အပိုင်း ၆၀
Viewers 16k

Chapter 60

သုတေသနအခြေစိုက်စခန်း တည်ရှိနေရသည့် အကြောင်းအရင်း


သူတို့သုံးယောက်ကို မိသွားဟန်ပေါ်ပြီး အချက်ပေးစနစ်က အဆက်မပြတ်မြည်လာပြီး လျှောက်လမ်းတစ်လျှောက် အလျှင်အမြန်လျှောက်လာသော ခြေလှမ်းများကို ကြားလိုက်ရသည်။ တုံ့ဆိုင်းမှုမရှိပဲ လက်နက်မျိုးစုံ  စီရီထားသော ကျဉ်းမြောင်းသည့်နေရာထဲတွင် ပုန်းအောင်းနေသည့် သူတို့သုံးယောက်လုံးကို လေဆာနှင့် ချိန်လိုက်ကြသည်။ 


"ဥက္ကဋ္ဌ ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ..."

ပိုင်ရိ ယောင်စစ်ဆီ အလိုအလျောက်ကြည့်မိသွားသည်။


ယောင်စစ်၏ နှုတ်ခမ်းများ တွန့်လိမ်သွားသည်။

သူတို့ လက်မြှောက်ရုံပဲ လုပ်နိုင်တော့တာမဟုတ်ဘူးလား...


သူတို့ ဆုံးဖြတ်ချက်ချသည်ကို မစောင့်ပဲ အစောင့်ခေါင်းဆောင်က သူ့လက်ကိုရှေ့ကို ညွှန်ပြလိုက်သည်။

"ကျူးကျော်သူတွေကို ဖမ်းလိုက်ကြစမ်း..."


ခဏအကြာတွင် ယောင်စစ်ရှေ့တွင် အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူမ၏အမြင်အာရုံကို ဖုံးကွယ်သွားသည်။ အစောင့်များက ၎င်းတို့၏ လက်နက်များကို အသက်သွင်းနေကြပြီဖြစ်သည်။


ဟေး... ဘာလို့စိတ်မရှည်ဖြစ်နေရတာလဲ... ငါတို့မှာ ဓားစာခံရှိနေတယ်လေ..


ထိုသူများ ပစ်ခတ်နေကြစဉ်တွင် ယောင်စစ်တစ်ယောက် နှုတ်ခမ်းသာတင်းတင်းကိုက်ကာ မဖြစ်မနေတိုက်ခိုက်ရတော့မည်ဟု  တွေးလိုက်မိသည်။ မည်သို့ပင်ဆိုစေ သူမက မသေမျိုးဖြစ်၍ ကိစ္စမရှိပါချေ။


ခဏအကြာတွင် သူမဘေးမှ အလင်းတန်းတစ် တစ်စုံတစ်ခုပေါက်ကွဲသွားသည်။ ထိုပေါက်ကွဲမှုမှ တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး အစောင့်များဆီ ပြေးဝင်သွားသည်။ အလင်းတန်းက မရေမတွက်နိုင်အောင် များပြားလှသော အလင်းပျောက်ကလေးများအဖြစ် ပေါက်ကွဲသွားကာ ပင်ကူအိမ်တစ်ခုနှယ် အောက်သို့ပြုတ်ကျလာသည်။ ချက်ချင်းပင် ပတ်ဝန်းကျင်၌ အသားညှော်နံများ ထွက်ပေါ်သည်ကို  ယောင်စစ်‌ အနံ့ခံလိုက်မိသည်။ ထို့အတူ အစောင့်တစ်အုပ်တစ်မကြီးလည်း မြေပြင်ပေါ်တွင် လဲနေကြသည်။


"လော့ယင်း..."

ပိုင်ရိ အားအင်ကုန်ခမ်းနေသော လော့ယင်းကို တွဲထားသည်။ ထိုတိုက်ခိုက်မှုက သူမဆင့်ခေါ်လိုက်သော အရာဖြစ်လေသည်။


"အဆင်ပြေရဲ့လား..."


လော့ယင်း ခေါင်းခါပြကာ သူမမျက်နှာက ပိုမိုဖြူဖျော့လာသည်။ စိုးရိမ်ကြောင့်ကြနေသော အသံဖြင့် ဆက်ပြောလာသည်။

"ရှုချန်း... သူ... သူဒီနေရာရောက်နေပြီ... ကျွန်မ သူ့ကိုအာရုံခံမိတယ်... သူအန္တရာယ်ရှိနေပြီ...."


"သူဘယ်မှာလဲ မင်းသိလား..."


သူမ ခေါင်းရမ်းပြလာပြီး ပိုင်ရိက ယောင်စစ်ကို ကြည့်လိုက်သည်။


"ဒီနေရာက အရင်ထွက်သွားရအောင်...."

သူမအလျှင် လိုဟန်ဖြင့် ပြောလာသည်။


နောက်ထပ် စစ်ကူများရောက်လာပါက သူတို့ကိုင်တွယ်နိုင်မည် မဟုတ်တော့ချေ။ လော့ယင်းက သူတို့သုံးယောက်တွင် တစ်ယောက်တည်းသော တိုက်ခိုက်နိုင်သူဖြစ်သော်လည်း သူမက ယခုမှနိုးလာသည်ဖြစ်ပြီး အင်အားအပြည့်အဝမရသေးပေ။ သူမ၏ စွမ်းအင်ကို နောက်တစ်ကြိမ် အသုံးပြုလိုက်ပါက ခံနိုင်ရည်ရှိတော့မည် မဟုတ်ချေ။


ယောင်စစ် လော့ယင်း အလွန်ပင်ပန်းနေသည်ကိုမြင်နေရသော်လည်း သူတို့ထွက်ခွာခါနီးတွင် သူမတစ်စုံတစ်ခုကို သတိရသွားခဲ့သည်။

"ခဏလောက်နေပါဦး... သူ့ကိုပါခေါ်လာခဲ့..."

သူမ အလင်းစွမ်းအင်ကြောင့် အလွန်အမင်းကြောက်ရွံ့နေသော ပရော်ဖက်ဆာဖူကိုကြည့် လက်ညှိုးထိုးပြလိုက်သည်။


"မင်း... မင်းငါ့ဆီက ဘာလိုချင်လို့လဲ..."

ပရော်ဖက်ဆာဖူ ထစ်တီးထစ်ငေါ့မေးလာသည်။

"ငါဘာမှမသိပါဘူး... ပြီးတော့ မင်းလည်းမြင်တဲ့အတိုင်းပဲ သူတို့က ငါ့ကိုဂရုတောင် မစိုက်ကြဘူးလေ... ငါ့ကိုခေါ်သွားရင်တောင် ဘာမှအသုံးဝင်မှာမဟုတ်ဘူး..."


"အဲ့တာ ခင်ဗျားဆုံးဖြတ်ရမယ့်ဟာ မဟုတ်ဘူး..."

ပိုင်ရိ သူ့ကို တရွတ်တိုက်သာ ဆွဲခေါ်သွားလိုက်သည်။


သူတို့ အလန့်တကြားထွက်ပြေးခဲ့ရသည်။ ပြေးရင်းလွှားရင်း ယောင်စစ် လူတိုင်း၏ခေါင်းပေါ်ရှိ စာတန်းများကို ဖတ်လိုက်သည်။


မြေအောက်ခန်းငါးက အလွန်အမင်း ကြီးမားလှသဖြင့် သူတို့ အချိုးအကွေ့များစွာ ဖြတ်ကျော်ခဲ့သွားခဲ့ပြီးသော်လည်း တူလေးကုအကြောင်း အသုံးဝင်သည့် သတင်းအချက်အလက်များ တစ်ခုမှ မတွေ့ခဲ့ရပေ။ သို့သော် တစ်စက္ကန့်ကုန်လွန်သွားတိုင်း ခေါင်းပေါ်ရှိ အချက်ပေးသံများက ပိုမိုမြည်ဟီးလာခဲ့သည်။


ပရော်ဖက်ဆာဖူ ဝမ်းပန်းတနည်းဖြင့် ပြောလာသည်။

"မြေအောက်အခန်းနံပါတ်ငါးက လုံးဝပိတ်သွားပြီ... ငါတောင် အခုထွက်လို့မရတော့ဘူး..."

သူ့ မျက်နှာပေါ်တွင် 'လက်လျော့အရှုံးပေးလိုက်ပါပြီ'ဟူသော အမူအယာဖြင့် သက်ပြင်းချလိုက်သည်။


"ခင်ဗျားဘာပြောတာလဲ..."

ပိုင်ရိ ထိုလူ၏ကော်လာကို အားဖြင့်ဆောင့်ဆွဲ၍မေးလိုက်သည်။


ပရော်ဖက်ဆာဖူ ခါးသီးနေသော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။

"ဒီ သုတေသနအခြေစိုက်စခန်းက အလျှို့ဝှက်ဆုံး အဆင့်မှာရှိတယ်... ဒီနေရာမှာရှိတဲ့ သုတေသီတွေအားလုံးက ဒီနေရာကို ဝင်လာတဲ့နေ့ကစပြီး သေတဲ့အထိ နေရမှာ... ငါတို့အခုကြားနေရတဲ့အချက်ပေးအသံက စိုးရိမ်ဖို့အကောင်းဆုံးပဲ... ဒီအချက်ပေးသံ မြည်လာတာနဲ့ သင်္ဘောတွေအကုန်လုံးက ဘေးလွတ်ရာကို ထွက်ပြေးကြမှာ... ဒီအချက်ပေးသံကို တစ်နာရီအတွင်း မပိတ်နိုင်ဘူးဆိုရင် သုတေသနစခန်းတစ်ခုလုံး သူ့အလိုလိုပိတ်ချသွားပြီး အထဲမှာရှိတဲ့ အရာအားလုံးကို ဖောက်ခွဲပစ်လိမ့်မယ်... ဘယ်သူမှကို လွတ်နိုင်မှာမဟုတ်ဘူး..."


"ကျုပ်ကိုလာခြိမ်းခြောက်နေတာလား..."

ပိုင်ရိ ခနဲ့တဲ့တဲ့ပြောလိုက်သည်။


ထို့ကြောင့် ပရော်ဖက်ဆာဖူ စိုးရိမ်တကြီးပြောလာသည်။

"သွေးစုပ်ဖုတ်ကောင်တွေဆိုတာ မသေမျိုးတွေမှန်း ငါသိပါတယ်... ဒါပေမယ့် ဒီသုတေသန အခြေစိုက်စခန်းမှာက မင်းတို့မျိုးနွယ်တွေကို သတ်နိုင်တဲ့ဟာတွေရှိတယ်..."


ပိုင်ရိ တောင့်ခံသွားကာ ပရော်ဖက်ဆာဖူ၏ ကော်လာကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။

"ခင်ဗျားဘာပြောချင်တာလဲ... ခင်ဗျားတို့ဒီနေရာမှာ ဘယ်လိုသုတေသနတွေ လုပ်နေကြတာလဲ..."


ပရော်ဖက်ဆာဖူ နှုတ်ဆိတ်သွားပြီး သူ့မျက်နှာ ပိုမိုဖြူဖျော့လာသည်။


"သွေးစုပ်ဖုတ်ကောင်တွေကို သုတေသနပြုတာမှန်း ရှင်းနေတာကို.."

ယောင်စစ် ပြောလိုက်သည်။


သူတို့ ကြုံတွေ့ခဲ့ရသော အရာများကို ဆက်စပ်ကြည့်ပါက...

_ ကုရှုချန်း၏ ပျောက်ကွယ်သွားမှု၊ ပိုင်ရိကို ထိခိုက်စေနိုင်သောအရာဝတ္ထု၊ မြေအောက်ခန်းငါးတွင်ရှိသော သုတေသနဓာတ်ခွဲခန်း၊ ခွဲစိတ်စားပွဲပေါ်တွင် ချည်နှောင်ထားခံရသော လော့ယင်း

_အရာအားလုံးက အဖြေတစ်ခုသာရှိနေသည်။ ဤ သုတေသနအခြေစိုက်စခန်းက သွေးစုပ်ဖုတ်ကောင်များကို ပစ်မှတ်ထားနေကြခြင်းဖြစ်သည်။


"အဲ့တာကြောင့်ပဲ ဒီသုတေသနအခြေစိုက်စခန်းအကြောင်းသိတဲ့ အရာအားလုံး၊ လူအားလုံးကို ဖျက်ဆီးပစ်မှာလို့ သူပြောတာပေါ့... အကယ်၍ ဒီအကြောင်းသာ ပေါက်ကြားသွားရင် သွေးစုပ်ဖုတ်ကောင်တစ်မျိုးနွယ်လုံးရဲ့ ဒေါသကိုခံရမှာလေ..."


ပရော်ဖက်ဆာဖူ သူ့ခေါင်းကို တွင်တွင်ငုံ့ထားပြီး သူ့မျက်နှာက ကြောက်စရာကောင်းအောင် ဖြူလျော်လာသည်။


"ရှုချန်း..."

ပိုင်ရိ၏မျက်နှာ နက်မှောင်လာသည်။ လက်သီးတင်းတင်းဆုပ်ထားပြီး သူ့အမူအယာက စိုးရိမ်စိတ်တို့ ဖုံးလွှမ်းသွားသည်။

"မဖြစ်ဘူး... ငါတို့သူ့ကိုသွားရှာရမယ်..."


သူ ရှုချန်းကို သွားရှာရန် လှည့်ပြေးခါနီးတွင် ပရော်ဖက်ဆာဖူက သက်ပြင်းချလိုက်သည်။

"အရမ်းနောက်ကျသွားပြီ... ဘယ်သူမှထွက်မသွားနိုင်တော့ဘူး..."


"ခင်ဗျား ဘာပြောတာ.."


ထိုမေးခွန်းကို မေးလိုက်ပြီးသည်နှင့် သူတို့အပေါ်မှ ကျယ်လောင်သော အသံများထွက်ပေါ်လာသည်။ ယောင်စစ်၏နှလုံး ဆောင့်ခုန်သွားသည်။ 

"သတိထား..."

သူမ ပါပရော်ဖက်ဆာဖူနှင့်လော့ယင်းကို နောက်သို့ဆွဲလိုက်သည်။ ခဏအကြာတွင် မျက်နှာကြက်ပြိုကျလာသည်။


ကြမ်းပြင်သည်လည်း စတင်၍တုန်ခါလာကာ သုတေသနစခန်းက စတင်ပြိုကွဲလာဟန်ဖြင့် နံရံများစတင် ပြိုကျလာသည်။ နံရံနှင့် မျက်နှာကြက်တို့မှ ကျောက်စအပဲ့များ က အချင်းချင်းထိခတ်နေပြီး သူတို့၏နားထဲတွင် ကျယ်လောင်စွာ မြည်ဟီးနေကြသည်။ ဓားပေါင်းများစွာက သူတို့ကိုချိန်ရွယ်လာကြသည်။ ထိုအချိန်တွင် သုတေသနစခန်းသည် လုံးလုံးလျားလျား ပြိုကျခါနီးနေပြီဖြစ်သည်။


"ဥက္ကဋ္ဌ ..."


ပိုင်ယိ သူတို့သုံးယောက်လုံးကိုဆွဲကိုင်ပြီး မျက်နှာကြက်မှ အပေါက်မှတစ်ဆင့် အပေါ်ကို ခုန်တက်လိုက်သည်။ ယခုအချိန်တွင် သုတေသနစခန်းသည် မငြိမ်းချမ်းတော့ပဲ အချိန်မရွေးပြိုကျခါနီးဖြစ်နေသော နေရာကြီးဖြစ်နေသည်။


"မြေအောက်ခန်းငါးကို ဘယ်သူတွေဝင်လာနိုင်လဲသိချင်နေတာ..."

နိုင်ငံခြားဘာသာစကားဖြင့် လှောင်ပြောင်သံတစ်ခုထွက်ပေါ်လာသည်။

"လက်စသတ်တော့ သုတေသနမူနာတွေက အပျော်လာလည်ကြတာကိုး ဟုတ်တယ်မလား..."


ယောင်စစ်၏ နှလုံးသားနစ်မြုပ်သွားသည်။ သူမလှည့်ကြည့်လိုက်သောအခါ လူအုပ်တစ်ခုကိုမြင်လိုက်ရသည်။ သူတို့ကို စကားပြောနေသည့်သူမှာ တစ်ကိုယ်လုံးကို အနက်ရောင်ဝတ်ဆင်ထားသော လူတစ်ယောက်ဖြစ်သည်။ သူ့နောက်တွင် အစောင့်လေးယောက် ရပ်နေပြီး ပွယောင်းယောင်းကုတ်အင်္ကျီများဝတ်ထားကြသော ဆယ်ယောက်မျှရှိသည့် လူတစ်အုပ်လည်းရှိနေသည်။


"ပရော်ဖက်ဆာဖူ.. ခင်ဗျား အသက်ရှင်နေသေးတယ်လား..."

ထိုလူက ယောင်စစ်နှင့် ကျန်လူများကို လျစ်လျူရှုထားပြီး အဆက်မပြတ်ချောင်းဆိုးနေသော ပရော်ဖက်ဆာဖူကိုကြည့်လိုက်သည်။

"ခင်ဗျားပဲ သုတေသနနမူနာတွေနည်းလို့ အမြဲတမ်းငြီးနေခဲ့တာမဟုတ်ဘူးလား... အခု အများကြီးရလာပြီလေ..."


ပရော်ဖက်ဆာဖူ ချောင်းဆိုးနေသည်ကိုပင် မေ့သွားပြီး သူ့မျက်လုံးများက ပြူးကျယ်လာကာ အလန့်တကြား ပြောလာသည်။

"လူကြီး... လူကြီးမင်းလု ကျွန်တော်... ကျွန်တော် ထွက်မပြေးချင်ခဲ့ပါဘူး... သူတို့ပဲ..."


"ဒါပေါ့ ပရော်ဖက်ဆာဖူရယ် ခင်ဗျားကိုယုံပါတယ်..."

သူ ပြုံးပြုံးလေးပြောပြီး သူ့မျက်လုံးက လခြမ်းကွေးသဏ္ဍာန် ဖြစ်သွားသော်လည်း သူကြည့်နေသည့်ပုံမှာ သတ်ဖြတ်ချင်စိတ်အပြည့်ဖြစ်နေဆဲဖြစ်သည်။ သူ ယောင်စစ်တို့ကိုကြည့်လိုက်ကာ သူ၏တပည့်များကို လက်ရမ်း၍ အမိန့်ပေးလိုက်သည်။

"ဒီနမူနာတွေကို ဖမ်းလိုက်ကြစမ်း..."