယ်တဲ့လား... ဘာလို့ ချက်ချင်းကြီးလဲ... ဒီစနစ် ဘာ‌ေ-ာက်ချိုးချိုးတာလဲ...


ပုဖန် အနည်းငယ်စိတ်ရှုပ်ထွေးသွားသည်။ ထိုင်ခုံပေါ်မှရပ်လိုက်ကာ စနစ်ပြောသမျှအားလုံးနားလည်သွားပြီဖြစ်၍ သက်ပြင်းတစ်ချက်ချလိုက်သည်။


ဤတစ်ကြိမ် ယာယီတာဝန်သည် ပုဖန်ကိုအနည်းငယ်စိတ်လှုပ်ရှားစေသည်။ အဘယ်ကြောင့်ဆိုသော် ယခုတစ်ခေါက်တာဝန်သည် နီယန်ကိုခေါ်၍ လေအလင်းအင်ပါယာကိုပြန်သွားရန်ဖြစ်သောကြောင့် ဖြစ်သည်။


လေအလင်းအင်ပါယာ


ပုဖန် အမှတ်တရအချို့ကိုပြန်လည်အောက်မေ့သတိရသွားသည်။ 


လူများနှင့် ပစ္စည်းများစွာက သူ့မှတ်ဉာဏ်ထဲတွင်ဝေဝါးနေပြီဖြစ်သည်။ အဆုံးတွင် ပုဖန်၏ခေါင်းထဲတွင် နေ့နေ့ညည ဟင်းချက်ရန်သာရှိသဖြင့် မှတ်ဉာဏ်များဝေဝါးနေသည်မှာသဘာဝကျပေသည်။


အမှန်တကယ်တွင် ပုဖန်သည် ယခုတာဝန်ကိုမျှော်လင့်နေသည်။ သူ့အလုပ်သင်စားဖိုမှူးနှစ်ယောက်၏ အချက်အပြုတ်အဆင့်ဘယ်လောက်ရောက်နေမည်မှန်းမသိသေးချေ။


ယုတ္တိရှိရှိပြောရမည်ဆိုလျှင် သူလေအလင်းအင်ပါယာကထွက်လာတဲ့အချိန်က သူတို့ရဲ့ အဆင့်ကသူ့ထက်တောင် မနိမ့်ကျဘူးမလား....


ရှောင်ရှောင်လုံနဲ့ မြွေလူသား ယုဖူ... သူတို့ရဲ့ အချက်အပြုတ်စွမ်းရည်ကတော်တော်ကောင်းတယ်..


ထိုမျှော်လင့်ချက်သေးသေးလေးကိုဆုပ်ကိုင်ပြီး ပုဖန် အနည်းငယ်စိတ်လှုပ်ရှားနေပေသည်။


ပုဖန်သည် စားချင်တာစားပြီး၍ စိတ်သက်သာရာရသွားသည့်အမူအယာနှင့်ထိုင်နေသော ငရဲဘုရင်အာဟကိုကြည့်လိုက်ပြီး စားသောက်ဆိုင်တံခါးကို ဘမ်းကနဲပိတ်လိုက်သည်။


ချူချန်းရှန် အံ့ဩသွားတော့သည်။


"ဆိုင်ရှင်ပု ဒီနေ့ဆိုင်အစောပိတ်မလို့လား..."

ချူချန်းရှန် သိချင်စိတ်အပြည့်ဖြင့်မေးလိုက်သည်။


သို့သော် ပုဖန်သည် ဘာမှပြန်မဖြေလိုက်ပေ။ သူ့ခန္ဓာကိုယ်ကိုလှည့်ပြီး နီယန်ပခုံးကိုသာပုတ်လိုက်သည်။ ထို့နောက် သက်ပြင်းရှိုက်နေသော ချူချန်းရှန်၏အကြည့်အောက်တွင် နီယန်ကိုအပေါ်ထပ်သို့ဆွဲခေါ်သွားလိုက်သည်။


ချူချန်းရှန် ချက်ချင်းနားလည်လိုက်ကာ သူ့မျက်လုံးများတွင်စနောက်ချင်သောအရိပ်အယောင်များထွက်ပေါ်လာသည်။


ဆိုင်ရှင်ပုက.. တကယ်စိတ်မရှည်တာပဲ......


ပုဖန် အပြည့်အဝနိုးနေပုံမပေါ်သေးသောနီယန်ကိုဆွဲခေါ်ကာ သူ့အခန်းထဲသို့ခေါ်သွားသည်။


အခန်းထဲပြန်ရောက်သွားသည်နှင့် နီယန်သည် ကုတင်ပေါ်ချက်ချင်းလှဲအိပ်လိုက်သည်။


ပုဖန်သည် အလွန်ပျင်းရိနေပုံပေါက်သောနီယန်ကိုကြည့်ပြီး ပါးစပ်ပင်တွန့်သွားတော့သည်။


သူမကိုကုတင်ပေါ်ကဆွဲမပြီး ပုခုံးကကိုင်ကာပြောလိုက်သည်။

"ခဏလောက် နိုးနိုးကြားကြားနေနေစမ်းပါ... ငါမင်းကို တစ်နေရာခေါ်သွာစရာရှိတယ်..."


ဘယ်ကိုသွားရမှာလဲ...


နီယန်၏ မျက်နှာတွင်စိတ်ရှုပ်ထွေးမှုများဖြင့်ပြည့်နေသည်။


ရုတ်တရက် လေထဲတွင်ထွက်ပေါ်လာသော အဖြူရောင်အလင်းတန်းများကိုကြည့်ပြီး သူမမျက်လုံးများ ပြူးကျယ်သွားလေသည်။


အလင်းများသိပ်သည်းလာသည်။ သို့သော်ယခုအချိန်တွင် ၎င်းသည် တည်နေရာခုန်ကူးခြင်းအစီအရင်မဟုတ်တော့ပဲ အလင်းတံခါးတစ်ချပ်သာထွက်ပေါ်လာသည်။


အလင်းတံခါးပေါ်တွင် လက်ကိုင်ဖုတစ်ပင်ရှိနေသေးသည်။


ပုဖန်လည်းအနည်းငယ် အံ့ဩသွားခဲ့သည်။


ဒါက စနစ်ပြောတဲ့ သယ်ယူပို့ဆောင်ရေးတံခါးဆိုတာလား...


တကယ် အံ့ဩဖို့ကောင်းတာပဲ...


ဒါကသယ်ယူပို့ဆောင်ရေးတံခါးဆိုရင် တံခါးရဲဆန့်ကျင်ဘက်မှာ လေအလင်းအင်ပါယာရဲ့ဖန်ဖန်ဆိုင်ငယ်လေးရှိတယ်လို့ ဆိုလိုတာလား...


တကယ်သာဆိုရင် ပိုအဆင်ပြေတာပေါ့...


နီယန်သည် ယခုအချိန်တွင်အပြည့်အဝနိုးနေပြီဖြစ်သည်။ သူမပုဖန်ကိုတစ်ချက်ကြည့်လိုက်ပြီး သူမကို သူကဘယ်နေရာကိုခေါ်သွားမလဲဆိုတာ လုံးဝနားမလည်ချေ။


ပုဖန်လည်း မပြောပြသလို သူမကလည်းမမေးခဲ့ပေ။


ခဏအကြာတွင် ပုဖန်သည် အလင်းတံခါးရှေ့သို့လျှောက်သွားလိုက်သည်။ ကလင့် ဟူသောအသံဖြင့် တံခါးလက်ကိုင်ကိုခှည့်ဖွင့်လိုက်သည်။ 


အလင်းတံခါး၏နောက်တွင် ပိန်းပိတ်အောင်မှောင်နေပြီး အဆုံးမရှိအောင်နက်ရှိုင်းနေပေသည်။ ၎င်းသည် လူများကိုဝါးမျိုချနိုင်သော အာကာသတွင်းနက်ကြီးနှင့်တူနေလေသည်။


၎င်းသည်ဘာဖြစ်သွားမည်ဟု မသိနိုင်သောအနာဂတ်ဖြင့်ပြည်ြနေသောအာကာသ တွင်းနက်ကြီးနှင့်တူနေသည်။


ပုဖန်သည် နီယန်ကိုတစ်ချက်ကြည့်လိုက်ပြီး စကားတစ်ခွန်းမဆိုပဲ ထိုထဲသို့ဝင်သွားလိုက်သည်။


နီယန်သည် ခေတ္တမျှတွန့်ဆုတ်သွားပြီးမှ ပုဖန်နောက်သို့လိုက်သွားကာ တွင်းနက်ကြီးထဲသို့ဝင်သွားလိုက်သည်။ ထိုတွင်းနက်ကြီးဘယ်နေရာကိုဦးတည်နေမှန်းပင် သူမသိချေ။


သူတို့နှစ်ယောက်ဝင်သွားသည်နှင့် ကလင့်ဟူသောအသံထွက်ပေါ်လာပြီး အလင်းတံခါးကြီးက ရုတ်တရက် ဘမ်းကနဲမြည်အောင်ပိတ်သွားသည်။ ၎င်းသည် ကျယ်လောင်သောအသံတစ်ခုကိုထုတ်ဖော်လိုက်ပြီး အလင်းတန်းများကကောင်းကင်အနှံ့ပျံ့ကြဲသွားသည်။



ကြွပ်ဆတ်သောမြည်သံများထွက်ပေါ်လာပြီး ကျောက်ခရမ်းအကြီးအကဲသည် လက်ပိုက်၍ နှင်းများဖုံးလွှမ်းနေသော မြေပြင်ပေါ်လမ်းလျှောက်နေပေသည်။


ရှည်လျားသောလမ်းမကြီး၏တစ်ဖက်တစ်ချက်တွင် ဟင်းရနံ့များလွင့်ပျံနေကာ စကားပြောသံများဖြင့်ဆူညံနေသည်။ နှင်းများထူထပ်စွာကျဆင်းနေသော်လည်း အစားကြူးတောင်ကြား၏စာသောက်ဆိုင်များသည် သက်ဝင်လှုပ်ရှားနေကြဆဲဖြစ်သည်။


သို့သော် ကျောက်ခရမ်းအကြီးအကဲ၏ခြေလှမ်းများရပ်တံ့သွားပြီး သူ့လက်များပူပြင်းလာတော့သည်။ 


လက်မြှောက်ကြည့်လိုက်သောအခါ သူ့လက်ဖဝါးပေါ်ရှိ မှိတ်နေသောမျက်လုံးသည် ရုတ်တရက်ပွင့်လာကာ ဒေါသတကြီးဟိန်းဟောက်လာသည်။

"ကောင်းကင်ဘုံကြယ်ဖမ်းကွန်ရက်ရဲ့ စွမ်းအင်တွေပျောက်ကွယ်သွားပြီ...သေစမ်း... ဘာလို့ပျောက်ကွယ်သွားရတာလဲ..."


"ပျောက်ကွယ်သွားတယ်...အဲ့တာကအစားကြူးတောင်ကြားထဲမှာရှိနေတာလို့ မင်းမပြောခဲ့ဘူးလား..."

ကျောက်ခရမ်းအကြီးအကဲမျက်မှောင်ကြုတ်လိုက်သည်။


"ပျောက်သွားတာ... ရုတ်တရက်ကြီးပျောက်သွားတာကွ... မြန်မြန်သွားကြည့်စမ်း..."

နတ်ဆိုးမျက်လုံးက အော်ပြောလိုက်သည်။


ကျောကကျောက်ခရမ်းအကြီးအကဲဘာမှပြန်မပြောသော်လည် တစ်နေရာကိုခေါင်းမော့၍ကြည့်လိုက်သည်....


ထိုနေရာတွင် ထူထဲသောနှင်းများကြားတွင် ခပ်ဖြေးဖြေးလမ်းလျှောက်လာနေသော ပုံရိပ်နှစ်ခုရှိနေသည်။


ထိုပုံရိပ်နှစ်ခုသည် အလွန်ရင်းနှီးဟန်ရှိသည်။


တစ်ယောက်သည် ငယ်ရွယ်ချောမောသောလူငယ်လေးဖြစ်ကာ နောက်တစ်ယောက်သည် ကျောက်ခရမ်းအကြီးအကဲ၏ ချစ်လှစွာသောသမီးလေးဖြစ်ပေသည်။ 


ကျောက်ခရမ်းအကြီးအကဲမျက်လုံးမှေးကျဉ်းလိုက်သည်။ လက်ဖဝါးကိုပိတ်လိုက်ပြီး နတ်ဆိုးမျက်လုံးပြောလာသည်များကိုဂရုမစိုက်တော့ပဲ အဝေးမှလာနေသည့် လူနှစ်ယောက်ကိုသာစောင့်နေလိုက်တော့သည်။