အပိုင်း ၈၆၂
Viewers 62k

အခန်း ၈၆၂

 မွှေးပျံ့ဆူဖြိုးသောကင်းမြီးကောက်


နီရဲနေသည်ထိကင်ခံထားရသော ကင်းမြီးကောက်ကြီးက တော်ဝင်နန်းတော်အတွင်း၌တည်ရှိနေသည်။


အငွေ့များ တလိပ်လိပ်ထွက်နေသည်နှင့်အမျှမွှေးပျံ့သော ရနံ့သည်လည်း လှိုင်လှိုင်ထွက်ပေါ်လာသည်။


နီယန်ကထိုအရာအပေါ်တောင့်တနေသည်မှာကြာပြီဖြစ်ပြီး သူမ၏နှုတ်ခမ်းအစုံကိုဖိကပ်လျက် လည်စလုပ်လှုပ်ရှားသွားသည်ထိ တံတွေးမျိုချလိုက်မိသည်။


သူမက ထိုနီရဲနေသော ကင်းမြီးကောက်ကင်ကြီးရှေ့သို့လျှောက်လှမ်းသွားပြီး အတွေးတစ်ချက်နှင့်ပင် သူမ၏လက်တွင်းဓားရှည်တစ်ချောင်းပေါ်ထွက်လာသည်။ထိုဓားရှည်ကား ကျောက်စိမ်းကဲ့လို့ကြည်လင်စင်ကြယ်ကာ ပတ်ပတ်လည်၌ ပြိုးပြိုးပြက်ပြက်ရောင်ခြည်များ ကွန့်မြူးတောက်ပနေသည်။


ဤသည်က လက်နက်ကောင်းတစ်ခုဖြစ်သည်မှာ မေးခွန်းထုတ်စရာပင်မလိုချေ။


မည်သို့ပင်ဖြစ်စေ အနှီလက်နက်ကောင်းသည် ယခုအချိန်တွင် နီယန်၏လက်တွင်း၌ ကင်းမြီးကောက်၏ အခွံအားထိုးခွဲရန် အသုံးပြုခြင်းခံနေရသည်။


ဓားရှည်၏ အကြိမ်ကြိမ်အဖန်ဖန်ထိုးဆွမှုက မူလမာကြောသော ကင်းမြီးကောက်အခွံအားအက်ကွဲလာစေသည်။ပုဖန်၏အကင်ခံရပြီးသည့်နောက် အခွံမာမှာ .အနည်းငယ်ပျော့ပျောင်းလာခဲ့သည်ပေ။


သိပ်သည်းသော အက်ကြောင်းစိပ်စိပ်များမှသည် ဓားဖြင့်ထိုးခွဲလိုက်သော ခွပ်ကနဲမည်သံနှင့်အတူ အခွံမာပေါ်၌ကြီးမားသောအက်ကွဲကြောင်းကြီး ဖြစ်ပေါ်လာလေသည်။


ကင်းမြီးကောက်အခွံ၏ အက်ကွဲကြောင်းအတွင်းမှ တဝင်းဝင်းအရည်လဲ့နေသောဆီများစီးကျလာ၏။


သိပ်သည်းသော အသားကင်၏ရနံက ပတ်ပတ်လည်ရှိလူများအား အနည်းငယ်နစ်မြောသွားစေသည်။


နီယန်၏ မျက်လုံးများကတောက်ပလာသည်။သူမက မည်သည်ကိုမျှဂရုမစိုက်နိုင်ဖြစ်ကာ ကင်းမြီးကောက်အခွံအား ဆွဲခွာလိုက်သည်။ကျစ်ကျစ်တောက်ပူလောင်နေသော အခွံမာက သူမ၏နူးညံ့ဖြူဖွေးသော လက်ချောင်းလေးများအား အနာတရဖြစ်စေမည်ကိုပင် ဂရုမစိုက်တော့ချေ။


အခွံဖယ်ရှားခံလိုက်ရချိန် အတွင်းပိုင်းရှိနုနယ်သော ကင်းမြီးကောက်အသားတို့ လှစ်ဟလာသည်။အသား၏ အနေအထားကသင့်တင့်မျှတသော်လည်း အပေါ်ယံ၌ပန်းနုရောင်အလွှာပါးတစ်ခု ဖုံးအုပ်နေသည်မှာ အခွံ၏အပူရှိန်မျှင်းမျှင်းဖြင့်နီစွေးအောင် အရောင်ခြယ်ခံထားရသကဲ့သို့ပင်။


ကွမ်းရှောင်ယီနှင့်အခြားသူများက စုရုံးလာကြကာ သူမတို့၏ မျက်လုံးများကတောက်ပနေသည်။မွှေးပျံ့သောရနံ့အောက်တွင် လူတိုင်းက တံတွေးအနည်းငယ်မျိုချလိုက်မိကြ၏။


နတ်ဘုရားဝိဉာဉ်အဆင့် ကင်းမြီးကောက်သားရဲအား ကင်၍ထွက်လာသောရနံ့သည် လူတစ်ယောက်အား နှစ်လိုဖွယ် ထိုရနံ့အတွင်းနစ်မြုပ်သွားစေရန် စွမ်းနိုင်သည်။


ကွမ်းရှောင်ယီတို့ လူအုပ်သည် ဤသို့သောရနံ့အားမရှုရှိုက်ခဲ့ရသည်မှာ အချိန်အတော်အတန်ကြာမြင့်ခဲ့ပြီဖြစ်၏။ပုဖန် လေအလင်းအင်ပါယာမှ ထွက်ခွာသွားချိန်မှစ၍ လတ်ဆတ်မှုတို့အနည်းငယ်လစ်ဟာနေခဲ့ရသည်။


ပုဖန်ကလျှောက်လှမ်းလာပြီး သွားရည်တမြားမြားဖြစ်နေကြသော အုပ်စုကိုကြည့်၍သူ၏လက်ကိုမြှောက်ကာ တစ်ဦးချင်းစီအား အဖြူနှင့်အပြာရောစပ်ထားသော ကြွေပန်းကန်လုံးတစ်ခုစီ တွန်းပို့ပေးလိုက်သည်။


ပုဖန်က စနစ်၏သိုလှောင်နယ်မြေအတွင်း၌ လိုအပ်မည်ထင်သမျှကို ပြီးပြည့်စုံအောင်သိုလှောင်ထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမည်သည့်အချိန်မည်သည့်နေရာ၌မဆို ချက်ပြုတ်ရန် လိုအပ်လာနိုင်၍ဖြစ်ပြီး ထိုအတွေးမှာမှန်ကန်သွားပုံရ၏။


နီယန်က ပုဖန်ကမ်းပေးလာသော ပန်းကန်လုံးနှင့်တူတစ်စုံ ရရှိလိုက်သည်။လက်ထဲရှိ ပန်းကန်လုံးနှင့်တူတစ်စုံ ထို့နောက် ဆူဖြိုးမွှေးပျံ့သောကင်းမြီးကောက်အသား...၊ စိတ်ကျေနပ်မှုအတိပြီးချေသည်။


သူမကတူတစ်စုံကိုကိုင်၍ ကင်းမြီးကောက်အသားအတွင်းသို့ထိုးဆွလိုက်သည်။တူထိပ်ဖျားကအသားအတွင်းသို့အိစက်ညက်ညောစွာနစ်ဝင်သွားသောအခါ နီယန်ကအသားတစ်ဖဲ့ယူ၍ပန်းကန်လုံးအတွင်းသို့ထည့်လိုက်သည်။


ကြွေပန်းကန်လုံးပြာအတွင်းမှ ထူထပ်သောအဖြူရောင်အငွေ့များတလိပ်လိပ်ထွက်လာနေသည်။


နီယန်ကခပ်ပြင်းပြင်းရှုရှိုက်လိုက်ကာ သူမအစာအိမ်ဆီမှအသံတစ်ချို့ထွက်ပေါ်လာချေသည်။


ဂြီ...


တစ်ကိုက်ကိုက်လိုက်သည်နှင့် အသားတစ်ဖဲ့က သူမ၏ပါးစပ်အတွင်းရောက်ရှိသွားလေသည်။ အသားသည်ညက်သော်လည်း ပျော့ပြောင်းမနေ ဆီနစ်နေသော်လည်း အိချွဲနေခြင်းမရှိ။အသား၏ အနေအထားမှာ မာဆတ်မနေသလို အပူချိန်ထိန်းညှိထားသည်မှာ အနေတော်ဖြစ်ပြီး အနံ့အရသာ ထိခိုက်ခြင်းလည်းမရှိပေ။


ပါးစပ်အပြည့်ဝါးနေရင်း ကြေညက်သွားသောအသား၏ အဆီရည်တို့ကခံတွင်း၌ အနည်းငယ်လေးပင်သော အရသာဖြင့်ထုံလွှမ်းသွားစေသည်။ နဂိုမူလကအသား၏ ညှီစို့သောရနံ့က ပုဖန်ကင်လိုက်သည့်အချိန်၌ကောင်းမွန်စွာ ဖယ်ရှားခံလိုက်ရပေသည်။


ထို့ကြောင့် ရသာအာရုံ၌ အသား၏ထူးကဲသာလွန်သော မွှေးရနံသာစွဲကျန်ရစ်လေ၏။


နီယန်က လက်ကျန်အသားစအား သူမပါးစပ်တွင်းထည့်သွင်းလိုက်သောအခါ လှပသောမျက်ဝန်းလေးများ အနည်းငယ်ကျယ်ဝန်းသွားရသည်။


မူလကနွမ်းလျနေသော စိတ်ဝိဉာဉ်သည် ပြန်လည်အားဖြည့်တင်းလိုက်သကဲ့သို့ လတ်ဆတ်သွားပြီး သူမ၏ပုံရိပ်အားစွမ်းအင်စီးကြောင်းများ လှည့်ပတ်လာသယောင်ပင် ခံစားလိုက်ရလေသည်။


အရသာရှိလိုက်တာ...


နီယန်က စိတ်လှုပ်ရှားစွာပြုံးလိုက်ပြီး သူမ၏အပြုံးသည် တင့်တယ်ကာနှစ်လိုဖွယ်အပြည့်ပါပေ။


နီယန်က တူနှစ်ချောင်းအား တောက်လိုက်ပြီး ကင်းမြီးကောက်အသားဆီသို့ရွေ့လျားသွားကာ အသားစတို့ကို ဖဲ့ယူစားသုံးတော့သည်။


တစ်လုပ်ပြီးရင် နောက်တစ်လုပ်...


ပုဖန်သည်လည်း ကင်းမြီးကောက်သားကို မြည်းစမ်းကြည့်လိုက်ပြီး သူ၏မျက်ခုံးအစုံက မဆိုစလောက်တွန့်ချိုးသွားသည်။ဤသည်က ကင်းမြီးကောက်သားကို ပထမဆုံးအကြိမ် ကင်ဖူးခြင်းဖြစ်သည့်တိုင် အနံ့အရသာသည် ပုဖန်မျှော်မှန်းထားသည့် အဆင့်ထိမရောက်ရှိခဲ့ပေ။


ပုဖန်က ရှေ့သို့လျှောက်လိုက်နောက်သို့လျှောက်လိုက်လုပ်ရင်း သက်ပြင်းချလိုက်လေသည်။ယခုနကသူတိုက်ခိုက်ရင်း ချက်ပြုတ်ခဲ့ရသည်ဖြစ်ရာ သက်ရောက်မှုရှိသွားနိုင်ပြီး ထိုအရာကအသား၏ ပြီးပြည့်စုံမှူအား ချို့ယွင်းသွားစေခဲ့သည်သာဖြစ်မည်။


ကွမ်းရှောင်ယီနှင့်အခြားသူများသည်လည်း တူကိုင်လျက် အရသာရှိရှိ စားသုံးနေကြသည်။


၄င်းတို့၏ ကျင့်ကြံဆင့်မှာနိမ့်သည့်အပြင် ကင်းမြီးကောက်၏ ကျင့်ကြံဆင့်ကမြင့်မားသည့်အတွက် တစ်ကိုက်ကိုက်ရုံမျြှဖင့် ၄တို့၏ခန္ဓာကိုယ်အတွင်း လျှံကျမတတ်စီးဆင်းလာသော အံ့သြဖွယ်စွမ်းအင်စီးကြောင်းများကို ခံစားလိုက်ကြရလေသည်။


ထို့ကြောင့် အရသာရှိသောပူပူနွေးနွေးအသားအားလုံလောက်စွာမစားရသေးသည့်တိုင် စားသုံးခြင်းကို ရပ်တန့်လိုက်ရချေသည်။အတင်းကာရောစားသောက်မိပါက ကင်းမြီးကောက်အသားထံမှ ပြင်းထန်သော စွမ်းအင်လှိုင်းများကြောင့် သူတို့၏ခန္ဓာကိုယ်များ ပေါက်ကွဲသွားမည်ကိုပင်ပူပန်ရပေ၏။


သဘာဝကျကျပင် အစားတစ်လုပ်ကြောင့်နှင့် မည်သူမျှခန္ဓာကိုယ်မပေါက်ကွဲလိုကြသည်ဖြစ်ရာ ပုဖန်နှင့်နီယန် နှစ်ဦးတည်းသာစားသောက်ကြရပေသည်။


သို့သော် ပုဖန်ကလည်း အလုပ်အနည်းငယ်မျှစားသုံးပြီးသည့်နောက် ထပ်မံမစားတော့ချေ။


တစ်ဖက်တွင် နီယန်မှာမူ သူမပိုမိုစားသောက်လေ ပိုမိုစိတ်ပျော်ရွှင်လာလေဖြစ်နေ၏။


သူမကကြမ်းပြင်ပေါ်၌ လိုလိုလားလားထိုင်၍ဘကင်းမြီးကောက်အသားကင်ကိုပွဲတော်တည်နေသည်။ အသားစတစ်ဖတ်အားအချိန်တိုအတွင်း စားသောက်ပြီး နောက်တစ်ဖတ်ထပ်မံစားသောက်သည်။ထို့နောက် နောက်ထပ် နောက်ထပ်....


အဆုံးတွင် ကြမ်းပြင်ပေါ်၌ ပျံ့ကျဲနေသောကင်းမြီးကောက်အခွံမာများသာကျန်ရစ်ချေတော့သည်။


ကျေနပ်နှစ်သိမ့်နေသော အမူအယာဖြင့် နီယန်ကသူမ၏ဝမ်းဗိုက်အား သာသာပွတ်သပ်လိုက်သည်။


နီယန်က ပြည့်တင်းသွားသည်ထိစားသောက်ခဲ့ပြီး သူမ၏သွင်ပြင်သည်စွမ်းအင်အချို့ပြန်လည်ပြည့်တင်းသွားဟန်ပေါ်သည်။ သူမ၏ကြယ်စင်စွမ်းအင်များသည်လည်း အနည်းငယ်မျှငြိမ်သက်သွားကာ နီယန်၏သွင်ပြင်မှာထိုင်းမှိုင်းမနေတော့ပေ။


" ထပ်စားချင်သေးလို့လား..."


ပုဖန်၏နှုတ်ခမ်းစွန်းကတွန့်သွားသည်။ နှစ်ဆယ်မီတာခန့် ရှည်လျားသောကင်းမြီးကောက်ကြီးတစ်ကောင်လုံး ပြောင်စင်အောင်စားသုံးခံထားရသည်အား ကြည့်လိုက်မိကာ မသိစိတ်အရသက်ပြင်းချမိသွားပေသည်။


ဒီအမျိုးသမီး... တကယ်မူမမှန်ဘူး။


ကွမ်းရှောင်ယီ၊ ရှောင်ရှောင်လုံနှင့်အခြားသူတို့သည် နီယန်အား အထူးအဆန်း သတ္တဝါတစ်ကောင်ကဲ့သို့ကြည့်ရှုလာကြသည်။


ကွမ်းရှောင်ယီကနှုတ်ခမ်းများပင် တုန်ယီနေသည်။ဤသည်က သူမ၏မြင့်မြတ်လှပသော အစ်မကြီးနီယန်မဟုတ်ပါချေ။


သူမရဲ့အစ်မကြီးနီယန်က ဘယ်လိုလုပ်ဒီလောက်ထိအစားကြူးမှာတဲ့လဲ...


"ရပါသေးတယ်... အခုနည်းနည်းဗိုက်ပြည့်နေပြီ..."


နီယန်က အပြုံးတစ်ခုဖြင့် သူမ၏ခပ်ယောင်ယောင်လုံးဝိုင်းနေသောဝမ်းဗိုက်ကို ပွတ်သပ်ကာဆိုသည်။


ကြည့်ရှုနေသူအပေါင်းမှာ ဆွံ့အသွားရချေ၏။


"မဝသေးရင် ငါ့မှာကင်းမြီးကောက်လက်မနှစ်ခုရှိသေးတယ်..."


"တကယ်လား ကင်းမြီးကောက်လက်မတွေကအရသာအရှိဆုံးအပိုင်းပဲ ဆိုင်ရှင်ပုရဲ့ဟင်းချက်လက်ရာကလည်းဘယ်သူမှကိုယှဉ်လို့မရနိုင်ပါဘူး..."


နီယန်က အံ့အားသင့်သွားပြီး ပုဖန်အား တောက်တောက်ပပ မော့ကြည့်လာသည်။


မည်သို့ပင်ဖြစ်စေ ပုဖန်က သူမ၏ လေကြော၌မြောသွားမည့်သူ မဟုတ်ပါချေ။


" ဆုတောင်းလေ မင်းကဝက်လား..."


ပုဖန်က နီယန်အား မျက်လုံးလှိမ့်ပြကာ အခြားသူများ လက်ထဲရှိ ပန်းကန်လုံးများအား လိုက်လံသိမ်းဆည်းလိုက်သည်။


လူအုပ်က တုံ့ဆိုင်းမှုအနည်းငယ်ဖြင့်နေရာ၌ရပ်နေခဲ့ကြသည်။


" မြေအောက်အကျဉ်းတိုက်ထဲက လူတွေကိုကယ်ဖို့သွားမယ်လေ အဲဒီမှာ လူတွေအများကြီး ဖမ်းခံထားရတယ်မဟုတ်လား..."


ရှောင်ရှောင်းလုံနှင့်ကွမ်းရှောင်ယီတို့က သူတို့၏အာရုံခံစားမှုကို ဖြန့်ကျက်လိုက်ကြကာ အတိအကျပင်... သူမတို့နှင့်သွေးနီးသူတို့အားအာရုံခံမိလိုက်ကြလေသည်။


ထိုနေရာ၌ဝိဉာဉ်သားရဲပေါင်းများစွာရှိနေသည်။


ယခုလေးတင် သူတို့သည် အစားကောင်းအသောက်ကောင်းကိုစား၍ အရေးကြီးသော ဤကိစ္စအား အမှန်ပင် ခေတ္တမေ့လျော့သွားခဲ့မိကြသည်။


လူအုပ်သည် ကွမ်းရှောင်ယီ ဦးဆောင်ရာနောက်သို့ လိုက်ပါသွားကြ၏။


ဤမြေအောက်အကျဉ်းတိုက်သည် လေအလင်းအင်ပါယာ၏ အစောပိုင်းအုပ်ချုပ်သူတို့ တူးဖောက်ခဲ့ခြင်းဖြစ်ကာ အပြစ်သားများအား ချုပ်နှောင်ရန် အသုံးပြုခဲ့ကြသည်။


တော်ဝင်နန်းတော်၏ တံခါးပေါက်ကို ဖြတ်ကျော်ခဲ့ကြပြီးနောက် ဘေးတံခါးငယ်တစ်ခုအတွင်းဝင်ရောက်ကာ အနီရောင်နံရံများကာရံထားသည့် စင်္ကြံလမ်းအားရှည်လျားစွာ ဖြတ်လျှောက်ရသည်။နောက်ဆုံး၌ မြေအောက်အကျဉ်းတိုက်သို့ရောက်ရှိလာပေ၏။


တော်ဝင်နန်းတော်၏တိုက်ပွဲမှာ မြေအောက်အကျဉ်းတိုက်အထိတိုင် သက်ရောက်ဟန်မတူချေ။အစောင့်အကြပ်များသည်လည်း ရှေးရှေ့ကကင်းမြီးကောက်ကဲ့သို့ ကြီးမြတ်သောနတ်ဆိုးအဆင့်များသာဖြစ်သည်။


၎င်းတို့သည်ပုဖန်တို့အုပ်စုအားမြင်တွေ့သွားသည်နှင့် မျက်လုံးများစူးရှသွားကာ ရှေ့သို့တစ်လှမ်းသော်မျှတိုးမလာပါရန် ခြိမ်းခြောက်သော အရှိန်အဝါများသိသိသာသာထုတ်လွှတ်လာသည်။


ပုဖန်က လက်နှစ်ဖက်ကို အသာအယာပိူက်လိုက်သည်။သူကအဘယ်အတွက်ကြောင့် အနှီကင်းမြီးကောက်များ စကားကို လိုက်နာပေးရပါမည်နည်း။


ပုဖန်က ဂရုမထားစွာဖြင့်ရှေ့သို့ဆက်လျှောက်လာကာ သူ၏ပတ်ပတ်လည်၌ စိတ်စွမ်းအင်လှိုင်းလုံးများ မြင့်တက်လာပြီး ရွှေရောင်ရင့်ရင့်မီးတောက်ဖြင့် နဂါးတစ်ကောင်၏ ပုံရိပ်ပေါ်ထွက်လာသည်။


မီးနဂါးကြီးက ပုဖန်၏ ခြေလှမ်းတိုင်း၌ဝန်းရံကာလိုက်ပါလာပြီး ဟိန်းဟောက်လိုက်သည်။


ပုဖန်လက်ညိုးညွှန်လိုက်သည်နှင့် ရွှေရောင်နဂါးကြီးက ကင်းမြီးကောက်များထံတဟုန်ထိုးတိုးဝင်သွားကာ ပြာမှုန်များဖြစ်သည်အထိ လောင်ကျွမ်းပြာချပေးလိုက်ပေသည်။


ပုဖန်အား မည်သည်ကမျှတားဆီးနိုင်ခြင်းမရှိဘဲ သူကအဖွဲ့အားလုံခြုံစေခဲ့၏။


သူတို့၏ ခေါင်းဆောင်ကျင့်ကြံသူရှဲ့ဟ

ယ်အားဆုံးရှုံးသွားသောအခါ ကျန်ရစ်သော ကင်းမြီးကောက်ကျင့်ကြံသူတို့သည် ကြောက်ရွံ့တုန်လှုပ်လာကြပြီဖြစ်ကာ အချို့မှာအသက်ရှင်နိုင်ရန် ကိုယ်လွတ်ရုန်းထွက်ပြေးကြပြီး အချို့ကမူ နေရာ၌အသေခံရန်ဆက်လက်နေရစ်ကြကုန်၏။


ထိုသို့ပုဖန်ကိုသတ်ရန်ရည်ရွယ်ချက်ဖြင့် ဆက်လက်နေရစ်ခဲ့သူတို့မှာ ယခုပြာမှုန်များအဖြစ်ပြန့်ကျဲ့သွားရခဲ့ချေပြီ။


ယနေ့တွင် ပုဖန်၏ မီးတောက်ကိုင်တွယ်ခြင်းစွမ်းရည်မှာ ပို၍ပို၍သာချောမွေ့ တိုးတက်လာလေသည်။


 

မြေအောက်အကျဉ်းတ်ိုက်သည် လေအလင်းအင်ပါယာမှ အသက်ရှင်ကျန်ရစ်သူများဖြင့်ပြည့်နှက်နေသည်။


မူလကရှဲ့ဟယ်သည် ဤလူသားများအားသူ၏အစာအဖြစ် သိုလှောင်ထားခဲ့ခြင်းဖြစ်ပြီး စိတ်မကောင်းဖွယ်မှာ ပုဖန်ကထိုအစီအစဉ်အား လုံးလုံးလျားလျား ပျက်စီးသွားခဲ့စေသည်။


သူ ထွက်ပြေးသွားခဲ့သည့်နောက်တွင် ဤလူတွေအားလုံး အသက်ရှင်ခဲ့သည်။


လေအလင်းအင်ပါယာ ပြည်သားများသည် မျှော်လင့်ချက်တို့ ပျောက်ဆုံးသွားခဲ့ကြပြီးဖြစ်ကာ ကောင်းကင်အားပြန်လည်မြင်တွေ့နိုင်မည့်နေ့ ရှိလာလိမ့်ဦးမည်ဟုအိပ်မက်ပင် မမက်ခဲ့မိကြပေ။


လူအုပ်ကြီးသည် မြေအောက်အကျဉ်းတိုက်မှ ထွက်လာပြီးသည့်နောက် ဝမ်းပန်းတသာငိုကြွေးကြကာ မြေပြင်ပေါ်တွင်ဒူးထောက်လျက် ကောင်းကင်ဘုံ၏ကောင်းချီးတို့အား အလေးအနက်ရွတ်ဆိုသြဘာပေးကြကုန်၏။


သူတို့သည် ကံတရားအားကျေးဇူးတင်ရှိကြသည်။အထူးသဖြင့်ပုဖန်အပေါ်ကျေးဇူးတင်ရှိကြသည်ပေ။


ဂျိချန်းရွဲ့မှာ အနည်းငယ်ပိုမိုအိုမင်းလာခဲ့ပြီဖြစ်ကာ ပုဖန်ကိုပြန်လည်မြင်တွေ့ရသည့်အခါ၌ သူ၏နှလုံးသားအတွင်း ခံစားမျိုးစုံပြည့်လျှမ်းလာသည်။


ဂျိချန်းရွဲ့ သည် သူ၏လေအလင်းအင်ပါယာကြီးအား ကျရှုံးစေခဲ့ပြီဟုမှတ်ထင်ခဲ့၏။


သို့သော် အင်ပါယာမှ ထွက်ခွာသွားခဲ့ပြီးဖြစ်သော ပုဖန်ပြန်လည်ရောက်ရှိလာကာ မကောင်းဆိုးဝါးတို့အား သုတ်သင်၍ အင်ပါယာကို ကယ်တင်ပေးလိမ့်မည်ဟု ဘယ်သောအခါကမျှမတွေးထင်ခဲ့ဘူးပါချေ။


ဂျိချန်းရွဲ့ထံ၌ စကားလုံးဖြင့်လုံလောက်စွာဖော်ပြနိုင်ခြင်းမရှိလေသဖြင့် ပုဖန်အား အလေးအနက် ဦးညွှတ်လိုက်ပေသည်။


ပုဖန်က ဤသည်ကို ကိစ္စကြီးဟုမသတ်မှတ်ပါချေ။ သူ၏အင်အားဖြင့် တတ်စွမ်းသမျှအကူညီပေးခဲ့ရုံသာဖြစ်သည်။


မည်သို့ဆိုစေ လေအလင်းအင်ပါယာသည် ပုန်းကွယ်နဂါးတိုက်သို့သူရောက်ရှိလာချိန်မှစ၍ အရှည်ကြာဆုံးနေထိုင်ခဲ့ရာဖြစ်သည်။ထို့အတွက် အခက်အခဲကြုံချိန်၌ တတ်စွမ်းသည့်နေရာမှ ဝင်ရောက်ကူညီသည်မှာဖြစ်သင့်သော ကိစ္စရပ်တစ်ခုသာဖြစ်သည်။


ထို့နောက် ဂျိချန်းရွဲ့က တော်ဝင်နန်းတော်သို့ပြန်ရောက်သည့်အခါ အကြီးအကျယ်ရှုပ်ထွေးနေသောနန်းတော်အားမြင်လိုက်ရသောအခါ မချိပြုံးရုံသာတတ်နိုင်တော့သည်။


အသက်ဘေးမှ လွတ်မြောက်လာသူတို့သည်လည်း အိုးအိမ်အား ပြန်လည်ပြင်ဆင်ရန်ရုန်းကန်ကြရကုန်လေသည်။


ပုဖန်က နီယန်အား ဖန်ဖန်ဆိူင်ငယ်လေးသို့ခေါ်ဆောင်သွားခဲ့သည်။


ရှောင်ရှောင်လုံကမူ သူ၏မိဘများနှင့်တွေ့ဆုံရန် လိုအပ်သည်ဖြစ်၍ စားသောက်ဆိုင်သို့ချက်ချင်းမပြန်နိုင်ချေ။


နီယန်က ဆိုင်ပြန်ရောက်သည်နှင့် ဒုတိယထပ်ရှိ ပုဖန်၏အခန်းဆီသို့ ဦးတည်လိုက်လေသည်။သူမက ကင်းမြီးကောက်သားများအားဝလင်စွာစားသုံးခဲ့ပြီး ယခုမူအိပ်ငိုက်နေပြီဖြစ်ကာ အချိန်တိုအတွင်း အိပ်စက်ခြင်းဆီသို့ ရောက်ရှိငြိမ်သက်သွားပေသည်။


ပုဖန်လည်းတတ်နိုင်သည်မရှိရာ မီးဖိုဆောင်အတွင်းသို့ဝင်၍ ဟင်းလျာချက်ပြုတ်ခြင်းကိုသာ လေ့ကျင့်နေရလေသည်။


သူက စားတော်ပွဲကြီးတစ်ခုဖြစ်သည်အထိရည်အသွေးမြင့် ဟင်းလျာပေါင်းများစွာကိုချက်ပြုတ်ခဲ့သည်။


ပုဖန် အင်ပါယာမှ ထွက်ခွာလာခဲ့သည်မှာ ကြာပြီဖြစ်သည့်တိုင် ပြိုလဲလုလုအဖြစ်သနစ်အားကြည့်ရှုကာ ဤကိစ္စနှင့်ပတ်သတ်၍ သူတစ်ခုခုလုပ်ရမည်ဟုတွေးမိပေသည်။


ယခု ပုဖန်၏အင်အားဖြင့်ဆိုပါက သူပြုလုပ်မည့်စားသောက်ပွဲသည် လေအလင်းအင်ပါယာ၏ ခုခံစွမ်းရည်အားအဆပေါင်းမရေတွက်နိုင်အောင် တိုးတက်စေလိမ့်မည်ပေ။


ပုဖန်က ချက်ပြုတ်ပြီးသည့်ဟင်းပွဲများအားစနစ်သိုလှောင်နယ်မြေအတွင်းသိမ်းဆည်းလိုက်၏။ ဤစားသောက်ပွဲကားသူ၏တိုက်ခိုက်မှုစွမ်းရည်အားမဆိုစလောက်တိုးတက်စေမည့်အခွင့်အရေးဖြစ်ပေလိမ့်မည်။


.....


ကောင်းကင်အမြင့်တစ်နေရာထက်တွင် ကြယ်တံခွန်တစ်ခုက အရှိန်အဟုန်ဖြင့်ကြွေကျလာသည်။


၎င်းက တောင်ထွဋ်တစ်ခုအား တန်းတန်းမတ်မတ်ဝင်တိုက်မိကာ တောင်အားအပိုင်းပိုင်းအစစပြိုလဲသွားစေသည်။


အပျက်အစီးပုံများကြားမှ ပုံရိပ်တစ်ခုပေါ်ထွက်လာသည်။ ထိုသူမှာ လက်နှစ်ဖက်လုံးဆုံးရှုံးထားသော ကင်းမြီးကောက်နတ်ဆိုးအရှင် ရှဲ့ဟယ်ဖြစ်ပေသည်။


ရှဲ့ဟယ်၏ အမူအယာမှာ နာကျည်းမှုတို့ပြည့်နှက်နေကာ လေအလင်းအင်ပါယာရှိရာအရပ်သို့ စူးစူးရဲရဲစိုက်ကြည့်လိုက်သည် ပတ်ပတ်လည်၌ သိပ်သည်းသော ငရဲစွမ်းအင်များက အထိန်းအကွပ်မဲ့ရစ်ဝဲနေသည်။


"စားဖိုးမှူး အစုတ်ပလုတ်ကောင် ဒီအကြီးအကဲပြန်အလာကို စောင့်နေလိုက် မင်းအသားတွေကို တစ်စဆီစုတ်ဖြဲပြီး အစိမ်းလိုက်စားပြမယ်..."


တစ်ဖက်လှည့်လိုက်သောအခါ သူကကြယ်တံခွန်တစ်ခုအဖြစ်ပြန်လည်ပြောင်းလဲသွားပြီး တောင်စဉ်တစ်ထောင်တောင်တန်း ရှိရာသို့ဦးတည်လိုက်၏။


ထို့နောက် နတ်ဘုရားအာကာသအဆင့်အကြီးအကဲများ၏ အကူအညီကို တောင်းခံနိုင်မည်ဖြစ်ကာ ထိုညစ်စုတ်သောစားဖိုမှူးသည်လည်း မုချဧကန် ရှုံးနိမ့်ရမည် ဖြစ်ချေသည်။