Chapter 61
အထိန်းချုပ်ခံထားရသော သွေးစုပ်ဖုတ်ကောင်များ
လူကြီးမင်းလုဆိုသူ၏ စကားဆုံးသည်နှင့် အစောင့်လေးယောက်က သူတို့ကို ဝန်းရံလိုက်ပြီး ပရော်ဖက်ဆာဖူကို ထိခိုက်မိမည်ကိုပင် မကြောက်တော့ပဲ တိုက်ခိုက်ရန် ချိန်ရွယ်လာကြသည်။ တစ်ခန်းလုံးလင်းထိန်သွားကာ အလင်းများက တောက်ပနေသော စောင်တစ်ထည်တစ်ခုဖြစ်လာပြီး သူတို့ကို လွှမ်းခြုံသွားသည်။
အလင်းလုံးက သူတို့ကို ဝါးမြိုခါနီးတွင် အားအင်ကုန်ခန်းနေဆဲဖြစ်သော လော့ယင်းက ရှေ့သို့ထွက်လာခဲ့သည်။ သူမ၏လက်ဖဝါးပေါ်တွင် အလင်းစက်တို့ တောက်လောင်လာကာ အလင်းတန်းတန်းတစ်ခုက ပေါက်ကွဲထွက်လာပြီး ထိုတောက်ပနေသော စောင်ကြီးကို အစိတ်အပိုင်းတစ်ရာလောက် ကွဲထွက်သွားစေကာ အချို့အစိတ်အပိုင်းများက သူမဆီပင် ပျံဝဲလာကြသည်။
"သတိထား..."
ယောင်စစ် လော့ယင်းကို သူမနောက်သို့ဆွဲလိုက်သော်လည်း နောက်ကျသွားပြီဖြစ်ရာ အလင်းတန်းများစွာက သူမအပေါ် ကျရောက်နေပြီးဖြစ်သည်။
"အား.."
သူမ၏ အရေပြားကွဲထွက်သွားကာ သွေးများ လက်မောင်းတစ်ဖက်လုံး ယိုစီးကျလာသည်။
"လော့ယင်း..."
ယောင်စစ် သူမကို တွဲထူထားရသည်။
"ဘာဖြစ်သွားတာလဲ..."
ပိုင်ရိ သူမ၏လက်မောင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
"အလိုအလျောက် ပြန်မကုသနိုင်ဘူးလား..."
လော့ယင်း ဖြူဖျော့လာသည်။ သူမလက်မောင်းပေါ်မှ သွေးများက ရေပိုက်ခေါင်းဖွင့်လိုက်သလို ယိုစီးကျနေပြီး ပြန်ပိတ်သွားဟန်ပင် မပြချေ။ သွေးစုပ်ဖုတ်ကောင်များ၏ ပြန်လည်ကုသနိုင်စွမ်းဖြင့် ဆိုလျှင် ထိုဒဏ်ရာက ထိုမျှကြာကြာ သွေးထွက်မနေသင့်ပေ။
"ဒီတော့ မင်းမှာ အလင်းစွမ်းအင်ရှိတယ်ပေါ့လေ..."
လူကြီးမင်းလုဆိုသူက လှောင်ပြုံးပြုံးလိုက်ပြီး လော့ယင်းကို ကြည့်လိုက်သည်။
"တကယ့်ကို သုတေသန နမူနာကောင်းလေးပဲ... ငါအလင်းစွမ်းအင်သုံးတဲ့သူကို တစ်ခါမှမမြင်ခဲ့သေးဘူး.... ဒါပေမယ့်..."
သူ မျက်စိမှေးကျဉ်းလိုက်ပြီး လှောင်ပြောင်သရော်လိုသော အကြည့်များဖြင့် ကြည့်လိုက်သည်။
"မင်း ငါ့သုတေသနရဲ့ ဒေါသအပြည့်ကိုမခံစားရသေးဘူးမလား... မင်းအခုထိကြုံနေရတာတွေက အမြည်းပဲရှိသေးတာလေ..."
ထိုအလင်းက ပြန်လည်ကုသနိုင်စွမ်းကို လျှော့ချနိုင်လေသည်။
ယောင်စစ် တောင့်ခဲသွားတော့သည်။ သူမ စမ်းသပ်ချက်များ၏ ဦးတည်ရာကို ခန့်မှန်းမိပြီးဖြစ်သော်လည်း ထိုမျှလောက် အထိ ခရီးရောက်နေမည်ဟု မထင်ထားခဲ့ပေ။
သူတို့က သွေးစုပ်ဖုတ်ကောင်တွေရဲ့ သဘာဝအလျောက် ပြန်လည်ကုသနိုင်စွမ်းကိုတောင် ဖိနှိပ်နိုင်တယ်.... အဲ့တာက ဒီအခြေစိုက်စခန်းကြီးက လွန်ခဲ့တဲ့အချိန်တွေကတည်းက ရှိနေခဲ့တာလို့ ဆိုလိုတာမလား... ဒါက အဲ့လူတွေရဲ့လက်ဖျားမှာ နောက်ထပ်လှည့်ကွက်တွေ ရှိသေးတယ်ဆိုတဲ့ သဘောပေါ့လေ...
"ခင်ဗျားက ဘယ်သူလဲ... ဘာတွေလုပ်ဖို့ စီစဉ်နေတာလဲ..."
ပိုင်ရိမျက်လုံးများ သွေးရောင်ရဲလာအောင် စိုးရိမ်ပူပန်နေကာ ဒေါသထွက်ထွက်ဖြင့် ကြုံးဝါးလိုက်သည်။
"ငါဘာတွေ စီစဉ်နေတာလဲ..."
လူကြီးမင်းလု သရော်လိုက်သည်။
"မင်းသိလာမှာပါ..."
သူ သူ၏ကွန်ပျူတာလက်ပတ်ကို ငုံ့ကြည့်ကာ အကြိမ်ရေအနည်းငယ်မျှ ခေါင်းငြိမ့်လိုက်ပြီး အမှုမဲ့အမှတ်မဲ့ပြန်ဖြေလာသည်။
"အလင်းအစွမ်းက အတော်လေးကြမ်းတာမျိုးပဲ.. ဒါပေမယ့် သူမ အခြားအစွမ်းတွေကိုရော ခုခံနိုင်လောက်ပါ့မလားနော်..."
"ရှင်ဘာပြောချင်တာလဲ..."
ယောင်စစ်၏နှလုံး ဆောင့်ခုန်သွားသည်။
သူလက်ဝေ့ယမ်းလိုက်သည်နှင့် အနောက်ဘက်ရှိ လူအုပ် ရွေ့လျားလာပြီး ဦးထုပ်များ လှန်လိုက်သည်။ ထိုလူများတွင် ဝိဉာဉ်များမရှိတော့ဟန် ဖြစ်နေပြီး သူတို့၏အကြည့်များက အာရုံစူးစိုက်နိုင်ဟန်ပေါ်မနေကာ ဖုတ်ကောင်များနှယ် ရှေ့သို့လျှောက်လှမ်းလာကြသည်။
"စီနီယာဟောင်..."
ပိုင်ရိ၏ မယုံကြည်နိုင်ဖြစ်ကာ အထိတ်တလန့်ဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။ ထို့နောက် သူထိုလူအုပ်ကို ပို၍ သေသေချာချာကြည့်လိုက်သည်။
"သူဘာလို့ ဒီကိုရောက်နေရတာလဲ... သူ လွန်ခဲ့တဲ့ ငါးနှစ်က ဘွဲ့ရသွားတာ မဟုတ်ဘူးလား..."
သူ ထိတ်လန့်တုန်လှုပ်သွားကာ တစ်ကိုယ်လုံး ကြက်သီးများပင်ထလာသည်။
"သူ... သူတို့အားလုံးက သွေးစုပ်ဖုတ်ကောင်တွေ.. ခင်ဗျားသူတို့ကို ထိန်းချုပ်ထားတာပဲ..."
"ဝိုး.... မင်းပြောနိုင်တယ်ပေါ့လေ... နောက်ကျမှသိလိုက်ရတာ သနားစရာပဲ..."
လူကြီးမင်းလု ခနဲ့ပြုံးပြုံးလိုက်ကာ သူ၏ကော်လာကိုပြန်လည် ပြင်ဆင်လိုက်သည်။ ထို့နောက် စူးစူးရှအော်လိုက်သည်။
"လျှပ်စီးအစွမ်းရှိတဲ့ သွေးစုပ်ဖုတ်ကောင်တွေပဲ နေခဲ့စမ်း..."
လုအုပ်ထဲမှ သွေးစုပ်ဖုတ်ကောင်များ စတင်လှုပ်ရှားလာကြပြီး ကောင်းကင်ယံတွင် များပြားလှသော စွမ်းအင်များ ထွက်ပေါ်နေပြီး ယောင်စစ်တို့သုံးယောက်နှင့် ပါရော်ဖက်ဆာဖူထံ ဦးတည်လာသည်။
ပိုင်ရိ ယောင်စစ်နှင့် လော့ယင်းကို သူ့နောက်ပို့က အော်ပြောလိုက်သည်။
"ဒီနေရာက မြန်မြန်ပြေးတော့... ငါ မင်းတို့ကို ကာကွယ်ပေး..."
သူ့စကားမဆုံးမီပင် ယောင်စစ် သူ့ရှေ့သို့ ခြေလှမ်းကြဲကြီးဖြင့် ရောက်လာသည်။
"သန်မာချင်ယောင်ဆောင်ပြီး ရှေ့မှာမနေစမ်းနဲ့... နောက်ဆုတ်လိုက်စမ်း ငပျော့ကောင်လေး..."
ရင်းနှီးနေသော စွမ်းအင်တစ်ခု သူမခန္ဓာကိုယ်ထဲ ဖြတ်သန်းစီးဆင်းသွားကာ ရင်ဘတ်မှတစ်ဆင့် လက်ဖဝါးဆီရောက်၍ စွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။
သူမရှေ့တွင် မီတာအနည်းငယ်ခန့်မြင့်သော မီးနံရံကြီးတစ်ခုထွက်ပေါ်လာကာ ကောင်းကင်အပြည့် စွမ်းအင်များကို ကာကွယ်ပေးနေသည်။ ထို့နောက်တွင် ထိုစွမ်းအင်များက မြေပြင်ပေါ်ပြန်ကျလာကာ သုတေသနအခြေစိုက်စခန်းတစ်ခုလုံး မီးလောင်ပြင် ဖြစ်သွားရသည်။
ယောင်စစ် သူမ၏ အစွမ်းကို သဘောကျနေသည်။ သူမ အနီရောင်ဂြိုလ်ပေါ်တွင် တစ်နှစ်ကျော် အကြိတ်အနှယ် လေ့ကျင့်ခဲ့ရခြင်းသည် ကလေးကစားစရာ ဟုတ်မနေပေ။ တစ်စုံတစ်ယောက်သာ အစွမ်းထုတ်နေသမျှ ကာလပတ်လုံး ဘယ်သူမှ သူမကို အနိုင်မယူနိုင်ပေ။
"မင်း... မင်းမှာ မီးအစွမ်းရှိတာပဲ..."
ရွံရှာဖွယ်လူကြီး၏ မျက်နှာက ခံစားချက်တစ်မျိုး ပြောင်းသွားပြန်သည်။
"မဖြစ်နိုင်ဘူးလေ... မင်းကကျောင်းသူလေးတစ်ယောက်ပဲကို... ဘယ်လိုလုပ်ပြီး ဒီလောက်သန်မာတဲ့ မီးအစွမ်းကို ပိုင်ဆိုင်နေရတာ..."
သူ့စကားမဆုံးမီပင် ယောင်စစ် သူမလက်ဖဝါးများကို မြေပြင်ပေါ် ဦးတည်လိုက်သည်။ ထောင်ချီသော ဆူးခြုံများက မီးတံတိုင်းအောက်တွင်ပေါ်လာပြီး ဖုတ်ကောင်ကဲ့သို့ ဖြစ်နေကြသော သွေးစုပ်ဖုတ်ကောင်များထံ ဦးတည်သွားသည်။
ထို သွေးစုပ်ဖုတ်ကောင်များ၏ အစွမ်းသည် သူမနှင့်လေ့ကျင့်ဖော်ဖြစ်သော သူများထက် အားနည်းကြသည်ဆိုသော်လည်း ထိုလူများက သူမ၏လေ့ကျင့်ဖော်များထက် အရေအတွက်နှစ်ဆဖြစ်နေသည်။ လူများစွာကို ခုခံရသည်မှာ အတော်ပင်ပန်းသော်လည်း ထိုလူများကို မထိခိုက်မိအောင် စွမ်းအင်အမျိုးမျိုးကို ပြောင်းလဲကာ ထိန်းချုပ်၍ သုံးစွဲနေရသည်။
"ရေအစွမ်း၊ မီးအစွမ်းနဲ့ လျှပ်စစ်အစွမ်းတောင်ရှိနေတယ်... မဖြစ်နိုင်တာ.. ဘယ်လိုလုပ်ပြီး လူတစ်ယောက်တည်းမှာ ဒီလောက်များတဲ့ အစွမ်းတွေ ရှိနေရတာလဲ.."
လူကြီးမင်းလု၏ မျက်လုံးများက မယုံကြည်နိုင်ဟန်ဖြင့် ပြူးကျယ်နေသည်။
"ဥက္ကဋ္ဌ ..."
ပိုင်ရိသည်လည်း အတော်လေး အံ့ဩနေသည်။
ဥက္ကဋ္ဌက ဗားရှင်းအသစ် အဆင့်မြင့်သွားတာလားဟ...
"ဟားဟားဟား... အစွမ်းငါးခုတောင်... မင်းမှာအရည်အချင်းအပြည့်ရှိတာပဲ..."
လူကြီးမင်းလု၏ မျက်နှာတွင် ရူးသွပ်နေသော အပြုံးကြီးရှိနေပြီး သူ၏မျက်လုံးများက ပုံမှန်မဟုတ်စွာ တောက်ပနေသည်။
"ကောင်းလိုက်တာ... ကောင်းလိုက်တာ... မင်းက တန်ဖိုးရှိတဲ့ စမ်းသပ်နမူနာလေးပဲ..."
"နင့်ရဲ့ သုတေသနဆိုတာကြီးလည်း. ယီးပဲ..."
ယောင်စစ် သူမကိုယ်တွင်းမှ စွမ်းအင်များကို ထိန်းချုပ်ကာ သူမလက်မှ စွမ်းအင်လှိုင်းထုတ်၍ အနက်ရောင်အလင်းတန်းတစ်ခု ပျံထွက်သွားသည်။ အနက်ရောင်ဓားတစ်ချောင်း ထွက်ပေါ်လာသောနေရာတွင် အပေါက်တစ်ခု ထွက်ပေါ်လာပြီး ပြန်ပျောက်ကွယ်သွားသည်။
"လေဟာနယ် ခွဲခြမ်းခြင်း... မင်းမှာ အဲ့အစွမ်းပါရှိတယ်လား..."
လူကြီးမင်းလုဆိုသူ ပိုမိုဒေါသထွက်လာသည်။ သူ့ခေါင်းကိုငုံ့၍ ကွန်ပျူတာလက်ပတ်ပေါ်တွင် စာအချို့ရိုက်လိုက်သည်။
"မင်းဘာသာ ဘာကောင်ကြီးဖြစ်ဖြစ် ဒီအခြေစိုက်စခန်းက ထွက်သွားနိုင်ဖို့ မတွေးနဲ့တော့...."
ခဏအကြာတွင် နားကန်းလုမတတ်ကျယ်လောင်သော အသံများထွက်ပေါ်လာပြီး အသိမရှိဖြစ်နေကြသော သွေးစုပ်ဖုတ်ကောင်များအားလုံး နာနာကျင်ကျင် ဒူးထောက်သွားကြသည်။ သူတို့အားလုံး ခေါင်းကိုအုပ်ကိုင်၍ အဆက်မပြတ် အော်ဟစ်နေကြသည်။
"ဘာ... ဘာဖြစ်နေတာလဲ..."
ပိုင်ရိ ပတ်ပတ်လည်ကို စိတ်ရှုပ်ထွေးဟန် ကြည့်လိုက်သည်။
ယောင်စစ်၏ စိတ်ထဲသို့ ထူးဆန်းသော ခံစားချက်ကြီးတစ်ခု ဝင်ရောက်လာသည်။ ရုတ်တရက် သွေးစုပ်ဖုတ်ကောင်များအားလုံး ပြန်ရပ်လာကြပြီး အားကုန်သုံး၍ တိုက်ကြတော့သည်။ သူတို့၏မျက်လုံးများက နီနီရဲနေကြကာ ဘာကိုမှဂရုမစိုက်ပဲ သဲကြီးမဲကြီးတိုက်ခိုက်နေကြသည်။ မျိုးစုံသော အစွမ်းများက ယောင်စစ်ထံပြေးဝင်လာကြသည်။
ထိုသူများက အသိစိတ်မရှိသည့် ရုပ်သေးရုပ်များသာဖြစ်၍ သူမကို အစွမ်းကုန်ထုတ်၍ တိုက်နေကြခြင်းဖြစ်သည်။ သူမ အစက ထိုလူများကို ထိန်းထားနိုင်သော်လည်း တဖြေးဖြေးပင်ပန်းလာတော့သည်။ ထိုလူများက သူမ၏မျိုးနွယ်မှဖြစ်၍ သူတို့ကို မသတ်လိုက်နိုင်ပေ။ အထူးသဖြင့် ထိုသူများအားလုံး ပြန်လည်ကုသနိုင်စွမ်းမရှိကြသောကြောင့် သူမသာ သူတို့ကိုနာကျင်စေပါက စိတ်ညှို့ခံထားရင်း ဘာဆိုဘာမှမသိပဲ သေဆုံးသွားနိုင်ပေသည်။
သူမ ဘာလုပ်သင့်လဲ....
သူမ သူတို့၏ တိုက်ခိုက်မှုများကို ရှောင်ရင်းတိမ်းရင်း သူမစိတ်ထဲတွင် အကြံတစ်ခုထွက်ပေါ်လာသည်။ ထို့နောက် လေထုထဲသို့ စူးစူးရှရှအော်သံတစ်ခု ထွက်ပေါ်လာသည်။
"အား...."
"ပိုင်ရိ.."
ယောင်စစ်က ပိုင်ရိသူ့ခေါင်းသူ အုပ်ကိုင်ပြီး လဲကျလာသည်ကို ဖမ်းပေးလိုက်သည်။ သူမချက်ချင်း ထူထဲလှသော မီးနံရံကြီးတစ်ခု ထုတ်လွှတ်လိုက်ကာ ကျန်သူများ သူမတို့ကို တိုက်ခိုက်လာနိုင်သည်ကို ကာကွယ်လိုက်သည်။
"နင် အဆင်ပြေရဲ့လား..."
"အ... အဆင်ပြေပါတယ်..."
ပိုင်ရိ၏ နှဖူးပြင်တွင် ချွေးစများရွှဲနစ်နေကာ ကြိုးစားပန်းစားကုန်းထနေရင်း သူ့ခေါင်းထဲရှိ တစ်စုံတစ်ခုကို ဖိနှိပ်နေဟန် ပေါ်နေသည်။ ထို့နောက် မောဟိုက်စွာ ဆက်ပြောလာသည်။
"ငါ.. ငါသူတို့အတွေးတွေကို ဖတ်လိုက်တယ်..."
"နင်ဘာမြင်လိုက်လဲ..."
"နာကျင်မှု... ပြင်းပြင်းထန်ထန်နာကျင်မှု၊ အသည်းခိုက်လုမတတ်နာကျင်မှု..."
သူ၏ မျက်နှာ ဖြူဖျော့သွားကာ ထိုမှတ်ဉာဏ်များကို ပြန်မြင်ယောင်နေရင်း လက်များပင် တုန်ရီသွားသည်။
နာကျင်မှုလား...
ယောင်စစ် အံ့ဩသွားသည်။ သူမ ကိုယ်တွင်းမှ စွမ်းအင်များကို ဖိနှိပ်လိုက်ပြီး မီးနံရံကို ဖြတ်ရန်ကြိုးစားနေသော သွေးစုပ်ဖုတ်ကောင်များကို ကြည့်လိုက်သည်။ သူတို့ခေါင်းပေါ်တွင် ထူးဆန်းသော နံပါတ်အနည်းငယ်ရှိနေပြ ထိုနံပါတ်များကပင် အလွန်အမင်းတုန်လှုပ်ဖွယ် ကောင်းနေသည်။
[နှလုံးခွဲစိတ်ခံရမှု ၆၈၈ကြိမ်]
[ခန္ဓာကိုယ်အစိတ်အပိုင်း ဖြတ်တောက်ခံရမှု ၄၆၅ကြိမ်]
[မျက်လုံး တူးထုတ်ခံရမှု ၉၈၀ကြိမ်]
[ကိုယ်အင်္ဂါ ရွှေ့ပြောင်းခံရမှု ၅၉၁ကြိမ်]
"ဥက္ကဋ္ဌ... သူတို့ကထိန်းချုပ်ခံနေရတာ... သူတို့ကြုံတွေ့ခဲ့ရတဲ့ နာကျင်မှုတွေက ပြင်းထန်လွန်းတော့ စိတ်နှလုံးပြိုလဲသွားပြီး နာကျင်မှုတွေထဲ ပိတ်မိနေကြတာ..."
ဒါက လုဆိုတဲ့ကောင်ပြောတဲ့ အရင်းအမြစ်တူးထုတ်တယ် ဆိုတာလား...
ယောင်စစ် ဒေါသမီးတောက်လောင်လာပြီး သူမတစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ သူမဒေါသစိတ်ကြောင့်တုန်ရီနေကာ ပထမဆုံးအကြိမ်အဖြစ် သူမတစ်ကိုယ်လုံး သတ်ဖြတ်ချင်စိတ်တို့ ပြည့်နှက်သွားသည်။
"လုဆိုတဲ့အကောင်... သွေးစုပ်ဖုတ်ကောင်တွေရဲ့ နာမည်နဲ့ ကျိန်ဆိုတယ်... ငါနင့်ကိုသတ်ပစ်မယ်...."