အပိုင်း ၈၆၄
Viewers 53k

အခန်း ၈၆၄

သလင်းကျောက်မိုင်းတွင်းမှရနံ့


ကောင်းကင်တွင် ပျံသန်းလာသော စိတ်ဝိဉာဉ်သင်္ဘောကြီးသည် စိတ်ဝိဉာဉ်ပုံရိပ်ယောင်နွံမြေသို့ ရောက်ရှိသောအခါ ရပ်တန့်သွားသည်။


ပုဖန်ကသင်္ဘောပေါ်တွင်ရပ်လျက် အောက်ဘက်ရှိ သလင်းကျောက်များပြည့်နှက်နေသော ဧရိယာပြင်ကျယ်ကြီးအားငုံကြည့်ကာ သူ၏မျက်ဝန်းများအတွင်း၌ မယုံကြည်နိုင်သော အရိပ်အယောင်တို့ ထင်ဟပ်နေသည်။


ဤနေရာက မြွေလူသားမျိုးနွယ်စု၏ ပိုက်နက်ဖြစ်သည်။


သူ၏စာဖိုးမှူးအလုပ်သင်များအနက် ယုဖူ မှာ မြွေလူသားတစ်ဦးဖြစ်သည်။သူမကို နောက်ဆုံးအကြိမ်တွေ့ခဲ့သည်မှာ မြွေလူသားမြို့တော်၌ဖြစ်၏။


သူတို့ကယခု အာကာသအာနမ်ဆီသို့ဦးတည်နေသည်ဖြစ်၍ စိတ်ဝိဉာဉ်ပုံရိပ်ယောင်နွံကို ဖြတ်သန်းသွားရန်လိုအပ်သည်။ထို့ကြောင့် ပုဖန်တွင်သူ၏အလုပ်သင်လေးထံသွားရောက်လည်ပတ်ရန် အခွင့်ကြုံလေသည်။


အမှန်တွင်ပုဖန်သည် ဖန်ဖန်ဆိုင်ငယ်လေး၌ ယုဖူ၏ အချက်အပြုတ်စွမ်းရည်များ တမူထူးချွန်ပြောင်မြောက်လာရန်မျှော်လင့်မထားချေ။


မည်သို့ဖြစ်စေ ချက်ပြုတ်ခြင်းစွမ်းရည်သည် တိုးတက်ရန်မလွယ်ကူလှပေ။ပုဖန် ရှောင်ရှောင်လုံအား သူတတ်သမျှပညာများကိုသင်ကြားပေးခဲ့သော်လည်း ရှောင်ရှောင်လုံအနေဖြင့် ကိုယ်တိုင်ကြိုးစားသင်ယူရန်လိုအပ်သည်။


ယုဖူသည် မြွေလူသားမျိုးနွယ်စု၏ နောင်ဖြစ်လာမည့် အရှင်သခင်လောင်းလျာဖြစ်သည့်အလျောက် သူမတွင်နေ့စဉ်ဆောင်ရွက်စရာဝတ္တရားများစွာရှိပြီး အချက်အပြုတ်ပညာအား တိုးတက်အောင်လေ့ကျင့်ရန် အချိန်မပေးနိုင်လောက်ပေ။


စိတ်ဝိဉာဉ်သင်္ဘောက လေထုအလယ်မှနိမ့်ဆင်းလာကာ စိတ်ဝိဉာဉ်ပုံရိပ်ယောင်နွံပေါ်၌ပျံဝဲနေ၏။


သင်္ဘောအတွင်း၌ နီယန်သည်သူမဘေးနံရံအားမှီလျက်ငိုက်မြည်းနေသည်။ အချိန်နှင့်အမျှဤအမျိုးသမီး၏ အိပ်ချိန်ပိုမိုများပြားလာသည်က သူတို့အတွက် သတင်းကောင်းတစ်ခုမဟုတ်ပါချေ။


သူမ အိပ်သည့်အချိန်၏ ကြာညောင်းမှုက သူမဦးခေါင်းတွင်းရှိ စိတ်စွမ်းအင်များအားဖိနှိပ်ရန် ခက်ခဲကြောင်း အဓိပ္ပာယ်ဖြစ်လေသည်။


တစ်နေ့ ဤအမျိုးသမီးထာဝရငိုက်မြည်းခြင်းဆီသို့ ရောက်ရှိသွားပေမည်လားပင် မပြောနိုင်ချေ။


မည်သို့ဖြစ်စေ ယခုလက်တလောတွင်မူ ထိုသို့ဖြစ်လာနိုင်စရာမရှိသေး...


မည်မျှကြာအောင်အိပ်ပျော်နေပါစေ နီယန်က ဗိုက်အပြည့်ဖြည့်ရန်အတွက် တစ်ချိန်ချိန်နိုးလာဦးမည်ဖြစ်သည်။ပုဖန်က သူမဗိုက်ပြည့်ရန်အတွက် ဧရာမသားရဲတစ်ကောင်ကိုချက်ပြုတ်ပေးရမည်ဖြစ်၏။


စားသောက်ပြီးချိန်၌ နီယန်က စိတ်စွမ်းအင်များပြည့်လျှမ်းနေမည်ဖြစ်သည်။


နူးညံ့သောရွံ့ညွှန်ထက်သို့ ခြေချလိုက်သောအခါ စိတ်ကျေနပ်ဖွယ်ပျော့ပြောင်းမှုနှင့်အနွေးဓာတ်အချို့က သူတို့၏ခြေထောက်အား ဖြတ်သန်းစီးဆင်းလာသည်ကိုခံစားလိုက်ကြရသည်။၎င်းမှာ သက်တောင့်သက်သာဖြစ်စေ၏။


မြေမျက်နှာသွင်ပြင် အနေအထားအရ ဤနယ်မြေသည် လေအလင်းအင်ပါယာထက် စိတ်စွမ်းအင်ပေါများ၏။


လေအလင်းအင်ပါယာရှိ စိတ်စွမ်းအင်မှာ လွန်စွာမှ အားနည်းပေသည်။


တစ်နည်းအားဖြင့် တောင်ပိုင်းဒေသတစ်ခုလုံးတွင် ပုံမှန်မဟုတ်စွာ စိတ်စွမ်းအင်လျော့နည်းသည် ဟုဆိုရလိမ့်မည်။


ပုဖန်က လျှောက်လှမ်းလာရင်း အကွာအဝေးတစ်ခု၌ မြွေလူသားမြို့တော်အားမြင်နေရသည်။


နတ်ဆိုးကင်းမြီးကောက်ကျင့်ကြံသူများထံမှ တိုက်ခိုက်ကျူးကျော်ခံခဲ့ရသော လေအလင်းအင်ပါယာနှင့်ယှဉ်ပါက ဤနယ်မြေက အတော်လေး လုံခြုံငြိမ်းချမ်းနေဟန်တူသည်။


အကြောင်းမှာ မြွေလူသားမျိုးနွယ်စု၌ ပညာရှင်များစွာ ရှိသည့်အတွက်ကြောင့် ဖြစ်နိုင်သကဲ့သို့ နတ်ဆိုးကင်းမြီးကောက်မျိုးနွယ်စုတွင် ထိုမျှကျင့်ကြံသူအလုံအလောက် မရှိသောကြောင့်လည်း ဖြစ်နိုင်သည်။


ယခုအခါတွင် မြွေလူသားမျိုးနွယ်စု၏ ခုခံမှုမှာ ပိုမိုကောင်းမွန်လာသည်။အနည်းဆုံး မြို့တော်တွင်း၌ ဖြစ်ပျက်နေသည်များအားသီးသန့်ဖြစ်စေရန် ကာရံထားသောအရံအတားတစ်ခု ရှိနေသည်။


ပုဖန်နှင့်နီယန်တို့က လူသားများဖြစ်သည့်အလျောက် မြို့တွင်းသို့မဝင်မှီ အစစ်အဆေးများစွာ ကျော်ဖြတ်ရသည်။မြို့တော်မှာယခင်ကထက် များစွာသာလွန်ကောင်းမွန်လာခဲ့ပြီး လမ်းမပေါ်ရှိစျေးဆိုင်များ၌ လက်နက်မျိုးစုံ ရောင်းချနေသည်ကိုလည်း မြင်တွေ့နိုင်လေသည်။


လက်နက်အရောင်းဆိုင်များနှင့်ယှဉ်လျင် စားသောက်ဆိုင်များက ပို၍များပြားလေသည်။  


သို့သော် မြွေလူသားမျိုးနွယ်စုရှိ စားသောက်ဆိုင်များသည် အဆင့်အတန်းမြင့်သောဇိမ်ခံပစ္စည်းများ ဆင်ယင်ထားခြင်းမရှိဘဲ အခန်းကျဉ်းအတွင်း၌ ခပ်ချာချာစားပွဲခုံများ ခင်းထားရုံမျှဖြစ်သည်။


ပုဖန်နှင့်နယ်သာရီတို့က ခေတ္တအနားယူရန် စားသောက်ဆိုင်တစ်ခုသို့ဝင်၍ သိချင်စိတ်အချို့ဖြင့် ဟင်းလျာအနည်းငယ် မှာယူလိုက်ကြသည်။


သေချာပေါက် ပုဖန်က ဤဆိုင်၏ရိုးစင်းသောအရက်ကို မမှာခဲ့ပေ။သူ့မှာပိုကောင်းသည့်ဝိုင် ရှိပြီးမဟုတ်ပါလား။


ပိတ်ဆို့ထားသော ဝိုင်အိုးအဖုံးကိုဖယ်ရှားလိုက်သည်နှင့် ယစ်မူးဖွယ်ရနံ့က ပျံဝဲလာပြီး စားသောက်ဆိုင်အတွင်းရှိ မြွေလူသားတို့နှာတရှုံ့ရှုံ့ဖြင့် သွားရေယိုလာကြသည်။


ကောင်းလိုက်တဲ့ရနံ့... တကယ်ကိုကောင်းလိုက်တဲ့ဝိုင်ရနံ့...


မည်သို့ပင် ရနံ့မွှေးကြိုင်နေပါစေ ပုဖန်ကမပေးသ၍ မြည်းစမ်းခွင့်ရမည် မဟုတ်သည်ကတော့ စိတ်မကောင်းစရာပါပေ။


ဤသည်က သိမြင်မှုရေခဲမီးလျှံဝိုင်ဖြစ်ပြီးပုဖန်အတွက် အလွန်အဖိုးတန်သည်။


သူတို့နှစ်ငုံမျှသောက်ပြီးနောက် ပုဖန်ကဝိုင်အိုးအား ဂရုတစိုက်ပြန်လည်သိမ်းဆည်းလိုက်ရာ ဆိုင်ခန်းငယ်အတွင်းရှိဝိုင်ရနံ့ကလွင့်ပျယ်သွားချေတော့သည်။


ပတ်ပတ်လည်ရှိ စားသုံးသူများက အနည်းငယ်မချင့်မရဲ ခံစားလိုက်ရပေသည်။


အချို့က ပုဖန်အား ဝိုင်အကြောင်းမေးလိုသည့်တိုင် ပုဖန်၏ ခံစားချက်မဲ့နေသောမျက်နှာထားအားကြည့်၍ ဤလူကိုစကားမပြောသင့်ဟု ခံစားလိုက်ကြရကာ အကြံအား လက်လျော့လိုက်ကြလေသည်။


အစားအသောက်များ ရောက်ရှိလာသောအခါ ပုဖန်နှင့်နီယန်တို့က သိပ်မဆိုးဟုခံစားမိလိုက်ကြသည်။သေချာပေါက်ပုဖန်၏ဟင်းပွဲများနှင့်မယှဉ်နိုင်သည့်တိုင် မကောင်းသည် ဟူ၍လည်းမဟုတ်ပါချေ။


မည်သို့ပင်ဖြစ်စေ ပထမဆုံးဟင်းလျာတည်ခင်းလာသောအခါ ပုဖန်အံ့အားသင့်သွားမိသည်။အဘယ့်ကြောင့်ဆိုသော် ဤဟင်းပွဲအား သူယခင်ကချက်ပြုတ်ခဲ့ဖူးသည့်အတွက်ဖြစ်သည်။


ဤဟင်းက ပြိုင်ဘက်ကင်း ကြီးမားဆူဖြိုးသောငါးကြီးဖြင့် မြွေလူသားမျိုးနွယ်စုတွင် ပထမဆုံးအကြိမ်ချက်ပြုတ်ခဲ့သည့် ဟင်းပွဲဖြစ်သည်။


ချက်ပြုတ်နည်းက ကွဲပြားကာ မသပ်ရပ်သော်လည်း ဤသည်ကသူချက်ပြုတ်ခဲ့ဖူးသော ငါးကင်ဖြစ်ကြောင်း ပုဖန်မှတ်မိနိုင်ဆဲပင်။


၎င်းက ပုဖန်ကို အင်မတန်အံ့အားသင့်သွားစေသည်။


သူငါးကင်ခဲ့စဉ်က ဤဟင်းပွဲအား ကျော်ကြားစေရန် မမျှော်လင့်ခဲ့ချေ။မြွေလူသားများ အတုယူချက်ပြုတ်ကြမည်ဟုလည်းမမျှော်လင့်ထားခဲ့ချေ။


မြွေလူသားမျိုးနွယ်စုက အမှန်ပါရမီရှိပေသည်။


မြွေလူသားမျိုးနွယ်စု၏ အစားအသောက်အပေါ် အရသာခံမှု အဆင့်အတန်းသည် သူ ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ခဲ့စဉ်ကထက် ပိုမိုကောင်းမွန်လာသည်။


ပုဖန်က တူကိုကိုင်မလိုက်ကာ ငါးအသားကိုမြည်းစမ်းရန်ပြင်လိုက်သည်။


ငါးအရေခွံကိုခွဲလိုက်သည်နှင့် ဖြူဖွေးနူးညံ့သော ငါးအသားများပေါ်လာသည်။ ဤအဆီငါး၏အသားက အထူးကောင်းမွန်ပြီး အံ့သြဖွယ်ကောင်းအောင် အရသာရှိလေသည်။


ထိုအခိုက်အတန့်တွင်ပုဖန်က သူ့အတွက်တည်ခင်းပေးထားသော ဤငါးကင်အားနှစ်ခြိုက်သွားမိသည်။


ငါးအသားစတစ်ပိုင်းအား ပါးစပ်တွင်းသို့ထည့်လိုက်ပြီး ပုဖန်၏မျက်ခုံးများအနည်းငယ်စုကျုံ့သွားပြီးမှ ဖြေးညင်းစွာ ပြန်လည်ပြေလျော့လာသည်။


တစ်လုပ်စားပြီးသည်နှင့် ပုဖန်ကတူကိုချလိုက်၏။


သူ့ လက်ရှိအချက်အပြုတ်စွမ်းရည်အရ သူကအစားအသောက်များ၏ အရသာနှင့်ပတ်သတ်၍ချေးများသည်။


ငါးကင်ကကောင်းသည်။


ဆိုင်က လူစည်ကားနေသည်ကို ကြည့်၍ထိုသို့ပြောနိုင်ပေသည်။သို့တိုင် ပုဖန်တစ်စုံတစ်ခုကိုသတိပြုမိခဲ့သည်။


အကြောင်းမှာ ပါဝင်ပစ္စည်းများနှင့်အပူချိန်ထိန်းညှိခြင်းကြောင့်ဖြစ်ကာ ဟင်းပွဲ၏ပြီးပြည့်စုံသော အစပ်အဟပ်အား မှေးမှိန်သွားစေသည်။


သူ သည်လည်း များစွာမျှော်လင့်မထားခဲ့ပါချေ။ဤမျိုးနွယ်စုက ဟင်းပွဲအားသူ့ထံမှသင်ယူခဲ့ကြသည်မှာ အချိန်တိုမျှသာရှိသေးပြီး ချို့ယွင်းချက်မရှိ ချက်ပြုတ်နိုင်ရန်မှာ မဖြစ်နိုင်သေးပေ။


ထို့နောက် ပုဖန်ကစားသောက်ခြင်းကိုရပ်တန့်လိုက်ပြီး သူ၏ဝိုင်ကိုသာတစိမ့်စိမ့်ရသာခံနေလေသည်။


မည်သို့ဖြစ်စေ နီယန်ကမူ အစားအသောပ်အားနှစ်ခြိုက်စွာစားသုံးလျက်ရှိပြီး သူမရှေ့ရှိ မည်သည့်ဟင်းပွဲကိုမှ ငြင်းပယ်ခြင်းမရှိပေ။လက်ရှိ သူမအစာအိမ်၏ ဝင်ဆံ့နိုင်စွမ်းနှင့်ဆိုပါက ကောင်းကင်တစ်တစ်ခြမ်းလောက်ကိုပင် အသာလေးဝါးမြိုနိုင်လေ၏။


နီယန်နှင့် ကြယ်တာရာဖမ်းကွန်ရက်တို့ပေါင်းစပ်သွားသည်နှင့် သူမကအစားကြူးသူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်ကိုပုဖန်မမျှော်လင့်ထားခဲ့ချေ။


ကြယ်တာရာဖမ်းကွန်ရက်၏ ဇာစ်မြစ်က အစားကြူးခြင်းနှင့် ဆက်နွယ်ကောင်းဆက်နွယ်နေနိုင်ပါသလော...


ပုဖန်မပြောနိုင်ချေ။


"ကြားပြီးကြပြီလား လေအလင်းအင်ပါယာက နတ်ဆိုးတွေကျူးကျော်ခံရလို့တဲ့ ... အဲ့အင်ပါယာက သနားစရာလူသားတွေအကုန် အရှင်လတ်လတ် အစားခံရတယ်တဲ့လေ..."


"ဟုတ်တယ်ဟုတ်တယ်... အခုနောက်ပိုင်းလောကကြီးက အရင်လို မငြိမ်းချမ်းတော့ဘူးလေ ကံကောင်းတာ ငါတို့အရှင်မအသစ်က အရမ်းရဲရင့်ပြီးထက်မြက်တာပဲ သူမကမြွေလူသားမျိုးနွယ်စုတွေကို စုစည်းပြီး အဲ့နတ်ဆိုးတွေကိုတောင်နှင်ထုတ်နိုင်ခဲ့တာ..."


" ငါတို့အရှင်မက တကယ်ပညာရှိတယ်... စကားမစပ်ပြောကာမှပဲ နတ်ဆိုးကျူးကျော်တာအပြင် တခြားထူးထူးဆန်းဆန်းကိစ္စတွေရှိသေးတယ် မိုင်သုံးရာပတ်လည်လောက်ရှိတဲ့ သလင်းကျောက်မိုင်းတွင်းကြီးကို သိကြတယ်မဟုတ်လား... ငါတို့မျိုးနွယ်စုက ရှာတွေ့ခဲ့ပြီးသလင်းကျောက်တွေတူးနေကျ အဲဒီတွင်းကြီးမှာ အချင်းဆယ်မိုင်လောက်ရှိတဲ့တွင်းနက်ကြီးတစ်ခုပေါ်လာပြီး... အဲဒီတွင်းကြီးထဲ ငါတို့ကျင့်ကြံသူအတော်များများ သေကုန်ကြတယ်တဲ့..."


မြွေလူသားများက အစားအသောက်စောင့်ဆိုင်းရင်းဖြင့် ရောက်တတ်ရာရာများ ဆွေးနွေးနေကြရာ စားသောက်ဆိုင်အတွင်းရှိ လေထုမှာ ဆူညံအသက်ဝင်နေသည်။


ပုဖန်၏စိတ်စွမ်းအင်မှာ အထူးကောင်းမွန်ပြီး ပတ်ပတ်လည်ရှိအသံများအား ရှင်းလင်းစွာကြားနိုင်ရန် ထောက်ပံ့ပေးသည်။


ပုဖန်၏အာရုံအား သလင်းကျောက်မိုင်းတွင်း အဖြစ်အပျက်က စွဲဆောင်လိုက်၏။


သူ ထိုမိုင်းတွင်းကိုသိသည်။ထိုစဉ်ကမိုင်းတွင်းမှာပုံမှန်သာဖြစ်ပြီး အဘယ်ကြောင့်ရုတ်တရက်ဆန်စွာ လှိုဏ်ပေါက်တစ်ခုဖြစ်ပေါ်လာရသနည်း။


ပုစွန်ပိစိထိုနေရာမှ မှော်ဆန်စွာပေါ်ထွက်လာခဲ့သည်ကလွဲ ထိုနေရာ၌အခြားစိတ်ဝင်စားဖွယ်ရှိမနေပါချေ။


ဘယ်လိုကြောင့် အဲဒီနေရာမှာ တစ်ခုခုဖြစ်လာနိုင်မှာလဲ...


မြွေလူသားအုပ်စုက အခြားသော အကြောင်းအရာများစွာကို ဆက်လက်ဆွေးနွေးနေကြသော်လည်း တွင်းမည်သို့ပေါ်ပေါက်လာကြောင်းနှင့် အထဲ၌မည်သို့သောအရာရှိနေကြောင်းမူ မပြောခဲ့ကြချေ။


ထို့ကြောင့် ပုဖန်က ဤနေရာ၌ ဆက်လက်အချိန်ဖြုန်းမနေလိုတော့ချေ။


နီယန်က သူမ၏ငါးကင်ကို လက်စသတ်နေသည်။သူမက ငါးအရိုးများအား အစာငတ်သေသောသရဲဝင်စားသကဲ့သို့ အလောတကြီးကိုက်ဝါးနေ၏။


ပုဖန် သူမကိုစိုက်ကြည့်လိုက်ပြီး ဆက်မစောင့်နိုင်ဖြစ်လာရာ ဆိုင်တွင်းမှဆွဲထုတ်၍မြို့တော်ဆီသို့ချီတက်လာခဲ့သည်။


ပုဖန်ကနီယန်အားလမ်းတစ်လျှောက်ဆွဲခေါ်လာသည်။သူ၏စိတ်စွမ်းအင်များကြောင့်မည်သူကမှတားဆီးခြင်းမပြုနိုင်ပေ။


မြို့တော်ကြီးက ယခင်ထက်ပို၍ခမ်းနားထည်ဝါနေပြီး စားသောက်ဆိုင်ကောင်းများရှိနေခြင်းကလည်း ပုဖန်အားအံ့သြမှင်သက်စေသည်။


ပုဖန်က နာမည်စာရင်းပေးပြီးနောက် နန်းတော်အတွင်းသို့ တိုက်ရိုက်ဝင်ရောက်လာသည်။


မည်သူကမှသူ့ကိုတားဆီးခြင်းမပြုပေ။


မျိုးနွယ်စု၏ လက်သစ်အရှင်မယုဖူသည် ပုဖန်ဟူသော အမည်ကိုကြားသည်နှင့် လမ်းရှင်းပေးရန် သူမ၏အစောင့်များကိုမှာကြားထားခဲ့ရာ ပုဖန်၏လမ်းခရီးအားချောမွေ့စေခဲ့၏။


ခန်းမတွင်းသို့ ရောက်ရှိလာသည်နှင့်လူတိုင်း၏ အကြည့်ကပုဖန်အပေါ်သို့စုပြုံကျရောက်လာသည်။


စိုက်ကြည့်နေကြသူများသည် မြွေလူသားမျိုးနွယ်စု၏ အကြီးအကဲများဖြစ်ပြီး ပုဖန်အားခက်ထန်သော အမူအယာများဖြင့်အကဲခတ်နေကြသည်။


၎င်းတို့အနက် တစ်ဦးကသာစိတ်လှုပ်ရှားသောအရိပ်ယောင်များ ယှက်ဖျာသွားလေသည်။သူမကမျိုးနွယ်စု၏ အရှင်မယုဖူဖြစ်၏။


ယုဖူက အင်မတန်ပျော်ရွှင်နေပြီးသူမမျက်နှာထက် အပြုံးရိပ်တို့ပြည့်နှက်နေသည်။သူမက သူမ၏မြွေအမြီးအားလှုပ်ခါလျက်ပလ္လင်ပေါ်မှဆင်းလာကာ ပုဖန်ထံသို့တည့်တည့်ရွေ့လျားလာသည်။


ပုဖန်ကနေရာတွင် လက်ပိုက်လျက် ယုဖူအားကြည့်နေခဲ့၏။


နုံချာကာအပြစ်ကင်းစင်သော မြွေမလေးသည်ယခုအခါ မျိုးနွယ်စု၏အရှင်သခင်မတစ်ဦးဖြစ်လာကာ ယခင်နှင့်များစွာကွဲပြားနေခဲ့လေသည်။


ယုဖူနှင့် ပုဖန်တို့စကားများစွာပြောဖြစ်ကြသည်။ပုဖန်အားအချိန်အတော်ကြာမှပြန်တွေ့ရသည့်အတွက်ယုဖူမှာအလွန်ပျော်ရွှင်နေပြီး အတောမသတ်နိုင်အောင်စကားများလျက်ရှိပေသည်။


သူမက ပုဖန်ထွက်သွားခဲ့သည့်နောက်တွင်လည်း ချက်ပြုတ်ခြင်းကိုမရပ်တန့်ခဲ့ဘဲအပြင်းအထန်လေ့ကျင့်ခဲ့ကြောင်း ပြောသည်။မျိုးနွယ်စု၏ အုပ်ချုပ်သူဖြစ်လာခဲ့သည့်တိုင် ချက်ပြုတ်ရန်အတွက် အမြဲအချိန်ပေးခဲ့ကြောင်းပြောပြသည်။သူမချက်ပြုတ်ခြင်းကိုချစ်မြတ်နိုးပြီး ဘယ်သောအခါမျှရပ်တန့်မည် မဟုတ်ကြောင်းလဲ ပုဖန်ကိုကတိပေး၏။


ယုဖူ၏စိတ်အားထက်သန်မှုက ပုဖန်ကိုအံ့အားသင့်စေခဲ့ပြီး သူ၏မျက်ဝန်းများကပိုမိုနူးညံ့လာသည်။


ဤမြွေလူသားလေးက အနည်းငယ်သော်မျှပြောင်းလဲမသွားသေးချေ။


ပုဖန်က ယုဖူ၏အချက်အပြုတ်စွမ်းရည်ကိုစစ်ဆေးမည်ဟုပြောသောအခါ ယုဖူကအင်မတန်စိတ်လှုပ်ရှားကာ ဟင်းလျာများအလျှံအပယ်ချက်ပြုတ်လာသည်။


အချို့မှာပုဖန်ထံမှသင်ယူခဲ့သည်များ ဖြစ်ပြီး အချို့မှာ သူမ၏ ကိုယ်ပိုင်ဟင်းလျာများဖြစ်သည်။


၎င်းတို့အနက်တစ်ခုမှ သူမပုဖန်ထံမှတိတ်တခိုးလေးသင်ယူခဲ့သော ငါးကင်ဖြစ်ချေ၏။


ယုဖူက ထိုဟင်းလျာထံမှဖမ်းစားခံခဲ့ရပြီး ဟင်းပွဲအား လေ့လာသုံးသပ်ရန်အချိန်များစွာအသုံးပြုခဲ့သည်။


ထို့အပြင် ၎င်းကမြွေလူသားမြို့တော်တွင်နာမည်ကျော်ကြားသော ဟင်းပွဲတစ်ခုဖြစ်လေသည်။


ယခုနကစားခဲ့ကြသော ငါးကင်နှင့်ယှဉ်ပါကယုဖူ၏ငါးကင်မှာ သိသိသာသာပိုမိုကောင်းမွန်သည်။အပူချိန်ထိန်းချုပ်မှုနှင့် အစပ်အဟပ်မှာပနံသင့်လှ၏။မည်သို့ပင်ဖြစ်စေ သူမက ဤဟင်းပွဲအတွက်ချက်ပြုတ်နည်းပေါင်းများစုကို သုတေသနပြုလုပ်ခဲ့သည်မဟုတ်ပါလား။


အရသာကအင်မတန်ကောင်းမွန်သည့်အတွက်ကြောင့်ပုဖန်က သူမကိုကျေနပ်မှုပြသည့်သဘောဖြင့်ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။


နီယန်အတွက်မူ နောက်ထပ်ပွဲတော်တည်ရခြင်းဖြစ်ပြီး လက်ကျန်ငါးအသားများအားလုံးက သူမအစာအိမ်တွင်းရောက်ရှိသွားတော့သည်။


စကားစမြည်ပြောဆိုနေရင်းမှ ပုဖန်သည် စားသောက်ဆိုင်အတွင်းကြားခဲ့ရသော သလင်းကျောက်မိုင်းတွင်းအဖြစ်အပျက်ကိုရုတ်ချည်း အမှတ်ရသွားသည်။သူကသံသယများကို ရှင်းလင်းစေရန် ယုဖူအားထုတ်မေးလိုက်သည်။


သို့သော် ထိုခေါင်းစဉ်ကိုစကားစလိုက်သည်နှင့် လေထုတစ်ခုလုံးပြောင်းလဲသွားလိမ့်မည်ဟု ပုဖန်မျှော်လင့်မထားခဲ့ချေ။


"ပိုင်ရှင်ပုရှင်မသိပါဘူး ကျွန်မတို့မျိုးနွယ်စုရဲ့စီနီယာအကြီးအကဲနှစ်ယောက်အဲဒီမှာသေဆုံးသွားပြီးထဲက အဲဒီသလင်းကျောက်မိုင်းသတင်းက တင်းကြပ်တဲ့အကြောင်းအရာတစ်ခုဖြစ်လာတယ်..."


ယုဖူက သက်ပြင်းချလျက်အခက်တွေ့နေသေညအမူအယာဖြင့်ပြောသည်။


စီနီယာအကြီးအကဲနှစ်ဦးတဲ့လား ...

ပုဖန်၏သိချင်စိတ်ကပိုမိုပြင်းပြလာသည်။


" အဲဒါကြီးက ပိန်းပိန်းပိတ်မှောင်နေပြီးအောက်ခြေကိုလည်းမမြင်ရဘူး အဲ့ထက်ထူးဆန်းတာက အဲ့နားကိုကပ်သွားရင်စားစရာအနံ့ရတယ်..."


ယုဖူက မျက်မှောင်ကျုံ့လျက်အခြေအနေအားအလေးအနက်ရှင်းပြနေသည်။


ပုဖန်ကြောင်အသွားရသည်။ သလင်းကျောက်မိုင်းတွင်းကစားစရာအနံ့ရသည်ဆိုပါကလား...


ဘယ်လိုဖြစ်နိုင်မှာလဲ...

တစ်ယောက်ယောက်ချက်ပြုတ်နေတာလား...


ယုဖူက ပုဖန်၏သံသယကိုသတိပြုမိသွားပြီး ဆက်မပြောခင် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။


"ဟုတ်တယ်စားစရာအနံ့ရတယ် ဒါပေမဲ့ သီးသန့်ကျတဲ့သတ်သတ်မှတ်မှတ်နေရာတွေပဲရတာ မဟုတ်လို့ကတော့ခပ်ရေးရေးတောင်မရဘူး..."


"အဲဒီအနံ့ကအဆိပ်လည်းရှိတယ် လူတွေရဲ့စိတ်အာရုံကိုကိုင်လှုပ်နိုင်တယ် ကျွန်မတစ်ခါအနားကပ်သွားမိတာ အဲဒီအနံ့ကြောင့်သုံးရက်လောက်ဖျားသွားတယ် ဝိဉာဉ်ထွက်သွားသလိုပဲ..."


ပုဖန်မျက်မှောင်ကျုံ့လိုက်မိသည်။


စားစရာအနံ့ရောဟုတ်ရဲ့လား ဘယ်စားစရာအနံ့ကအဲ့လောက်အကျိုးသက်ရောက်မှုတွေရှိလို့လဲ...


ပုဖန်ခေတ္တမျှတွေးတောလိုက်သည်။သူ၏လက်ရှိအဆင့်နှင့်ပင် ထိုသို့ ဆွဲဆောင်မှုရှိကာ အဆိပ်လည်းသင့်စေသောရနံ့ရှိမည့်အစားအသောက်ကိုချက်ပြုတ်နိုင်မည်မဟုတ်ပေ။


ပုဖန်၏နှုတ်ခမ်းထောင့်စွန်းများက မတတ်သာစွာတွန့်လိမ်သွားသည်။သူထိုမိုင်းတွင်းသို့သွား၍ရနံ့ရသော နေရာအားသွားရောက်စစ်ဆေးလိုပေ၏။


သူတို့စကားပြောနေကြစဉ် ပျာယာခတ်နေသောမြွေလူသားတစ်ဦးက ခန်းမတွင်းသို့ ရေးကြီးသုတ်ပြာပြေးဝင်လာကာအထိတ်တလန့်အော်ဟစ်လိုက်သည်။


"အရှင်မ မကောင်းတော့ဘူး အဆုံးမဲ့ပင်လယ်က သမုဒ္ဒရာမျိုးစိတ်တွေ သလင်းကျောက်မိုင်းတွင်းကို ချီတက်လာနေတယ်..."