အပိုင်း ၈၆၃
Viewers 53k

အခန်း ၈၆၃ 

တောင်ပိုင်းပြည်နယ်နောက်ကွယ်ရှိလျှို့ဝှက်ချက်


ရှဲ့ဟယ်၏ အရှိန်မှာအလွန်မြန်ဆန်၏။


လက်မနှစ်ဖက်ဆုံးရှုံးခဲ့ရသည့်တိုင် လျင်မြန်မှုကမူလျော့ကျမသွားသေးပေ။


ကောင်းကင်ထက်တွင် နေအလင်းရောင်တို့ထင်ဟပ်လာပြီး ရောင်နီသန်းစပြုလာသည်နှင့်အတူ ရှဲ့ဟယ်သည်လည်း တောင်စဉ်တစ်ထောင်တောင်ဆီသို့ .ဆိုက်ရောက်လာခဲ့သည်။


ဝေးဝေးမှ လှမ်းမျှော်ကြည့်မည်ဆိုပါက တောင်စဉ်တစ်ထောင်တောင်တန်းအား .လူးလွန့်နေသာ ငရဲစွမ်းအင်လှိုင်းများဖြင့် ခြုံလွှမ်းထားသည်အားမြင်တွေ့နိုင်သည်။ငရဲစွမ်းအင်များသည် သွားစွယ်စူးချွန်များအလား ကောင်းကင်ယံသို့ အသံမဲ့ဟိန်းဟောက်နေဟန်ရှိသည်။


ရှဲ့ဟယ်၏ မျက်လုံးအတွင်း ကိုးစားအားထားမှု အရိပ်အယောင်တို့ယှက်သန်းသွားသည်။ဤတောင်စဉ်တန်းများအတွင်း၌ တုနှိုင်းမဲ့ဖြစ်တည်မှုတစ်ခု တည်ရှိသည့်အတွက်ဖြစ်သည်။


ရှဲ့ဟယ်က နီရဲနေသည်ထိကင်ခံလိုက်ရသော သူ၏စစ်သူကြီးလေးယောက်နှင့် အားမတန်၍အလျှော့ပေးလက်လွှတ်ခဲ့ရသောသူ၏လက်နှစ်ဖက်အကြောင်းတွေးမိသည်နှင့် နှလုံးသွေးများ တတောက်တောက်ယိုစီးနေသကဲ့သို့ ခံစားလိုက်ရသည်။သူ၏ဒေါသမှာလည်းတစ်ဖန်ဆူပွက်လာပြီး ပုဖန်အပေါ်ထားရှိသော အငြိုးတရားတို့မှာကန့်သတ်ချက်ကိုပင် ကျော်လွန်လုနီးပြီဖြစ်၏။


မူလက သူ၏အစီအစဉ်အတိုင်းဆိုပါက သူသည် လေအလင်းအင်ပါယာ၏ အုပ်စိုးသူတစ်ဦး ဖြစ်လာနိုင်မည်ဖြစ်သော်လည်း ထိုလူ၏ရုတ်တရပ်ပေါ်ထွက်လာမှုကြောင့် အုပ်ချုပ်သူနေရာနှင့်လွဲချော်ရုံမျှမက လေအလင်းအင်ပါယာမှ ခွေးပြေးဝက်ပြေး ပြေးလာခဲ့ရချေသည်။


ဤတစ်ကြိမ်တွင် သူ၏မျိုးနွယ်စုအကြီးအကဲတို့ဆီမှအကူအညီတောင်းခံ၍ ၎င်းအားလက်စားချေမည်ဖြစ်သည်။


တောင်စဉ်တစ်ထောင်တောင်အတွင်းသို့ ဝင်ရောက်လိုက်သောအခါ ငရဲစွမ်းအင်များကလှုပ်ခါသွား၏။


တောင်ထိပ်တစ်ခုက ထည်ဝါစွာရပ်တည်နေသည်။


ထိုတောင်ထွဋ်ပေါ်၌ အခက်အလက်များစွာဖြင့် ကိုင်းညွတ်ကျနေသော သစ်ပင်ကြီးတစ်ပင်ရှိလေသည်။ထိုအပင်ကြီးက ကောင်းကင်သို့ရောက်လုမတတ်မြင့်မားကာ မြေပြင်ပေါ်သို့ဧရာမအရိပ်ကြီးဖုံးအုပ်နေ၏။စိမ်းလန်းစိုပြေသောသစ်ရွက်များက မြင်ကွင်းမှန်သမျှအား ပိတ်ဆို့ထားသယောင်ရှိသည်။


သစ်ပင်၏ အကိုင်းအခက်များက စက်ဝိုင်းအသွင်ဆောင်နေကာ ငရဲစွမ်းအင်များဆူပွက်နေသောထိုစက်ဝိုင်းအတွင်းမှ ရံဖန်ရံခါဆိုသလို ပျက်သုဉ်းအကျဉ်းထောင်မှကျင့်ကြံသူများထွက်လာသည်ကိုမြင်ရပေသည်။


ထိုသည်မှာ နတ်ဆိုးအမှတ်သားသစ်ပင် နယ်မြေရွေ့ပြောင်းအစီအရင်ဖြစ်ပြီး ၎င်းတို့အားဤနယ်မြေသို့ ဖြတ်သန်းခွင့်ပေးနေသောအရာဖြစ်သည်။


ရှဲ့ဟယ်၏ မျက်ဝန်းများအတွင်း တဇွတ်ထိုးအရိပ်အယောင်များ ထင်ဟပ်လာသည်။သစ်ပင်ကြီး၏ထူထဲသော အကိုင်းအခက်များပေါ်၌တင်ပျဉ်ခွေလျက် ထိုင်နေကြသောကျင့်ကြံသူအချို့ရှိသည်။


 ထိုသူတို့သည် ပျက်သုဉ်းအကျဉ်းထောင်မှ နတ်ဘုရားအာကာသအဆင့်ကျင့်ကြံသူများဖြစ်ကြပြီး ကြောက်ခမန်းလိလိအရှိန်အဝါများရှိပေသည်။


၎င်းတို့က နတ်ဆိုးအမှတ်သားသစ်ပင်ထက်တွင်ထိုင်လျက် သစ်ပင်ထံမှစွမ်းအင်များကိုစုပ်ယူ၍ ကျင့်ကြံခြင်း၌စီးမြောနေကြသည်။


ရုတ်ချည်းဆိုသလို ကျင့်ကြံသူတစ်ဦး၏မျက်လုံးအစုံကပွင့်ဟလာကာ ရှဲ့ဟယ်၏ခန္ဓာကိုယ်ပေါ်သို့ကျရောက်လာသဖြင့် သူတုန်ရီသွားမိသည်။


ရှဲ့ဟယ်က ရိုကျိုးစွာဖြင့်အလျင်အမြန် သူ၏ဦးခေါင်းကိုနှိမ့်ချလိုက်သည်။


၄င်းပုဂ္ဂိုလ်တို့သည် နတ်ဆိုးကင်မြီးကောက်မျိုးနွယ်စု၏ နတ်ဘုရားအာကသအဆင့်အကြိးအကဲများဖြစ်ကြသည်။မကြာလိုက်ပါဘဲ ရှဲ့ဟယ်က ဖြစ်ပျက်ခဲ့သမျှအားသူ၏နှလုံးသားတွင်းရှိ နာကျည်းချက်များဖြင့်ထုတ်ဖော်ပြောကြားခဲ့သည်။


အာကသနတ်ဘုရားအဆင့်နတ်ဆ်ိုးကင်းမြီးကောက်ကျင့်ကြံသူ၏မျက်ဝန်းများအတွင်း၌ လက်နှစ်ဖက်ဆုံးရှုံးခဲ့ရသောရှဲ့ဟယ်အတွက်ကိုယ်ချင်းစာတရားတို့မရှိပေ။


"နတ်ဆိုးအမှတ်အသားသစ်ပင်က မင်းတို့ကိုတာဝန်နဲ့လွှတ်ခဲ့တာ အပျော်ရှာဖို့မဟုတ်ဘူး ကိုယ့်ကိုယ်ကိုယ်အပြစ်တင်လိုက်..."


ရှဲ့ဟယ်ကအတော်လေး အပြစ်တင်ခံနေရကာ အသက်ပင်ရဲရဲမရှူဝံ့ချေ။သူ၏နှလုံးသားတွင်း၌ထိုင်းမှိုင်းသွားရသည့်တိုင် ပြန်လှန်ပြောဆိုခြင်းမျိုး မပြုလုပ်ရဲခဲ့ပါပေ။


နတ်ဘုရားအာကသအဆင့်ရှိကျင့်ကြံသူများမှာ ရှဲ့ဟယ်ထက်အဆပေါင်းများစွာမြင့်မြတ်ကြသည်။


ရှဲ့ဟယ်မှာ နတ်ဘုရားအာကာသအဆင့်သို့ခြေလှမ်းကာစသာရှိသေးရာ နတ်ဘုရားအာကသအဆင့်ကျင့်ကြံသူများ၏ရှေ့မှောက်၌ နှိမ့်ချရိုကျိုးတတ်ရန်လိုအပ်သည်။


" ငါတို့ပျက်သုဉ်းအကျဉ်းထောင်ကပုန်းကွယ်နဂါးတိုက်ကို တိုက်ခိုက်နေကြတာမင်းသိမှာပါ... အဲဒီလိုရှေးကျခေါင်သီတဲ့နေရာတစ်ခုအတွက် ဘာလို့ဒီလောက်အားထုတ်နေရတယ်ထင်လဲ..." 


နတ်ဘုရားအာကာသအဆင့်ကျင့်ကြ့သူက မေးခွန်းထုတ်သည်။


ရှဲ့ဟယ်ကြောင်အသွားရ၏။


သူကနောက်ကွယ်မှ လျှို့ဝျက်ချက်များအားမည်သို့သိပါမည်နည်း။သူ၏အလုပ်မှာပေးအပ်လာသောတာဝန်အား ကျေပွန်အောင် ဆောင်ရွက်ရန်သာဖြစ်သည်။


နတ်ဘုရားအာကသအဆင့်ကျင့်ကြံသူက မတ်တပ်ထကာ နတ်ဆိုးအမှတ်အသားသစ်ပက်၏ အကိုင်းအခက်ပေါ်တွင်လက်ပိုက်ရပ်လျက် အဝေးတစ်နေရာဆီသို့ လှမ်းမျှော်ကြည့်လိုက်သည်။


"မင်းကိုပြောပြလို့မဖြစ်တဲ့ ကိစ္စမျိုးမဟုတ်ပါဘူး ငါတို့ရှာနေတဲ့အရာကို ရှာတွေ့နိုင် ကံကောင်းမှုအကြီးစားကြီးလို့တွေးလို့ရတယ်...ငာတို့ ပုန်းကွယ်နဂါးတိုက်ကို ကျူးကျော်နေရတဲ့ အကြောင်းပြချက်က တစ်ချိန်ကပျက်သုဉ်းအကျဉ်းထောင်ရဲ့ စွမ်းအားအကြီးဆုံး နတ်ဆိုးဘုရင်ရဲ့အကြွင်းအကျန်တွေကိုရှာဖွေဖို့ပဲ..."


နတ်ဘုရားအာကာသအဆင့်ကျင့်ကြံသူကတည်ငြိမ်စွာပြောလာသည့်တိုင် ရှဲ့ဟယ်ကမူ တစ်ကိုယ်လုံးတုန်ယင်သွားရလေသည်။


အသန်မာဆုံးနတ်ဆိုးဘုရင်ရဲ့အကြွင်းအကျန်တဲ့လား...


ခုလက်ရှိတွင် ပျက်သုဉ်းအကျဉ်းထောင်၌ နတ်ဆိုးဘုရင် ရှစ်ပါးရှိသော်လည်း အတိတ်၌ နတ်ဆိုးဘုရင်ကိုးပါးရှိခဲ့၏။ထိုသူမှာ ကျင့်ကြံဆင့်၌ဖြစ်စေ စွမ်းအင်၌ဖြစ်စေပြိုင်ဘက်ကင်းအသန်မာဆုံးဖြစ်ခဲ့သည်။


မည်သို့ပင်ဖြစ်စေ ထိုနတ်ဆိုးဘုရင်သည် လွန်လေပြီးသော ကြာညောင်းလှပြီဖြစ်သည့်အတိတ်တွင် သေဆုံးခဲ့ပြီးဖြစ်လေသည်။


များပြားလှသော သတင်းအချက်အလက်များအရ ထိုနတ်ဆိုးဘုရင်သည် ပုန်းကွယ်နဂါးတိုက်၌ကျဆုံးခဲ့သည်ဟူ၏။


နတ်ဆိုးဘုရင်ရှစ်ပါးအနက်လေးပါးက ဤကိစ္စအားလက်ခံသဖြင့် ပုန်းကွယ်နဂါးတိုက်အား တိုက်ခိုက်ရန်ဆုံးဖြတ်ခဲ့ကြပြီး ကျန်နတ်ဆိုးဘုရင်လေးပါးကမူ ပါဝင်သဘောတူခြင်းမရှိခဲ့ပေ။


ထိုသို့နှင့် ယခုအခြေအနေသို့ရောက်ရှိလာခဲ့ရသည်။


"အဲဒီတောင်ပိုင်းနယ်မြေက ဝေးလံခေါင်သီပေမဲ့ နတ်ဆိုးဘုရင်ရဲ့အကြွင်းအကျန်တွေရှိနိုင်ချေက အရမ်းများတယ် မင်းနဲ့မင်းရဲ့လူဖျင်းတွေကြောင့်ကိစ္စတွေ ရှုပ်ထွေးကုန်ပြီမို့ မင်းအပြစ်ကိုမင်းလက်ခံရမယ်..."


နတ်ဘုရားအာကာသအဆင့်ကျင့်ကြံသူက အချိန်အတော်အကြာအပြစ်တင်နေကာ ရှဲ့ဟယ်ကလည်း နာခံစွာခံယူခဲ့သည်။


အဆုံးတွင် ထိုကျင့်ကြံသူက အခြားနတ်ဘုရားအာကသအဆင့်ကျင့်ကြံသူတစ်ဦးအား လေအလင်းအင်ပါယာဆီသို့စေလွှတ်လိုက်၏။ မည်သို့ပင်ဖြစ်စေရှဲ့ဟယ်က သူတို့နတ်ဆိုးကင်းမြီးကောက်မျိုးနွယ်ဝင်တစ်ဦးဖြစ်ကာ ထိုသို့သောနိမ့်ကျသောနေရာ၌အရှက်တကွဲဖြစ်ခဲ့ရခြင်းကို မသိကျိုးကျွံပြုလိုက်ရန်မဖြစ်နိုင်ချေ။


...


နောက်တစ်နေ့တွင်...


နှင်းမုန်တိုင်းက ရပ်စဲသွားခြင်းမရှိသေးပေ။


ရှောင်ရှောင်လုံက စားသောက်ဆိုင်သို့ပြန်ရောက်လာကာ ထုံးစံအတိုင်းချက်ပြုတ်နေပြီး စားသောက်ဆိုင်၏ စီးပွားရေးကိုပုံမှန်အတိုင်းစတင်လိုက်သည်။


မတွေ့ရသည့်နှစ်များအတွင်း၌ ရှောင်ရှောင်လုံ၏ အချက်အပြုတ်စွမ်းရည်တို့မှာ ပုဖန်မျှော်မှန်းထားသည်ထက် ပို၍တိုးတက်လာပြီး ပုဖန်အား အံ့အားသင့်စေခဲ့သည်။


ရှောင်ရှောင်လုံမှာ ပြောမပြတတ်အောင်ဂုဏ်ယူသွားမိသည်။ သူ၏အချက်အပြုတ်စွမ်းရည်ဖြင့် ပုဖန်ကို အံ့အားသင့်အောင်စွမ်းဆောင်နိုင်ခဲ့သည်ဖြစ်၍ သူ၏တိုးတက်မှုမှာ အသေးအမွှားမဟုတ်ဟူသည့် သဘောသက်ရောက်ပေသည်။


မည်သို့ပင်ဖြစ်စေ ပုဖန်အနည်းငယ်အကွက်ပြလိုက်သည်နှင့် ရှောင်ရှောင်လုံတစ်ယောက် သူတို့နှစ်ဦးကြားရှိကွာခြားချက်ကြောင့် ပင့်သက်ရှိုက်လိုက်မိရသည်။


ပုဖန်၏ ဟင်းလျာကျက်သွားချိန်တွင် ထွက်ပေါ်လာသော မွှေးရနံ့သည်လူတစ်ယောက်၏ စိတ်အစဉ်အားပေါ့ပါးရွှင်မြူးစေသည်။


လှီးချွတ်ရာတွင်ဖြစ်စေ ပါဝင်ပစ္စည်းများ၏အချိန်အဆဖြစ်စေ အပူချိန်ဖြစ်စေပုဖန်၏စွမ်းရည်မှာ ထူးကဲသာလွန်လှကာ ရှောင်ရှောင်လုံအတွက် ခံညားသောတောင်ကြီးတစ်ခုအလားပင်။


ဝေးကွာလွန်ပါသေးသည်...


နှင်းမုန်တိုင်းမှ တိုက်ခတ်လာသော အေးစိမ့်စိမ့်လေတို့က စားသောက်ဆိုင်ငယ်လေးအတွင်း တိုးဝှေ့လာသည်။


ပုဖန်က ခုံတစ်ခုံဆွဲယူကာ စားသောက်ဆိုင်ရှေ့တွင် ထိုင်ချလိုက်သည်။သူကခုံကိုမှီရင်း ကောင်းကင်မှ ကျဆင်းလာသောနှင်းပွင့်များအားငေးမောနေခဲ့သည်။ဤသည်ကတမူထူးသော ခံစားချက်တစ်ခုဖြစ်၏။


ကွမ်းရှောင်ယီက အလွန်တက်ကြွပေသည်။ကျွမ်းကျင်သော စားပွဲထိုးတဝ်ဦးအနေဖြင့်သူမက လူပျင်းချူချန်းရှန်ထက် အဆများစွာသာလွန်ပေသည်။


ရှောင်ရှောင်လုံက ချက်ပြုတ်နေစဉ် ကွမ်းရှောင်ယီက စားသုံးသူများထံမှအမှာစာများကို တာဝန်ယူကာဝန်ဆောင်မှုပေးသည်။ဤသိူ့အလုပ်တာဝန်ခွဲဝေထားမှုက စေ့စပ်ပြီး ပုဖန်အားစိတ်ကျေနပ်စေသည်။


မည်သို့ပင်ဖြစ်စေ ပုဖန်ဤတစ်ခေါက် ဖန်ဖန် သို့လာခဲ့သည့်အကြောင်းအရင်းမှာ ဆိုင်ရှေ့တွင်ထိုင်လျက် ပန်းပွင့်ကြွေလေးများအားစိမ်ပြေနပြေရှုစားနေရန်မဟုတ်ပေ။သူ နီယန်အား သူမ၏မှတ်ဉာဏ်များ ပြန်လည်ရရှိလာအောင် ကူညီပေးရန်လိုအပ်သည်။


ထိုမှသာကြယ်တာရာ ဖမ်းကွန်ရက်အားတစ်ဖန်ထိန်းချုပ်နိုင်လိမ့်မည်ပေ။


ဤနည်းဖြင့် နီယန်၏ကြယ်တာရာဖမ်းကွန်ရက်၏ အကူအညီဖြင့်ဝိုင်ချက်လုပ်ကာ ယာယီတာဝန်အား ပြီးဆုံးစေနိုင်မည်ဖြစ်သည်။


ကောင်းမွန်သောဝိုင်တစ်အိုးရရှိရန် အားထုတ်ရသည်ကခက်ခဲလှပါပေသည်။


မည့်သည့်ပါဝင်ပစ္စည်း မည်သည့်ချက်ပြုတ်နည်းကိုသုံးသည်ဖြစ်စေ ပုဖန်၏စိတ်စွမ်းအင်နှင့် အချိန်အများအပြားကိုလို အပ်ပေသည်။


မည်သို့ပင်ဖြစ်စေ ဤအခက်အခဲများကပင် ပုဖန်၏ တွယ်ရာမဲ့စမ်းချောင်းဝါဝိုင်အပေါ်၌ထားရှိသော စိတ်ဝင်စားမှုအားလောင်စာဖြည့်ပေးနေချေ၏။


သူ ဝိုင်ပြုလုပ်ရန် မစောင့်နိုင်တော့ပေ။


ထို့ကြောင့် ပုဖန်အနားယူပြီးသည့်နောက်တွင် အိပ်ယာပေါ်၌ဟောက်သံထွက်သည်အထိအိပ်မောကျနေသော နီယန်အားနှိုး၍ သူမ၏မှတ်ဉာဏ်များရှာဖွေရန်လမ်းကြောင်းပေါ်သို့ဆွဲခေါ်လာခဲ့လေသည်။


ဤတစ်ကြိမ်တွင် ပုဖန်နှင့်နီယန်တို့သည် သူမအကြာဆုံးနေထိုင်ခဲ့သော အာကာသအာနမ်ဂိုဏ်းဆီသို့ဦးတည်ခဲ့ကြ၏။


သွားရာလမ်းတစ်လျှောက်၌ နီယန်ကချီတုံချတုံဖြင့်လိုက်ပါလာသည်။သူမက အိပ်ချင်စိတ်သာရှိပြီး သူမခန္ဓာကိုယ်တွင်းရှိကြယ်တာရာစွမ်းအင်များ ပေါက်ကွဲထွက်မလာစေရန်အိပ်ရေးဝဖို့လိုပေသည်။


မည်သို့ပင်ဖြစ်စေ ရွေးချယ်စရာမရှိသဖြင့်ပုဖန်၏ ဆွဲခေါ်ရာနောက်သို့ လိုက်ပါလာရပြီး စိတ်စွမ်းအင်သင်္ဘောပေါ်သို့ရောက်ရှိလာသည်။စိတ်စွမ်းအင်သင်္ဘောနှင့်ဆိုပါက အာကာသအာနမ်သို့ ကြန့်ကြာခြင်းမရှိချောချောမွေ့မွေ့ရောက်ရှိနိုင်ပေလိမ့်မည်။


နီယန်သည် ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေမှ သူတော်စင်မတစ်ဦးဖြစ်သည့်အလျောက်သူမထံ၌ ပစ္စည်းကောင်းများစွာရှိသည်။ခရီးသွားရာတွင် မြန်ဆန်သည့်အတွက်နာမည်ကြီးသော ဤစိတ်စွမ်းအင်သင်္ဘောသည်လည်း ထိုပစ္စည်းကောင်းများအနက် တစ်ခုဖြစ်ချေသည်။


သင်္ဘော၏အရှိန်မှာ မြန်ဆန်လွန်းလှပြီး အလင်းတန်းတစ်ခုအဖြစ် အရိပ်ကျန်ရစ်ခဲ့ပြီး လေထုအား အရှိန်ဖြင့်ထိုးခွင်းကာ အာကာသအာနမ်ဆီသို့ ဦးတည်လာခဲ့တော့သည်။


...


ဘုန်းး


တောင်စဉ်တစ်ထောင်တောင်တန်းအထက်ရှိတိမ်လိပ်များက တဂျုန်းဂျုန်းအသံများထုတ်လွှတ်နေကာ လျှပ်စီးကြောင်းများ ရိူက်ခတ်ထွက်ပေါ်နေသည်။


များမကြာမီ၌ စိတ်စွမ်းအင်သင်္ဘောတစ်စီးကလေထုအတွင်း၌ လွင့်မြောပေါ်ထွက်လာသည်။


ကျောက်ခရမ်းအကြီးအကဲက ထိုသင်္ဘောပေါ်တွင်ထိုင်နေကာ သူ၏ခန္ဓာကိုယ်မှကြောက်မက်ဖွယ်စွမ်းအင်များဖြင့်ပြည့်နှက်နေသည်။


သူကသင်္ဘောပေါ်မှထွက်ကာ လေထုအလယ်၌လျှောက်လှမ်းလာသည်။


" တောင်ပိုင်းဒေသကခေါင်သီလွန်းတယ် ကြယ်တာရာဖမ်းကွန်ရက် ကိုင်ထားတဲ့သူက ဘာကြောင့် ဒီလိုနေရာကို လာရတာလဲ..."


ကျောက်ခရမ်းအကြီးအကဲက လေထုထဲရှိစိတ်စွမ်းအင်ရေးရေးအား အာရုံခံမိကာ မျက်မှောင်ကျုံ့လျက် သိချင်စိတ်ဖြစ်သွားမိသည်။


အစားကြူးတောင်ကြားမှာစိတ်စွမ်းအင်အမြောက်အများရှိသည့်တိုင် တစ်ဖက်လူက အဘယ့်ကြောင့် ထိုနယ်မှထွက်ခွာကာ တောင်ပိုင်းနယ်မြေသို့ ရောက်ရှိလာခဲ့ပါသနည်း။


တောင်ပိုင်းဒေသသည် ရှေးယခင်ကတည်းက ယခုတိုင် ပုန်းကွယ်နဂါးတိုက်၏အခေါင်ခိုက်ဆုံးသောဒေသဖြစ်ကာ ဤဒေသရှိအလွန်ပါရမီမြင့်မားသူတို့သာ အစစ်အမှန်မြင့်မြတ်သောအခြေတည်အဆင့်သို့ရောက်ရှိနိုင်ကြသည်။


ပုန်းကွယ်နဂါးတိုက်၏တော်ဝင်ခုံရုံး၌ အခြေတည်အဆင့်ဆိုသည်မှာ ဂေါ်ဖီထုပ်များအလားပေါများလှသော်ငြား ဤဒေသတွင်မူ တစ်ထောင်တွင်တစ်ယောက် ရှားပါးလှပေသည်။


ရှေးအဆိုများအရ ယခင်ကတောင်ပိုင်းနယ်မြေသည် ဤကဲ့သို့လွင်တီးခေါင်မဟုတ်ဘဲ စိတ်စွမ်းအင်များပေါကြွယ်ဝကာ ပညာရှင်များစွာ ပေါ်ထွန်းခဲ့သည်ဟူ၏။


နှမြောတသဖြစ်ရန်ကောင်းစွာဖြင့် မည်သည့်အချိန်မှစ၍ ဤကဲ့သို့ပြောင်းလဲသွားခဲ့သည်ကိုမူ မသိပါချေ။


ကျောက်ခရမ်းအကြီးအကဲ၏ အလုပ်မှာလည်း ထိုကိစ္စတို့ကို မှတ်တမ်းပြုစုရန် မဟုတ်ချေ။သူ၏ရည်ရွယ်ချက်မှာ ကြယ်တာရာဖမ်းကွန်ရက်၏ ပိုင်ရှင်ဖြစ်ကာ မလိုအပ်သောကိစ္စများအပေါ်အချိန်မဖြုန်းနိုင်ပေ။


တောင်ပိုင်းနယ်မြေတွင် ကြီးမားသောလျှို့ဝှက်ချက်တစ်ခုတိမ်မြုပ်နေပြီး ထိုသည်က ကျောက်ခရမ်းအကြီးအကဲ စိတ်ဝင်စားရမည့်ကိစ္စမဟုတ်ချေ။


ထိုစဉ် နတ်ဆိုးအမှတ်အသားသစ်ပင်ပေါ်ရှိ နတ်ဘုရားအာကာသအဆင့်ကျင့်ကြံသူများက မျက်လုံးများရုတ်ချည်းပွင့်လာကြကာ ဦးမော့လျက် ကျောက်ခရမ်းအကြီးအကဲရှိရာကောင်းကင်ဆီသို့ ထိုးဖောက်ကြည့်ရှုလိုက်ကြသည်။


ကျောက်ခရမ်းအကြီးအကဲထံမှစိတ်စွမ်းအင်များက သိသိသာသာပျံ့နှံ့ထွက်နေသည်ဖြစ်ရာ သဘာဝကျစွာပင်သူတို့၏အာရုံကိုစွဲဆောင်လိုက်နိုင်ချေသည်။


ဘုန်း ဘုန်း ဘုန်း


နတ်ဘုရားအာကာသအဆင့်ကျင့်ကြံသူတို့၏စိတ်စွမ်းအင်များကတစ်ချိန်တည်းပေါက်ကွဲထွက်လာကြကာ ကျောက်ခရမ်းအကြီးအကဲဆီသို့တန်းတန်းမတ်မတ်ပျံဝဲသွားပြီး ဝန်းရံထားကြလေသည်။


ကျောက်ခရမ်းအကြီးအကဲ၏ မျက်လုံးများကျဉ်းမြောင်းသွားကာ အနည်းငယ်ထိတ်လန့်သွားရ၏။


ပျက်သုဉ်းအကျဉ်းထောင်က တောင်ပိုင်းကို ဘာလို့ဒီလောက်များတဲ့နတ်ဘုရားအာကသအဆင့်ကျင့်ကြံသူတွေ ပို့လိုက်ရတာလဲ...


ဘာအတွက်လဲ...


ကျောက်ခရမ်းအကြီးအကဲ၏သိချင်စိတ်မှာကြာရှည်မခံလိုက်ပါချေ။


သူ၏လက်ကိုမြောက်လိုက်သည်နှင့် လက်ဖဝါးပေါ်ရှိတင်းကြပ်စွာပိတ်ထားသောမျက်လုံးအစုံကရုတ်ချည်းပွင့်လာကာ ကြောက်ခမန်းလိလိငရဲစွမ်းအင်အစုအဝေးကြီးကသူ၏ပတ်ပတ်လည်၌စီးဆင်းလာသည်။


ကျောက်ခရမ်းအကြီးအကဲ၏ကိုယ်ပေါ်ရှိ နတ်ဆိုးဘုရင်၏အရှိန်အဝါများကြောင့် နတ်ဘုရားအာကာသအဆင့်ကျင့်ကြံသူတို့ကဆုတ်ခွာသွားကြချေသည်။


ကျောက်ခရမ်းအကြီးအကဲက တိမ်မဲလိပ်များကြားမှ လှည့်ထွက်မလာခင် ဧရာမနတ်ဆိုးအမှတ်အသားသစ်ပင်ကြီးအား တစ်ချက်မျှ ငဲ့ကြည့်လိုက်သည်။


ထို့နောက် အသက်ပြင်းပြင်းတစ်ချက် ရှုသွင်း၍ အလွန်အင်မတန်လျင်မြန်သော အရှိန်ဖြင့် ကြယ်တာရာဖမ်းကွန်ရက်၏အငွေ့အသက်ရှိရာအရပ်သို့ ခရီးနှင်သွားတော့လေသည်။


...


စိတ်ဝိဉာဉ် ပုံရိပ်ယောင်နွံမြေ...


အဆုံးမဲ့ကမ်းရိုးတန်း၏ ကမ်းစပ်တစ်လျှောက်၌ ဧရာမလှိုင်းလုံးကြီးတစ်ခုက ဖျက်ဆီးနိုင်သော အရှိန်အဟုန်ဖြင့်ရွေ့လျားနေသည်။


အနီးအကပ်ကြည့်ရှုမိမည်ဆိုပါက လူတိုင်းအံ့သြမှင်သက်သွားရပေလိမ့်မည်။၎င်းမှာရေလှိုင်းလှုံးမျှသာမဟုတ်ဘဲ သတ္တဝါအစုအဝေးကြီးဖြစ်ကာ ရွှေရောင်ဧရာမပုစွန်ကွေးတစ်ကောင်က ဦးဆောင်လာ၏။


၎င်းသတ္တဝါအုပ်ကြီးသည် စိတ်ဝိဉာဉ်ပုံရိပ်ယောင်နွံဆီသို့ ဦးတည်နေကြသည်။


တစ်ချိန်တည်း၌ သင်္ဘောတစ်စင်းက နွံသို့ရောက်ရှိလာပြီး ရပ်တန့်လိုက်လေသည်။